မြန်မာသတင်းများ    မတ် ၀၅ ရက်၊ ၂၀၁၂


ကျန်းမာရေး မကောင်းတဲ့ကြားက စစ်ကိုင်းလူထုနဲ့ ဒေါ်စုတွေ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး မကောင်းတဲ့ ကြားကပဲ ဒီကနေ့ တနင်္ဂနွေနေ့မှာ စစ်ကိုင်းမြို့ကို သွားရောက်ပြီးတော့ လူထုနဲ့တွေ့ဆုံ ဟောပြောခဲ့ပကြောင်း ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းကိုမလာခင် တစ်ရက်မှာပဲ ၀န်ထမ်းတွေကို ရုံးပိတ်ရက် တနင်္ဂနွေနေ့မှာ ရုံးတက်ရမယ်ဆိုပြီး အာဏာပိုင်တွေက အကြောင်းကြားတာတွေလည်း ရှိခဲ့ကြောင်း
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းမြို့က ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ သဲသောင်ပြင်ပေါ်မှာ လူထုကို ဟောပြောစည်းရုံးခဲ့တာဖြစ်ပြီး၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် စစ်ကိုင်းမြို့မှာ လူထုကို ဟောပြောတာ ဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါမှာ မန္တလေးမြို့ကို ပြန်ရောက်နေပြီး အနားယူနေကြောင်း
စစ်ကိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး အရွေးခံမယ့် ကိုယ်စားလှယ်လောင်းကတော့ ဦးခင်မောင်သိန်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပြင် ကြံ့ခိုင်ဖွံဖြိုးရေးပါတီ နဲ့ တခြား ပါတီတွေကလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ လုပ်နေကြတာ ဖြစ်ကြောင်း
မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာ၊ နေပြည်တော် မြို့တွေကို သွားရောက်ပြီး လူထုစည်းရုံး ဟောပြောတာတွေ ဆက်လုပ်သွားမှာ ဖြစ်ကြောင်းနေပြည်တော်မြို့နယ် ၄ မြို့နယ်မှာ လူထုကို ဟောပြောဖို့အတွက် စီစဉ်ထားတဲ့နေရာတွေထဲမှာ ၂ နေရာပဲ နဂိုလျှောက်ထားတဲ့နေရာကို ရခဲ့ပြီး ကျန်တဲ့ ၂ နေရာမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ချပေးတဲ့နေရာတွေမှာပဲ လုပ်သွားရမယ်ဖြစ်ကြောင်းသိရသည်။

ဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး မန္တလေးမှာ ဒေါ်စုပြော

နိုင်ငံအတွက် လုပ်ချင်တဲ့ကိစ္စတွေကို လုပ်နိုင်မယ့်အလားအလာတွေ အများကြီးရှိနေတယ် ဆိုတာ မြင်နေရတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ကြောင်း စနေနေ့က မန္တလေးမြို့ မဲဆွယ်စည်းရုံးပွဲအတွင်း ထောင်ပေါင်းများစွာသော လူအုပ်ကြီးကို ကိစ္စရပ်တော်တော်များများနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ထဲမှာ ဒေါ်အောင်ဆန်း စုကြည်က အဲဒီလို ထည့်သွင်း ပြောဆိုသွားကြောင်း
ပြည်သူတွေနဲ့ တစည်းတလုံးတည်း ရှိပါတယ်ဆိုတာကို ပြဖို့အတွက် အခုလို လာရတာဖြစ်ပါတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုကို ပြောဆိုခဲ့ကြောင်း သူ့ရဲ့မိန့်ခွန်းထဲမှာ တရားဥပဒေစိုးမိုးရေး အရေးကြီးတဲ့အကြောင်းကို မီးမောင်းထိုး ပြောဆိုခဲ့ပြီး လူတိုင်းလိုချင်နေတဲ့ စိတ်လုံခြုံမှုရှိဖို့၊ အကြောက်တရားကနေ ကင်းဝေးဖို့၊ ဖိနှိပ်မှုတွေကနေ ကင်းဝေးဖို့ စတာတွေမှာ ဥပဒေစိုးမိုးရေးက အရေးကြီးပြီးတော့ အဲဒါဟာ NLD ရွေးကောက်ပွဲဝင်ရတဲ့ အဓိက ရည်ရွယ်ချက်သုံးချက်ထဲမှာ ထိပ်ဆုံးကတစ်ချက် ဖြစ်တယ်လို့ ပြောခဲ့ကြောင်း
“ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပြည်သူတွေကို ဘယ်သူကမှ မတရားလုပ်လို့ မရဘူး။ တခါတလေ ဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံရေးသမားတွေနဲ့ပဲဆိုင်တယ်လို့ တချို့က ထင်နေကြတယ်။ မဟုတ်ပါဘူး၊ လူတိုင်းနဲ့ဆိုင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တာဝန်ရှိသူတွေဟာ မျှော်လင့်မထားလောက်အောင် များပြားတဲ့လူအုပ်ကြီးကို တွေ့လိုက်ရတဲ့ အတွက် အံ့သြခဲ့ကြပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ဒီလောက်များတဲ့လူထုကို တခါမှ မတွေ့ဖူးသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့အခါမှာ တစ်ဦးပေါ်တစ်ဦး နားလည်မှုက အင်မတန်မှ အရေးကြီးတယ်လို့ ဆိုသလို ဒီမိုကရေစီရဖို့၊ ရပြီးတဲ့နောက်မှာလည်း ထိန်းသိမ်းဖို့တွေ အတွက် ကြိုးစားလုပ်ဆောင်ကြရမယ်လို့ ထောက်ပြခဲ့ကြောင်း
“ကျမ အခုကတည်းက ပြောထားပါမယ်။ ဒီမိုကရေစီဆိုတာ ရဖို့လည်း မလွယ်ဘူး၊ ရပြီးတဲ့အခါ တည်တံ့ခိုင်မြဲအောင် လုပ်ဖို့လည်း မလွယ်ဘူး၊ အင်မတန်မှ အလုပ်ကို များများလုပ်ပြီးတော့ ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးခရီးစဉ်ကို ဖေဖော်ဝါရီလထဲမှာသွားဖို့ စီစဉ်ခဲ့တာဖြစ်ပေမဲ့ လူထုစုဝေးဖို့နေရာ အခက်အခဲ ဖြစ်ခဲ့ပြီး ရွှေ့ဆိုင်းခဲ့ရကြောင်း စနေနေ့ မနက်ပိုင်းက မန္တလေးမြို့နယ်၊ တံတားဦးလေဆိပ်ကို ရောက်ပြီး လေဆိပ်ကနေ လူထု စုဝေးတဲ့နေရာဆီ ရောက်ဖို့ ပုံမှန် ၁ နာရီလောက်ခရီးကို လမ်းတလျှောက် စောင့်ဆိုင်းကြိုဆိုနေကြတဲ့ လူထု ထူထပ်လွန်းတဲ့ အတွက် ၅ နာရီလောက်ကြာအောင် သွားခဲ့ရကြောင်း လမ်းခရီးမှာ အတော်ပင်ပန်းပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိန့်ခွန်း ပြောနေရင်း လူထုကြီးကို ခွင့်တောင်းပြီး ခေတ္တ နားနေခဲ့ရကြောင်း
“ကျမလည်း ပြည်သူလူထုနဲ့ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံလိုပါတယ်။ အဲဒီတော့ အမှန်ကို အမှန်အတိုင်း ပြောပါရစေ။ ဒီနေ့ ကျမ သိပ်နေလို့မကောင်းဘူး၊ နေလို့မကောင်းတဲ့ အခါကျတော့ ကျမတို့ပြည်သူတွေကို ကျမပြောချင်တဲ့ စကားတွေ အားလုံးကို ကျမပြောခွင့်မရ၊ ပြောနိုင်မယ့်အင်အား နည်းနေတယ်။”
ဒေါ်အောင်ဆန်းစုကြည် ခေတ္တနားတဲ့အချိန်မှာ NLD နာယကအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က လူထုကို ဆက် စကားပြောပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ခိုင်ခိုင်မာမာ စည်းစည်းလုံးလုံး ရှိနေတဲ့ အကြောင်း၊ အဲဒီအင်အားကို အသုံးချနိုင်အောင်၊ ထက်မြက်ထိရောက်တဲ့ အဖွဲ့ချုပ်ဖြစ်လာအောင် အန်အယ်လ်ဒီကို ထောက်ခံ ၀န်းရံပြီး အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့ မန္တလေးလူထုကို စည်းရုံး တိုက်တွန်းခဲ့ကြောင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း နိဂုံးချုပ်ပိုင်းမှာတော့
“ကျမတို့နိုင်ငံအတွက် ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကို လုပ်နိုင်ဖို့ အလားအလာတွေ အင်မတန်မှ များတယ်ဆိုတာ ကျမ မြင်ရပါတယ်။ အဲဒီတော့ အားလုံးကနေပြီးတော့ ဒီလိုယုံကြည်မှုရှိအောင်၊ ကိုယ်ဖြစ်စေချင်တဲ့နိုင်ငံတစ်ခု ကိုယ်ရအောင် ထူထောင်မယ်၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးမယ်၊ ပြည်သူ့ရဲ့အာဏာ လွှမ်းမိုးဖို့ အထက်ရောက်ဖို့ ကျမတို့ အမြစ်တွယ်အောင် လုပ်မယ်လို့ ယုံယုံကြည်ကြည်နဲ့ ချီတက်ကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့မှာ စစ်ကိုင်းမြို့၊ ၅ ရက် တနင်္လာနေ့မှာ တံတားဦး၊ နွားထိုးကြီးနဲ့ မိတ္ထီလာမြို့ တွေဆီ သွားရောက်မှာဖြစ်ပြီး အဲဒီကနေမှ နေပြည်တော် မဲဆွယ် စည်းရုံးပွဲကို ဆက်မှာ ဖြစ်ကြောင်း ဒါပေမဲ့လည်း မိတ္ထီလာမြို့နဲ့ နေပြည်တော်တို့မှာ လူထုစုဝေးဖို့နေရာ စီစဉ်နေတာ အခုချိန်ထိ အဆင်မပြေသေးဘူးလို့ NLD တာဝန်ရှိသူတွေက ပြောကြောင်း သိရသည်။

တပ်မတော်သားတွေနဲ့ လက်တွဲအလုပ်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပြည်သူ့ အကျိုးသယ်ပိုးမယ်ဆိုပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသူ ပြည်သူကပေါက်ဖွားလာတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ထဲမှာ ပြည်သူ့ အကျိုးအတွက် အတူတကွ လက်တွဲ အလုပ်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ပြည်သူများအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို လွှတ်တော်ထဲမှာ ပယ်ဖျက်တာနဲ့ ပြဋ္ဌာန်းတာတွေကို ဆောင်ရွက်ဖို့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်ဖို့ လိုတဲ့အတွက် ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော် ကိုယ်စားလှယ်တွေကိုပါ စည်းရုံးအလုပ်လုပ်သွားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။


နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများကြောင့် မြန်မာအရပ်သား ခေါင်းဆောင်သစ်များသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် တွန်းအားပေး ခံနေရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်မှတစ်ဆင့် ကနေဒါ ကျောင်းသားများနှင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က မြန်မာအရပ်သား ခေါင်းဆောင်သစ်များသည် စီးပွားရေးဖိအားကို ခံစားနေရကြောင်းနှင့် ၎င်းတို့သည် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကြောင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် တွန်းအားပေး ခံနေရကြောင်း ၎င်း၏နေအိမ်မှနေပြီး အင်တာနက်မှတစ်ဆင့် ကနေဒါနိုင်ငံရှိ Carleton University မှ ကျောင်းသားများနှင့်တွေ့ဆုံရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းထို့ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကျင့်သုံးရေး လုပ်ငန်းစဉ်များ ဖော်ဆောင်မှုသည် နောက်ကြောင်းပြန်ရန် မရှိကြောင်း လူအများက စတင် ပြောကြားလာကြကြောင်းနှင့် ယင်းမှာ မဟုတ်ကြောင်း လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့ နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလာမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်းပြောကြား လျက်ရှိပြီး ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီးတရား မျှတပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို စတင် ဖြေလျှော့ပေးရန် ရှိကြောင်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီး တွင် လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ကြားဖြတ်ရွေး ကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ ၁၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ဦးသိန်းစိန်မိန့်ခွန်းအပေါ် ၈၈မျိုးဆက်ကျောင်းသားများသဘောထားရှင်းလင်း


မကြာခင်က လွှတ်တော်မှာ သမ္မတဦးသိန်းစိန်ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်လို့ မြန်မာပြည်အထက်ပိုင်းကိုခရီးလှည့်လည်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဒီကနေ့ တောင်ဥက္ကလာ ဝေဇယန္တာလမ်းမှာရှိတဲ့ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့ကြောင်း
ဒီရှင်းလင်းပွဲမှာ ပွင့်လင်းလူအဖွဲ့အစည်းတစ်ခုအဖြစ်အသွင်ကူးပြောင်းနိုင်ရေးမှာ အရင်က ကျန်ရှိနေတဲ့အကြောက်တရားတွေကို ပြည်သူတွေကိုယ်တိုင်ဖယ်ရှားပြီး လူ့အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေကို တင်ပြဖေါ်ထုတ်ဖို့လိုကြောင်း သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ပြောဆိုခဲ့ကြောင်း ဒါ့အပြင် အာဏာပိုင်တွေဖက်ကရော အတိုက်အခံတွေဖက်ကပါ ပွင့်လင်းရိုးသားမှုအခြေခံနဲ့ ချဉ်းကပ်လုပ်ဆောင်ကြမှသာ အမှန်တရားပေါ်ပေါက်နိုင်ပြီး ဒီမိုကရေစီနိုင်ငံအဖြစ်ရောက်ရှိနိုင်မှာ ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်းဟာ ပြည်သူလူထုကိုလေးစားတဲ့ သဘောလက္ခဏာတွေပါဝင်သလို ပျော့ပြောင်းတဲ့သဘောဆောင်တဲ့အတွက် ကြိုဆိုကြောင်း သိရသည်။


၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၏ ဒုတိယအကြိမ် သတင်းထုတ်ပြန်မှုကို ဖေဖော်ဝါရီလ၄ရက်နေ့ မွန်းလွဲပိုင်းအချိန်က အဖွဲ့၏ ရုံးခန်းတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် သီရိဂုဏ်အိမ်ရာထောင့်ရှိ နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း
အဆိုပါ သတင်းထုတ်ပြန်မှုမှာ  ပြီးခဲ့တဲ့ ရက်များအတွင်း ၈၈မျိုးဆက် ကျောင်းသားများသွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် ပတ်သက်သော ရည်ရွယ်ချက်၊ အတွေ့အကြုံ၊ ရလဒ်များ ကို ပြန်လည်ပြောကြားခြင်း ဖြစ်ကြောင်း ထို့အပြင် မတ်လ ၁ ရက်နေ့က ပြောကြားခဲ့သော နိုင်ငံတော်သမ္မတ မိန့်ခွန်းနှင့်ဆက်စပ်သည့် သဘောထားအမြင်များကိုလည်း သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း  ၈၈မျိုးဆက် ကျောင်းသားများ အနေဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက်ပိုင်း ပွင့်လင်းသော လူ့အဖွဲ့အစည်းခေါင်းစဉ်ဖြင့် ခြေလှမ်းကို စတင်ခဲ့ကာ ဟင်္သာတမြို့ခံလူထုဖြင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ကိုယ်စား ကိုမင်းကိုနိုင်က ရည်ရွယ်ချက်ကို ဦးစွာရှင်းပြခဲ့ကြောင်း
''ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းလို့ ပြောကြတဲ့အခါမှာ နံပါတ်တစ်က ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း၊ ပြည်သူလူထုရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို အားလုံး ဖော်ထုတ်ပြောဆိုခြင်းတွေက စပါတယ်''ဟု ကိုမင်းကိုနိုင်က ဆိုကြောင်း
ဟင်္သာတမြို့ခရီးစဉ်၏ ရလဒ်အနေဖြင့် မြို့ခံလူထု၊ နိုင်ငံရေးအင်အားစုများ၊ ပရိဟိတ လူမှုရေးလုပ်ကိုင်နေသော အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းမိပြီး ပွင့်လင်းသော လူ့အဖွဲ့အစည်းခေါင်းစဉ်အောက်တွင် လူမှုကွန်ယက်တစ်ခု ဖြစ်ပေါ်လာခဲ့ကြောင်း၊အကျိုးဆက်အနေဖြင့် ကချင်ပြည်နယ်ခရီးစဉ်၊ မန္တလေးတိုင်း ခရီးစဉ်တို့ကို သွားရောက်ခဲ့ပြီး ကဏ္ဍအသစ်တစ်ခုလည်း ထပ်မံဖြစ်ပေါ်လာခဲ့ကြောင်း
 ''အကျိုးဆက်ကို ပြောပါဆိုရင် နောက်ထပ်ထပ်ပြီးတော့ ကျွန်တော်တို့ ကချင်ပြည်နယ် ခရီးစဉ်၊ မန္တလေးတိုင်း ခရီးစဉ်တို့ကို သွားနိုင်ခဲ့ပါတယ်။ ထပ်ပြီးတော့ တက်လာတဲ့ ကဏ္ဍတစ်ခု၊ နောက်ထပ် ပေါင်းစည်းလာတဲ့ကဏ္ဍကတော့ ငြိမ်းချမ်းရေးကဏ္ဍပါ'' ဟု ပြောကြောင်း
''အဓိကကတော့ ကျွန်တော်တို့ ငွေကူခြင်းကအဓိက မဟုတ်ဘဲနဲ့ ကျွန်တော်တိုကိုယ်တိုင် ပြည်ထောင်စုဖွား သွေးချင်းတွေရဲ့ လက်တွေ့ဘ၀တွေ ဒုက္ခသုက္ခတွေကို အတူမျှဝေခံစားဖို့ သွားခဲ့ကြတာပါ။ ပြီးတော့မှ သူတို့ရဲ့ အသံတွေ၊ သူတို့ရဲ့ ဖြစ်ချင်မှုတွေကို ကျွန်တော်တို့ နားထောင်နိုင်ခဲ့ပါတယ်။ ဒီတော့ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်မှာ ဘာထပ်ပြီးတော့ ပေါင်းမိသွားပြီလဲဆိုတော့ ငြိမ်းချမ်းရေး ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ နောက်နောင်ကို ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်ပါမယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲ့ ခရီးစဉ်တွေမှာ ငြိမ်းချမ်းသော ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်အောင် ကျွန်တော်တို့ ခြေလှမ်းတွေ ကို ဆက်ကြဦးမှာဖြစ်ပါ တယ်''ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားခဲ့သည်။  သွားရောက်ခဲ့သော ခရီးစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းမှုအပြီးတွင် သတင်းထောက်များမှ မေးမြန်းခဲ့သည်များကို ဖြေကြားရာ၌ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအပေါ် သဘောထားကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စား ကိုမင်းကိုနိုင်က ဖြေကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို အပြုသဘောဆောင် ကြိုဆိုပြီး အားလုံး ပူးပေါင်းပါဝင်မှုအတွက် ပြန်လည်လက်ကမ်းသွားမည်ဟု ပြောကြားခဲ့ပါသည်။ ''ကျွန်တော်တစ်ယောက် တည်း တင်မကဘဲနဲ့၈၈မျိုးဆက်တစ်ခုလုံး ရဲ့သဘောထားအမြင်တွေကို ခြုံငုံပြီး တော့ဖြေပေးမှာဖြစ်ပါတယ်။ ခြုံပြောလိုက်မယ်ဆိုရင်တော့ များစွာ အပြုသဘောဆောင်တယ်လို့ ရိုးရိုးသားသားပဲ ရှုမြင်ပါတယ်''ဟု ပြောကြားကြောင်း
''တစ်ခုရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့အသံကိုလည်း နားထောင်ကြည့်ပါတယ်။ အပြောနဲ့မပြီးဘူးဆိုတဲ့ သတိပေးစကားမျိုး ကျွန်တော်တို့ရပါတယ်။ ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း လက်တွေ့ကျတာကိုပဲ တန်ဖိုးထားပါတယ်။ လက်တွေ့ နဲ့ တိုင်းတာရမယ့် ပေတံတွေရှိပါတယ်'' ဟု ကိုမင်းကိုနိုင်က ပြောပါသည်။  အဆိုပါ သတင်းထုတ်ပြန်မှု၌ ကိုမင်းကိုနိုင်နှင့်အတူ အခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ကလည်း ၎င်းတို့၏ ခရီးစဉ်၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် သမ္မတမိန့်ခွန်းအပေါ် သဘောထားအမြင်အစရှိသည် တို့ကို ဖြေကြားခဲ့ကြကြောင်း သိရသည်။


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ တည်ဆောက်ဆဲ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ဓနိတောများအား လျော်ကြေးငွေများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့(ယာယီ)မှ ပြုစုထားသော စာရင်းများအရ လျော်ကြေးငွေ ပေးအပ်ရန် သတ်မှတ်ထားသော စိုက်ပျိုးနိုင်သည့်မြေ (၃၅၈၄၇ ဧက)မှ ဓနိတော ၂၀၆ ဧကအတွက် လျော်ကြေးငွေ ပေးအပ်ခြင်းဖြစ်ကြောင်း
''ဓနိတောအတွက် လျော်ကြေးပေးဖို့ ဆိုပြီးခေါ်တော့ လိုက်သွားခဲ့တာ ဟိုကိုရောက်တော့ လူနည်းနည်းပဲ ကျန်တော့တယ်။ အဓိကရွာတွေဖြစ်တဲ့ ထိန်ကြီး၊ မူဒူး၊ လဲရှောင်၊ ပရဒတ်၊ မယင်းကြီးရွာတွေက ဓနိတော ပိုင်ရှင်တွေကို ပေးတာလို့ သိရတယ်။ ကျွန်မတို့ မယင်းကြီးရွာက ငါးယောက်ရတယ်။ ကျွန်မရဲ့ ဓနိတောအတွက် ကျပ် ၁၃ သိန်းရခဲ့ပါတယ်။ တစ်ဧက မပြည့်လို့ပါ။ သူတို့ သတ်မှတ်ထားတာကတော့ ဖက် (အသက်ကယ်)လုပ်နေတဲ့ ဓနိတော တစ်ဧကကို ကျပ် ၁၅ သိန်း ဖက် မလုပ်တဲ့ ဓနိတောတစ်ဧကကို ကျပ် ၁၀သိန်း သတ်မှတ်ထားပါတယ်''ဟု မယင်းကြီးမှ ဒေသခံတစ်ဦးက ပြောကြားကြောင်း
ဓနိတောအတွက် လျော်ကြေး ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ပေးသော လျော်ကြေးငွေကို သဘောမတူ၍ လက်မှတ်မထိုးသူများလည်းရှိကြောင်း သိရသည်။


မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ကို နိုင်ငံခြား တက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ် သတ်မှတ်ပြောင်းလဲ ပေးရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး က ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ် ပညာရေးအဖွဲ့များ ကောင်စီ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ကြောင်း
အခမ်းအနား၌  နိုင်ငံတော် အစိုးရသစ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ အရည်အသွေး မြင့်မားရေး၊ ကျောင်းသားလူငယ်များ၏ အမျိုးသား ပညာရည်မြင့်မားရေးအတွက် ပြုစုပျိုးထောင်ပေးလျက် ရှိရာတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို နိုင်ငံခြားတက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ်သတ်မှတ်ပြောင်းလဲပေးရေး ကို အဓိကပြောကြားခဲ့ပြီး သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း နိုင်ငံတော်စီးပွားရေးကို တိုက် ရိုက်အထောက်အကူပြုနိုင်သော အသုံးချ သုတေသနလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန် ဆက်လက် ပြောကြားခဲ့ကြောင်း


တက္ကသိုလ် ဗဟိုကောင်စီနှင့် တက္ကသိုလ် ပညာရေးအဖွဲ့ ကောင်စီတို့ အထက်တွင် နိုင်ငံတော်အဆင့် ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ပေးသော National Education Committe ခေါ် အမျိုးသားပညာရေး ကော်မတီရှိ  .  .  .


အဆင့်မြင့်ပညာရေးကဏ္ဍ၌ တက္ကသိုလ်များ ဗဟိုကောင်စီကို တက္ကသိုလ်ပညာရေးနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ရန်၊ လမ်းညွှန်မှုပြုရန် နှင့်ကြီးကြပ်ရန်၊ တက္ကသိုလ်ပညာ အဆင့်အတန်း၊ သင်ရိုးမာတိကာ၊ စာမေးပွဲနှင့် Academic ပညာရေးဆိုင်ရာ ကိစ္စအရပ်ရပ်အား ကြီးကြပ် ရန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး တက္ကသိုလ်ဗဟိုကောင်စီနှင့် တက္ကသိုလ် ပညာရေးအဖွဲ့ ကောင်စီတို့ အထက်တွင် နိုင်ငံတော်အဆင့် ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ပေးသော National Education Committe  ခေါ် အမျိုးသားပညာရေး ကော်မတီရှိပြီး အဆိုပါ  ကော်မတီအနေဖြင့် နိုင်ငံတော်၏ လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် လိုက်လျော ညီထွေရှိသော နိုင်ငံတော်၏ စီးပွားရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို ထိန်းသိမ်းမြှင့်တင် ပေးနိုင်သော ပညာရေးစနစ် တစ်ခု တိုးတက်အောင်မြင်ရေး အတွက် ဆောင်ရွက်ရန် တာဝန်အရှိဆုံး အမြင့်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

ကြိုးဖုန်းများမှ ပြည်ပနိုင်ငံများသို့ ခေါ်ဆိုသည့် တယ်လီဖုန်း ခေါ်ဆိုခနှုန်းထားများအား မတ်လ ၁ရက် နေ့မှစတင်၍ လျော့ချပေးခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
''မတ်လ ၁ရက်နေ့ကစပြီး ကြိုးဖုန်းကနေ ပြည်ပခေါ်ဆိုခနှုန်းထားတွေ စလျော့ပေးခဲ့တာပါ။ ခေါ်ဆိုခတွေက သူ့နိုင်ငံအလိုက်သတ်မှတ်နှုန်း ထားတွေအတိုင်း လျော့ပေးထားပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ဆောင်မှုများအား တရားဝင် ဖြေဆိုခွင့် ရရှိထားသည့် Call Center မှ ပြောကြားကြောင်း
ယခုလက်ရှိပြောင်းလဲ ကောက်ခံမည့် နှုန်းထားများတွင် အာဆီယံနိုင်ငံများသို့ ခေါ်ဆိုခနှုန်းထားများမှာ တစ်မိနစ် ၁.၂ ဒေါ်လာနှင့် နောက်တိုး ၆စက္ကန့်လျှင် ၀.၁၂ဒေါ်လာ၊ အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိနိုင်ငံများသို့ ခေါ်ဆိုခ နှုန်းထားများမှာ တစ်မိနစ် ၁.၄ ဒေါ်လာနှင့် နောက်တိုး ၆ စက္ကန့်လျှင် ၀.၁၄ဒေါ်လာ၊ အာရှတိုက် အလယ်ပိုင်းရှိ နိုင်ငံများသို့ ခေါ်ဆိုခ နှုန်းထားများမှာ ၁.၈ ဒေါ်လာနှင့် နောက်တိုး ၆ စက္ကန့်လျှင် ၀.၁၈ ဒေါ်လာ၊ ဥရောပတိုက်၊ အာဖရိကတိုက်၊ သြစတြေးလျတိုက်၊ အမေရိကတိုက် နိုင်ငံများသို့ ခေါ်ဆိုခနှုန်းထားများမှာ တစ်မိနစ် ၂.၄၀ ဒေါ်လာနှင့် နောက်တိုး ၆စက္ကန့်လျှင် ၀.၂၄ဒေါ်လာ စသဖြင့် သတ်မှတ်ထားပြီး ဂြိုဟ်တုဆက်ကြောင်းမှတဆင့် ဖုန်းခေါ်ဆိုရသည့် နိုင်ငံအချို့သို့ ခေါ်ဆိုခနှုန်းထားများမှာ တစ်မိနစ်လျှင် ၃.၅ ဒေါ်လာ မှ ၆.၉၅ ဒေါ်လာအတွင်း ကျသင့်မည်ဖြစ်ကြောင်း
အဆိုပါ ကြိုးဖုန်းများမှ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခနှုန်းထားများမှာ မိုဘိုင်းဖုန်းများမှ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုသည့်နှုန်းထားများထက် ဈေးပိုများကြောင်း သိရသည်။

                           
Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးနှင့် ဂျပန်နိုင်ငံသားတို့နှစ်ဦး အပြန်အလှန် အမှုဖွင့်ပြီး တရားစွဲဆိုထားသည့် ဖြစ်စဉ်တွင် မြန်မာအမျိုးသမီးဘက်မှ ခရိုင်တရားရုံး၌သာ စစ်ဆေးရန် လျှောက်ထားခဲ့ပြီး မြို့နယ်တရားမှ မတ်လ ၁၄ ရက်နေ့နှင့် ခရိုင်တရားရုံးမှ မတ်လ ၉ ရက်နေ့တွင် နှစ်ဖက်မှ အကျိုးဆောင်ရှေ့နေများနှင့် တရားလို၊ တရားခံများကို ပုဇွန်တောင်တရားရုံးမှ နှစ်ဖက်တရားလို တရားခံများနှင့် သက်ဆိုင်သူများကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ အဆိုပါတရားရုံးတွင် စစ်ဆေးရန် ခေါ်ယူခဲ့သော်လည်း မြန်မာအမျိုးသမီးဘက်မှ ခရိုင်ရုံးတွင် စစ်ဆေးရန် လျှောက်ထားခဲ့မှုကြောင့်  မတ်လ ၁၄ ရက်နေ့သို့ ပြောင်းလဲ ခဲ့ကြောင်း
Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းဖြစ်သူ ဒေါ် ..... (၂၄) နှစ်၏ ရှေ့နေဖြစ်သူ ဦးဝင်းနိုင်က '' မြို့နယ်တရားရုံးမှာ စစ်မယ်ဆိုရင် မြန်မာအမျိုးသမီးဘက်က နစ်နာနိုင်တဲ့ အကြောင်းအရာတွေ ရှိတယ်ဆိုတဲ့ အချက်တွေနဲ့ပတ်သက်ပြီးတော့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ ပြောင်းပြီးစစ်ဆေးဖို့အတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လျှောက်ထားခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က လျောက်ထားမှုကို ခရိုင်တရားရုံးက လက်ခံခဲ့ပေမဲ့ ပြောင်းလဲစစ်ဖို့ ခွင့်ပြုချက် မကျသေးပါဘူး '' ဟု လက်ရှိ အခြေအနေနှင့်ပတ်သက်၍ သုံးသပ်ပြောကြားခဲ့ ကြောင်း သိရသည်။


ပုဂ္ဂလိက အထက်တန်းကျောင်းအချို့တွင် မတ်လ ဒုတိယပတ်မှစတင်၍ နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း အဆိုပါ နွေရာသီသင်တန်းများ၌ သက်ဆိုင်ရာတက်ရောက်ခဲ့ပြီးသည့် အတန်းများအလိုက် သင်ကြားခဲ့ပြီးသည့် သင်ရိုးညွှန်းတမ်းများအား ပြန်လည်လေ့ကျင့် သင်ကြားမှုများနှင့်  အင်္ဂလိပ်စကားပြောသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် ပန်းချီဂီတပညာရပ်များကို ထည့်သွင်းသင်ကြားပေးမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း နွေရာသီသင်တန်းများကို မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းအသီးသီးအတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း သိရှိရပါသည်။


Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment