တိုင်းဖျက်ပြည်ဖျက် စစ်သားကြီးရဲ့ ငရဲမသွားခင်ရသွားသော "နောင်တ" နှင့် စစ်တပ်၏ ဇစ်မြစ်...
တပ်မတော်ကိုနိုင်ငံရေးဇာတ်သွင်းခဲ့ကြသူများမှာနိုင်ငံရေးပါတီများ ကိုယ်တိုင်ပင်ဖြစ်သည် (ကျော်ဝင်း)
အမှန်စင်စစ် တပ်မတော်၏သန္ဓေသားကို စတင်မွေးဖွားပေးလိုက်သည်မှာ၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟုဆိုနိုင်လိမ့်မည်ထင်ပါသည်။ ဤအရေးတော် ပုံကြီးကိုဖြတ်သန်းရင်း မြန်မာ့နိုင်ငံရေးအင်အားစု များကြားတွင်အယူအဆတစ်ခုအခိုင်အမာဖြစ်တည်လာခဲ့သည်။
““အင်္ဂလိပ်နယ်ချဲ့သမားကိုထိထိရောက်ရောက်နှင့်ပြတ်ပြတ်သားသားရင်ဆိုင်ပြီးလုံးဝလွတ်လပ်ရေးအရယူဖို့ဆိုလျှင်အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမလွဲမသွေရှိဖို့လိုလိမ့်မည်”” ဆိုသောယူဆချက်ဖြစ်ပါသည်။ဤယူဆချက်ဖြင့်ပင် နိုင်ငံခြားအဆက်အသွယ် ရှာဖွေကြရာမှရဲဘော်သုံးကျိပ်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည် ထိုသည်၏နောက်တွင်မူ-“ဗမာ့လွတ်လပ်ရေးတပ်မတော်” (ဘီအိုင်အေ)၊
“ဗမာ့ကာကွယ်ရေးတပ်မတော်” (ဘီဒီအေ)၊“ဗမာအမျိုးသားတပ်မတော်” (ဘီအင်အေ)စသဖြင့် အမျိုးမျိုးပြောင်းလဲဖွဲ့စည်းခဲ့ရသည်။သည်လိုနှင့်ဖက်ဆစ်တော်လှန်ရေးအကြိုကာလသို့ရောက်သောအခါ “ဗမာ့မျိုးချစ်တပ်မတော်”
ပီဘီအက်(ဖ)အမည်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီပြည်သူ့အရေးတော်ပုံပါတီတို့နှင့် လက်တွဲကာ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့(နောင်-ဖဆပလ)ကိုဖွဲ့စည်း တည်ထောင်ခဲ့သည်။ဤအဖွဲ့ကြီး၏ဦးဆောင်မှုဖြင့်ပင်ဖက်ဆစ်တော်လှန်ရေးကြီးကို အောင်မြင်စွာဆင်နွှဲနိုင်ခဲ့သည်။တစ်ဖန်ဒုတိယကမ္ဘာစစ်အပြီးတွင် ကန်္ဒီစာချုပ်အရ ဘားမားရိုင်ဖယ်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ရပြန်သည်။တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပပြီးတော့မှသာ အဆိုပါဘားမားရိုင်ဖယ်ကို ကြားဖြတ်အစိုးရသို့ လွှဲအပ်ပေးခဲ့သည်။၁၉၄၈ ခုနှစ်ဇန်န၀ါရီလ၄ရက်နေ့နောက်တွင်ကားလွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံတော်၏တပ်မတော်ကြီးဖြစ်လာခဲ့ပါသည်။
ဤသမိုင်းကြောင်းကိုကြည့်လျှင်ပင်မြန်မာ့တပ်မတော်မှာအမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုအဆင့်ဆင့်တွင်သန္ဓေတည်ပြီးဖက်ဆစ်တော်လှန်ရေး ကြီးမှမွေးဖွားပေးလိုက်သောလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်းထင်ရှားပါသည်။ဆိုရလျှင်အမျိုးသားနိုင်ငံရေးနှင့်နီးနီးကပ်ကပ်ဆက်စပ်ပေါ်ထွက်လာသောတပ်မတော်ဟုဆိုနိုင်ပါလိမ့်မည်။အမှန်စင်စစ်ဤသမိုင်းကြောင်းမှာမြန်မာနိုင်ငံတစ်ခုတည်းသာမဟုတ်လွတ်လပ်ခါစနိုင်ငံအားလုံး၏တူညီသောအခြင်းအရာပင်ဖြစ်သည်။ထို့ထက်ဆိုရလျှင်ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံအားလုံးလောက်၏ပြဿနာဟူ၍ပင်ဆိုနိုင်လောက်ပါသည်။စစ်အတွင်းအမျိုးသားနိုင်ငံရေးလှုပ်ရှားမှုနှင့်အတူ အားကောင်းမောင်းသန်ထွက်ပေါ်လာသောလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ပြီးခေတ်ဒီမိုကရေစီ နိုင်ငံရေးစနစ်ကိုအဟပ်ညီညီပေါင်းစပ်နိုင်ရေးပြဿနာဖြစ်သည်။ တစ်နည်းဆိုရလျှင်“စစ်ဘက် အရပ်ဘက် ဆက်ဆံရေးပြဿနာ” ဖြစ်ပါသည်။
၁၉၅၇ခုနှစ်ကထုတ်ဝေခဲ့သောဟားဗတ်ပါမောကဆမ်မျူရယ်(လ)ဟန်တင်တန်၏္ခ“တပ်မတော်သားနှင့် နိုင်ငံတော်”
(THE SOLDIER AND THE STATE) မှာအဆိုပါပြဿနာကို အဖြေရှာနိုင်ရန်ကြိုးပမ်းချက်တစ်ခုပင်ဖြစ်သည်ဟု
ပညာတတ်အသိုင်းအ၀ိုင်းမှယူဆကြသည်။ သို့တစေဟန်တင်တန်၏စာအုပ်မှာဖွံ့ဖြိုးပြီးနိုင်ငံကြီးသုံးခု
(အမေရိက၊ ဂျာမနီနှင့် ဂျပန်)ကိုသာ အဓိကထားဆန်းစစ်ခဲ့သည်ဖြစ်၍
လွတ်လပ်ခါစ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူသီအိုရီမဲ့လမ်းသစ်ထွင် ရသလိုသာဖြစ်ခဲ့သည်။
မြန်မာ့နိုင်ငံရေးတွင်အဆိုပါသိမ်မွေ့နက်နဲသောအလုပ်ကိုပထမဆုံးတာဝန်ယူခဲ့သူမှာဗိုလ်ချုပ်အောင်ဆန်းဟုဆိုနိုင်ပါလိမ့်မည်။စစ်ပြီးခေတ် ဥပဒေတွင်းနိုင်ငံရေးတိုက်ပွဲကို ဦးဆောင်နိုင်ရန်အတွက် ဖဆပလကိုအမျိုးသားတပ်ပေါင်းစုကြီးအဖြစ် ပြန်လည်စုစည်းရာတွင် ဗိုလ်ချုပ်ကလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ဘားမားရိုင်ဖယ်ကိုမပါစေတော့ဘဲ ၎င်းကိုယ်စားပြည်သူ့ရဲဘော်အဖွဲ့ကိုသာ ထည့်သွင်းခဲ့သည်။သူကိုယ်တိုင်လည်း တပ်မတော်မှထွက်ပြီးဦးအောင်ဆန်းအဖြစ်သာဖဆပလ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
တပ်မတော်ကို နိုင်ငံရေးအဖွဲ့အစည်းများနှင့်ကင်းလွတ်သော လွတ်လပ်သည့်လက်နက်ကိုင်အင်အားစု
(PROFESSIONAL ORGAN) အဖြစ် ပုံဖော်နိုင်ရန်ပထမဆုံးအားထုတ်မှုဟု သဘောရပါသည်။
ပြောကြစတမ်းဆိုလျှင်တပ်မတော်ကိုနိုင်ငံရေးဇာတ်သွင်းခဲ့ကြသူများမှာနိုင်ငံရေးပါတီများကိုယ်တိုင်ပင်ဖြစ်သည်။ပထမ- ကွန်မြူနစ်ပါတီ၊နောက်- ဆိုရှယ်လစ်ပါတီတို့ဖြစ်သည်။သို့နှင့်အမျှ ကနဦး တပ်မတော်တွင်ကွန်မြူနစ်တပ်မှူးများ၊ ဆိုရှယ်လစ်တပ်မှူးများ ရှိသလောက်ရှိနေခဲ့သည်။လွတ်လပ်ရေးရအပြီး သုံးလမျှမရှိသေးခင်မှာပင် အဆိုပါကွန်မြူနစ် ဆိုရှယ်လစ်ပဋိပက္ခမှပြည်တွင်းစစ်အထိအခြေအနေဆိုးသွားခဲ့ရာ တပ်မတော်မှာလည်း ပြည်တွင်းစစ်နောက်ခံနိုင်ငံရေးနှင့် မလွဲမရှောင်သာ ဆက်စပ်ပတ်သက်လာ ရတော့သည်။ ပြည်တွင်းစစ်ကြောင့်ပင်တပ်မတော်တွင်း ညီညွတ်ရေးကို ထိခိုက်ခဲ့ရသည်များရှိသည်။
မည်သို့ပင်ရှိစေ ၁၉၄၈-ဗကပ တောခိုချိန်တွင် တစ်ကြိမ်၊ ၁၉၄၉ တပ်မတော်အစိတ်အပိုင်းအချို.တောခိုချိန်တွင်တစ်ကြိမ်၊ကွန်မြူနစ်တပ်မှူးများ တပ်မတော်နှင့် ကင်းကွာသွားခဲ့သည်။တစ်ဖန်၁၉၆၀ရွေးကောက်ပွဲအပြီးတွင်ဆိုရှယ်လစ်အနွယ်တပ်မှူးအချို့ကိုတပ်မတော်မှဖယ်ရှားနိုင်ခဲ့သည်။ သို့နှင့်တိုင် ၁၉၆၂ သို့ရောက်သောအခါ တပ်မတော်မှပင်“တော်လှန်ရေးကောင်စီ” ဖွဲ့ပြီးနိုင်ငံတော်တာဝန်အရပ်ရပ်ကိုယူခဲ့ပြန်သည်ထိုသည်၏နောက်တွင်တော်လှန်ရေးကောင်စီကိုအခြေခံပြီး“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” ကိုဖွဲ့စည်းကာ နိုင်ငံတော်၏ တစ်ခုတည်းသော ဦးဆောင်ပါတီအဖြစ် ဆက်လက် တာဝန်ယူစေခဲ့သည်။

၁၉၈၈ အရေးအခင်းနောက်ပိုင်းသို့ ရောက်သောအခါ တပ်မတော်မှပင်“နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့” ကိုဖွဲ့စည်းကာ နိုင်ငံတော်တာဝန်ကိုဆက်လက်ယူခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင် တပ်မတော်သားများကိုလည်းပါတီမှနုတ်ထွက်စေခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ”(တ.စ.ည) အဖြစ်ပြန်လည်ဖွဲ့စည်းကာတပ်မတော်နှင့်မသက်ဆိုင်သောအရပ်ဘက်နိုင်ငံရေးပါတီတစ်ခု ဖြစ်လာပြီး၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့သည်။ ထို့နောက်တစ်ဖန်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဆက်ခံသော “နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ” က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်အတည်ပြုစေကာ ၂၀၁၀ ရွေးကောက်ပွဲကိုကျင်းပပေးခဲ့သည်။ ဤတွင်တပ်မတော်ခေါင်းဆောင်များ၊နာယကမူဦးဆောင်ခဲ့ကြသောယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့မှာနိုင်ငံရေးပါတီတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးရွေးကောက်ပွဲဝင်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များကိုလည်းတပ်မတော်မှ အနားယူစေခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းစတင်ခဲ့သည့် သီးခြားလွတ်လပ်သောတပ်မတော်ဖြစ်စေရေးကြိုးပမ်းမှု၏ နောက်ထပ်ခြေလှမ်းများဟု သဘောရပါသည်။
သို့တစေ တပ်မတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကိုမူ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေ
ဖြင့်အတည်ပြုထားသည်။
ဆိုခဲ့ပြီးသောတပ်မတော်နှင့် နိုင်ငံရေးတို့၏ပူးတုံခွာတုံဖြစ်စဉ်ကြီးကို ပြောင်းလဲလာသောကမ္ဘာ့ရေစီးကြောင်းများနှင့် ဆက်စပ်ကြည့်မြင်ဖို့လိုလိမ့်မည်ဟု သဘောရပါသည်။စစ်အေးတိုက်ပွဲ အထွတ်အထိပ်ကာလ (၁၉၆၀၀န်းကျင်) က စတင်ခဲ့သောMILITARIZATION OF POLITICS TREND နှင့် စစ်အေးအပြီး (၁၉၉၀ ၀န်းကျင်) တွင်စတင်ဖြစ်တည်လာသော DEMILITARIZATION OF POLITICS TREND တို့ဖြစ်ပါသည်။
ယနေ့မြန်မာ့နိုင်ငံရေးမှာဒုတိယရေစီးကြောင်း နောက်ခံတွင် ပေါ်ထွက်လာခြင်းဖြစ်မည်ထင်သည်။
နိုင်ငံရေးခေါင်းဆောင်အချို့
~~~~~~~~~~~~~~~~~~
ယခုစာတမ်း၏ ယေဘုယျကာလသတ်မှတ်ချက် (၁၉၄၈-၁၉၈၈) အတွင်းမြန်မာ့နိုင်ငံရေးကို ဦးဆောင်ပုံဖော်ခဲ့ကြသူအားလုံးလောက်မှာ ယခုအခါသက်ရှိထင်ရှားမရှိကြတော့ပါ။ လူပုဂ်္ဂိုလ်အနေနှင့် သူတို့တစ်ဦးချင်းစီတွင်အားနည်းချက်၊အားကောင်းချက်၊ အမှားပိုင်း-အမှန်ပိုင်းများရှိနိုင်ကြသည့်တိုင် သူတို့အားလုံးမှာမြန်မာ့လွတ်လပ်ရေးအတွက်တက်ညီလက်ညီ ကြိုးပမ်းခဲ့ကြသူများချည်းဖြစ်ပါသည်။
သို့အတွက် အဆိုပါခေါင်းဆောင်ကြီးများကို ပုဂ်္ဂိုလ်ရေးတိုက်ခိုက်မှုသဘောမသက်ရောက်စေဘဲ ခေါင်းဆောင်မှုအကောင်းအဆိုးကိုအကဲဖြတ်သုံးသပ်သည်ကသာအနာဂတ်အတွက်အကျိုးများပါလိမ့်မည်။ဤအမြင်၊ဤအတွေးနှင့်ပင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်အချို့ကိုစာရေးသူဥာဏ်မီသလောက် အကျဉ်းမျှတို့ထိကြည့်ပါမည်။
မြန်မာ့နိုင်ငံရေးခေါင်းဆောင်အများစု (ပြောရလျှင် အားလုံးလောက်) မှာ သူတို့တစ်တွေ၏ကနဦးနိုင်ငံရေးဘ၀အစလောက်က လက်ဝဲနိုင်ငံရေးအယူအဆ မက်(စ်)၀ါဒ အပေါ်သူ့အတိုင်းအတာနှင့်သူစိတ်ညွှတ်ခဲ့ကြဟန်ရှိပါသည်။သူတို့အထဲမှ သခင်စိုး၊သခင်သန်းထွန်းတို့ဆိုလျှင်လက်ဝဲအိုင်ဒီအိုလိုဂျီ ဆရာကြီးများအဖြစ်ပင် ထင်ရှားခဲ့ကြသည်။
သို့တိုင်အောင်တရားသေ၀ါဒကိုမူ သူတို့နှစ်ယောက်လုံးမကျော်လွှားနိုင်ခဲ့ကြပါ။
သဘောတရားရေးအရာတွင်သူတို့လောက်နာမည်မကြီးလှသည့်တိုင် သခင်အောင်ဆန်း၏ အားကောင်းချက်မှာတရားသေ၀ါဒကိုရှောင်နိုင်ပြီး လက်တွေ့ကျကျဦးဆောင်နိုင်စွမ်းဖြစ်လိမ့်မည်ထင်ပါသည်။ အထူးသဖြင့် စစ်ပြီးခေတ်လွတ်လပ်ရေးကြိုးပမ်းမှုကာလ (၁၉၄၅-၄၈)တွင် သူ၏လက်တွေ့ကျသော ဦးဆောင်မှုကိုထင်ထင်ရှားရှား တွေ့ရသည်။
နဂါးနီစာပေအသင်းကြီးကို စတင်တည်ထောင်သူတစ်ဦးဖြစ်သည့်တိုင် သခင်နု (ဦးနု) မှာအိုင်ဒီအိုလိုဂျီသမားတစ်ဦးမဟုတ်ဟု သဘောရပါသည်။ “ကိုယ်ရည်ကိုယ်သွေး”(PERSONALITY) ဖြင့် နိုင်ငံရေးလုပ်သူဟုမြင်သည်။ထိုခေတ် လက်ဝဲလိုလားသူလူငယ်များကြားတွင် “ကိုကြီးနု” အဖြစ်အားလုံးကတလေးတစားနေရာပေးခဲ့ရသူဖြစ်ရြာ မန်မာ ခေါင်းဆောင်များကြားတွင် ကိုယ်ရည်ကိုယ်သွေး အမြင့်ဆုံးဟူ၍ပင် ဆိုရမလိုရှိသည်။လွတ်လပ်ရေးခေတ်ဦးတွင် အာဏာရပါတီဖြစ်လာသည့်ဆိုရှယ်လစ်ပါတီခေါင်းဆောင်စုထဲတွင်(လက်ဝဲအသိုင်းအ၀ိုင်းကြား)လူမုန်းအများဆုံးဖြစ်ဖွယ်ရှိသည်မှာ ဦးကျော်ငြိမ်းဖြစ်ပါလိမ့်မည်။ဤသို့ဖြစ်ရသည်မှာသူတာဝန်ယူရသော “ပြည်ထဲရေးဝန်ကြီး” အလုပ်နှင့်လည်း ဆိုင်ပါလိမ့်မည်။

ထို့ထက်စစ်အေးခေတ်နိုင်ငံတကာအခင်းအကျင်းနှင့်
ပြည်တွင်းစစ်နောက်ခံတို့ဖြင့်လည်းဆက်စပ်စဉ်းစားဖို့လိုပါလိမ့်မည်။သို့တစေဆိုရှယ်လစ်ခေါင်းဆောင်များထဲတွင် ဦးကျော်ငြိမ်းမှာလေ့လာအားအကောင်းဆုံး၊အထက်မြက်ဆုံးဖြစ်သည်ကိုမူ (လိုလားသူရော၊ မလိုလားသူများကပါ)သိမှတ် လက်ခံကြပါသည်။ ဦးကျော်ငြိမ်းမှာ သူတို့ခေတ်ခေါင်းဆောင်အများစုလိုမက်(စ်)၀ါဒီမဟုတ်။စွဲမြဲသောဆိုရှယ်ဒီမိုကရက်တစ်ဦးဖြစ်သည်။
နောက်ထပ်ဆိုရှယ်လစ်ခေါင်းဆောင်တစ်ဦးဖြစ်သူဦးဗဆွေကမူဦးကျော်ငြိမ်းလိုမဟုတ်။ လူချစ်လူခင်များသည်။မူလက လက်ဝဲအယူအဆလိုလားသူ၊နောက် ဗုဒ္ဓဘာသာဆိုရှယ်လစ်၊နောက်ဆိုရှယ် ဒီမိုကရက်၊အယူအဆရေးရာတွင် စွဲမြဲဟန်မရှိ။သို့သော် ဂိုဏ်းဂဏအနည်းဆုံးဆိုရှယ်လစ်ခေါင်းဆောင်ဟုယူဆကြသူများရှိသည်။အရှိကိုအရှိအတိုင်း မြင်တတ်သူဟုလည်း ဆိုသည်။
၁၉၆၂နောက်ပိုင်းမှစ၍အဓိကဦးဆောင်မှုတာဝန်ယူခဲ့သူမှာဗိုလ်ချုပ်ကြီးနေ၀င်းဖြစ်ပါသည်။သို့နှင့်အမျှအဝေဖန်ခံရဆုံးခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့သည်။သို့နှင့်တိုင်ဦးနေ၀င်း၏နိုင်ငံရေးဘ၀ကိုအကဲဖြတ်ရာတွင်သူဖြတ်သန်းခဲ့ရသော ခေတ်ရေစီးများနှင့်ဆက်စပ်ကြည့်မြင်ပါမှ မျှတလိမ့်မည်ထင်ပါသည်။ ၁၉၄၀ ပြည့်လွန်နှစ်များမှ စတင်ခဲ့သော
“လက်ဝဲလှိုင်း” (LEFT WING POLITICAL WAVE) နှင့်၁၉၆၀ ပြည့်နှစ်ဝန်းကျင်တွင်ပေါ်ထွက်လာသော“နိုင်ငံရေးကို စစ်ဘောင်သွင်းသည့် တူရူချက်” (MILITARIZATION OF POLITICS) တို့ဖြစ်သည်။
““ကိုယ့်အနေနဲ.ဒီသံသရာတရားတွေ၊သင်္ခါရတရားတွေ၊အနိစ္စ၊အနတ္တတရားတွေကို ဒီနေ့သိမြင်သလိုများ
ဟိုတုန်းက သိခဲ့မယ်ဆိုရင် ၁၉၆၂ခုနှစ် မတ်လကိစ္စကိုကိုယ်မလုပ်ခဲ့ပါဘူး ...””
(ဦးနေ၀င်းမှ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) ကို ၁၉၉၅ ဇူလိုင် ၂၆ ရက်ကပြောခဲ့သောစကား) ကိုကိုမောင်ကြီး၏ (တရံရောအခါများ - မှ)
ဦးနေ၀င်း နောင်တရ ရအောင်အမှားတွေလုပ်မိခဲ့တာဟာ အသိတရားကြောင့်လို့ပဲ ယူဆပါတယ်
ဒီနေ့တပ်မတော်နေ့မှာလည်းစစ်ဦးစီးချုပ်မင်းအောင်လှိုင်က စစ်တပ်ဟာနိုင်ငံတော်ကာကွယ်ရေးအပြင်
အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်အခန်းကဏ္ဍကနေဆက်လက်ဦးဆောင်မယ်လို့ပြောသွားတော့
"ဒီမိုကရေစီ"စနစ် ဆိုတာသူတို့ ပါးစပ်ထဲကစနစ်ပဲဖြစ်နေအုံးမှာပေါ့ဗျာနော်...
ဒါကိုတော့ဘယ်လိုမှလက်မခံနိုင်ဘူး နောက်ထပ် နောင်တရအုံးမဲ့ စစ်ခေါင်းဆောင်မျိုးလည်း ထပ်မတွေ့လိုတော့ဘူး။ လက်မခံနိုင်ရင် ပြောင်းလဲအောင်ဘယ်လိုလုပ်မှာလည်း။
(ကိုကိုကြီး) ပြောသွားတာနဲ့ အဆုံးသတ်ပါရစေ...
“ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးကိုမျှော်ကိုးပြီးတော့ ကာလတခုမှာ သမားရိုးကျမဟုတ်တဲ့၊ ပုံစံတကျ မဟုတ်သေးတဲ့ နိုင်ငံရေးဖြစ်စဉ်တခုကို ဖြတ်သန်းနေရတာပါ။ တကယ့် တကယ်ကတော့ တည်ငြိမ် တဲ့ အခြေကျ တဲ့ ဒီမိုကရေစီနိုင်ငံတနိုင်ငံဖြစ်လာပြီဆိုရင် ဒီတပ်မတော်သားဆိုတာဟာလည်း နိုင်ငံသားတွေရဲ့ အစိတ်အပိုင်း
တခုသာဖြစ်တာ ကြောင့် သူက အထူးအခွင့်အရေး ရယူခံစားတာမျိုး သာမန် နိုင်ငံသား တွေထက်
ကျော်လွန်ပြီးတော့ အထူးအခွင့်အလမ်း တခုမှာ ရနေတာမျိုးဟာ သူတို့ကိုယ်က မဖြစ်သင့် ဘူးဆိုတာ
ကို သူတို့ကိုယ်တိုင် နားလည် သဘောပေါက်လာလိမ့်မယ်လို့ ကျနော် ယုံကြည်မျှော်လင့်ပါတယ်။
နောက်ပြီးတော့ ဒါဟာ ကျနော်တို့ ရေရှည်သွားရမယ့် ပန်းတိုင်တခုလည်း ဖြစ်ပါတယ်။” တဲ့...
(ရေရှည်ဆိုတော့ ကြာမယ်သီးခံနိုင်ရမယ် ရင့်ကျက်နိုင်ရမယ်ပေါ့ဗျာနော့... တခါတခါတော့လည်း တင်းမိပါတယ် ကိုယ့်ဘ၀ကိုယ်။))

Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment