အာရှ-ပစိဖိတ် ဒေသအား အဓိက အာရုံစိုက်တော့မည့် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ၌ အင်အားကြီးတစ်ခု ဖြစ်ထွန်းရန် အခွင့်အရေး ရှိနေကြောင်း နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ လာရောက်သော မြန်မာနိုင်ငံ ခရီးစဉ်ကာလအတွင်း ပြောဆိုခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ အပြောင်းအလဲများသည် မည်သည့်အခါမျှ နောက်ပြန်လှည့်မည်မဟုတ်ကြောင်း ဟီလာရီကလင်တန်နှင့် တွေ့ဆုံစဉ်အချိန်တွင် ကတိပြုပြောဆိုခဲ့ပါသည်။
''တစ်ချိန်က မြန်မာနိုင်ငံဟာ ဒေသရဲ့စပါးကျီတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ အချိန်မှာ တခြားနိုင်ငံတွေက ဖြတ်ကျော်သွားပြီးတော့ အရှေ့အာရှဒေသမှာ အင်အားကြီးမားတဲ့နိုင်ငံတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့်မို့လို့ မြန်မာအစိုးရအတွက် အရေးကြီးတဲ့မေးခွန်း ရှိလာပါတယ်။ အခုချိန်မှာ အရေးကြီးတာက အမေရိကန် ဒါမှမဟုတ် တခြားနိုင်ငံတစ်ခုခုနဲ့ ဆက်ဆံရေး မဟုတ်ပါဘူး။ မြန်မာခေါင်းဆောင်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့မွေးရာပါအခွင့်အရေးကို နိုင်ငံသားတွေ ခံစားနိုင်ဖို့အတွက် ယုံကြည်ချက်ခိုင်မာစွာနဲ့ ဆောင်ရွက်မလားဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။ ဒီလိုလုပ်မှလည်း ၂၁ရာစု ရဲ့ အာရှ - ပစိဖိတ်ဒေသမှာ အင်အားကြီးအဖြစ် ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေကြားရာမှာ ဘယ်လိုထွက်လာမလဲဆို တာတော့ မသိပါဘူး။ အပြုသဘောဆောင် ဖြေကြားမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှုတွေဟာ အကန့်အသတ်မရှိ ဖြစ်လာမှာပါ''ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ရာတွင် နိုင်ငံတော်သမ္မတက ''မိုးရွာတုန်း ရေခံ'' ဟူသည့် မြန်မာစကားပုံကို ပြောဆိုခဲ့ကြောင်း၊ မြန်မာခေါင်းဆောင်များရယူခဲ့သည့် ခြေလှမ်းမှာ နောက်ပြန်ဆုတ် မရသည့် ခြေလှမ်း ဖြစ်သည် မဖြစ်သည်ဆိုခြင်းကို မြန်မာခေါင်းဆောင်များက ဖြေဆိုရမည်ဖြစ်ကြောင်း ဟီလာရီကလင်တန်က ဆက်လက်ပြောကြားခဲ့သည်။
''မြန်မာသမ္မတနဲ့ တွေ့တုန်းက မိုးရွာတုန်းရေခံ (When it rains, collect water) ဆိုတဲ့ မြန်မာစကားပုံကို သူပြောခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ မသိပါဘူး။ ဒီမိုကရေစီကို သွားရာလမ်းကြောင်းအတွက် ခေါင်းဆောင်တွေ ယူတဲ့ ခြေလှမ်းတွေဟာ နောက်ပြန်ဆုတ်လို့မရတဲ့ ခြေလှမ်းတွေလား၊ စီးပွားရေးကို ဖွင့်ပေးတာက အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေလား။ ဒီမေးခွန်းတွေဟာ ကျွန်မဖြေဖို့မဟုတ်ပါဘူး။ ဒီမေးခွန်းတွေကို ဖြေရမယ့် သူတွေက နိုင်ငံသားတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်း ဆောင်တွေဖြစ်ပါတယ်''ဟု ဟီလာရီကလင်တန်က ဆက်လက်ပြောကြားခဲ့ပါသည်။
ဒီမိုကရေစီ အပြောင်းအလဲအတွက် မြန်မာခေါင်းဆောင်များ ရယူခဲ့သည့်ခြေလှမ်းမှာ နောက်ပြန်ဆုတ် ရ၊ မရဆိုသည်ကို ဟီလာရီကလင်တန်က မေးခွန်းထုတ်ခဲ့သော်လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ အပြောင်းအလဲ များသည် မည်သည့်အခါမျှ နောက်ပြန်လှည့်မည်မဟုတ်ကြောင်း ဟီလာရီကလင်တန်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် အစိုးရအဖွဲ့သစ်အနေဖြင့် ဒီမိုကရေစီ ရှင်သန်ထွန်းကားစေမည့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည့်အပြင် ယနေ့ဆောင်ရွက်ချက်များအပေါ် ပြည်တွင်းပြည်ပထောက်ခံမှုများ ရရှိနေပြီဖြစ်သည့် မိမိတို့အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် မရှိပါကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
နေပြည်တော် သတင်းစာရှင်း လင်းပွဲ၌ ဟီလာရီကလင်တန်က သတင်းထောက်များကို ပြောကြားခဲ့ရာ၌၊ မြန်မာခေါင်းဆောင်များ၏ ခြေလှမ်းသည် သန်းပေါင်း ၆၀ နီးပါး ရှိသော မြန်မာနိုင်ငံသားများ၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
________________________________________
နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေး အပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲတွေကို အကောင်အထည်ဖော်နိုင်ရင် အင်ဒိုနီးရှားနိုင်ငံလို ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ၁၅ နှစ်အတွင်း ရောက်ရှိလာနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့က တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အများကြီး နောက်ကျကျန်နေခဲ့လို့ တစ်လှမ်းချင်း သွားလို့တော့မရဘူး။ သူများတစ်လှမ်းလှမ်းရင် ကိုယ်က ဆယ့်လေး ငါးလှမ်းလောက် သွားမှရမယ်
________________________________________
''မြန်မာခေါင်းဆောင်တွေရဲ့ ခြေလှမ်းဟာ သန်းပေါင်း ၆၀ နီးပါးရှိတဲ့ မြန်မာနိုင်ငံသားတွေ လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ နေထိုင်ကြဖို့ အခွင့်အလမ်းဖြစ်ပါတယ်။ သမ္မတအိုဘားမားက မြန်မာနိုင်ငံမှာ မှိန်ပျပျတိုးတက်မှုတွေ တွေ့ရှိရပြီလို့ ပြောခဲ့ ပါတယ်။ သမိုင်းကြောင်းအရတော့ မှိန်ပျပျအလင်းရောင်တွေဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီမှိန်ပျပျ အလင်းရောင်တွေဟာ ပိုကောင်းတဲ့ အနာဂတ်ကို လမ်းပြနိုင်မယ့် လွတ်လပ်မှု မီးတောက် အဖြစ် ထတောက်နိုင်ဖို့ဆိုတာ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေအပေါ်မှာ မူတည်တာ ဖြစ်ပါတယ်။ မြန်မာသမ္မတကို ပြောခဲ့တဲ့အတိုင်းပါပဲ။ မြန်မာအနေနဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်း ဖို့ ရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင် အမေရိကန်အနေနဲ့ မြန်မာနဲ့အတူ ပြုပြင်ပြောင်းလဲ ရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့ ပြင်ဆင်ထားပါတယ်'' ဟု ဟီလာရီကလင်တန်က ပြောကြားခဲ့ပါသည်။ ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်သည် သမိုင်းတွင်မည့် ခရီးစဉ်ဖြစ်ခဲ့သည့်နည်းတူ အဆိုပါခရီးစဉ်မှတစ်ဆင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ၊ အထူးသဖြင့် မြန်မာပြည်သူများအတွက် အကျိုးရှိသော ခရီးစဉ်တစ်ခုအဖြစ်လည်း အများစု က ရှုမြင်ခဲ့ကြပါသည်။
ယင်းကဲ့သို့ အကျိုးရှိသော ခရီးစဉ်တစ်ခုဖြစ်ကြောင်း အများစုက ရှုမြင်ခဲ့ကြောင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဟီလာရီကလင်တန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။ ''ခရီးစဉ်ကို ကမ္ဘာက စောင့်ကြည့်နေတယ်လို့ ထင်ပါတယ်။ မြန်မာပြည်သူများကလည်း ၀မ်းသာလှိုက်လှဲစွာ ကြိုဆိုကြပြီး အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာလျှင် မြန်မာနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သာမက အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအတွက်ပါ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ယခုထက်ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ မိမိတို့အပါအ၀င် အများကယူဆနေကြပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဟီလာရီကလင်တန်နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဟီလာရီကလင်တန်၏ ခရီးစဉ်မှာ အကျိုးရှိသောခရီးစဉ်တစ်ခုဖြစ်ပြီး ခရီးစဉ်မှတစ်ဆင့် မြန်မာ - အမေရိကန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုများ ပိုမိုဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
''ကျွန်မတို့အနေနဲ့ မျှော်လင့်လို့ရတာကတော့ အခုချိန်ကစပြီး နှစ်နိုင်ငံအကြား လွတ်လပ်ရေးရပြီးချိန်ကတည်းက ရှိနေခဲ့တဲ့ ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုတွေကို အသစ်ပြန်လည်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၀န်ကြီး ဟီလာရီ ကလင်တန်အနေနဲ့ နေပြည်တော်မှာ ဆွေးနွေးပွဲရလဒ်ကောင်းတွေ ရရှိခဲ့အတွက် ကျွန်မတို့အနေနဲ့ အလွန်ဝမ်းသာပါတယ်။ နောက်ပြီး အမေရိကန်ပြည်ထောင်စုက ကျွန်မတို့နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ပုံစံကိုလည်း ကျေနပ်မိပါတယ်။ ဒီလို ထိတွေ့ ဆက်ဆံမှုကတစ်ဆင့် ဒီမိုကရေစီ ဖြစ်ထွန်းရေးလမ်းကြောင်း တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာ - အမေရိကန် ထိတွေ့ဆက်ဆံမှုကို ကြိုဆိုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာကို ဒီမနက် မှာ ဖတ်ရတဲ့အတွက်လည်း ကျွန်မအနေနဲ့ ၀မ်းသာမိပါတယ်။ ဒါဟာ ဘာကိုပြနေသလဲဆိုတာကတော့ ကျွန်မတို့ကို တစ်ကမ္ဘာလုံးက ထောက်ခံနေတယ်ဆိုတာပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။
''ကလင်တန်လာတဲ့အပေါ် အစပိုင်းကတော့ cautiously welcome ပါ။ လွှတ်သင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေက မလွှတ်သေးဘူး။ နိုင်ငံရေးရေချိန်အရလည်း အပြောင်းအလဲဖြစ်စဉ်တွေ နှေးသွားတယ်။ ဒီအချိန်မျိုးမှာ ကလင်တန်ရောက်လာတော့ ကျွန်တော်စိုးရိမ်ပါတယ်။ ဒါပေမယ့် ကလင်တန်ဟာ သံတမန်ခင်း အရမ်းကျွမ်းကျင်ပြီး မြန်မာခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံသားတွေရဲ့ အကြောင်းကို ကျွန်တော်တို့ထင်တာထက် ပိုသိနေ ပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာပြည်သူတွေရော၊ မြန်မာနိုင်ငံအတွက်ရော အကျိုးရှိစေခဲ့တဲ့ သမိုင်းဝင်ခရီးစဉ် ဖြစ်ခဲ့ပါတယ်။ အစိုးရရော၊ ပြည်သူတွေပါ ဒီခရီးစဉ်ကနေ အကျိုးအမြတ် ထုတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ အစိုးရအနေနဲ့လည်း ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအ ကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေး အပြောင်းအလဲတွေကို အကောင်အထည်ဖော်နိုင်ရင် အင်ဒိုနီးရှားနိုင်ငံလို ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ၁၅ နှစ်အတွင်း ရောက်ရှိလာနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ က တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အများကြီး နောက်ကျကျန်နေခဲ့လို တစ်လှမ်းချင်း သွားလို့တော့ မရဘူး။ သူများ တစ်လှမ်း လှမ်းရင် ကိုယ်က ဆယ့်လေးငါးလှမ်းလောက် သွားမှရမယ်''ဟု ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့သည်။
ဟီလာရီကလင်တန်၏ ယခုခရီးစဉ်အပေါ် ပြည်သူလူထုက ထူးထူးခြားခြား မျှော်လင့်ချက်များ ရှိခဲ့သည့်အတွက် အဆိုပါမျှော်လင့်ချက်များ လက်တွေ့အကောင်အထည်ပေါ်ရန် လိုအပ်ကြောင်းနှင့် လက်တွေ့ဖြစ်မလာပါက ပြည်သူလူထုအနေ ဖြင့် စိတ်ပျက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက သုံးသပ်ပါသည်။
''လူတွေကတော့ ထူးထူးခြားခြား ဒီခရီးစဉ်အပေါ်မှာ မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ကြပါတယ်။ မျော်လင့်ချက်တွေ ထားလွန်းရင် မျှော်လင့်သလို ဖြစ်မလာတာတွေ ရှိရင် စိတ်ပျက်လက်ပျက် ဖြစ်သွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်တွေ့မပါသေးလို့ ဖြစ်ပါတယ်။ အမေရိကန်က ကူညီမယ်ဆိုတာရော၊ ဒီအစိုးရက လုပ်ဆောင်မယ်ဆိုတာတွေဟာ ပါးစပ်ပြောပဲ ရှိပါသေးတယ်။ ပြည်သူလူထုတွေအတွက် ကောင်းကျိုးရစေမယ့် အပြောင်းအလဲတွေ မတွေ့ရသေးပါဘူး။ အခုဆိုရင်ပဲ မီးရထားခ၊ ကားခ၊ စာပို့ခတွေ တက်နေပါတယ်။ ပြည်သူလူထုအတွက် ပါးစပ်နဲ့မဟုတ်ဘဲ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ အမြန်ဆုံးဖြစ်လာဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ကိစ္စမှာလည်း ဇာဂနာ ထောင်ကလွတ်တုန်းက ပြောခဲ့သလို ဆိုမာလီမှာ အဖမ်းခံရသလိုဖြစ်နေတယ် ဆိုတာပါပဲ။ နိုင်ငံရေးအရ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးကစားပွဲတစ်ခုမှာ ဖဲတစ်ချပ်လို အသုံးပြုနေတာတွေကို နှစ်ဖက်စလုံးက မလုပ်သင့်တော့ပါဘူး။ လက်တွေ့ လွှတ်ပေးလိုက်ပါ''ဟု ဆရာ ဦးစိန်ဝင်းက ပြောကြားခဲ့သည်။
''နှစ် ၅၀ကျော်အတွင်းမှာ ပထမဆုံးလာတဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုတော့ နိုင်ငံတော်သမ္မတနဲ့လည်း တွေ့တယ်။ ကတိက၀တ်တွေ ပြောကြားတယ်။ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ လည်းတွေ့တယ်။ ကတိက၀တ်တွေ ပြောကြား မှာပေါ့။ အဓိကကတော့ နောက်ကြောင်းပြန်မလှည့်ဘူးဆိုတဲ့ ကတိက၀တ်ပေါ့။ ပြောတဲ့သူဘက်ကလည်း တည်ဖို့လိုတာပေါ့။ တည်အောင်လည်း ကြိုးစားပေးဖို့ လိုပါမယ်။ ကျွန်တော်တို့ ပြည်သူတွေ ဘက်ကတော့ အမေရိကန်နဲ့ ချစ်ကြည်ရေးကို လိုလားပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကလည်း ပြောပါတယ်။ နောက်ပြီး နောက်ပြန်မလှည့်အောင် မောင်းနှင်ပေးကြရမှာပေါ့။ ပေးထားကြတဲ့ ကတိတွေကို ထိန်းဖို့ လိုတာပေါ့'' ဟု အမျိုးသားလွှတ်တော်မှ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။
Lwin Pwin

0 comments:

Post a Comment