မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၂၃ ရက်၊ ၂၀၁၂

အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်း

မြန်မာအစိုးရနဲ့ အသစ်တဖန် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ် DKBA က လက်နက်တွေကို နယ်ခြားစောင့်တပ်က သိမ်းယူပြီးနောက် လက်နက်တွေ ပြန်မပေးနိုင်ဘူးလို့ နယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်မောင်မောင်အုန်းကဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ကြောင်းမြိုင်ကြီးငူဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ လက်နက်သိမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် DKBA ခေါင်းဆောင်ဗိုလ်မောင်လေးနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်ဖားနွီး၊ မြန်မာအစိုးရက ဖွဲစည်းပေးထားတဲ့ နယ်ခြားစောင့်တွေရဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ဖားအံမြို့မှာ တွေ့ဆုံခဲ့ကြကြောင်း
တွေ့ဆုံမှုအတွင်းမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာတော့ ပြေလည်မှုရခဲ့ပေမဲ့ လက်နက်ပြန်ပေးဖို့ကိစ္စမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ DKBA တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက-
“ဒီနေ့ ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့  အရှေ့တောင်တိုင်း၊ တိုင်းမှူးနဲ့ တွေ့ခွင့်ရတယ်။ ဗိုလ်ချုပ်ဖားနွီးနဲ့လည်း ဆုံတယ်။ ဆုံတဲ့အချိန်မှာ ငါတို့ ကရင်အချင်းချင်းက နောက်နောင် ဒီလို တယောက်နဲ့တယောက် မဖြစ်စေရဘူး။ တယောက်နဲ့ယောက် ပစ်ခတ်မှု မဖြစ်စေရတော့ဘူး၊ အရင်ဆုံးနဲ့ နောက်ဆုံးပေါ့။ ဒီလို ကရင်အချင်းချင်း သေတာကတော့ တော်သင့်တယ်။ မင်းတို့ သေနတ် ပြန်ပေးမယ်ဆိုပြီးတော့ ဗိုလ်ချုပ်ဖားနွီးက အဲလို ထွက်ဆိုခဲ့တယ်။
ဒါပေမယ့် ဗိုလ်ချုပ်မောင်မောင်အုန်းက မပေးဘူး။ ဗိုလ်မှူးမောင်အေးကို ပြဿနာပေါ်မယ်။ ဒီသေနတ်မပေးဘူးဆိုပြီးတော့ လက်နက်တွေကို ကျနော်တို့လက်ထဲမှာ မရောက်သေးဘူး၊ မပေးလိုက်သေးဘူး။ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းအနေနဲ့ ကျနော်တို့ငြိမ်းချမ်းရေးကို ပျက်ပြားအောင်လုပ်နေတယ်လို့ ကျနော်တို့မြင်တယ်။ ကျနော်တို့ငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်တယ်။”
ငြိမ်းချမ်းရေးလုပ်ထားတာ ၃ လကျော် ကြာတဲ့အချိန်မှာပဲ ဖျက်သိမ်းရတာကတော့ ဆက်ပြီးအနိုင်ကျင့်တာတွေကို လက်မခံနိုင်တာကြောင့်လို့ ဆိုကြောင်း
“ကျနော်တို့ဖျက်သိမ်းလိုက်ပါတယ်။ အခုပဲ -ကျနော်တို့က လူသိရှင်သိပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက ကျနော်တို့တိုင်းရင်းသားတွေ အပေါ် စေတနာမမှန်ဘူး။ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်ပြီ။ ငြိမ်းချမ်းရေးအစစ်အမှန်မဟုတ်တဲ့အတွက် ကျနော်တို့က ပြန်စစ်တိုက်မယ်။
ကျနော်တို့ ဒီသေနတ်တွေကို ကျနော်တို့က  ပြန် တောင်းလို့ မရဘူးဆိုရင်- ဒီသေနတ်တွေကို နိုင်ငံတော်ငွေကြေးနဲ့ ဝယ်ယူပေးထားတာဆိုရင်လက်ခံတယ်။ သက်သက်ပြန်ယူဆိုပြီးတော့ ကျနော်တို့လက်ခံတယ်။ ဒီလက်နက်တွေဟာ DKBA တည်ဆောက်တုန်းက စုထားတဲ့ လက်နက်တွေပဲ။ တောင်းလို့ မရတဲ့အတွက်ကြောင့်၊ မပေးတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးအတွက် နောက်နောင်ဆိုရင် အနိုင်ကျင့်ခံရမယ်၊ နောက်နောင်ဆိုလို့ရှိရင် ကျနော်တို့ကို ဖိနှိပ်မယ်၊ တိုင်းရင်းသားတွေကို လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ပုံစံနဲ့လုပ်တယ်လို့ ကျနော်တို့က အဲဒီလို ခံစားရတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့က ပြန်ပြီး ရုပ်သိမ်းတယ်။ ကျနော် တဦးတယောက်ရဲ့ သဘောထားမဟုတ်ဘူး၊ ကျနော်တို့ တပ်ဗိုလ်၊ တပ်မှူးတွေရဲ့ သဘောထား အဲလိုပဲ ရှိတယ်။ ငြိမ်းချမ်းရေးက အစစ်အမှန်ပြန်ရဖို့ဆိုရင် ပြန်စစ်ထိုးမယ်။ ပြန်တိုက်မယ်။ ”
DKBA ဟာ KNU ကနေ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးကို ၁၆ နှစ် ကြာ ရယူခဲ့ကြောင်း
၂ဝ၁ဝ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်ဖွဲစည်းရေး လုပ်ရမယ်ဆိုပြီး မြန်မာအစိုးရက ဖိအားပေးလာတဲ့ အတွက် တနှစ်နီးပါး ပြန်လည်တိုက်ခိုက်မူတွေ ဖြစ်ခဲ့ပြီး ဒုက္ခသည်သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့ကြောင်း
ဒီ့နောက် ၂ဝ၁၁ နိုဝင်ဘာလထဲမှာ အပစ်အခတ်ရပ်စဲရေး  ပဏာမ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့တွေကို သဘောတူခဲ့ကြောင်းအခုအခါမှာတော့ တင်းမာမှုတွေဖြစ်ပြီး သူတို့ငြိမ်းချမ်းရေးဟာ ပျက်ပြားသွားပြီဖြစ်ကြောင်းသိရသည်။

အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝမ်ဟာ ဒီကနေ့ မနက်ပိုင်းက အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့ကြောင်း  အဲဒီလိုတွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်အတွင်း အာဆီယံက ဘယ်လိုအခန်းကဏ္ဍကနေ ဝင်ရောက် ကူညီနိုင်မလဲဆိုတာ ဆွေးနွေးခဲ့ကြောင်း အာဆီယံအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ လာရောက်မယ့်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုကြောင်း
မစ္စတာ ဆူရင် ပစ်ဆူဝမ်ဟာ မနေ့ကလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အာဆီယံအနေနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်လိုကြောင်း သမ္မတ ဦးသိန်းစိန်ကလည်း ဒီအချက်ကို အလေးထား စဉ်းစားသွားမယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ်ကို ပြန်လည် ပြောဆိုခဲ့ကြောင်း
အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝမ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့မနက်ပိုင်း ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့ကြကြောင်းတွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြောင်းအဲဒီအချိန်မှာ မစ္စတာ ပစ်ဆူဝမ်က Myanmar-ASEAN Chair 2014 တံဆိပ်ပါတဲ့ တီရှပ်တစ်ထည်ကို အမှတ်တရ လက်ဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါကြောင်းသိရသည်။

သူရ ဦးရွှေမန်း တရုတ်ခရီးစဉ် စတင်

တရုတ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို တိုးမြင့်ဖို့ သွားရောက်မှာ ဖြစ်ကြောင်း သူရ ဦးရွှေမန်းဟာ မနေ့က နေပြည်တော်ကနေ တရုတ်နိုင်ငံကို ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်တာဖြစ်ကြောင်း
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ Wu Bangguo ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို သွားရောက်တာဖြစ်သလို တရုတ်နိုင်ငံဟာ လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း ပီသစွာ ရပ်တည်ပေးခဲ့တဲ့အတွက် အခုလို သွားရောက်တာ ဖြစ်တယ်လို့ ပြောကြောင်း

"တရုတ် - မြန်မာ နှစ်နိုင်ငံဟာ အင်မတန်မှ ချစ်ခင် ရင်းနှီးတဲ့ နိုင်ငံများ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဟောင်း မိတ်ဆွေစစ် နိုင်ငံ ဖြစ်ပါတယ်။ အရေးကြုံလာလို့ ရှိရင်လည်း မြန်မာ နိုင်ငံဖက်က မှန်မှန် ကန်ကန် ရပ်တည် ဆောင်ရွက်ပေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီတပတ် ခရီးစဉ်မှာ တရုတ်နိုင်ငံကို သွားရောက်ခြင်း ဖြစ်ပါတယ်။ မိမိတို့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးမြင့်စေရေးအတွက် ရည်ရွယ်ပါတယ်။"

တရုတ်နိုင်ငံက လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးခဲ့တယ် ဆိုပေမယ့် ဘယ်လို အခြေအနေ မျိုးတွေမှာ ရပ်တည်ပေးခဲ့တယ် ဆိုတာကိုတော့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း မရှိကြောင်း တရုတ်နိုင်ငံအနေနဲ့ မကြာခင်ကပဲ မြန်မာလွှတ်တော်မှာ အသုံးပြုဖို့အတွက် ကွန်ပြူတာတွေကို လှုဒါန်း ခဲ့ကြောင်း အဲဒီမှာလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးကို လက်ခံတွေ့ဆုံပြီး တရုတ်နဲ့မြန်မာဟာ စစ်မှန်တဲ့ မိတ်ဆွေ နိုင်ငံတွေဖြစ်တယ်လို့ ပြောခဲ့ကြောင်း

မြန်မာနိုင်ငံအနေနဲ့ မနှစ်ကစလို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာပြီးတဲ့နောက် အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်လာခဲ့ကြောင်း ဒါကြောင့်လည်း အိမ်နီးချင်း တရုတ်နဲ့ ဆက်ဆံရေးမှာ ထိခိုက်လေမလား တွက်ဆမှုတွေရှိလာခဲ့ကြောင်း အထူးသဖြင့်တော့ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ သက်တမ်းတလျောက် မြစ်ဆုံဆည် တည်ဆောက်ရေး ကိစ္စကို ယာယီ ရပ်ဆိုင်းထားဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ အခုအစိုးရသစ် သက်တမ်းအတွင်း တရုတ် မြန်မာ ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ထွက်လာနေကြောင်းမြန်မာအာဏာပိုင်တွေဖက်ကတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကြောင့် တရုတ် မြန်မာဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ တုန့်ပြန်ထားကြကြောင်း

လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ ဗုဒ္ဓဟူးနေ့က တရုတ်ပြည်ကို မထွက်ခွာခင် အခုသီတင်းပတ်အတွင်း ကျင်းပနေတဲ့ လွှတ်တော် စည်းဝေးပွဲတွေမှာ ပြည်သူ့ဝန်ထမ်းလစာ တိုးပေးရေးကိစ္စကို အဆိုတင်သွင်း ထားကြောင်း ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွင်း မနေ့က ပြုလုပ်တဲ့ စည်းဝေးပွဲ အတွင်းမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့အကျိုး မကြည့်ဘူး၊ မဆောင်ရွက်ဘူး ဆိုရင် သူကိုယ်တိုင် အပါအ၀င် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုခဲ့ကြောင်း
သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မှု မြန်မာ အာဆီယံ ဥက္ကဋ္ဌနေရာအတွက် အရေးပါ

မြန်မာအစိုးရရဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေအားလုံးဟာ လာမယ့် ၂ဝ၁၄ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌနေရာ ရယူဖို့အတွက် အရေးပါတဲ့ ပြင်ဆင်မှုတရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ် က ပြောဆိုလိုက်ကြောင်း ဒါ့အပြင် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အများက ဖြစ်စေချင်သလို လွတ်လပ်ပြီး တရားမျှတမှု ရှိခဲ့မယ်ဆိုရင် အာဆီယံအနေနဲ့ မြန်မာအစိုးရရဲ့ တောင်းဆိုချက်တိုင်းကို အခုလိုပဲ ဖြည့်စွမ်းပေးမှာ ဖြစ်ကြောင်း
မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီး ၁ နှစ်အကြာမှာ ပြုပြင်ပြောင်းလဲမှုနဲ့ တိုးတက်မှု တော်တော်များများ မြင်တွေ့ခဲ့ရပြီး - ဒါတွေအားလုံးဟာ လာမယ့် ၂ဝ၁၄ ခုနှစ်ကျရင် မြန်မာနိုင်ငံက ရယူမယ့် အာဆီယံဥက္ကဋ္ဌနေရာအတွက် ပြင်ဆင်မှုဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် က ဒီကနေ့ ပြောဆိုခဲ့ကြောင်းမစ္စတာ ဆူရင်းပစ်ဆူဝမ်ကတော့ - အာဆီယံကရော နိုင်ငံတကာကပါ ဒီရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေမှာဖြစ်ပြီး - အများက ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေမျိုးဖြစ်ခဲ့မယ်ဆိုရင် မြန်မာအစိုးရဘက်က တောင်းဆိုတာမှန်သမျှ အာဆီယံအနေနဲ့ ချက်ချင်း တုန့်ပြန်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ကြောင်း
အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေကြောင်းသူက နေပြည်တော်မှာ အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ကြောင်း
ဒါ့အပြင် ဧရာဝတီတိုင်း ဖျာပုံဘက်ကို သွားရောက်ဖို့ရှိပြီး အဲဒီမှာ အာဆီယံက ကူညီဆောင်ရွက်ပေးနေတဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေနဲ့ နာဂစ်ကယ်ဆယ်နေရာချထားရေးအစီအမံတွေကို သွားရောက် စစ်ဆေးမှာဖြစ်ကြောင်းသိရသည်။

ကျိုင်းတုံထောင် အကျဉ်းသားနှစ်ဦး စိတ်ကြွဆေးပြားများနှင့်ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံထောင်မှ အကျဉ်းသားနှစ်ဦးကို ထောင်ပြင်ပ ကျိုင်းတုံမြို့ အထွက်တွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိမှု တနင်္လာနေ့က ဖြစ်ပွားခဲ့ကြောင်း
မြင်းဆေး ခေါ် စိတ်ကြွဆေး အပြား ၂၀ သယ်ဆောင်လာသူ လူနှစ်ဦးကို Dream အမျိုးအစား ဆိုင်ကယ် အပြာရောင် တစီးနှင့်အတူ ကျိုင်းတုံမြို့အထွက် နောင်ဖာ ဂိတ်တွင် တနင်္လာနေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့မိပြီး စစ်ဆေးကြည့်ရာမှ အကျဉ်းသားများဟု သိရှိရပြီး ကျိုင်းတုံထောင်သို့ လွှဲပြောင်းပေးခဲ့ကြောင်း
ဖမ်းဆီးရမိသူ အကျဉ်းသား အိုက်ကျော် (ခ) သန်းလွင်ကျော်နှင့် စိုးနိုင် (ခ) ကုလားလေး တို့မှာ ကျိုင်းတုံ ယာယီထောင်ပိုင် ဦးဌေးမောင်အိမ်တွင် နေထိုင်သူများဖြစ်ကြပြီး မကြာမီ လပိုင်းတွင် လွတ်ရက်စေ့တော့မည့် သူများလည်းဖြစ်ကြောင်း ၎င်းတို့နှစ်ဦးသည် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် ပြစ်ဒဏ်ကျခံနေသူများ ဖြစ်သော်လည်း ထောင်မှူး ဦးကျော်သိန်းကို ငွေကြေးထောက်ပံ့ကာ ထောင်ပိုင် ဦးဌေးမောင်အိမ်တွင် အိမ်အကူ အလုပ်များ လုပ်ကာ အပြင်လူများကဲ့သို့ သွားလာခွင့် ရှိသူများဖြစ်ကြောင်း

တနင်္လာနေ့က ထောင်တွင်အသုံးပြုနေသည့် မီးစက်အတွက် လိုအပ်သည့် ပစ္စည်းများကို ကျိုင်းတုံ ဈေးထဲသို့ သွားရောက် ဝယ်ခိုင်းရာမှ အပြန် နောင်ဖာဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း၎င်းတို့နှစ်ဦးအား ကျိုင်းတုံထောင် အချုပ်ဆောင်တွင် ထားရှိပြီး ရဲဘက်ပြေးမှု ပုဒ်မ ၂၂၄ နှင့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု တို့ဖြင့် ထောင်တရားရုံးတင်ကာ စစ်ဆေးခဲ့ကြောင်းထောင်မှူး ဦးကျော်သိန်း၏ ခိုင်းစေမှုဖြင့် စက်ပစ္စည်း သွားဝယ်သူ နှစ်ဦးကို ရဲဘက်ပြေးမှု ပုဒ်မ ၂၂၄ ဖြင့်တရားစွဲဆိုမှုကို တရားမျှတမှု မရှိဟု ဆိုကာ ထောင်ဝန်ထမ်းအချို့က မကျေနပ်သဖြင့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းထံသို့ လိပ်မူကာ တိုင်တန်းစာပေးပို့ခဲ့ကြောင်း

ကျိုင်းတုံထောင်တွင်ရာဇဝတ်မှုဖြင့်အကျဉ်းကျနေသူအချို့မှာ ငွေကြေးတတ်နိုင်သူများ ဖြစ်ပြီး ထောင်အာဏာပိုင်များ ကို ငွေကြေးပေးကာ အပြင်ဘုတ်ခေါ် သီးသန့် လွတ်လပ်စွာ နေထိုင်ခွင့်၊ အပြင်ထွက်ခွင့်များ ရရှိသလို အစားအသောက်များကိုလည်း လွတ်လပ်စွာ စားသုံးခွင့်ရှိကြောင်း
ထို့အတူ အာဏာပိုင်များနှင့် ပူးပေါင်းကာ ထောင်တွင်း မူးယစ်ဆေးဝါး သယ်ယူ သုံးစွဲခွင့် ရနေသူများလည်း ရှိကြောင်းသိရသည်။


စီးပွားရေး ပိတ်ဆို့မှုသည် အဓိက ပြဿနာဟု အာဆီယံကို လုပ်ငန်းရှင်များပြော

စီးပွားရေး ဖွံ့ဖြိုးမှုများအတွက် နိုင်ငံတကာမှ ပိတ်ဆို့မှုမှာ အဓိကပြဿနာရပ် ဖြစ်နေ
ကြောင်း မြန်မာ စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြ ပြောကြားလိုက်
ကြောင်းအင်္ဂါနေ့က အာဆီယံ အတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းစုချုပ် UMFCCI မှ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း

“မြန်မာနိုင်ငံက ပြေးလမ်းကနေ ပျံတက်တော့မယ့် လေယာဉ်တစီးနဲ့ တူပါတယ်။ အပေါ်ကို ပျံတက်ဖို့ အားယူနေချိန် မှာ ရှေ့မှာ ပြင်းထန်တဲ့ လေတွေက ဆန့်ကျင် တိုက်ခတ်နေတယ်။ ဒါပေမယ့် မြန်မာက ရှေ့ကို ဆက်ပျံသန်းဖို့ပဲ ဆုံးဖြတ်ထားတယ်” ဟု UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြော
ကြောင်း

၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက လက်ခံကျင်းပမည့် အာဆီယံ ထိပ်သီးညီလာခံသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုများ အတွက်လည်း အရေးပါသည့် ကိစ္စတခုဖြစ်ပြီး ယခုအချိန်သည် ပိတ်ဆို့မှုများ ဖယ်ရှားကာ ပြည်သူများ အနေနှင့် ကောင်းမွန်သည့် လူနေမှုဘဝများ ရရှိသင့်သည့် အချိန်ကာလဟု UMFCCI က ပြော
ကြောင်းUMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့သည်မှာ မြန်မာနိုင်ငံသို့ ဝင်ရောက် ရင်းနှီးမြှပ်နှံပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အလားအလာ အကောင်းဆုံး နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များသည် ယခုပိတ်ဆို့မှုများကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်ရကြောင်း၊ မြန်မာနိုင်ငံမှ ၉၅ ရာခိုင်နှုန်းသော စီးပွားရေး လုပ်ငန်းများမှာ အလတ်စားနှင့် အသေးစား လုပ်ငန်းများ ဖြစ်ကာ နိုင်ငံတကာမှ ဘဏ္ဍာရေး၊ နည်းပညာ အကူအညီ များစွာ လိုအပ်နေကြောင်းသိရသည်။

ဘိန်းခင်း ၅၅၄၂၉ ဧက ကျော် ဖျက်ဆီးပြီးဟု အစိုးရထုတ်ပြန်

၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် အထိ တိုင်းနှင့် ပြည်နယ် အလိုက် ဘိန်းခင်း စုစုပေါင်း ၅၅၄၂၉ ဧက ကျော် ဖျက်ဆီးပြီးကြောင်း အစိုးရက ထုတ်ပြန် လိုက်သည်။ ယင်း ဘိန်းခင်း အများစုမှာ ရှမ်းပြည်နယ် နှင့် မကွေးတိုင်း ဒေသများမှ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ တွင် ဖော်ပြထား သည်။ ကမ္ဘာ့ ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ တိုက်ဖျက်ရေး ရုံး(UNODC) ၏ အစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ ဘိန်းစိုက် ပျိုးမှုသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း၂ဆ ခန့် တိုးမြင့် လာကြောင်း၊၂၀၁၁ ခုနှစ် တနှစ်အတွင်း ဘိန်း တန်ချိန် ၆၁၀ ထုတ်လုပ်ခဲ့ကြောင်း၊ အာဖဂန်နစ္စတန် နိုင်ငံပြီးလျင် ကမ္ဘာ့ အကြီးဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ် သည့် နိုင်ငံ ဖြစ်ကြောင်း ဖော်ပြထားကြောင်းသိရသည်။

ရွှေတိဂုံတွင် သာသနာ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပ

ဗုဒ္ဓသာသနာ ၂၆၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ရွှေတိဂုံ စေတီ၌ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ယနေ့မှ စတင်၍ ၁၅ ရက်ကြာ ကျင်းပမည်ဖြစ်သည်။ ယနေ့ နံနက်က ပွဲတော် ဖွင့်ပွဲကို နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီးများ၊ သာသနာရေး ၀န်ကြီး ဦးမြင့်မောင်၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ တို့ တက်ရောက် ဖွင့်လှစ်သည်။ ပွဲတော်တွင် တရားပွဲများအပြင် ပဒေ သာ ကပွဲ၊ ရုပ်သေး၊ ရုပ်ရှင် စသည့် ပျော်ပွဲ ရွှင်ပွဲများနှင့် ရွှေတိဂုံသမိုင်း ပြကွက်များ ပါဝင်ကြောင်း သိရသည်။ ရွှေတိဂုံစေတီတွင် ယခုကဲ့သို့ ကြီးမားစည်ကားသည့် ပွဲတော် ကျင်းပခွင့်မရသည်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ နှစ်ပေါင်း ၂၀ ကျော် ရှိပြီ ဖြစ်ကြောင်းသိရသည်။

အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း မြန်မာအစိုးရ ပြရန်လို

မြန်မာအစိုးရ၏ လုပ်ဆောင်မှု အားလုံးသည် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့်ရမည့် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း ပြသရမည်ဟု အာဆီယံ အထွေအထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ယနေ့နံနက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြောဆိုလိုက်သည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်သူများ လာရောက်ခွင့်ပေးရန် အထူးအလေးပေး စဉ်းစားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သော်လည်း မည်သည့်အချိန်တွင် လာရောက်ခွင့်ပြုမည် ဆိုသည်ကို မသိရသေးကြောင်း ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ပြောဆိုသည်ဟု Eleven Media Group ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားကြောင်းသိရသည်။

၅ ထောင်တန် ဖုန်းကတ်ကိစ္စဖြင့် ကြံ့ခိုင်ရေးပါတီ မဲဆွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က လူထုအတွက် ကျပ် ၅ ထောင်တန် ဖုန်းကတ်များ ချပေးရေး လွှတ်တော်တွင် အဆိုတင်သွင်းမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြောဆိုမဲဆွယ်နေသည်ဟု သိရသည်။ ၅ ထောင်တန် ဖုန်းကတ် ရောင်းချပေးရေးကို ရွှေပြည်တံခွန်ကုမ္ပဏီက အစိုးရထံ တင်ပြတောင်းခံခဲ့သော်လည်း ဆက်သွယ်ရေးလုပ်ငန်းကို အစိုးရကသာ လုပ်ဆောင်နိုင်သည်ဟုဆိုတာ ပယ်ချခံထားရကြောင်းသိရသည်။

 

ဆောင်းဦးလှိုင်ဖျော်ဖြေပွဲ ဝင်ငွေများကို လူမှုရေးအတွက် လှူဒါန်း


တေးရေး အဆိုတော် ဆောင်းဦးလှိုင်၏ “နှလုံးသားတွေ လှူမယ့်ည” အမည်ရှိ တကိုယ်တော် ဂီတဖျော်ဖြေပွဲမှ ရရှိသည့် ငွေများကို နာရေးကူညီမှု အသင်း (ရန်ကုန်) အပါအဝင်လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လှူဒါန်း လိုက်ကြောင်း ဖျော်ပြေပွဲမှ ရရှိသော ငွေ စုစုပေါင်း ကျပ် ၁၂၆ သိန်းဖြစ်ပြီး အဆိုပါငွေများအား လှူဒါန်းပွဲကို နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးတွင် ယနေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့ကြောင်း   ကျန်သည် ၄၂ သိန်းကို ၎င်း၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သော MRTV4 အား လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြန်လည် လှူဒါန်းသော်လည်း မလိုအပ်ကြောင်း ပြောဆိုလာသည့်အတွက် အဆိုပါငွေကို နောက်ထပ် ဂီတ ဖျော်ဖြေပွဲများအတွက် မတည်ငွေအဖြစ် ချန်ထားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အသက် ၄၁ အရွယ် ကိုဆောင်းဦးလှိုင်၏ ပုံတူ ပန်းချီကား တချပ်ကို ပြန်လည် လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေါ်နေရီဗဆွေလည်း NLD ပါတီဝင်ပြီ


NLD က ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်နေရီဗဆွေအား ပါတီဝင်အဖြစ် အသိအမှတ် ပြုလိုက်ကြောင်း သိရသည်။
”သူ့ကို လက်ခံပြီးပြီ။ သူ ပါတီဝင် မလျှောက်ခင်ကတည်း က ကျွန်တော်တို့နဲ့ တွေ့ပါ တယ်။ ကျွန်တော်တို့က သူ့ကို လျှောက်လွှာတင်တာနဲ့ တစ်ခါတည်း လက်ခံလိုက် တယ်” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဥာဏ်ဝင်းက တနင်္လာနေ့ NLD သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ကြောင်း ပေါ်ပြူလာနယူးစ် ဂျာနယ် facebook စာမျက်နှာတွင် ယနေ့ညနေပိုင်းက ဖော်ပြထားသည်။
ဒေါ်နေရီဗဆွေသည် ဒီမိုကရက်တစ်ပါတီ(မြန်မာ) တွင် ခေါင်းဆောင်ပိုင်းနေရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ယခု ထိုပါတီတာဝန်များ ဆက်လက် ထမ်းဆောင်ခြင်း ရှိမရှိ မသိရသေးပေ။
၎င်းသည် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီးဖြစ်ပြီး ၁၉၇၀ နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည်။၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲတို့တွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခြင်း မခံခဲ့ရပေ။မြန်မာပြည်နိုင်ငံရေးတွင် အမြဲပါဝင်လေ့ရှိသူ ဒေါ်နေရီဗဆွေက NLD နှင့် ပူးပေါင်းလိုက်သော်လည်း သူ၏ လုပ်ဖော်ကိုင်ဘက်များ ဖြစ်သော ဒေါ်သန်းသန်းနု (၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီး)၊ ဒေါ်ချိုချိုကျော်ငြိမ်း (ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး) တို့ NLD ပါတီ ၀င်ရန် အစီအစဉ် ရှိမရှိ မသိရသေးပေ။

NLD က ထင်ရှားသည့် နိုင်ငံရေးသမားတဦး ဖြစ်သော ဒေါက်တာမြတ်ဉာဏစိုးဒါက်တာမြတ်ဉာဏစိုးအား ပါတီဝင်အဖြစ် အသိအမှတ် ပြုလိုက်ကြောင်း တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ကြောင်းသိရသည်။

ကျပ်ငွေ ၅ ထောင်တန် SIM ကဒ် MDC က တောင်းဆို


လက်ကိုင်တယ်လီဖုန်း SIM ကဒ်တစ်ခုကို ကျပ်ငွေ ၅ ထောင်နှုန်းနဲ့သာ ပြည်သူတွေ သုံးစွဲခွင့်ရမယ်ဆိုရင် ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေးကို အထောက်အကူ ပြုနိုင်မှာဖြစ်လို့ ဒီကိစ္စကို ခွင့်ပြုပေးဖို့ ရန်ကုန်မြို့အခြေစိုက် MDC ခေါ် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့က မနေ့က တောင်းဆိုလိုက်ကြောင်း
ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က အခုလိုပြောကြောင်း
“ငါးထောင်ကျပ်တန် SIM ကဒ်က ပြည်သူလူထု ဆင်းရဲ မွဲတေမှု ပပျောက်ရေးမှာ အထိုက်အလျောက် အထောက်အပံ့ ဖြစ်နိုင်တဲ့အတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ကျွန်တော်တို့က မေတ္တာရပ်ခံချင်တာက ချက်ချင်း လုပ်နိုင်တဲ့ကိစ္စတွေကို ချက်ချင်းလုပ်ပေးပါ၊ ပြည်သူလူထု ဆင်းရဲမွဲတေမှုကို လက်ပိုက် ကြည့်မနေကြပါနဲ့။ ဘယ်လို အစိုးရမျိုး တက်တက်ပေါ့ဗျာ၊ ကျွန်တော်တို့က ပြည်သူလူထု ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အစဉ်တစိုက် တောင်းဆိုသွားမှာဖြစ်ပါတယ်”
လူတစ်ယောက် မှတ်ပုံတင်ပြရင် SIM ကဒ် တစ်ခု ၅၀၀၀ နှုန်းနဲ့ မကြာခင်ကာလမှာ ရောင်းချပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်မယ်လို့ ရွှေပြည်တံခွန် ကုမ္ပဏီက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ ထုတ်ပြန် ကြေညာခဲ့ကြောင်းဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ဆက်သွယ်မှု ကွန်ရက်ကို စနစ်တကျ တည်ဆောက်ဖို့ အချိန်တော်တော်ကြာကြာ လိုအပ်နေသေးသလို တည်ဆဲဥပဒေတွေနဲ့လည်း မကိုက်ညီတဲ့အတွက် ကျပ် ၅၀၀၀ တန် ဖုန်းကိစ္စက လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန် ကြေညာခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ သူရ ဦးရွှေမန်း အားမရသေး


မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေဟာ နှေးကွေးလေးလံနေပြီး အားရကျေနပ်စရာ မကောင်းလှသေးဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မနေ့က ပြောလိုက် ကြောင်းဗုဒ္ဒဟူးနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် တွေ့ဆုံပွဲမှာ အဲဒီလို ပြောဆိုခဲ့ကြောင်း
အစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပုံစံအတိုင်း ဥပဒေတွေ ပြင်ဆင် ပြဋ္ဌာန်းရေးမှာ နှေးနှေးကွေးကွေး သွားနေမယ်ဆိုရင် မိမိတို့ရဲ့လွှတ်တော် ၅ နှစ်သက်တမ်းအတွင်း လုပ်ငန်းတွေ ပြီးစီးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်းရွေ့ရမယ့်သူတွေက မရွေ့ရင် တွန်းရမယ့်သူတွေက ရွေ့အောင် တွန်းရမှာဖြစ်ကြောင်း၊ နေပြည်တော်က ဆောက်လုပ်ရေး အလုပ်သမားတွေ လစာ တစ်သိန်းကျော် ရနေချိန်မှာ မိမိအနေနဲ့ ပြည်သူ့ဝန်ထမ်း လစာတိုးပေးဖို့ အဆိုကို နောက်ဆုတ်မှာ မဟုတ်ကြောင်း၊ ၀န်ထမ်းလစာတိုးလို့ ကုန်ဈေးနှုန်းတွေ မမြင့်ရအောင် နည်းလမ်း ရှာရမှာဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တွေ အဂတိတရား ရှောင်ရှားပြီး ရဲရဲဝံ့ဝံ့ သတ္တိရှိရှိနဲ့ ပြည်သူ့အကျိုး အရေးဆို ဆောင်ရွက်ကြစေလိုကြောင်း ဒါပေမယ့် မိမိရဲ့ မိန့်ခွန်းတွေကို ပြန်ကြားရေးဌာန သတင်းတွေမှာ အဖြတ်တောက် ခံခဲ့ရတယ်လို့လည်း သူရဦးရွှေမန်းက ထည့်သွင်းပြောဆိုခဲ့ ကြောင်း

အခုလို ၀န်ထမ်းလစာတိုးရေး ပြောဆိုနေတာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်နေတဲ့ သဘောများလားလို့ သတင်းထောက် တစ်ယောက်က မေးမြန်းရာမှာတော့ အဲဒီသဘော မဟုတ်ကြောင်း၊ ပြည်သူ့အကျိုး အတွက်သာ ဖြစ်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရွှေမန်းက ငြင်းဆိုခဲ့ကြောင်း ဒီကနေ့မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ တရုတ်ပြည်ကို ငါးရက်ကြာ အလည်အပတ် ရောက်နေပြီဖြစ်ကြောင်းသိရသည်။

မန်းတောင်ခြေ စုဝေးခွင့်မပြု

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထုစည်းဝေးပွဲအတွက် မန်းတောင်ခြေ အားကစားကွင်းမှာ ကျင်းပခွင့်ပေးဖို့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လျှောက်ထားခဲ့တာကို ပြည်ထောင်စုကော်မရှင် ဥက္ကဋ္ဌက တားမြစ် ပိတ်ပင်လိုက်ကြောင်း အခုလို ပိတ်ပင်လိုက်တဲ့အကြောင်း မန္တလေးမြို့ကို ရောက်ရှိနေတဲ့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုံးကြိုင်ကို မန္တလေးတိုင်းအားကစားနဲ့ ကာယပညာ ဒုညွှန်ကြားရေးမှူးက ပြောကြားတယ်လို့ သိရပါတယ်။ 

အမေရိကန်အခြေစိုက်Visaကုမ္ပဏီကစီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းသည်နှင့်လုပ်ငန်းဆောင်ရွက်နိုင်ရန် ပြည်တွင်းဘဏ်အချို့နှင့် ချိတ်ဆက်လာ


အမေရိကန်နိုင်ငံအခြေစိုက် Visa  အကြွေးဝယ်ကတ်လုပ်ငန်းက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းသည်နှင့် လုပ်ငန်းဆောင် ရွက်နိုင်ရန် ပြည်တွင်းဘဏ်အချို့နှင့် ချိတ်ဆက်ဆွေးနွေးလာကြောင်း
''Visa  ကုမ္ပဏီက ပြည်တွင်းဘဏ်တွေနဲ့ ဆွေးနွေးသွားပါတယ်။ သူတို့က စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်း သွားပြီဆိုတာနဲ့ ၀င်လာနိုင်အောင် ပြင်ဆင်လာတဲ့အခြေအနေပါ။ တခြားနိုင်ငံတွေက အကြွေးဝယ်ကတ်လုပ်ငန်းတွေ လည်း မြန်မာပြည်ဈေးကွက်ကို တော်တော်စိတ်ဝင်စားနေတာ တွေ့ရတယ်''ဟု အဆိုပါလုပ်ငန်းများနှင့် ဆွေးနွေးရာတွင် ပါဝင်သည့်ပုဂ္ဂလိကဘဏ်တစ်ခုမှ  ပြောကြားကြောင်း
 မြန်မာနိုင်ငံတွင် လက်လီလက်ကား ဘဏ်လုပ်ငန်းများဆောင်ရွက်လိုသည့် နိုင်ငံတကာဘဏ်များ ပိုမို များပြားလာပြီး ယင်းတို့အထဲတွင် လက်လီဘဏ်လုပ်ငန်းစနစ်ဖြစ်သော နိုင်ငံတကာအကြွေးဝယ်လုပ်ငန်းများ ပါဝင် လာခြင်းဖြစ်ကြောင်း၊ အခြားကမ္ဘာ့ထိပ်တန်း အကြွေးဝယ်ကတ်လုပ်ငန်းဖြစ်သော Mastercard မှာ မြန် မာနိုင်ငံသို့ ယခုအချိန်အထိ ချိတ်ဆက်မှုမရှိသေးကြောင်း မြန်မာဘဏ်များအနေဖြင့် ၂၀၁၁ခုနှစ် နိုဝင်ဘာလမှစတင်ပြီး အေတီအမ်ကတ်ဝန်ဆောင်မှုကို ပေးအပ်လျက်ရှိပြီး ဘဏ်အနီးတွင်သာ မက ရှော့ပင်းစင်တာများ၊ လေဆိပ် များ၊ ဘူတာရုံများ၊ စူပါမားကတ်များကဲ့သို့ လူအများ သွားလာမှုများ သည့်နေရာများတွင်ပါ အေတီအမ် စက်များကိုထားရှိရန် လုပ်ဆောင်နေကြောင်း၊ ထို့အပြင် Debit ကတ် အမျိုးအစားဖြစ်သော MPU ကတ်ကိုလည်း လာမည့်ဧပြီလတွင်စတင် အသုံးပြုမည့်အပြင် မြန်မာဘဏ်များအားလုံး ချိတ်ဆက်ပြီး နိုင်ငံတကာ ဘဏ်များပါ ပါဝင်ချိတ်ဆက်နိုင်မည့် Myanmar Union Payment Network မှာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း

''လက်ရှိမှာ မြန်မာဘဏ်တွေ အနေနဲ့ အေတီအမ်ကတ်စနစ်၊ Debit ကတ်စနစ်နဲ့ Point of Sale (POS) ၀န်ဆောင်မှုတွေ လုပ်ကိုင်ခွင့် ရရှိထားပါတယ်။ နောက်ပြီး Credit ကတ်တွေ၊ Smart ကတ်တွေတို့ကိုလည်း  MPU ကတ်နဲ့ ချိတ်ဆက်ပြီး အသုံး ပြုနိုင်မှာပါ။  MPU ကတ်က  ပြည်တွင်းမှာအပြင် ပြည်ပကိုလည်း ယူဆောင်အသုံးပြုနိုင်မှာဖြစ်ပြီး နိုင်ငံတကာကတ်တွေဖြစ်တဲ့ Visa ၊ Master ၊ CUP  တို့လို ကတ်တွေကိုလည်း ပြည်တွင်းမှာ အသုံးပြုနိုင်မှာပါ။ မြန်မာပြည်မှာ အကြွေးဝယ်ကတ် လုပ်ငန်း လုပ်ကိုင်လိုတဲ့ နိုင်ငံတကာကုမ္ပဏီတွေလည်း ၀င်ရောက်လာနိုင်မှာပါ''ဟု မြန်မာနိုင်ငံငွေပေးချေမှု အဆင့်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးက ရှင်းပြပါသည်။ 

အလားတူပင် တရုတ်နိုင်ငံအခြေစိုက် CUP ကတ်ကဌာနဆိုင်ရာ များမှ ခွင့်ပြုချက်ရသည်နှင့် ချက်ချင်းလုပ်ကိုင်လိုသည့် အခြေအနေရှိကြောင်းလည်း သိရှိရသည်။

ဘယ်မောင်းအမျိုးအစား Bus ကားနှင့် Truck ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြု


ဘယ်မောင်းအမျိုးအစား Bus နှင့် Truck ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုလိုက်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
''ဘယ်မောင်းအမျိုးအစားဆိုရင် Bus ကားပဲဖြစ်ဖြစ်၊ Truck ကားပဲဖြစ်ဖြစ် လွတ်လပ်စွာ တင်သွင်းနိုင်ပါပြီ။ စီးပွားကူးသန်းမှာ လာလျှောက်ထားလို့ရတယ်။ မော်ဒယ်ကတော့ ကန့်သတ်ထားတယ်။ ဘတ်စ်ကားဆိုရင် လက်ရှိရောက်နေတဲ့ မော်ဒယ်ကနေ ငါးနှစ်အတွင်း မော်ဒယ်ကို ခွင့်ပြုထားတယ်။ Truck ကားဆိုရင်တော့ ရောက်နေတဲ့မော်ဒယ်ကနေ ၁၀ နှစ်အတွင်း မော်ဒယ်ကို ခွင့်ပြုထားတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ့ပင်လယ်ပြင်တွင် ငါးသလောက် မျိုးပြုန်းတီးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရ 


မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းပိုက်များပြောင်းလဲကာ ငါးဖမ်းဆီးမှုကြောင့် ငါးသယံဇာတများ ပြုန်းတီးမှုနှင့်အတူ ငါးသလောက် ငါးမျိုးပြုန်းတီးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။

''အရင်တုန်းကဆိုရင် ရေပေါ်ငါးမျိုးဖြစ်တဲ့ ငါးသလောက်ကို ၄ ဒသမ ၃ လက်မ အရွယ်ရှိတဲ့ ပိုက်ကွက်တွေနဲ့သာ ဖမ်းတာကြောင့် အရွယ်ရောက်ပြီးတဲ့ ငါးသလောက်တွေကို သာဖမ်းမိပြီး အကောင်ပေါက်တွေကတော့ လွတ်မြောက်သွားနိုင်ပါတယ်။ အခုဖမ်းနေတဲ့ ပိုက်ဖြစ်တဲ့ ၀ိုင်းချုပ်ပိုက်ဆိုရင် အရွယ်အစားက တစ်လက်မခန့်လောက် ရှိပါတယ်။ ဒီတော့ ဖမ်းတဲ့နေရာမှာ ငါးအကောင် ပေါက်လေးတွေပါ ဖမ်းမိတဲ့ထဲ ပါကုန်ပါတယ်။ ငါးသလောက်ငါးမျိုးဆို အခုဆိုရင် တဖြည်းဖြည်း ရှားပါးလာပြီး အခြေအနေ တော်တော်ဆိုးနေပါပြီ''ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင်က ၀ိုင်းပိုက်ဖြင့် ငါးသလောက်ဖမ်းဆီးရာတွင် သင်္ဘော ၅ စီး၊ ၆ စီးခန့်နှင့်သာ ဖမ်းဆီးခြင်းဖြစ်ပြီး ယခုဖမ်းဆီးနေသည့် ပိုက်ဖြစ်သည့် ၀ိုင်းချုပ်ပိုက်ဖြင့် ဖမ်းဆီးရာတွင် သင်္ဘောမှာ အစီး ၆၀၊ ၇၀ လောက်ရှိကြောင်း ထိုကဲ့သို့ ဖမ်းဆီး မှုများကြောင့် ငါးသလောက်တင်မကဘဲ အခြားရေပေါ်ငါးများဖြစ်သည့် ပလာတူးငါး၊ ပလာတန်းငါး၊ ပြည်တော်သာကဲ့သို့ ငါးမျိုးများပါ ငါးသယံဇာတကျသွားမည့် အနေအထားမျိုးတွင် ရှိနေကြောင်းကိုလည်း သိရှိရသည်။      


ပြည်ထောင်စုအစိုးရအဖွဲ့မှတင်ပြထားသည့် ၂၀၁၂ခုနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် စတင်ဆွေးနွေး


ပြည်ထောင်စုအစိုးရအဖွဲ့မှ တင်ပြထားသည့် ၂၀၁၂ခုနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စတင်ဆွေးနွေးနေကြောင်း
ပြည်ထောင်စုလွှတ်တော်အနေဖြင့် အခြေခံဥပဒေပုဒ်မ ၁၀၂၊၁၀၃ (ခ)(ဂ)(င)တို့နှင့်အညီ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၈၅မှ ၉၅တို့အရ ဥပဒေကြမ်းကို စိစစ်ခြင်း၊ ဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောထားများကို ဆွေးနွေးခြင်း၊ ဥပဒေကြမ်းဖြင့် တင်ပြထားသော ရငွေ၊ သုံးငွေများကို ဆွေးနွေးဆုံးဖြတ်ခြင်း၊ အသုံးစရိတ်များကို သဘောတူ အတည်ပြုခြင်း၊ငြင်းပယ်ခြင်းနှင့် လျော့၍ ခွင့်ပြုခြင်း၊လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


ရပ်ကွက်နှင့်ကျေးရွာဆယ်အိမ်စုအတွင်းကိုယ်စားလှယ်တစ်ဦးခန့်အပ်ရာတွင်မျက်နှာစုံညှိနှိုင်းရွေးချယ်ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံမှ မှတ်ချက်ပြန်လည်ရောက်ရှိလာသော်လည်းလျို့ဝှက်မဲပေးစနစ်ဖြင့်သာ ရွေးချယ်ရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု

ရပ်ကွက်နှင့် ကျေးရွာဆယ်အိမ်စုအတွင်း ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရာတွင် မျက်နှာစုံညှိနှိုင်းရွေး ချယ်ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့်ရောက်ရှိလာသော်လည်း လျို့ဝှက်မဲပေးစနစ်ဖြင့်သာ ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်မှ ဖေဖော်ဝါရီလ ၂၂ရက် နေ့တွင် သဘောတူခဲ့ကြောင်း  ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မထံမှ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်၌  ပြန်လည်ဆွေးနွေးနိုင်ရန် ရောက်ရှိလာသဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များကပြန်လည်ဆွေးနွေးကာထောက်ခံသူများသည့်အတွက်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာ ယက ဦးခင်အောင်မြင့်က''ဥပဒေ ကြမ်းရဲ့ အခန်း ၄ အပိုက် ၇ အပုဒ် ခွဲ(ဂ)ကို နိုင်ငံတော်သမ္မတက မူလ၀န်ကြီးဌာနက လွှတ်တော်သို့ပေးပို့သော ဥပဒေကြမ်းပါ ညှိနှိုင်းရွေးချယ်ရန် စာသားကို လျို့ဝှက်ဆန္ဒမဲပေး၍ ပြောင်းလဲပြဌာန်းမှုနှင့် စပ်လျဉ်း၍ ဆယ်အိမ်စုအတွင်း ကိုယ်စားလှယ်တစ်ဦးအား မျက်နှာစုံညှိနှိုင်းရွေးချယ်ပေးမှုစနစ်သည် အချိန်တိုအတွင်း ဆယ်အိမ်စုများအတွင်း၌ အများရှေ့မှောက်တွင် မျက်နှာစုံ ညှိနှိုင်းရွေးချယ်မှုဖြစ်၍ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ပေး နိုင်မည်ဖြစ်ကြောင်း
အခြေခံအဆင့်ရွေးချယ်မှုသည် လုပ်ငန်းတာဝန်နည်းပါးသွားစေခြင်း၊ မလိုလားအပ်သော အုပ်ချုပ်မှုဖြစ်စဉ်များအား ကာကွယ်ပေးခြင်း၊ ငွေကြေးကုန်ကျမှုမရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သကဲ့သို့ ဆန္ဒမဲပေးခြင်းကြောင့် ကြီးမားကျယ်ပြန့်လာသည့် ရှုပ်ထွေးမှုအားလုံးကို လျော့နည်း သွားစေမည်ဖြစ်ပါ သည်ဟု ပြင်ဆင်ရန် သဘောထားမှတ်ချက်ပြုထားတဲ့အတွက် ဥပဒေကြမ်းရဲ့ မူလပြဌာန်းချက်အတိုင်း ထားရှိသင့်ကြောင်းသိရှိရသည်။


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment