မည်သည့် အကျဉ်းသားသည် ‘နိုင်ငံရေး အကျဉ်းသား’ ဖြစ်သည်ကို ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က ကြေညာချက် ထုတ်ပြန်၍
သောကြာနေ့က ရှင်းလင်းဖွင့်ဆို လိုက်သည်။ အစိုးရနှင့် အတိုက်အခံများ အကြား အဆက်မပြတ် အငြင်းပွားခဲ့ရသည့် ‘နိုင်ငံရေး အကျဉ်းသား’ ဆိုသည်မှာ “ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့် လည်းကောင်း လက်နက်ကိုင် လမ်းစဉ်ဖြင့် လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊ (သို့) အားပေး ထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့်” ထောင်များ၊ ရဲဘက်စခန်းများနှင့် စစ်ကြောရေး စခန်းတို့တွင် ချုပ်နှောင်ခံထားရသော မည်သူမဆို ပါဝင်သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
လောလောဆယ် ကျနော်တို့ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို သူတို့သိအောင်ရယ်၊ နိုင်ငံတကာကလည်း ဒီလူတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်ဆိုတာ ပြောဆိုချင်လို့ ထုတ်ပြန်လိုက်တာပါ” ဟု AAPP-B တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။လက်နက်ကိုင် လှုပ်ရှားမှုများနှင့် ဆက်စပ်နေ၍ ဖမ်းဆီးခံထားရသူများလည်း ထည့်သွင်းထားရသည်မှာ မြန်မာနိုင်ငံ ၏ ထူးခြားသော အခြေအနေအရ ဖြစ်ကြောင်း “ဒါက ပကတိရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စပါ။ အင်မတန်မှ အရေးကြီးပါတယ်။ အစိုးရ အဆက်ဆက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့က လက်နက်ကိုင် တိုက်ပွဲတွေ ထိပ်တိုက် ရင်ဆိုင်နေရတာတွေကိုပြေလည် အောင်ဆိုရင် ဒီလက်နက်ကိုင် အင်အားစုတွေထဲက အဖမ်းခံထားရသူတွေကိုလွှတ်ပေးဖို့ဆိုတာလည်းစဉ်းစားရမှာဖြစ်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် နိုင်ငံတော်ကောင်စီက ၁၉၈၀ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ စဉ်က နိုင်ငံရေးပြစ်မှု ဆိုသည်များကို သတ်မှတ် ဖော်ပြခဲ့ဖူးသည်။
ယခုအချိန်တွင် နိုင်ငံရေး လှုပ်ရှားသူများအား သိက္ခာချရန် အတွက် အခြားရာဇဝတ်မှုများဖြင့် စွပ်စွဲ ဖမ်းဆီးလေ့ ရှိကြောင်း ကိုဘိုကြည်က “အဲလိုနိုင်ငံရေးပြစ်မှုတွေနဲ့ မချဘဲနဲ့ တခြားရာဇဝတ်မှုတွေနဲ့ ချနေတာတွေ ရှိတော့ တဦးချင်းရဲ့လှုပ်ရှားမှုအပေါ်မှာ ကြည့်ပြီးတော့ သတ်မှတ်ပါတယ်။ ဥပမာဆိုရင် တလောက ဒီမိုကရေစီနေ့မှာ အဖမ်းခံရတဲ့သူဆိုရင် လုပ်တာက ဒီမိုကရေစီဟောပြောပွဲ လုပ်တာ။ ဖမ်းတော့ မူးယစ်ရမ်းကားမှုနဲ့ ရုံးတင်တယ်” ဟု “စက်တင်္ဘာ ၁၅ ရက်နေ့က အဖမ်းခံခဲ့ရသည့် ကိုနေလင်းဦး” အမှုအား ကိုးကား ပြောသွားသည်။
AAPP-B စုဆောင်းရရှိထားသည့် စာရင်းများအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်ပေါင်း ၄၂ ခုနှင့် ရဲဘက်စခန်း ၁၀၉ ခုတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၉၉၈ ယောက် ရှိပြီး အဆိုပါစာရင်းအား ပိုမိုတိကျနိုင်ရန် စီစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်တွင် ‘နိုင်ငံရေး အကျဉ်းသားများအား သိက္ခာချရာတွင် (သို့) နိုင်ငံရေး လှုပ်ရှားသူများကို
ဖမ်းဆီး ထိန်းသိမ်းရာတွင် အသုံးများသည့် ဥပဒေများ’ ဟူ၍ ဥပဒေနှင့် ပုဒ်မပေါင်း ၃၀ ကျော်ကိုလည်း စုဆောင်းဖော်ပြထားသည်
From AAPP
Lwin Pwin

0 comments:
Post a Comment