မြန်မာသတင်းများ        မတ် ၁၄ ရက်၊ ၂၀၁၂


ကျွန်းပြန်ကြီး ဖဒိုမန်းငြိမ်းမောင်ကို တကျွန်းပြန်ချ 

ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်းဖြင့် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက အင်းစိန်ထောင်တွင်းတွင် အင်္ဂါနေ့က စီရင်ချက် ချမှတ် လိုက်သည်။
အင်းစိန် မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးလှဝင်းက အင်းစိန်ထောင်တွင်း အထူးတရားရုံး ဖွဲ့၍ မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော်အစိုးရအား လက်နက်စွဲကိုင် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) အရ တသက်တကျွန်း ချမှတ်ပြီး စီရင်ချက် နှစ်ခုကို တပေါင်းတည်း ကျခံရမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပုဒ်မ ၁၂၂ (၁) အရ သေဒဏ်အထိ ချမှတ်နိုင်သော်လည်း တသက်တကျွန်းသို့ လျှော့ပေါ့ပေးလိုက်သည်ဟုလည်း စီရင်ချက်က ဆိုကြောင်း သိရသည်။

“အသက်ကြီးတာရယ်၊ ငြိမ်းချမ်းရေးလိုလားတဲ့ အထောက်အထားတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ လျှော့ပေါ့တယ်ပေါ့ဗျာ။ သေဒဏ်အစား တသက်တကျွန်း ချတယ်ပေါ့ဗျာ။ အဲဒီလို ပါတယ်” ဟု ဦးကြီးမြင့်က ပြောကြောင်း တရားလို အစိုးရဘက်မှ ဒုတိယခရိုင် ဥပဒေအရာရှိ ရှေ့နေ ဦးလှမြင့် က ဆောင်ရွက်ကြောင်း စီရင်မှုကို နှစ်ဘက် ရှေ့နေများသာ နားထောင်ခွင့်ရပြီး မန်းငြိမ်းမောင်၏ ဆွေမျိုးတော်စပ်သူများ နားထောင်ခွင့် မရဘဲ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အင်းစိန်ထောင်တွင်း၌ စစ်ကြောရေးဝင်နေစဉ် သမ္မတ ငြိမ်းချမ်းရေးအထူး ကိုယ်စားလှယ် ရထား ဝန်ကြီး ဦးအောင်မင်း စေလွှတ်လိုက်သည့် နေပြည်တော်မှအရာရှိများလာရောက်တွေ့ဆုံ၍KNU နှင့်အစိုးရတို့ကြားငြိမ်းချမ်းရေးအတွက်အကြံဉာဏ်များ တောင်းခံခဲ့ပြီး ဖမ်းဆီးထားရာမှ လွှတ်ပေးမည်ဟု ပြောဆိုသွားကြောင်း ပဒိုမန်းငြိမ်းမောင်က ထွက်ဆိုထားကြောင်း
မီးရထားဝန်ကြီးဦးအောင်မင်းအပါအဝင်သက်သေရှစ်ဦးကို ဖေဖော်ဝါရီလအတွင်းက တောင်းဆိုခဲ့ဖူးသော်လည်း အင်းစိန်ထောင်ပိုင် နှစ်ဦးသာ သက်သေအဖြစ် ရရှိခဲ့ကြောင်း

ဥပဒေကြောင်းအရ တရားစွဲဆိုခွင့်အမိန့်မပြည့်စုံခြင်း၊ ပြုလုပ်မှုတခုကို အမှုနှစ်မှု စွဲ၍မရခြင်း၊ စွဲလျှင်လည်း နောက်အမှု တခုကို အပြစ်ပေး၍ မရကြောင်းတို့ကို လျှောက်လဲထားခဲ့ပြီး အကြောင်းချင်းရာ အဖြစ် ငြိမ်းချမ်းရေးဆွေးနေသည့် ကာလတွင် ယင်းသို့ စီရင် ချက်ချမှတ်ခြင်းသည် မသင့်လျော်ကြောင်း
KNU ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ အတွင်းရေးမှူး ပဒိုဒေးဗစ်ထောက ယခုစီရင်ချက်သည် ဥပဒေအရ
ဆောင်ရွက်သည်ဟု ယူဆပြီး မန်းငြိမ်းမောင် လွတ်မြောက်ရေးအတွက် အစဉ်တစိုက် ဆက်လက် တောင်းဆိုသွား မည်ဟု ပြော
ကြောင်း အသက် ၇ဝ ရှိပြီဖြစ်သည့် မန်းငြိမ်းမောင်၏ ဇနီးဖြစ်သူ နော်ဝါး ကမူ အမှုစီရင်ချက်ချသည်ကို သွားရောက် ကြားနာခွင့်မရသဖြင့် စိတ်မကောင်းဖြစ်ရကြောင်း မန်းငြိမ်းမောင်က အယူခံဝင်မည်ဟု ဆုံးဖြတ်လျှင် ရက်ပေါင်း ၆ဝ အတွင်းရန်ကုန်တိုင်း တရားလွှတ်တော်သို့လျှောက်ထားရမည်ဟု သိရသည်။
မန်းငြိမ်းမောင်သည် ၁၉၆၇ ခုတွင် ကရင် လူငယ်ခေါင်းဆောင်တဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးသည်။ အခြားရဲဘော် နှစ်ဦးနှင့်အတူ လှေဖြင့် ထွက်ပြေးကာ မြန်မာပြည် ကမ်းခြေတခုတွင် အောင်မြင့်စွာ ဆိုက်ကပ်နိုင်ပြီး ဒေသ အာဏာပိုင်များက ပြန်လည် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုကဲ့သို့ ကျွန်းမှ စွန့်စား ထွက်ပြေးမှု အတွေ့အကြုံများကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။

စစ်တပ်များအား မထိန်းသိမ်းနိုင်မှုအပေါ် အစိုးရကို SSA-S သံသယရှိ 

တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် အစိုးရက စစ်တပ်များအပေါ် မထိန်းချုပ်နိုင်ဟု သံသယဖြစ်ဖွယ် ရှိကြောင်း အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည်တပ်မတော်
တောင်ပိုင်း (SSA-S) က ပြောကြောင်းပြည်ထောင်စုအဆင့် ငြိမ်းချမ်းကိုယ်စားလှယ်များနှင့် အပစ်အခတ် ရပ်စဲထားပြီးနောက် နှစ်လခန့်အတွင်း အစိုးရနှင့် SSA-S တပ်များအကြား တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့သည်။ မတ်လ ၁၁ ရက်နေ့ကလည်း ကျိုင်းတုံခရိုင် မိုင်းဖြတ်မြို့ အခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ-၁၈) လက်အောက်ခံ (ခမရ- ၅၇၃)တပ်ဖွဲ့များနှင့် SSA-S လှုပ်ရှားတပ်တို့ တနာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ SSA-S အင်အားနည်းရာ ဒေသများဖြစ်သော ကျောက်မဲ၊ သီပေါ၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်း စသည့် ဒေသများ တွင် အစိုးရဘက်မှ စစ်ကြောင်းသုံးကြောင်း (လူအင်အား ၃၀၀ ခန့်) ဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်း ဖြစ်ပြီး အပစ်ရပ်စဲထားသည့်တိုင် စစ်ရေးအရ ဖိအားပေးမှုများ ရှိသည်ဟု SSA-S က ပြော ကြောင်း

“အပစ်အခတ် ရပ်စဲထားတယ် ဆိုပေမယ့် စစ်ရေးနဲ့ ကျနော်တို့ကို ဖိအားပေးတယ်။ ဖိအားပေးတဲ့ ပုံစံအတိုင်း မလိုက်နာ မဆောင်ရွက်ဘူးဆိုရင် ပြန်တိုက်တာတွေ ရှိတော့ အစိုးရနဲ့ တပ်မတော်ကြားမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကျနော်တို့ စဉ်းစားမတတ်အောင် ဖြစ်ပါတယ်။ အစိုးရက ဘာကြောင့် သူ့တပ်တွေကို မထိန်းနိုင်တာလဲ၊ မကြီးကြပ်နိုင် တာလဲ ဆိုတာကိုပါ” ဟု စိုင်းလောဝ်စိုင်း က ပြောကြောင်း

၂ဝ၁၁ နိုဝင်ဘာလမှ ၂ဝ၁၂ ဖေဖော်ဝါရီ လကုန်အထိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုးပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များအတွင်း ရှမ်းတပ်ဖွဲ့များကို ဖိအားပေး နေရာပြောင်းရွှေ့ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း
စစ်တပ်က  အစိုးရ၏ လုပ်နည်းလုပ်ဟန်များကို နားလည်မှု လွဲနေသည့် ပုံစံတွေ့ရကြောင်း
အစိုးရတပ်များအနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ မလုပ်ဘဲ ရပ်ဆိုင်းထားရန် သမ္မတမှ ညွန်ကြားထားပြီးနောက် ကာကွယ်ရေးဦးစီးချုပ်မှလည်း အောက်ခြေတပ်များအား ဆက်လက် ညွှန်ကြားပြီးဖြစ်ကြောင်းနှင့် တပ်မတော်တွင် အမိန့်နှင့် ညွန်ကြားချက်သည် အသက်သွေးကြောဖြစ်ကြောင်း
နှစ်ဘက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ၂၇ ရက်နေ့တွင် SSA-S ဘက်က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များထံ တင်ပြခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်အချို့ တွေ့ဆုံ ဆွေ့နွေးခဲ့ကြောင်း၊ တိုက်ပွဲများ ထပ်မံဖြစ်ပွားမှု မရှိစေရန် တာဝန်ယူမည်ဟု ပြောဆိုမှု ရှိခဲ့သည့်တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း

၂ဝ၁၁ ဒီဇင်ဘာလက မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် SSA-S ပဏာမ သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်ရေးဒေသများအတွင်းရှိ နှစ်ဖက်တပ်များ ဆုတ်ခွာရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပြည်နယ်အဆင့် တပ်များနှင့် ဆွေးနွေးရန်သာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့က ပြောဆိုခဲ့သည်။ ယင်းနောက် ၂ဝ၁၂ ဇန်နဝါရီလတွင် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။

CRPP အမည်သစ်၊ ရည်ရွယ်ချက်သစ်ဖြင့် ဧပြီမှာ ပြန်ဖွဲ့မည် 

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ကို ဧပြီလတွင် ပြန်လည် ဖွဲ့စည်းပြီး ၂ဝဝ၈ အခြေခံဥပဒေ ပြုပြင်ရေးနှင့် တန်းတူ အခွင့်အရေးများ အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း “အမြင်သစ်၊ ရည်ရွယ်ချက် အသစ်နဲ့ သွားမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီ။ လွှတ်တော် ပေါ်ပေါက်ရေး၊ ၉၀ ရလဒ် အကောင်အထည်ဖော်ရေး ဆိုတဲ့ ရည်ရွယ်ချက်တွေက လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့ဘူးလေ။ ပြောင်းလဲ ဖွဲ့စည်းတဲ့အခါမှာ ဘယ်သူတွေနဲ့ ဖွဲ့မလဲဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ အထူးသဖြင့် NLD နဲ့ အရင် CRPP အဖွဲ့မှာ ပါခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ဖွဲ့ဖို့ရှိပါတယ်”

CRPP အား ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD နှင့် အခြား တိုင်းရင်းသားပါတီများမှ ပြည်သူ့လွှတ်တော် အမတ်များဖြင့် ၁၉၉၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အခြေအနေနှင့် လျော်ညီစွာ ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း “အဓိကကတော့ ဒီမိုကရေစီ အခွင့်အရေးတွေ တိုးတက်ကောင်းမွန်လာဖို့၊ ပြည်တွင်းစစ် ရပ်စဲပြီးရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပြီးတော့ တန်းတူရည်တူ ပြည်ထောင်စု တည်ထောင်ဖို့ ဒီရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင် သွားပါမယ်” ဟု ဦးအေးသာအောင်က ပြောကြောင်း

အသစ်ပြန်လည် ဖွဲ့စည်းရာတွင် သင့်တော်မည့် အမည်သစ်တခုဖြင့် ပြောင်းလဲ ဖွဲ့စည်းရမည်ဟုလည်း CRPP
ကော်မတီဝင် ပူကျင့်ရှင်းထန် က ပြောကြောင်း

၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ စသည့် ပါတီများဖြင့် ဖွဲ့စည်းထားခဲ့သည့် CRPP သည် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးအတွက် ၁၄ နှစ်ကြာ ကြိုးပမ်း ခဲ့သော်လည်း နအဖ အစိုးရမှ လိုက်လျောခဲ့ခြင်း မရှိပေ။
လယ်သမားတို့ တဧက ကျပ် နှစ်သောင်း ရှုံးနေဟု ဆို 

ဧရာဝတီတိုင်းအတွင်းရှိ မြောင်းမြ၊ ကန်ကြီးထောင့်နှင့် ဖျာပုံမြို့နယ်များမှ စပါးစိုက်ပျိုးသည့် လယ်သမားများမှာ တဧကလျှင် ကျပ်ငွေ ၂၀,၀၀၀ ကျော် ရှုံးနေသည်ဟု အဆိုပါမြို့နယ်များမှ လယ်သမားများက
ပြောကြောင်းလယ်တဧကအတွက် ရင်းနှီးစရိတ် စုစုပေါင်းမှာ ၂၅၃,၁ဝဝ ဖြစ်ပြီး ပြန်လည်ရရှိငွေမှာ ၂၃၂,ဝဝဝ ကျပ်သာ ဖြစ်ခြင်းကြောင့် လယ်သမားများ အရှုံးပေါ်နေကြောင်းထိုသို့ အရှုံးပေါ်နေမှုကို မြောင်းမြမြို့နယ် ကန်ကြီးတိုက်နယ်မှ လယ်သမား ၄ဝဝ ကျော်က မတ်လ ၂ ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်ရန် ခရိုင်နှင့်မြို့နယ် အာဏာပိုင်များထံသို့ စာရေးသား၍ တောင်းဆိုခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ခေတ္တရပ်ဆိုင်းထားရန်သာ အကြောင်းပြန်ခဲ့ကြောင်း

 ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ကလည်း ကန်ကြီးတိုက်နယ်မှ လယ်သမား ၄ဝဝ ကျော်မှ ဒေသ အာဏာပိုင်များထံသို့ပေးပို့သည့် စာတွင်လည်း လယ်တဧကအတွက် ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိငွေ၊ အရှုံးတို့ကိုလည်း တွက်ချက်ဖေါ်ပြထားကြောင်းယင်းကဲ့သို့ လယ်သမားများ အရှုံးပေါ်နေမှုအပြင် ပဲခူးတိုင်း ဝေါမြို့နယ်မှ လယ်သမားများသည်လည်း ယခုနှစ် စပါးစိုက်ပျိုးရာသီအတွင်း လယ်များ ရေမြှုပ် ပျက်စီးမှုများကြောင့် လယ်ယာစိုက်ပျိုးရေးဘဏ်မှ ရယူထားသော စိုက်ပျိုးစရိတ် ချေးငွေများ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်နေကြကြောင်း

အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တောင်သူလယ်သမားများ အရှုံးပေါ်နေမှုနှင့် ပတ်သက်၍ "ယနေ့
တောင်သူ လယ်သမားများ၊ မွေးမြူရေးသမားများ၊ အခြေခံကုန်ထုတ်လုပ်သူများ ကြုံတွေ့နေရတဲ့ စပါးနှင့်သီးနှံများဈေးနိမ့်ကျ၍ အရှုံးပေါ်နေမှု၊ ငါးမွေးမြူထုတ်လုပ်သူများ အရှုံးပေါ်နေမှုများ ရှိပါတယ်။ ထုတ်လုပ်သူများ အရှုံးပေါ်နေမှု ဟာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေရပါတယ်" ဟု ဖေဖေါ်ဝါရီလအတွင်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောဆိုသွားခဲ့ကြောင်း

‘တောင်သူလယ်သမားနေ့’ဟု သတ်မှတ်ထားသည့် မတ်လ ၂ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က စိုက်ပျိုးရေး ဘာသာရပ်ကို အခြေခံပညာကျောင်းများတွင် သင်ရိုးအဖြစ် ထည့်သွင်းကာ ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ်မှစ၍ သင်ကြားနိုင်ရန် စီစဉ်နေသည်ဟု တောင်သူလယ်သမားများသို့ သဝဏ်လွှာပေးပို့ခဲ့သည်။

သမ္မတက မိရိုးဖလာ ယူဆချက်တခုဖြစ်သည့် "ပညာမရှိ၍ လယ်လုပ်သည်" ဟူသည့် အတွေးအခေါ်ကို "ပညာတတ် ၍ လယ်လုပ်ခြင်း" အဖြစ် ပြောင်းလဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိနေသည်ဟုလည်း သူ၏ သဝဏ်လွှာတွင်ရေးသားထားကြောင်း သိရသည်။

ပဲခူးတိုင်း လယ်သမားများ ဘဏ်ချေးငွေဆပ်ရန် အခက်ကြုံ 

ပြီးခဲ့သည့်နှစ် မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုတို့ကြောင့် ပဲခူးတိုင်း
ဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ လယ်ကွင်းများ အကြိမ်ကြိမ် ရေမြုပ်ဆုံးရှုံးခဲ့ရကာ ယခုအခါ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးဘဏ်မှ ရယူထားသော စိုက်ပျိုးစရိတ် ချေးငွေများ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်နေကြကြောင်း မိုးစပါး မအောင်ခဲ့သည့်အပြင် ဆောင်းရာသီတွင် စိုက်ပျိုးထားသည့် ပဲမှာလည်း ငမြောင်တောင်ပိုး ဖျက်စီးမှုကြောင့် စိုက်ပျိုးစရိတ်နှင့် ရင်းနှီးထားရသည့် ငွေကြေးပါ ဆုံးရှုံးနေရကြောင်း

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများကို တဧကလျှင် ငွေကျပ်
နှစ်သောင်းနှုန်းဖြင့် ၁ဝ ဧက နှစ်သိန်းထိ နှစ်စဉ် ထုတ်ချေးလျက်ရှိပြီး စပါးပေါ်ချိန် ဇန်နဝါရီလတွင် ပြန်လည်
ပေးဆပ်စေသော်လည်း ယခုနှစ်တွင် တောင်သူလယ်သမားကြီးများ၏ စုပေါင်းမေတ္တာရပ်ခံမှုကြောင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးဆပ်ရန် ညွှန်ကြားထားကြောင်း

ရာသီဥတုကြောင့် စပါးအထွက်နှုန်း နည်းသည့်အပြင် စပါးဈေးမှာ တင်း ၁ဝဝ လျှင် လေးသိန်း ပတ်ဝန်းကျင်ရှိခဲ့ရာမှ ယခုနှစ်တွင် နှစ်သိန်း ရှစ်သောင်းခန့်သာ ရရှိတော့သဖြင့် လယ်သမားအများစုမှာ အလုပ်သမားခကိုပင် ကြိုးစားပေးနေရကြောင်းသိရသည်။

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ အင်န်အယ်ဒီဈေးရောင်းပွဲ ပိတ်ဆို့ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် ၊ ဟိုပင်မြို့နယ်ခွဲ ဈေးရောင်းပွဲတော်ကို မတ်လ ၁၀ ရက်နေ့က – ဟိုပင်မြို့၊ အရှေ့ကျောင်းကြီးတိုက်၊ လောကမာရ်အောင် ရွှေဘုန်းရောင်ဘုရားပွဲတော်တွင် ခင်းကျင်းရောင်းချနေရာ ည (၉း ၀၀) နာရီအချိန်ခန့်တွင် ဘုရားဂေါပကလူကြီးများဖြစ်ကြသော ဦးမင်းအောင်နှင့် ဦးအုန်းမောင်တို့နှစ်ဦးလာရောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်စာတန်းကို ဖြုတ်ပေးရန်နှင့် ဖြုတ်ချမပေးပါက ဈေးရောင်းခွင့်ပိတ်မည်ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့ကြပါသည်။
ဟိုပင်မြို့နယ်ခွဲ အောင်နိုင်ရေးအဖွဲ့မှ ဦးကျော်ငြိမ်းက မည်သူကဖြုတ်ခိုင်းသနည်း ဖြုတ်မချနိုင်ကြောင်း ဈေးဆိုင်လည်းမပိတ်နိုင်ကြောင်းပြန်ပြောရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးခိုင်ထွန်းဇော်က အဖြုတ်ခိုင်းကြောင်း ပြောပြကြပါသည်။
ဦးကျော်ငြိမ်းကလည်း ဆိုင်းဘုတ်စာတမ်းဖြုတ်ချဖို့နှင့် ဆိုင်ပိတ်ပစ်ဖို့ တရားဝင်စာထုတ်ပြီးတားနိုင်က စာထုတ်ပေးပါလို့ ပြန်ပြောပြရာ သူတို့ ၂ ယောက် ပြန်ထွက်သွားကြပါသည်။ ခဏကြာသောအခါ လမ်းပိတ်တယ် ခင်ဗျား ဗုဒ္ဓဘာသာမဟုတ်ဘူးလားဟု ဦးမင်းအောင်က လာပြောပြန်ပါသည်။ လမ်းမပိတ်ပါ လမ်းသွားလမ်းလာများ စည်ကားနေခြင်းသာဖြစ်ပါသည်ဟု အင်န်အယ်ဒီအဖွဲ့ဝင်တို့က ရှင်းပြခဲ့ပါသည်။ မတ်လ ၁၁ ရက်နေ့လည်တွင် ဦးကျော်ငြိမ်းတို့အား ဈေးရောင်းခွင့်ပေးသော အိမ်ရှင်ကို ဦးအုန်းမောင်က ဂေါပကရုံးသို့ ဆင့်ခေါ်ပြီး ဒီ/ချုပ်ဆိုင် ရောင်းချခွင့်ပြုသည့်အတွက်
နောက်နှစ်ဘုရားပွဲရောက်လျှင်ခင်ဗျားတို့အိမ်ကို ရှေ့တည့်တည့်ပိတ်ပြီး ဆိုင်ခန်းတွေဆောက်မည်ဟု ချိန်းခြောက်သဖြင့် သဇင်အလှပြုပြင်ရေးဆိုင်က
ဦးကျော်ငြိမ်းတို့အား ဈေးလာမရောင်းပါရန် တောင်းပန်ခဲ့ပါသည်။ အိမ်ရှင်အား အားနာသဖြင့် ဦးကျော်ငြိမ်းနှင့် လူငယ်အဖွဲ့ဝင်များသည် ပွဲခင်းနှင့်ဝေရာ အခြားနေရာတွင် သွားရောက်ရောင်းချနေကြပါသည်။

ထားဝယ်မြို့နယ် ကျေးရွာသား သုံးထောင်က ရေကာတာစီမံကိန်းကို ကန့်ကွက်စာပို့

ထားဝယ်မြို့နယ်အနီး DELCO ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော အညာဖျားရေကာတာစီမံကိန်းနှင့် ပတ်သတ်၍ ရွာသူရွာသား ၃၀၀၀ ခန့်မှ သူတို့၏ နစ်နာမှုများကို သမ္မတဆီ လက်မှတ်ရေးထိုးပေးပို့လိုက်ပါတယ်။ သမ္မဆီ တင်လိုက်သောစာကို ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါတယ်။ အဆိုပါ ကိစ္စရပ်အား အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အညာဖျားရွာ – ဦးခင်ကြည် (အုပ်ချုပ်ရေးမှုး) ၊ ဦးမြင့်အောင် ( အညာဖျားကျေးရွာအုပ်စု ဘက်စုံဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှုး) ( တဆင့် – ၀၉-၄၉၈၅၁၉ ၊ ၀၉-၈၇၅၂၁၉၆)
ဒါးသွေးကျောက်ရွာ – စောဒေးစံ ( အုပ်ချုပ်ရေးမှုး)၊ ဆရာဖိုးစူး ( တဆင့် – ၀၉-၄၉၈၅၁၉ ၊ ၀၉-၈၇၅၂၁၉၆)
ဆိပ်ချောင်းရွာ – ဆရာအဲလယ် ( တဆင့် – ၀၉-၄၉၃၄၂၅၁၅ – ဖုန်းနှင့် အိမ်ဝေးသည့်အတွက် ၁၅ မီနစ်ခန့်စောင့်ပေးရန်)
ညောင်ချောင်း – စောခင်ထူး ( တဆင့် – ၀၉-၄၉၃၄၂၅၁၅)
(အညာဖျားရွာ၊ ဆိပ်ချောင်းရွာတို့မှာ အဆက်သွယ်ရ အလွယ်ကူဆုံးဖြစ်မည်။)
          ထားဝယ်ရေကာတာအကြောင်း ဒေသခံတို့၏ ၀က်ဆိုက် http://www.tavoyanvoice.com/

ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတချို့ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ပြန်လည် ဆန်းစစ်ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Quintana က မနေ့က ပန်ကြားလိုက်ပါတယ်။ ဂျီနီဗာမှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ဒါဟာမိမိအနေနဲ့ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းပေးရမယ်လို့ ဆိုလိုတာမဟုတ်ဘဲလူ့အခွင့်အရေးကိစ္စ ဖြစ်နေတဲ့အတွက် သေသေချာချာအသေးစိတ် ပြန်လည်ခွဲခြမ်းစိတ်ဖြာဆန်းစစ်ဖို့သာ ဖြစ်ကြောင်း Mr. Quintana က ရှင်းလင်း ပြောဆိုပါတယ်။
“ပိတ်ဆို့အရေးယူမှုတွေဟာ တချို့နေရာတွေမှာ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေရပါမယ်။ အထူးသဖြင့် စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်တွေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတွေအတွက် ဆုချရုံနဲ့မပြီးဘဲဒီနယ်ပယ်တွေကလူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလည်းလူသိရှင်ကြား ဖော်ထုတ်ရမယ့်တာဝန် ရှိပါတယ်။
မြန်မာနိုင်ငံက လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေမှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါပေမယ့် အလွန်စိုးရိမ်စရာ လူ့အခွင့်အရေးပြဿနာတွေကလည်း ရှိနေတုန်းပါပဲ။ ပြုပြင်ပြောင်းလဲမှုတွေကို တွန်းလုပ်နေတာနဲ့ ဒါတွေကို မသိကျိုးကျွံ ပြုထားလို့မရပါဘူး။ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင်လည်း ကြိုးစားရပါမယ်” လို့ Mr.Tomas Quintana က ပြောပါတယ်။
ဒါ့ပြင် တိုင်းရင်းသားလူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲဖြစ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လေးစားမှသာ အမျိုးသားရင်ကြားစေ့ဖို့၊ တည်ငြိမ်အေးချမ်းဖို့ အာမခံနိုင်မှာဖြစ်ကြောင်း၊ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရမှုဆိုတာကလည်း အဲဒီနေ့ တစ်နေ့တည်းမဟုတ်ဘဲ လုပ်ငန်းစဉ်တစ်ခုလုံးနဲ့တကွ ရွေးကောက်ပွဲပြီး အခြေအနေတွေကိုပါ ကြည့်ရှုရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းဆရာတော် ကျောင်းတက်ပွဲ ကျင်းပ

ရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ဆရာတော် ဦးပဏ္ဏဝံသ ခေါ် ဦးပြည်ကျော် အတွက် ကျောင်းတက်ပွဲနဲ့ သက်တော် ၅၅ နှစ်ပြည့် မွေးနေ့ ၀ိဇာတ အခမ်းအနားကို ဒီကနေ့ ရန်ကုန် ပုဇွန်တောင်မြို့နယ်က ရွှေတောင်ကျောင်းမှာ ကျင်းပပါတယ်။ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုနောက်ပိုင်းမှာ ကျောင်းတိုက်ကို ချိတ်ပိတ်ထားခဲ့ရာက ပြန်လည် သီတင်းသုံးနေထိုင်ခွင့်ရတာနဲ့ပတ်သက်ပြီး ဆရာတော် ဦးပဏ္ဏဝံသ က လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက လာဖွင့်ပေးပြီး တရားဝင် ကျောင်းပြန်ထိုင်တာဖြစ်ကြောင်း၊ အဖမ်းဆီးခံ သံဃာတော်များ လွတ်လွတ်လပ်လပ် ပြန်လည်သီတင်းသုံးနေထိုင်ခွင့်ပြုတာ အစိုးရဘက်က သိစေချင်ပုံပါကြောင်း မိန့်ကြားပါတယ်။
ဆရာတော် ဦးပဏ္ဏဝံသဟာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ အရှင်ဦးဃောသိတကို ပံ့ပိုးကူညီမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အကျဉ်းထောင်မှာ ၄ နှစ်နဲ့ ၄ လ နေခဲ့ရပြီးနောက် သမ္မတ ဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန္န၀ါရီ ၁၃ ရက်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဆရာတော် ဦးပဏ္ဏဝံသရဲ့ ကျောင်းတက်ပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ စာပေပညာရှင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကျောင်းသားတွေ ပရိသတ် ထောင်နဲ့ချီတက်ရောက်လာကြကြောင်း သိရပါတယ်။
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရနဲ့ တခြားဆရာတော်တချို့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့နောက် သီတင်းသုံးခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်ကို ချိတ်ပိတ်ထားခဲ့ရာကနေ ပြီးခဲ့တဲ့လက ပြန်ဖွင့်ပေးခဲ့ပါတယ်။
  
ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ

အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကချင်ဒေသက စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေအတွက် နောက်ထပ်ငွေ ကျပ်သိန်း ၂၀၀ လှူဒါန်းလိုက်ကြောင်း သိရပါတယ်။ အဲဒီ အလှူငွေတွေကို ကချင်ဒုက္ခသည်တွေထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကို တာဝန်ပေးလိုက်ကြောင်း၊ လာမယ့် ၁၅ ရက် ကြာသပတေးနေ့မှာ မြစ်ကြီးနားကို သွားရောက်မှာဖြစ်ကြောင်း ဒေါ်ဝင်းမြမြက အာအက်ဖ်အေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မှာကြားထားတဲ့အတိုင်း အခက်အခဲဆုံးနေရာတွေအထိ အလှူငွေရောက်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ကချင်ဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခုလှူဒါန်းမှုဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး မနှစ်တုန်းက သိန်း ၃၀၀ တစ်ကြိမ်၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီက သိန်း ၁၀၀ တစ်ကြိမ်နဲ့ အခု သိန်း ၂၀၀၊ စုစုပေါင်း သိန်း ၆၀၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

မြစ်ဆုံစီမံကိန်း သတင်း စိစစ်ရေး ပိတ်ပင်

မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်သည့် ပြည်တွင်း စာနယ်ဇင်းများတွင် ဖော်ပြသော သတင်းများကို စာပေစိစစ်ရေးက ပိတ်ပင် တင်းကျပ်မှု ပြုလုပ်နေကြောင်း သိရသည်။ ယခု ရက်ပိုင်းအတွင်း မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် တရုတ်တာဝန်ရှိသူများက မြန်မာအစိုးရကို တိုက်တွန်းမည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုသို့ ပိတ်ပင်တင်းကျပ်မှု ပြုလုပ်လားခြင်း ဖြစ်သည် ဟု စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။ မြစ်ဆုံစီမံကိန်းကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ လကုန်ပိုင်းက သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် လက်ရှိ အစိုးရ သက်တမ်း အတွင်း ရပ်ဆိုင်းထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲ စောင့်ကြည့်မည့်ကိုယ်စားလှယ်များ ထားရှိနိုင်

ရွေးကောက်ပွဲနေ့တွင် မဲရုံအသီးသီး၌ လွှတ်တော် ကိုယ်စား လှယ်လောင်းများက ကိုယ်စားဆောင်ရွက် ရန် ရွေးကောက် ပွဲကိုယ်စား လှယ်၊ မဲရုံ ကိုယ်စားလှယ်၊ အကူကိုယ်စားလှယ် များ ထားရှိ၍ စောင့်ကြည့် နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် လိုက်သည်။ ယင်း ကိုယ်စားလှယ်များ ခန့်ထားရန် ၇ ရက် ကြိုတင်ပေးပို့ထားရမည်ဖြစ်ကြောင်း၊ ထိုသို့ ခန့်ထား သည့် ကိုယ်စားလှယ်များသည် မဲရုံတွင်း ၀င်ရောက်ခွင့် ရှိသည့် အပြင် မဲရေတွက်မှု ကြည့်ရှုခွင့်ရှိခြင်း၊ မှန်ကန်ကြောင်း လက်မှတ်ထိုးခွင့် ရှိခြင်း စသည့် ဥပဒေပါ အခွင့်အရေးများကို ရရှိမည်ဖြစ်သည် ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကြားဖြတ် ရွေးကောက်ပွဲကို ဧပြီ ၁ ရက်တွင် ကျင်းပမည်ဖြစ်သည်
မြန်မာ့ လူ့အခွင့်အရေး စိုးရိမ်ရဆဲ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ က မြန်မာနိုင်ငံတွင်း စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသေး၍ လူ့အခွင့်အရေး ကာကွယ်မှုကို အလေးထားဆောင်ရွက်ရန် အစိုးရကို တိုက်တွန်း လိုက်သည်။ တိုင်းရင်းသားအဖွဲ့များအရေး၊ ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊၊ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများလွှတ်ရေး စသည်တို့ကိုလည်း စောင့်ကြည့်လေ့လာနေကြောင်း ယမန်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပသော ၁၉ ကြိမ် မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး၌ မစ္စတာ ကင်တာနာက ပြောကြားခဲ့သည်။

ထက်ထက်မိုးဦးအမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း

ရန်ကင်းတရားရုံး ပြောင်းရွှေ့နေသည့်အတွင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7 Day ဂျာနယ် သတင်းထောက် မအေးသူစံတို့အမှု အမိန့်ချမှတ်မည့်ရက်ကို မတ်လ ၂၃ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် မေလက ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးက မအေးသူစံကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

စာနယ်ဇင်းဆိုင်ရာ အဖွဲ့သစ်များ ဖွဲ့မည်

မြန်မာ နိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ကို မေလ ၂၄ ရက်နေ့တွင် ဖျက်သိမ်းပြီး သတင်းစာ ဆရာများအသင်း၊ စာရေးဆရာများအသင်း၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများအသင်း ဟူ၍ အသင်းသုံးသင်း တည်ထောင်ပြီး မြန်မာနိုင်ငံ မီဒီယာအသင်းချုပ်ဆိုသော အဖွဲ့အစည်းကြီးတခုကို တည်ထောင်သွားမည် ဖြစ်ကြောင်း Venus News Weekly သတင်းဂျာနယ်တွင် ဖော်ပြထားသည်။ ဦးဇော်သက်ထွေးနှင့် ဦးမာဂျေ ဦးဆောင်သော စာနယ်ဇင်း သမားများကလည်း မြန်မာသတင်း သမဂ္ဂဆိုသော အမည်ဖြင့် အဖွဲ့အစည်းတခုကို လာမည့် ရက်ပိုင်းအတွင်း ဖွဲ့စည်းသွားမည်ဟု Weekly Eleven သတင်းတပုဒ်အရ သိရသည်။

အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့ရန် ဆွေးနွေးမည်

ဝန်ကြီးဌာနများ၏ အလွဲသုံးစားမှု၊ အကျင့်ပျက် ခြစားမှုများ တွေ့ရှိရသဖြင့် ယခုရက်ပိုင်းအတွင်း ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မရှင်တရပ် ဖွဲ့စည်းရန် တင်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီသစ် ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောသည်။ ယင်းကော်မရှင် ဖွဲ့စည်းရေး ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သဘောတူညီ ထားကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး အပြည့်အ၀ခံစားနိုင်ဖို့ ဒေါ်စု ဆန္ဒပြု

ဒီကမ္ဘာမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ  လူသားတိုင်းရသင့် ရထိုက်တဲ့ လူ့အခွင့်ရေးတွေကို ရယူ ခံစားနိုင်ခွင့် ရှိရမယ်လို့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပတဲ့  မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့  အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးအခြေအနေတချို့ တိုးတက်မှု ရှိလာတယ်ဆိုပေမဲ့  နိုင်ငံမှာ ဒီထက် ပိုမို ကောင်းမွန်တဲ့ လူ့အခွင့်ရေး တွေ ရဖို့ လိုသေးတယ်လို့လည်း လူ့အခွင့်ရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒီကနေ့ မတ်လ ၁၃ ရက်နေ့ဟာ   ၁၉၈၈ ခုနှစ်တုန်းက စက်မှုတက္ကသိုလ် ကျောင်းသားကိုဖုန်းမော် ကျဆုံးတဲ့နေ့ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကစလို့  ဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပလာတာ အခု ၂၃နှစ် ပြည့်ပြီ ဖြစ်ပါတယ်၊  ဒါ့ကြောင့် ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ကို  ရန်ကုန်က တော်ဝင်နှင်းဆီမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ   စက်မှု တက္ကသိုလ်ကျောင်းသားဟောင်းတွေ က ဦးဆောင်ပြီး  အခမ်းအနား ကျင်းပခဲ့တာပါ၊ ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ လူသားတိုင် ရသင့် ရထိုက်တဲ့ လူ့အခွင့်ရေးတွေကို ခံစားနိုင်ခွင့် ရှိရမယ်လို့ ပြောပါတယ်။
"ကျမတို့ဟာ ဒီကမ္ဘာကြီးမှာ နေတဲ့ လူသားတွေထဲက တစိတ်တပိုင်းဖြစ်တယ်ဆိုတာကို အမြဲ မမေ့တမ်း နှလုံးထဲမှာ စွဲထားရမှာဖြစ်ပါတယ်။ ဒီတော့ ကျမတို့ လူ့အခွင့်အရေးလို့ ပြောတာ မြန်မာနိုင်ငံသူ နိုင်ငံသား အခွင့်အရေးလို့ ပြောနေတာမဟုတ်ဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ လူသားတိုင်း ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ရရမယ်လို့ ပြောနေတာဖြစ်ပါတယ်။ ကျမအနေနဲ့ မြန်မာနိုင်ငံမှာ မကြာခင်အချိန်အတွင်း လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ခံစားနိုင်ပါစေ၊ တကမ္ဘာလုံးမှာလည်း ကမ္ဘာ့လူသားအားလုံး လူ့အခွင့်အရေးပြည့်ပြည့်၀၀ ခံစားနိုင်ပါစေလို့ ကျမနဲ့ အတူ ဆန္ဒပြုကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။"
မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေအတွက် စတင်လှုပ်ရှားခဲ့တဲ့ ၈၈ အရေးတော်ပုံကြီးကို အခြေခံတဲ့ ဒီနေ့ဟာ သမိုင်းဝင်နေ့တနေ့ ဖြစ်ပြီး တိုးတက်မှုဘက် ဦးတည်တဲ့ ခြေလှမ်းတွေ အတူ လှမ်းကြဖို့နဲ့  ပညာရေးကဏ္ဍ အရေးကြီးပုံ တွေကိုလည်း ထည်သွင်းပြောကြားသွားပါတယ်။
"ကျမတို့ အဲဒီတုန်းက မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ဆိုပြီးတော့ အားလုံးသဘောတူပြီးတဲ့နောက်မှာ လူ့အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းက ဒီနိုင်ငံမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါတယ်။ ကျမတို့ ဘယ်ကို သွားသွား တိုးတက်တဲ့ ဘက်ကို ဦးတည်ရမယ်။ တိုးတက်အောင် လုပ်ချင်တဲ့စိတ် ရှိရမယ်။ အဲဒီလို စိတ်ဓာတ်ရှိမှလည်း တိုးတက်နိုင်မှာ။ ပြီးတော့ အဖြစ်တခုကို သုံးသပ်တဲ့အခါမှာ နက်နက်နဲနဲ သုံးသပ်ရမယ်။ အပေါ်ယံကျော ကြည့်လို့မရဘူး။ ကျမတို့ နိုင်ငံအတွက် မျှော်လင့်ချက်တွေ များတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာ မျှော်လင့်ချက်နဲ့ မပြီးဘူး။ အလုပ်လုပ်မှ ဒီမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်မှာ၊ ဒါကြောင့် ကျမတို့ ကလေးတွေကို ပညာသင်ပေးရမယ်။ ပညာသင်ပေးထားတယ်။ ပညာဆိုတာဘာလဲဆိုတော့ နောက်ဆုံးကျတော့ အခြေအနေတခုကို မှန်မှန်ကန်ကန်သုံးသပ်ဆင်ခြင်နိုင်ခွင့်၊ အဲဒီဟာ ပညာပဲ။"
ဒါကတော့ ဒီကနေ ရန်ကုန်  တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား  ကိုဖုန်းမော် ကျဆုံးခြင်း  ၂၄ နှစ်ပြည့် နဲ့  မြန်မာနိုင်ငံ လူ့အခွင့်ရေးအနေ့ အခမ်းအနားတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းထဲက တချို့ကို ကောက်နှုတ် တင်ပြပေးခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၃ နှစ်က စလို့  လူ့အခွင့်ရေးနေ့ရယ်လို့ သတ်မှတ်ကျင်းပလာခဲ့ပေမဲ့ ဒီနေ့ထိတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးတွေ အပြည့်အ၀ မရသေးဘူးလို့  ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။
"တကယ်ပြောင်းလဲရတော့မယ့်နေရာကို အသိတရားနဲ့ ပြောင်းလဲခြင်းဆိုရင်တော့ ခုလက်ရှိအခြေအနေကို ကျနော်တို့ ကြိုဆိုရမယ်။ နှစ်ဦးနှစ်ဘက်ပေါင်းပြီးတော့ ဒါကို ချဲ့ထွင်သွားရလိမ့်မယ်။ အဲတော့ ကျနော်တို့ဘက်က လိုတာက ကိုဖုန်းမော် ကျဆုံးခဲ့ပြီးတာဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့လို့ ၂၃နှစ် ပြည့်တဲ့အထိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ မရသေးဘူး။ ခုမှ စပြီး လူ့အခွင့်အရေးအတွက် ကြိုးစားကြရမယ်။ အဲဒီအတွက် တကမ္ဘာလုံးမှာ ပေးနေတဲ့ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေ အတိုင်း မြန်မာပြည်သူ ပြည်သားတွေလည်း ရနိုင်ဖို့အတွက် ပြည်သူလူထုဆီသို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော် အားလုံးကို ဖိတ်ခေါ်ထားခဲ့ပါတယ်။ တိုင်းရင်းသားတွေမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ များစွာ ရှိမယ်ဆိုတာလည်း သေချာပါတယ်။"
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ။ ဒါပေမဲ့ အရင်ကထက်စာရင် လူ့အခွင့်ရေးအခြေအနေတွေဟာ အခု တိုးတက်မှု တစုံတရာ ရှိလာပေမဲ့  ဒီထက်ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ တိုးတက်မှုတွေရဖို့ လိုနေသေးတယ်လို့လည်း လူ့အခွင့်ရေးကော်မရှင်  ဥက္ကဋ္ဌ ဦးဝင်းမြက သုံးသပ်ပါတယ်။
"လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အသိတရားရှိမှု Awareness က အရင်ထက် အများကြီးတိုးတက်ကောင်းမွန်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံမှာ ဖြစ်နေတဲ့ အခြေနေကို ဒီထက် တိုးတက်ကောင်းမွန်အောင်တော့ ပိုမိုကြိုးစား ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့ ပြောလိုပါတယ်။ ပြီးတော့ အရေးကြီးတာက အကယ်၍ ပဋိပက္ခဖြစ်နေတဲ့ နေရာက လူ့အခွင့်အရေးအခြေနေနဲ့ ပတ်သက်လို့ကတော့ တိတိကျကျ ဘာမှပြောလို့ မရပါဘူး။ ဒါကြောင့် ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ခုချိန်မှာ တိတိကျကျ ပြောဖို့ ခက်ပါတယ်။"
လူ့အခွင့်ရေးကော်မရှင်  ဥက္ကဌ ဦးဝင်းမြက သုံးသပ်ခဲ့တာပါရှင်။ ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးနေ့ အခမ်းအနားတွေကို နယ်မြို့တချို့မှာလည်း ကျင်းပကြသလို  ထိုင်းနိုင်ငံအပါအ၀င် တခြား  နိုင်ငံတချို့မှာလည်း  ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နဲ့ လူ့အခွင့်ရေးနေ့ အခမ်းအနားတွေကို ကျင်းပကြပါတယ်။

ရုပ်ရှင်ဆင်ဆာစည်းကမ်း ပိုလျှော့ဖို့လို 

မြန်မာရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်ကားတွေအပေါ် တင်းကျပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတချို့နဲ့ ဆင်ဆာ အချက် ၁၀ ချက်ကို အစိုးရက မကြာသေးခင်က ဖြေလျှော့ ပေးလိုက်တာဟာ တကယ်တမ်း ဆင်ဆာလွတ်လပ်ခွင့် ပေးလိုက်တာ မဟုတ်ဘူးလို့ အနုပညာအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။ ဘယ်လို အချက်တွေကို ဖြေလျှော့ခွင့်ပေးလိုက်ပြီး ဘယ်လိုအချက်တွေကို ဆက်ပြီး ထိန်းချုပ်ထားတာပါလဲ။ 
အရင်အစိုးရလက်ထက်က မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားတွေအပေါ် တင်းကျပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတချို့နဲ့ ဆင်ဆာအချက် ၁၀ ချက်ကို အခု အရပ်သား အစိုးရလက်ထက်မှာ ဖြေလျှော့ပေးလိုက်တာပါ။ ဒီလို ဖြေလျှော့ပေးလိုက်တဲ့ အထဲမှာတော့ စုန်း၊ သရဲ-တစ္ဆေကားတွေ ရိုက်ခွင့်ပြုတာ၊ ဇာတ်ကားတွေထဲမှာ အရက် သေစာ သောက်စားခွင့်ပြုတာ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ချစ်ခန်း ကြိုက်ခန်းတွေ ရိုက်ခွင့်ပြုတာ၊ လူကြီးမိဘတွေကို ပြန်ပြောတာမျိုး ရိုက်ခွင့်ပြုတာ၊ ယောက်ျားလေးတွေကို အခြောက်သဏ္ဍာန်မြူး သရုပ်ဆောင်ခွင့်ပြုတာ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ တကယ်တမ်း ဖြေလျှော့ပေးသင့်တဲ့ အချက်တွေကိုတော့ ဆက်ပြီး ထိန်းချုပ် ထားဆဲ ဖြစ်တာမို့ တကယ်တမ်း လွတ်လပ်ခွင့်ပေးတယ်လို့ မယူဆနိုင်ကြောင်း လက်ရှိ ဆင်ဆာ အပိတ်ခံထားရတဲ့ လွမ်းစိမ့် ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ကိုချိုတူးဇော်က ထောက်ပြပါတယ်။
“ကျနော့်ကားက လုံးဝ တကားလုံးကို ဆင်ဆာက ပြသခွင့်မပေးတာဗျ။ အခုချိန်အထိလည်း ပြသခွင့် မပေးသေးပါဘူး။ မပေးသေးတဲ့အတွက် ဆင်ဆာက ဖြေလျှော့တယ်ဆိုတာ ကျနော်တို့ကားမျိုးတွေ အကျုံးမဝင်သေးဘူး၊ တကယ်ကို ပြည့်ဝတဲ့လွတ်လပ်မှု မဟုတ်သေးဘူးလို့ပဲ ကျနော် မြင်ပါတယ်။”
ဘယ်လို အခြေအနေမျိုးကို တကယ်ပြည့်ဝတဲ့ လွတ်လပ်မှုလို့ ဆိုနိုင်မှာပါလဲ။ -
ကျနော်တို့ အနုပညာသမားတွေက ကျနော်တို့အမြင်ကို ဒါဖြင့်ရင်တော့ ဒီလိုမြင်တယ်၊ ဒါဖြင့်တော့ ဒီလို ခံစားရတယ်-ကျနော်တို့အမြင်တွေက သီအိုရီကျကျပေါ့-လက်တွေ့အချက်တွေနဲ့ ဖြစ်ကောင်း ဖြစ်ချင်မှဖြစ်မယ်၊ ကျနော်တို့ ဟောဒီလို ခံစားရတယ်ဗျာ၊ ဟောဒီလို မြင်တယ်ဗျာ- ဟောဒီလိုတော့ ထိ-သိ-ကြုံတွေ့ခဲ့ရတယ်ဗျာ-လို့ တဆင့် ပြန်ပြီးတော့ ဖန်တီးမယ်၊ ဖောက်သည်ချမယ်၊ ဒါကို လွတ်လပ်ခွင့်ပေးမှ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကြီးက တကယ်ဖွံ့ဖြိုးမှာ။ အဲဒီတော့ ဒါတွေကို ရုပ်ရှင်ကလည်း ရုပ်ရှင်အလျောက်၊ စာပေကလည်း စာပေအလျောက်၊ အဲဒါတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေကို ပေးရပါလိမ့်မယ်။ အဲဒါမှ တကယ်ပြည့်ဝတဲ့၊ လွတ်လပ်တဲ့ဆင်ဆာမူလို့ ကျနော် မြင်ပါတယ်။
လွမ်းစိမ့်ဇာတ်ကားဟာ ၁၉၈၈ ခုနှစ် ကျောင်းသားတွေ ဦးဆောင်ပါဝင်ခဲ့တဲ့ လူထု လှုပ်ရှားမှု အရေးတော်ပုံ နောက်ခံထား ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုပါ။ ဒီလို နိုင်ငံရေး နောက်ခံ အကြောင်းအရာနဲ့ ဇာတ်ကားမျိုးတွေကတော့ ဆင်ဆာ ပိတ်ပင်ခံရဆဲ ဖြစ်ပါတယ်။ ခုချိန်မှာ ဒါမျိုး မရှိသင့်တော့ဘူးလို့ လွမ်းစိမ့် ဇာတ်ကားမှာ အာအိုင်တီ ကျောင်းသားအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ရဲတိုက်က ပြောပါတယ်။
“ဒါကတော့ -- မူဝါဒအရ ဒီလိုကားမျိုး Pass မဖြစ်တာ သဘာဝကျပါတယ်။ အခုတော့ ဆင်ဆာ မူဝါဒ ပြောင်းလဲလာပြီလို့လည်း ကြားရပါတယ်။ ပြောင်းလဲအောင်လည်း အားလုံးက ဝိုင်းပြီး ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ လျှော့ပေးသွားတဲ့ အချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ လျှော့ပေးထားတဲ့ အချက်တွေထဲမှာ လွမ်းစိမ့်နဲ့ ပတ်သက်တဲ့ အချက်တွေ မပါသေးဘူး။ မပါသေးတဲ့အတွက် လွမ်းစိမ့်က မထွက်လာသေးဘူး။”
အခု အစိုးရက ဆင်ဆာ သတ်မှတ်ချက်တချို့ လျှော့ပေါ့ပေးတယ် ဆိုတာဟာလည်း တကယ်တော့ တရားဝင် စာထုတ်ပြီး လျှော့ပေါ့ပေးတာမျိုး မဟုတ်ပါဘူး။ ဒီအပေါ် ဒါရိုက်တာ ဝိုင်း ကလည်း -
ဆင်ဆာ rules တွေက လျှော့ပေါ့တယ်လို့ ပြောတယ်၊ သူတို့က လျှော့ပေါ့တယ်ဆိုတာ အခုချိန်မှာ ဒီဘက်က လှုပ်ရှားမှုတွေ အားကောင်းနေတဲ့အတွက် အားမတန်လို့ မာန်လျှော့ပြီးတော့ - လိုက်လျောပေးနေတဲ့သဘော၊ တကယ့်တကယ် အဲဒါကို စာထုတ်ထားခြင်း လုံးဝမရှိဘူး။ လက်ရှိဥပဒေတွေအရ ဒီကားတွေကို ဆင်ဆာဖြတ်လို့ ရနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ပါးစပ်ထဲမှာပဲ ဥပဒေကိုလုပ်နေတဲ့အခါကျတော့ သိပ်အဆင်မပြေဘူး
တကယ်တော့ တိုးတက်ပြီး လွတ်လပ်တဲ့ နိုင်ငံတွေမှာလည်း ဆင်ဆာ သတ်မှတ်ချက်တွေ ရှိပါတယ်။ ကလေးငယ်တွေ မကြည့်သင့်တဲ့ ဇာတ်ကား၊ ဆယ်ကျော်သက်တွေ ရှောင်သင့်တဲ့ဇာတ်ကား စသဖြင့် ဇာတ်ကားအမျိုးအစားအလိုက် ဘယ်ကားတွေကတော့ဖြင့် ဘယ်လိုလူတွေ မကြည့်ရဘူး ဆိုတဲ့ သတိပေးချက်တွေနဲ့ သတ်မှတ်ထားပါတယ်။ တကယ်တမ်း ပြည့်ဝတဲ့ ဆင်ဆာမူတွေ ဖြစ်ဖို့မှာ ဒီလို အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်လို့ ဒါရိုက်တာ ချိုတူးဇော်က အခုလို အကြံပြု ထောက်ပြပါတယ်။
အမေရိကားမှာလည်းပဲ ဆင်ဆာမှာ အမျိုးမျိုး မူတွေသတ်မှတ်ထားတယ်။ အဲဒါ ဘာတွေလဲဆိုတော့ ကလေး၊ သူငယ် အသက်အရွယ်နဲ့ ကန့်သတ်တယ်။ အဲဒီလိုမျိုးပဲ ဆင်ဆာမှာ အဆင့်ဆင့်ရှိသင့်တယ်။ ကျနော် အဲဒါလေး အကြံပေးပါရစေ။ တကယ်လို့ ကျနော်တို့က မြန်မာလူ့အဖွဲ့အစည်းနဲ့ မကိုက်ညီတဲ့ မလုံမလဲ ဝတ်စားဆင်ယင်မှုတွေကို ပြမယ်၊ ဒါမှမဟုတ် ရုန့်ရင်းကြမ်းတမ်းစွာနဲ့ တကယ့် ကြောက်စရာ၊ လန့်စရာကောင်းတဲ့ သရဲကားတွေကိုဆိုရင် ကလေးသူငယ်တွေနဲ့ ကန့်သတ်ပြီးတော့ ကြည့်ခွင့် မရအောင် ကန့်သတ်ပြီးတော့ ဒါမျိုးတွေ စည်းမျဉ်းစည်းကမ်းတွေလုပ်မယ်။ ဒါတွေ တကယ် မကြည့်နိုင်အောင်လည်း ဘယ်လိုမျိုး စည်းကမ်းဥပဒေတွေ နောက်ဆက်တွဲ cover ဖြစ်အောင် လုပ်မယ်ဆိုတာတွေကိုပါ ထည့်စဉ်းစားသင့်တယ်၊ အဲဒါမျိုး လုပ်ရမယ်။ စည်းကမ်းဆိုတာက ပြဌာန်းချင်တိုင်း ပြဌာန်းလို့ မရဘူး။ နောက်မှ နောက်ဆက်တွဲဖြစ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးကိုပါ ထည့်စဉ်းစားပြီးတော့ အဲဒါကိုပါ cover ဖြစ်အောင် ကြိုပြီးတော့ ရေးဆွဲသင့်တယ်၊ ပြင်ဆင်ထားသင့်တယ်ဆိုတာလေးကိုပါ အကြံပေးချင်ပါတယ်ဗျာ
တကယ်တမ်း မြန်မာ့ ရုပ်ရှင်နဲ့ မီဒီယာလောက တိုးတက်လာအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ဆိုရင် အခုလို ဆင်ဆာ လျှော့ပေါ့ပေးတာမျိုးနဲ့ မလုံလောက်ဘဲ တကယ်တမ်း မှန်ကန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ရုပ်ရှင် အနုပညာရှင် အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုနေကြ ကြောင်း သိရသည်။

မြန်မာ့နိုင်ငံရေးနောက်ကြောင်းပြန်မလှည်ဖို့ အမေရိကန်မျှော်လင့်

မြန်မာနိုင်ငံတွင်းတိုးတက်လာတဲ့  နိုင်ငံရေးပြောင်းလဲမှုတွေကိုအမေရိကန်တို့ကလက်ခံထားပြီး၊ နောက်ကြောင်း ပြန်မလှည့်ဘူးဆိုတာကိုလည်း နားလည်ထားတယ်လို့  မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ Derek Mitchell ကပြောပါတယ်၊ အမေရိကန်တို့အနေနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲရဲ့ တရားမျှတမှုတွေကိုလည်း  အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်၊ မစ္စတာ Mitchell ဟာ ဒီကနေ့မတ်လ၁၃ရက်နေ့မှာအမျိုသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်အတွင်း အခုလို သဘောထားတွေကို ပြောလိုက်တာလည်း ဖြစ်ပါတယ်၊
မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်ရဲ့  မြန်မာနိုင်ငံမူဝါဒ ညှိနှိုင်းရေးမှူးတဦး ဖြစ်တဲ့အပြင် အထူးသံတမန်တဦးလည်း  ဖြစ်တဲ့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell)ဟာ ဒီကနေ့ မတ်လ ၁၃ ရက်နေ့မနက်က နေပြည်တော်မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၊ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရ  ဦးရွှေမန်းတို့နဲ့အတူ လွှတ်တော်၂ရပ်က ရေးရာ ကော်မတီဝင်တချို့နဲ့လည်း တွေ့ဆုံပါတယ်၊
အရင်ဆုံး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံစဉ်မှာတော့ အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကိုလျှော့ချ ရုတ်သိမ်းနိုင်ဖို့အတွက် အမေရိကန်ဘက်က စဉ်းစားနေပြီ ဖြစ်ကြောင်းနဲ့ လွှတ်တော်တွင်းက ဆွေးနွေးမှုတွေ နဲ့  ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှုတွေအပေါ်မှာ  အနီးကပ်စောင့် ကြည့်နေတယ်လို့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က ပြောခဲ့ပါတယ်၊ အမျိုးသားလွတ်တော်  ဥက္ကဋ္ဌကလည်း ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ အခြေအနေတချို့ကို ပြန်ရှင်းပြခဲ့တယ်လို့  ဒီတွေ့ဆုံမှုမှာပါဝင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်၊
“သူတို့ စောင့်ကြည့်နေတာ နှစ်ပိုင်းရှိတယ်ပေါ့။ နံပါတ် ၁ က ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လို ညှိကြတယ်.. ပြင်ဆင်ကြတယ်ဆိုတာကို ကြည့်တယ်။ ပြီးတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ဘယ်လောက် ရှိမလဲဆိုတာ
ကိုအနီးကပ် စောင့်ကြည့်နေပါတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ နာယကကြီးကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ တရားမျှတမှု ရှိဖို့က ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတယ်။ နောက် အစိုးရပိုင်းမှာ တာဝန်ရှိတယ်။ ရွေးကောက်ပွဲ ၀င်မယ့် လွှတ်တော်အမတ်တွေ.. နောက် ပြည်သူတွေမှာလည်း တာဝန် ရှိတယ်။ ၀ိုင်းဝန်းပံ့ပိုး ကူညီသွားရမယ့်တာဝန်ဟာ ကျနော်တို့အားလုံးမှာ ရှိတယ်ဆိုတာမျိုး ရှင်းပြခဲ့ပါတယ်”။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးမောင် ပါရှင်၊ အဲဒီနောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့အတူ လွှတ်တော် ကော်မတီရေးရာ အဖွဲတချို့နဲ့ တွေ့တဲ့အခါမှာတော့ တိုးတက်လာတဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေပေါ် အမေရိကန်တို့ရဲ့ သဘေထားတွေကို ရှင်းပြခဲတ့ယ်လို့  မစ္စတာ Derek Mitchell နဲ့ ဒီကနေ့ တွေ့ခဲ့သူထဲက တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့  အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးတိုးနိုင်မန်းက ပြောပါတယ်။
“အခု နိုင်ငံရေးစနစ်ပြောင်းတာကို သူတို့ လက်ခံတယ်။ ဒုတိယအချက်က ကျနော်တို့နိုင်ငံ နောက်ကြောင်း ပြန်မလှည့်ဘူး ဆိုတာကို သူတို့ ကောင်းကောင်းသဘောပေါက်တယ်၊ နားလည်တယ်။ နောက်ဆုံးအချက်ကတော့ တကယ်တမ်း ကျနော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့ နေရာမှာ အချိန်အရေးကြီးသလို လုပ်ရဲတဲ့ သတ္တိ ဆန္ဒတွေ အရေးကြီးတယ် ဆိုတာကို အဓိက ဆွေးနွေးဖြစ်ပါတယ်။ အဓိကကတော့ Sanction ပြန်ရုပ်ဖို့ဆိုရင် လုပ်ရတဲ့ process ကြီးက ကြာတယ်၊ အဲဒါနဲ့ပတ်သက်လို့လည်း Derek Mitchell က မြန်မာပြည်မှာ အောက်ခြေလူတန်းစားတွေ ရှိသေးတယ်။ Sanction က အစိုးရထက် ပြည်သူကိုပဲ ပိုထိခိုက်တယ်ဆိုတာကို သူတို့ နားလည်ပါတယ်။ ဒါကြောင့်မို့ အောက်ခြေလူတန်းစားတွေ ဒုက္ခရောက်နေတာပေါ်မှာလည်း စိတ်မကောင်းပါဘူး။ ဒါကြောင့်မို့ အမြန်ဆုံး Sanction ရုပ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်ဆိုတဲ့စကား သူပြောပါတယ်။”
ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့  အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် အဖွဲ့ဝင် ဦးတိုးနိုင်မန်း ပါ၊
မြန်မာနိုင်ငံမူဝါဒ ညှိနှိုင်းရေးမှူးအပြင် အထူးသံတမန်တဦးအဖြစ် တာဝန်ရောက်ပြီးနောက်ပိုင်း ၆ကြိမ်မြောက်အဖြစ်အခုသူလာတဲ့ခရီးစဉ်ရဲ့အဓိကရည်ရွယ်ချက်တွေကို ကော်မရှင်အဖွဲ့ဝင်တွေက မေးမြန်းတာရှိသလို၊  သူ့ဘက်ကသိချင်တဲ့ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးမှုအခြေအနေတွေကို မေးမြန်းခဲ့တာရှိတယ်လို့လည်း  ပြည်သူ့လွှတ်တော်  ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကှဋ္ဌ ဦးလှမြင့်ဦး က ရှင်းပြပါတယ်။
အဓိကက Derek Mitchell က လွှတ်တော်ဥက္ကဋ္ဌ နဲ့ ၃ ကြိမ်လောက် တွေ့ထားပြီးသားပါ၊ ဒီတခေါက်လာတဲ့ ကိစ္စမှာလည်းလွှတ်တော်အနေနဲ့သူ့ကိုလွှတ်တော်ရေးရာကိစ္စတွေ မေးမြန်းတာလေးတွေ ဖြေကြားပေးတယ်၊ နောက်ပြီးတော့ ကျနော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဒါတွေမေးပါတယ်။ လွှတ်တော်အနေနဲ့ကတော့ ခုချိန်မှာ ဘတ်ဂျက်ကိစ္စဆွေးနွေးတာနဲ့ ပတ်သက်ပြီးတော့ အခြေနေတွေဘာတွေ မေးပါတယ်၊ ဒီလောက်ပါပဲ။”
ပြည်သူ့လွှတ်တော်  နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး ပါရှင်၊ မစ္စတာ Derek Mitchell ဟာ မနေ့ကလည်း  နိုင်ငံခြားရေး ၀န်ကြီးနဲ့တွေ့ပြီး မြန်မာ့အရေးပြောဆိုဆွေးနွေးတာရှိသလို မနက်ဖြန် မတ်လ ၁၄ ရက်နေ့မှာ မန္တလေးက လူမှုကူညီရေးလုပ်ငန်းတွေဆီသွားဖို့ စီစဉ်ထားသလို မတ်လ ၁၅ ရက်နေ့မှာတော့ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပြီး၊  သူမပြန်ခင် သတင်းထောက်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်၊

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment