မြန်မာသတင်းများ    မတ် ၀၁ ရက်၊ ၂၀၁၂

တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရကို တိုက်တွန်းမယ် EU အမတ်များအဖွဲ့ ပြောဆို

အာဆီယံ နိုင်ငံများနဲ့ ဆက်ဆံရေးဆိုင်ရာ ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့က လာမယ့်ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အစိုးရကို တိုက်တွန်းသွားမယ်လို့ ဒီကနေ့ညနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုကြောင်း
အဖွဲ့ဝင် ၁၁ ဦးပါ ဥရောပ ပါလီမန်အဖွဲ့ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ညနေ ၄ နာရီက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံကြောင်း
တွေ့ဆုံပွဲအပြီး အဖွဲ့ခေါင်းဆောင် ဂျာမန်အမတ် မစ္စတာ ၀ါနာလန်ဂင်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဒီကနေ့ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် လုပ်ဆောင်ဖို့ ဥရောပပါလီမန်အဖွဲ့က လိုလားကြောင်း ဆွေးနွေးသလို ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ခြွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးရေးကိစ္စ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စ စတာတွေကို ဆွေးနွေးခဲ့ကြောင်း၊ ဒါ့အပြင် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲပြီးချိန်မှာ ၁၉၉၀ တုန်းက ဥရောပပါလီမန်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Sakharov ဆုကို လာရောက် လက်ခံယူဖို့ကိုလည်း ဖိတ်ကြားခဲ့ကြောင်း

ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတနိုင်မယ် ထင်ပါသလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားကြောင်း

“မဲဆန္ဒပေးတဲ့နေ့မှာ ဆိုလို့ရှိရင် မီဒီယာလည်း ရှိနေမယ်မဟုတ်လား။ မီဒီယာလည်း အားလုံးရှိမယ်၊ နောက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကလည်း ရှိနေမယ်ဆိုတော့ လွတ်လပ်ပြီး တရားမျှတဖို့တော့ များတယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် အခု ဒီစည်းရုံးရေး ကာလမှာတော့ တချို့ကိစ္စလေးတွေ အန်အယ်လ်ဒီက မကျေနပ်ဘူး ဆိုတာတော့ အားလုံး သိပြီးကြပြီးသားပဲလေ။ ဒီဟာတွေနဲ့ပတ်သက်လို့ ကော်မရှင်ကိုလည်း တင်ပြထားတာတွေ ရှိပါတယ်။ အဲဒီဟာတွေမှာတော့ ဒီမိုကရေစီ မူဝါဒအနေနဲ့ မကိုက်ညီတဲ့ အချက်တွေ ရှိတယ်လို့ ထင်တယ်”
အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေးဆိုင်ရာ ဥရောပ ပါလီမန်အဖွဲ့ဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ တခြားသော မြန်မာ့နိုင်ငံရေး အတိုက်အခံတွေ လူထုအခြေပြု လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးအပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးကို လေးစား လိုက်နာရေးတွေ ဆွေးနွေးမှာ ဖြစ်ကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်နေ


မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အကဲဖြတ်နိုင်ဖို့ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စောင့်ကြည့်နေတယ်လို့ မြန်မာ့အရေး လေ့လာနေသူတွေက ပြောဆိုလိုက်ကြောင်း
“မြန်မာနိုင်ငံ လမ်းမှားပေါ်ကို ရောက်သွားနိုင်တဲ့ အလားအလာများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်မှာ မြန်မာ့အရေး ဆွေးနွေးပွဲတစ်ခု မနေ့က ပြုလုပ်ခဲ့ပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် ရွေးကောက်ပွဲတစ်ခုတည်းနဲ့ မလုံလောက်ပေမယ့် မြန်မာနိုင်ငံ အခြေအနေမှာတော့ မကြာခင်ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တကယ်ပဲအပြောင်းအလဲကို ဦးတည်နေသလားဆိုတာ အဆုံးအဖြတ် ပေးမှာဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ အဓိကဦးဆောင်ပြောဆိုသူ့ အပြည်ပြည်ဆိုင်ရာ ရီပါဘလစ်ကင်အဖွဲ့ IRI ဥက္ကဋ္ဌ Lorne Craner က ပြောကြောင်း
မြန်မာပြည်က အပြောင်းအလဲတွေမှာ နောက်ပြန်လှည့်သွားနိုင်တဲ့ အခြေအနေတွေကိုလည်း တစ်ပြိုင်နက်တည်း တွေ့နေရကြောင်း ပြုပြင်ပြောင်းလဲမှုတွေဟာလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မဖြစ်သေးဘဲ လက်တွေ့မှာ အာဏာကို ဗဟိုက ချုပ်ကိုင်ထားဆဲဖြစ်ပြီး အာဏာရှိသူတွေဟာ ပြီးခဲ့တဲ့ စစ်အာဏာရှင်တွေနဲ့ နီးစပ်သူတွေ ဖြစ်နေတဲ့အချက်က အပြောင်းအလဲကို ရှုပ်ထွေးစေတဲ့ အချက်ဖြစ်နေကြောင်း
ဒီ မြန်မာ့အရေး ဆွေးနွေးပွဲကို Heritage Foundation က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး IRI ဥက္ကဋ္ဌနဲ့အတူ US campaign for Burma အဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးအောင်ဒင်နဲ့ Freedom House ဥက္ကဋ္ဌ Jared Genser တို့က အဓိက ဦးဆောင်ပြောဆိုခဲ့ကြကြောင်းသိရသည်။



အရှေ့အာရှ စီးပွားရေးစင်္ကြံ၏ အဓိကလမ်းအစိတ်အပိုင်းဖြစ်သော မြ၀တီ-သင်္ကန်းညီနောင်၊ ကော့ကရိတ် ဒုတိယမြေပြန့်လမ်းသစ်ကို ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ ရက်ပေါင်း ၈၄၀ အတွင်း အပြီး တည်ဆောက်ဖောက်လုပ်ရန်နှင့် မကြာမီရက်ပိုင်း၌ စတင်တည် ဆောက်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆောက်လုပ်ရေးဌာနမှ သိရှိရသည်။
''See Sang  ကုမ္ပဏီကမကြာခင် ရောက်လာတော့မှာပါ။ ကုမ္ပဏီအနေနဲ့ လက်ရှိတံတားဟောင်း ကြံ့ခိုင်မှုအပိုင်း၊ မြ၀တီ-သင်္ကန်းညီ နောင်လမ်းပိုင်း၊ ဒုတိယလမ်းသစ်ရယ်ကို အရင်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်''ဟု ပြည်သူ့ဆောက်လုပ်ရေး မြို့နယ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နယ်စပ်မြ၀တီမြိုမှ လက်ရှိသွားလာနေသော သင်္ကန်းညီနောင်-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှလမ်းပိုင်းမှာ ခရီးမိုင် ၃၀ ရှိပြီး ယခုဖောက်လုပ်မည့် ဒုတိယလမ်းမှာ ၁၈ မိုင်၊ ၂၈ ဒသမ ၆၀၇ ကီလိုမီတာ ရှည်လျားကြောင်း၊ လမ်းအကျယ် ၁၀ မီတာရှိပြီး နိုင်လွန်ကတ္တရာလမ်း အမျိုးအစားဖြစ်ကြောင်း၊ ထိုင်း၊ မြန်မာ-အိန္ဒိယလမ်းပိုင်းစီမံကိန်း၏ ဘီအဆင့် ဒုတိယလမ်းပိုင်း ရွေးချယ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလသင်္ကန်းညီနောင်-ကော့ ကရိတ်လမ်းပိုင်းထက် ၁၂ မိုင် တိုတောင်းသွားကာ ဘတ် ၁၁၆၆  သန်း ကုန်ကျခံတည်ဆောက်သွားရန် လျာထားကြောင်း မြ၀တီ-သင်္ကန်းညီနောင်-ကော့ကရိတ် ဒုတိယလမ်းမှာ ဂျပန်ခေတ်က ဖောက်လုပ်ခဲ့သောလမ်းအူကြောင်းလည်းဖြစ်ပြီး အောက်ခံမြေသား ကောင်းမွန်ခြင်း၊ ဒေါနတောင်ရှောင်ကွင်းကာ ညီနောင်-တတံကူး-ကော့နွဲ့၊ ချောင်းတောင်-လှိုင်ဝရွာတွင် လက်ရှိလမ်းဟောင်းနှင့် ပေါင်းဆုံမည်ဖြစ်ကြောင်း  အဆိုပါ လမ်းပိုင်းတည်ဆောက်ရေးလုပ်ငန်းတွင် မိုင်တိုင် အမှတ် (၉၂/၇)မှစတင်ကာ ခုနစ်ကီလိုမီတာ (၄ ဒသမ ၃၅၁၉) မိုင်ကို မြ၀တီမြို့နယ် အင်ဂျင်နီယာများက တာဝန်ယူကြီးကြပ်ပြီး ကော့ကရိတ်ဘက်ခြမ်း ၂၁ကီလိုမီတာ(၁၃ဒသမ၀၅၅၇)မိုင်ကို ကော့ကရိတ်ခရိုင် အင်ဂျင်နီယာမှူးကြီးက ကြီးကြပ်ပြီး ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှတာဝန်ယူဖောက်လုပ်ကာအခြေခံအလုပ်သမားများအား မြန်မာနိုင်ငံအတွင်းမှ ခေါ်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။




ကျပ် ၁၈၀၀၀၀ ၀န်းကျင်ဖြင့် ဂျီအက်စ်အမ် ဖုန်းများကို ချထားပေးမည် ဟု သတင်းများ ထွက်ပေါ်ပြီး ရက်ပိုင်း အတွင်း ကျပ် ၂၃၀၀၀၀ ဖြင့် ချထားပေးမည်ဖြစ်ကြောင်း ထပ်မံသတင်း ထွက်ပေါ်ခဲ့ကြောင်း
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ဂျီအက်စ်အမ်ဖုန်းများကို တစ်လုံးလျှင် ငွေကျပ် ၁၈၀၀၀၀  နှုန်းဖြင့် ချထား ပေးရန်ရှိသည်ဟု သိရှိခဲ့ရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ပြန်လည် ညှိနှိုင်းချက်များအရ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဂျီအက်စ်အမ် ဖုန်းတစ်လုံးလျှင် ၂၃၀၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ပြောင်းလဲ လျာထားသည်ဟု သတင်းများထွက်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်နီးစပ်သူ တစ်ဦး၏ ထပ်မံ ပြောကြားချက်အရ သိရှိရသည်။
 

မတ်လ ၁ ရက်နေ့မှစ၍ လေယာဉ် လက်မှတ်ခများ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိသိရှိရသည့် နှုန်းထားများအရ ရန်ကုန်-မန္တလေးခရီးစဉ် အတွက် ပြည်တွင်း ခရီးသည်များ အတွက် ယခင်က ကျပ် ၆၅၀၀၀ ကျသင့်သော်လည်း ယခုအခါ ကျပ် ၁၂၀၀၀ ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ခရီးသည်များဆိုပါက ယခင်ကထက် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ တိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်-ညောင်ဦး ခရီးစဉ်အတွက် ပြည်တွင်း ခရီးသည်ဆိုပါက ယခင်က ကျပ် ၅၄၀၀၀ ကျသင့်သော်လည်း ယခုအခါ ယခင်နှုန်းထက် ကျပ် ၁၂၀၀၀ ထပ် တိုးမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ခရီးသည်ဆိုပါက ယခင်က ကျသင့်သည့် နှုန်းအပေါ် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာထပ်တိုးမည် ဖြစ်ကြောင်း
ဟဲဟိုး-ညောင်ဦး ခရီးစဉ်အတွက် ယခင်က ပြည်တွင်း ခရီးသည်ဆိုပါ က ကျပ် ၄၁၀၀၀ ကျသင့်သော်လည်း ယခုအခါ ကျပ် ၇၀၀၀ ထပ်မံတိုးမြှင့်ဖြစ်ပြီး နိုင်ငံခြားခရီးသည် ဆိုပါက ယခင်က ကျသင့်သည့်နှုန်းအပေါ် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာထပ်တိုးမည် ဖြစ်ကြောင်း  မန္တလေး-ညောင်ဦး ခရီးစဉ်အတွက် ယခင်က ပြည်တွင်းခရီးသည် ဆိုပါက ကျပ် ၂၄၀၀၀ ကျသင့်သော်လည်း ယခုအခါ ကျပ် ၇၀၀၀ ထပ်မံ တိုးမြှင့်မည်ဖြစ်ပြီး နိုင်ငံခြားခရီးသည်ဆိုပါက ယခင်က ကျသင့်သည့် နှုန်းအပေါ် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ထပ်တိုးမည်ဟု သိရကြောင်း
ရန်ကုန်-မြစ်ကြီးနား ခရီးစဉ်အတွက် ပြည်တွင်းခရီးသွား လက်မှတ်ခ တိုးမြှင့်သည့်နည်းတူ နိုင်ငံခြားသား ခရီးသည်များကိုလည်း ယခင်ကထက် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ ထပ်တိုးမည်ဖြစ်ကြောင်း သိရသည်။

ပြည်နှင်ဒဏ်ခံရနိုင်တဲ့အရေး မြန်မာလုပ်သားတွေကို လူ့အခွင့်အရေးအဖွဲ့တွေ သတိပေး

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား တစ်သန်းနီးပါးဟာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ "နိုင်ငံသားစိစစ်ရေး" ကိစ္စ ဆောင်ရွက်ဖို့ ပျက်ကွက်ရင် မြန်မာနိုင်ငံကို ပြန်ပို့ခံရဖွယ် ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီကနေ့ သတိပေး လိုက်ကြောင်း လာမယ့် ဇွန် ၁၄ ရက်ဟာ နိုင်ငံသားစိစစ်ရေး လျှောက်ထားဖို့ နောက်ဆုံး သတ်မှတ်ထားတဲ့ရက် ဖြစ်ပါကြောင်း အရင်က ၂ဝ၁ဝ ဖေဖော်ဝါရီ ၂၈ ရက်မှာ နိုင်ငံသားစိစစ်ရေးကိစ္စကို နောက်ဆုံးထား ဆောင်ရွက်ဖို့ ထိုင်းအစိုးရက သတ်မှတ်ခဲ့ပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တင်ပြချက်ကြောင့် နှစ်နှစ် ထပ်တိုးပေးခဲ့ကြောင်း
အဲဒီလို ထပ်တိုးပေးခဲ့ပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အများစုဟာ ထိုင်းအစိုးရထံမှာ နိုင်ငံသား စိစစ်ရေးကိစ္စ လုပ်ဆောင်ဖို့ ပျက်ကွက်နေတယ်လို့ ဆိုကြောင်း ဒါ့ကြောင့် ထိုင်းအစိုးရက အလုပ်သမားတွေကို မြန်မာနိုင်ငံ ပြန်ပို့ဖွယ်ရှိတယ်လို့ သတိပေးနေရကြောင်း
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင် နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား သုံးသန်းအထိ ရှိမယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ခန့်မှန်းထားကြောင်း ထိုင်းလုပ်ငန်းခွင်တွေမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ လုပ်ခလစာ နည်းပါးသလို လိင်ပိုင်းဆိုင်ရာ စော်ကား ခံရတာတွေ၊ ညှဉ်းပန်း နှိပ်စက်ခံရတာတွေ ရှိပေမယ့် အလုပ်သမား ရပိုင်ခွင့်တွေကိုတော့ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှု မခံစားကြရဘူးလို့ ဆိုကြောင်း သိရသည်။

နိုင်ငံရေးလုပ်ရင် အရေးယူမယ်လို့ ကျောင်းအုပ်ကြီး ပြော


ရန်ကုန်တိုင်း အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျောင်းထုတ်ခံရမယ်လို့ မနေ့က ခေါ်ယူ ပြောဆိုကြောင်း  ဒီကိစ္စနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ကိုမင်းသွေးသစ်က ပြီးခဲ့တဲ့အပတ်က တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂကို ဖွဲ့လိုက်ကြောင်း၊ အဲဒီသတင်းကို ကြားပြီး ပါမောက္ခချုပ် ဦးကျော်ရဲထွန်းက ဆရာမတွေရော၊ ကျောင်းသားတွေရော ခေါ်ပြီး ကျောင်းသားနိုင်ငံရေးလုပ်ရင် ကျောင်းထုတ်ခံရမယ်လို့ သတိပေးကြောင်း
အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ်က အခုလို ပြောဆိုတာဟာ အသက် ၁၈ နှစ် ပြည့်ပြီးရင် ကြိုက်တဲ့နိုင်ငံရေးပါတီ ဝင်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ကိုမင်းသွေးသစ်က ပြောကြောင်း
တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို ရေကြောင်းတက္ကသိုလ်၊ သမတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်နဲ့ အစိုးရ နည်းပညာတက္ကသိုလ်ဆိုတဲ့ တက္ကသိုလ်လေးခုက ကျောင်းသားတွေ ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံ အနှံ့မှာလည်း ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနေပြီ ဖြစ်ကြောင်း သိရသည်။

သဘောတူညီချက်ရရန် တပ်ရုပ်သိမ်းရေး အဓိကကျကြောင်း KIO ပြော

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးရန်အတွက် KIO နယ်မြေအတွင်း ဝင်ရောက်နေသော အစိုးရတပ်များကို ရုပ်သိမ်းပေး ရန် လိုအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ၏ စည်းဝေးပွဲအပြီး အင်္ဂါနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတရပ်တွင် KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း

အကယ်၍ အစိုးရတပ်များ ရုပ်သိမ်းပေးမည်ဆိုပါက KIO နှင့် မြန်မာအစိုးရအကြား ၁၉၉၄ ခုနှစ်ကတည်းက အပစ်ရပ် လက်မှတ်ထိုးထားပြီး ဖြစ်သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုများ လုပ်နိုင်မည် ဖြစ်ကြောင်း
KIO အနေနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ ဇန်နဝါရီလက ပဏာမ တွေ့ဆုံခဲ့ကြရာတွင် သဘောတူညီမှု မရသေးသလို ထပ်မံ တွေ့ဆုံရန်အတွက်လည်း  အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ ခရီးလွန်နေသည်ဟု ဆိုသဖြင့် တွေ့ဆုံမည့် ရက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း

လတ်တလောတွင် KIO ၏ အဓိကကျသော တပ်မဟာ ၅ နှင့် တပ်မဟာ ၃ လှုပ်ရှားရာ မိုးမောက်မြို့နယ်ခွဲ၊
ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နယ်မြေများတွင် အစိုးရ တပ်အင်အား အနည်းဆုံး ၁,ဝဝဝ ကျော်က လှုပ်ရှားသွားလာနေဆဲဖြစ်သည်ဟု အမည်မဖော်လိုသည့် KIO အရာရှိတဦးက ပြောကြောင်း ထို့အပြင် အစိုးရ၏ စစ်တင်အင်အား ၅ဝဝ ခန့်က မြစ်ကြီးနား-ပူတာအို ကားလမ်းအတိုင်း မြစ်ကြီးနားမြို့မှ မြောက် ဘက်သို့ ပြီးခဲ့သည့် ပတ်က ထိုးစစ်ဆင်လာပြီးနောက် အင်္ဂါနေ့ ညနေပိုင်းတွင် ယင်းဒေသသို့ စစ်ယာဉ်တန်းများ တက်သွားသည်ကို တွေ့ရကြောင်း  ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ ၄၊ တပ်မဟာ ၃ ၊ တပ်မဟာ ၅ နယ်မြေ အချို့တို့တွင် အစိုးရတပ်ဘက်မှ ဝင်ရောက်အခြေချကာ တပ်စွဲထားမှုများ ရှိနေသည်ဟုလည်း KIO က ဆိုကြောင်း ၁၉၉၄ မှစ၍ KIO နှင့် အစိုးရ အပစ်ရပ်စဲနိုင်ခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့ကြောင်း

ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားပါတီ၊ မွန်ပြည်တစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့မှာ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပဏာမ သဘောတူ လက်မှတ်ရေးထားပြီး ဖြစ်ကြောင်း သိရသည်။

တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက် ချတော့မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်ချက်ချ မည်ဟု အလုပ်သမားများကို ကူညီပေးနေသည့် ကိုဖိုးဖြူကပြောကြောင်း သိရှိရသည်။

လှိုင်သာယာမြို့နယ် အလုပ်သမားရုံးတွင် ခုံရုံးဖွဲ့ကာ အလုပ်ရှင် အလုပ်သမား သက်သေခံချက်များ တင်သွင်းခြင်း၊မေးမြန်စစ်မေးခြင်း၊ ပြန်လှန်စစ်မေးခြင်းများကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီက ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ခဲ့ကြောင်း

"မနက်ဖြန်တော့ အမိန့်ချဖြစ်လိမ့်မယ်လို့ ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီ ဥက္ကဋ္ဌ ဦးစောစိုးတင့် ကနေပြီးတော့
ညွှန်ကြားတယ်ဗျာ။ ကျနော်တို့က အဲဒီအမိန့် ဘာများဖြစ်လာမလဲလို့ စောင့်နေတယ်။ ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကိုဖိုးဖြူက ပြောကြောင်း

ဗုဒ္ဓဟူးနေ့ စစ်ဆေးကြားနာမှုကို အလုပ်သမား ကိုယ်စားလှယ် ၄၅ ဦး အပါအဝင်၊ ရှေ့နေများဖြစ်သည့်
ဒေါ်အေးအေးကြည်၊ ဒေါ်အိဖြူလွင်တို့ တက်ရောက်ခဲ့ပြီး အလုပ်ရှင်ဘက်မှလည်း ရှေ့နေနှစ်ဦးနှင့် မန်နေဂျာများ၊ စာရင်းကိုင်တို့ တက်ရောက် လျှောက်လဲခဲ့ကြ
ကြောင်း

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅ဝ ကျပ်၊ ရက်မှန်ကြေး ၈,ဝဝဝ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့တည်း က တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွင် တင်သွင်းလျှောက်ထားခဲ့ကြခြင်း ဖြစ်
ကြောင်း

ထိုကာလအတွင်း အလုပ်သမားများ ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် အလုပ် လုပ်နေကြသည်ဟု လည်း သိရ
ကြောင်း အလုပ်သမားများဘက်မှ တောင်းဆိုချက်များတွင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံးကျ ထားပေးရန်တို့ကိုလည်း တောင်းဆိုထားကြကြောင်း

တိုင်ရီ စက်ရုံမှ အလုပ်သမားများသည် မိမိတို့၏ ဆုံးရှုံးနစ်နာမှုမျာကို တင်ပြတောင်းဆိုနိုင်ရန် ဗုဒ္ဓဟူးနေ့တွင် ၄၅ ဦး ခေါင်းဆောင်သည့် အလုပ်သမား ယာယီဦးဆောင်ကော်မတီကိုလည်း အဖွဲ့ဝင် ၁၃၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြ
ကြောင်းအလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်အတွက် အစိုးရသစ်မှ ၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ်သမား ဥပဒေပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေ ထပ်မံထွက်ရှိလာခြင်း မရှိသေးသည့်အတွက် အလုပ်သမားများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း နှောင့်နှေးနေသေးကြောင်း

အဆိုပါ အလုပ်သမားဥပဒေ၏ အသေးစိတ် ပြဋ္ဌာန်းချက်ဖြစ်သော နည်းဥပဒေ ထုတ်ပြန်ပြီးပါက အလုပ်သမား သမဂ္ဂအဖြစ်ဖွဲ့စည်းကာ အလုပ်သမားများ အခွင့်အရေးများကို တောင်းဆိုလာနိုင်မည်ဟုလည်း မျှော်လင့်နေကြ
ကြောင်းအလုပ်သမား အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်း အခြေခံ အလုပ်သမားအဖွဲ့အစည်းတွင် အနည်းဆုံး အလုပ်သမားဦးရေ ၃ဝ ဖြင့် ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှိ အလုပ်သမား ၁ဝ ရာခိုင်နှုန်းမှ ထောက်ခံရမည်ဟု ပါရှိကြောင်း အခြေခံအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟူ၍  ခွဲခြားထားကြောင်း

၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် အလုပ်သမား ဥပေဒတွင် အခန်း ၁၄ ခန်းပါဝင်ပြီး၊ အပိုဒ် ၅၈ ပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါဥပဒေတွင် ဆန္ဒပြရန်အတွက် ကန့်သတ်ချက်များလည်း ပါဝင်
ကြောင်းအလုပ်သမားများအနေဖြင့် သပိတ်မှောက်လိုပါက သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊ နေရာ၊ ပါဝင်မည့်သူဦးရေ၊ သက်ဆိုင်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တို့သို့ ၁၄ ရက် ကြိုတင်အကြောင်းကြားရမည်ဟု ပါရှိကြောင်း

ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တနှစ် သို့မဟုတ် ငွေဒဏ် ကျပ်တသိန်း၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ပါရှိ
ကြောင်း သိရသည်။

တိုင်ရီ ဆန္ဒပြအလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်နေရ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားအားလုံးသည် ယနေ့ လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက် လုပ်ကိုင်နေကြောင်း သိရသည်။ ၎င်းတို့၏ နစ်နာမှုများနှင့် ရပိုင်ခွင့်များအတွက် ၀ါဏိဇ္ဇ ပဋိပက္ခ ဖြေရှင်းရေးရုံး သို့ တိုင် ကြား လျှောက်ထားရာ ထိုရုံး၏ ဆုံးဖြတ်ချက်မကျခင် ဆန္ဒပြခွင့်မရှိဟူသော စည်းကမ်းအရ လုပ်ငန်းခွင် ပြန်ဝင်နေရခြင်း ဖြစ်သည် ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် ရှေ့နေကိုဖိုးဖြူက ပြောသည်။ တိုင်ရီ စက်ရုံတွင် အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားနေ သည်မှာ တလနီးပါး ရှိပြီဖြစ်ပြီး အလုပ်သမား ၁၈၀၀ ခန့် ရှိကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ဝမ်းရောဂါနှင့် ဝက်သက်ရောဂါ ဖြစ်နေဆဲ

ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံ၊ ကလော၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တွင်းရှိ ကျေးရွာ
ပေါင်း ၄ဝ ကျော်တွင် ကူးစက် ဝမ်းရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းကျေးရွာအချို့တွင် လည်း ဝက်သက်ရောဂါကြောင့် ကလေးငယ်များ သေဆုံးမှုရှိနေကြောင်း

အသက် ၅ နှစ်အောက် ကလေးများတွင် အများဆုံးဖြစ်ပွားနေသည့် Rota Virus ခေါ်သည့် ကူးစက် ဝမ်းရောဂါသည် အဆိုပါ လေးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ဇန်နဝါရီလပိုင်းက စတင်ကာ ဖေဖေါ်ဝါရီလကုန်ပိုင်းထိ ပျံ့နှံနေလျက်ရှိပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၀ ဦးကျော်ထိ ရှိနေပြီဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် တိုက်နယ် ဆေးရုံ မှတ်တမ်းများအရ သိရသည်။


ဖယ်ခုံမြို့နယ်အတွင်းက မိုးဗြဲ၊ လဲုင်းပေး၊ လဲုင်းခါး၊ နောင်တန် ကျေးရွာများ အပါအဝင် ရွာပေါင်း ၁၅ ရွာခန့်တွင်
ဖြစ်ပွားနေလျက် ရှိသည်။ အလားတူ ပင်လောင်းမြို့နယ်ရှိ ထီရီး၊ ထီကျစ်၊ ခြဲုင်း ကျေးရွာများ အပါအဝင် ရွာပေါင်း၁ဝ ရွာနှင့် ဆီဆိုင်မြို့နယ်တွင်လည်း ၁၅ ရွာကျော် ဖြစ်ပွားနေသလို ကလောမြို့နယ်တွင်လည်း ဖြစ်ပွားလျက် ရှိကြောင်း  ဒေသခံများအနေဖြင့် ငွေကြေးအခက်ခဲကြောင့် ဆေးဝယ်သုံးစွဲနိုင်သူ နည်းပါးသလို ဆေးရုံ ဆေးပေးခန်းများနှင့်လည်း အလှမ်းကွာဝေးသဖြင့် ကလေးငယ်အချို့မှာ အသက် ဆုံးပါးခဲ့ရကြောင်း

ဆီဆိုင်မြို့နယ်အတွင်းက ပအိုဝ်းလူမျိုးအများစု နေထိုင်ရာ တွူးကျန့်၊ လွယ်တဖရီး ကျေးရွာမှ ကလေးများတွင် ဝက်သက်ရောဂါ ကူးစက်နေပြီး တွူးကျန့် ရွာတွင် ကလေးငယ် ၃၄ ဦး ဖြစ်ပွားပြီး ထိုအထဲမှ ဖေဖေါ်ဝါရီ ၂ဝ နှင့် ၂၁ ရက်နေ့က နှစ်ရက်အတွင်း ၅ နှစ်အောက် ကလေးငယ် ၉ ဦး သေဆုံးခဲ့ကြောင်း ဆီဆိုင်မြို့နယ် ဆေးရုံကြီးထံမှ သိရသည်။ လွယ်တဖရီး ရွာတွင်မူ ရောဂါဖြစ်ပွားသူ ၃ ဦးသာ ရှိကြောင်း

Rota Virus အမျိုးစား ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကြောင့် ကျန်းမာရေးအသိ နိမ့်ကျပြီး ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများတွင်နှစ်စဉ် ကလေးငယ် ၅ သိန်းခန့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ထုတ်ပြန်ထားကြောင်းကမ္ဘာပေါ်တွင် နှစ်စဉ် ဝမ်းရောဂါ ကူးစက်ဖြစ်ပွားသူ ၃ သန်းမှ ၅ သန်းထိရှိပြီး ထိုအထဲကမှ ၁ သိန်းမှ ၁ သိန်းနှစ်သောင်းခန့်သည် ဝမ်းရောဂါကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုကြောင်း သိရသည်။


ဘုရားသုံးဆူ၌ ဈေးမီးလောင်

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူရှိ ဈေးတွင် ယမန်နေ့ည ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်းပေါင်း ၃၆ ခန်း လောင် ကျွမ်းသွားကြောင်း၊ မီးလောင်မှုကြောင့် ထိုင်း ဘတ်ငွေ သိန်းပေါင်း ၇၀၀ ၀န်းကျင်ဆုံး ရှုံးသွားကြောင်း သိရသည်။ ထိုဈေး၌ ဆိုင်ခန်း စုစုပေါင်း ၃၆ ခန်းရှိပြီး ယွန်းထည်၊ ငွေထည် ၊ လက်ဝတ်ရတနာနှင့် လက်မှုပစ္စည်းများ စသည်တို့ ရောင်းချကြောင်း၊ မီးလောင်မှုသည် လျှပ်စစ် ၀ါယာရှော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ည ၉ နာရီကျော်တွင် ငြိမ်းသွားကြောင်း ဒေသခံ တဦး က ပြောသည်။

ဘုရားသုံးဆူ ဝင်းကရွာမီး ဘတ်သန်း ၇၀ ကျော် ဆုံးရှုံး

ခန့်မှန်းတန်ဖိုး ထိုင်းဘတ်ငွေ သန်း ၇၀ ကျော် (မြန်မာငွေ သန်းပေါင်း ၁,၈၀၀ ကျော်) ဆုံးရှုံး သည့် မီးလောင်ကျွမ်းမှုတခု ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အရှေ့တောင်ဘက် ၂၅ ကီလိုမီတာကျော်ရှိ ဝင်းက မွန်ရွာကြီးတွင် အင်္ဂါနေ့ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း

လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုကြောင့် ဗုဒ္ဓဂါယာ စေတီကြီး ဘုရားစောင်းတန်းရှိ ဆိုင်ခန်းပေါင်း ၃၆ ခန်းမှ မြန်မာ့ယွန်းထည်များ၊ မြန်မာ့လက်မှု ပရိဘောဂများနှင့် အနုပညာလက်ရာမြောက် ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာဝတ်စုံများ၊ တူရိယာပစ္စည်းများ၊ ငွေထည် ကြေးထည်များ နာရီဝက်အတွင်း ပြာကျသွားခဲ့ကြောင်း
ရွာသစ်သက်တမ်းတလျှောက် ယခုမီးလောင်ကျွမ်းမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရသည်။


ဇိုမီးပါတီ မှတ်ပုံပြန်တင်မည်

ဖျက်သိမ်းခံ တိုင်းရင်းသားပါတီတခုဖြစ်သည့် ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC) ပါတီကို လာမည့် ရက်ပိုင်းအတွင်း တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်မည်ဟု သိရသည်။ ဗိုလ်ချုပ် ဆေထင်၊ ဦးခွန်ထွန်းဦးကဲ့သို့သော တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ပါတီ ပြန်လည် မှတ်ပုံတင်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူတဦးဖြစ်သည့် ဦးပူးကျင့်ရှင်းထန်က ပြောသည်။

ဦးသိန်းစိန် နှင့် ဥရောပပါလီမန် အမတ် တွေ့ဆုံဆွေးနွေး

ဥရောပပါလီမန် အမတ်နှင့် အာဆီယံ ကိုယ်စားလှယ် အဖွဲ့ ဥက္ကဌ Dr. Wener Lengen နှင့် အဖွဲ့သည် သမ္မတ ဦးသိန်းစိန် နှင့် နေပြည်တော် သမ္မတ အိမ်တော်တွင် ယမန်နေ့က တွေ့ဆုံသည်။ Dr. Wener Lengen နှင့် အဖွဲ့သည် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့နှင့်လည်း တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြ ထားသည်။ တွေ့ဆုံရာတွင် ပြည်တွင်း နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံမှု တိုးမြှင့်ရေး ဆိုင်ရာ များကို ဆွေးနွေးကြကြောင်း သိရသည်။

နေပြည်တော် ကျောက်မျက်ပွဲ ကျင်းပ ဦးမည်

နေပြည်တော်၌ ၄၉ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို လာမည့် မတ်လ ၉ ရက်မှ ၁၈ ရက်အထိ ခင်းကျင်းပြသမည် ဖြစ်ကြောင်း သိရသည်။ ကျောက်မျက်ပြပွဲသို့ တက်ရောက်ရန် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ရတနာ ကုန်သည် ၅၉၃၀၀ ထံသို့ ဖိတ်ကြား ထားကြောင်း၊ ပြပွဲ၌ ကျောက်စိမ်း၊ ကျောက်စိမ်း မဟုတ်သော အခြားတွင်းထွက်များ၊ အင်ကြင်းကျောက်နှင့် အချောထည်များကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း ကျောက် စိမ်းလုပ်ငန်း ကော်မတီ အတွင်းရေးမှူးက ပြောသည်ဟု မြန်မာ့အလင်း သတင်းစာတွင် ရေးသား ထားသည်။

ဒီမိုကရေစီကို ကာကွယ်သည့် တပ်မတော် ဖြစ်သင့်ဟု NLD ပြော


တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သည့် အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်သင့် ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ၀င်ရောက်အရွေးခံမည့် ဦးဖြိုးမင်းသိန်းက ယနေ့သွားရောက်သည့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် ပြောဆိုလိုက်သည်။

ကျောင်းတိုက်က ထွက်မှာမဟုတ်လို့ ဦးဃောသိတ မိန့်ကြား


ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား လိပ်ပြာကန် ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတက မိမိကို ကျောင်းတိုက်ကနေ ထွက်ခွာဖို့ သံဃ မဟာနာယကအဖွဲ့က အမိန့်ထုတ်ထားပေမယ့် အဲဒီကျောင်းမှာပဲ ဆက်လက် သီတင်းသုံး နေထိုင်မယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဦးဃောသိတက အာအက်ဖ်အေကို အခုလို မိန့်ပါတယ်။
“သာသနာရေး သွားတဲ့အခါ သာသနာရေးက ဦးစီးတစ်ယောက်နဲ့တွေ့တယ်။ သူ့ကို ဦးပဉ္စင်းက ၁၅ ရက် ၂ လ ၂၀၁၂ မှာ ဦးပဉ္စင်း ရဟန်းဝတ်ခွင့် တင်ထားတယ်။ ဒကာကြီးတို့ ဘယ်တော့ အဲဒါ စီစဉ်ပေးမှာလဲ၊ အရေးကြီးနေတယ်လို့ ဦးပဉ္စင်း ပြောခဲ့တယ်။ ပြောတဲ့အခါကျတော့ သာသနာရေးက တပေါင်းလပြည့်ကျော်မှ ဦးပဉ္စင်းကို လုပ်ပေးလို့ရမယ်၊ အဲဒီအချိန်ကျလို့ရှိရင်တော့ ဦးပဉ္စင်းကို သေသေချာချာ ကူညီပါ့မယ်၊ အဲဒါကို စိတ်ချပါလို့ သူတို့က ပြောတယ်။ နောက်တခါ ဦးပဉ္စင်းကို ကျောင်းတိုက်ကနေ ဖယ်ထားတဲ့စာ ဦးပဉ္စင်းက ထုတ်ပြတယ်။ သာသနာရေး ဦးစီးတစ်ယောက်က ဦးပဉ္စင်းကို ပြောတယ်။ ဒီအမိန့်က သူတို့လာပြီးတော့ လုပ်ရမယ့်အလုပ်ပါတဲ့။ သူတို့လည်း အလုပ်ရှုပ်နေတယ်၊ လေးလပိုင်းကျော်တဲ့အထိ ဒီနေရာမှာ ဆက်နေရင်လည်း ရပါတယ်လို့ သူတို့ကိုယ်နှိုက်က ပြောလိုက်ပါတယ်”
ဦးဃောသိတက သူ့အနေနဲ့ သတ်မှတ်တဲ့ အချိန်ပြည့်ရင်လည်း ကျောင်းတိုက်မှာပဲ ဆက်ပြီး သီတင်းသုံးမှာဖြစ်တယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။
ဆရာတော် ဦးဃောသိတဟာ ၂၀၀၈ ခုနှစ်ကဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒုက္ခသည်ကယ်ဆယ်ရေး လုပ်နေရင်းနဲ့ ထိုင်ဝမ်နိုင်ငံက ဘာသာရေးအဖွဲ့တစ်ခုရဲ့ဖိတ်ကြားချက်အရ တခြားသံဃာ ခုနစ်ပါးနဲ့အတူ ထိုင်ဝမ်ကို ခေတ္တကြွသွားပြီး ရန်ကုန်ပြန်အလာ လေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။
အဲဒီနောက် တရားမဝင် ဒေါ်လာငွေကိုင်ဆောင်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ထွက်ခွာမှု၊ မတရားသင်း ဖွဲ့စည်းမူတွေနဲ့ ဆရာတော်ကို ထောင် ခုနစ်နှစ် ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရမည်းသင်းထောင်က ပြန်လွတ်လာပါတယ်။

ကျောင်းတိုက်မှ ထွက်ခွာပေးမည်မဟုတ်ဟု ဦးဃောသိတ ဆို


သုံးရက်အတွင်းကျောင်းမှ ဆင်းပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ အမိန့်ထုတ်ပြန်ခြင်း ခံခဲ့ရသော်လည်း မိမိအနေဖြင့် လက်ရှိနေထိုင်သည့် လိပ်ပြာကန်ကျောင်းမှ ထွက်ခွာပေးမည် မဟုတ်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သူ ဦးဇင်းဦးဃောသိတက ပြောကြားသည်။
ယင်းအနေဖြင့် ယနေ့တွင် တိုင်းသာသနာရေးဦးစီးဋ္ဌာနသို့ သွားရောက်မေးမြန်းရာ ယင်းဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း အမိန့်ထုတ်ပြန်ထားသော်လည်း တန်ခူးလအထိ နေခွင့်ရှိသည်ဟု လျှောက်ထားခဲ့ကြောင်း ဦးဃောသိတကပြောသည်။
‘ နဂိုကတည်းက ဦးဇင်းက ကျောင်းကထွက်ပေးဖို့ မစဉ်းစားထားဘူး။ ခုလိုပြောတော့ပိုကောင်းသွားတာပေါ့။’’ ဟု ၎င်းကပြောသည်။လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေများအား ပဓာနနာယကဆရာတော်ဦးဇောတိက မှ ခွဲစိတ်ရောင်းချမှုကို ကျောင်းတိုက် နာယကဆရာတော်များထံ ဦးဆောင်တိုင်ကြားသဖြင့် ဦးဇောတိကမှ ၎င်းအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ပြန်လည်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဃောသိတက ပြောသည်။
ကျောင်းထိုင်ဆရာတော် ဦးဇောတိက ကမူ ထိုသို့တိုင်ကြားရခြင်းမှာ နိုင်ငံရေးနှင့် ဆက်နွယ်ခဲ့ဖူးသည့် ဦးဃောသိတ အား ကျောင်းတွင် မရှိစေလို၍ တိုင်ကြားခြင်းဖြစ်ကြောင်းပြောကြားသည်။
သို့သော် ယင်းကျောင်း၏ တိုက်အုပ်ဆရာတော် ဦးပညာစက္က က “ ဦးဃောသိတ လွတ်စက ကျောင်းထိုင်က လက်ခံတယ်။ သူတောင် သိက္ခာထပ်ပေးမယ်ပြောသေးတယ်။ ကျောင်းကိုဖဲ့ရောင်းတာ တိုင်ပြီးနောက်မှ သူက တိုင်တာ ’’ ဟုပြောသည်။ထိုသို့တိုင်ကြားမှုကြောင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ ဦးဃောသိတအား သုံးရက်အတွင်း ကျောင်းမှ ဆင်းပေးရန် ယခုလ ၂၇ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ဦးဃောသိတအား တိုင်ကြားခြင်းနှင့် အမိန့်ထုတ်ပြန်ခြင်းကို လိပ်ပြာကန်ကျောင်းတိုက်မှ နာယကဆရာတော်များပင်မသိကြောင်း ဦးပညာစက္ကက ဆက်လက်ပြောသည်။
ကျောင်းထိုင်ဆရာတော် ဦးဇောတိကမှ လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေကို အခြားဘုန်းကြီးကျောင်းသို့ရောင်းချခြင်းအား ယင်းကျောင်း (လိပ်ပြာကန်အလယ်ကျောင်း) ရှိ ကျောင်းနေသံဃာ (၄၅) ပါးအနက် (၃၉) ပါးမှ လက်မှတ်ထိုးကာ ကန့်ကွက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဦးဇောတိက ကမူ ထိုသို့လက်မှတ်ထိုးသူများအား ဦးဃောသိတမှ လိမ်လည်လက်မှတ် ရေးထိုးစေခဲ့ခြင်းဖြစ်ကြောင်းပြောသည်။ထိုကိစ္စနှင့်ပတ်သတ်ပြီး လက်မှတ်ရေးထိုးကန့်ကွက်သူများတွင်ပါဝင်သည့် ကိုရင်ကြီး အရှင် ၀ါယာမန္ဒိ က ‘ ကိုရင်တို့ကိုသေချာပြောပြီးမှ ထိုးခိုင်းတာပါ။ လိမ်ပြီးထိုးခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ဆန္ဒနဲ့ကိုထိုးတာပါ’’ ဟု ပြောသည်။
ဦးဃောသိတသည် ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတစ်ပါးဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်သည့် ကာလတွင်လည်း မုန်တိုင်းဒဏ်ခံရသည့် နယ်မြေများတွင် ပရဟိတလုပ်ငန်းများလုပ်ကိုင်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံသို့ သွားရောက်လည်ပတ်နေစဉ် သူငယ်ချင်းဖြစ်သူ သံဃာများအား နိုင်ငံရေးပြုလုပ်သဖြင့် အစိုးရက ဖမ်းဆီးခဲ့ရာမှ ၎င်းကိုပါ ထိုင်ဝမ်မှပြန်လည်ရောက်ရှိချိန်တွင် နိုင်ငံခြားငွေ တရားမ၀င်ကိုင်ဆောင်မှုပြု၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းသည် ထောင်တွင် သုံးနှစ်ကြာနေထိုင်ခဲ့ရပြီး ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင်မှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ရွှေည၀ါဆရာတော် ဦးပညာသီဟကိုလည်း မန္တလေးမြို့ NLD ရုံးတွင် သြ၀ါဒပေးခဲ့ခြင်းကြောင့် ၎င်းသီတင်းသုံးရာ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်မှ ထွက်ခွာရန် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ  အမိန့်ထုတ်ပြန်ခဲ့ရာ ယခုလ ၁၉ ရက်နေ့က ထွက်ခွာပေးခဲ့ရသည်။

ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု မြို့နယ်ရုံးမှ ခရိုင်ရုံးသို့ ပြောင်းလဲ စစ်ဆေးခွင့်ပြု

 

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ဂျပန်နိုင်ငံသားတဦးက Orchid Hotel အမျိုးသမီး ၀န်းထမ်းတဦးကိုပါးရိုက်ခဲ့သည့် အမှုအား လက်ရှိ အမှုစစ်ဆေးမည့် ပုဇွန်တောင်မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှ့စစ်ဆေးသွားရန် ခွင့်ပြုလိုက်ကြောင်း ဟိုတယ် မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ပြောသည်။ မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှေ့ အမှုရင်ဆိုင်ရခြင်းမှာ ကာယကံရှင်ဟိုတယ် ၀န်ထမ်းအမျိုးသမီး၏ ဆန္ဒကြောင့် ပြောင်းရွှေ့စစ်ဆေးရခြင်းဖြစ်ကြောင်း ကာယကံရှင် ဒေါ်အေးအေးကြည်က ပြောသည်။


“ပုဇွန်တောင် တရားရုံးက ဒီအမှုကို တရားမျှတစွာစစ်ဆေးပေးမယ်လို့ မခံစားရဘူး၊ဒါကြောင့် ခရိုင် တရားရုံးကိုပြောင်းလဲ စစ်ဆေးပေးဖို့ တောင်းဆိုတာ ဒီနေ့ ပြောင်းလဲစစ်ဆေးခွင့်ရလိုက်တယ်” ဟုသူမက ပြောသည်။

ပြီးခဲ့သည့် လ ၂၈ ရက်နေ့က Orchid Hotel တွင် တည်းခိုနေသော ဂျပန်နိုင်ငံသား Mr.Okahashi Takashi ကညဘက်တွင် ဟိုတယ်သို့ သက်သေအထောက်အထား မပြည့်စုံသည့် အမျိုးသမီးတဦးအားခေါ်လာရာ ဟိုတယ်ဝန်ထမ်းအမျိုးသမီး ဒေါ်အေးအေးကြည်က တားဆီပြောဆိုရာ ဂျပန်နိုင်ငံသား ကသူမကို ပါးရိုက်ခဲ့သည်။

ထိုသို့ ပါးရိုက်ခံခဲ့ ရသည်ကို ပုဇွန်တောင်မြို့နယ် ရဲစခန်းသို့ သွားရောက်တိုင်ကြားရာ ပါးရိုက်ခဲ့သည့် သက်သေအထောက်အထား ဆေးစာရွက်ရှိမှ အမှုဖွင့် အရေးယူနိုင်မည်ဟု ပြောဆိုခဲ့ရာမှ ၎င်းအမှုမှာ နာမည်ကြီးသွားခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးဌာနမှလာရောက် စစ်ဆေးအမှုဖွင့်ပေးခဲ့သည်။
ဝန်ထမ်းအမျိုးသမီးက ဂျပန်နိုင်ငံသားအား ကိုယ်ထိလက်ရောက်စော်ကားမှုဖြင့် အမှုဖွင့် ထားသကဲ့သို့ ဂျပန်နိုင်ငံသားကလည်း သူမကို ၎င်းအား အင်အားသုံးတားဆီမှု နှင့် ၎င်း၏ပိုက်နက်အတွင်းဝင်ရောက်ခွင့်မပြု ခြင်း စသည် တို့ဖြင့် တရားပြန်ဆွဲထားသည်။ ပြီးခဲ့သည့် ၂၂ ရက်နေ့တွင် စတင်အမှုရင်ဆိုင်ကြပြီး ယနေ့ ၂၉ ရက်ရုံးချိန်းတွင် ၀န်ထမ်းအမျိုးသမီး တောင်းဆိုထားသည့်အတိုင်း ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခွင့် ပြုကြောင်း ပုဇွန်တောင် မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

“ကျွှန်မကအမှန်မှာ အမှုက အေးအေးဆေးဆေး ပြီးသွားမယ်ဆိုရင်ပြီးသွားမှာပဲလေ ၊အခုတော့ တရားရုံးသွားတော့ ဂျပန်ကတရားပြန်ဆွဲထားတယ်တဲ့ ၊အဲနေ့မှာပဲ ကျွှန်မတို့ က အာမခံတယောက်သိန်းနှစ်ရာလိုတယ်တဲ့ အကယ်လို့ ညနေလေးနာရီမှ မပေးရင် အဖမ်းခံရမယ် ၊အချုပ်ခံရမယ်တဲ့၊ကျွှန်မက ဟိုတယ်ကနောက်ခံရှိနေလို့ပေါ့ အကယ်လို့ ကျွန်မနေရာမှာဆင်းရဲသား ဖြစ်နေရင် ကိုယ့်အမှုကမှန်နေရင်တောင် အာမခံ မပေးနိုင်လို့ အချုပ်ထဲကနေအမှုရင်ဆိုင်ရမဲ့ သဘောရှိတယ်” ဟု ဒေါ်အေးအေးကြည်က မီဒီယာများအား ပြောကြားသည်။

ဒါ့အပြင် သူကမတို့ ကိုဂျပန်နိုင်ငံသားက တရားစွဲဆိုထားသည့်အကြောင်းအရာကိုလည်း ရဲစခန်းမှအသိပေးခြင်း မရှိဘဲ တရားရုံးသွားခါနီး တရက်အလိုကျမှသာ သိခွင့်ရခဲ့ပြီး ဘုမသိဘမသိနှင့် တရားရုံးသွားခဲ့ရကြောင်း ထို့ ကြောင့်အမှုကို အမှန်အတိုင်း အမှုမှန်ပေါ်ပေါက် လာသည်အထိ တရားရင်ဆိုင်သွားမည်ဟုဆိုသည်။
လက်ရှိ အဆိုပါ အမှုကို ဟိုတယ်ဝန်ထမ်း အမျိုးသမီးဘက်က လိုက်ပါကူညီဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံဧည့် လမ်းညွှန်အသင်းက ကိုနေလင်းထိုက်ကလည်း အဆိုပါအမှု အမှုမှန်ပေါ်ပေါက်တဲ့အထိ အဆင့်ဆင့် တရားရင်ဆိုင်သွားရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။

“ဂျပန်အမှုနဲ့ပတ်သတ်ရင် ကျောက်ပန်းတောင်းကအမှုဆို ဆိုက်ကယ်သမားက သေဒဏ်ကျတယ်လေ မြန်မာနိုင်ငံအနေနဲ့ လောလောဆယ်မှာနိုင်ငံခြားဧည့်သည်တွေရင်းနှီးမြှပ်နှံသူတွေကိုဆွဲဆောင်နေတော့ နိုင်ငံခြားသားတွေကို အတိုင်းအတာတခုအထိဦးစားပေးသတ်မှတ်ပြီး ကာကွယ်ပေးနေတယ်လို့ ယူဆချင်ရင် ယူဆလို့ရတယ် ဒါပေမဲ့ဒီလိုအဖြစ်အပျက်တွေက ကျွှန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွား အတွက်ပါ၊အမှုမှန်ပေါ်တဲ့အထိ ရင်ဆိုင်သွားမှာပါ” ဟုဆိုသည်။အဆိုပါအမှုကို လာမည့် ၁၄ ရက်နေ့တွင် ခရိုင်တရားရုံးတွင် စစ်ဆေးသွားရန် ရှိသည်။

၅၀၀၀ တန် ဖုန်းရရှိရေး လှုပ်ရှားသူများ စစ်ဆေးခံရ

ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ် ၇၀ ရပ်ကွက် အတွင်း ကျပ် ၅၀၀၀ တန်ဖုန်းများ ရရှိရေး လှုံ့ဆော်သူ ၁၁ ဦးကို ဒေသ အာဏာ ပိုင်များက ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုခဲ့ကြောင်း သတင်းရရှိသည်။
“နောင်ဒါမျိုး မလုပ်ပါဘူးဆိုပြီး ၀န်ခံကတိထိုးခိုင်းတယ်။ ကျနော်တို့က မထိုးနိုင်ဘူးပေါ့။ နောက်မှ မြို့နယ်မှူးနဲ့ စခန်းမှူးရောက်လာ တော့ ဒါက လုပ်ခွင့်တင်ပြီးမှ လုပ်ရမယ်ပြောတာ၊ နိုင်ငံသားတယောက်အနေနဲ့ ကိုယ့်အခွင့်အရေးကိုယ် တောင်းဆိုပိုင်ခွင့်ရှိတယ် ဆိုတာ ပြောတော့ နောက်ပိုင်း ဒီအတိုင်း ပြန်လွှတ်ပေးလိုက်ပါတယ်”ဟု လှုပ်ရှားမှု ဦးဆောင်သည့် ကိုထင်ကျော်က ပြောသည်။
ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူ ကိုထင်ကျော်သည်“ကုန်ဈေးနှုန်းများ ကျဆင်းရေး၊ တန်ဖိုးနည်းဖုန်း သုံးခွင့်ပေး”ဟူသော စာ သားများပါရှိသည့် စာရွက်များ ဝေငှခြင်း၊ လှုံ့ဆော်ဟောပြောခြင်းများကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပနှင့် လှိုင်သာ ယာမြို့နယ်များတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
“၅၀၀၀ တန် ဖုန်းရယ်လို့ မဟုတ်ဘူးပေါ့ဗျာ။ ဒီထက်နည်းရင်လည်း ကျနော်တို့ ပြည်သူအတွက် အကျိုးရှိပါတယ်။ နိုင်ငံတော် အခွန် လည်း ရမယ်။ ပြည်သူလူထုလည်း ကုန်ဈေးနှုန်းကျဆင်းရေးမှာ အထောက်အပံ့ဖြစ်တဲ့အတွက် ဒီ ၅၀၀၀ တန်ဖုန်းကို မရမချင်းတောင်းဆိုသွားမယ်လို့ ကျနော်တို့က ဆုံးဖြတ်ချက်ချထားပါတယ်”ဟု ကိုထင်ကျော်က ဆိုသည်။
ပြီးခဲ့သည့် ဇန်န၀ါရီ လဆန်းပိုင်းတွင် ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅၀၀၀ တန် မိုဘိုင်းဖုန်း ဆင်းကတ်များ ဖြန့်ဝေနိုင်ရန် ကြိုးပမ်း ခဲ့သည်။သို့သော် တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုမရှိခြင်းနှင့် ဆက်သွယ်မှုကွန်ရက်ကို အချိန်ယူ တည်ဆောက်ရန် လိုအပ်မှုများ ရှိနေခြင်း ကြောင့် ၅၀၀၀ တန်ဖုန်းကိစ္စမှာ လောလောဆယ် ဖြစ်နိုင်ခြေမရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ခဲ့သည်။၅၀၀၀ တန်ဖုန်းများ ရောင်းချနိုင်ရေးအတွက် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ဆက်လက်ကြိုးပမ်းမည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ထပ်မံ ထုတ်ပြန်ခဲ့ပြီးသည့်နောက်တွင် ၅၀၀၀ တန် ဖုန်းရရှိရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။
ကိုထင်ကျော်က“တခြား နိုင်ငံတွေမှာ ဖုန်းက ဗမာငွေနဲ့ ၁၀၀၀ ကျော်ကျော်လောက်နဲ့ ဖုန်းပြောခွင့်ရနေတာကို ကျနော်တို့နိုင်ငံက ဘာကြောင့်မို့ မဖြစ်နိုင်ရတာလည်းဆိုတာကို အစိုးရက ရှင်းရှင်းလင်းလင်း မထုတ်ပြန်ဘူး။ အစိုးရရဲ့အကြောင်းပြချက်က မခိုင်လုံ ဘူး။စကားပြော ဆက်သွယ်ခွင့်တွေက ကျနော်တို့ ပြည်သူတွေ အသိဉာဏ်ဖွံ့ဖြိုးမှုအပေါ်မှာ အများကြီး အထောက်အပံ့ပေးပါတယ်”ဟု ဆိုသည်။
ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တခါသုံး FEC၂၀ တန် GSM မိုဘိုင်းဖုန်းကတ်နှင့် FEC ၅၀ တန် တခါသုံး CDMA 450 MHz ဖုန်းကတ်များကို၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့သည်။
၂၀၁၀ ပြည့် ဒီဇင်ဘာလမှစ၍ FEC၂၀ တန် တခါသုံး ဖုန်းကတ်ရောင်းချမှုကို လုံးဝရပ်ဆိုင်းခဲ့သော်လည်း မကြာခင်ကမူ ပြန်လည် ရောင်းချပေးခဲ့သည်။ အဆိုပါ တခါသုံးဖုန်းများကို လွတ်လပ်စွာ ၀ယ်ယူရနိုင်သော်လည်း ဖုန်းခေါ်ဆိုခနှုန်းထား မြင့်မားမှုနှင့် ၀ယ်ယူ သည့် ကတ်အလိုက် ဖုန်းနံပါတ်များ ပြောင်းလဲနေသောကြောင့် သုံးစွဲသူများအကြား ရေပန်းစားမှု မရှိပေ။
မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း စနစ်ကို ၁၉၉၃ ခုနှစ်တွင် ဆယ်လူလာ စနစ်ဖြင့် စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် CDMA ဖုန်းစနစ် စတင် သုံးစွဲခဲ့ကာ၂၀၀၂ ခုနှစ်တွင် GSM ဖုန်းစနစ်ကို စတင်ခဲ့သည်။ WCDMA ဖုန်းများကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်ပိုင်း ပြည်သူများကို သုံးစွဲခွင့်ပြုခဲ့သည်။ CDMA 800 MHz ဖုန်းလိုင်းများကိုမူ၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်သုံးစွဲခွင့် ပြုခဲ့သည်။
လက်ရှိတွင် GSM ဆက်သွယ်ရေး ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၀၊ CDMA 800 Mhz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိရာ ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ထားသည်။ ၂၀၁၀ ပြည့်နှစ် ဇူလိုင် အထိ GSM ဖုန်း ၅၀၀၀၀ ကျော် ၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း၂၀၀၃၈ လုံး၊ WCDMA တယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲနေရာ နေပြည်တော်မှာခွင့်မပြု

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် မဲဆွယ်စည်းရုံးရေးခရီးမှာ လူထု စုဝေးဖို့ နေပြည်တော် ပုပ္ဗသီရိ မြို့နယ်အတွင်းက လယ်ကွင်းတခုကို သုံးခွင့်ပြုဖို့ ကော်မရှင်ထံမှာ အဆိုပြုထားတာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် ကန့်ကွက်လိုက်ကြောင်း  ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတွေနဲ့ နီးတဲ့အတွက် အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ကန့်ကွက်လိုက်တာကြောင့် မတ်လ ၆ ရက်နေ့သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်ဟာ မဲဆွယ်စည်းရုံးဖို့ ကွင်းအခက်အခဲနဲ့ ကြုံတွေ့နေရကြောင်း
နေပြည်တော် ပုပ္ဗသီရိမြို့နယ်၊ မဲဆန္ဒနယ်မှာ ကိုဇေယျာသော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ဒီအတွက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက်နေ့မှာ သွားရောက်ပြီး နေပြည်တော် ဒေသခံတွေကို မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေကြောင်းနိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးတွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့် မပေးဘူးဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စည်းကမ်းထုတ်ပြန်ထားတဲ့အတွက် ပုပ္ဗသီရိမြို့နယ်ထဲက လယ်ကွင်းတခုမှာ လယ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ လူထုမဲဆွယ်ပွဲလုပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြထားကြောင်း ဒါကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ကတဆင့် ကန့်ကွက်လာတယ်လို့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ကိုဇေယျာသော်က ပြောကြောင်း
သာသနိက အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေမှာ မဲဆွယ်စည်းရုံးရေး မလုပ်ရဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က စည်းကမ်းချက် ထုတ်ထားကြောင်း ဒါပေမယ့်လို့ မဲဆွယ်မယ့် နေရာဟာ သာသနိက အဆောက်အဦးတွေ စာသင်ကျောင်းတွေနဲ့ မနီးရဘူးဆိုပြီး စည်းကမ်းထုတ်ထားတာ မရှိလို့ ပုပ္ဗသီရိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ကန့်ကွက်ချက်က ဥပဒေနဲ့မညီဘူးဆိုပြီး ကိုဇေယျာသော်က ပြောကြောင်း
အခု မဲဆွယ်စည်းရုံးရေး လုပ်မယ့်နေရာဟာလည်း ဘုန်းတော်ကြီးကျောင်းနဲ့ ကိုက် ၁,၀၀၀ လောက် ဝေးပြီး အဲဒီ အနီးက မူလတန်းကျောင်းကလည်း ကျောင်းပိတ်ထားတယ်လို့ သူကပြောကြောင်း
လာမယ့် မတ်လ ၆ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်မှာ မဲဆွယ်စည်းရုံးရေး အတွက် နေရာခွင့်ပြုဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပေမယ့် ကော်မရှင်က ခွင့်ပြုချက် ချထားမပေးသေးကြောင်းတကယ်လို့ ဒီလယ်ကွင်းကိုသာ အသုံးပြုခွင့် မရရင် အခက်အခဲတွေ ရှိလာနိုင်ကြောင်းနေပြည်တော် မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ၊ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေ ကြုံနေရပေမယ့် လူထုရဲ့ထောက်ခံမှုကို အပြည့်အဝရအောင် ကြိုးစားသွားမယ်လို့လည်း ကိုယ်စားလှယ်လောင်းတွေက ပြောကြောင်း
နေပြည်တော် ဆောက်လုပ်လိုက်တဲ့အတွက် လယ်ယာမြေ ဆုံးရှုံးရတဲ့ ဒေသခံလယ်သမားတွေဟာ အလုပ်လက်မဲ့ ပြသနာနဲ့ ကြုံတွေ့နေရတဲ့ အတွက်လည်း ပြန်လည်ထူထောင်ရေး နိုင်ငံရေး ပါတီ အားလုံးနဲ့အတူ ပြည်သူ တရပ်လုံးလည်း ပူးပေါင်းဖြေရှင်းဖို့ လိုတယ်လို့လည်း ကိုဇေယျာသော်က ပြောကြောင်း သိရှိရသည်။

EU ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ကြားဖြတ် ရွေးကောက်ပွဲပေါ် မူတည်

EU ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ကိစ္စကို ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ ပြီးတဲ့အထိ စောင့်သင့်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ကြောင်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၁ ဦးပါ အာဆီယံ နိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့ကြောင်းဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ် စည်းရုံးမှုကာလတွေမှာလည်း ဒီမိုကရေစီမူဝါဒတွေနဲ့ မကိုက်ညီတာတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဦးခင်ညွန့်ကို ဦးခင်ရွှေ ကျေးဇူးဆပ်

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ၎င်း၏ လူမှုရေး လုပ်ငန်းများ၌ ကူညီဆောင်ရွက် ပေးသွားမည် ဟု ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ က ပြောသည်။ ဦးခင်ညွှန့်အား ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ၎င်းအပေါ် ကျေးဇူးရှိခဲ့၍ မဟုတ်ကြောင်း၊ ဦးခင်ညွှန့်သည် နိုင်ငံအတွက် တတ်နိုင်သည့် အတိုင်းအတာတခုအထိ ဆောင်ရွက်ခဲ့သူဖြစ်၍ ကျေးဇူးပြန်ဆပ်ရခြင်းဖြစ်သည်ဟု ဦးခင်ရွှေ က ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ တည်ထောင်ထားသည့် မြရိပ်ညို ဖောင်ဒေးရှင်း၌ ကူညီဆောင်ရွက်ပေးရန် ဦးခင်ညွှန့်အား ကမ်းလှမ်းခဲ့ရာ လက်ခံကြောင်း၊ ဦးခင်ညွှန့်ကိုယ်တိုင်လည်း ရွှေမှော်ဝန်း အမည်ရှိလူမှုရေးအဖွဲ့တခု တည်ထောင် ၍ ဆောင်ရွက်နေကြောင်း သိရသည်။ ဦးခင်ညွှန့် တည်ထောင်ထားသည့် ရွှေမှော်ဝန်း လူမှုရေး ဖောင်ဒေးရှင်း၌ အလှုငွေ ကျပ်သိန်း ၅၀၀ ပါဝင် ထည့်ပေးထားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မြရိပ်ညိုဖောင်ဒေးရှင်း အတွက် ကျပ် သိန်း တသောင်း မ တည် ထားကြောင်း၊ ၎င်းသည် တနှစ်လျှင် ကျပ် သိန်းပေါင်း၂ သောင်းမှ ၃ သောင်းအထိ လှူဒါန်းနေပြီး ဘုရားအဆူ၂၀၀ကျော် တည်ထားပြီးကြောင်းလည်း ဦးခင်ရွှေက ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်သည် အမိန့်မနာခံမှု၊ အဂတိ လိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် ထောင်ဒဏ် ၄၄ နှစ်အပြစ်ပေးခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ၎င်းဖမ်းဆီးခံရပြီးနောက် ထောက်လှမ်းရေးအဖွဲအား ဖျက်သိမ်းခဲ့ပြီး ထောက်လှမ်းရေး အဖွဲ့ဝင် အများအပြား နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။
ဦးခင်ညွန့်သည် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ် သည်။ လွတ်မြောက်သည့်နေ့တွင် ပြည်တွင်း ပြည်ပ မီဒီယာသမားများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်ကလည်း လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။
“နိုင်ငံရေးတော့ လုပ်ဖို့ မရှိသေးဘူး၊ လူမှုရေးတွေပဲ လုပ်သွားမယ်”ဟု ဦးခင်ညွှန့် က ဆိုသည်။
ဦးခင်ညွှန့်နှင့် ထောက်လှမ်းရေးအဖွဲ့သည် တာဝန်ယူစဉ်ကာလ၌ တန်ခိုးသြဇာ ကြီးထွားခဲ့ပြီး နိုင်ငံရေး လှုပ်ရှားသူများ၊ ကျောင်း သား ကျောင်းသူ အများအပြားကို ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်ချမှတ် အပြစ်ပေးခဲ့မှုများ ပြုလုပ်ခဲ့သည်။
ဦးခင်ရွှေသည် ဦးခင်ညွန့် အပါအ၀င် ယခင် န၀တ၊ နအဖ စစ်အစိုးရ အဖွဲ့၏ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သည့် စီးပွားရေး လုပ် ငန်းရှင်တဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်လည်း ခမည်း၊ ခမက် တော် စပ်သည်။ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွား လုပ်ငန်း စသည့် စီပွားရေး လုပ်ငန်းများ လုပ်ကိုင်နေပြီး စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန်အတွက် လယ်ယာမြေသိမ်းယူမှု များကို ရန်ကုန်တိုင်းနှင့်မွန်
ပြည်နယ်များတွင် လုပ်ဆောင်နေရာ ဒေသခံပြည်သူများက မကျေနပ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားမှုများနှင့် လည်း ရင်ဆိုင်နေရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အတွင်းမှ လယ်မြေ ဧက ၁၀၀၀ ကို ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူထားသည့်အတွက် မိမိတို့ လယ်မြေများ ပြန်လည် ရရှိရေး အတွက်ဟုဆိုကာ လယ်သမား ၇၀ ၀န်းကျင်က တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်းလည်း သိရှိရသည်။


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

 

0 comments:

Post a Comment