ဘတ်ဂျက်လိုငွေ ပြနေချိန် စီမံကိန်းကြီးများ ဆောင်ရွက်သင့်ပါသလား

ဘတ်ဂျက်လိုငွေ ပြနေချိန် စီမံကိန်းကြီးများ ဆောင်ရွက်သင့်ပါသလား
“………အစိုးရအဖွဲ့မှ တင်ပြလာသည့် ဘတ်ဂျက်ဥပဒေကြမ်းအရ လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ ဘတ်ဂျက် လိုငွေ ကျပ် ၇၀၁၃၆၇၂ သန်းရှိလာမည်ဖြစ်ရာ ၎င်းလိုငွေဖြင့်စီမံကိန်းကြီးများကို ဆောင်ရွက်ပါက ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏ များပြားပြီး ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်၍ ကုန်ဈေးနှုန်း ကြီးမြင့်လာနိုင်ကြောင်း….” (ပြည်ထောင်စုလွှတ်တော်သို့ ဘဏ္ဍာရေးကော်မရှင်၏ တင်ပြချက်)
မြန်မာနိုင်ငံမှာ ဘတ်ဂျက် လိုငွေပြချိန် ဘယ်ပိုက်ဆံနဲ့ စီမံကိန်းကြီးတွေ လုပ်မလဲ ဆိုတာက စဉ်းစားစရာ ဖြစ်လာရပါတယ်။ စီမံကိန်းကြီးတွေအတွက် ချေးငွေတွေကို ရယူဖို့ ရှိတာလား၊ BOT စနစ်နဲ့ သွားမှာလား၊ နိုင်ငံခြား အရန်ငွေကို ထုတ်သုံးမှာလား၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကနေ စီမံကိန်းကြီးတွေ လုပ်မလား၊ ဒါတွေမဟုတ်ဘဲ အခြားနည်းလမ်း ရှိနေလား စသဖြင့် စဉ်းစားစရာ ရှိပါမယ်။
တကယ်လို့ နည်းလမ်းတခုခုနဲ့ မဖြစ်ဖြစ်အောင် စီမံကိန်းကြီးတွေ လုပ်မယ် ဆိုပါတော့ -- ဘာစီမံကိန်းတွေ ဖြစ်မလဲ။ လက်ရှိ လုပ်ဆောင်နေဆဲ စီမံကိန်း အကြီးတွေလား၊ စီမံကိန်း အသစ်တွေလား၊ အသစ်တွေ ဆိုရင် ၂ဝ၁၃ ဆီးဂိမ်းအတွက် အားကစားရုံတွေနဲ့ Infrastructure နဲ့ အခြားဝန်ဆောင်မှု လုပ်ငန်းတွေလား၊ ၂ဝ၁၄ အာဆီယံ ညီလာခံအတွက် Infrastructure နဲ့ အခြားဝန်ဆောင်မှု လုပ်ငန်းတွေလား စသဖြင့် မေးစရာ ရှိပါမယ်။
ဒီစီမံကိန်းကြီးတွေကို တိုင်းပြည်က အပူတပြင်း လိုအပ်နေတာ ဟုတ်မဟုတ်လည်း ဆန်းစစ်ရပါဦးမယ်။ ဘာမှန်းမသိရသေးတာကို ဆန်းစစ်ဖို့ ဆိုရင် သိပ်ကျယ်ပြန့်လွန်းနေမှာ ဖြစ်ပါတယ်။
စီမံကိန်းတွေ ရှိလာရင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏများပြားလာပါမယ်။ ဒါ အမှန်ပါပဲ။ ဒါပေမယ့် ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏ များပြားတာကြောင့် ငွေကြေးဖောင်းပွမှု (Inflation) များလာရမယ် ဆိုတာက မမှန်ကန်တဲ့ အကြောင်းပြချက်ပါပဲ။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံထက် ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏမှာ အဆမတန် များပြားပေမယ့် ဂျပန်ယန်းငွေ တန်ဖိုးက ကျုံ့တောင် ဝင်နေပါတယ်။ Deflation ဖြစ်နေပါတယ်။ ကုန်ပစ္စည်းတန်ဖိုးတွေ (ရောင်းဈေးတွေ) ထိုးကျနေပါတယ်။ ဒါကြောင့် ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏ များပြားတာကြောင့် ငွေကြေးဖောင်းပွနိုင်တယ် ဆိုတာ မမှန်ကန်တဲ့ အကြောင်းပြချက် ဖြစ်နေပါတယ်။
ပြည်တွင်း လှည့်ပတ်သုံးစွဲငွေ ဘယ်လောက်များများ တကယ်လို့ “မြန်မာကျပ်ငွေတန်ဖိုးကို ထိန်းထားနိုင်ရင်” ငွေကြေးဖောင်းပွမှု မရှိနိုင်ပါဘူး။
ငွေကြေးဖောင်းပွလာနိုင်တယ် ဆိုပြီး ခန့်မှန်းတာကတော့ ကုန်ဈေးနှုန်းကြီးမှာကို အရမ်းကြောက်နေတဲ့ လူထုကို ခြောက်လှန့်နေသလို ဖြစ်စေပါတယ်။ တချိန်တည်းမှာ ပြည်သူတွေ မနှစ်သက်နိုင်တဲ့ အခြားတခုခုကို မဖြစ်မနေ လုပ်ယူဖို့ ရမယ်ရှာတာလားလို့ သံသယဖြစ်စေနိုင်ပါတယ်။
တိုးတက်ဖွံ့ဖြိုးဖို့အတွက် စီမံကိန်းတွေဟာ အလုပ်အကိုင်သစ်တွေကို ဖန်တီးရာရောက်တာဖြစ်လို့ အလုပ်လက်မဲ့ ပြဿနာကို တနည်းတလမ်းအားဖြင့် ဖြေရှင်းပေးတဲ့သဘော ဖြစ်သွားပါတယ်။ နိုင်ငံတိုင်းဟာ သူတို့အစိုးရ တည်ငြိမ်ရေးအတွက် ဒီနည်းလမ်းကို သုံးကြပါတယ်။ ဒီနည်းလမ်းကို မသုံးဘဲ အခြားနည်းလမ်းနဲ့ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းယူဖို့ကတော့ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတွေတောင် အတော့်ကို ခက်ခက်ခဲခဲ လုပ်ယူနေရပါတယ်။
“ဘတ်ဂျက် လိုငွေ ပြနေချိန်မှာ စီမံကိန်းကြီးတွေ လုပ်ရင် ….” လို့ ပြောထားတာကြောင့် စီမံကိန်းအလတ်၊ အသေးတွေလုပ်ဖို့ ကိစ္စကရော ဘယ်လိုရှိနေမလဲ။ မပြီးဆုံးသေးတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဘတ်ဂျက် အားနည်းလို့ မြစ်ရေတင် စီမံကိန်း (၄ဝ)ကို ရပ်နားလိုက်ရတဲ့အကြောင်း သိပ်မကြာသေးခင်ကပဲ သိလိုက်ရပါတယ်။ စီမံကိန်းတွေကို ရပ်နားလိုက်ရင် ကုမ္ပဏီတွေလည်း အလုပ်ရပ်သွားပါတယ်။ ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ ပြဿနာ ဖြစ်သွားပါတယ်။
ဘတ်ဂျက်လိုငွေ ပြမှုကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ ဆိုတာကလည်း အရေးပါတဲ့ မေးခွန်းဖြစ်ပါတယ်။ အခွန်တိုးကောက်မှာလား၊ အခွန်ကောက်တဲ့ အမျိုးအစားတွေကို တိုးချဲ့မှာလား၊ အခြားနည်းလမ်းတွေ ရှိနေလား၊ ရှိနေရင်တောင် လက်တွေ့ ကျင့်သုံးနိုင်အောင် အဆင်သင့်ဖြစ်နေမလား။ အစိုးရ အရပ်ရပ် အသုံးစရိတ် ချွေတာမှုက ဘယ်ကဏ္ဍတွေမှာ ရှိမလဲ။ ဥပမာ- ဗျူရိုကရေစီ ယန္တရားပုံစံနဲ့ မဆလရဲ့ ဆိုရှယ်လစ် ယန္တရားပုံစံ ရောထွေးပြီး ရှုပ်ယှက်ခတ်နေတဲ့ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်ကို ဒီမိုကရေစီ နည်းလမ်းတကျ ဘယ်လို ချုံ့ယူပြီး လမ်းကြောင်းတဖြောင့်တည်းထားမလဲ ဆိုတာမျိုး ဖြစ်ပါတယ်။
အဓိကအချက်ကတော့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုတွေ ပြသဖို့ အများကြီး လိုအပ်နေပါတယ်။ မိသားစု စိတ်ဓါတ်ထားပြီး ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ဖွင့်ချပြဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ပေါင်းစည်းမှုကို အခုထက်ပိုပြီး ရှာကြံသင့်ပါတယ်။ နောက်ကြောင်း ပြန်မသွားဘူးဆိုတာ အာဏာရှင်စနစ်ဆီကို ပြန်မသွားတာသာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်အောက်မှာ ရှင်သန်ကြီးထွားခဲ့ဖူးတဲ့ နည်းလမ်းတွေကို မကျင့်သုံးတော့ဘဲ ဒီမိုကရေစီ နည်းလမ်းတွေကိုသာ ကျင့်သုံးဖို့ ဖြစ်ပါတယ်။

ဆက်နွယ်နေတဲ့ အရေးကြီးကိစ္စကတော့ အစိုးရအနေနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းတည်ဆောက်မှုကို ပိုမို အာရုံစိုက်ထားဖို့ ဖြစ်ပါတယ်။ နေရာတိုင်းမှာ လူတိုင်းက တရားဥပဒေ စိုးမိုးမှု (Rule of Law) ကို တိတိကျကျ လေးစားလိုက်နာနိုင်ဖို့၊ Rule of Law က လူတိုင်းကို အကာအကွယ်ပေးထားနိုင်ဖို့ အရင်ဆုံး ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ အဂတိလိုက်စားမှု ကျယ်ပြန့်ပြီး မတားဆီးနိုင်အောင် ဖြစ်နေချိန်မှာ စီးပွားရေးကိစ္စကို ဆက်လုပ်နေရင် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာ မဟုတ်ဘဲ ဆင်းရဲ-ချမ်းသာ ကွာဟချက်ကိုသာ ပိုမို ကြီးမားသွားစေနိုင်ပါတယ်။
ကျနော့်အမြင်မှာတော့ (၁) Rule of Law (၂) စီမံကိန်း အလတ်နဲ့အသေး .. ဆိုတဲ့ ဒီအလုပ် ၂ မျိုးကို တပြိုင်တည်း လုပ်လို့ရှိရင် နိုင်ငံအတွက်ရော ပြည်သူတွေအတွက်ပါ တချက်ချက် ၂ ချက်ပြတ် ကောင်းသွားနိုင်ပါလိမ့်မယ်။ ဥပဒေကြောင်းအရ အာမခံချက် ပေးနိုင်တဲ့ ဈေးကွက်စီးပွားရေးကို လူတိုင်း တန်းတူညီမျှစွာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် လုပ်ဆောင်နိုင်ခွင့် ရှိလာမှ တိုးတက်ဖွံ့ဖြိုးတာ အခြေခံမှန်မယ်လို့ ယူဆပါတယ်။
လွင်အောငိစိုး ၅-၃-၂ဝ၁၂

NLABR Web-site: www.nlabr.com
Lwin Pwin Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment