ဒေါ်စု ကချင်ပြည်နယ် ခရီးစဉ် (Update)
ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းများကို မေးခွန်းမေးဖို့ မိုးကောင်းလူထုကို ဒေါ်စုပြော
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၆ နာရီ ၄၈ မိနစ်

ဒေါ်အောင်ဆန်းစုကြည်က မိုးကောင်းမြို့နယ် ပြည်သူသို့ ပြောကြားသွားရာတွင် မိမိတို့ဒေသထံ လာရောက် စည်းရုံးသည့် မည်သည့် ပါတီမှက လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဆို မေးခွန်းများ မေးရန်လိုအပ်ပြီး ကိုယ်စားလှယ်လောင်းများကလည်း ဆန္ဒရှင်များ၏ ထောက်ခံမှုကို လိုချင်ပါက ဘာ့ကြောင့် ထောက်ခံခိုင်းသည်ကို ရှင်းပြနိုင်ရမည်ဟု ပြောသွားသည်။

“ဘယ်နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် လာပြီးတော့ စည်းရုံးလို့ရှိရင် ပြည်သူတွေက မေးခွန်း
မေးပိုင်ခွင့် ရှိတယ်။ မေးခွန်းတွေ ခေါင်းထဲမှာရှိရင် မေးပိုင်ခွင့်ရှိတယ်။ ပြည်သူတွေက မေးပိုင်ခွင့်ရှိရင် ပြည်သူ
တွေ ဘာသိချင်သလဲဆိုတာကို စဉ်းစားပြီးတော့ ဖြေရမယ်။ ဘာ့ကြောင့် ဒီအလုပ်တခုကို လုပ်တယ်ဆိုတာကို ရှင်းပြရမယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုလိုချင်ရင် ဒီထောက်ခံဖို့ ကိစ္စကို ဘာဖြစ်လို့ လုပ်ချင်လဲဆိုတာကို ရှင်းပြရမယ်။” ဟု ဒေါ်စုက ပြောသွားသည်။

NLD ၏ မိုးကောင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍လည်း “ဒေါ်ခင်ကြည်ကို မိုးကောင်းမြို့နယ်မှာ ကိုယ်စားလှယ်လောင်း အဖြစ်နဲ့ ရွေးချယ်လိုက်သလဲဆိုတာက အဖွဲ့ချုပ်က ပြည်သူတွေ
လေးစားနိုင်လောက်အောင် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျောက်လှမ်းခဲ့တယ်။” ဟု ပြောကြားသွားပြီး အတွေ့အကြုံနှင့် ပညာအရည်အချင်းတို့ကိုလည်း ထည့်သွင်းစဉ်းစား ရွေးချယ်ခဲ့ကြောင်း ပြောကြားသွားသည်။

ဒေါ်စု မိုးကောင်းရောက် လူထု တခဲနက်ကြိုဆို

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၆ နာရီ ၀၀ မိနစ်

မိုးကောင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေပြီဖြစ်ပြီး ကျောင်းသားလူငယ်များ၊ မြို့သူမြိုသားများမှ ကြိုဆိုကြသည်ဟု မြစ်ကြီးနား NLD ဥက္ကဋ္ဌ ဦးနေဝင်းက မဇ္ဈိမကို ပြောသည်။

“ကလေးတွေ၊ လူကြီးတွေကော၊ ကျောင်းသားတွေကော၊ ကျောင်းဝတ်စုံလေးတွေနဲ့ အကုန်လုံး တခဲနက် ကြိုဆို
နေကြတယ်ဗျ။ လူကလည်း တော်တော်များပါတယ် ခင်ဗျာ့ တော်တော်များပါတယ်။ လမ်းတလျောက် အရှည်ကြီး
ပဲဗျ လူကတော့ လေးငါး ခြောက်သောင်းကျော်ရှိမယ်ဗျ။ ကြိုဆိုနေကြတာ တခဲနက်ပဲ။” ဟု ဦးနေဝင်းက ပြောသည်။

ဦးနေဝင်း၏ ဖုန်းဖြင့် ဖြေကြားမှုတွင် မိုးကောင်းလူထုမှ “အမေစု ကျန်းမာပါစေ၊ အမေစု ကျန်းမာပါစေ” ဟု ဆန္ဒပြု ဆုတောင်းသံများလည်း ကြားနေရသည်။

နမ္မတီး အားကစားကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၅ နာရီ ၄၆ မိနစ်

နမ္မတီးကျေးရွာရှိ ဘောလုံးကွင်းတွင် လူထု ၅ သောင်းခန့် လာရောက် အားပေးကြပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဟူသော ဆုတောင်းမေတ္တာများ ပေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲမှ ကောက်နုတ်ချက် အချို့မှာ “မိုးကောင်းမြို့နယ်တွင် NLD ပါတီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရခြင်းမှာ စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် ပြန့်ပွားနေချင်လို့ ဖြစ်ပါတယ်။ ဖွဲ့ထားစဉ် ကာလကတည်းက တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကို မြင်ချင်လို့ ဖြစ်တယ်”

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့မှာ တော်တော်များများ ရှိပါတယ်။ အဲဒီများတဲ့ထဲက ပြန်စဉ်းစားတဲ့အခါမှာ အမျိုးသမီးတွေ၊ တိုင်းရင်းသူ တိုင်းရင်းသားတွေကို ဦးစားပေးမယ် ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသမီးတွေကို အားပေးတဲ့ သဘောပါ။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ အင်အား မသုံးဘူးဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ဘူး။ ကျမတို့နိုင်ငံက အမျိုးသမီးတွေ များတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသွားသည်။
မိုးကောင်းမြို့မှ အိုးတန်းဘောလုံးကွင်းတွင်လည်း ထပ်မံ ဟောပြောပြီးနောက် မြစ်ကြီးနားမြို့ကို ပြန်မည်ဖြစ်ကြောင်း နမ္မတီး အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေးမှူး ဦးဝင်းဗိုလ်က ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နမ္မတီးလူထုကို ဒေါ်စုပြော

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၅ နာရီ ၂၀ မိနစ်

ဒေါ်အောင်ဆန်းစုကြည်၏ နမ္မတီး အားကစားကွင်းအတွင်း လူထုပရိသတ် ၅ သောင်းခန့်အား ဟောပြောမှုတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတွက် ဟောပြောသွားပြီး ညီညွတ်သည့် ပြည်ထောင်စုထူထောင်နိုင်ရန် တိုင်းရင်းသားအားလုံး လက်တွဲကာ အတူတကွ လုပ်ဆောင်ကြရန် တိုက်တွန်း ပြောဆိုသွားသည်။

"ကျမတို့ဟာ ပြည်ထောင်စုပါ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြီး ဖြစ်ပါတယ်။ ဒါကြောင့် မလို့ ကျမတို့အချင်းချင်း တဦးပေါ် တဦး နားလည်မှု ရှိရမယ်။ တဦးကိုတဦး လေးစားရမယ်။ တဦးအပေါ် တဦး သစ္စာထားရမယ်။ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အားလုံးလက်တွဲပြီးတော့ ချီတက်ကြပါစို့လို့။" ဟု ဒေါ်စုက နမ္မတီး လူထုကို ပြောကြားသွားသည်။

ယင်းအပြင် ပြည်သူများအနေဖြင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် သတ္တိရှိရန် လိုအပ်ပြီး အစိုးရမှ အားကိုးရသည့် ပြည်သူများဖြစ်ရန်လည်း တိုက်တွန်းသွားသည်။

"ပြည်သူတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် ရင်ဆိုင်ပြီးတော့ ကိုယ့်ဘာသာကိုယ် ကျော်လွှားနိုင်တဲ့ အခွင့်အရေးတွေ ရဖို့လိုပါတယ်။ အဲဒီတော့ ဘယ်သူ့ကိုမှ အားမကိုးနေရဘူးပေါ့။ နောက်ဆုံးကျတော့ ဘယ်လို
ဖြစ်လာရမလဲဆိုတော့ ပြည်သူတွေကို အစိုးရက အားကိုးတဲ့အခြေအနေကို ရောက်အောင်လို့ ကျမတို့က ပို့ပေးရမှာ
ဖြစ်ပါတယ်။ အခုလည်း ကျမတို့က အားကိုးနေရမယ်။ ပြည်သူတွေရဲ့ မဲမရဘဲနဲ့ ကျမတို့က လုပ်ပိုင်ခွင့် ရှိမှာ မဟုတ်ဘူး။" ဟုပြောကြားသွားသည်။

လူငယ်များ အလုပ်အကိုင်ရရေး ဖြေရှင်းနိုင်ရန် မိုးကောင်းမြို့နယ်အတွင်း လေ့လာနိုင်ရန်အတွက် လွှတ်တော်ထဲ တရားဝင် အမတ်ရှိမှသာ ရနိုင်မည်ဖြစ်၍ NlD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်ကို မဲထည့်ရန် တိုက်တွန်းလိုက်ကြောင်း နမ္မတီးမြို့နယ် NLD စည်းရုံးရေးမှူး ဦးဝင်းဗိုလ် က မဇ္ဈိမကို ပြောသည်။

ဟောပြောပွဲကို ၂ နာရီ ၄ဝ မိနစ်တွင် အဆုံးသတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ မိုးကောင်းမြို့သို့ ဦးတည်သွားနေပြီ ဖြစ်သည်။မိုးကောင်းမြို့ အိုးတန်း ဘောလုံးကွင်းတွင် ဆက်လက်ဟောပြောမည်ဖြစ်သည်။

နမ္မတီးကျေးရွာတွင်း စဝင်နေပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၂၃ မိနစ်

ဒေါ်အောင်ဆန်းစုကြည် နမ္မတီးမြို့သို့ မွန်းလွဲ ၂ နာရီခန့်တွင် ရောက်ရှိလာပြီး ပြည်သူလူထုအား နှုတ်ဆက် နေသည် ဟု ပြည်တွင်းမှ သတင်းထောက်တဦးက ပြောသည်။

“အခုဘဲရောက်တယ်။ ကွင်းကိုတော့ မရောက်သေးဘူး။ နမ္မတီးရွာထဲကို ဝင်နေတာ။ ရွာကလူတွေက ဗုံးတီးသံတွေနဲ့ ကြိုနေတာ။ ကျောင်းသားတွေလည်း အများကြီးဘဲ။ တလမ်းလုံးကို နုတ်ဆက်သွားတယ်။ အလံအနီနဲ့ ထောင်ပြီး
တော့ ကြိုဆိုနေတယ်”ဟု ပြောသည်။
ပြည်သူထူထုက ကချင်မောင်းတီးသံများဖြင့် လမ်းဘေးဝဲ ယာ ကြိုဆိုနေသည်ဟု သိရသည်။ လမ်းဘေးတလျှောက် လူထု ၁ဝ,ဝဝဝ ဝန်းကျင်ခန့် ရှိမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နမ္မတီးသို့ ထွက်ခွါ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၅၅ မိနစ်

ဒေါ်အောင်ဆန်းစုကြည်သည် ၁၁ နာရီ ၄၅ တွင် မြစ်ကြီးနားမြို့ လေဆိပ်ကို ရောက်ရှိလာသည်။ ကချင်လုံခြည် ငှက်ခါးရောင် ဝမ်းဆက်နှင့် ဖက်ဖူးရောက် ပုသိမ်ထီးစောင်းထားသည့် ဒေါ်အောင်ဆန်းစုကြည်အား လေဆိပ်မှ ထွက်လာရာ လမ်းတလျှောက်တွင် ပြည်သူလူထု ထောင်နှင့်ချီ၍ ကြိုဆိုကြကြောင်း ပြည်တွင်းမှ သတင်းထောက် တဦးကပြောသည်။ ယခု မြစ်ကြီးနားမြို့ပြင် ရောက်ရှိနေပြီး နမ္မတီးဘက် သွားနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ကချင်လူထု လေဆိပ်မှ စောင့်ကြို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်

ဒေါ်အောင်ဆန်းစုကြည်အား ကချင်ပြည်နယ် မြစ်ကြီးနားနှင့်ဖားကန့်မြို့နယ်များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NlD အဖွဲ့ဝင်များ၊ နည်းပညာ တက္ကသိုလ် GTC နှင့် ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသားများနှင့် ပြည်သူလူထု စုစုပေါင်း ၃၀၀ ခန့်က ကြာသပတေးနေ့ နံနက်ပိုင်းကနေ မြစ်ကြီးနားလေဆိပ်၌ လာရောက်ကြိုဆိုကြသည်ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

ဂျီတီစီကျောင်းသားများက တိုင်းရင်းသားမျိုးနွယ်စု၏ ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ လာရောက် ကြိုဆိုနေကြသည်ဟု ဆိုသည်။

“မရောက်သေးဘူး အပြင်မှာဘဲ ရောက်နေတယ်၊ ရောက်တော့မယ်ထင်တယ်။ လူက NLD လူတွေရော၊
ကျောင်းသားတွေရော ပါတယ်။ ၃၀၀ လောက် ရှိမယ်ထင်တယ်။ တိုင်းရင်းသား ဝတ်စုံတွေနဲ့ ကချင်မျိုးနွယ်စု
အားလုံး ဝတ်စုံနဲ့ စောင့်နေတယ်”ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြသည့် ပြည်သူအချို့မှာ လေယာဉ်နောက်ကျမည်ဟု ဆိုသည့်
ပြန်သွားခဲ့သော်လည်း ယခု ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် လေယာဉ်မှာ နှင်းများ ထူနေသဖြင့် မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်တွင် ဆိုက်ရောက်နိုင်သည်ဟု သိရသည်။

“ပထမ မနက်က စောစောရောက်မယ်လို့ ထင်ကြတယ်။ အခုတော့ ၁၂ နာရီမှာ ရောက်မယ်ဆိုတော့ ပြန်ကြတာ။ ခုတော့ ပြန်ရောက်လာကြပါတယ်။ နှင်းထူလို့ နောက်ကျတယ်လို့ ပြောတာဘဲ”ဟု အဆိုပါ မြစ်ကြီးနားမြို့ခံကပြောပြသည်။

မြစ်ကြီးနားမြို့ လေဆိပ်သည် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သွားရာ ကားလမ်းပေါ်တွင် ရှိပြီး ထိုကားလမ်းတလျှောက်ရှိ အစိုးရ လုံခြုံရေး တပ်များကိုလည်း နံနက်ပိုင်းက ရုပ်သိမ်းထားသည်ဟု အခြားမြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

“ဓါတ်ပုံမှာ ပါလာမှာ ကြောက်လို့လားမသိဘူး။ လုံခြုံရေးတွေ ရုတ်ထားတယ်။ ညနေပိုင်းတော့ ပြန်ချမယ် ထင်တယ်” ဟု သူကပြောသည်။

မြစ်ကြီးနား ခရီးစဉ်ကို စတင်ရန် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၅ မိနစ်
ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနား ခရီးစဉ်ကို စတင်ရန် ဖေဖေါ်ဝါရီလ ၂၃ ရက် နံနက် ၆း၂၈ တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ



Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment