ကမ္ဘာ့သတင်းများ 02/03/2012
နိုင်ငံတကာသတင်း
ဆီးရီးယား သူပုန်တွေ Homs မြို့က ဆုတ်ခွာ
ဆီးရီးယားနိုင်ငံ ဟုမ်းစ် (Homs) မြို့က အတိုက်အခံတွေ သိမ်းပိုက်ထားတဲ့ Baba Amr ရပ်ကွက်ကို သမ္မတ ဘာရှာ အယ်လ်-အာဆဒ် ရဲ့တပ်တွေက လနဲ့ချီပြီး တိုက်ခိုက်နေသလို ဒေသခံတွေကို အပြစ်ပေး အရေးယူမှုတွေကြောင့် အဲဒီရပ်ကွက်ကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ လက်နက်ကိုင် အတိုက်အခံတွေက ပြောကြောင်း Baba Amr တော်လှန်ရေးတပ်မဟာလို့ နာမည်ပေးထားတဲ့ အတိုက်အခံတွေက ဒေသခံအရပ်သား ၄,၀၀၀ လောက်ဟာ သူတို့နေအိမ်တွေမှာပဲ ဆက်ပြီးနေမယ်လို့ ဇွတ် ပြောနေတာမို့ သူတို့ကိုထားခဲ့ပြီး ဆုတ်ခွာခဲ့ရတယ်လို့ ဆိုကြောင်း လက်နက်အင်အား နည်းပါးလာတဲ့အပြင် ဆက်သွယ်ရေး၊ လျှပ်စစ်၊ သောက်သုံးရေ၊ အစားအစာနဲ့ ဆေးဝါးတွေ မရှိတော့ဘဲ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွား လာတာကြောင့် ဆုတ်ခွာခဲ့ရတယ်လို့လည်း ပြောကြောင်း
အဲဒီ Baba Amr အရပ်မှာ ရက်အတော်ကြာ ပိတ်မိနေတဲ့ ပြင်သစ်သတင်းထောက် နှစ်ယောက်ကို အိမ်နီးချင်း လက်ဘနွန်နိုင်ငံဆီ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြင်သစ်သမ္မတ နီကိုလာ ဆာကိုဇီ (Nicholas Sarkozy) က ဘရပ်ဆဲလ်မြို့ကို ရောက်နေတုန်းမှာ ပြောခဲ့ကြောင်း
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တခဲနက်အတည်ပြုခဲ့တဲ့ ကြေညာချက်ထဲမှာတော့ အာဏာရှင် အာဆဒ်အစိုးရကို တစ်နှစ်ကြာ ဆန့်ကျင်မှုတွေမှာ အစိုးရရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီဒေသက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ လျင်လျင်မြန်မြန် ယိုယွင်းလာပြီး သိပ်ကို ကြေကွဲစရာကောင်းတဲ့ အနေအထား ရောက်နေပြီလို့ ဆိုကြောင်းဒီဒေသကနေ အတိုက်အခံတွေ ဆုတ်ခွာခဲ့တဲ့နောက် အစိုးရတပ်တွေရဲ့ ချေမှုန်းမှုကြောင့် ကြာသပတေးနေ့က လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောကြောင်း သိရသည်။
သမ္မတနေရာ ပြန်အရွေးခံမယ့် ရုရှားဝန်ကြီးချုပ် ဆန့်ကျင်မှုတွေနဲ့ကြုံ
ရုရှားနိုင်ငံသားတွေ သမ္မတသစ်ကို ရွေးကောက်တင်မြှောက်ဖို့ တနင်္ဂနွေနေ့မှာ မဲပေးကြရတော့မှာဖြစ်ပြီး သမ္မတဟောင်းနဲ့ လက်ရှိဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Vladimir Putin) အနိုင်ရမယ်လို့ ခန့်မှန်းထားကြကြောင်း
အတိုက်အခံ သမ္မတလောင်း လေးယောက်ရှိပြီး အာဏာရ ညီညွတ်သောရုရှားပါတီနဲ့ ဗလာဒီမီယာ ပူတင်ကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြတာတွေရှိခဲ့ပေမဲ့ ပူတင်ပဲ အနိုင်ရမယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ကို ခန့်မှန်းထားကြကြောင်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးကတည်းကဆိုရင် ဘယ်တုန်းကနဲ့မှမတူတဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ရုရှားနိုင်ငံသားတွေ ပါဝင်ခဲ့ကြကြောင်း
နောက်ထပ် ၆ နှစ်ကနေ ၁၂ နှစ်အထိ တိုင်းပြည်ကို မစ္စတာပူတင် ထပ်ပြီးအုပ်ချုပ်မယ်ဆိုတဲ့ အတွေးမျိုး လုံးဝကို မတွေးနိုင်ဘူးလို့ ဆန္ဒပြသူတွေကပြောကြောင်း ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အထိ သမ္မတအဖြစ် အာဏာယူခဲ့တဲ့ လက်ရှိ ၀န်ကြီးချုပ်ဟာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ နိုင်ငံရေးစနစ်၊ အကျင့်ပျက်ခြစားမှုတွေကနေတဆင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြောင်း
ရွေးကောက်ပွဲမတိုင်ခင် လွတ်လပ်တဲ့ ဆန္ဒမဲကောက်ယူရေးအဖွဲ့ Levada က ကောက်ယူခဲ့တဲ့ လူထုသဘောထားစစ်တမ်းမှာ မစ္စတာပူတင်ဟာ ၆၂ ကနေ ၆၆ ရာခိုင်နှုန်းအထိ မဲအရေအတွက်နဲ့ အနိုင်ရပြီး စိတ်မသက်မသာဖြစ်ဖွယ် ဒုတိယအကျော့ ပြန် ပြိုင်နိုင်မယ်ဆိုတာ တွေ့ရကြောင်းသိရသည်။
မြောက်ကိုရီးယားနျူလက်နက်စမ်းသပ်မှု ဆိုင်းငံ့ချက်အာရှနိုင်ငံတွေသတိနဲ့ကြိုဆို
နျူကလီယား လက်နက်နဲ့ တာဝေးပစ် ပဲ့ထိန်းတပ်ဒုံး လက်နက် စမ်းသပ် ပစ်လွှတ်မှုကို ရပ်ဆိုင်းထားမဲ့ မြောက်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်အပေါ် အာရှနိုင်ငံတွေက သတိနဲ့ ကြိုဆိုနေကြကြောင်း အရင်က ပေးခဲ့တဲ့ ကတိတွေကို မြောက်ကိုရီးယား က ဖျက်ခဲ့တဲ့ သာဓကတွေ ရှိခဲ့လို့ ခုလို သတိထား နေကြတာဖြစ်ကြောင်း
ယူရေနီယံ သန့်စင်ခြင်း အပါအဝင် နျူကလီယားဆိုင်ရာ ဆောင်ရွက်ချက်တွေ မြောက်ကိုရီးယားအစိုးရက ရပ်ဆိုင်ထား မယ်ဆိုတဲ့ ထူးခြားတဲ့ သတင်းကို အမေရိကန်နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေက တပြိုင်ထဲ ကြေညာခဲ့ ကြတာဖြစ်ကြောင်း တချိန်တည်းမှာပဲ မက်ထရစ် တန်ချိန် ၂၄,၀၀၀ ရှိတဲ့ အစားအသောက် အကူအညီကို မြောက်ကိုရီးယားကို ပေးနိုင်ဖို့ ဆောင်ရွက် သွားမယ်လို့ အမေရိကန်က ပြောကြောင်း
အပေးအယူ သဘောတူညီမှုအရ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီက စုံစမ်းစစ်ဆေးရေးမှုးတွေ မြောက်ကိုရီးယားကို သွားရောက် စစ်ဆေးနိုင်မှာဖြစ်တယ်လို့လဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ဒီကနေ့ ကြာသပတေးနေ့မှာ ပြောကြောင်းသိရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment