ချောင်းရေကြောင့် ၃ပိုင်းကျိုးသွားသော ရွှေချောင်းတံတား (ဓာတ်ပုံ - eleven media group)
ပခုက္ကူမြို့ ရွှေချောင်းရေကြီးမှု အတွင်း သေဆုံးသူ ရုပ်အလောင်း ၅၃ လောင်းကို ရှာဖွေတွေ့ရှိ ထားပြီဖြစ်ပြီး ၂၀၀ နီးပါးခန့် ပျောက် ဆုံးနေကြောင်းဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သည်းထန်စွာရွာသွန်းသည့် မိုးကြောင့် အမှတ် ၃ရပ်ကွက်၊ စွန်သိုက်ရပ်ကွက် စသည့် နေအိမ်အဆောက် အအုံတချို့ ရေတွင်မျောပါသွား၍ ရွှေချောင်းတံတားမှာ ကျိုးပြတ်သွားပြီး အေးငြိမ်းချမ်းသာ ဘုန်းတော်ကြီးကျောင်းနှင့် ကျောင်း အတွင်းရှိ စေတီတဆူလည်း ရေတိုက်စားသွားခြင်း ခံခဲ့ရခြင်းဖြစ်သည်။
ကယ်ဆယ်ရေး စခန်းများကို ပခုက္ကူမြို့ရှိ တိလောက၊ ရွှေတောင်၊ ဓမ္မပါလနှင့် မိုးကုတ် ၀ိပဿနာ တရားစခန်းတို့တွင် ဖွင့်လှစ် ထားပြီး ရေဘေးဒုက္ခသည် ဦးရေ ၁၀၀၀ ကျော်ခန့် ရှိကြောင်း၊ အများစုမှာ လက်လုပ်လက်စားများဖြစ်ပြီး အကူအညီများစွာ လိုအပ် နေကြောင်း၊ ဆန်နှင့် ထမင်းထုပ်များကိုသာ အားထားနေရကြောင်း စုံစမ်း သိရှိရသည်။ ပခုက္ကူမြို့နှင့် တခြားမြို့များသို့ ဆက်သွယ်ထားသည့် ကားလမ်းနှင့် မီးရထားလမ်းတံတားများလည်း ကျိုးပြတ်နေသည့် အပြင် တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်နေသည်။
ပခုက္ကူမြို့ အောက်ပိုင်း ဧရာဝတီမြစ်ကြောင်း တလျှောက်တွင် လူသေအလောင်းများ မျောပါလာသည်ကို မြင်တွေ့ရကြောင်း ပဲနှင့် နှမ်းအများဆုံးစိုက်ပျိုးသည့် မြစ်ဖျား၊ ညောင်ပင်လှ၊ သိမ်တော်၊ အိုင်ရှည် စသည့် ကျေးရွာများတွင်လည်း ပဲစိုက်ခင်းများ ပျက် စီးသွားပြီး လူအသေအပျောက်ရှိကြောင်း ပခုက္ကူမြို့ခံတဦး အဆိုအရ သဲချောင်းအမျိုးအစားဖြစ်သည့် ရွှေချောင်းသည် ရေစီးဆင်းမှုမရှိသည်မှာ ၁၀ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း၊ ထိုကြောင့် ချောင်းအတွင်းနေရာတချို့နှင့် ချောင်းကမ်းပါးတလျှောက် ကျူးကျော်နေအိမ်များ ဆောက်လုပ်နေထိုင်ကြကြောင်း သိရ သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်ကိုဖြတ်ကျော် ၀င်ရောက်ခဲ့သည့် မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ မြို့၊ စစ်ကိုင်းတိုင်း မုံရွာ၊ မကွေးတိုင်း ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ မန္တလေးတိုင်း ညောင်ဦးမြို့များတွင် မိုးရေချိန်မှာ အမြင့်ဆုံးစံချိန်သစ်များဖြင့် ရွာသွန်းခဲ့သည်ဟု အစိုးရသတင်းစာများ၌ ဖော်ပြထားသည်။
မိုးရေချိန် မှာ ညောင်ဦးတွင် ၈.၁၀ လက်မ၊ မုံရွာတွင် ၅. ၄၇ ၊ ဂန့်ဂေါတွင် ၄.၆၅ လက်မ ရွာသွန်းခဲ့သည်ဟု သိရသည်။ ချင်းတောင်တန်း၌ မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ဂန့်ဂေါမြို့နယ်နှင့် ပေါက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်တို့ကို ဖြတ်စီးသည့် ယောချောင်း၊ ဆောချောင်းမှ ကျဆင်းလာသည့် တောင်ကျရေများကြောင့် ချောင်းနံဘေးကျေးရွာတွင် လူအသေအပျောက်များရှိ ကြောင်း၊ ကြက်သွန်စိုက်ခင်းများလည်း ပျက်စီးသွားကြောင်း၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက် နေသည့်အတွက် စာရင်းအတိ အကျ မရရှိသေးကြောင် ပေါက်၊ ဆိပ်ဖြူမြို့ရှိ ဒေသခံများ အဆိုအရ သိရသည်။
ညောင်ဦးမြို့နယ်တွင်လည်း ပုဂံခေတ်ရှေးလက်ရာဖြစ်သည့် သရပါမြို့ရိုးနှင့် စေတီဘုရားများ အနည်းငယ်ပျက်စီးမှုရှိကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
Lwin Pwin
0 comments:
Post a Comment