ကျမ သိသော ဖဒိုမန်းငြိမ်းမောင်
ဘဝရက်စွဲတွေ နေ့စဉ်ပြောင်းလဲနေသလို သဘာဝ နေ့စွဲတွေလည်း နေ့စဉ် ပြောင်းလဲနေပါတယ်။ ကျမကတော့ သဘာဝရဲ့ လမင်းကို နှစ်သက်သူမို့ ကောင်းကင်က လမင်းကို ကြည့်ပြီး နေ့စွဲတွေကို မှတ်တတ်တယ်။
လဆန်း လဆုတ်ကို ကြည့်ပြီး ပင်လယ်ရေ အတက်အကျကို မှတ်သားလို့ ကိုကိုးကျွန်း အကျဉ်းထောင်ကနေ ပင်လယ်ကို လှေငယ်တစင်းနဲ့ ဖြတ်သန်းခဲ့သူ KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်လည်း ခုချိန်ဆို ရန်ကုန် အင်းစိန်ထောင် (၃) တိုက်ထဲကနေ အရုဏ်မတက်ခင် ရှိနေတဲ့ လရောင်နဲ့ အရုဏ်ရဲ့အားပြိုင်ပွဲကို ကြည့်နေပါ လိမ့်မယ်။
သဘာဝတရားနဲ့ ရင်းနှီးခဲ့သူ၊ သဘာဝတရားတွေနဲ့ ယှဉ်ပြီး အမှတ်တရစကားတွေ ပြောတတ်သူ ဖဒိုမန်းငြိမ်းမောင်ကို ဒီရက်အတွင်း သမ္မတဦးသိန်းစိန် အစိုးရသစ်က အမိန့်ချနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေထဲမှာ ကျမ ကြားနေရပါ တယ်။
ဒုက္ခသည် စခန်းတွင်းမှာ နေထိုင်ရင်း ကြားနေရတဲ့ သတင်းအတွက် ကျမရင်ထဲ ဖြစ်ပေါ်လာတဲ့ ကြောင့်ကြမှုဟာ ကျမစိတ်ကို ဂဏှာမငြိမ်အောင် ဖန်တီးနေတယ်။ ကရင်လူမျိုးတွေရဲ့ အတိတ်ပစ္စုပ္ပန်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ ရတာ ကျမ ဒုက္ခသည် အဖြစ်နဲ့ပါ။
ကရင်တော်လှန်ရေးရဲ့ အထင်ကရ ခေါင်းဆောင် ဖဒိုမန်းငြိမ်းမောင်ကို ၂၀၀၈ နိုဝင်ဘာမှာ ကျမ စတင် ရင်းနှီးခဲ့ရ ပါတယ်။ နိုင်ငံရေးကို အသွေးအသားလို တန်ဖိုးထားသူ ကျမခင်ပွန်းသည်က အကျဉ်းထောင်က လွတ်မြောက်ပြီး ၂ နှစ်အကြာမှာ အိုးအိမ်ကို စွန့်ခွာခဲ့ရပြီး ဘဝလုံခြုံမှုအတွက် လွတ်မြောက်နယ်မြေကို ရောက်လာခဲ့တယ်။
“အမိမဲ့သား ရေနည်းငါး” လို ဖြစ်နေချိန်မှာ သူရောက်နေတဲ့နေရာက သူတွေကို “ဦးမန်းငြိမ်းမောင်ကို သိလား သိရင်
ပြောပေးပါ။ ကျနော် ဗိုလ်ဓမ္မ သမက်ပါ” ဆိုတဲ့ စကားတခွန်းနဲ့တင် ဖဒိုမန်းငြိမ်းမောင် ချက်ချင်း ရောက်လာပြီး နွေးနွေး
ထွေးထွေးနဲ့ အစစအရာရာ ကူညီပေးခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ရင်းနှီးကျွမ်းဝင်ခဲ့သူ ရဲဘော်ရဲ့ သားသမီးအပေါ် ဂရုတစိုက် စောင့်ရှောက်ကူညီပေးခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင်ရဲ့ ရဲဘော်ရဲဘက်စိတ်က ကျမတို့ဘဝကို အများကြီး အထောက်အကူပြုခဲ့ပါတယ်။ ခုချိန်ထိလလည်း ဖဒိုမန်းငြိမ်းမောင်ရဲ့ မေတ္တာတရားနဲ့ ကျမတို့ နွေးထွေးနေ ရတုန်းပါ။
ဖဒိုမန်းငြိမ်းမောင်က တိုက်ချင်ခိုက်ချင်တဲ့ စိတ်ထားရှိသူ မဟုတ်ပါဘူး။ ချိုသာနူးညံ့တဲ့ စိတ်ထားရှိသူ ဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာ သူနဲ့အတူနေခဲ့ရတဲ့ ရဲဘော်တွေအကြောင်း ကျမတို့ သိသလောက် ပြန်ပြောပြရင် သူနားထောင်ပြီး မျက်ရည်ဝဲနေတတ်တယ်။ အဲဒီရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ တိုင်းပြည်အပေါ်ချစ်ခင်မှု၊ ယုံကြည်ချက်တွေကို သူ လေးစားတန်ဖိုးထားတယ်။
ဖဒိုမန်းငြိမ်းမောင်ဟာ မြစ်ဝကျွန်းပေါ် ပန်းတနော် ဇာတိသားတဦး ဖြစ်ပါတယ်။ သူ့ဇာတိမြေ အကြောင်းနဲ့ သူ့ငယ်ဘဝကို ပြောပြခဲ့တဲ့အခါ ကရင်တော်လှန်ရေးထဲ သူဝင်ရောက်ခဲ့ပုံကို တွဲပြီး မြင်ယောင်လာရတဲ့အထိပါ။
“ဦးတို့ဒေသက မြစ်ဝကျွန်းပေါ်ဆိုတော့ မြေပြန့်လယ်ကွင်းနဲ့ မြစ်ချောင်း အင်းအိုင်တွေ ပေါတယ်။ မျက်စိတဆုံး ဘယ်ကိုပဲကြည့်ကြည့် အကာအကွယ် အတားအဆီး မရှိဘူး။ တောင်ဆိုတာ တော်လှန်ရေးထဲ ရောက်မှ မြင်ဖူးတာ။
ကရင်ရွာက ကွင်းပြန့်တွေထဲမှာ။ ဗမာရွာတွေက ချောင်းနားမြစ်ကမ်းနားတွေမှာ။ တကယ်တော့ မြစ်ဝကျွန်းပေါ်
ဒေသကြီးက ကရင်နဲ့ဗမာ ရောနှောနေထိုင်ကြတဲ့ ဒေသကြီးပဲ။ ဒီလူနေမှုဘဝက ရှေးအစဉ်ထဲက တည်ရှိခဲ့တယ်။ ကရင်-ဗမာ ချစ်ချစ်ခင်ခင် ကူးလူးဆက်ဆံခဲ့ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာ။
ဦး ငါးနှစ်သားအရွယ်မှာ ကရင်က ဗမာကိုသတ်၊ ဗမာက ကရင်ကိုသတ်၊ ကရင်ရွာကို ဗမာက မီးရှို့၊ ဗမာရွာကို ကရင်က မီးရှို့နဲ့ ဖြစ်ကုန်ရော။ အရင်တုန်းက သာယာလှတဲ့ မြစ်ဝကျွန်းပေါ် ဒေသကြီးဟာ မီးခိုးတွေ တလူလူနဲ့ ဆူပူနေတဲ့ ဒေသကြီးတခု ဖြစ်လာတယ်။
ဦးတို့ ရေအမြဲကူးတဲ့ချောင်းတွေ မြစ်တွေထဲမှာ အစုန်အဆန် ဒီရေအတက်အကျနဲ့ အလောင်းတွေ မျောလာတာ
မြင်ရတယ်။ ကရင်အလောင်းလား၊ ဗမာအလောင်းလား ခွဲလို့တောင် မရတော့ပါဘူး။ ကရင်ရွာ၊ ဗမာရွာတွေ အဆက်အဆံတွေ မရှိကြတော့ဘူး။
ဦး ကလေးဘဝကနေ ဒီနေ့အထိ မေ့မရနိုင်တဲ့ မြင်ကွင်းနှစ်ခု ရှိခဲ့တယ်။ အဲဒါကတော့ ပန်းတနော်မြို့ကို KNDO တွေ တက်ပြီး သိမ်းလိုက်တဲ့အချိန်ပေါ့။ KNDO တွေ အောင်ပွဲခံပြီး ပြန်လာကြတာ။ ကရင်အမျိုးသားအလံကို ထီးရိုးဝါး အဖျားပိုင်းမှာ ချည်ပြီး လက်ရုံးကို အမြင့်ဆုံးကို လွှင့်ထူထားကြတယ်။ တချို့ကလည်း ဘောင်းဘီတိုတွေ၊ တချို့က လည်း ပုဆိုးကွင်းသိုင်းနဲ့ အောင်ပွဲခံ ပြန်လာကြတာ။ သူတို့ရဲ့ စစ်ချီဟန် ရဲစိတ်ရဲမာန်ကို ခုထိ မြင်ယောင်တုန်း။
ကရင်-ဗမာ အဓိကရုဏ်းဟာ သိပ်မကြာလိုက်ဘူး။ ဘယ်လိုနည်းနဲ့ အေးသွားတယ်ဆိုတာ ဦးတို့ မသိလိုက်ဘူး။ အင်းစိန်တိုက်ပွဲကြီးတွေဖြစ်တာ အတော့်ကို ပြင်းထန်တယ်လို့ လူကြီးတွေ ပြောသံတော့ ကြားရတယ်။
မိုးဦးကျ တနေ့မှာ KNDO စစ်သားတွေ ဦးတို့ရွာ အရှေ့ဘက်ကို ဆင်းလာကြတယ်။ အင်းစိန်စစ်မျက်နှာက ဆုတ်လာကြတဲ့ KNDO စစ်သားတွေလို့ လူကြီးတွေက ပြောတယ်။ အောင်ပွဲတွေခံပြီး ပြန်လာတဲ့ တက်ကြွတဲ့ ဟန်တွေမာန်တွေနဲ့ အင်းစိန်စစ်မျက်နှာမှာ စစ်ရှုံးပြီး ဆုတ်ခဲ့ရတဲ့ ဟန်ပန် အတော်ကို ကွာခြားတယ်။
ဦးရဲ့နှလုံးသားနဲ့ ဦးနှောက်ထဲမှာ စွဲပြီး ကျန်ခဲ့တဲ့ ပုံရိပ်တွေပေါ့။ အဲဒီတော်လှန်ရေးသမားကြီးတွေဟာ ကရင် တမျိုးသားလုံး အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ အသက် သွေးတွေကို ပေးလှူခဲ့ကြတယ်။ ဦးတော်လှန်ရေးထဲ ရောက်စတုန်းက ကွယ်လွန်သွားပြီးဖြစ်တဲ့ KNU ဥက္ကဋ္ဌကြီး မန်းဘဇံရဲ့ စကားတခွန်းကို သတိရမိတယ်။ “ကရင်တော်လှန်ရေးကတော့ကွာ မင်းတို့ လူငယ်တွေရဲ့ လက်ထဲမှာပဲ။ မင်းတို့လူငယ်တွေကိုပဲ အားကိုးရမှာပဲ”တဲ့။ အဲဒီတုန်းက ဦးအသက် ၁၆ နှစ် ပြည့်ပြီးခါစပဲ ရှိသေးတယ်။
ဦး နိုင်ငံရေးကို လေ့လာမိချိန်မှာ ခံစားချက်နဲ့ ခံယူချက်ဆိုတာ တူမယောင်နဲ့ ကွဲပြားတယ်ဆိုတာ သိလိုက်ရတယ်။ “ဗမာပြည်နဲ့ ကရင့်ဘဝဖြစ်တည်မှုဟာ အပြန်အလှန် ဆက်စပ် မှီခိုနေတယ်။ ဗမာပြည်မှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊
နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး အပြန်အလှန် ဖြစ်ပေါ်အကျိုးပြုနေတယ်။
“တော်လှန်ရေးမှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဟာ တော်လှန်ရေးကို အကျိုးမပြုတဲ့အပြင် တော်လှန်ရေးကို ပျက်စေတယ်။”
“ကရင့်တော်လှန်ရေးဟာ သီးခြားတော်လှန်ရေး မဟုတ်ဘူး ဗမာပြည်လူ့အဖွဲ့အစည်း အတွင်းမှာ ဖြစ်ပေါ်နေတဲ့
တော်လှန်ရေး ဖြစ်တယ်။”
“ကရင်-ဗမာ ပူးပေါင်းရာမှာ မျက်စိမှိတ် ပူးပေါင်းပြီးတော့ ကျွန်ပြုခံရတာမျိုးတော့ မလိုချင်ဘူး။ တန်းတူမှုနဲ့ ဆန္ဒအရ ပူးပေါင်းရေးကို လိုချင်တယ်” လို့ပြောတဲ့ ဥက္ကဋ္ဌကြီး မန်းဘဇံစကားက ကရင့် တော်လှန်ရေးကို ကိုယ်စားပြုခဲ့တယ်” တဲ့....။
ဖဒိုမန်းငြိမ်းမောင်ဟာ တော်လှန်ရေးအတွက် ခရီးထွက်ရတဲ့အခါ တောတောင်မြစ်ချောင်း တွေကို ဖြတ်သန်းခဲ့ရတယ်။ အဲဒီအတွေ့အကြုံတွေနဲ့ လူတွေရဲ့ အကြောင်းခုလို ဥပမာ ပေးတတ်တယ်။
“ချောင်းလေးမြောင်းလေးတွေက အော်မြည်တတ်တယ်။ ရေစီးသန်တယ် ထင်ရပေမယ့် ကူးလို့ရတယ်။ ဘာနဲ့တူလဲ ဆိုတော့ မရင့်ကျက်တဲ့သူနဲ့ တူတယ်။
ရေပြည့်ရင် သိပ်ငြိမ့်ငြောင်းတယ်။ ရေစီးလည်း သန်တယ် တည်ငြိမ်တယ်။ ဘာနဲ့တူလဲဆိုတော့ ရင့်ကျက်တဲ့သူတွေနဲ့ တူတယ်။ တော်လှန်ရေး၊ နိုင်ငံရေး၊ တိုက်ပွဲထဲမှာ တောက်လျှောက်ပါဝင်ခဲ့သူတွေက စီးနေတဲ့ရေ၊ တေနေတဲ့ဓား၊
သွေးထားတဲ့ကျောက်လိုပဲ” တဲ့။
ဖဒိုမန်းငြိမ်းမောင်က တော်လှန်ရေး၊ နိုင်ငံရေး ထဲကသူတွေကိုတင် ကူညီတတ်တာ မဟုတ်ဘဲ တပ်မတော်ကနေ ထွက်ပြေးလာတဲ့ စစ်ဗိုလ်စစ်သားတွေကိုလည်း ကူညီပေးပါတယ်။ “စစ်ဗိုလ် စစ်သားဆိုတာ တော်လှန်ရေး နိုင်ငံရေး သမားတွေ့နဲ့ ဆန့်ကျင်ဘက်အမြင် ရှိသူဆိုပြီး လွတ်မြောက် နယ်မြေမှာ တချို့လူတွေက မယုံကြည်ချင်ကြဘူး။ သူတို့တွေဟာ ငြင်းဆန်လို့မရတဲ့ စနစ်ရဲ့ သားကောင်တွေပါ။ ဒါကြောင့် သူတို့ကို ပိုပြီးဖေးမ,ရမယ်” လို့ပြောခဲ့သလို လက်တွေ့လည်း ကျင့်ကြံခဲ့တယ်။ ဒါကြောင့်လည်း ဒုက္ခသည်စခန်းက စစ်ဗိုလ် စစ်သားလေးတွေက “အတီး” “အတီး” နဲ့ ဖဒိုမန်းငြိမ်းမောင်ကို လေးစားချစ်ခင်ခဲ့ကြတယ်။
ဖဒိုမန်းငြိမ်းမောင် ကရင်နှစ်သစ်ကူးမှာ မိန့်ခွန်းပြောတဲ့အခါ သူအသံထဲက ပဲ့တင်ရိုက်နေတဲ့ သူ့မေတ္တာကို မျက်လုံးတွေထဲကလည်း တွေ့ရတယ်။
“လေးစားရတဲ့ တိုင်းရင်းသားညီအကိုများခင်ဗျာ… ကျနော်တို့ဟာ ပြောဆိုတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံများ မတူညီကြသော်လည်း သဘာဝအရတူညီတဲ့ ညီအကိုတော်များ ဖြစ်ကြပါတယ်။
စစ်အာဏာရှင်စနစ်အောက်မှာ လူမျိုးရေးအရ နိုင်ငံရေးအရ၊ ယဉ်ကျေးအရ အဖိနှိပ်ခံနေရပါတယ်။ ကျနော်တို့ဟာ အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ဘဝဖြစ်ပေါ် တိုးတက်ရေးနဲ့ ငြိမ်းချမ်းသာယာ ဝပြောရေးအတွက် စစ်အာဏာရှင်တွေဆီမှာ တင်ပြတောင်းဆို တိုက်ပွဲဝင်ခဲ့ကြသူတွေပါ။
သူများနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ ကရင်နှစ်သစ်ကူးပွဲကို ကျင်းပနေချိန်မှာ ကျနော်တို့ ကရင်လူမျိုးတွေ တောတောင်
တွေထဲမှာ ဘဝလုံခြုံဖို့ အသက်ရှင်ရပ်တည်နိုင်ဖို့ တိရစ္ဆာန်တွေလို ပြေးလွှားပုန်းအောင်း နေကြရတယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည် ဖော်နိုင်ရင်တော့ ကျနော်တို့ တိုင်းရင်းသား ညီအကိုတွေရဲ့ဘဝ တည်ငြိမ်တိုးတက်ပြီး တန်းတူရေးနဲ့ လူ့အခွင့်အရေးကို သာတူညီမျှခံစားရမှာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိပါစေလို့ ဒီအခမ်းအနားကနေ ဆန္ဒပြုလိုက်ရပါတယ်”......။
၂၀၀၉ ဒီဇင်ဘာ ကရင့်နှစ်သစ်ကူးမှာ ပြောခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင်ရဲ့ မိန့်ခွန်းက ခုချိန်ထိ ပဲ့တင်ထပ် နေတုန်းပါပဲ။
သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ ပထမဆုံး နိုင်ငံရေး အကျဉ်းသား ဖဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးမှ နောက်မှုတိုးပြီး ရုံးတင်စစ်ဆေးခဲ့တာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးကို အင်မတန်မှ အကျည်းတန်စေခဲ့ပါတယ်...။
ရပ်နားခြင်း မရှိသေးတဲ့ ဖဒိုမန်းငြိမ်းမောင်ရဲ့ဘဝကဗျာတွေအတွက် လိုက်ဖက်တဲ့ ကာရန်တွေ ထွက်ပေါ်လာမယ်လို့ ကျမတို့ ယုံကြည်လျက်ပါ.....။
နှင်းပန်းအိမ်
Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
0 comments:
Post a Comment