06/08/2011




div>


ကြံ့ဖွတ်ပါတီက ကားအစီးရေ (၅၀၀၀)ကို ထိုင်းနိုင်ငံမှ တင်သွင်းခွင့်ရရှိတယ်ဆိုသည့်သတင်းကိုကြားသိလိုက်ရတယ်။ မြန်မာပြည်ကြီး ဖွံဖြိုးတိုးတက်ဖို့ဆိုရင် အခွင့်ထူးခံ လူတန်းစားတစ်ရပ်ကို မျိုးပြတ်အောင်တိုက်ထုတ်ပစ်ရမည်ဖြစ်သည်။ ဒီလိုမညီမျှမှု တန်းတူအခွင့်အရေးတွေ အမြစ်တွယ်နေသမျှကာလပတ်လုံး ဗမာပြည်ကြီးသည်ဖွတ်မွဲ ပြာစု ကျောခရုခွံဘ၀မျိုးက လွတ်မြောက်နိုင်ဦးမည်မဟုတ်ပေ။ ဒီလူနဲ့ ဒီမူတွေ ဒီစနစ်နဲ့ ဒီအဖြစ်တွေက ဗမာပြည်ကြီးမှာ သမရိုးကျဖြစ်နေပြီး အထူးအဆန်းမဟုတ်တော့သလို လူတွေရဲ့စိတ်ထဲမှာ ခံစားနေကြရပေမဲ့ တိုင်းပြည်ရဲ့အနာဂတ်လမ်းခရီးအတွက် ကောင်းမွန်သည့် လမ်းကြောင်းမဟုတ်ပေ။
မဆလ၊ န၀တ၊ နအဖ၊ တစ်ဖန်ကြံ့ဖွတ်အစိုးရအဆက်ဆက်တို့သည် မိမိလက်ဝက် အာဏာရရှိလာချိန်တွင် ထိုအာဏာကို ငါကောင်းစားရေးဆိုသည့် ၀ါဒအဖြစ် တစ်လွဲ အသုံးချခဲ့ကြသည်။ ပြည်သူတွေကို စီးပွားရေးအရ လက်ဝါးကြီးအုပ်ကာ ဗိုလ်ကျစိုးမိုးရေးလမ်းစဉ်ကို အကောင်အထည်ဖော်ကြသည်။ ပြည်သူ့ဂုတ်သွေးကိုတစ်ဝကြီးစုပ်ပြီး အနားယူကြသည်။ မျိုးဆက်သစ်လက်ဝေခံတွေကို လက်သပ်မွေး အမွေဆက်ခံစေခဲ့ကြသည်။ တိုင်းပြည်ကြီးမှာတော့ တစ်နေ့ထက်တစ်နေ့ စုပ်ခြာပြီးရင်း စုပ်ခြာလို့……
ဗမာပြည်ကြီးတွင် အာဏာရလူတန်းစားသည် အခွင့်ထူးခံ လူတန်းစားတစ်ရပ်ဖြစ်နေသည်။ လုပ်ချင်တာ အကုန်လုပ်လို့ရနေကြသည်။ ဥပဒေမရှိ၊ အတားအဆီး အနှောင်အဖွဲ့မရှိ၊ အာဏာမဲ့သူက အာဏာရှိသူကို ချီးထွက်မတတ်ကြောက်နေရသည်။အကြောက်တရားများကို မွေးရာပါအဖြစ် လူတွေရဲ့ရင်ထဲမှာ ကိန်းအောင်းစေသည်။မြန်မာပြည်ကြီးတွင် အာဏာရ အခွင့်ထူးခံလူတန်းစားနှင့် အကြောက်တရားကိန်းအောင်းနေသော လူတန်းစားနှစ်ရပ်သည် ရှင်သန်ကြီးထွားလျှက်ရှိနေပေသည်။ ဒီမိုကရေစီနှင့် လူအခွင့်အရေးဆိုသည့် အနှစ်သာရသည် မြန်မာပြည်အတွက်တော့ ဒဏ္ဍာရီထဲက ပုံပြင်တစ်ပုဒ်အဖြစ်တည်ရှိနေဆဲ….
မဆလ မှသည့် န၀တ၊နအဖ ကြံ့ဖွတ်တိုင်အောင် ဒီလူနဲ့ ဒီမူတွေ၊ဒီပုတ်ထဲက ဒီပဲတွေအဖြစ်က မပြောင်းလဲနိုင်သေး၊ဒီအရပ်နဲ့ဒီဇာတ်ထုတ်တွေသာ ထပ်ခါတစ်လဲလဲ တင်ဆက်နေဆဲ၊ မိုးလင်းလို့ ချီးစော်နံ၊သေးစော်နံ အမှိုက်ရှုပ်သည့် ပွဲတစ်ပွဲဖြစ်လာရုံကလွဲလို့ ထူးခြားမှုတစ်စုံတစ်ရာ မရှိသည့် ကြက်ပွဲမျှသာ။ ဆိုတော့ အသိတရားနှင့်လိမ့်ခံခြင်းနှင့် အသိတရားနှင့်တော်လှန်ခြင်းလမ်းစဉ်နှစ်ခု၊ တို့တစ်တွေ ဘယ်လမ်းကို လိုက်သင့်သလဲ၊ တော်လှန်ခြင်းသည် ပြောင်းလဲခြင်း၏လမ်းစ၊ တစ်ယောက်မှသည် တစ်စု၊တစ်စုမှသည် တစ်ဖွဲ့၊တစ်ဖွဲ့မှသည် ရပ်ရွာ၊မြို့နယ်၊ ပြည်နယ်၊တိုင်း နိုင်ငံအားလုံး အုံကြွပြောင်းလဲ တော်လှန်ရတော့မည်။ အပြောင်းအလဲ လိုချင်ရင် တော်လှန်ရေးကို မဖြစ်မနေလုပ်ကြရမည်။
မတရားအနိုင်ကျင့်ပြီး ပြည်သူကို လုပ်ကျွေးချင်ယောင်ဆောင်ထားသော စစ်ဘောင်းဘီချွတ် ကြံ့ဖွတ်ခေါင်းမာများကို ရှင်းလင်းသုပ်သင်ပစ်ကြရမည်။နလပိန်းတုန်း ပညာမဲ့သူများ တိုင်းပြည်ကိုကြီးစိုးနေသမျှ တိုင်းပြည်ကြီးမတိုးတက် မစည်ပင်နိုင်၊ပညာရှိ နှလုံးသားဖြူစင်ဖြောင့်မတ်သူများကြီးစိုးမှသာ ဂုဏ်ကျက်သရေ တင့်တယ်ပြီး အဖက်ဖက်က စည်ပင်ဖွံ့ဖြိုး တိုးတက်နိုင်ပေမည်။ပညာမဲ့သူသည် ပညာမဲ့သည့်နေရာမှာသာနေသင့်သည်။ ပြည်သူတွေကို ငဲ့ညှာသနားသင့်သည်။ အထက်စီးက အမိန့်အာဏာပေး စေခိုင်းပီး ပြီးစီးအောင်မြင်နိုင်သည့်ခေတ်မဟုတ်တော့ပေ။ အားလုံး အကျိုးတူ ဆွေးနွေးတိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်ကြရမည့်အချိန်သို့ ကျရောက်နေပေပြီ။ ကဲ ကြံ့ဖွတ်တွေ အာဏာရူးတဲ့ အလုပ်တွေ လုပ်မနေကြနဲ့တော့၊ ပြည်သူတွေ စိတ်တူကိုယ်တူ ဆန္ဒတူစွာနဲ့ ညီညွတ်စွာ လက်တွဲဝန်းရံ အောင်ပွဲခံဖို့ ဒီလူနဲ့ ဒီမူတွေကို အမြစ်ပါမကျန် အခုချိန်ကစလို့ ချေမှုန်းသုပ်သင်ကြပါစို့။ ။


လွင်ပြင်အဖွဲ့သားများ
၀၆၊၀၈၊၂၀၁၁

0 comments:

Post a Comment