ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း
၂၀၁၂ ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သလို မြန်မာနိုင်ငံကလေးများနေ့လည်း ဖြစ်သည်။ ဗိုလ်ချုပ်သာသက်ရှိထင်ရှားရှိခဲ့သော် ယခုနှစ်ဆိုလျှင် အသက် ၉၇ နှစ် ရှိပြီဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် အစိုးရသစ်တက်လာပြီးနောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် စာအုပ်များကို ရေးသား၊ ပုံနှိပ်ထုတ်ဝေခွင့်ပြုလိုက်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စာအုပ်ပေါင်း (၁၀၀) နီးပါးခန့် ထုတ်ဝေဖြန့်ချိလာ သည်ကိုတွေ့ရသည်။ အဆိုပါစာအုပ်များအနက် အများစုမှာ ယခင်နှစ် ၅၀ အတွင်းကထုတ်ဝေခဲ့ပြီးသောစာအုပ်များကို ပြန်လည်ထုတ်ဝေ ခဲ့သလို ပြန်လည်ရေးသားထားသည့် စာအုပ်အသစ်များကို လည်းတွေ့ရသည်။ အချို့စာအုပ်များသည် တချိန်က ကလောင်စုံရေးသားခဲ့သည့် ဗိုလ်ချုပ်နှင့်ပတ်သက်သောဆောင်းပါးများကို စုစည်းထားသလို ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ် ၄၊ ၅ အုပ်ကိုမှီး၍ ပြန်လည်ရေး သားထားသည့် စာအုပ်များလည်း ပါရှိသည်။
သို့သော် ဗိုလ်ချုပ်စာအုပ်များကို လေ့လာဖတ်ရှုပါကအများစုမှာ ရက်စွဲအမှတ်မှားမှုများ၊ ဖြစ်ရပ်မှန်လွဲချော်မှုများ၊ မခိုင်လုံသော ပါးစပ်ရာဇ ၀င်၊ ထင်မြင်သုံးသပ်ချက်၊ စသည့်အမှားအများအပြားတွေ့ရှိရသည်။
အဆိုပါ အမှားများကိုမည်သူ့ကိုမျှ နစ်နာစေလိုသော၊ ဆရာကြီးလုပ်လိုသောရည်ရွယ်ချက်မရှိဘဲ၊ မျိုးဆက်သစ်လူငယ်များ သမိုင်းဖြစ်ရပ်မှန် ကို ချိန်ထိုးလေ့လာဆည်းပူးနိုင်စေရန် ရည်ရွယ်၍ အမှန်ကိုထောက်ပြလိုပါသည်။
● မွေးသက္ကရာဇ်အမှား
မြန်မာ့တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း မြေလတ်ဒေသ နတ်မောက်မြို့ကလေး၌ အဖ တတိယတန်းရှေ့နေ၊ အမိ ဒေါ်စုတို့မှ မြန်မာသက္ကရာဇ် ၁၂၇၆ ခု၊ တပေါင်းလဆန်း ၁ ရက် (ခရစ်နှစ် ၁၉၁၅ ခု၊ ဖေဖော်ဝါရီ ၁၃ ရက်) စနေနေ့တွင် နံနက် ၅ နာရီ ၃၅ မိနစ်၌ ဖွားမြင်ခဲ့သည်။
ဗိုလ်ချုပ်၏ မွေးသက္ကရာဇ်နှင့်ပတ်သက်၍ အလင်္ကာကျော်စွာဆရာကြီးသခင်ကိုယ်တော်မှိုင်းတည်းဖြတ်ပြီး၊ ဗိုလ်ချုပ်နှင့် ခေတ်ပြိုင်စာရေး ဆရာ၊ ရဲဘော်၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များနှင့် ကျောင်းနေဘက်သူငယ်ချင်းများစုပေါင်းရေးသား၍ ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလတွင် အမျိုးသား ပုံနှိပ်တိုက်မှထုတ်ဝေခဲ့သော `ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ´ စာအုပ်၌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးသားခဲ့သောသူ့အတ္ထုပ္ပတ္တိအကျဉ်း၌-
“…. ရက်အနည်းငယ်ခန့်ကြာသောအခါ တစ်မိုင်လောက်ကွာဝေးသော အခြားရွာတစ်ရွာမှာနေသည့် မိဘများ လက်သုံးဖြစ်သောဗေဒင်ဆရာ သည် ပေရွက်တွင်ရေးဖွဲ့၍ ရေနံချေးသုတ်ထားသော ရက်ချုပ်ဇာတာကို ကျနော်တို့အိမ်သို့ ယူဆောင်လာလေ၏။ ဇာတာအဆိုကား ဇေယျ တုသဗ္ဗမင်္ဂလံ။ သက္ကရာဇ် ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက်။ စနေနေ့အ၀င် ၄ – ချက် မတီးမီ ၆ – နာရီ၊ ၃ – ပါဒ်၊ ၁၃ – ဗီဇနာ၊ ၄ – ပြန်၊ ၂ – ခရာ စက်နာရီ ၆ နာရီခန့်တွင် ကြည်လင်သဒ္ဓါမြတ်နိုးစွာဖြင့် ရတနာသုံးပါးဦးထိပ်ထားလျှက် ဘုန်း၊ တန်ခိုး၊ တေဇော၊ ဉာဏ်ပညာနှင့် စုံစွာပြည့်ငြားသတို့သားကို မာတာမိခင်ဖွားသန့်စင်သည် တွင် ညီသညာခေါ်စရာကားနာမရှိန်ဝင်း – မောင်ထိန်လင်း။ သံဒိဘုတ္တိဇာတာအာယု ၁၂၀ ရှည်စေသော်ဝ်” ဟူ၍ ဖော်ပြထားသည်။
သို့သော် ၁၉၅၅ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ပြန်ကြားရေးဌာနမှဝေသော `ဗိုလ်ချုပ်အောင်ဆန်း´ စာအုပ်၌ ၁၉၁၆ ဖေဖော်ဝါရီ ၁၃ စနေနေ့ မကွေးခရိုင်၊ နတ်မောက်မြို့၊ အဘအမိန့်တော်ရ ရှေ့နေ ဦးဖား၊ အမိ ဒေါ်စုတို့မှ ဖွားမြင်သည်ဟ ဖော်ပြထားပါသည်။ အဆိုပါစာ အုပ်၌ ဗိုလ်ချုပ်၏ဖခင်၏အမည် ဦးဖာကို ဦးဖားဟူ၍ရေးသားထားခြင်း၊ ဗိုလ်ချုပ်၏မွေးသက္ကရာဇ် ၁၉၁၆ ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့ ဟူ၍ မှားယွင်းစွာဖော်ပြထားပါသည်။ ၁၉၁၆ ဖေဖော်ဝါရီလ ၁၃ ရက်သည် စနေနေ့မဟုတ်ဘဲ တနင်္ဂနွေနေ့သာဖြစ်သည်။
● ငယ်နာမည် အမှား
ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်မှာ မောင်အောင်ဆန်းဖြစ်သည်။ သို့သော် အချို့စာအုပ်များ၌ ဗိုလ်ချုပ်၏ ငယ်မည်ကို `မောင်ထိန်လင်း´ ဟူ၍ ဖော်ပြထားကြသည်။ စင်စစ် `ထိန်လင်း´ အမည်မှာ ဇာတာထဲ၌ ဗေဒင်ဆရာက နေ့နာမ်အလိုက် မှည့်ထားသော နာမည်ဖြစ်သည်။ မည်သည့် အခါမှ မခေါ်တွင်ခဲ့ဟု ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို (နို့ညှာ) ဦးအောင်သန်း၏ `အောင်ဆန်း´ စာအုပ် (၂၀၁၁ ဇွန်လ ပဉ္စ မကြိမ် တကောင်းစာပေတိုက်ထုတ်) စာမျက်နှာ ၁၅ ၌ အောက်ပါအတိုင်း ရေးသားထားပါသည်။
“ကျနော် ၃ နှစ် ၆ လ ၅ ရက်သားအရွယ်ရောက်သောအခါ ညီကလေးတစ်ယောက်ရပါသည်။ ညီလေးတစ်နှစ်ကျော်အရွယ် (၁၉၁၆) ရောက်သောအခါ နာမည်ပေးရန် စဉ်းစားကြပါသည်။ ကျနော်က `ကျုပ်အောင်သန်းဆို သူ အောင်ဆန်းပေါ့ဗျာ´ ဟုပြောလိုက်ရာ အားလုံး က လက်ခံကြပါသည်။ စနေသားဖြစ်သည့်အတိုင်း ဇာတာထဲ၌ `ထိန်လင်း´ဟု နေ့နာမ်အလိုက် မှည့်ထားသော်လည်း `အောင်ဆန်း´ ဟု သာ တွင်နေပါတော့သည်။ ထိန်လင်းသည် ဇာတာဖွဲ့သူပေးသော နာမည်မျှသာဖြစ်သည်။ အချို့ထင်နေသကဲ့သို့ ငယ်နာမည်မဟုတ်ပါ။ မည့်သည့်အခါမျှ `ထိန်လင်း´ ဟု မခေါ်ခဲ့ကြပါ”
● မွေးချင်းစာရင်း အမှား
ဗိုလ်ချုပ်အောင်ဆန်းသည် ဦးဖာ၊ ဒေါ်စု၏ သားသမီးများအနက် အထွေးဆုံးသားဖြစ်ပြီး မွေးချင်း (၉) ယောက်ရှိသည်။ ယင်းတို့မှာ-
(၁) အစ်မကြီး မခင်ညွန့် (လယ်ဝန်ကတော်၊ အသက် ၅၀ အရွယ်၊ ၁၉၄၆တွင် ကွယ်လွန်သည်။)
(၂) အစ်မလတ် မ၀က် (အပျိုကြီး၊ ၁၉၅၆ မေ ၂၂ တွင် ကွယ်လွန်သည်)
(၃) အစ်ကိုကြီး မောင်ဘ၀င်း (B.A, B.Sc., ၁၉၀၁ ဇွန် ၁၁ ဖွားဖြစ်၍ ဗိုလ်ချုပ်တို့နှင့်အတူ ၁၉၄၇ ဇူလိုင် ၁၉ တွင် ကျဆုံးခဲ့သည်။)
(၄) အစ်မ မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)
(၅) အစ်ကို မောင်နေအောင် (အမိန့်တော်ရ ရှေ့နေ၊ ၁၉၀၅ ခုနှစ်ဖွား။)
(၆) အစ်ကို မောင်ညိုမောင် (ငယ်စဉ်က ကွယ်လွန်)
(၇) အစ်ကို မောင်ထွန်းလင်း (ငယ်စဉ်က ကွယ်လွန်)
(၈) အစ်ကို မောင်အောင်သန်း (B.A ၊ ၁၉၁၁- ၁၉၉၁)
(၉) မောင်အောင်ဆန်း (၁၉၁၅ ဖေဖော်ဝါရီ ၁၃ ဖွားမြင်၍၊ ၁၉၄၇ ဇူလိုင် ၁၉ တွင် ကျဆုံးသည်) တို့ ဖြစ်ကြသည်။
သို့သော် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၉၄၇ ဒီဇင်ဘာလ ၁၁ရက်နေ့တွင် ရေးသားခဲ့သော `အာဇာနည်ဗိမာန်ဋီကာ´ စာအုပ်၌ ဗိုလ်ချုပ် အောင်ဆန်း၏မွေးချင်းများကို ဤသို့ ဖော်ပြထားသည်။
(၁) မခင်ညွှန့်
(၂) မ၀က်
(၃) မောင်ဘ၀င်း
(၄) မရွှေမှန်
(၅) မောင်နေအောင်
(၆) သား (၂) ယောက် (ပုခက်တွင်းကပင် ကွယ်လွန်)
(၇) မောင်အောင်သန်း
(၈) မောင်အောင်ဆန်းတို့ဖြစ်ကြသည်။
ထိုနည်းတူစွာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ဖူဂျီယာမစာအုပ်တိုက်မှ တတိယအကြိမ်မြောက်ထုတ်ဝေသော သတင်းစာဆရာ ဦးပုကလေး၏ `ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ´ စာအုပ် စာ ၉၂ ၌ ယင်းအတိုင်းပင် ရေးသားဖော်ပြထားသည်။
၂၀၁၁ စက်တင်ဘာလ၌ တကောင်းစာပေတိုက်မှ စတုတ္ထအကြိမ်မြောက်ထုတ်ဝေသော ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၏ `အောင်ဆန်း မိသားစု´ စာအုပ် စာမျက်နှာ ၄၅ ၌ လည်း ဗိုလ်ချုပ်၏ မွေးချင်းမောင်နှမများကို-
(၁) မခင်ညွှန့်
(၂) မ၀က်
(၃) ကိုဘ၀င်း
(၄) မရွှေမှန် (၁၃ နှစ် အရွယ်လောက်တွင် ဆုံးသည်။)
(၅) ကိုနေအောင်
(၆) ညိုမောင် (ကလေးအရွယ်တွင် ဆုံးသည်။)
(၇) အခြားယောက်ျားကလေးတစ်ယောက် (ကလေးအရွယ်တွင် သေဆုံးသည်။)
(၈) အောင်သန်း
(၉) အောင်ဆန်း (၁၉၁၅ ဖေဖော်ဝါရီလ ၁၃ တွင် ဖွား၍ ၁၉၄၇ ဇူလိုင် ၁၉ တွင် ကျဆုံးသည်) ဟူ၍ ဖော်ပြထားသည်။
● ဗိုလ်ချုပ်ဖခင် ကွယ်လွန်ရက်အမှား
ဗိုလ်ချုပ်၏ဖခင် ဦးဖာကွယ်လွန်ရက်သည်လည်း ကွဲလွဲနေပြန်သည်။ ကွဲလွဲမှုများအနက် ဗိုလ်ချုပ်၏အစ်ကို ဦးအောင်သန်း၏ `အောင် ဆန်းမိသားစု´ စာအုပ် စာမျက်နှာ ၁၈၌-
“ငါးပါးသီလမြဲသူ၊ ကံယုံသူ လူရိုးလူကောင်းကြီး ဦးဖာသည် အသက် ၆၄ နှစ်အရွယ်တွင် နတ်မောက်မြို့၌ပင် နှစ်လခန့် နာမကျန်းဖြစ်ပြီး နောက် ၁၉၃၁ ခု မေလ ၁၈ ရက်နေ့တွင် ကွယ်လွန်သွားလေသည်။” ဟူ၍ ဖော်ပြထားသည်။
သို့သော် ဗိုလ်ချုပ်နှင့်အတူ နတ်မောက်မြို့သို့ ၁၉၄၇ မတ်၂၅တွင် လိုက်ပါခဲ့သော သတင်းစာဆရာ ဦးပုကလေး၏ `ငါတို့ဗိုလ်ချုပ်´ (ပညာ ရွှေတောင် စာအုပ်တိုက်၊ တတိယအကြိမ် ၂၀၁၀ ဒီဇင်ဘာလထုတ်) စာမျက်နှာ ၄၈ နှင့် ၅၂ ၌-
“(ဗိုလ်ချုပ်သည်) နတ်မောက်မြို့တွင် မွေးသမိခင်နှင့် ရင်းချာသော ဆွေမျိုးညာတိတို့ရှိကြသော်လည်း ကိုးနှစ်ပြန်မရောက်ဘဲနေခဲ့ရာ ၁၉၄၇ ၊ မတ်လ (၂၅)ရက် (တန်ခူးလဆန်း ၄ရက်) နေ့ကမှ ပြန်လည်ရောက်ရှိသည်။ ဗိုလ်ချုပ်သည် နတ်မောက်မြို့သို့ မ၀င်မီ မွေးသဖခင် (ဦးဖာ) ၏ သင်္ချိုင်းကို ၀င်ရောက်ကန်တော့၏။ ဗိုလ်ချုပ်၏ဖခင် ဦးဖာမှာ ကုန်သည်မျိုးရိုး ဦးဒေကိုး၊ ဒေါ်ဆွဲလေးတို့၏ တစ်ယောက်တည်းသော သားဖြစ်သည်။ ဦးဖာသည် ရှေ့နေစာမေးပွဲကိုအောင်မြင်သော်လည်း ရှေ့နေမလိုက်ဘဲ ကုန်သည်ပွဲစားအဖြစ် လုပ်ကိုင်နေထိုင်လျက်ရှိရာ မြန်မာ သက္ကရာဇ် ၁၂၉၃ခု၊ နယုန်လဆုတ် (၉)ရက် (၁၉၃၁ခုနှစ် ဇွန်လ ၈ ရက်) တနင်္လာနေ့တွင် ကွယ်လွန်အနိစ္စရောက်၏´ ဟူ၍ ဖော်ပြထားသည်။ သတင်းစာဆရာ ဦးပုကလေးသည် ဗိုလ်ချုပ်၏ ဖခင်အုတ်ဂူ၌ ရေးထိုးထားသော သချိုင်္ိင်းစာကိုမှတ်သား၍ ရေးသားထား ခြင်းဖြစ်သည်ဟု ဆိုသည်။ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းသည် ဖခင်ကြီးကွယ်လွန်စဉ်က နတ်မောက်မြို့၌မရှိဘဲ ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားနေပြီး နတ်မောက်မြို့သို့ အသုဘရှုမပြန်ခဲ့ပေ။ ဗိုလ်ချုပ်နှင့် အစ်ကိုကြီး ဦးဘ၀င်းတို့သည်သာ ရေနံချောင်းမြို့မှ နတ်မောက် မြို့သို့ ပြန်၍ ဖခင်ကြီးနာရေးပြီးသည်အထိ နတ်မောက်မြို့၌ နေထိုင်ခဲ့လေသည်။ ထိုစဉ်က ဗိုလ်ချုပ်သည် ရေနံချောင်းအမျိုးသားအထက်တန်းကျောင်း၌ အဋ္ဌမတန်းကျောင်းသားအဖြစ် ပညာသင်ယူလျက်ရှိပြီး အစ်ကိုကြီးဦးဘ၀င်းမှာ ၎င်းကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ် သည်။”
ယင်းနှင့်ပတ်သက်၍ ဦးအောင်သန်း၏ `အောင်ဆန်း´ စာအုပ် စာမျက်နှာ ၉၆ ၌-
“နွေရာသီကျောင်းပိတ်ရက်အတွင်း နတ်မောက်ပြန်ရောက်နေသော ဦးဘ၀င်းနှင့် အောင်ဆန်းတို့မှာ ဖခင်ဈာပနကိစ္စပြီးမှ ပြန်ရရာ ကျောင်း ပြန်ရောက်နောက်ကျနေ၏။ မြန်မာစာဆရာကြီး ဦးဘသိန်းက မောင်အောင်ဆန်းအား “မင်းတို့ ဘာလို့နောက်ကျသလဲ” ဟုမေးရာ “အဖေ မမာလို့” ဟု ဖြေ၏။ “အခု မာသွားပလား” ဟု ဆရာကြီးကဆက်မေးရာ “သေပြီ” ဟု အောင်ဆန်းက ပြန်ဖြေ၏။ ထိုသို့ဖြေပုံကို ဆရာကြီး ဦးဘသိန်းက အစ်ကိုကြီးအားပြောပြီး အစ်ကိုကြီးက ကျွန်တော့်အား တဆင့်ပြန်ပြောသဖြင့် ကျွန်တော်တို့ရယ်ကြရ၏။´ ဟူ၍ ဖော်ပြထား သည်။
ထို့ကြောင့် ဖခင်ကြီးကွယ်လွန်စဉ် နတ်မောက်မြို့သို့ မပြန်ခဲ့ရုံမျှမက၊ ဖခင်ကြီးသင်္ချိုင်းသို့လည်း မည်သည့်အခါမှ မသွားရောက်ခဲ့သော ဦးအောင်ဆန်း၏ ဖခင်ကြီးကွယ်လွန်သည့် ရက်စွဲမှတ်တမ်းကို ပယ်ရမည်ဖြစ်သည်။
● ဗမာ့ထွက်ရပ်ဂိုဏ်း တည်ထောင်သည့် နေ့စွဲအမှား
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၉ စက်တင်ဘာလ ၁ ရက်နေ့တွင် ဒေါက်တာဘမော်၏အိမ်တွင် အထူးအစည်းအဝေးတရပ်ကျင်းပကာ သခင်ကိုယ်တော်မှိုင်းကြီးမှူးသော တို့ဗမာအစည်းအရုံးအဖွဲ့ဝင်များ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့ဝင်များ၊ နေပြည်တော် အဖွဲ့ဝင်များ၊ ငါးပွင့်ဆိုင် ၀ံသာနုအဖွဲ့ဝင်များ၊ အခြားအဖွဲ့အစည်းအချို့မှ ထင်ရှားသည့်ပုဂ္ဂိုလ်များဖြင့် ပူးပေါင်း၍ `ဗမာ့ထွက်ရပ်ဂိုဏ်း´ (Burma Freedom Bloc) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အဆိုပါအဖွဲ့၌ အဖွဲ့ခေါင်းဆောင်မှာ ဒေါက်တာဘမော်ဖြစ်ပြီး အထွေထွေအတွင်း ရေးမှူးမှာ သခင်အောင်ဆန်းဖြစ်သည်။ သခင်သန်းထွန်း၊ သခင်လှဘော်၊ သခင်မြ၊ သခင်နု၊ ဦးလှမင်း၊ ဒေါက်တာသိန်းမောင်၊ ဗန္ဓုလဦးစိန်၊ ဦးဘရွှေ (မန္တလေး)၊ ဦးထွန်းအောင်၊ စောဖေသာ၊ ဦးဘဦး(မန္တလေး) တို့သည် အဖွဲ့ဝင်များဖြစ်ကြသည်။
သို့သော် သူရိယသတင်းစာအတွဲ ၂၅၊ အမှတ် ၂၀၈ (အောက်တိုဘာ ၁၁ရက်၊ ၁၉၃၉) ထုတ်၌ ဗမာ့ထွက်ရပ်ဂိုဏ်း (ဗမာ့လွတ်လပ်ရေးဂိုဏ်း) ကို ၁၉၃၉ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ဟူ၍ ဖော်ပြထားလေသည်။ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလ စတုတ္ထအကြိမ်အဖြစ် အားမာန် သစ်စာပေတိုက်မှထုတ်ဝေသော မြဟန်၏ `ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်´ စာမျက်နှာ ၂၇၉ ၌လည်း ယင်းအတိုင်းပင် ဖော်ပြထား သည်။ ပညာရေးဝန်ကြီးဌာန အခြေခံပညာသင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်ကော်မတီက ပြုစုသည့် အဋ္ဌမတန်း သမိုင်းပြဌာန်း စာအုပ်၌ ၁၉၃၉ စက်တင်ဘာလ ၁ ရက်တွင် တို့ဗမာအစည်းအရုံး၏ အထူးအစည်းအဝေးကျင်းပကာ ဂိုဏ်းဂဏပါတီမရွေး လွတ်လပ်ရေး မြတ်နိုးသူတိုင်း ပါဝင်သော အဖွဲ့တစ်ခုကို တည်ထောင်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်အရ ၁၉၃၉ အောက်တိုဘာ ၁ ရက်တွင် တို့ဗမာအစည်းအရုံး၊ ဒေါက်တာဘမော်၏ဆင်းရဲသားဝံသာနုအဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့တို့နှင့်ပူးပေါင်းပြီး ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းလိုက်သည်ဟူ၍ ဖော်ပြထားပြန်သည်။
မည်သို့ဆိုစေ … ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၃ ခု သြဂုတ်လ ၁ ရက်နေ့ထုတ် ဗမာ့ခေတ်သတင်းစာတွင် “ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ” အမည်ရှိ ဆောင်းပါးကိုရေးသားခဲ့ရာ၊ ယင်း၌ -
“ကျွန်ပ်ထင်သကဲ့သို့ပင် အမှန်စင်စစ် ဖြစ်ရတော့၏။ ၁၉၃၉ ခု၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပစစ် စတင်တိုက်လေသည်။ (ကျွန်ပ်၏ အမှတ်အသား မမှားပါက) စစ်မကြေညာမီ ၂ ရက် (စက်တင်ဘာလ ၁ရက်) ကပင် တို့ဗမာအစည်းအရုံးပြည်လုံးဆိုင်ရာ အလုပ်အမှုဆောင် အဖွဲ့၏ အထူးအစည်းအဝေးပွဲကိုကျင်းပကာ ပါတီမရွေး ဗမာ့လွတ်လပ်ရေးကို ချစ်သူအားလုံးပါဝင်၍ တို့ဗမာအစည်းအရုံးနှင့် ဒေါက်တာဘမော်၏ဆင်းရဲသားအစည်းအရုံးကို အခြေထားလျက် ဗမာ့ထွက်ရပ်ဂိုဏ်းတစ်ခုကို တည်ထောင်ရန်ကို ဆုံးဖြတ်ခဲ့ကြလေသည်။
အမှန်ပေါ်ပေါက်လာတော့ဖြစ်သော ကမ္ဘာစစ်ကို ကြိုက်၍ ဆုံးဖြတ်ချက်ချမှတ်ကြခြင်းဖြစ်၏။ ဤဆုံးဖြတ်ချက်အတိုင်းပင် ဗမာ့ထွက်ရပ်ဂိုဏ်း ကြီးကိုလည်း ဖွဲ့စည်းမိလေသည်။” ဟူ၍ ရေးသာဖော်ပြထားလေသည်။
ထို့အပြင် စာကြည့်တိုက်ပညာရှင် ဦးမောင်မောင် (စိုးရှိန်) ပြုစု၍ ၂၀၁၁ ဇွန်လတွင် နှစ်ကာများ စာအုပ်တိုက်မှ ပထမအကြိမ်အဖြစ် ထုတ်ဝေ ခဲ့သော `ဗိုလ်ချုပ်အောင်ဆန်းစာစုစာရင်း´ စာအုပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ဖြစ်စဉ် နေ့စွဲများကဏ္ဍ စာမျက်နှာ (၁၁) ၌
“၁၉၃၉ စက်တင်ဘာလ ၁ ရက်၊ ဒေါက်တာဘမော်အိမ်၌ကျင်းပသောအစည်းအဝေးတွင် ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင် မြှောက်ခြင်းခံရသည်” ဟူ၍ပင် ဖော်ပြထားသည်။
ယင်းအထောက်အထားကိုမကျေနပ်သေးလျှင် ဦးမြင့်ဝေ (တပ်မတော်မြင့်သန္တာ) ပြုစုသည့် `ဗမာ့တော်လှန်ရေးအဘိဓာန်´ (ခရစ် ၁၈၂၄ မှ ၁၉၇၁ ခုနှစ် အထိ) စာအုပ် စာမျက်နှာ ၈၄-၈၅ ၌-
`ဗမာ့ထွက်ရပ်ဂိုဏ်းကို ၁၉၃၉ စက်တင်ဘာလ ၁ သောကြာနေ့တွင် တည်ထောင်ဖွဲ့စည်းခဲ့သည်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ-
၁။ ဒေါက်တာဘမော် – အဖွဲ့ခေါင်းဆောင်
၂။ သခင်အောင်ဆန်း – အထွေထွေအတွင်းရေးမှူး
၃။ သခင်သန်းထွန်း – အဖွဲ့ဝင်
၎။ သခင်လှဘော် – ။
၅။ သခင်မြ – ။
၆။ သခင်နု – ။
၇။ ဦးလှမင်း – ။
၈။ ဒေါက်တာသိန်းမောင် – ။
၉။ ဗန္ဓုလဦးစိန် – ။
၁၀။ ဦးထွန်းအောင် – ။
၁၁။ စောဖေသာ – ။
၁၂။ ဦးဘဦး (မန္တလေး) တို့ဖြစ်သည်ဟူ၍ အတိအကျရေးသားထားလေသည်။
● ရဲဘော်သုံးကျိပ်ဝင်များ သွေးဖောက်ပြီးသစ္စာပြုနေ့အမှား
မြန်မာမျိုးချစ်လူငယ်များ ဟိုင်နန်ကျွန်း စစ်သင်တန်းကျောင်းတွင် တက်ရောက်သင်ကြားနေသော စစ်ပညာများသည် ၁၉၄၁ အောက်တိုဘာ လဆန်းတွင် ပြီးဆုံးပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် စန်းယ စစ်ပညာသင်တန်းကျောင်းကိုပိတ်၍ ထိုင်ဝမ်ကျွန်းရှိ တာမာဆာ တိုမြို့ (Tamasato) သို့ ပြောင်းရွှေ့ခဲ့သည်။ ယင်းနောက် အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့တွင် တာမာဆာတိုမြို့ ဗိုလ်သင်တန်း ကျောင်းတွင် စစ်သေနင်္ဂဗျူဟာပညာနှင့် ဂျပန်နိုင်ငံမှထုတ်လုပ်သည့် နောက်ဆုံးပေါ်လက်နက်များ သုံးစွဲနည်း၊ ပြင်ဆင်နည်းများကို ဆက် လက်သင်ကြားခဲ့ကြသည်။
ယင်းနောက် ဂျပန်တို့သည် ၁၉၄၁ ဒီဇင်ဘာ (၇) ရက်နေ့တွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ဟာဝိုင်ယီကျွန်း (Hawaii) ရှိ အမေရိကန်တို့၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ပုလဲဆိပ်ကမ်းကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်၍ အရှေ့အာရှစစ်ပွဲကြီးကို စတင်မီးမွှေးလိုက်ရာ၊ မီနာမီအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) သည် ထိုင်ဝမ်ကျွန်း တာမဆာတိုမြို့ရှိ ဗိုလ်သင်တန်း၌ ပို့ချနေမှုတို့ကို အမြန်ဆုံး အဆုံးသတ်ခဲ့သည်။ ထို့နောက် မီနာအဖွဲ့ကို တောင်ပိုင်းတပ်မတော်လက်အောက်မှ ဂျပန် အမှတ် ၁၅ တပ်မတော်၏ လက်အောက်သို့ လွှဲပြောင်းခဲ့သည်။ မြန်မာမျိုးချစ်လူငယ်များကိုလည်း အသုတ်လိုက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ စေလွှတ်ခဲ့သည်။ ထို့နေ့ နံနက် ၁၀ နာရီ အချိန်မှာပင် ဂျပန်ဗုံးကြဲလေယာဉ်အစင်း ၆၀ နှင့် တိုက်လေယာဉ်အစင်း ၃၀ ပါသော ဂျပန်လေတပ်က ရန်ကုန်မြို့ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် သောကြာနေ့တွင် သခင်အောင်ဆန်း၊ သခင်စောလွင်၊ သခင်တင်အေး၊ သခင်ထွန်းရွှေ၊ ကိုရွှေနှင့် သခင်သန်းတင် (၂) တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာပြီး ဘန်ကောက်မြို့ရှိ အင်္ဂလိပ်ပိုင် ဘော်နီယိုကုမ္ပဏီဝင်းအတွင်းရှိ မြန်မာလူမျိုး မျက်စိကုဆရာဝန် ဦးလွန်းဖေနေအိမ်တွင် ည ၁၀ နာရီခန့်၌ သခင်အောင်ဆန်းနှင့် မြန်မာမျိုးချစ်လူငယ်များသည် လက်မောင်း သွေးဖောက်သစ္စာအဓိဋ္ဌာန်ပြု၍ သွေးသောက်ပွဲပြုလုပ်ခဲ့ကြသည်။
သို့သော် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတိစာအုပ်အများစု၌ သွေးဖောက်သစ္စာအဓိဋ္ဌာန်ပြုသည့်နေ့ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်ဟု မှားယွင်းစွာ ဖော်ပြနေကြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ယနေ့တိုင် သက်ရှိထင်ရှားရှိနေသော ရဲဘော်သုံးကျိပ် (၂) ဦးအနက် တစ်ဦးဖြစ်သူ ဗိုလ်မှူးရဲထွဋ်အား စာရေး သူမှ ၂၀၀၇ ဇူလိုင်လခန့်တွင်မေးမြန်းခဲ့ရာ၊ သွေးဖောက်သည့်နေ့မှာ ၁၉၄၁ ခုနှစ် ခရစ္စမတ် (X.mas) နေ့အပြီး နောက်တစ်နေ့ (ဒီဇင်ဘာလ ၂၆ ရက်) ဖြစ်သည်ဟု အတိအကျပြောကြားခဲ့သည်။ ထို့ပြင် “၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ဘန်ကောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်လျက်ရှိသော ဆသွန်းလမ်းရှိ ဖရန့်ဖီးလ်အဆောက်အအုံတွင် ရဲဘော်သုံးကျိပ်ဝင်အားလုံး တစ်ဦးကိုတစ်ဦး အသက်ပေးစောင့် ရှောက်၍ တိုင်းပြည်အတွက် အသက်စွန့်လှူပါမည်ဟု သစ္စာအဓိဌာန်ပြုကာ ဒုတိယအကြိမ်သွေးသောက်ပွဲကျင်းပသည်” ဟူ၍ ဆရာ ကျော်ငြိမ်း၏ ရဲဘော်သုံးကျိပ်စာအုပ် စာမျက်နှာ ၁၄ ရေးသားချက်ကိုလည်း မှားယွင်းသည်ဟုဆိုသည်။ ရဲဘော်သုံးကျိပ်ဝင်များသည် တစ်ကြိမ်တည်းသာ သွေးဖောက်၍ သစ္စာအဓိဌာန်ပြုခဲ့သည်ဟုဆိုသည်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် ဓူဝံစာပေတိုက်မှ ၂၀၀၇ ခုနှစ် ထုတ်ဝေပြီး၊ တရုတ်နိုင်ငံ၌ နေထိုင်လျက်ရှိသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ `ကိုယ်တိုင်ရေးအတ္ထုပ္ပတိပေါင်းချုပ်´ (ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့) စာမျက်နှာ ၄၇၊ ၄၈ ၌ `၁၉၄၁ ဒီဇင်ဘာလ ၂၆ ရက်နေ့သည် နယ်ချဲ့အောက်တွင် မြန်မာအမျိုးသားတို့၏ ပထမလက်နက်ကိုင်တပ်မတော်ကြီး (B.I.A) ကို စတင်ဖွဲ့စည်း သော နေ့ကြီးဖြစ်သည်။ ကျွန်တော်တို့သည် ဗမာ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရန် လက်မောင်းသွေဖောက်၍ သစ္စာရေသောက်ခဲ့ကြသည်။ ကျွန်တော်တို့သည် လွတ်လပ်ရေးရသည်အထိ ဆုံးခန်းတိုင်တိုက်ပွဲဝင်မည်ဟု သစ္စာအဓိဌာန်ပြုခဲ့ကြသည်။
အထက်ပါ ဘီအိုင်အေတပ်မတော်ဖွဲ့စည်းခြင်းနှင့် ကျမ်းသစ္စာခံယူပွဲနေ့ကို ထိုစဉ်က ကျွန်တော်တို့ဆရာတစ်ယောက် `အီဇုမိယ´ရေးသော မီနာမီကီကန်စာအုပ် မြန်မာပြန်စာမျက်နှာ ၉၅ နှင့် ၁၀၄ တွင် (၂၈-၁၂-၄၁) ဟု ဖော်ပြထားသည်။ တပ်မတော်သမိုင်းမှတ်တမ်း (၁) နိဒါန်း တွင် (၂၇-၁၂-၄၁) ဟုဆိုသည်။ ကျွန်တော်တို့ စွဲမှတ်နေသည့်နေ့သည် (၂၆-၁၂-၄၁) သာ ဖြစ်သည်´ ဟူ၍ ရေးသားဖော်ပြထားလေသည်။
● ဘီအိုင်အေတည်ထောင်သည့်နေ့အမှား
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ်အများစု၌ အများဆုံးမှားယွင်းသော အမှားတစ်ခုမှာ ၁၉၄၁ ဒီဇင်ဘာလ ၂၆ တွင် ယိုးဒယား (ထိုင်း) နိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်ဟု ဖော်ပြမှုပင်ဖြစ်သည်။
ဦးမြဟန်ပြုစု၍ အားမာန်သစ်စာပေတိုက်မှ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင်ထုတ်ဝေခဲ့သော ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်စာအုပ် စာ ၂၉၉၌ “ဘီအိုင်အေကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်တို့ကဦးစီး၍ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ စဖွဲ့သည်။ ၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၃၁ ရက်အတွင်း ဘီအိုင်အေကို အပြီးဖွဲ့စည်းခဲ့သည်” ဟူ၍ ဖော်ပြထားသလို ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၁၂ (၂၀၁၀ စက်တင်ဘာ ၂၃) စာမျက်နှာ ၁၇ တွင် ဖိုးအောင်လေး၏ “အောင်ဆန်းဒိုင်ယာရီ” ဆောင်းပါး ၌ “၁၉၄၁ ဒီဇင် ဘာ ၃၁ တွင် ဘန်ကောက်မြို့၌ ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း ကြေညာ” ဟူ၍ ဖော်ပြထားသည်။
သို့သော် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်ရေးသားပြုစုသော `ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘော်သုံးကျိပ်´ စာအုပ် စာမျက်နှာ ၁၉၂ နှင့် ယဉ် ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနဦးစီးဌာနမှထုတ်ဝေသော မြန်မာ့ရက်စဉ်သမိုင်း (အကြိုသမိုင်းကာလမှ ၁၉၄၅ အထိ) ပထမတွဲ စာမျက်နှာ ၃၁၂ ၌ – `ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army) ကို ၁၉၄၁ ဒီဇင်ဘာ ၂၇ တွင် ဖွဲ့စည်းခဲ့သည်´ ဟူ၍ အတိအကျဖော်ပြထားသည်။
ယနေ့တိုင် သက်ရှိထင်ရှားရှိနေသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးရဲထွဋ်ကလည်း သွေးဖောက်သစ္စာအဓိဌာန်ပြုပြီး နောက်တနေ့ (၁၉၄၁ ဒီဇင်ဘာလ ၂၇ရက်) တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့သည်ဟုပြောပြပါသည်။
ထို့ကြောင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) တည်ထောင်သောနေ့ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်ဟုသာ အမှန်ယူရမည် ဖြစ်သည်။
● ရဲဘော်သုံးကျိပ်များ၏ ကိုယ်ရေးအချက်အလက်များ မှားယွင်းမှု
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဦးလွန်းဖေ နေအိမ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဖွဲ့စည်းပြီးနောက် သခင်အောင်ဆန်းက ရဲဘော်သုံးကျိပ်ဝင်တို့အား စုဝေးပြီး ယနေ့အစည်းအဝေးတွင် အစည်းအဝေးတက်ရောက်လာ သူများနှင့် မိတ်ဆက်သည့်အခါ မိမိတို့ဝတ်ထားသည်မှာ ဂျပန်ဝတ်စုံ၊ အမည်ကလည်း ဂျပန်နာမည်ဖြစ်နေ၍ မိတ်ဆက်ရာတွင် အဆင်မပြေ လှကြောင်း မိမိတို့၏ နာမည်ရင်းများနှင့်မိတ်ဆက်လျှင် မြန်မာနိုင်ငံတွင်ကျန်ရစ်ခဲ့သည့် မိဘဆွေမျိုးသားချင်းများဒုက္ခရောက်နိုင်ကြောင်း ဟိုင်နန်ကျွန်းတွင်ရှိစဉ်က ကိုလှမောင် (နောင်ဗိုလ်ဇေယျ) အကြံပေးသည့်အတိုင်း ဗမာဆန်ဆန် ဗိုလ်နာမည်များပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သခင်အောင်ဆန်း၏ လမ်းညွှန်ချက်အရ ရဲဘော်သုံးကျိပ်တို့၏ ဗိုလ်ဘွဲ့အမည်အသီးသီးကို ဘော်နီယိုကုမ္ပဏီ ၀င်းအတွင်း အမိန့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဤသို့ဖြင့် မြန်မာမျိုးချစ်လူငယ်များ၏ ဗိုလ်အမည်များတွင်လာခဲ့သည်။ ရဲဘော်သုံးကျိပ် တို့၏ အမည်ရင်း၊ ဂျပန်အမည်နှင့် ဗိုလ်အမည်များမှာ-
စဉ် အမည် ဂျပန်အမည် ဗိုလ်ဘွဲ့အမည်
၁။ သခင်အောင်ဆန်း Omoda Monji ဗိုလ်တေဇ
၂။ သခင်ရှုမောင် Takasugi Susumu ဗိုလ်နေ၀င်း
၃။ သခင်ကျော်စိန် Takahashi ဗိုလ်မိုးညို
၎။ သခင်ခင်မောင်ဦး Monya Masaru ဗိုလ်တာရာ
၅။ သခင်ငွေ Katsura ဗိုလ်စောအောင်
၆။ သခင်စောလွင် Yamaoka Kiyoshi ဗိုလ်မင်းခေါင်
၇။ သခင်စံမြ Nakagawa Ichiro ဗိုလ်တောက်ထိန်
၈။ သခင်စံလှိုင် Omura Tadashi ဗိုလ်အောင်
၉။ သခင်စိုး Kono ဗိုလ်မြင့်အောင်
၁၀။ ကိုဆောင်း Monya Hiroshi ဗိုလ်ထိန်ဝင်း
၁၁။ သခင်တင်အေး Chinda Seiyi ဗိုလ်ဘုန်းမြင့်
၁၂။ သခင်ထွန်းခင် Nakamura Hitoshi ဗိုလ်မြင့်ဆွေ
၁၃။ ကိုထွန်းရှိန် Yamashita Teruo ဗိုလ်ရန်နိုင်
၁၄။ သခင်ထွန်းရွှေ Utsumi Susumu ဗိုလ်လင်းယုန်
၁၅။ သခင်ထွန်းလွင် Otani Hiroshi ဗိုလ်ဗလ
၁၆။ သခင်ထွန်းအုပ် Ichihara Ishiro ဗိုလ်ဘွဲ့မခံ
၁၇။ သခင်ဗဂျမ်း Baba Takeshi ဗိုလ်လရောင်
၁၈။ သခင်မောင်မောင် Tsuchiya ဗိုလ်ဉာဏ
၁၉။ ကိုရွှေ Taniguchi Shinichi ဗိုလ်ကျော်ဇော
၂၀။ သခင်လှ Ito Hitochi ဗိုလ်မင်းရောင်
၂၁။ သခင်လှဖေ Tani Kiyoshi ဗိုလ်လင်္ကျာ
၂၂။ ကိုလှမောင် Kaga Masashi ဗိုလ်ဇေယျ
၂၃။ သခင်လှမြိုင် Itoda Tei-ichi ဗိုလ်ရန်အောင်
၂၄။ သခင်သစ် Osawa ဗိုလ်စောနောင်
၂၅။ သခင်သန်းညွန့် Okawa ဗိုလ်ဇင်ယော်
၂၆။ သခင်သန်းတင် (၁) Yamada ဗိုလ်ဘွဲ့မခံယူမီ အူအတက်ရောဂါဖြင့် (မော်လမြိုင်) တိုင်ပေဆေးရုံ (စက်တင်ဘာလ၊ ၄၁) ၌ ကွယ် လွန်
၂၇။ သခင်သန်းတင်(၂) Tsubota ဗိုလ်မြဒင် (သာယာဝတီ)
၂၈။ သခင်အောင်သန်း Hirata Masao ဗိုလ်စကြာ
၂၉။ သခင်အေးမောင် Mizuno Saburo ဗိုလ်မိုး
၃၀။ ကိုအောင်သိန်း Hayashi ဗိုလ်ရဲထွဋ်တို့ ဖြစ်ကြသည်။
သို့သော် မြန်မာမျိုးချစ်လူငယ်သုံးဆယ်အနက် သခင်ထွန်းအုပ်သည် ဂျပန်နိုင်ငံတိုကျိုမြို့တွင် အုပ်ချုပ်ရေးပညာဆည်းပူးနေ၍ လည်း ကောင်း၊ ကိုဆောင်းသည် မီနာမီအဖွဲ့၏ တာဝန်ပေးချက်အရ ထိုင်းမြန်မာနယ်စပ်ကို လျှို့ဝှက်စွာ ဖြတ်ကျော်ရောက်ရှိလာမည့် မြန်မာမျိုးချစ် လူငယ်များကိုစောင့်ကြိုရန်တာဝန်ဖြင့် ဇင်းမယ် ခေါ် ချင်းမိုင် (Chiangmail) တွင် တာဝန်ထမ်းဆောင်နေ၍ လည်းကောင်း၊ မော်လမြိုင် သားသခင်သန်းတင် (၁) သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ဂျပန်နိုင်ငံသို့ သွားရောက်စဉ် တိုင်ပေမြို့၌ အူအတက်ပေါက်ရောဂါဖြင့် ၁၉၄၁ စက်တင်ဘာလတွင် ကွယ်လွန်ခဲ့၍လည်းကောင်း ဟိုင်နန်စစ်သင်တန်းကျောင်းနှင့် ထိုင်ဝမ်စစ်သင်တန်းကျောင်းတွင် မြန်မာလူငယ် (၂၇) ဦးသာ စစ်သင်တန်းကျောင်းတက်ခဲ့ကြသည်။ သို့သော် စာရေးဆရာ မြဒေါင်းညိုအမည်ပေးခဲ့သည့်အတိုင်း မြန်မာမျိုးချစ်လူငယ် သုံးဆယ် ကို `ရဲဘော်သုံးကျိပ်´ ဟူ၍သာ ခေါ်တွင်ခဲ့ကြသည်။
သို့သော် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ်များ၌ ကိုအောင်သိန်းကို သခင်အောင်သိန်းဟူ၍လည်းကောင်း၊ သခင်သန်းတင်(၁)ကို ဗိုလ်သန်းတင်ဟူ၍ လည်းကောင်း မှားယွင်းစွာမှည့်ခေါ်ခဲ့ကြသည်။ ကိုအောင်သိန်း ခေါ် ဗိုလ်ရဲထွဋ်သည် တို့ဗမာအစည်းအရုံးသို့ မည်သည့် အခါမှ မ၀င်ခဲ့ချေ။ ထို့ကြောင့် သခင်အောင်သိန်းဟုခေါ်တွင်ပါက မှားယွင်းပေသည်။ ကိုအောင်သိန်းသည် ၁၉၂၂ခုနှစ် ဖေဖော် ၀ါရီ ၂၅ရက် ရန်ကုန်မြို့ တာမွေကလေးရပ်၌ အဘ ဦးဘိုးလွင်၊ အမိဒေါ်စောရှင်တို့မှ ဖွားမြင်ခဲ့သူဖြစ်ပြီး ရန်ကုန်မြို့ ကန်တော်မြူနီ စပယ်ကျောင်းမှ ဒဿမတန်းအောင်မြင်ခဲ့သည်။ ထို့နောက် အထက်တန်းဆရာဖြစ်သင်တန်းတက်ရောက်အောင်မြင်ခဲ့ပြီး ၁၉၃၆ – ၃၇ တွင် ဦးမောင်ကြီး (နောင်ဆာဘွဲ့ရ) ရဲတပ်တွင်ပါဝင်ခဲ့သည်။ ၁၉၃၈ ကျောင်းသားသပိတ်တွင် မြူနီစပယ်ကျောင်းမှ သပိတ်မှောက်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၉-၄၀ တွင် မြူနီစပယ်ကျောင်း ကျောင်းသားများသမဂ္ဂဥက္ကဌအဖြစ် ဆောင်ရွက်၍ ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြား ရန် စေလွှတ်သည်။ ဒုတိယအသုတ် မြန်မာမျိုးချစ်လူငယ်များနှင့်အတူ ၁၉၄၁ ဧပြီ ၁၃ ရက်နေ့တွင် ကိုင်ရိုမာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့ ထွက်ခဲ့သူဖြစ်သည်။
၁၉၄၁ ဒီဇင်ဘာ ၂၆ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လက်မောင်းသွေးဖောက်၍ သစ္စာအဓိဋ္ဌာန်ရာတွင်ပါဝင်ခဲ့သည်။
၁၉၄၂ ဧပြီတွင် ဘီအိုင်အေ တပ်မဟာ ဒုတပ်မှူးအဖြစ်လည်းကောင်း၊ ၁၉၄၂ ဇူလိုင်လ ၂၇ ရက်တွင် ဘီဒီအေတပ်ရင်း ၁ တပ်ရင်မှူးအဖြစ် လည်းကောင်း၊ ၁၉၄၄-၄၅ ဘီဒီအေ တပ်ရင်း ၅ တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ စစ်ဦးစီးဌာနချုပ် အထွေထွေဌာနကြီးမှူးအဖြစ်လည်း ကောင်း တာဝန်ထမ်းရွက်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးကာလတွင် တိုင်း ၆ (မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည်နယ်) တိုင်းမှူးအဖြစ် တာဝန်ယူ၍ ဖက် ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။
ထို့နောက် လွတ်လပ်ရေးရပြီးနောက် အမှတ် (၃) ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် တပ်ခွဲမှူးနှင့် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ဗိုလ်ရဲထွဋ်သည် လက်ဝဲညီညွတ်ရေးကောင်စီ၏ အာဏာသိမ်းရေးလမ်းစဉ်ကို လက်ခံကာ ၁၉၄၈ သြဂုတ် ၁၀ တွင် ဗမာ့တပ်မတော်တပ်ရင်း ၃ ကိုဦးဆောင်၍ တောခိုခဲ့သည်။ ၁၉၄၉ မတ် ၂၄ တွင် ပြည်မြို့၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော် (ဖြူ) နှင့် တော်လှန်သော ဗမာ့ တပ်မတော်တို့ပူးပေါင်း၍ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။
၁၉၅၀ မတ်တွင် ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ပြိုကွဲသွားပြီးနောက် တော်လှန်သောဗမာ့တပ်မတော်ကိုဖျက်သိမ်းလိုက်ပြီး တောခိုတပ် များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်များ ပူးပေါင်းခဲ့သည်။ ၁၉၅၁ – ၆၃ တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တော်လှန်ရေးစစ်ကောင်စီတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဗကပ ပြည်သူ့ တပ်မတော်စစ်ဦးစီးမှူးအဖြစ်လည်းကောင်း၊ အမျိုးသားဒီမိုကရေ စီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ဗကပကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဗကပ အရံဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၁၉၆၃ မေ ၂၁တွင် တော်လှန်ရေးကောင်စီအစိုးရထံ၌ လက်နက်ချအလင်းဝင်ရောက်ခဲ့သည်။
ထို့နောက် ၁၉၆၄ မတ် ၂ မှ ၁၉၇၃အထိ တော်လှန်ရေးကောင်စီ၏ အကြံပေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဗဟိုရေးရာဌာနကြီး၏ အတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ သမ၀ါယမ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောရေးရာကော်မတီ အတွင်းရေးမှူးအဖြစ်လည်းကောင်း ထမ်းရွက်ခဲ့ သည်။ ၁၉၇၃-၇၄ မဆလပါတီ သန့်စင်ရေးလုပ်ရာတွင်ပါသွားခဲ့ပြီး ပါတီပြင်ပသို့ ရောက်ရှိသွားခဲ့သည်။
၂၀၀၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဖြစ်ရပ်မှန် ပြုစုရေးကော်မတီ၏ နာယကအဖြစ် ယနေ့တိုင်ဆောင်ရွက်လျက်ရှိသည်။
သခင်သန်းတင် (၁) သည် ၁၉၂၀ သြဂုတ် ၂၇တွင် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ညောင်ပင်ဆိပ်ရွာ၌ အဖ ဦးမောင်နှင့် အမိဒေါ်စိုးတို့မှ ဖွားမြင်ခဲ့ပြီး မြ၀တီကျောင်းတွင် စတုတ္ထတန်းအထိသာ ပညာသင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ ဗိုလ်တထောင်စက်ရုံနှင့် ပန်းတ နော်မြို့နယ် ၀ဲဒေါင့်ရွာဆန်စက်၊ ရန်ကုန်မြို့ ကမာရွတ်ပန်းထိမ်အလုပ်ရုံတွင် အလုပ်လုပ်ခဲ့သည်။ ၁၉၄၀တွင် ကမာရွတ်မြို့နယ်တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ရာမှ သခင်သန်းတင် ဖြစ်လာသည်။ ဂျပန်နိုင်ငံသို့ စစ်ပညာသင်သွားရန် သခင်ထွန်းအုပ်၊ သခင်ဗစိန် တို့ဗမာအစည်း အရုံးမှ သခင်သန်းတင်အား ရွေးချယ်ခဲ့သော်လည်း မိဘနှစ်ပါးက သဘောမတူ၍ မလိုက်ခဲ့ရပေ။ နောက်ဆုံး အစာငတ်ခံဆန္ဒပြမှ ခွင့်ပြုချက် ရရှိခဲ့သည်။
သို့သော် ဂျပန်နိုင်ငံသို့ ၁၉၄၁ ဇူလိုင်လ ၈ တွင် ဂျပန်သို့ စတုတ္ထအသုတ် ရဲဘော်များထွက်သွားပြီဖြစ်၍ မလိုက်ဖြစ်ခဲ့တော့ချေ။ ထိုသို့ မမီ တော့သော်လည်း သခင်ထွန်းအုပ်က ထိုင်းနိုင်ငံသို့ အရောက်လာရန်မှာကြားခဲ့သည့်အတွက် မော်လမြိုင်မှတဆင့် ထိုင်းနိုင်ငံ မြန်မာနယ်စပ် မဲဆောက်မြို့သို့ တောတောင်အထပ်ထပ်ကိုဖြတ်၍ ခြေလျင်သွားခဲ့သည်။ မဲဆောက်မြို့ရှိ ဂျပန်သံအမတ်က သခင်သန်းတင် ဂျပန် အ၀တ် အစားများလဲလှယ်ဝတ်ဆင်ပြီး လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့သွားရောက်ရန် စီစဉ်ပေးခဲ့သည်။ သခင်သန်းတင်သည် စစ်ပညာ သင် ကြားရန် ၁၉၄၁ သြဂုတ် ၁၅ တွင် ဗိုလ်ထိန်ဝင်း (ကိုဆောင်း) နှင့်အတူ ဒေလီမာရူးသဘောင်္ဖြင့် ဂျပန်နိုင်ငံသို့ထွက်ခွာခဲ့ရာ လမ်းခရီးတွင် အဖျားရောဂါဖြစ်ပွားခဲ့ရာ ထိုင်ဝမ်ကျွန်းသို့ ရောက်သောအခါ ဂျပန်စစ်ဖက်အရာရှိများလို တိုင်ပေစစ်ဆေးရုံသို့ ပို့ပေးခဲ့သည်။ သို့သော် ဆေးရုံတွင် အူအတက်ပေါက်မှုကို ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်း ၁၉၄၁ စက်တင်ဘာလတွင် ကွယ်လွန်သွားခဲ့လေသည်။ သခင်သန်းတင် (၁) သည် စစ်ပညာမသင်ကြားခဲ့ရသလို၊ ဗိုလ်ဘွဲ့မခံယူမီ ကွယ်လွန်ခဲ့သဖြင့် ဗိုလ်ဘွဲ့မရခဲ့ပေ။ ထို့ကြောင့် သခင်သန်းတင် (၁) အား ဗိုလ် သန်းတင်ဟုသုံးနှုန်းပါက မှားယွင်းပါသည်။ သခင်သန်းတင် (၁) သည် လွတ်လပ်ရေးကြိုးပမ်းမှုဆောင်ရွက်နေစဉ် ပထမဆုံးကွယ် လွန် သွားသော ရဲဘော်သုံးကျိပ်ဝင် ဖစ်သည့်အတွက် ၁၉၅၉ မတ်လ ၂၇ (တပ်မတော်နေ့) တွင် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယအဆင့်) တံဆိပ်ချီးမြှင့်ခံခဲ့ရသည်။
သန်းဝင်းလှိုင်
Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment