တရားဥပဒေစိုးမိုးရေးဆိုသည်မှာ လူသားတို့သည် အခြားသတ္တ၀ါများထက် ဆင်ခြင်တုံတရားနှင့် ထူးခြား၍ထက်မြက်သော အသိတရားရှိသူများဖြစ်သည်။ မိမိအသက်ရှင်နေထိုင်သည့်ကာလအတွင်း ကောင်းမွန်သော လူဘောင်အဖွဲ့အစည်းကို ဖန်တီးထိန်းကြောင်းပြုပြင် နေထိုင်ကြမည်ဖြစ်ပေသည်။ လွန်ခဲ့ သောနှစ်သန်းပေါင်းများစွာက လူသားတို့သည် အထိန်းအကွတ်မရှိဘဲ ကြီးနိုင်ငယ်ညှင်း၊ တရားမဲ့ ပြုကျင့်မှုများ ဖြင့် ဆိုးဝါးစွာ လူ့အဖွဲ့အစည်းကို ဖြတ်သန်းလာခဲ့ကြသည်။ လူ့အဖွဲ့အစည်းတွင် ထိုမကောင်းသော အကျိုးများကို သိရှိလာသည်နှင့်အမျှ တိုးတက်ဖွံ့ဖြိုး၍ ငြိမ်းချမ်းသာယာမှုရှိသောလူ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာကြသည်။
လူ့ဘ၀၏ အခြေခံသဘောတရားများဖြစ်သော လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှု စသည့်လောကပါလ တရားများ ထွန်းကားမှသာလျှင် အေးချမ်း၍ သာယာသောလူ့ဘောင်အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာနိုင် မည်ဖြစ်သည်။ ထိုသို့ထွန်းကားရန်အတွက်လူသားတို့သည် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းများကို လေးစားလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပေသည်။ အဆိုပါစည်းကမ်းများအား မလိုက်နာလျှင်မနေရဆိုသည့် စည်းနှောင်အားရှိ သော သတ်မှတ်ချက်များအဖြစ် ပြဌာန်းခြင်းအားဖြင့် အဆိုပါစည်းကမ်းချက်များမှသည် ဥပဒေ ဟူ၍ဖြစ်ပေါ်လာ ရပေသည်။ ထို့ကြောင့်ဥပဒေသည် လူ့အဖွဲ့အစည်းတခုအတွင်း မရှိမဖြစ်လိုအပ်သာအရာဖြစ်ပေသည်။ သို့သော် လည်း ထိုဥပဒေသည် အုပ်စုတစ်စု(သို့) တစ်ဦးတစ်ယောက်က လက်ဝယ်ထားရှိပါက ဖိနှိပ်သောဥပဒေများ၊ လူ့အဖွဲ့အစည်းအတွက်အကျိုးမဲ့စေသော ဥပဒေများဖြစ်သွားမည်ကို အထူးဂရုပြုအလေးထားသင့်ပေသည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းတိုးတက်ထွန်းကားရန်မှာ တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ်လိုအပ်သည့်အပြင် အဓိကအရေးကြီးသောလိုအပ်ချက်ဖြစ်သည်ကိုတွေ့ရပေသည်။
တရားဥပဒေစိုးမိုးရေးဆိုသည်မှာ အစွန်းတဖက်ဖြစ်သော မင်းမဲ့စရိုက်၊ မင်းမဲ့ဝါဒ (Anarchism) ကိုလည်းမသွား၊ အခြားအစွန်းတဖက်ဖြစ်သော အာဏာရှင်ဝါဒ (Despotism)လည်းမကျရောက်ဘဲအစွန်း နှစ်ဖက်ကြားဖြစ်သော ဥပဒေတော့ရှိရမှာဖြစ်ပြှီး၊ ထိုဥပဒေသည် ပြည်သူများအတွက် အကျိုးပြုသော ဥပဒေဖြစ်ရမည်၊ လူ့ဘောင်ဘ၀ သာယာငြိမ်းချမ်းသော ဥပဒေဖြစ်ရမည်၊ ထိုဥပဒေများဖြင့် အုပ်ချုပ်နေသော နိုင်ငံသည်သာ၊ ထိုဥပဒေများဖြင့် ထွန်းကားနေသောနေရာသည်သာ တရားဥပဒေစိုးမိုးရေးကို ခေါ်ဆိုခြင်း ဖြစ်ပေသည်။
ဥပဒေဆိုသည်မှာ
ယေဘုယျအားဖြင့် လူသားများလိုက်နာရန် အများဆန္ဒဖြင့် ပြဌာန်းထားသော အမိန့်၊ ညွန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်းတို့ဖြစ်သည်။
ဥပဒေပေါ်ပေါက်လာပုံ နောက်ခံသမိုင်းအကျဉ်း
သမိုင်းဦးဘုံမြေခေတ်မှစ၍ ဥပဒေ၏ သဘောတရားများရှိလာသည်။ ရှေးကျသောလူသားမျိုးနွယ်စု တို့သည် ဆွေးမျိုးအုပ်စုများ (The Clan) အဖြစ် စုဝေးနေထိုင်လာရင်း မိမိတို့ဘ၀လုံခြုံရေးအတွက် တဖက်မှ ရန်သူများနှင့်လည်း အစဉ်အမြဲလိုပင် တိုက်ခိုက်နေခဲ့ကြသည်။ သမိုင်းဦးဘုံမြေခေတ်၏နောက်ပိုင်းတွင် မွေးမြူ ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တဖြည်းဖြည်းတိုးတက်လာခဲ့သည့်အလျောက် လူ့အဖွဲ့အစည်း၏ ပုံသဏ္ဍာန် သည်လည်း ပြောင်းလဲလာခဲ့သည်။ နီးစပ်ရာဆွေမျိုးအုပ်စုအဖွဲ့အစည်းများ ပူးပေါင်းလာသဖြင့် လူမျိုးအုပ်စု (Tribes) များဖြစ်လာသည်။ လူတစ်ဦးချင်းစီအလိုက် အလုပ်တာဝန်ခွဲဝေမှုများသည်လည်း ဖြစ်ပေါ်လာကြပေ သည်။ ထိုအခြေအနေမျိုးအောက်တွင် အစုအဖွဲ့အတွင်းရှိ လူအချင်းချင်းတို့သည် ညီညွတ်စည်းလုံးကြပြီး မိမိတို့ ၏အသက်မွေးဝမ်းကြောင်းအတွက် အလေ့ကျပေါက်သောအသီးအနှံများကို စုပေါင်းဆွတ်ခူးကြခြင်း၊ အမဲလိုက်၊ ငါးဖမ်းကြခြင်းနှင့် အစားအစာများကိုမျှတစွာ ခွဲဝေစားသုံးကြရန်အတွက် ခေါင်းဆောင်လုပ်သူတစ်ဦးကိုရွေးချယ် ပြီး အုပ်ချုပ်စေခဲ့သည်။ ခေါင်ဆောင်လုပ်သူက ထိုလူ့အဖွဲ့အစည်းရှိလူများအား အစားအစာရှာဖွေရေးအတွက် လုပ်ငန်းတာဝန်များခွဲဝေပေးခြင်း၊ ရရှိသောဟင်းလျှားများကို မျှတစွာခွဲဝေပေးခြင်း၊ အဖွဲ့အစည်းတွင်းရှိလူအချင်း ချင်း ခိုက်ရန်ဖြစ်ပွားမှုတို့အတွက် အမှုအခင်းများကို စစ်ဆေးစီရင်ခြင်း စသည့်အုပ်ချုပ်မှုတာဝန်များကို ယူခဲ့ရ သည်။ မိသားစုတိုင်းကြုံတွေ့ရသော ပြဿနာများကို ဖြေရှင်းစေသည်။ ကိုးကွယ်ယုံကြည်မှုအရ တားမြစ်ချက် များ၊ ဓလေ့ထုံစံအရ တားမြစ်ချက်များသည် သမိုင်းဦးကာလ၏ ဥပဒေများပင်ဖြစ်သည်။
ထိုအချိန်၌လူတို့သည် အဖွဲ့အစည်းတရပ်လုံး၏အကျိုးစီးပွားအတွက် လူအများက၀ိုင်းဝန်းပူးပေါင်၍ အ လုပ်လုပ်ကြရသည်။ လုပ်အားဖြင့်ရရှိသော ပစ္စည်းများကိုလည်း အုပ်ချုပ်မှုတာဝန်ကိုယူထားသူက စည်းကမ်း ချက်များသတ်မှတ်ကာ ခွဲဝေစားသောက်ခဲ့ကြသည်။ တနည်းအားဖြင့်ဆိုလျှင် အပြုအမူဆိုင်ရာစည်းကမ်းချက် များ (Rule of Conduct) ကိုသတ်မှတ်၍ နေထိုင်လာခြင်းမျိုးဖြစ်သည်။
ကျွန်ပိုင်ရှင်စနစ် ထွန်းကားလာသည့်ကာလ၌လည်း လူ့အဖွဲ့အစည်းများသည် မိမိတို့၏ လုံခြုံရေးကို အ ကြောင်းပြု၍သော်လည်းကောင်း၊ မိမိတို့ပိုင်ဆိုင်သော နယ်မြေဒေသကို အကြောင်းပြု၍သော်လည်းကောင်း စည်းကမ်း၊ နည်းလမ်းများသတ်မှတ်လာကာ နေထိုင်လာခဲ့ကြသည်။
ဥပဒေ၏ ရှေးဦးအကျဆုံး အရင်းအမြစ်သည် ဓလေ့ထုံးစံများသာဖြစ်ပေသည်။ ဓလေ့ထုံးစံများ ဖြစ်ပေါ် လာရခြင်းမှာ လူသားတို့အနေဖြင့် နေ့စဉ်နေ့တိုင်း ဖြတ်သန်းကြုံတွေ့နေရသော လက်တွေ့ဘ၀၌ ကောင်းမွန်သင့် လျော်သည်ဟုယူဆသော လူ့ကျင့်စဉ် (Rule of Action) များကို အလိုအလျှောက် လိုက်နာခဲ့ကြချင်းပင်ဖြစ် သည်။ နောင်အခါတွင် အဆိုပါအပြုအမူကျင့်စဉ်တို့သည် လူသားတို့၏ အပြုအမူဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များ ဖြစ်လာကြသည်၊ ထိုစည်းကမ်းသတ်မှတ်ချက်များသည်ပင်လျှင် ထိုဒေသတွင်နေထိုင်ကြသော လူများ ၏ ဓလေ့ထုံစံများ၊ ဓလေ့ထုံးတမ်းများ (Custom) ဖြစ်လာကြခြင်းဖြစ်ပေသည်။ အဆိုပါ ဓလေ့ထုံးတမ်းများကို ကြာရှည်ကြာမြင့်စွာ လိုက်နာကျင့်သုံးခဲ့ကြရာမှ ဓလေ့ထုံးတမ်းများသည် စည်းနှောင်အားရှိလာပြီး ဥပဒေ (Law) ကဲ့သို့အာဏာများ သက်ဝင်လာခဲ့ခြင်းဖြစ်သည်။ ယင်းအချက်သည်ပင် ဥပဒေ၏အစ ၊ ဥပဒေ၏သဘာဝပင် ဖြစ် ပေသည်။ ထို့ကြောင့် ဥပဒေအစ၊ ဓလေ့ထုံးတမ်းက ဟုပြောစမှတ်ပြုကြခြင်းဖြစ်သည်။
ဓလေ့ထုံးတမ်းများနှင့် ဓလေ့ထုံးတမ်းဥပဒေများမှာ ကမ္ဘာပေါ်တွင်ပေါ်ပေါက်ခဲ့သော အချို့နေရာများ တွင် ယနေ့ထက်တိုင်ကျင့်သုံးနေသော ရေးသားမထားသောဥပဒေများ ဖြစ်သည်။ နောက်ပိုင်းတွင် အုပ်ချုပ်ရေး စနစ်များ ပေါ်ပေါက်လာပြီးနောက် အဆိုပါဓလေ့ထုံးစံများကို အမှီပြု၍ အမှုအခင်းများကို စီရင်ဆုံးဖြတ်ကြရာမှ ပေါ်ထွက်လာသော စီရင်ချက်နှင့် ဆုံးဖြတ်ချက်များကို ဆက်လက်လိုက်နာစေခြင်းအားဖြင့် ဖြတ်ထုံး၊ စီရင်ထုံး များ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။
နှောင်းပိုင်းကာလများတွင်မူ လူသားတို့၏ ပတ်ဝန်းကျင်အခြေအနေမှာ ပြောင်းလဲတိုးတက်လာသည် နှင့်အညီ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးကိစ္စများမှာလည်း ကျယ်ပြန့်နက်ရှိုင်း ရှုပ်ထွေးမှုများရှိလာပြီး ရှေးက ကျင့်သုံးလျက်ရှိသော ဓလေ့ထုံးစံများနှင့်လိုက်လျှော်ညီထွေးမရှိသည့် ကိစ္စများလည်းပေါ်ပေါက်လာခဲ့ပေသည်။ လူသားတို့၏ ကူးလူးဆက်ဆံမှု၊ ကူးသန်းရောင်းဝယ်မှုများ တွင်ကျယ်လာသည်နှင့်အတူ လူမျိုးတမျိုးနှင့် တမျိုး ကြား၊ ဒေသတခုနှင့်တခုကြားရှိ ဓလေ့ထုံးစံများတူညီမှုမရှိသည့်ပေါ်တွင် အခက်အခဲများပိုမိုများပြားလာသဖြင့် လူ့အဖွဲ့အစည်းတရပ်ရှိ အုပ်ချုပ်သူက အုပ်ချုပ်ခံလူထုအား လိုက်နာစေရန် စည်းကမ်းများသတ်မှတ်ပေးခြင်းဖြင့် လည်းကောင်း၊ အမိန့်များ ထုတ်ပြန်ခြင်းအားဖြင့်လည်းကောင်း ဥပဒေများကိုပြဌာန်းလာခဲ့ခြင်းဖြစ်သည်။
ဥပဒေတို့၏သဘောသဘာဝ
ဥပဒေများပြဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ အပြစ်ကင်းမဲ့သူကို အကာအကွယ်ပေးရန်နှင့် အပြစ်ကျူး လွန်သူကို အပြစ်ပေးရန်ပင်ဖြစ်သည်။ ဥပဒေရေးရာတွေးခေါ် မြော်မြင်မှုသဘောတရားများနှင့် စပ်လျင်း၍ သဘာဝဥပဒေကို အဓိကထားသောဂိုဏ်း (ကျောင်းတော်ကြီး) နှင့် လူသားတို့ပြုလုပ်ပြဌာန်းသော ဥပဒေကို အဓိကထားသောဂိုဏ်း (ကျောင်းတော်ကြီး) များ ပေါ်ပေါက်ခဲ့ပြီး ဥပဒေရေးရားအယူအဆများကို ၄င်းတို့၏ ရှုထောင့်အသီးသီးမှ အပြိုင်အဆိုင်ဖေါ်ထုတ်ခဲ့ကြသည်။
သဘာဝဥပဒေဂိုဏ်းပညာရှင်များက ဥပဒေဟူသည်မှာ သဘာဝတရားမျှတမှု ရရှိမှသာလျှင် ဥပဒေဖြစ် သည်။ သို့မှသာ ဥပဒေသည်ပြည့်စုံသော တရားမျှတမှုကိုပေးနိုင်သည်။ ထို့ကြောင့် ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေများ၊ ဘာသာတရားဆိုင်ရာ ဥပဒေများသည်သာ ဥပဒေများဖြစ်သည်ဟုယူဆပြီး၊ ထိုဥပဒေအမျိုးအစားကို ကိုယ်ကျင့်တရားဆိုင်ရာဥပဒေ (သို့ ) ကိုယ်ကျင့်တရားပညာရပ်ဆိုင်ရာဥပဒေ ဟုလည်းခေါ်သည်။ ပြုလုပ် ပြဌာန်းသောဥပဒေဂိုဏ်းပညာရှင်များက ဥပဒေဟူသည်မှာ နိုင်ငံတော်၏လူမှုစည်းပွားရေးစနစ်၊ လူမှုနိုင်ငံရေး စနစ် အခြေခံပေါ်တွင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ကာလ၊ ဒေသ၊ အခြေအနေကိုလိုက်၍ တိုးတက်ပြောင်းလဲသည် နှင့်အညီ လိုက်လျှော်ညီထွေရှိမည့် ဥပဒေများကို ဥပဒေပြုအာဏာပိုင်အဖွဲ့က ပြုလုပ်ပြဌာန်းရမည်။ ဥပဒေ ဟူသည်မှာ အစဉ်အမြဲ ရှင်သန်နေရမည်ဟု ဖေါ်ထုတ်ခဲ့သည်။
-ပညာရှင်ဂျွန်အော်စတင်က ဥပဒေဆိုသည်မှာ နိုင်ငံတော်ကအသိအမှတ်ပြုထားသော တရားသဖြင့် အုပ်ချုပ်ရာတွင် အသုံးပြုသည့် အလုံးစုံသောစည်းမျဉ်းများဖြစ်သည်ဟု ဆိုခဲ့သည်။ ဥပဒေစစ်စစ်ဆိုသည်မှာ လူသားတို့မလိုက်နာလျှင်မနေရသည့် အမိန့်သာဖြစ်၍ ယင်းအမိန့်မဟုတ်သောဥပဒေသည် ဥပဒေဟု ခေါ်သော် လည်း အမှန်စင်စစ် ဥပဒေစစ်စစ်မဟုတ်ဟု ဆိုထားသည်။
-တရပ်ဗီဆိုသူပညာရှင်က ဥပဒေဆိုသည်မှာ ယေဘုယျဆန်သည်ဖြစ်စေ၊ တိကျသည်ဖြစ်စေ၊ ရေးသား ထားသည်ဖြစ်စေ၊ ရေးသားမထားသည်ဖြစ်စေ လူတို့၏ခံစားချက် (သို့) ရပိုင်ခွင့်အသိတရားမှ ပေါ်ပေါက်လာ သည့် အလုံစုံသော စည်းမျဉ်များဖြစ်သည်ဟုဆိုသည်။
-ကားလ်မတ်က ဥပဒေဆိုသည်မှာ နိုင်ငံတော်က ချမှတ်သောဥပဒေများနင့်တကွ ဥပဒေကဲ့သို့သတ် မှတ်နိုင်သော ဓလေ့ထုံးစံတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဆိုရှယ်လစ်ဥပဒေဆိုသည်မှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအပေါ် အခြေခံပြုထားခြင်းဖြစ်သည်ဟု ဖေါ်ထုတ်ခဲ့သည်။
-လီနင် ကမူ ဥပဒေဟူသည် အောင်ပွဲခံ၍ နိုင်ငံတော်အာဏာကိုပိုင်ဆိုင်သော လူတန်းစားတို့၏ ဆန္ဒဖေါ် ထုတ်ချက်ဖြစ်သည် ဟူ၍ဆိုခဲ့သည်။
ထို့ကြောင့်ဥပဒေကို ခွဲခြမ်းစိတ်ဖြာလျှင်-
(၁) နိုင်ငံတော်က ပြဌာန်းသည့်ပြဌာန်းချက် ဖြစ်ရမည်။ (Politically)
(၂) ယင်းပြဌာန်းချက်သည် တိကျသောပြဌာန်းချက်ဖြစ်ရမည်။ (Specificity)
(၃) ယင်းပြဌာန်းချက်သည် နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်မရွေး၊ အဆင့်အတန်းမရွေး နိုင်ငံသားအား လုံးနှင့် သက်ဆိုင်သည့်ပြဌာန်းချက်ဖြစ်ရမည်။ (Uniformity)
(၄) ပြဌာန်းချက်ကို ဖေါက်ဖျက်သည့်အခါ ပြစ်ဒဏ်ပေးမည်ဆိုသည့် ပြဌာန်းချက်ပါရှိရမည်။ (Penal section) ဆိုသည့်အချက်များပါရှိသည်ကို တွေ့ရှိရပေမည်။
မြန်မာနိုင်ငံ ဥပဒေပညာရှင် ဒေါက်တာဘဟန်က ဥပဒေဟူသည် နိုင်ငံသူနိုင်ငံသားတို့၏ အခွင့်အရေးများနှင့် တာဝန်များတို့ကို သတ်မှတ်ပေးသည့် စည်းကမ်းနည်းဥပဒေစုပင်ဖြစ်သည်။ ယင်းတို့၏ တာဝန်နှင့်အခွင့်အရေး တို့ကို နိုင်ငံနှင့်ဆက်သွယ်သောအခါဖြစ်စေ၊ နိုင်ငံသားအချင်းချင်းဆက်သွယ်သောအခါဖြစ်စေ အခွင့်အရေးနှင့် တာဝန်ကို ဖေါ်ပြထားခြင်းဖြစ်သည်ဟု၎င်း၊ ဥပဒေကိုမည်သို့ပင် အဓိပါယ်ဖွင့်ဆိုကြစေကာမူ အဓိကမှာ နိုင်ငံ၏ တာဝန်မှာ နိုင်ငံသူနိုင်ငံသားတို့၏
(က) အခွင့်အရေးကိုကာကွယ်ရန်
(ခ ) တာဝန်ကိုသတ်မှတ်ပေးရန်
(ဂ) နိုင်ငံသားအချင်းချင်း ပဋိပက္ခဖြစ်မှုကို မျှတစွာဖြေရှင်းနိုင်မည့် နည်းဥပဒေ၊ စည်းကမ်းများသတ်မှတ်ပေး ရန် ဖြစ်သည်ဟု၎င်း၊
နိုင်ငံသည် ယင်းလုပ်ငန်းတို့ကိုဆောင်ရွက်ရန် အမှားအမှန်နှင့်ပတ်သတ်သည့် သဘောတရားများကို အာ ဏာသက်ရောက်စေရန် ဆောင်ရွက်ရသည်။ ယင်းစနစ်တွင် အမိန့်၊ တိကျမှု၊ တရားမျှတမှုတို့သည် အခြေခံ လက္ခဏာရပ်များဖြစ်သည်။ ဤသို့အခြေခံထားသော အမှားအမှန်သဘောတရား (သို့) အပြုအမူဆိုင်ရာ စည်း ကမ်း၊ နည်းဥပဒေများပင် နိုင်ငံ၏ ဥပဒေဖြစ်သည်ဟု ဖွင့်ဆိုခဲ့သည်။
ဥပဒေကိုလက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်း (Enforcement of Law)
လူတို့၏ ယဉ်ကျေးမှုထွန်းကားလာသည်နှင့်အမျှ ဥပဒေစနစ်များနှင့် ဥပဒေများလည်း ပေါ်ပေါက်ခဲ့ ပေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအမျိုးမျိုးအောက်၌ လိုက်လျှော်ညီထွေရှိမည့် ဥပဒေအမျိုးမျိုး ကို လူသားတို့ ပြုလုပ်ပြဌာန်းခဲ့ကြပေသည်။ ဥပဒေတစ်ခုဖြစ်ရန်အတွက် လိုအပ်သော အခြေခံအင်္ဂါရပ်များ ရှိရန် လိုအပ်ပေသည်။ ဥပဒေ၏အခြေခံအင်္ဂါရပ်များ ပြည့်စုံနိုင်သမျှဥပဒေကို လက်တွေ့ကျင့်သုံးဆောင်ရွက်အကောင် အထည်ဖေါ်ရာတွင် ထိရောက်ပီပြင်မှုရှိသည်ကို တွေရပေမည်။
ဥပဒေကိုမည်သူတွေက မည်သို့မည်ပုံပြုလုပ်၍ မည်သူတွေကိုမည်သို့မည်ပုံလိုက်နာစေသည်ကို ခွဲခြမ်း စိတ် ဖြာကြည့်လျှင် ဥပဒေအဖြစ် လက်တွေ့ကျင့်သုံးဆောင်ရွက်ရာ၌ အခြေခံအင်္ဂါရပ် (၄)ချက်ကို တွေ့ရှိရပေ သည်။
(၁) ဥပဒေပြုပိုင်ခွင့်ရှိသောအဖွဲ့အစည်း (Legislative Body)
(၂) စည်းနှောင်အားရှိသောပြဌာန်းချက် (Binding Force)
(၃) အကောင်အထည်ဖေါ်ပေးရမည့်အဖွဲ့အစည်း (Law Enforcement Body)
(၄) လိုက်နာရမည့်ပြည်သူလူထု (Subject People)
(၁) ဥပဒေပြုပိုင်ခွင့်ရှိသောအဖွဲ့အစည်း
နိုင်ငံတစ်နိုင်ငံတွင် အချုပ်အခြာအာဏာကြီး(၃)ရပ်ဖြစ်သည့် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရား စီရင်ရေးအာဏာတို့အနက် ဥပဒေပြုရေးအာဏာသည် အရေးကြီးဆုံးအာဏာဖြစ်သည်။ ထိုဥပဒေပြုအာဏာ ဖြင့် ဥပဒေများကို ရေးဆွဲပြဌာန်းပြီးမှသာလျှင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်မည်ဖြစ်ပေသည်။
အမေရိကန်ပြည်ထောင်စု၏ ဥပဒေပြုအာဏာသည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ ပါဝင်သော ကွန်ကရက်တွင်တည်သည်ဟု ဖွဲ့စည်းပုံဥပဒေတွင်ပြထားသည်။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအရ ဥပဒေပြုအာဏာသည် ပါလီမန်တွင်တည်သည်ဟုပြဌာန်းထားသည်။ ဥပဒေပြု ပိုင်ခွင့်ရှိသောအဖွဲ့အစည်းအား မည်သို့ပင် အမည်အမျိုးအမျိုးခေါ်စေကာမူ ဥပဒေပြုပိုင်ခွင့်ရှိသည့် အဖွဲ့အစည်း သည် ပြည်သူလူထုမှ စိတ်ကြိုက်မဲဆန္ဒဖြင့် ရွေချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များပါဝင်သော ဥပဒေပြုအဖွဲ့ဖြစ်သည်။ သို့မှသာ ပြည်သူ၏ဆန္ဒအရ ဥပဒေကိုရေးဆွဲရခြင်းဖြစ်ကြောင်း ပေါ်လွင်ပေသည်။ ဥပဒေပြုအာဏာသည် ပြည်သူ၏လက်ထဲတွင်ရှိသည်ဆိုသည့် သဘောပင်ဖြစ်သည်။ ဤသည်မှာရှေးယခင်က ဒီမိုကရေစီကိုစတင်ဖေါ်ထုတ်ခဲ့သော ဂရိနှင့် ရောမတိုမှစ၍ ယခုတိုင် တရားဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်သော နိုင်ငံအများစုက လက်ခံကျင့်သုံးဆောင်ရွက်လျှက်ရှိပေသည်။
(၂) စည်းနှောင်အားရှိသောပြဌာန်းချက် (Binning Force)
ဥပဒေတိုင်းသည် စည်းနှောင်အားရှိရမည်။ စည်းနှောင်အားမရှိလျှင် ဥပဒေမဟုတ်တော့ချေ။ စည်းနှောင်အား ဆိုသည်မှာ တနည်းအားဖြင့် အကျိုးသက်ရောက်မှုဖြစ်သည်။ ဥပဒေတိုင်းသည် မလိုက်နဘဲမနေရသည့် အမိန့် သဘောပါရှိသဖြင့် မလိုက်နာပါက အပြစ်ပေးအရေးယူရမည်ဆိုသည့် စည်းနှောင်အားရှိလာရ ခြင်းဖြစ်သည်။ ဥပဒေပြုပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းတခုမှ ဥပဒေတစ်ရပ်အားအတည်ဖြစ်ရန် မည်သည့်ခုနှစ်၊ လ၊ ရက်မှ အစပြု၍ အာဏာတည်စေရမည်ဟုကြေငြာ၍ ထုတ်ပြန်သည်နှင့်တပြိုင်နက် သက်ဆိုင်ရာပြည်သူတစ်ရပ်လုံးက ၄င်း ဥပ ဒေအတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်သည်။ အကြောင်းမှာအဆိုပါဥပဒေသည် ပြည်သူတရပ်လုံးပေါ်၌ ထိုနေ့မှ စ၍ စည်းနှောင်အား (သို့) အကျိုးသက်ရောက်မှုရှိသွားခြင်းဖြစ်သည်။
ဥပဒေတိုင်းသည် စည်းမျဉ်းစည်းကမ်းများဖြစ်သော်လည်း စည်းမျဉ်း စည်းကမ်းတိုင်းသည် ဥပဒေမဟုတ်ချေ။ ဥပမာ - ဘာသာရေး ဆိုင်ရာစည်းကမ်းချက်များသည် စည်းနှောင်အားမရှိသဖြင့် ဥပဒေမဟုတ်ချေ။ ဥပဒေ မဟုတ်သဖြင့် လိုက်နာလိုက လိုက်နာနိုင်ပြီး မလိုက်နာလိုကလည်း နေလို့ရပေသည်။
သို့သော် သာမန်စည်းကမ်းချက်များကို စည်းနှောင်အားထည့်လိုက်ခြင်းအားဖြင့် ဥပဒေတစ်ရပ်ဖြစ်လာပေ သည်။ ထိုဥပဒေကို မလိုက်နာ၍မရတော့ပေ။
အပြည်ပြည်ဆိုင်ရာဥပဒေ၏ အကျိုးသက်ရောက်မှုကိုလေ့လာပါက အပြည်ပြည်ဆိုင်ရာဥပဒေဆိုသည်မှာ နိုင်ငံအများက အကြောင်းကိစ္စတခုခုနှင့်ပတ်သက်၍ သဘောတူညီမှုရယူသည့် သဘောတူစာချုပ် Convention တွင်သက်ဆိုင်ရာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ထိုးခြင်းဖြင့် စာချုပ် (Tardy) အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာခြင်းဖြစ် သည်။ ထိုအဖွဲ့ဝင်နိုင်ငံက ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာစာချုပ်တွင် ပါဝင်လက်မှတ် ထိုးရန်လိုပြီး၊ ဒုတိယအဆင့်အနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပြုအဖွဲ့အစည်းက အတည်ပြုလက်ခံကြောင်း ကြေညာရန်လိုသည်။
အကယ်၍ စာချုပ်တွင်လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း နိုင်ငံအများက လက်ခံထားသည့်စာချုပ် ဖြင့်၍ အပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်းအဖြစ် လေးစားကြရသည်ဖြစ်ပါသည်။ ဥပမာ ဒုက္ခသည်များဆိုင်ရာ နိုင်ငံ တကာဥပဒေကို ထိုင်းနိုင်ငံကလက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့် ထိုင်းနိုင်ငံသည်အဆိုပါဥပဒေကို အတိအကျ လိုက်နာဆောင်ရွက်ရန်မလိုသော်လည်း လေးစားလိုက်နာမှုပြုရသည်ဖြစ်ပေသည်။ ထို့ကြောင့်နိုင်ငံတကာ ဥပဒေများသည် လက်မှတ်ရေးထိုး၍ အတည်ပြုထားသော နိုင်ငံအပေါ်မှသာ စည်းနှောင်အားရှိပေသည်။ လက်မှတ်ရေးထိုး ထားခြင်းမရှိသောနိုင်ငံအပေါ်တွင် ၄င်းဥပဒေသည် အကျိုးသက်ရောက်မှုရှိမည် မဟုတ်ချေ။
(၃) အကောင်အထည်ဖေါ်ပေးရမည့်အဖွဲ့အစည်း
ဥပဒေတရပ် အကောင်အထည်ဖေါ်ရာတွင် ဥပဒေထိန်းသိမ်းရေးဝန်ထမ်း၏ အခန်းကဏ္ဍမှာ အလွန် အရေးကြီးပါသည်၊ ဥပဒေထိန်းသိမ်းရေး ၀န်ထမ်းဆိုသည်မှာ ဖမ်းဆီးခြင်းနှင့် ချုပ်နှောင်ခြင်းတာဝန်တွင် ပါဝင် သူများကိုဆိုသည်၊ အထူးသဖြင့် ရဲတပ်ဖွဲ့၊ ထောင်မှူးထောင်ပိုင်၊ ရဲလုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်နေသော လက်နက်ကိုင်တပ်များ နိုင်ငံတော်မှခန့်အပ်ခြင်းခံရသော အထူးလုံခြုံရေးတပ်များ၊ တရားစီရင်ရေးတာဝန်ရှိ သူများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ပြည်သူလူထုများ၊ ဌာနဆိုင်ရာအသီးသီမှ ၀န်ထမ်းများနှင့်ပြည်သူတို့သည် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ မူဘောင်အတွင်းမှ ဥပဒေအားသက်ဝင်လှုပ်ရှားအောင် တာ ၀န်တရပ်အနေဖြင့် အကောင်အထည်ဖေါ်ပေးရမည်၊
ပြဌာန်းဥပဒေ၊ နည်းဥပဒေနှင့် စည်းကမ်းဥပဒေများအား သက်ဝင်လှုပ်ရှားလာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူများက၀ိုင်းဝန်း၍ အကောင်အထည်ဖေါ်ပေးရမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဥပဒေဟူသည် စာရွက်ပေါ်တွင်ရှိသော အက္ခရာမျှသာဖြစ်ပြီး အသက်ဝင်လှုပ်ရှားနိုင်မည် မဟုတ်သည့်အပြင် တရားဥပဒေစိုးမိုးခြင်းလည်း ရှိနိုင်မည်မဟုတ်ပေ။ တရားဥပဒေစိုးမိုးမှု မထွန်းကားသောနိုင်ငံများ၏ ဥပဒေ အကောင်အထည်ဖေါ်မှုကိစ္စများကို လေ့လာပါက ဥပဒေကိုအဓိက အကောင်အထည်ဖေါ်ပေးရမည့် ရဲများ၊ တရားရုံးများသည် လာဘ်ပေးလာဘ်ယူမှုအပါအ၀င် အဂတိလေးပါးလိုက်စား၍ ကျင့်ဝတ်ပျက်ပြားကာ အမှန် တရားရှာဖွေရေးကို မျက်ကွယ်ပြုထားကြသည်ကို တွေ့ရပေမည်။ ပြည်သူတို့၏ အနေအထားမှာလည်း တရား ဥပဒေ၏အကာအကွယ်ကို မရကြဘဲ၊ ကြောက်စရာကောင်းလောက်အောင် လူ့အခွင့်အရေးများ ချိုးဖေါက်ခြင်း ခံနေရသည်ကို တွေ့ရပေမည်ဖြစ်ပေသည်။
(၄) လိုက်နာရမည့်ပြည်သူလူထု
တရားဥပဒေဆိုသည်မှာ ပြည်သူများ၏ အကျိုးစီးပွားကိုကာကွယ်ရန်၊ စိတ်နှလုံးချမ်းသာစေရန် ရည်ရွယ်၍ ပြည်သူပြည်သားအားလုံးကောင်းကျိုးအတွက် ပေါ်ပေါက်လာခြင်းဖြစ်သဖြင့် တရားဥပဒေကို တသွေမတိမ်းလိုက်နာရန် လိုအပ်ပေသည်။
ပြည်သူတို့၏ ကောင်းကျိုးချမ်းသာမှုအတွက် ဥပဒေသည်ပေါ်ထွက်လာရခြင်းဖြစ်လျှင် လိုက်နာရမည့် တာဝန်မှာ ပြည်သူများပင်ဖြစ်သည်။ သို့ရာတွင် ပြည်သူတို့၏အခွင့်အရေးအား မတရားဆုံးရှုံးပြီး အခွင့်ထူးခံ လူနည်းစုအတွက်သာ အကျိုးဖြစ်ထွန်းမည့် ဥပဒေဖြစ်မည်ဆိုလျှင် ဥပဒေကို ပြည်သူများလိုက်နာရန်မလိုချေ၊ အာဏာရှင်တို့သည် တရားမျှတမှုမရှိသောဥပဒေများကို ထုတ်ပြန်စေကာ ပြည်သူတို့အား အတင်းအကြပ် လိုက်နာစေရန် ဆောင်ရွက်ခဲ့ကြသည်မှာ လူ့သမိုင်းတလျှောက်ဖြစ်ပါသည်၊ ခေတ်ကာလအလျှောက် လူမှု တော်လှန်ရေးကြီးများ ဖြစ်ပွားခဲ့သည်ကို ကမ္ဘာ့သမိုင်းစဉ်တလျှောက် တွေ့ရှိရ မည်ဖြစ်ပေသည်၊
ဥပဒေကို ပြည်သူတရပ်လုံးက လိုက်နာခြင်းမရှိလျှင်။ လက်ခံနိုင်ခြင်းမရှိလျှင် ထိုဥပဒေသည် စည်း နှောင်းအား မဲ့သွားသဖြင့် သာမန်စည်းကမ်းတရပ်မျှသာဖြစ်သွားသည်၊ တရားမျှတမှုကင်းမဲ့သည့် တနည်း အားဖြင့် မတရားသည့်ဥပဒေ။ အမိန့်။ စည်းကမ်းတို့ကိုလိုက်နာရန်မလိုချေ၊ မလိုက်နာခြင်းအားဖြင့် အဆိုပါ ဥပဒေ။ စည်းကမ်းများသည် စည်းနှောင်အားမဲ့သဖြင့် သာမန်စည်းကမ်းချက်လောက်ပင် တန်ဖိုးရှိနိုင်မည် မဟုတ်ချေ၊
တရားဥပဒေစိုးမိုးရေးကို ဖေါ်ညွှန်းစေသောအချက်များ
၁) ဥပဒေသည်သာ အကြီးမြင့်ဆုံးတန်ခိုးအာဏာဖြစ်သည် (The Supremacy of the Law)
နိုင်ငံတခုအတွင်း တရားဥပဒေသည် တန်ခိုးအာဏာအကြီးမြင့်ဆုံးနေရာ၌ ရှိရပေမည်။
မည်သူမဆို ဥပဒေကိုကျော်လွန် လုပ်ကိုင်ဆောင်ရွက်ခြင်းမှန်သမျှကို မည်သည့်ဥပဒေကမျှ ခွင့်ပြုမည်မဟုတ် ပေ၊ ဥပဒေအထက်၌ မည်သူမျှမရှိစေရဆိုသော သဘောဖြစ်သည်၊ ဥပဒေကိုပြုလုပ်ပြဌာန်းပြီးပါက ဥပဒေပြုသူ အပါအ၀င်။ နိုင်ငံသားအားလုံးက လေးစားလိုက်နာကြရမည်ဖြစ်သည်၊ အဆိုပါ ဥပဒေကိုချိုး ဖေါက်ပါက ဥပဒေ ကိုပြုသူပင်ဖြစ်စေ။ ဥပဒေကိုကိုင်တွယ်ကျင့်သုံးသော အစိုးရပင်ဖြစ်စေ ဥပဒေအရသတ်မှတ် ထားသည့်ပြစ်ဒဏ် ကို ကျခံရမည်ဖြစ်ပေသည်၊ ဤသည်မှာ တရားဥပဒေစိုးမိုးရေး၌ အဓိကနှင့်အခြေခံကျဆုံးသော မူတရပ်လည်း ဖြစ်ပေသည်၊ တရားဥပဒေစိုးမိုးမှုမရှိသောနိုင်ငံများတွင် အုပ်ချုပ်သောအာဏာရှင်များသည် တိုင်းသူပြည်သား များလိုက်နာရန်အတွက် ဥပဒေအမျိုးမျိုးထုတ်ပြန်၍ ကြီးလေးသောပြစ်ဒဏ်ကိုသတ်မှတ်ခါ ၎င်းတို့၏ဥပဒေ ချိုးဖေါက်သူများကို ရက်စက်စွာအပြစ်ပေးလေ့ရှိသည်။ သို့ရာတွင် ၎င်းတို့ကိုယ်တိုင်ကမူ ၎င်းတို့ပြဌာန်းထား သော ဥပဒေများကို လိုက်နာခြင်းမရှိကြပေ။ ၎င်းတို့မှာ အုပ်ချုပ်သူများဖြစ်၍ ဥပဒေများ၏အထက်တွင်ရှိသဖြင့် ဥပဒေများကိုလိုက်နာရန်မလိုဆိုသော အဓိပါယ်ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုး ဆိုက်ရောက်နေသော ကာလ။ ဒေသ။ အခြေအနေမျိုးဖြစ်ပါက အဆိုပါနိုင်ငံတနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုမရှိကြောင်းကို သိသာထင် ရှားစွာ တွေ့မြင်နိုင်မည်ဖြစ်ပေသည်၊ တရားဥပဒေစိုးမိုးမှုတွင် ဥပဒေသည်သာ အကြီးမြင့်ဆုံးနေရာ၌ ရှိရပေမည်၊ မည်သူမျှ ဥပဒေ၏အထက်တွင် မရှိစေရ၊ မည်မျှတန်ခိုးအာဏာရှိသော အုပ်ချုပ်သူပင်ဖြစ်စေ ဥပဒေကိုချိုးဖေါက် ပါက ဥပဒေအရသတ်မှတ်ထားသည့် ပြစ်ဒဏ်ကိုခံရမည်ဖြစ်သကဲ့သို့၊ သာမန်ပြည်သူတယောက်ပင်ဖြစ်စေ ဥပ ဒေကိုချိုးဖေါက်ခြင်းမရှိပါက မည်သူကမျှပြစ်ဒဏ်ပေး၍မရပေ၊
၂) ဥပဒေသည်တရားမျှတမှန်ကန်၍ သင့်မြတ်လျှော်ကန်မှုရှိရမည် (Just and Fair)
ဥပဒေသည် အားလုံး၏အထက်၌ အမြင့်ဆုံးနေရာနေရာတွင်ရှိသည့်တိုင် အုပ်ချုပ်သူအာဏာပိုင်များ၏ အ ကျိုးစီးပွားနှင့် အာဏာတည်မြဲရေးကိုသာရှေ့ရှုပြီး။ အများပြည်သူများအားဖိနှိပ်ချုပ်ချယ်သည့် ဥပဒေမျိုးဖြစ်ပါက အဆိုပါဥပဒေသည် တရားမျှတမှန်ကန်၍ သင့်မြတ်လျှော်ကန်မှုမရှိသည့် ဥပဒေသာလျှင်ဖြစ်ပေလိမ့်မည်၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေး၌ ဥပဒေသည် တရားမျှတမှန်ကန်မှုနှင့် သင့်မြတ်လျှော်ကန်မှု ရှိရန်လိုပေသည်၊ ရှေးခေတ်အယူအဆ၌ ပြင်းထန်၍ထိရောက်သော အပြစ်ဒဏ်များချမှတ်ခြင်းအားဖြင့် တရားဥပဒေအား မျှတမှု ရှိရန်ဖေါ်ဆောင်ခဲ့ကြသည်။ (၁၇) ရာစုအင်္ဂလန်ပြည်ပထမမြောက် အယ်လ်ဇဘက်ဘုရင်မကြီးလက်ထက် ဥပဒေများအရ ရာဇ၀တ်သားတို့အား ကြိုးမိန့်ပေးခြင်း။ ၀မ်းဗိုက်ဖောက်၍ အူများထုတ်ခြင်း။ အရှင်လတ်လတ် မီးရှို၍သတ်ခြင်းများပြုလုပ်ခဲ့သည်။ ၁၀ နှစ်သားကလေးငယ်တစ်ဦးအား စာတိုက်တွင်ပစ္စည်းခိုးမှုဖြင့်၊ ၁၃ နှစ် သာရှိသေးသည့်လူငယ်တစ်ဦးကို ဇွန်းတစ်ချောင်းခိုးမှုဖြင့် ကြိုးပေးသတ်ခြင်းမှာ မတရားမှုများကို တားဆီးနိုင် မည်ဟု သတ်မှတ်ခဲ့ကြသည်။ ပြင်ထန်ထိရောက်သောပြစ်ဒဏ်ချမှတ်ခြင်းဖြင့် ပြစ်မှုများ ဖြစ်ပွားမှုကို ဟန့်တား နိုင်မည်ဟု သုံးသပ်ခဲ့ခြင်းမှာ ယနေ့ခေတ်ကာလတွင် လက်ခံ၍ရမည်မဟုတ်တော့ချေ။ တရားဥပဒေဆိုသည်မှာ တရားမျှတမှုအပြင် ပတ်ဝန်းကျင်အခြေအနေနှင့်လိုက်လျှောညီထွေမှုရှိရမည်ဖြစ်သည်။ အကြောင်းမှာ တရား ဥပဒေသည် အမှန်တရားနှင့်သက်သာခွင့်ကို ရှာဖွေခြင်းဖြစ်သည်၊ တရားဥပဒေသည် ဂလဲ့စားချေခြင်းမဟုတ်၊ ပြစ်မှုဖြစ်ရသည့်အကြောင်းတရား။ ပြစ်မှုဖြစ်ရသည့်ရည်ရွယ်ချက် စသည်တို့ကိုစုပေါင်းသုံးသပ်ပြီးမှ ပြစ်မှုအရ ပြစ်ဒဏ် ကျခံသင့်မသင့် ဆုံးဖြတ်ခြင်းဖြင့် ဥပဒေသည်သင့်တင့်လျှောက်ပတ်မှု ရှိရန်လိုအပ်သည်။
အပြည်ပြည်ဆိုင်ရာနိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၏ အပိုဒ် (၇) ၌ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း။ ရက်စက်ကြမ်းကြုတ်သော။ လူမဆန်သော။ ဂုဏ်သရေပျက် စေသောဆက်ဆံမှုမျိုး။ သို့မဟုတ် အပြစ်ပေးမှုမျိုးမပြုလုပ်ရဟု ပြဌာန်းထားသည်၊ မြန်မာနိုင်ငံရှိ အချို့သော တရားဥပဒေများကိုလေ့လောကြည့်မည်ဆိုပါက တရားမျှတမှုနှင့် သင့်မြတ်လျှော်ကန်မှုမရှိသော ဥပဒေများကို စစ်အာဏာပိုင်များက ပြဌာန်းထားသည်ကိုတွေ့ရမည်ဖြစ်သည်။ ထို့ပြင်စစ်အာဏာပိုင်များသည် ဥပဒေကို ဂလဲ့စားချေရေးလက်နက်သဖွယ် အသုံးပြု၍ မတန်တဆအပြစ်ဒဏ်များသတ်မှတ်၍ ကျခံစေခဲ့ခြင်းမှာ တရား ဥပဒေစိုးမိုးမှုမရှိခြင်း၏ ပြယုဂ်ပင်ဖြစ်ပေသည်၊
၃) ဥပဒေသည် နောက်ကြောင်းပြန်၍ အကျိုးသက်ရောက်ခွင့်မရှိစေရ (No Retroactive Justice)
၎) ဥပဒေရှေ့မှောက့် တူညီသောအခွင့်အရေးရှိသည် (Equality before the Law)
၅) တရားမျှတမှုသည် အလိုအလျှောက်ပြီးပြည့်စုံခြင်းရှိရမည် (Justice must be an end in itself )
၆) လွတ်လပ်သော တရားစီရင်မှုဖြစ်ရမည် (An Independent judiciary)
၇) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖေါ်ပြထားသည့် လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ချိးဖောက် ခွင့်မရှိစေရ ( Not violate the liberties and rights enshrined in the constitution )
၈) ဥပဒေတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ တရားမျှတကိုက်ညီခြင်းရှိမရှိ သုံးသပ်ခြင်းကိုခံရမည် (All laws are subject to judicial review)
၉) တရားရုံးများသိုဏ္ဍ ဥပဒေအရအယူခံပိုင်ခွင့်ရှိရမည် (effective provisions for appeal or recourse to a court of law must exist)
၁၀) ဥပဒေသည်ရှင်းလင်းတိကျ၍ လွယ်ကူစွာနားလည်သဘောပေါက်စေရမည် ( The law cannot be supreme if it is unclear or not know )
၁၁) အစိုးရဌာနဆိုင်ရာအဖွဲဏ္ဍအစည်းများသည် ဥပဒေခွင့်ပြုချက်ဘောင်အတွင်း၌သာ လုပ်ကိုင်ဆောင်ရွက် ခွင့်ရှိသည် (Agencies of the government can only work within their legal mandate)
၁၂) လွတ်လပ်သောဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများကို ဥပဒေအရအာမခံချက်ပေးရမည် (Free and democratic elections are guaranteed by law )
မြန်မာနိုင်ငံရှေ့နေများကောင်စီ
Information shared by Mr. Myat Ko Ko
Lwin Pwin
0 comments:
Post a Comment