LATEST TODAY BREAKING NEWS
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန့် ကြော်ငြာစာ အမှတ် ၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့် ဇန်န၀ါရီလ ၂ ရက်၊ ရန်ကုန်မြို့။

ယနေ့ ညနေ(၂.၁.၂၀၁၂) (၄)နာရီ (၂၀)ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သတ်သော ကြားဖြတ်သတင်း(Breaking news)အား MRTV-4 ရုပ်သံလိုင်းမှ ထုတ်ပြန်ကြေငြာသွားခဲ့ကြောင်း သိရသည်။
အဆိုပါကြော်ငြာချက်တွင် `၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန့် ကြော်ငြာစာ အမှတ် ၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ
(က) သေဒဏ်ချမှတ်ပေးခြင်း ခံရသူများအတွက် ထောင်ဒဏ်တစ်သက် နှစ်အကန့်အသတ်မရှိသို့ ပြောင်းလဲကျခံစေရန်လည်းကောင်း။ (ခ) ထောင်ဒဏ် နှစ် ၃၀ အထက်၊ နှစ်အကန့်အသတ်မရှိနှင့် (ထောင်ဒဏ်တစ်သက်ကျခံနေရသည့် အကျဉ်းသားများမပါ)အား ထောင်ဒဏ်နှစ်(၃၀)သို့ လျော့ပေါ့ ကျခံစေရန်လည်းကောင်း
(ဂ) ထောင်ဒဏ်နှစ်(၂၀) အထက်မှ၊ ထောင်ဒဏ်နှစ်(၃၀)အထိ ကျခံနေရသည့် အကျဉ်းသားများအား ထောင်ဒဏ်နှစ်(၂၀)သို့လျော့ပေါ့ကျခံစေရန်လည်းကောင်း
(ဃ) ထောင်ဒဏ်နှစ်(၂၀)အောက် ကျခံနေရသည့် အကျဥးသားများအား ယင်းတို့ကျခံနေသော ထောင်ဒဏ်၏ လေးပုံ တစ်ပုံအား လျော့ပေါ့ကျခံစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်´ဟု ဖော်ပြပါရှိကြောင်း တွေ့ရသည်။

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန့် ကြော်ငြာစာ အမှတ် ၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့် အပေါ် နိုင်ငံရေးအကျဉ်းသား ဟောင်းများအမြင်ကို ဖော်ပြပေးလိုက်ပါသည်။
၈၈မျိုးဆက်ကျောင်းသားကိုကိုကြီး (စမ်းချောင်း)
ကိုကိုကြီး (စမ်းချောင်း)က သူ့အနေဖြင့် ယခု ကြေငြာချက်အား အံ့သြမိကြောင်း ၊သူ့အနေနှင့်၂၀၁၂ တွင် အများကြီးမျှော်လင့်ထားကြောင်း ပြောင်းလဲလိမ့်မည်ဟုလည်း ယူဆထားခဲ့ကြောင်း ယခုကြေငြာချက် အရ နှစ်အနည်းငယ်ကျခံနေရသူများသာ လွတ်မြောက်နိုင်ကြောင်း ပြောသည်။
` ကျနော်ကတော့ အညာခံရတယ်လို့ပဲ စိတ်ထဲမှာ ခံစားရတယ်ဗျာ။ ကျွန်တော်တင်မဟုတ်ဘူး၊ တစ်နိုင်ငံလုံးလဲ မဟုတ်ဘူး၊ ကမ္ဘာကြီးတောင်အညာခံရတယ်လို့ ယူဆတယ်ဗျာ။ ဟီလာရီကလင်တန်လဲ မတတ်နိုင်ဘူးလို့ ယူဆတာပေါ့ဗျာ။ မဖြစ်သင့်ပါဘူးဗျာ ´ ဟု ၎င်းကပြောသည်။ကိုကိုကြီးစမ်းချောင်းသည်အောက်တိုဘာ၁၂ရက်နေ့၂၀၁၁ခုနှစ်တွင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သည်။

ဇေယျာသော်( GW)
ယခုကြေငြာသွားသောသတင်းအရ GW( Generation Wave)မှအဖွဲ့ဝင်များ ပါရှိသေးမည် မဟုတ်သေးကြောင်း မိမိတို့အဖွဲ့တွင် အများစုမှာ နှစ်ကြီးသမားများကြောင်း GW အဖွဲ့ဝင် ဇေယျာသော် ကပြောသည်။`ကျနော်တို့အဖွဲ့က လူတွေက နှစ်ကြီးသမားတွေပါ။ သူတို့ကို စာရင်းပြန်ပြုစုရဦးမယ် ဆိုတော့ ဘယ်သူတွေ ပါမလဲ ဆိုတာ ပြောနိုင်မယ်။စာရင်းပြုစုရင်လည်း ကျနော်တို့အဖွဲ့တခုတည်းကိုပဲပြုစုမှာ မဟုတ်ဘူး။ အားလုံးကို စာရင်းလုပ်မှာပါ`

ချစ်ကိုလင်း(၈၈ မျိုးဆက်ကျောင်းသား)
`ဒီသတင်းက ထောင်ထဲမှာ တစ်ရက် တစ်မနက်နေနေရတဲ့ သူတွေအတွက်တော့ ၀မ်းသာစရာပါ။ အမိန့်နဲ့ ပတ်သတ်လို့ သဘာဝမကျဘူး။ သူတို့ကို ချွင်းချက်မရှိ မလွှတ်ပေးသေးတဲ့အတွက် အများကြီးစိတ်မကောင်း ဖြစ်မိပါတယ် ´ ဟု ကပြောသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသူများအတွက် ထိုကဲ့သို့ အမိန့်မျိုးနှင့် ဘယ်လိုမှ အကျုံးမ၀င်ကြောင်း လွတ်မြောက်နိုင်စရာ မရှိသေးကြောင်း ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးလုပ်ကိုင်နေကြသူများအဖို့ ယခုလိုအခြေအနေမျိုးတွင် အသုံးချသင့်ကြောင်း မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုချစ်ကိုလင်း ကပြောသည်။
ကိုချစ်ကိုလင်းသည် အောက်တိုဘာ ၁၂ ရက်နေ့၊ ၂၀၁၁ ခုနှစ်တွင် ပခုက္ကူထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်မြောက်လာသူဖြစ်ပြီး။ သူ၏ ဇနီးသည် မသက်သက်အောင်မှာလည်း ၈၈ မျိုးဆက်ကျောင်းသူဖြစ်ပြီး မြင်ခြံအကျဉ်းထောင်တွေ ထောင်ဒဏ် ၆၅ နှစ် ကျလျက်ရှိကြောင်း သိရှိရသည်။
Lwin Pwin

0 comments:

Post a Comment