ရွေးကောက်ပွဲ မတိုင်မီ ၂ ရက်အလို NLD သတင်းစာရှင်းလင်းပွဲ
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ၂ ရက်အလိုတွင် NLD ပါတီက မဲဆွယ်ပွဲကာလတွင် ၎င်းတို့ပါတီ ကြုံတွေ့နေရသည့် လွတ်လပ် ၊ တရားမျှတမှုနှင့်သက်ဆိုင်သည့် အခြေအနေများကို ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ရှင်းလင်း သွားသည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် ယခုကြားဖြတ်ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် မည်သည့်အကြောင်းကြောင့် အရေးကြီးကြောင်း ပြန်လည်ရင်သင့်မြတ်ရေး အတွက်မည်မျှ အရေးပါကြောင်းကို ပြောကြားကာ လက်ရှိကြုံတွေ့နေရသည့် အခြေအနေကို အချက် ၄ ချက်ဖြင့်ရှင်းလင်း ပြောဆိုသွားသည်။
ယင်းတို့မှာ တရားမျှတမှု မရှိပဲ တရားမ၀င်သည့် မဲဆွယ်နည်းများဖြင့် ကြံ့ခိုင်ရေး ပါတီက လုပ်ဆောင်နေခြင်း၊ NLD မဲဆွယ်ပွဲကို ရပ်တန့်စေရန်၊ တားဆီးရန်ကြိုးပမ်းမှုများ၊ တိကျမှုမရှိသော၊ ပုတ်ခတ် ပြောဆိုခြင်းများ ဖြင့် ပြုလုပ်နေကြောင်း ရှင်းပြပြောဆိုသွားသည်။ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံခြား မီဒီယာ ၇၀ ရာနှုန်း တက်ရောက်လာကြသည်ကို တွေ့ရသည်။ ရှင်းလင်းတင်ပြချက်ကို အင်္ဂလိပ်ဘာသာဖြင့် ဝေငှထားရာ အန်အယ်လ်ဒီအနေဖြင့် ယခုရှင်းလင်းပွဲကို နိုင်ငံတကာ သတင်းမီဒီယာများအား ရည်ရွယ်ပြုလုပ်လိုသည့် သဘောရှိသည်ဟု ပြည်တွင်း သတင်းအယ်ဒီတာတဦးက သုံးသပ်သည်။
ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ သည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဟု မခေါ်ဆိုနိုင်ကြောင်း ပြောဆိုလိုက်သည်။ ယနေ့ နံနက် ၉ နာရီခန့်က ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း AP သတင်းတွင် ရေးထားသည်။ ယင်း သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းထောက်များ တက်ရောက်ကြောင်း သိရသည်။
မတရားမှုများ ကြုံနေရသော်လည်း NLD ရွေးကောက်ပွဲ ဝင်မည်
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေး ကာလတွင် တွေ့ကြုံနေရသည်များမှာ မတရားသော်လည်း ရွေးကောက်ပွဲတွင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ကြောင်း
“ကျမတို့အနေနဲ့ မူမမှန်မှုတွေ အများကြီးရင်ဆိုင်နေရပါတယ်။ မနေ့ကဆိုရင်ေ တာင်ငူလွှတ်တော်ကိုယ်စား လှယ်လောင်းကို တိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။ သူ့ကို မထိခိုက်ပါဘူး။ သူရဲ့ကားကို ထိခိုက်သွားပါတယ်။ ဒါက ဒုတိအကြိမ်အမြောက် NLD ကိုယ်စားလှယ်လောင်းကို တိုက်ခိုက်တာပါ။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကလည်း နေပြည်တော်မှာရှိတဲ့ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်ကို အဲဒီလို တိုက်ခိုက်တာမျိုးရှိခဲ့ပါတယ်။ NLD ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာမျိုးတွေလည်းရှိပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုမျိုးတွေ အများကြီးရှိနေပါတယ်။ ဒီလိုခြိမ်းခြောက်မှုမျိုးတွေရှိပေမယ့် ကျမတို့အနေနဲ့ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ထားပြီး သားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ပြည်သူတွေရဲ့ ဆန္ဒဖြစ်နေလို့ပါပဲ” ဟု ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ရွေးကောက်ပွဲရလာဒ် တရားမျှတခြင်းမရှိပါက မည်သို့ တုံ့ပြန်မည်ကို ရွေးကောက်ပွဲကျင်းပ ပြီးသည့်နောက်ပိုင်း ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲတွင် အနိုင်ရ၍ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသောအခါ အစိုးရ၀န်ကြီးအဖြစ် ခန့်အပ်ရန် ကမ်းလှမ်းမှုများ ရှိလာသည့်တိုင် ဥပေဒပြုလွှတ်တော်ကို လွယ်လွယ်နှင့်စွန့်ခွာမည်မဟုတ်ကြောင်း
“ ဒီလို ၀န်ကြီးအဖြစ် ကမ်းလှမ်းမယ်လို့ ပြောတာမရှိသေးဘဲနဲ့ ယူမယ်၊ မယူဘူးပြောတာ မသင့်တော်ဘူး။ အန်တီအနေနဲ့ ဒီလောက်တောင်မှ လွှတ်တော်ထဲကို ကြိုးစားပမ်းစား ၀င်ဖို့ လုပ်နေတာက ခဏလေး လွယ်လွယ်နဲ့ ထွက်ဖို့ မဟုတ်ဘူး။ ကျမအနေနဲ့ ကျမ၀င်ရောက်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ လွှတ်တော်ကို စွန့်ခွာဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု ဆက်လက်ပြောကြောင်း
တပ်မတော်၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး တပ်မတော်ကို မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်မည်မဟုတ်ဘဲ တပ်မတော်နှင့်ပူးပေါင်းဆောငရွက်သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် တပ်မတော်သည် ပြည်သူ့အုပ်ချုပ်ရေး သြဇာအောက်တွင်သာရှိရမည်ဖြစ်ကြောင်း
“၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေအားလုံးက ကျမတို့အားလုံးနဲ့ စိတ်တူ၊ ကိုယ်တူ သဘောတူ ပြောင်းလဲသွားမယ်ဆိုရင် အားလုံးအေးအေးဆေးဆေး ပြီးသွားမှာပါ။ ကျမတို့လိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက ပြည်သူရဲ့ သြဇာအောက်မှာ ရှိရမယ်။ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေအောက်မှာ ရှိတယ်။ ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့ မပြောဘူး။ ဖယ်ထုတ်တယ်ဆိုတဲ့ စကားကို ကျမဘယ်တုန်းကမှ မပြောပါဘူး။ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပဲပြောတာ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်းတိုင်းရင်းသားလူနည်းစုများသည်လည်း စစ်မှန်သော ပြည်ထောင်စုဖြစ်ပေါ်ရေး ဆန္ဒပြင်းပြနေကြကြောင်း
“လူနည်းစု တိုင်းရင်းသားဒေသတွေက ပြည်သူတွေရဲ့ တုံ့ပြန်မှုက အင်မတန်မှ ကျေနပ်ဖို့ ကောင်းပါတယ်။ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တွေမှာဆိုရင် စစ်မှန်တဲ့ပြည်ထောင်စု၊ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီး အဖြစ်တည်ဆောက်ချင်တဲ့ ကြီးမားတဲ့ဆန္ဒနဲ့ ဖြစ်နိုင်ခြေတွေရှိနေတာကို တွေ့ရပါတယ်။ ကျမတို့လိုချင်တာနဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ အခြေခံလိုအပ်ချက်တွေက ကွာခြားမှု မရှိပါဘူး။ စစ်မှန်စုစည်းတဲ့ ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်ဖို့ အားလုံးကမျှော်လင့်တကြီး ရှိနေကြပါတယ်”
ယခုလက်ရှိအခြေအနေတွင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးမရဘဲ တင်းမာနေရခြင်းမှာ နှစ်ဦးနှစ်ဖက်အကြားယုံကြည်မှုပျောက်ဆုံးနေခြင်းကြောင့်ဖြစ်ကြောင်း ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ တရားမမျှတမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပျက်နေလင့်ကစား လူထု၏နိုင်ငံရေးနိုးကြားလာမှုကြောင့် စစ်မှန်သောဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး တောင်းဆိုမျှော်လင့်ချက်များ ပိုမိုမြင့်မားလာကြောင်း
“ကျမပြောထားပြီးသားတဲ့အတိုင်းပဲ ဒီအခြေအနေတွေက ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နိုင်ငံရေးနိုးကြားမှုတွေမှာ လူထုလူတန်းစားအလွှာအသီးသီး အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေရဲ့ ပါဝင်မှုကနေရာတိုင်းမှာ တွေ့မြင်လာရပါတယ်။ ဒါက နိုင်ငံရဲ့ အနာဂတ်အတွက် အများကြီးကောင်းမွန်ပါတယ်။နိုင်ငံရေးကိစ္စတွေမှာ ဘာတွေကစိန်ခေါ်မှုလဲ၊ ဘယ်ကိစ္စတွေက အရေးကြီးသလဲ ဆိုတာကို ပြည်သူတွေရဲ့ နားလည်မှု၊ နိုးကြားမှုက လျှင်မြန်ပါတယ်”
ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ် ၄၅ ခုတွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတဦး မှာ မိဘက နိုင်ငံခြားသားဖြစ်သည်ဟု ဆိုကာ အဖယ်ခံလိုက်ရသည့်အတွက် ၄၄ နေရာတွင်သာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ NLD အနေနှင့် မဲဆန္ဒနယ်အများအပြားတွင် အနိုင်ရမည်ဟု မျှော်လင့်ကြောင်းေ
ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃၁ ရက်နေ့တွင် ၄င်း၏မဲဆန္ဒနယ် ကော့မှူးမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ကော့မှူးမြို့တွင် နေထိုင်မည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲစရိတ် မတင်ပြနိုင်လျှင် အရည်အချင်း ပျက်ယွင်းသူဟု ကြေညာမည်
ကြားဖြတ် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည့် ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် ကို စနစ်တကျ ပြုစုတင်ပြခြင်း မရှိပါကအရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခြင်းခံရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်သည်။ ယင်းကုန်ကျစရိတ်များကို သတ်မှတ်ထားသည့် ပုံစံအတိုင်း ဥပဒေနှင့် အညီ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ တင်ပြရမည်ဖြစ်ကြောင်း၊ သတ်မှတ်ပုံစံကို ၁၈-၉-၂၀၁၀ ရက်နေ့ထုတ် သတင်းစာများတွင် ထုတ်ပြန် ကြေညာ ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
မြစ်ဆုံစီမံကိန်း အလုံးစုံရပ်ဆိုင်းရန် ထပ်မံတောင်းဆို
သက်တော်ရှည် ပြည်သူ့စာရေးဆရာကြီး ဒဂုန်တာရာက မြစ်ဆုံစီမံကိန်း အလုံးစုံရပ်ဆိုင်းရန် ထပ်မံတောင်းဆိုလိုက်ကြောင်းသိရသည်။
မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းခြင်း ခြောက်လပြည့် အထိမ်းအမှတ် ဧရာဝတီကို ကာကွယ်သူများ တွေ့ဆုံပွဲ ရန်ကုန်မြို့၌ ပြုလုပ်
ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ခြောက်လပြည့် အထိမ်းအမှတ်အဖြစ် ဧရာဝတီကို ကာကွယ်သူများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီသီရိခန်းမတွင် ပြုလုပ်ခဲ့ သည်။
အဆိုပါ တွေ့ဆုံပွဲ ဖြစ်မြောက်ရန် ထွန်းလွင်ဖောင်ဒေးရှင်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စာပေနှင့် အနုပညာ နယ်ပယ်မှ တာဝန်ရှိသူများနှင့် ကချင်ပြည်နယ်မှ ဒေသခံ များ ပါဝင် တက်ရောက်ခဲ့ကြသည်။အခမ်းအနားကို နံနက် ၉ နာရီ ၀န်းကျင်တွင် စတင်ခဲ့ပြီး သစ်တောပညာရှင် ဦးအုန်းက စီမံကိန်း ရပ်ဆိုင်းသည်မှာ ခြောက်လပြည့်ပြီဆိုသော်လည်း မရပ်တရပ်ဖြစ်နေကြောင်း စသည်ဖြင့် အဖွင့်စကား ပြောကြားခဲ့သည်။
ထို့နောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ၎င်း၏ အမြင်သဘောထားကို ပြောကြားခဲ့ကာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က မြစ်ဆုံအပေါ် အမြင်များကို ဆက်လက်သုံးသပ် ပြောကြားခဲ့ပါသည်။ထို့နောက် တွေ့ဆုံပွဲ ဖြစ်မြောက်ရေးစီစဉ်သူ ဒေါက်တာထွန်းလွင်က ဧရာဝတီကာကွယ်သူများ တွေ့ဆုံပွဲ စီစဉ်ဖြစ်ပုံနှင့် မြစ်ဆုံစီမံကိန်းတို့အကြောင်း ရှင်းလင်းခဲ့ကာ ဆရာကြီးဒဂုန်တာရာ ပေးပို့သော သ၀ဏ်လွှာကို ကဗျာဆရာအံ့မောင် က ဖတ်ကြားခဲ့ပါသည်။
မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ အမှတ်တရ စကားများ ပြောကြားခဲ့ရာတွင် ကချင်ပြည်နယ် မြစ်ဆုံတန်ဖဲရွာမှ ဒေသခံ ဦးသောမတ်စ်၊ ဆရာမဂျူး၊ ဆရာကိုတာ၊ ဦးစိန်မျိုးမြင့်၊ ဒေါ်ဒေ၀ီသန့်ဇင်၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာမောင်စိမ်းနီ၊ ဒေသခံ ကိုဇော်လွန်း၊ ဆရာဇော်မောင်၊ Eco Dev မှ ဦးဝင်းမျိုးသူ၊ ဆရာ ငြိမ်းအေးအိမ်၊ ပန်းချီဝင်းဖေမြင့်၊ မြစ်ကြီးနားမြို့မှ ဒေါ်ဂျာဆိုင်းခေါန် စသူတို့က စီမံကိန်းနှင့်ပတ်သက်၍ အမြင်များကို ပြောကြားခဲ့ကြကာ အခမ်းအနားကို မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ရုပ်သိမ်းခဲ့ပါသည်။
ကချင်ပြည်နယ်တွင်း မေခ နှင့် မလိမြစ်ဆုံရာ မြစ်ဆုံဒေသ အောက်ဘက်တွင် တည်ဆောက်မည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်းထားခဲ့ကာ လက်ရှိတွင် ရပ်ဆိုင်းထားပြီဟုဆိုသော စီမံကိန်းကို ဆက် လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ကချင်ပြည်နယ်မှ တက်ရောက်လာသော ဒေသခံများက တွေ့ဆုံပွဲသို့ လာရောက်ကြသူများအား အချက်ငါးချက်ကို ပံ့ပိုးကူညီကြပါရန် အကြံပြုခဲ့ပြီး ယင်းတို့မှာ '(၁) မြစ်ဆုံ နှင့် မြန်မာ့မြစ်ချောင်းများအား ဆက်လက် ကာကွယ်စောင့်ရှောက်ပေးပါရန်၊ (၂)မြစ်ဆုံဒေသရှိ ဒေသခံများအား မိမိမူလကျေးရွာများတွင် ပြန်လည် နေရာချထားပေးရန်နှင့် လုပ်ကိုင်စားသောက်ခွင့်ပြုရန်၊ (၃) မည်သည့် ကျေးရွာသားများမဆို အာဏာပိုင်များနှင့် စီးပွားရေးသမားများက အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်းများမှ ကာကွယ်စောင့်ရှောက်ပေးရန်၊ (၄)သတင်းမီဒီယာများမှ အတူတကွ ရှိနေမှုသည် ရွာသားများအား ခွန်အားရှိစေသည့်အပြင် လုံခြံရေးအတွက်လည်း အကာအကွယ်ပေးကြောင်း သက်သေသာဓကရှိပါသည်။ ထို့ကြောင့် သတင်းမီဒီယာများမှ မြစ်ဆုံကျေးရွာများနှင့် လက်လှမ်းမီရာတွင် ရှိနေပေးပါရန်၊ (၅)ကျေးရွာဟောင်းများမှာလည်း ပြိုကျ ပျက်စီးနေပြီဖြစ်ပြီး ရွာသစ်တွင်လည်း လုပ်ကိုင်စားသောက်ရန် နေရာမရှိပါ။ ထို့ကြောင့် ဒေသခံအိမ်ခြေ ၃၈၀ နီးပါးခန့်၏ အသက်မွေးဝမ်းကျောင်းမှုကို ရေရှည် တည်တံ့သောနည်းဖြင့် ပံ့ပိုးပေးနိုင်မည့် လုပ်ငန်းများ ဖော်ထုတ်ပေးနိုင်ရန် ကူညီပေးပါရန်' စသည်တို့ ဖြစ်ပါသည်။
ရပ်/ကျေး အုပ်ချုပ်မှုဆိုင်ရာ ပြင်ဆင်သည့် ဥပဒေ ပြဌာန်း
ပြည်ထောင်စု လွှတ်တော်က ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဌာန်းလိုက် ကြောင်း မတ်လ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။ ယင်း ဥပဒေတွင် လူပုဂ္ဂိုလ် တဦးတယောက်ကို ခြိမ်းခြောက်၍ လုပ်အား သို့မဟုတ် ၀န်ဆောင်မှုနှင့် ပတ်သက်ပြီး အဓမ္မ ရယူပါက တနှစ်ထက်ပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ကျပ် တသိန်း ထက် ပိုသော ငွေ ဒဏ်ကို ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ သက်ဆိုင်ရာ တရားရုံးက ချမှတ် ရမည်ဟု ပါရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
၂၀၁၂ ရန်ကုန်သင်္ကြန် မဏ္ဍပ် ၄၀ ကျော် ခွင့်ပြု
၂၀၁၂ ခုနှစ် သင်္ကြန်အတွက် ရန်ကုန်မြို့တွင် မဏ္ဍပ် ၄၀ ကျော် နေရာပေး ခွင့်မည် ဖြစ်ကြောင်း သိရသည်။ ယင်းမဏ္ဍပ်များမှာ ပေ ၅၀ နှင့် ပေ ၁၀၀ အကျယ်အ၀န်ရှိ မဏ္ဍပ်များ ဖြစ်ကြောင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကြီးပတ်လမ်း၊ မရမ်းကုန်းမြို့နယ် ဆရာစံ လမ်း၊ ရန်ကင်း စက်မှု ၁ လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ကမာရွတ်မြို့နယ် ပြည်လမ်း၊ ဒဂုန်မြို့နယ် အလုံလမ်းစသည့် နေ ရာများတွင် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ တဦးကို ကိုးကား၍ MRTV4အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ မဏ္ဍပ် တခုအတွက် အာမခံ စဘော်ငွေ ကျပ် သိန်း ၃၀ သက်ဆိုင်ရာသို့ ပေးရမည်ဖြစ်သည်ဟု လည်း ဆိုသည်။
သင်္ကြန်မဏ္ဍပ်ကြီးများတွင် CCTV ကင်မရာများ တပ်ဆင်မည်
ရန်ကုန်နှင့် မန္တလေးမြို့များရှိ သင်္ကြန်ရေကစား မဏ္ဍပ်များတွင် လုံခြုံရေးအရ CCTV ကင်မရာများ တပ်ဆင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ယခုနှစ် သင်္ကြန်အတွက်ရန်ကုန်မြို့တွင် ပေ ၅၀ နှင့် ပေ ၁၀၀ အကြားရှိ ရေကစား မဏဏ္ဍပ်ကြီး ၄၂ ခု ပြုလုပ်ခွင့် ပေးထားပြီး အဆိုပါ မဏဏ္ဍပ်ကြီးများတွင် လုံခြုံရေးအရ မနက် ၇ နာရီမှ ညနေ ၆ နာရီထိ CCTV ကင်မရာများ တပ်ဆင် ထားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(စည်ပင်)မှ အရာရှိတဦးကို ကိုးကားပြီး MRTV 4 ကသတင်း ဖော်ပြ ထားသည်။
“လုံခြုံရေး အတွက် CCTV ကင်မရာတွေ ကိုလည်း နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ တပ်ဆင် ထားရမှာ ဖြစ်ပါတယ်”ဟု MRTV 4 အင်တာနက် စာမျက်နှာတွင် တွေ့ရှိရသည်။
၂၀၁၀ ပြည့်နှစ် သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံးပေါက်ကွဲခဲ့ရာ အခင်းဖြစ်ပွားရာနှင့် ဖြစ်ပွားပြီး နောက် စုစုပေါင်း ၁၀ ဦးသေဆုံးပြီး ၁၇၀ ဒဏ်ရာ ရှိမှုများဖြစ်ပွားခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်မှစ၍ ရေကစား မဏ္ဍပ်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် စည်းကမ်းချက်များ ထုတ်ပြန်လာခဲ့သည်။ ရန်ကုန်မြို့တွင် နှစ်စဉ်သင်္ကြန်ကာလ အစည်ကားဆုံးနေရာတခုဖြစ်သော အင်းလျားလမ်းတွင် ယခုနှစ်တွင်လည်း ရေကစားမဏ္ဍပ် များ ဆောက်လုပ်ခွင့်ပေးမည် မဟုတ်ကြောင်း ယခုနှစ် ရန်ကုန်သင်္ကြန် အတွက် ရေကစား မဏ္ဍပ် ဆောက်လုပ်ခွင့် ပေးထားရာတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၂၀ ၊ ကမ္ဘာအေး ဘုရားလမ်းတွင် ၉ ခု၊ ကမာရွတ်မြို့နယ် ပြည်လမ်းတွင် ၅ ခု၊ မရမ်းကုန်းမြို့နယ် ဆရာစံလမ်း နှင့် ဒဂုံမြို့နယ် အလုံလမ်းတို့တွင် ၃ ခုစီနှင့် ရန်ကင်းစက်မှု ၁ လမ်းတွင် ၂ ခုတို့ ဖြစ်ကြောင်း ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ရရှိရာတွင် ပေ ၅၀ နှင့် ပေ ၁၀၀ အကြား မဏ္ဍပ်ကြီးတခုစီအတွက် အာမခံစပေါ်ငွေ ကျပ်သိန်း ၃၀ ပေးသွင်းရမည်ဖြစ်ကြောင်း ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ရရှိရာတွင် ပေ ၅၀ နှင့် ပေ ၁၀၀ အကြား မဏ္ဍပ်ကြီးတခုစီအတွက် အာမခံစပေါ်ငွေ ကျပ်သိန်း ၃၀ ပေးသွင်းရမည်ဖြစ်ကြောင်း
ရန်ကုန်မြို့ရေကစားမဏ္ဍပ်ဆောက်လုပ်ခွင့်သည် ယခင် နှစ်ထက် မဏ္ဍပ် ၁၂ ခု တိုးမြှင့်ဆောက်လုပ်ခွင့်ရခဲ့ပြီး ယခင်နှစ်က မင်္ဂလာ တောင်ညွှန့် မြို့နယ် ကန်ပတ်လမ်းတွင် ၇ ခု၊ ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းတွင် ၅ ခုစီ၊ ဘုရင့်နောင် လမ်းနှင့် ဆရာစံ လမ်း တွင် ၃ ခုစီ၊ ပါရမီလမ်းနှင့် အလုံလမ်းတွင် ၂ ခုစီနှင့် စက်မှု ၁ လမ်း၊ ဝေဇယန္တာလမ်း၊ ဗိုလ်ချုပ် အောင်ဆန်း လမ်းနှင့် ကမ်းနားလမ်း တို့တွင် ၁ ခုစီဖြင့် စုစုပေါင်း မဏ္ဍပ်ကြီး ၃၀ ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်းအလားတူ ယခင်နှစ်က ရေကစားမဏ္ဍပ်ကြီး အခုရေ ၃၀ ဆောက်လုပ်ခွင့်ပြုခဲ့သော မန္တလေးမြို့တွင်လည်း မြို့တော်စည်ပင် သာယာက ယခုနှစ်တွင် မဏ္ဍပ် အခု ၄၀ ခွင့်ပြု ပေးခဲ့ကြောင်း မဏ္ဍပ်ဆောက်လုပ်ခွင့်ရရှိသူများသည် မဏ္ဍပ်တွင် လုံခြုံ ရေးအရ CCTV ကင်မရာများ တပ်ဆင်ခြင်းအပါအဝင် စည်ပင်က ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက် ရမည်ဟု ထုတ်ပြန်ထားကြောင်း
မန္တလေးသင်္ကြန်၌ ရေကစားမဏ္ဍပ်ထွက်ရန် ကုမ္ပဏီများကလည်း ပြင်ဆင်မှုများရှိနေပြီး လွယ်ဟိန်း ကုမ္ပဏီက ပြုလုပ်မည့် Alpine ရေကစားမဏ္ဍပ်အတွက် အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ် အမျိုးသမီးငယ် ၁၀၀၀ ကို လျှောက်လွှာတင်ရန် ခေါ်ယူထားကြောင်းနှင့် ယင်းမဏ္ဍပ်တွင် The Tree တီးဝိုင်းနှင့် အဆိုတော် Rဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ်၊ ဟန်ထွန်း၊ ဖိုးကာ၊ ခန့်စည်သူ၊ ဖြူဖြူကျော်သိန်း၊ ထွန်းအိန္ဒြာဗို၊ ဝိုင်းစုခိုင်သိန်း၊ ရတနာ၊ ခိုင်သင်းကြည်၊ ခင်လေးနွယ်နှင့် အနုပညာရှင်များက ဖျော်ဖြေကြမည်ဖြစ်ကြောင်း ယခုနှစ် သင်္ကြန်တွင် နှစ်ပေါင်း ၃၀ ခန့် သံချပ်၊ သရုပ်ပြ အက၊ အလှ၊ ဟာသဖျော်ဖြေရေး အစီအစဉ်များကို ပြန်လည် တင်ဆက် ရန် သံချပ်ဖျော်ဖြေရေးအဖွဲ့များဖြစ်သည့် ဦးမေတ္တာဦးဆောင်သည့် “ပြည်သူ့တရားရှင်” အဖွဲ့၊ ကုသိုလ် ဦးဆောင်သည့် “ပြီးပါပြီ” အဖွဲ့နှင့် အရိုင်း ဦးစီးသည့် ပဋိစ္စသမုပ္ပာဒ် အဖွဲ့တို့က လွန်ခဲ့သည့် နှစ် ၃၀ ခန့်ကအောင်မြင်ကျော်ကြားခဲ့သည့် ၎င်းတို့၏ သံချပ် ဟောင်းများကို မူရင်းအတိုင်း ဖျော်ဖြေကြမည်ဖြစ်ကြောင်း ယခုလ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိကြောင်း သိရသည်။
Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment