15/08/2011



ဓာတ်ပုံ (Burma Today )







မနက်မိုးလင်းတာနှင့် ဘုရားရှိခိုးပြီး ပထမဦးဆုံး လုပ်ဖြစ်ခဲ့တဲ့ အလုပ်တစ်ခုက သန်း(၅၀)ကျော်သော မြန်မာပြည်သူ ပြည်သားများပါမက ကမ္ဘာကပါ ယုံကြည် လေးစားချစ်ခင်ရပါသော ကျွန်ုပ်တို့ သင်တို့အားလုံး၏ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့သို့ သွားရောက်မည့် နိုင်ငံရေးခရီးစဉ်တွင် “ဘေးမသီ၊ရန်မခ အဆင်ပြေချောမွေ့စွာအောင်မြင်ပြီး အေးချမ်းအောင်မြင်စွာ အိမ်ပြန်ရောက်ပါစေ” ဟု အကြိမ်ကြိမ် ဆုတောင်းမိခဲ့သည်။
ဒီပဲယင်းလို အဖြစ်ဆိုးကြီးမျိုးက မြန်မာပြည်သူတွေရဲ့နှလုံးသားမှာ အရိပ်မဲကြီးတစ်ခုပမာ ထင်ကျန်နေဆဲမဟုတ်ပါလား၊ အမေစုသည် မြန်မာနိုင်သားအားလုံး၏ ဒီမိုကရေစီ မီးရှုးတန်ဆောင်၊ ဒီမိုကရေစီ လမ်းပြမိခင်၊ ဒီမိုကရေစီ ကြယ်စင်၊ အမေစုသည် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အသက်တမျှ အရေးပါသည့် တစ်ခုတည်းသောအရာ၊ အစားထိုးလို့ မရနိုင်သည့် တန်ဖိုးကြီးမားသည့်ခေါင်းဆောင်ကောင်းတစ်ယောက်။
အမေစုသည် မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို သားသမီးလို ချစ်သည့် မိခင်တစ်ယောက်ပမာသဘေားထားသည်။ မြန်မာပြည်သူ ပြည်သားများအတွက် သူ့ဘ၀ကြီးတစ်ခုလုံးကို ပုံအော ပေးဆပ်ထားသူဖြစ်သည်၊အနှစ်(၂၀) ကျော် လျှောက်လှမ်းခဲ့သော ဒီမိုကရေစီ ခရီးကြမ်းကြီးဝယ် အသက်ပါရင်းခဲ့ရသည်။ တန်ဖိုးရှိလှသည့် အချိန်တွေကို နှစ်ရှည်လများ ပေးဆပ်ရင်းနှီးမြုတ်နှံခဲ့ရသည်၊ အမေစု၏ဖြူစင်သောဆန္ဒနှင့်စိတ်ဓာတ်သည် ဆံချည်မြူတစ်မှုန်မျှပင် လျှော့ကျမသွားသလို၊ မျှော်လင့်ချက်ရောင်ခြည်ကင်းမဲ့နေကြရှာသော မြန်မာပြည်သူ ပြည်သားတွေအတွက် နိုးထလာတော့မည် ဒီမိုကရေစီ၏ အာရုဏ်ဦးကြီးတစ်ခုပမာ ရှင်သန်နေဆဲ၊ လန်းဆန်း တက်ကြွနေဆဲ…….
ဒီမိုကရေစီနှင့် လူအခွင့်အရေးကို ဆာလောင်ငတ်မွတ်နေကြရှာသော သန်း(၅၀)ကျော်သော ပြည်သူ ပြည်သားတွေ၊လူထုရှေ့ကို ရောက်အောင်လာနေတဲ့ လူထုခေါင်းဆောင်တစ်ယောက်ကို လူထုဖက်က လုပ်ရမည့်တာဝန်တွေကို တာဝန်ကျေမှသာ လူထုခေါင်းဆောင် လူထုရှေ့ကို လာရကျိုးနှပ်ပေမည်။ လူထုခေါင်းဆောင်၏ တာဝန်ဟုသာ ပုံအောပြီး မချသင့်တော့ပေ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းစွာနှင့် ဒီမိုကရေစီ စနစ်တစ်ခုဆီ အသွင်ကူးပြောင်းရေးအတွက် လူထုထောက်ခံမှုအင်အားသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပေသည်။ လူထုမပါဝင်ဘဲ အောင်မြင်ခဲ့သော စနစ်တစ်ခုသည် ယနေ့အချိန်ထိ ကမ္ဘာမှာ မတွေ့ရှိရသေးပေ။
မြန်မာပြည်ကြီး၏ လက်ရှိမျက်မှောက်အခြေအနေသည် နိုးထလာတော့မည့် ဒီမိုကရေစီ အာရုဏ်ဦး တစ်ခုပမာဖြစ်နေသည်။ သို့သော် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များသည် တစ်ဦးတည်း တစ်ယောက်တည်း လုပ်ဆောင်လို့ရနိုင်သည့်အရာများမဟုတ်ပါပေ။ စုပေါင်းဝိုင်းဝန်းညီညာစွာ လုပ်ဆောင်ကြမှသာ ယုံကြည်မှုအဆင့်တစ်ခုသို့ရောက်ရှိနိုင်မည်မဟုတ်ပါလား။ ယုံကြည်မှုတည်ဆောက်ပြီးမှသာ ဒီမိုကရေစီပန်းတိုင်သို့ ဆက်လက်လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပေသည်။ တိုင်းပြည်နှင့် ပြည်သူပြည်သားများအပေါ် အမှန်တကယ် စိတ်ကောင်းနှလုံးသားကောင်းနှင့် ရိုးသားဖြောင့်မတ်စွာ လုပ်ဆောင်ပေးမည့်သူတို့ကို ဖော်ထုတ်ရတော့မည့် အချိန်အခါသို့ ရောက်ရှိနေပေပြီ။ တိုင်းသူပြည်သားများကလည်း မိမိတို့၏ခေါင်းဆောင် ချမှတ်သည့် လမ်းစဉ်ကို တာဝန်ကျေပြွန်စွာ လျှောက်လှမ်းတတ်ဖို့နှင့် လျှောက်လှမ်းဖို့ရန် လွန်စွာမှ အရေးကြီးနေပေပြီ။
စည်းကမ်းစနစ်ကျသော တိုင်းပြည်နှင့် လူမျိုးများအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိစွာနှင့် စစ်မှန်သောဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး စနစ်သစ်တစ်ခုဆီ အသွင်ကူးပြောင်းနိုင်သော မြန်မာနိုင်ငံ ဟု ကမ္ဘာ့သမိုင်းမှာ ရာဇ၀င်အဖြစ် တင်ကျန်ရစ်စေဖို့ အို မြန်မာပြည်သူ ပြည်သားအပေါင်းတို့………..
ကျွန်ုပ်တို့ သင်တို့ အားလုံး၏ အစားထိုးမရနိုင်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(သို့) အမေစုနှင့်အတူ လက်တွဲဝန်းရန် စုပေါင်းညီညာစွာ ဒီမိုကရေစီပန်းတိုင်သို့ မလျှော့သော ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ ဆန္ဒတွေနှင့် မရောက်မချင်း လျှောက်လှမ်းချီတက်ကြပါစို့ဟု ဆန္ဒပြုရင်း…………..



လွင်ပြင်အဖွဲ့သားများ



0 comments:

Post a Comment