ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် အထွေထွေ ညီလာခံကြီးကို တက်ရောက်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ နယူးယောက်မြို့ကို ရောက်ရှိလာကြပါတယ်။ ဒီညီလာခံမှာ ပါလက်စတိုင်းက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ ကြိုးစားမှုနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။
နိုင်ငံပေါင်း ၁၀၀ ကျော်က နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် အဆင့်မြင့် ခေါင်းဆောင်များ အစည်းအဝေးတွေကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အစည်းအဝေးတွေဟာ ကူးစက်ပြန့်ပွားမှု မရှိတဲ့ ရောဂါတွေနဲ့ အာဟာရဓာတ် ချို့တဲ့မှု ဆိုင်ရာတွေအပြင် နျူကလီးယား လုံခြုံရေးဆိုင်ရာ စည်းမျဉ်း ပြန်လည်သတ်မှတ်ရေးနဲ့ လစ်ဗျားနိုင်ငံ အနာဂတ်အရေး၊ ပါလက်စတိုင်း အရေးတွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။
အမေရိကန်နိုင်ငံက ကန့်ကွက်မယ်လို့ ကြေညာထားတဲ့ကြားက ပါလက်စတိုင်းနိုင်ငံကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ အဆိုကို သောကြာနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်သွင်းမယ်လို့ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ် (Mahmoud Abbas) က ပြောကြားလိုက်ပါတယ်။
မစ္စတာ အဘတ်စ်ဟာ တနင်္လာနေ့မှာ နယူးယောက်မြို့ကို ရောက်ရှိလာပြီး သူ့ရဲ့ အစီအစဉ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကို တင်ပြခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်းကတော့ တရားဝင် ဖြစ်စေရေးနဲ့ ချမှတ်ထားတဲ့ ဘောင်အတွင်းက လုပ်ဆောင်နိုင်ရေးအတွက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့ရဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေကို ပြန်ပြီးလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း ပါလက်စတိုင်း ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်ရေးနဲ့ ပတ်သက်ပြီး သံတမန်ရေးရာ ပြဿနာတွေ ဖြစ်ပွားမလာစေဖို့အတွက် ရည်ရွယ်ပြီး အစ္စရေး၊ ပါလက်စတိုင်း ဆွေးနွေးပွဲတွေ ပြန်ပြီးစဖို့ တိုက်တွန်းလိုက်ပါတယ်။
နှစ်ပတ်လည် အစည်းအဝေးဟာ အင်္ဂါနေ့မှာ စတင်မှာဖြစ်ပြီး တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင် ၁၀၀ ကျော်ဟာ ပါလက်စတိုင်း ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်ရေးသာမက အာဏာရှင် ဂဒါဖီ (Moammar Gadhafi) နောက်ပိုင်း လစ်ဗျားနိုင်ငံရဲ့ အနာဂတ် ကိစ္စတွေကိုပါ ဆွေးနွေးဖို့ ရှိပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
Retold by lwin Pwin

0 comments:

Post a Comment