“လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်သည် လွတ်လပ်ခြင်းအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် အတွေးအခေါ် အယူအဆများ ပျံ့နှံ့စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်”

ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးမှုဖြင့် ဒါရိုက်တာ မောင်သူရ(ခ)ဇာဂနာနှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့စီစဉ်သော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival) ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ ဒါရိုက်တာမောင်သူရ(ခ)ဇာဂနာက ပြောသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဇာတ်လမ်းတိုနှင့် မှတ်တမ်းရုပ်ရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီးဦး အောင်ကြည်နှင့် အောက်တို ဘာလ ၃၀ ရက် မွန်းလွဲပိုင်းက လေးကြိမ်မြောက်တွေ့ဆုံခဲ့ရာ အဆိုပါ ရုပ်ရှင်ပွဲတော်နှင့်ပတ်သက်၍ ပြောကြားခဲ့ကြောင်း ဇာဂနာကတစ်ဆင့်ပြန် ပြောသည်။ “ဒီပွဲကျင်းပခွင့်ရဖို့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင် ခွင့်တောင်းထားတယ်။ ဦးအောင်ကြည်နဲ့ မနေ့ကတွေ့တုန်းကလည်း ပြောပြခဲ့ပါတယ်”ဟု ဇာဂနာကပြောသည်။
ယခုရုပ်ရှင်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်ဇာတ်ကားများကို ဒီဇင်ဘာလ ၂၀ ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး ပြည်ပရောက်မြန်မာများ ပေးပို့လာသည့် ဇာတ်ကားများကိုလည်း ပြိုင်ပွဲအတွင်း ထည့်သွင်းစဉ်းစားမည်ဟု သိရသည်။ လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်သည် လွတ်လပ်ခြင်းအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် အတွေးအခေါ် အယူအဆများ ပျံ့နှံ့စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
ရိုက်ကူးသူတစ်ဦးချင်း၏ လွတ်လပ်ခြင်းအနှစ်သာရအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်သွားမည်ဖြစ်ပြီး အကဲဖြတ်အဖွဲ့ဝင်များမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဒါရိုက်တာ မောင်သူရ(ခ) ဇာဂနာနှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး တို့ဖြစ်သည်။
ယင်းပြိုင်ပွဲသို့ ပြည်တွင်း ပြည်ပမှ မည်သည့်အသက်အရွယ် အပိုင်းအခြားမဆို ယှဉ်ပြိုင်နိုင်ပြီး အတိုဆုံး နှစ်မိနစ်မှ အရှည်ဆုံး မိနစ်သုံးဆယ်ကြာ ရုပ်ရှင်ဇာတ်လမ်းတိုနှင့် မှတ်တမ်းရုပ်ရှင်များကို ဒီဗီဒီဗားရှင်းဖြင့် နှစ်ခွေပေးပို့နိုင်ပြီး ရွှေအမြုတေ မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်တိုက်သို့ ပေးပို့ရမည် ဖြစ်သည်။ ဆုများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှင့်မည်ဖြစ်ပြီး ဆုရသူများကို အမေရိကန်နိုင်ငံ နယူးယောက်ရှိ New York Institute ၏ ကမ်းလှမ်းချက်အရ အဆိုပါတက္ကသိုလ်တွင် ရုပ်ရှင်သင်တန်းသုံးလ ဆည်းပူးခွင့်ရမည် ဖြစ်သည်။
ယခုပြိုင်ပွဲအတွက် အသေးစိတ်အချက်အလက်ကို zaganar.2011@gmail.com နှင့် minhtinkokogyi@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ရုပ်ရှင်ပွဲတော်ကို ဒီဇင်ဘာလ ၃၁ ရက်တွင် ဖွင့်ပွဲကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲကာလ လေးရက်အတွင်း ဇာတ်ကားများကို တော်ဝင်စင်တာရှိ ရုပ်ရှင်ရုံနှစ်ရုံတွင် ပြသရန်စီစဉ်ထား ကြောင်း ဇာဂနာကပြောသည်။

Lwin Pwin

0 comments:

Post a Comment