စီးပွားရေးသုံးသပ်ချက်
ခင်မောင်ညို(ဘောဂဗေဒ)
အပြောင်းအလဲတွေနှင့် အခွန်စနစ်သစ်
မြန်မာနိုင်ငံမှာ အခွန်စနစ်အသစ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ၊ အများအသဘောပေါက် လက်ခံထားကြသလို၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလဲ၊ ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ အခွန်စနစ်သစ် တစ်ရပ်ကို အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီး အဆင်သင့် ပြင်ဆင်ထားခဲ့တာ ကြာပါပြီ။ (၂၀၁၀) ကိန်းဂဏန်းတွေအရ၊ အာဆီယံနိုင်ငံတွေရဲ့ အခွန်နဲ့ ဂျီဒီပီအချိုးဟာ၊ ဆယ်ဂဏန်းတွေ ရှိပါတယ်။ ကမ္ဘောဒီယားဆို (၁၀.၈၀) ရာခိုင်နှုန်း၊ ထိုင်းဆို (၁၅.၅၀)၊ စင်ကာပူက (၁၇.၆)၊ အင်ဒိုနီးရှားက (၁၁.၆) ရာခိုင်နှုန်း၊ လာအို (၁၃.၈)၊ မလေးရှား (၁၄.၃)၊ ဖိလစ်ပိုင် (၁၂.၁)၊ ဗီယက်နမ် (၂၄.၃)နဲ့ ဘရူနိုင်းက (၄၀.၆၀) ရာခိုင်နှုန်းတွေ အသီးသီး ရှိပါတယ်။ ဒီအချိန်မှာ၊ မြန်မာက (၃.၁၆) ရာခိုင်နှုန်းပဲ ရှိပါတယ်။
အခွန်ရငွေ နည်းရခြင်း
အခုလို၊ အခွန်ရငွေနဲ့ တိုင်းပြည်ဝင်ငွေ အချိုးနိမ့်ကျရတာဟာ (၁) အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ခွင်ပြုခြင်း (၂) နိုင်ငံခြားငွေဖြင့် အခွန်ကောက်ခံခြင်း (၃) ပြည်ပသွင်းကုန်များအပေါ် ကောက်ခံသည့် စည်းကြပ်တန်ဖိုး သတ်မှတ်ချက်ဟာ၊ ဈေးကွက်လဲလှယ်နှုန်း အောက်လျော့နည်းခြင်း(၄) အခွန်ထမ်းများက အခွန်ဥပေဒများအပေါ် လိုက်နာမှု အားနည်းခြင်း (၅) အခွန် ၀န်ထမ်းများက ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အားနည်းခြင်း (၆) အခွန်ဥပဒေတွေအတိုင်း ဆောင်ရွက်ရာမှ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက ကူညီမှု အားနည်းခြင်း (၇) အခွန်ပမာဏ ကြီးမားစွာ ပေးဆောင်ရသည့် အခွန်ထမ်းများက အခွန်လျော့နည်းသက်သာအောင် ကြံဆောင်ကြခြင်း (၈) စာရင်းကိုင် စာရင်းစစ်တွေက ဆိုင်ရာဥပဒေတွေ၊ စံတွေ၊ ကျင့်ဝတ်တွေနဲ့အညီ ဆောင်ရွက်နိုင်မှု အားနည်းခြင်း (၉) အခွန်ဆိုင်ရာ ဥပဒေတွေ ခေတ်နဲ့အညီ ပြုပြင်ရန် လိုအပ်ခြင်းတွေဖြစ်တယ်လို့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုယ်တိုင်က၊ ပွင့်ပွင့်လင်းလင်း သုံးသပ်ခဲ့ကြပါတယ်။
အခွန်ဆိုင်ရာ ဥပဒေတွေ ခေတ်နဲ့အညီ ပြုပြင်ခဲ့တာကိုတော့၊ (၂၀၁၂-၁၃) ဘဏ္ဍာနှစ်ကစပြီး မြင်တွေ့ကြရပါပြီ။
အခွန်စနစ်သစ်
အခုစတင်ကျင့်သုံးမယ့် အခွန်စနစ်သစ်မှာ၊ အခွန်နှုန်းထား လျှော့ချပြီး အခွန်အခြေခံ ချဲ့ထွင်တာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထည့်တွက်တာ၊ တိုက်ရိုက်ခွန်ကနေ သွယ်ဝိုက်ခွန်ကို ကူးပြောင်းတာ၊ အခွန်ထမ်းတွေကိုယ်တိုင်၊ အခွန်စည်းကြပ်တဲ့စနစ်ကို ကူးပြောင်းတာ၊ ဆွဲဆောင်မှုတွေနဲ့ ပတ်သက်တဲ့အမြင်ကို ပြန်လည်သုံးသပ်တာတွေ ပါဝင်ပါတယ်။
ကင်းလွတ်
တစ်နှစ်လစာဝင်ငွေ (၁၄၄၀၀၀၀) ကျပ် (၁၄ သိန်း ၄ သောင်းအောက်) တစ်နှစ်ကို (၁၂)သိန်းအောက်ရတဲ့ သမ၀ါယမနဲ့ စီးပွားရေး လုပ်ငန်းတွေ၊ အခြေပစ္စည်းရောင်းချ၊ လဲလှယ်၊ လွှဲပြောင်းရာမှ သိန်း (၅၀)အောက် ရတဲ့ လုပ်ငန်းတွေကို အခွန်စည်းကြပ်မှာ မဟုတ်ပါဘူး။
ယခင်က သက်သာခွင့်တွေဖယ်ပြီး၊ ကျန်လစာဝင်ငွေ ကျပ် (၅၀၀၀)ဆိုရင် (၃)% ကစပြီး ကောက်ခံခဲ့ပေမယ့် အခု ကျပ် (၅)သိန်းဆိုရင် (၁)% ကစပြီး ကောက်ခံပါတယ်။ ယခင်က တစ်နှစ်ဝင်ငွေခွန် စည်းကြပ်ရန်ဝင်ငွေ (၅)သိန်းဆိုရင် ၃၀ ရာခိုင်နှုန်း ကောက်ခံတာ၊ အခု (၁) ရာခိုင်နှုန်းနဲ့ ကောက်ခံတာကိုကြည့်ရင်၊ ခြားနားချက်က သိသာပါတယ်။ အခု သိန်း (၂၀၀)နဲ့အထက်ဆိုရင် (၂၀)ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေရဲ့၊ ၀င်ငွေခွန်စည်းကြပ်ရမယ့် ၀င်ငွေ၊ ယခင်က (၅၀၀၀)ကျပ်ဆိုရင် (၅) ရာခိုင်နှုန်း ကောက်ခံပြီး၊ သိန်း (၂၀)ကျော်ရင် (၄၀) ရာခိုင်နှုန်းအထိ ကောက်ခံရာက၊ အခု ငါးသိန်းကို ၂ ရာခိုင်နှုန်း စကောက်ခံပြီး သိန်း (၃၀၀)အထက်ဆိုရင်၊ (၃၀)% ကောက်ခံမှာ ဖြစ်ပါတယ်။
သက်သာခွင့်
ဝင်ငွေကနေ၊ အခြေခံ သက်သာခွင့် (၂၀)% ပေးထားပါတယ်။ အဲဒီသက်သာခွင့်၊ အိမ်ထောင်ဘက် (ဇနီး၊ ခင်ပွန်း)အတွက် (၃) သိန်း၊ သားသမီးတစ်ဦးအတွက် (၂)သိန်း ပေးရာမှာ၊ သက်သာခွင့်ကို သိန်း (၁၀၀)အထိ ရရှိနိုင်ပါတယ်။
နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများအပေါ်လည်း (၂၅)% အခွန်ကောက်ခံပါမယ်။
လက်ရှိ လစာနှုန်းထားတွေအရ၊ လစာနိမ့်နေတဲ့ အစိုးရ၀န်ထမ်းတွေဟာ၊ လစာရဲ့ (၁) ရာခိုင်နှုန်းဝန်းကျင် အခွန်တွေကို ထမ်းဆောင်ရပေမယ့်၊ လစာမြင့်မားတဲ့ ပုဂ္ဂလိက ကဏ္ဍကတော့၊ ပိုမိုမြင့်မားတဲ့ အခွန်နှုန်းတွေကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
ကုန်သွယ်ခွန်
အခြေခံ စားသောက်ကုန်နဲ့ လူသုံးကုန် အမျိုးပေါင်း (၇၀) ထုတ်လုပ်ရောင်းချမှုအတွက် အခွန်မကျသင့်ပါဘူး။ ပြည်ပက တင်သွင်းတာ၊ ပြည်တွင်းမှာ ၀ယ်ယူရောင်းချတာဆိုရင်တော့ ၅% အခွန်ဆောင်ရပါမယ်။
သိန်း (၁၀၀)အောက် ရောင်းရငွေ၊ ရငွေရှိတဲ့ ထုတ်လုပ်မှု လုပ်ငန်းတွေ၊ ကုန်စည်ဝယ်ယူရောင်းချတဲ့ လုပ်ငန်း၊ ခရီးသည် ပို့ဆောင်တဲ့ လုပ်ငန်း၊ စားသောက်ဖွယ် ရောင်းချတဲ့ လုပ်ငန်းတွေကို အခွန်ကောက်ခံမှာ မဟုတ်ပါဘူး။
ကင်းလွတ်ခွင့်
ကုန်သွယ်လုပ်ငန်းခွန်ကို၊ ၀ါဇီလုပ်ငန်းမှ ကုန်စည်ထုတ်လုပ်မှု၊ တင်သွင်းမှု၊ သံတမန်နဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံခြားငွေနဲ့ ရောင်းချဖို့ ပြည်ပမှ ကုန်စည်တင်သွင်းမှု၊ ကာကွယ်ရေးအတွက် ၀ယ်ယူမှု၊ အပ်ကုန်စနစ်၊ ဆေးဝါးနဲ့ ဆေးဝါးကုန်ကြမ်း (၃၆)မျိုး၊ သံရုံးဝန်ထမ်းများ မော်တော်ယာဉ်တင်သွင်းခြင်း၊ အိုင်အိုဒင်းဆား ထုတ်လုပ်ခြင်း၊ စပါးဝယ်ယူရောင်းချခြင်း၊ နိုင်ငံခြား သံရုံးနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို၊ စက်သုံးဆီရောင်းချခြင်းတွေအတွက်ပဲ၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုပါတယ်။
စက်မှုဇုန်တွေမှာ၊ စက်မှုဇုန်အတွင်း တည်ရှိ၊ စနစ်တကျ မှတ်ပုံတင်ထား၊ တိုင်းရင်းသားပိုင်၊ သွင်းကုန်ုအစားထိုး ကုန်စည်တွေကို (၃)% အခွန်ကောက်ပါမယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျွန်းသစ်လုံးနဲ့ ခွဲသား၊ သစ်မာ သစ်လုံးနဲ့ ခွဲသား၊ ကျောက်စိမ်းနဲ့ အခြားအဖိုးတန် ကျောက်ဆိုတဲ့ အထူးကုန်စည် (၅)မျိုးကလွဲရင် ကျန်ကုန်စည်တွေ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုပါတယ်။
အထူးကုန်စည်
အခွန်နှုန်း မြင့်တဲ့ အထူးကုန်စည်တွေကတော့၊ စီးကရက် (၁၀၀)%၊ ဆေးရွက်ကြီး၊ တဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံအမျိုးမျိုး၊ ဆေးတံသောက်ဆေး၊ ကွမ်းစားဆေး၊ အရက်၊ ဘီယာ၊ ၀ိုင်၊ ကျွန်းသစ်လုံးခွဲသား၊ အဖိုးတန် ကျောက်တွေကို (၃၀)%၊ အပေါ့စားဘယ်ကား၊ ဆီဒင်၊ အပေါ့စား ၀က်ဂွန်နဲ့ ကူပေကားများ (၂၅)%၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီကို (၁၀)%၊ သဘာဝဓာတ်ငွေ့ကို (၈)% ကောက်ခံမှာ ဖြစ်ပါတယ်။
ဝန်ဆောင်မှု
ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့၊ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်း၊ ကုန်သွယ်မှု၊ ဟိုတယ်- တည်းခိုခန်း၊ စားသောက်ဖွယ်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ မော်တော်ယာဉ် ပြင်ဆင်မှု၊ အခြား အာမခံလုပ်ငန်းတွေကနေ (၅)% သာ ကောက်ခံမှာ ဖြစ်ပါတယ်။
တံဆိပ်ခေါင်းခွန်နှုန်းထားများ
အချိန်ကာလ ကြာမြင့်ပြီး ဆီလျော်မှု မရှိတဲ့ တံဆိပ်ခေါင်းခွန်နဲ့ ရုံးခွန်တွေကိုလဲ ပြင်ဆင်ခဲ့ပါတယ်။
အခွန်လျာထားချက်
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ၊ အခွန်မှရငွေ ကျပ်ဘီလျံပေါင်း (၁၀၆၃.၂၁၃) ရမယ်လို့ လျာထားပါတယ်။ ၂၀၁၂-၁၃ မှာ (၁၅၇၁.၈၄၇) ရမယ်လို့ မှန်းတော့ ကျပ်ဘီလျံ (၅၀၈.၆၃၄) ပိုလာနိုင်ပါတယ်။ ဒီပိုလာမယ့်ငွေဟာ၊ အခွန်တွေ ပိုကောက်၊ ပိုစည်းကြပ်လို့ ရမယ့်ငွေ မဟုတ်ပဲ၊ အခွန်လျှော့ပြီး၊ အခွန်အခြေခံ ကျယ်ပြန့်လို့ ရမယ့်ငွေ ဖြစ်ပါတယ်။
အခုကောက်ခံမယ့် ကုန်သွယ်ခွန် (၅)% ဆိုတာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ်တို့ရဲ့ တန်ဖိုးဖြည့်ခွန် (၁၀)%၊ မလေးရှားရဲ့ ရောင်းခွန် (၅-၁၀)%၊ ဖိလစ်ပိုင်၊ စင်ကာပူရဲ့ ကုန်စည်နဲ့ ၀န်ဆောင်မှုခွန် (၇)% ထိုင်းရဲ့ တန်ဖိုးဖြည့်ခွန် ၇%ထက် နည်းနေတာ တွေ့ရပါတယ်။
သုံးသပ်ချက်
အခွန်ရဲ့ နောက်ကြောင်းကို ပြန်ကြည့်ရင်၊ (၁၉၇၄) ခုနှစ်က ၀င်ငွေခွန် ဥပဒေထုတ်ပြီး (၂၀၀၆) ခုနှစ်မှာတော့ ၀င်ငွေခွန် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ၊ အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ပြီး စီမံခန့်ခွဲခဲ့ရာက၊ အခုတော့ စီပွားရေး နိုင်ငံရေး အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေတဲ့ အခွန်စနစ်သစ်တစ်ရပ် ပေါ်ထွက်လာခဲ့ပါပြီ။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနအနေနဲ့လဲ၊ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့် (Enforcement) ဆောင်ရွက်ခွင့်တွေ ပိုရလာပါပြီ။
အခွန်ထမ်းတွေရဲ့ တာဝန်ယူစိတ်၊ တာဝန်သိစိတ်၊ အခွန်ဝန်ထမ်း အရာထမ်းတွေရဲ့ စွမ်းဆောင်ရည်အပေါ်၊ အခွန်စနစ်သစ်ရဲ့ အောင်မြင်မှုက မူတည်နေပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ်၊ ယန္တရားအသီးသီး လည်ပတ်နိုင်ဖို့၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့၊ သမ္မတကြီးကအစ၊ နိုင်ငံသားတွေ၊ အခွန်ပေးဆောင်ဖို့ တာဝန်ရှိပါတယ်။
စားသုံးသူတွေဘက်ကနေ မေးစရာ မေးခွန်းတစ်ခုကတော့၊ အခုလို ကုန်သွယ်ခွန်တွေ လျှော့ပေးရင် (ဥပမာ- ဓါတ်ဆီ၊ ဒီဇယ်ဆီ) ဈေးနှုန်းတွေ လျော့သွားမှာလားဆိုတာပါပဲ။
Lwin Pwin

0 comments:
Post a Comment