အရှင် ဂမ္ဘီရ ကျန်းမာရေး ဆိုးဝါး
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်၌ ထောင်ဒဏ်နှစ်ရှည် ကျခံနေရသော အရှင် ဂမ္ဘီရသည် ကျန်းမာရေး ဆိုးဝါးနေကြောင်း သိရသည်။ ရိုက်နှက်ခံရသည့် ဒဏ်ကြောင့် နောက်ကျောပိုင်း အမြဲတမ်းနာကျင်နေပြီး စိတ်ပိုင်းဆိုင်ရာ မကျန်းမမာ ဖြစ်နေကြောင်း ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကောင်စီ(AHRC)က ပြောဆိုထားသည်။ အရှင် ဂမ္ဘီရကို အမြန်ဆုံး ပြန်လွှတ်ရန် သမ္မတ ဦးသိန်းစိန်ထံ AHRC က စာရေးတောင်းဆို ထားသည်ဟုလည်း ဆိုသည်။အရှင် ဂမ္ဘီရသည် ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့ သောကြောင့် ထောင်ဒဏ် ၆၃ နှစ် ချမှတ်ခံထားရသည်။
အရှင်ဂမ္ဘီရကျန်းမာရေး AHRC စိုးရိမ်
ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်လို့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေး အခြေအနေဆိုးဝါးနေတာကြောင့်ဆိုပြီး အရှင်ဂမ္ဘီရကို ဖမ်းဆီးထားမှုနဲ့ပတ်သက်လို့ လူသားချင်း စာနာမှုထား စဉ်းစားပေးဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ထံ လိပ်မူစာပေးပို့လိုက်ပါတယ်။ အရှင်ဂမ္ဘီရဟာ ပြီးခဲ့တဲ့ကာလက ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ရာသီဥတုကြမ်းတဲ့ ကလေးထောင်မှာ စိတ်ရော ကိုယ်ပါ ချို့တဲ့ဆင်းရဲမှု ဖြစ်နေတယ်လို့ AHRC ရဲ့စာမှာ ဖော်ပြ ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ညောင်ပင်ဝန်းရွာ တံတားကျိုး

စစ်ကိုင်းတိုင်း မန္တလေး - မုံရွာ ကားလမ်း ဆက်သွယ်ရာ မြင်းမူမြို့နယ် ညောင်ပင်ဝန်းကျေးရွာ တံတား ယမန်နေ့နေ့လယ်၂နာရီခန့်က မူးမြစ်ရေတိုးသည့်အတွက် ကျိုးသွားကြောင်း သတင်းရသည်။ တံတား ကျိုးသွားသည့်အတွက် ကားများ သွား၍ မရသော ကြောင့် ခရီးသည်များကို စက်လှေဖြင့် ပို့ဆောင်ပေးနေရကြောင်း စိမ်းရောင်စို လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။


 ကျွန်းချောင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းပေါက်

မကွေးတိုင်း ပခုက္ကူမြို့နယ် ကျွန်းချောင်း လျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ ပိုက်လိုင်း ယမန်နေ့ ည ၉နာရီခန့်က ပေါက်ကွဲကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ လောင်ကျွမ်းမှုမှာ တနာရီခန့် ကြာမြင့်သော်လည်း ထိခိုက် သေကျေမှုမရှိကြောင်း မျက်မြင်သက်သေ ဒေသခံတဦးက ပြောသည်။
ဘိန်းရာဇာ အမတ်များကြောင့် ဘိန်းနှစ်ဆတိုးဟု PWO ပြော
အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အမတ်သုံးဦးမှာ ဘိန်းရာဇာများ ဖြစ်သည်ဟု ပြည်ပ အခြေစိုက် ပလောင် အမျိုးသမီး အစည်းအရုံး PWO က စွပ်စွဲလိုက်ပြီး ယင်းတို့ကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု နှစ်ဆ တိုးပွားလာသည်ဟု ဆိုသည်။ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ပန်းဆေး ဦးကျော်မြင့် ခေါ် လီယောင်ကျန်း၊ ကွတ်ခိုင်မြို့နယ်မှပြည်နယ် လွှတ်တော်အမတ် ဦးမြင့်လွင် ခေါ် ဦးဝမ်းကွယ်တာနှင့် ပြည်ထောင်စုမှ အောက်လွှတ်တော်အမတ် ဦးတီခွန်မြတ်တို့သည် ပြည်သူ့စစ်ခေါင်းဆောင်များ ဖြစ်ခဲ့ကြပြီး ဒေသတွင်း ဘိန်းစိုက်ပျိုးမှု လုပ်နေကြသူများ
ဖြစ်သည်ဟု PWO က ပြောသည်။
သံဃာတော်များ ဆန္ဒပြခွင့်မပြုရန် ကြံ့ခိုင်ရေးအမတ် တင်ပြ
အထက်လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော "ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်" ဥပဒေမူကြမ်း၌  ဗုဒ္ဓဘာသာ သံဃာတော်များကို ဆန္ဒပြခွင့် မပြုသည့် တားမြစ်ချက် ထည့်သွင်းရန် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်တဦးက အင်္ဂါနေ့က ထည့်သွင်း ဆွေးနွေးသွားခဲ့သည်ဟု လွှတ်တော် အမတ်များကပြောသည်။
သတင်းတွေ အပြင်ဆက်ပို့မယ် ဆိုတဲ့ Burma VJ
တိုင်းပြည် တိုးတက်ပြောင်းလဲရေးအတွက် မီဒီယာအား ကိရိယာတခုအနေဖြင့် အသုံးပြု ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဆက်လက် ဖော်ထုတ်သွားမည်ဟု Burma VJ အဖွဲ့က ပြောဆိုသည်။အဖွဲ့အနေဖြင့် လွတ်လပ်စွာရပ်တည်နေပြီဖြစ်ကြောင်းနှင့်လတ်တလောဖြစ်ပျက်နေသည့် လူအခွင့်အရေး ချိုးဖောက်မှု ဗီဒီယိုနှင့် ဓာတ်ပုံမှတ်တမ်းများကိုလည်း လူမှုကွန်ယက်တခုဖြစ်သည့် Facebook တွင် “Burma VJ Media Network” အမည်ဖြင့် ဆက်လက် ဖော်ထုတ်သွားမည် သိရသည်။ Burma VJ အဖွဲ့ကို ၂ဝဝ၆ ခုနှစ်မှစ၍ တည်ထောင်ခဲ့ခြင်းဖြစ်ကာ နော်ဝေအခြေစိုက် ရုပ်မြင်သံကြားမီဒီယာ တခု ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ - DVB နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းများနှင့်ပြည်တွင်းသတင်းများကို ထုတ်လွှင့်ခဲ့သည်။
သို့သော် DVB သတင်းဌာနတွင် အမေရိကန်ဒေါ်လာ သုံးသိန်းခန့် ငွေကွာဟမှု ၂ဝ၁၁ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းတွင်း ပေါ်ပေါက်လာခဲ့ပြီးနောက်  Burma VJ အဖွဲ့ဝင်များ နုတ်ထွက်ခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားလွှတ်ရေး အမေရိကန်အထူးသံ ဆွေးနွေး
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ် Derek Mitchell ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး အပါအ၀င် မြန်မာနိုင်ငံ ဒီမိုကရေစီရေး တိုးတက်မှုတွေ ရှိလာဖို့အတွက် ဖိအားပေး ကြိုးစားခဲ့တယ်လို့  အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
Lwin Pwin

1 comments:

hninwityiaung said...

သတင်းတွေကကောင်းပါတယ်။ဆက်ပြိးေ၇းပါအုံးနော်။ဒါမှာပြည်သူတွေဗဟုသုတ၇မှာပါ။
ေ၇းတယ်သူလည်းကျန်းမာပါစေ။ဒိအလုပ်ကိုသက်ဆုံးတိုင်လုပိနှိင်ပါစေ။

Post a Comment