National League for Democracy
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၂ ဖေဖော်ဝါရီ ၂၆ ရက်နေ့က သုံးခွမြို့နယ်တွင် ဟောပြောပွဲပြုလုပ်စဉ်။

သုံးခွမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်
NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို ဒီကနေ့ညနေ (၆)နာရီလောက် ရောက်ရှိသွားပြီး သုံးခွမြို့နယ်မှာ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင်အတွက် မဲဆွယ်စည်းရုံး ဟောပြောခဲ့ကြောင်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၂ ဖေဖော်ဝါရီ ၂၆ ရက်နေ့က သုံးခွမြို့နယ်တွင် ဟောပြောပွဲပြုလုပ်စဉ်။
အဲဒီလိုပြောဆိုရာမှာ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို အပြည့်အဝအလေးထားဖို့လိုကြောင်း ဒီအခွင့်အရေးဟာ ရှားပါးတဲ့အခွင့်အရေးဖြစ်တာကြောင်း ၊ မိမိတို့ရဲ့ မဲတပြားကို အလဟဿ မဖြစ်စေလိုကြောင်း လာမယ့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဟာ(၄၈)နေရာသာ ရှိတယ်ဆိုပေမယ့်အရေးကြီးကြောင်း၊ NLDပါတီအနေနဲ့လဲ ပြည်သူတွေ အကျိုးကို ထမ်းဆောင်ခွင့်ရဖို့ နေရာအားလုံးမှာ အနိုင်ရရေးကြိုးပမ်းသွားမှာဖြစ်ကြောင်း
ဒါ့အပြင် သုံးခွမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အခြားပါတီ(၃)ခုရှိပြီး ပါတီတခုခုက ခြိမ်းခြောက်တာဖြစ်ဖြစ် မဲဆွယ်တာပဲ ဖြစ်ဖြစ် ရှိလာရင် အကြောက်တရား မထားကြဖို့လည်း မှာကြားကြောင်း
သုံးခွမြို့နယ်မှာ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင်ဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ NLD ပါတီ အတွင်းရေးမှူးတဦးဖြစ်သူ ဦးလွင်ရဲ့သမီးဖြစ်ပြီး ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်ကြောင်းသိရသည်။
နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည်
NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတို့ကို မတ်လ ၃ ရက်နေ့မှာ ပါတီစည်းရုံးရေးခရီးစဉ် စတင်မယ်လို့ NLD ပါတီက ထုတ်ဖေါ်ပြောဆိုကြောင်းဒီခရီးစဉ်နဲ့ပတ်သက်ပြီး စောစောပိုင်းက မန္တလေးမြို့မှာ လူထုဟောပြောပွဲပြုလုပ်မယ့် ကွင်းနေရာ မသေချာသေးတာကြောင့် အစီအစဉ်အတိအကျ မရေးဆွဲသေးတာဖြစ်တယ်လို့ NLD ပါတီက ပြောကြောင်း အခုအခါ အာဏာပိုင်တွေက မန္တလေးမှာ ဟောပြောပွဲလုပ်မဲ့ကွင်းအတွက် ခွင့်ပြုလိုက်တာကြောင့် မန္တလေးမြို့ကို မတ်လ ၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြောင်းဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မတ်လ ၃ ရက်နေ့စတင်ပြီး မတ်လ ၅ ရက်နေ့ နေပြည်တော်မှာ ပါတီစည်းရုံးရေးပြုလုပ်ပြီးနောက် ရန်ကုန်ကို ပြန်လည်ထွက်ခွာမယ်လို့ ဦးအုန်းကြိုင်က ပြော ကြောင်းသိရသည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ရမည်းသင်း၊မြင်းခြံ လှည့်လည်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ ဒီကနေ့ ရမည်းသင်းနဲ့ မြင်းခြံဘက်ကို ခရီးလှည့်လည်နေပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံသဘောတရားတွေကို လိုက်လံ ဆွေးနွေးနေကြောင်း ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက မန္တလေးကနေ ထွက်ခွါလာပြီး၊ ရမည်သင်းမြို့နယ် ရွှေဒါးရွာမှာ ရွှေည၀ါဆရာတော်ရဲ့ ဘုရားထီးတင်ပွဲကိုသွားရောက်အားပေးခဲ့ကြောင်းအဲဒီနောက် မြင်းခြံဘက်ကို ဆက်လက်ထွက်ခွါခဲ့ကြောင်းဒါ့အပြင် တောင်သာ၊ ပျော်ဘွယ် စတဲ့မြို့တွေကိုလည်း ၀င်ရောက်ပြီး မြို့ခံပြည်သူတွေ၊ ဒီမိုကရေစီလိုလား သူတွေနဲ့တွေ့ဆုံစကားပြောခဲ့ကြောင်း ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ မန္တလေးက နိုင်ငံရေး၊ လူမူရေးအဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး၊ လက်ရှိဖြစ်ပေါ်ပြောင်းလဲလာတဲ့ အခြေအနေအောက်မှာ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ကို ဘယ်လိုဝိုင်းဝန်း တည်ဆောက်သွားကြမလဲဆိုတဲ့ အခြေခံအယူအဆတွေကိုဆွေးနွေးသွားမယ်လို့ ကျောင်းသားခေါင်းဆောင်ကိုဂျင်မီက ရှင်းပြခဲ့ကြောင်းခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် စုစုပေါင်း ၃၁ ဦးလိုက်ပါသွားတယ်လို့ သိရပါတယ်။
တိုင်းဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့သူ အလုပ်သမားများ ခြိမ်းခြောက်ခံရ
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့တဲ့ ဇောတိကဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းက အလုပ်သမားတွေကို ရေဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး၊ လ၀ကဦးစီးမှူး၊ သမဝါယမဦးစီးမှူးတို့က မနေ့က လာရောက် စစ်ဆေးပြီး စာတင်တဲ့အလုပ်သမားတဦးချင်းစီကို လက်မှတ်ထိုးခိုင်းလို့ မကျေမနပ် ဖြစ်နေကြကြောင်းလာရောက်စစ်ဆေးခဲ့သူတွေဟာ အလုပ်သမားတွေကိုကိုယ်စားပြုတဲ့ ခေါင်းဆောင် ၆ ဦးနဲ့ တခြား အလုပ်သမား ၂၀ လောက်ကိုလဲ တဦးချင်းစီကို ခေါ်ယူစစ်ဆေးကြောင်း၊ ဝန်ကြီးချုပ်ဆီကို စာတင်တဲ့ထဲ ပါ မပါ ဆိုတာကို လက်မှတ်လဲ ထိုးခိုင်းခဲ့ကြောင်း။ အဲဒီလိုမေးမြန်းရာမှာလဲ လူအများရှေ့မေးတာမျိုးမဟုတ်ဘဲ တယောက်ချင်း သီးသန့်မေးမြန်းကြောင်း အလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုလွင်ညီညီရွှေက ပြောကြောင်း
"သူမေးတဲ့အချိန်မှာ ကျနော်တို့ ကန်ဘောက် ရယကရုံးက တာဝန်ရှိတဲ့သူတွေအကုန်လုံး အပြင်ထွက်ပေးဖို့ သူက ပြောတယ်။ ကျနော်တို့ ကိစ္စဖြေရှင်းပေးချင်တယ်ဆိုရင် PTT ရုံးမှာဖြေရှင်းပေးတာက ပိုပြီးသင့်လျှော် တယ်လို့ ထင်တာပေါ့ ... အခုဟာက အမှုစစ်သလိုမျိုးပေါ့နော် ... ရယက ရုံးခေါ်ပြီးတော့ တယောက်ချင်းစစ်တာ သိပ်ပြီး သဘာဝမကျဘူးပေါ့"
ရေဖြူမြို့နယ် ကန်ဘောက်ဒေသက ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ထိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ဗဏီတခုဖြစ်တဲ့ PTT ကုမ္ဗဏီက တာဝန်ယူလုပ်ကိုင်နေကြောင်းစီမံကိန်းအလုပ်သမား တွေကိုတော့ Asia Guiding Star Co.ltd က ရှာဖွေပေးခဲ့ကြောင်း
အလုပ်သမားတွေဟာ တနေ့ကို လုပ်အားခ ကျပ် ၄၀၀၀ သာရပြီး ကန်ဘောက်ဒေသက အခုစီမံကိန်းနှင့် လုပ်ငန်းတူ တခြားကုမ္ပဏီ နှစ်ခုဖြစ်တဲ့ TOTAL နှင့် PETRONAS ကုမ္ပဏီအလုပ်သမားတွေကတော့ နေ့စား လုပ်ခ အနိမ့်ဆုံး ၁၀၄၀၀ ကျပ်ရတာကြောင့် အလုပ်သမားတွေ လုပ်အားခတန်းတူရရှိရေး၊ ခွင့်ရက်၊ လုပ်ငန်းခွင်လုံခြုံရေးဝတ်စုံ၊ လုပ်ငန်းတွင်းသောက်သုံးရေရရှိရေး စတာတွေအတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ အလုပ်သမား ၄၁ ဦးက ပြီးခဲ့တဲ့အပတ်က စာရေးတောင်းဆိုထားကြောင်းလွန်ခဲ့တဲ့ ၂ ပတ်ကျော်ကလဲ အလုပ်သမားခံစားခွင့် များအတွက် ပိုက်လိုင်းစီမံကိန်းအလုပ်သမားတွေ ဆန္ဒပြခဲ့ကြကြောင်းသိရသည်။
လွတ်လပ်စွာ မဲပေးဖို့ သုံးခွလူထုကို ဒေါ်စု တိုက်တွန်း
သုံးခွမြို့နယ်ကို စည်းရုံးရေး ခရီးသွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် မဲပေးကြဖို့၊ ကိုယ့်စိတ်ကြိုက် အစိုးရကို ဖန်တီးနိုင်ခွင့်လည်း လက်ဝယ်ပိုင်ပိုင် ရယူကြဖို့ လူထုကို တိုက်တွန်းလိုက်ကြောင်းအားကစားကွင်းတွေမှာ မဲဆွယ်ခွင့် မရတဲ့ NLD ပါတီက သုံးခွ မဲဆွယ်ပွဲကို လယ်ကွင်းတွေထဲမှာ လုပ်ဆောင်ခဲ့ကြောင်း
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးခွမြို့ကို မဲဆွယ်စည်းရုံးရေး ခရီး သွားရောက်ပြီး သုံးခွမြို့ခံ လူထုနဲ့ တွေ့ဆုံပကြောင်းဒီမဲဆန္ဒနယ်မှာ NLD ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင် ကိုလည်း သုံးခွမြို့ခံ လူထုနဲ့ မိတ်ဆက်ခဲ့ကြောင်းNLD အနေနဲ့ ဆင်းရဲမွဲတေမှုကို လူထုနဲ့အတူ ပူးပေါင်း တိုက်ဖျက်သွားမယ်၊ ပညာရေး ကဏ္ဍကိုလည်း မြှင့်တင်ချင်တယ်၊ ဒါပေမဲ့လို့လည်း လူထုက ပူးပေါင်းပါဝင်မှ ဖြစ်ထွန်းလာမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်းဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ တက်တက်ကြွကြွ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးလည်း အခုလို ပြောဆိုကြောင်း
“အားလုံးက တက်ပြီးတော့ အစိုးရ လုပ်နိုင်လားဆိုတော့ မလုပ်နိုင်ဘူး။ ဒါကြောင့်မိုလို့ ကျမတို့ ရွေးကောက်ပွဲတွေ လုပ်တာပေါ့။ အဲဒီတော့ ပြည်သူတွေ အနေနဲ့ ကိုယ် လိုချင်တဲ့အစိုးရမျိုးကို ကိုယ်တင်မြှောက်နိုင်အောင်လို့ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ဒါကြောင့်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ အခု ဒီကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ကျမတို့ လာကြတယ်။ ကြားဖြတ် ရွေးကောက်ပွဲဟာ တကယ်တော့ နေရာ ၄၈ နေရာပဲ ရှိပါတယ်။ ဒီ နေရာ ၄၈ နေရာအတွက်ကို ဘာဖြစ်လို့ ဒီလောက်တောင်မှ ကျမတို့ကနေပြီးတော့ ဇွဲလုံ့လ ၀ီရိယ စိုက်ပြီးတော့ မဲတွေရအောင် ကြိုးစားနေလဲ ဆိုတော့ အကြောင်းက နှစ်ကြောင်း ရှိပါတယ်။ တစ်ကြောင်းကတော့ ကျမတို့ မြန်မာတွေ အများသိတဲ့ အပြောလိုပေါ့နော်၊ အဆိုရှိတယ်မဟုတ်လား၊ ကေသရာဇာ ခြင်္သေ့မင်းဆိုတာ သားကောင်း အကြီးကြီးပဲဖြစ်စေ၊ အငယ်လေးပဲဖြစ်စေ တူသော လုံ့လ ၀ီရိယနဲ့ လိုက်တယ်ဆိုတာ ဒီအတိုင်းပါပဲ။ ကျမတို့ဟာ ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်ပြီးမှ ရွေးကောက်ပွဲ အကြီးကြီးပဲ ဖြစ်ဖြစ်၊ အသေးလေးပဲဖြစ်ဖြစ် ကျမတို့ နိုင်အောင်လို့ ၀င်မှာဖြစ်ပါတယ်။”
ဒီခရီးစဉ်မှာ လမ်းတလျှောက်က ဒေသခံ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်းဘေးကနေ အတူ လိုက်ပါခဲ့ပြီး ဒေသခံ အာဏာပိုင်တွေက လုံခြုံရေး တာဝန်ယူပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောကြောင်း
“သွားတဲ့နေရာတွေကလည်း ဆင်းရဲကြတာကိုး။ ဆင်းရဲကြတဲ့အခါကျတော့ ပြောတိုင်းပြောတိုင်းလည်း အဲဒီ ဆင်းရဲတဲ့ဟာ ပပျောက်ဖို့အတွက် လုပ်ရမယ့်အလုပ်တွေပေါ့။ အဲဒီတော့ လုပ်တယ်ဆိုတာ၊ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကလည်း နတ်ဒေ၀တာ မဟုတ်တဲ့အခါကျတော့ ဥုံ ဖွ ဆိုပြီး မန်းလို့မရတော့ လုပ်လို့ရနိုင်သမျှ လုပ်ဖို့ ကြိုးစားမယ်။ ပြည်သူတွေကလည်း ပါဖို့လိုတယ် ဆိုတာကိုလည်း အများကြီး တိုက်တွန်းပြီး ပြောပါတယ်။ အဓိက ကတော့ ပြောဖြစ်တာတွေကတော့ မဲဆွယ်စည်းရုံးရေး ဆိုတဲ့အတိုင်းပဲ ဒေါ်စုစုလွင် အတွက် မဲဆွယ်ပေးတာပေါ့။ အဲဒါနဲ့ တပါတည်းပဲ NLD ရဲ့ လုပ်ကိုင်ခဲ့တဲ့အကြောင်း၊ ဆက်လုပ်မယ့် အလုပ်တွေ အဲဒါတွေကို အဓိကထား ပြောပါတယ်။ ပရိသတ်ကလည်း အင်မတန် အားတက်သရော ရှိကြပါတယ်။ ရန်ကုန်က စထွက်ကတည်းက သာကေတ၊ ဒေါပုံ၊ တညင် အဲဒီမြို့နယ်တွေက အကုန်လုံး ထွက်ကြိုကြတော့ ကျနော်တို့ အကုန်လုံး မှန်းထားတာထက် အများကြီး နောက်ကျပြီးတော့မှ သုံးခွကို ရောက်ပါတယ်။ သုံးခွ မှာလည်း မှောင်ခါနီးအထိ၊ မှောင်ခါနီးတောင် မဟုတ်ပါဘူး၊ မှောင်တဲ့အထိပါပဲ အဲဒီလောက်အထိ ပြောသွားပါတယ်။ ကောင်းပါတယ်။ လုံခြုံရေးကလည်း သုံးခွ ရောက်တော့လည်း ရဲတို့ ဘာတို့က အကုန် ရှင်းပေး ကူပေးပေါ့။ အဲဒီလို လုပ်ကြပါတယ်။ ကျနော်တို့ဘက်က လုပ်ထားတဲ့ အစီအစဉ်လေးတွေလည်း အဆင်ပြေပါတယ်။”
သုံးခွမြို့ လယ်ကွင်းတွေထဲမှာ လုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ သုံးခွဒေသခံတွေ အပြင် အနီးအနား ဒေသတွေကလည်း လာရောက်ခဲ့ကြကြောင်းNLD ပါတီအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းကမ်းအရ မဲဆွယ်စည်းရုံးရေး ခရီးတွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့် မရတော့တဲ့ အတွက် အခုလို ကွင်းပြင် ကွင်းလပ်တွေမှာ လိုက်လံ ပြုလုပ်နေရတာ ဖြစ်ကြောင်းနောက်လ ၃ ရက်နေ့ နဲ့ ၄ ရက်နေ့ မန္တလေးနဲ့ စစ်ကိုင်းမဲဆွယ် ခရီးစဉ်တွေမှာလည်း ကွင်းပြင်တွေ သောင်ပြင်တွေမှာ ပြုလုပ်ရမှာ ဖြစ်တယ်လို့ ပါတီရဲ့ ပြန်ကြားရေးမှူး ဦးအုန်းကြိုင်က ပြောကြောင်း
“ချမ်းမြသာစည် မြို့နယ် အောင်ပင်လယ် ရပ်ကွက်၊ အောင်ဇေယျ လမ်းနဲ့ ၅၇ လမ်းထောင့်။ အဲဒီမှာရှိတဲ့ကွင်းမှာ မြူနီစီပယ် မြို့တော်ဝန်၊ မြူနီစီပယ် ရုံးကပေါ့ မန္တလေး စည်ပင်သာယာက ပိုင်တဲ့ကွင်းမှာခင်ဗျ။ အဲဒီ ရှမ်းပြည်နယ် ခရီးစဉ်ကတော့ ကွင်း ဘယ်နေရာ ရထားတယ်ဆိုတာ မနက်ဖြန်ခါကျမှ ဒီက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ တက်သွားပြီးတော့မှ တိတိကျကျ သိမှာပါ။ မန္တလေး၊ စစ်ကိုင်းကတော့ ကျနော်တို့ မန္တလေးတိုင်းကနေ စီစဉ်တာပါ။ အဲဒါတွေကတော့ ရပါပြီခင်ဗျ။ စစ်ကိုင်းကလည်း မြို့ထိပ်က ကွင်းပြင်တစ်ခုပါခင်ဗျ။ သဲသောင်ပြင် လို ကွင်းပြင်ကြီးတစ်ခုပါပဲ၊ အဲဒီမှာပါ။ ကျနော်တို့ မြစ်နံဘေးမှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ကတော့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် လစ်လပ်နေရာ ဒေသတွေ အားလုံးကို သွားရောက်ပြီး မဲဆွယ်စည်းရုံးဖို့ ဆန္ဒရှိနေတာ ဖြစ်တယ်လို့လည်း ပါတီရဲ့ ပြန်ကြားရေး ဌာနက ပြောကြောင်းလာမယ့် ရက်ပိုင်း အတွင်းမှာပဲ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း တို့ကို သွားရောက်ဖို့လည်း ရှိနေကြောင်းသိရသည်။
သန်လျင်တံတား အနီးရှိ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည့် ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းတွင် စင်ကာပူနိုင်ငံမှ YOMA ကုမ္ပဏီ က စင်ကာပူဒေါ်လာ ၉၁ သန်း မြုပ်နှံမည်
ယင်းစီမံကိန်းတွင် လူနေအိမ် ဧရိယာ (Residential Area) နှင့် စီး ပွားရေးလုပ်ငန်းဧရိယာ (Commercial Area) များပါဝင်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း ဧရိယာတွင် ဘဏ်၊ ကျောင်း၊ ရုပ်ရှင်ရုံ၊ Gym နှင့် Spa များ ပါဝင်မည်ဖြစ်ပြီး ဂေါက်ကွင်းနှင့် ရေကူးကန်များလည်း ပါဝင်မည်ဖြစ်ကြောင်း
“ FMI ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းမှာ စင်ကာပူနိုင်ငံက (SGX) Stock Exchange မှာ ဈေးကွက်ကစားနေတဲ့ YOMA Strategic Holding Ltd.က ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီခဲ့ပြီး စင်ကာပူဒေါ်လာ ၉၁ သန်း မြှုပ်နှံလိုက်ပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုဟာ အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု အတွက် ထူးခြားအရေးပါတဲ့ သတင်းကောင်း တစ်ခု ဖြစ်ပါတယ်။ ဈေးကွက်တစ်ခု စဖွင့်လိုက်သလိုပါပဲ။ နောက်ပိုင်း တိုးတက်ဖို့ အလားအလာတွေ အများကြီး ရှိလာပါပြီ။ ပြီးတော့ သန်လျင်လိုနေရာမျိုးက ရန်ကုန်မြိုနဲ့ တံတားကူးရင် ရောက်တဲ့ အနေအထားမို့လို့ ကျွန်တော်တို့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖြစ်ကြတာပါ”ဟု ကိုစိုးသီဟလှိုင် က ပြောပြခဲ့ကြောင်း
ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းရှိ အဆောက်အဦ အမှတ် ၁ နှင့် အမှတ် ၂တို့အား ဆောက်လုပ်လျက် ရှိပြီး အဆောက်အဦ ၁ တွင် အခန်းပေါင်း ၁၅၀ ပါဝင်ကာ ၁၅၀ စလုံး ရောင်းချပြီးပြီ ဖြစ်ကြောင်း၊ အဆောက် အဦ ၂ တွင် အခန်းပေါင်း ၁၅၀ မှ ၁၂၀ ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း
“ကျွန်တော်တို့ ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းက လူလတ်တန်းစားနဲ့ အပေါ်အဆင့်တွေကို ဦးတည်ထားတာ ဖြစ်ပါတယ်။ အခန်းဈေးနှုန်းတွေက ကျပ်သိန်း ၄၈၀ ကနေ ၁၄၀၀ ပတ်ဝန်းကျင်အထိ ရှိပြီး အဆင့်မြှင့်အိမ်ရာနဲ့ နေချင်သူတွေ အတွက် ရည်ရွယ်ပါတယ်။ ဒီမှာ နေထိုင်မယ့်လူတွေ အတွက် ရေ၊ မီး၊ လုံခြုံရေး ၀န်ဆောင်မှုအပြင် မြို့ထဲဧရိယာနဲ့ ဒီနေရာကို Boat Ferry သဘောမျိုး လုပ်ပေးဖို့အတွက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးနဲ့ ဆွေးနွေးနေပါတယ်”ဟု ကိုစိုးသီဟလှိုင်က ဆိုကြောင်းသိရသည်။
ပြည်ထောင်စုအစိုးရ အဖွဲ့မှ တင်ပြလာသော အမျိုးသားစီမံကိန်းကြီးများ အနက်မှ စက်မှုဖွံ့ဖြိုးရေး စီမံကိန်းနှင့် နေပြည်တော်ဖွံ့ဖြိုးရေး စီမံကိန်းများကို လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ပြောကြား
ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်ပြလာသော အမျိုးသားစီမံကိန်းကြီးများ အနက်မှ ကျပ်ဘီလျံပေါင်း ၃၇၆ ကုန်ကျမည့် စက်မှုဖွံ့ဖြိုးရေး စီမံကိန်းနှင့် ကျပ်ဘီလျံပေါင်း ၅၅၀ ကုန်ကျမည့် နေပြည်တော်ဖွံ့ဖြိုးရေး စီမံကိန်းများအား လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးကြောင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက တင်သွင်းခဲ့ခြင်းဖြစ် ပြီး မြန်မာ့စက်မှု ဖွံဖြိုးရေးကဏ္ဍတွင် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း၍ စက်မှုလုပ်ငန်း၊ အီလက်ထရောနစ် လုပ်ငန်းနှင့် စက်ရုံစီမံကိန်းများ တည်ဆောက်ရန်နှင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် စက်ရုံအလုပ်ရုံသစ်များ အပြင် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်သွားလျက် ရှိ ကြောင်းသိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ ပြန်လည်ရောက်ရှိ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ချစ်ကြည်ရေးခရီး စတင်သွားရောက်ခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း
ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် ပေကျင်းမြို့ရှိ Temple of Heaven Park ကို သွားရောက်လေ့လာကြည့်ရှုခြင်း၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ကျာချင့်လင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘင်းဒီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးကော်မတီဝင်၊ တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီအတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ တရုတ် ကွန် မြူနစ်ပါတီ ဗဟိုကော်မတီဖွဲ့စည်းရေးဝန်ကြီးဌာန ၀န်ကြီး Li Yuan Chao ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Wu Bangguo၊ ဒုတိယဥက္ကဋ္ဌ Lu Yong Xiang တို့နှင့် သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံလွှတ်တော်များကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ ဘာသာရေးနယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသာမက ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများတွင်ပါ ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း
ထို့ပြင် တီရန်ကျင်းမြို့သို့ အထူးအမြန်ရထားဖြင့်သွားရောက်၍ တီရန်ကျင်းမြို့စီမံကိန်းပြတိုက်ကို လေ့လာကြည့်ရှုခြင်း၊ အီတလီပုံစံ ရပ်ကွက်ကို လမ်းလျှောက်လေ့လာခြင်း၊ ၀န်ကြီးချုပ် ချူအင်လိုင်းနှင့်ဇနီး အ ထိမ်းအမှတ်ပြတိုက်ကို လေ့လာကြည့်ရှုခြင်း၊ Da Bei Chan Yuan ဘုရားကျောင်းအား လေ့လာဖူးမြော်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွား ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း စီမံကိန်းကို ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေ
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်းစီမံကိန်းအား ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းသတင်းရရှိပါသည်။
အဆိုပါ ၀န်ထမ်းကြီးမြေကွက်များကို Great Wall ဆောက်လုပ်ရေး၊ AM ဆောက်လုပ်ရေးနှင့် KMB ဆောက်လုပ်ရေးတို့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာလမ်းနှင့် ဒုဌ၀တီလမ်းအနီး အဆင့်မြင့်အိမ်ရာ ၁၉၆ ဧကစီမံကိန်းမြေကွက်များ ဖော်ထုတ်ခြင်းအတွက် သဲဖို့နေခြင်းနှင့် မြနန္ဒာလမ်းနှင့် ကမ်းနားလမ်းအတွင်းရှိ အမှိုက်များကို ရှင်းလင်းနေခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း
''ကျွန်တော်တို့ ကုမ္ပဏီသုံးခုက ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်တဲ့ စီမံကိန်းအတွက်မြေကွက်တွေ ဖော်ထုတ်ပေးရုံသတ်သတ်ပဲ လုပ်ပေးတာ။ ဒီနှစ်မိုးရာသီအကုန်လောက်တော့ မြေကွက်တွေ ဖော်ထုတ်ပေးမှုပြီးနိုင်လိမ့် မယ်ထင်တယ်။မြေကွက်တွေဖော်ပြီးသွားရင် မြို့ရွာနဲ့အိုးအိမ်ဦးစီးဌာနကို ဒီမြေကွက်တွေ အကုန်အပ်ကြရမှာပါ။ ဒီမြေကွက်တွေကို ရာထူးကြီးတဲ့ အစိုးရ၀န်ထမ်းတွေကိုချပေးဖို့အတွက် လုပ်ဆောင်တာလို့ သိထားပါတယ်'' ဟုယင်းစီမံကိန်းတွင် ပါဝင်လုပ်ဆောင် နေသည့် AM ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြကြောင်းသိရသည်။
သုံးခွမြို့ လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့
ယနေ့မွန်းလွဲပိုင်းက သုံးခွမြို့သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ညနေ ၅ နာရီခွဲမှ ၆နာရီမထိုးမီ အထိ မြို့ပြင် ပဲခင်းထဲတွင် လူထု ဟောပြောပွဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ချက်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။
(၁)
“ မဲတပြားကို မှားပြီးတော့လည်း မဖြစ်ပါစေနဲ့ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့ ချော့ပြီးယူတာမျိုးလည်း မဖြစ်ပါစေနဲ့ ၊ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော နှလုံးနဲ့ပါ စဉ်းစားပါ၊ ဘယ်အဖွဲ့ကိုထောက်ခံမလဲ၊ ဘာဖြစ်လို့ ထောက်ခံမလဲ ဆိုတာ စဉ်းစားရမယ်။
ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ”
(၂ )
“ မဲပေးတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ထဲ မဟုတ်ပါဘူး၊ တကယ်အရေးကြီးတာက အဖွဲ့အစည်းတခုအတွက်ပေးရပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဟာ မူရှိရတယ်။ အစဉ်အလာရှိရတယ်၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ရှိရတယ်”
(၃)
“ ၁၉၉၀ ခုနှစ် လွပ်လပ်တဲ့ ရွေးကောက်ပွဲမှာ ကျွန်မကြိုတင်မဲပဲ ပေးပိုင်ခွင့်ရှိခဲ့တယ်၊ ၂၀၁၀ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့လို့ ကျွန်မ လုံးဝမဲမပေးခဲ့ပါဘူး၊ ဒါကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲက ကျွန်မတသက်လုံးမှာ ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရတဲ့ အကြိမ်ဖြစ်ပါတယ် ”
(၄)
“ ကျွန်မ သတိပေးမယ်နော် သိပ်ပြီး ကတိပေးတဲ့ အဖွဲ့တွေဆို မဲမပေးနဲ့၊ ဒါလေး လုပ်ပေးမယ်၊ ဟိုဟာလေး လုပ်ပေးမယ် ချော့ပြီးတောင်းတာပေါ့နော်၊ ချော့ပြီး တောင်းတာက သိပ်မဆိုးသေးဘူး ခြောက်ပြီးတောင်းတာ တော်တော်ဆိုးတယ်နော်၊ မဲပေးလို့ရှိရင် လုံးဝမကြောက်ပါနဲ့၊ မဲပေးတဲ့အခါ ဘယ်ပုံးထဲကိုထည့်တယ်ဆိုတာ ဘယ်သူမှ သိနိုင်တာမဟုတ်ပါဘူး၊ ခြောက်ရင်လည်း ကြောက်ချင်ယောင် ဆောင်လိုက်၊ မဲပေးတဲ့အခါ ဒေါ်စုစုလွင်ကိုပဲ မဲပေးပါ ”
တစ်လခွဲကာလအတွင်း ပြည်တွင်းဒီဇယ်ဈေး အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၅၀ ခုန်တက်
ပြည်တွင်းဒီဇယ်ဈေးများမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ဆိုင်တချို့တွင် အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၈၅၀ အထိ မြင့်တက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က တစ်ဂါ လန် ကျပ် ၃၅၀၀ သာရှိသည့် အနေအထားမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း
ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်သည့်အတွက် ပြည်တွင်းဒီဇယ်ဈေး မြင့်တက်သည်ဟုဆိုသော်လည်း ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်သည့်နှုန်းထက် ပြည်တွင်းဒီဇယ်ဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ၀န်းကျင်အထိ ပိုမိုမြင့်တက်နေခြင်းဖြစ်သည်။ ဇန်န၀ါရီလ ၇ ရက်နေ့က ကမ္ဘာ့ ရေနံစိမ်းတစ်စည်လျှင် ၁၀၁ ဒသမ ၉၃ အမေရိကန်ဒေါ်လာပေါက်ဈေး ရှိပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၁၀၉ ဒသမ ၆၂ အထိ မြင့်တက်သည့်အတွက် တစ်စည်လျှင် ၇ ဒသမ ၆၉ အမေရိကန်ဒေါ်လာ (၆၂၅၂ကျပ်) မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်ဂါလန်နှုန်းဖြင့် တွက်ချက်ပါက(တစ်စည်လျှင် ၄၂ ဂါလန်) ၁၄၉ကျပ်သာ မြင့်တက်ခြင်းဖြစ်ကြောင်း
သို့သော် ပြည်တွင်းဒီဇယ်ဈေးမှာမူ ကမ္ဘာ့ရေနံစိမ်းဈေး တစ်စည်လျှင် ၁၀၁ ဒသမ ၉၃ အမေရိကန်ဒေါ်လာပေါက်ဈေးရှိစဉ်က တစ်ဂါလန် ကျပ် ၃၅၀၀ ဖြင့် ရောင်းချနိုင်သော်လည်း ကမ္ဘာ့ရေနံစိမ်းတစ်စည် ၁၀၉ ဒသမ ၆၂ အမေရိကန်ဒေါ်လာပေါက်ဈေးရှိချိန်တွင် တစ်ဂါလန် ကျပ် ၃၈၅၀ အထိ ခုန်တက်ခဲ့သည့်အတွက် တစ်ဂါလန်ကျပ် ၃၅၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း
ကမ္ဘာ့ရေနံစိမ်းဈေး တက်သည့် တစ်ဂါလန် ၁၄၉ ကျပ်နှုန်းထက် ပြည်တွင်းဒီဇယ်ဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ကျော် ပိုမိုမြင့်တက်နေခြင်း ဖြစ်ကြောင်း
''ရေနံစိမ်းနဲ့မဆိုင်ဘူးလို့ ပြောလို့မရဘူးလေ။ နိုင်ငံတကာမှာလည်း ဒီဇယ်ဈေးက ရေနံစိမ်းနှုန်းနဲ့ သွားနေတာ။ ဟိုမှာတက်တာက တစ်ဂါလန် ၁၄၉ ကျပ်၊ ဒီမှာတက်တာက တစ်ဂါ လန် ကျပ် ၃၀၀ကနေ ၃၅၀ အထိ တက်တယ်။ တစ်ဂါလန် ကျပ် ၂၀၀ လောက်ပိုနေတာလေ။ တစ်ဂါလန် ကျပ်၂၀၀ပဲပိုတင်ပြီး ၃၇၀၀၊ ၃၇၅၀ လောက်ရောင်းတဲ့ဆိုင်တွေကတော့ ဈေးသင့်တယ်လို့ပြောရမှာပါ။ ဒါပေ မယ့်အများစုကတော့ ၃၈၀၀ကနေ ၃၈၅၀ ကျပ်အထိ တင်ရောင်းတာက တော့ မကောင်းဘူးပေါ့''ဟု ယာဉ်ပိုင် ရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ယင်းအပြင် ယခုအခါ အောက်တိန်းသုံးစွဲမှုနှုန်း မြင့်တက်လာသည့်နည်းတူ အောက်တိန်းဈေးကိုလည်း ဆိုင်အချို့မှလွဲ၍ နိုင်ငံတကာဈေးဖြင့် မတွက်ပဲ အလျင်းသင့်သလို ဈေးတင်ရောင်းချခြင်းမျိုးရှိနေသည်ဟုလည်း သုံးစွဲသူများက ဆိုသည်။ ဓာတ်ဆီဈေးမှာလည်း ယခုလအစောပိုင်းကပင် တစ်ဂါလန်ကျပ် ၃၀၀ မြင့်တက်ထားပြီးဖြစ်ကြောင်းသိရသည်။
မြန်မာ့စက်သုံးဆီဈေးနှင့် နိုင်ငံတကာရေနံစိမ်း ဈေးနှုန်းများနှိုင်းယှဉ်ချက်
ရက်စွဲ ရေနံစိမ်းဈေး မြန်မာ့ဒီဇယ်ဈေး
၇-၁-၂၀၁၂ ၁၀၁ .၉၃ ၃၅၀၀
၁၄-၁-၂၀၁၂ ၉၉ .၀၃ ၃၅၀၀
၂၁-၁-၂၀၁၂ ၉၈ .၃၉ ၃၅၀၀
၂၈-၁-၂၀၁၂ ၉၉ .၇၆ ၃၅၅၀
၎-၂-၂၀၁၂ ၉၇ .၇၇ ၃၅၅၀
၁၁-၂-၂၀၁၂ ၉၈ .၆၇ ၃၆၀၀
၁၈-၂-၂၀၁၂ ၁၀၄ .၀၆ ၃၆၅၀
၂၆-၂-၂၀၁၂ ၁၀၉ .၆၂ ၃၈၅၀




Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment