မြန်မာသတင်းများ        မတ် ၁၅ ရက်၊ ၂၀၁၂


မီဒီယာကိုကန့်သတ်ခြင်းသည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်းဟု ဒေါ်စုပြော 

မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်ခြင်းသည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်းနဲ့ တူကြောင်း
ယနေ့ညနေ ၅နာရီခွဲကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူးဖြစ်သူ ဒဲရစ်မစ်ချယ်တို့ တွေ့ဆုံမှုအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်း ဖြစ်သည်။
နိုင်ငံအတွင်း လမ်းများမကောင်းသည်ကို သတင်းရေးသည့် မော်ဒန်ဂျာနယ်ကို တရားစွဲခြင်းနှင့် ဝန်ကြီးဌာနများငွေကြေး အလွဲသုံးစားလုပ်သည်ဟု သတင်းရေးသည့် The Voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနမှတရားစွဲမည်ဟုဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖေါ်ပြခြင်းတို့ကိုရည်ညွှန်း၍ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။

“လမ်းတွေမကောင်းတာကို ဓါတ်ပုံရိုက်ပြီး ပြပေါ့။ တရားစွဲရင်လည်း တရားရုံးမှာ ရင်ဆိုင်လိုက်။ လမ်းတွေ မကောင်းလို့ မကောင်းဘူး ရေးတာပဲ။ တရားစွဲတယ်ဆိုတာ မဟုတ်မမှန် စွပ်စွဲရင်တော့ တရားစွဲနိုင်တာပေါ့။ အမှန်ကို အမှန်အတိုင်းပြောတာကို ပါးစပ်ပိတ်တယ်ဆိုတာ မီဒီယာလွတ်လပ်မှုကို ကန့်သတ်တယ်ဆိုတာဟာ ဒီနိုင်ငံရဲ့ တိုးတက်မှုကို ကန့်သတ်တာနဲ့တူတူပဲ။ အန်တီကတော့ ဒီလိုပဲ ယုံကြည်တယ်။"ဟု ဆိုသည်။

ဒဲရစ်မစ်ချယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့်တွင် စတင်တွေ့ဆုံခဲ့ပြီး တနာရီခွဲကြာ
ဆွေးနွေးမှုအတွင်း လာမည့်ဧပြီ တရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အခြေအနေများ ကိုလည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ဒဲရစ်မစ်ချယ်သည် မြန်မာနိုင်ငံသို့ ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် ယခုလ ၁၁ ရက်နေ့တည်းက မြန်မာနိုင်ငံကိုရောက်ရှိလာခြင်း ဖြစ်သည်။

အမေရိကန် အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အမေရိကန်အစိုးရ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲက အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာမနေ့ညနေက သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုဆိုရင် ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေထဲမှာ အမှားအယွင်းများစွာ တွေ့နေရကြောင်း၊ ကြိုတင်မဲကိစ္စတွေနဲ့ ပတ်သက်ပြီး မမှန်မကန် ဆောင်ရွက်မှုတွေ ရှိနေတာ ကြားရကြောင်း၊ ဒါကြောင့် ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ဖို့ နိုင်ငံတကာက စောင့်ကြည့်နေဖို့ လိုအပ်ကြောင်း ပြောသွားပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲမစ္စတာဒဲရစ်မစ်ချဲကလည်း နေပြည်တော်ကအစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲတွေရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲတွေပါ အကျိုးရှိတဲ့ဆွေးနွေးပွဲတွေဖြစ်ကြောင်း၊ နိုင်ငံတကာက စေလွှတ်ချင်တဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက လက်ခံမယ် မခံဘူးဆိုတာ ဘာကတိမှ မပေးသေးကြောင်း သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်လို့သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအရေး အမေရိကန်ကိုယ်စားလှယ် ဒေါ်စုနဲ့ဆွေးနွေး

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲ ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မနေ့က တွေ့ဆုံခဲ့ပြီးတော့ - ကြားဖြတ်ရွေးကောက်ပွဲကိစ္စအပါအဝင်လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မဲဆွယ်စည်းရုံးရေးကာလအတွင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ မဲစာရင်း လွဲချော်မှုတွေအကြောင်း ပြောပြခဲ့သလို -မစ္စတာမစ်ချဲကလည်းလွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမျိုးဖြစ်ဖို့ကိုထပ်မံ ပြောဆိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ၆ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲ ဟာ မတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့တာပါ။ အဲ့ဒီ တွေ့ဆုံမှု အတွင်း - ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေအပါအဝင် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆွးနွေးခဲ့ကြတာဖြစ်ပါတယ်။ ၁ တွ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ မစ်ချဲက - ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတဝှမ်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ ကြုံတွေ့ရတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိ ကြောင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အတွက် နိုင်ငံတကာက စောင့်ကြည့်အကဲခတ်တွေ ထားရှိရေးကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့ပါတယ်။
“နိုင်ငံတကာက အကဲခတ်တွေ စောင့်ကြည့်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ တိတိကျကျ အာမခံပေး ပြောတာမရှိပါဘူး။ တကယ်တော့ အာဆီယံ အမေရိကန်နဲ့ တခြား အပါအဝင် တော်တော်များများက ကမ်းလှမ်းထားတာ ရှိပါတယ်။ ဒါမှလည်း လွတ်လပ်မျှတမှု ရှိရစေမယ်လို့ ကတိပေးထားတာတွေကို အာမခံနိုင်မှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်ကတော့ တိတိကျကျ အဖြေမပေးသေးပါဘူး။”
မဲဆန္ဒရှင်စာရင်းတွေမှာ မမှန်မကန် ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖြစ်တဲ့ အကြောင်းနဲ့ ဒီကိစ္စကိုတော့ ဒေါ်အောင်ဆန်းစုကြည် တို့ဘက်ကလည်း တင်ပြထားတာတွေ ရှိနေတယ်ဆိုတဲ့အကြောင်းလည်း မစ္စတာမစ်ချဲ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အများက လက်ခံယုကြည်နိုင်တဲ့ အခြေအနေမျိုးတွေကိုပဲ လိုချင်တဲ့အကြောင်းကို လည်း ပြောသွားခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ - ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲကို ရောက်ရှိတဲ့အခါ လုပ်ဆောင်နိုင်မှာတွေ အများကြီး ရှိနိုင်ပါတယ်လို့ သတင်းထောက်တွေကို အခုလို ပြောခဲ့ပါတယ်။
“၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတခုတည်းအတွက်ကိုပဲ ကျမတို့ ရှေ့ရှုပြီး လုပ်ဆောင်နေတာမဟုတ်ပါဘူး။ လွှတ်တော်ထဲကို ရောက်သွားတဲ့ အခါကျရင်လည်း ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာကိုပါ ကျမတို့က ရှေ့ရှုပါတယ်။ တကယ်လို့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၇ နေရာပဲ အနိုင်ရရှိခဲ့မယ် ဆိုရင်တောင်မှ ကျမတို့အနေနဲ့ လုပ်နိုင်တာတွေ အများကြီးရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ ဥပဒေပြုအမတ် တယောက်ချင်းစီတိုင်းဟာ - လူထုကို ကိုယ်စားပြုတဲ့ သူတို့ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ရာအတွက် အခွင့်အရေး အပြည့်အဝရှိသင့်လို့ပါ”
ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြည်သူကို ပထမဦးစားပေးတဲ့ နိုင်ငံရေးမျိုး လိုလားကြောင်းကိုလည်း ပြောဆိုသွားခဲ့ပါတယ်။ ၆ ရက်ကြာ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အတွင်း နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့လည်း ၂ ရက်ကြာ တွေ့ဆုံခဲ့ပြီးနောက် - လွှတ်တော်ဆိုင်ရာ ကိစ္စရပ်တွေ၊ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေအပြင် မြန်မာနဲ့ အမေရိကန် ၂ နိုင်ငံအကြား ဆက်ဆံရေး ဒီ့ထက် ပိုတိုးမြှင့်နိုင်ဖို့အတွက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီနောက် ရန်ကုန်ကို လာရောက်ပြီး ဗုဒ္ဓဟူးနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာပါ။ ကြာသာပတေးနေ့မှာတော့ ရန်ကုန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိပြီး - အဲ့ဒါပြီးရင်တော့ မန္တလေးကို ဆက်လက်ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့

မစ္စတာ Derek Mitchell ဟာ မနေ့က မွန်းလွဲပိုင်းက ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေ ဆောင်ရွက်နေတဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဆောင်ရွက်ချက်တွေအကြောင်း မေးမြန်းခဲ့သလို ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲဟာ တစ်နာရီခန့်ကြာတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဘက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီနဲ့ မနီလာသိန်းတို့ တက်ရောက်ခဲ့ပါတယ်။
မစ္စတာ ဒဲရက်မစ်ချယ်နဲ့အဖွဲ့ဟာ မနေ့က ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေနဲ့ မြန်မာ အမေရိကန်ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မစ္စတာ ဒဲရက်မစ်ချယ်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တွ့ဆုံခဲ့ပြီး မြန်မာနိုင်ငံလွှတ်တော်က လုပ်ဆောင်နေတာတွေ၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှာ သံမှူးအဆင့်အထိ ပြန်လည်ခန့်အပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတရင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို တဆင့်ချင်း လျှော့ချသွားဖို့ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

မြစ်ဆုံဒေသခံများကို ဖိအားပေးမှု ရုပ်သိမ်းရန် ၈၈ အဖွဲ့ တောင်းဆို

ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်း နယ်မြေအတွင်းရှိ တန်ဖဲ ကျေးရွာကို ရွှေ့ပြောင်းရန် အစိုးရ အာဏာပိုင်များ၏ ဖိအားပေးမှု ရုပ်သိမ်းရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ ယမန်နေ့က စာပို့ တောင်းဆိုလိုက်သည်။အစိုးရက စီမံပေးထားသော နေရာသစ်တွင် စိုက်ပျိုးမြေ အခက်အခဲရှိ၍ မြစ်ဆုံစီမံကိန်းအနီး နေရာဟောင်းတွင် တောင်ယာ လုပ် ကိုင်ရန် ရောက်ရှိနေကြသော တန်ဖဲရွာသားများကို ဒေသအာဏာပိုင်များက ယခုလ ၁၇ ရက်မတိုင်မီ ပြောင်းရွှေ့ပေးရန် ဖိအားပေး များကို ရုပ်သိမ်းရန် တောင်းဆိုခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေး က
“သမ္မတဦးသိန်းစိန်အနေနဲ့က ဒီမြစ်ဆုံစီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ယာယီရပ်ဆိုင်းထားမယ် ဆိုပြီးတော့မှ တရားဝင် ၊ဒီအချိန်မှာ နေရပ်ရင်းကို ပြန်ပြောင်းရွှေ့လာတဲ့ရွာသားတွေကို ဒေသအာဏာပိုင်တွေက ပြန်ထွက် သွားကြဖို့ အဓမ္မ ဖိအားပေးမှုတွေ ရှိနေတာကို သမ္မတအနေနဲ့ ရပ်ဆိုင်းပေးဖို့ တောင်းဆိုထားတာ”ဟု ကိုမြအေး က ပြောသည်။
တောင်းဆိုစာကို သမ္မတ ဦးသိန်းစိန် အပါအဝင် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တို့ထံ လိပ်မူပြီး မိတ္တူကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဝန်ကြီး ဦးလဂျွန်ငန်ဆိုင်း နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များထံသို့လည်း ပေးပို့ထားကြောင်း သိရသည်။ အစိုးရနှင့်တိုင်းရင်းသားများအကြား ယုံကြည်မှုတည်ဆောက်ဆဲကာလတွင် တိုင်းရင်းသားများအပေါ်စိတ်ဝမ်းကွဲစေမည့်လုပ်ရပ်များ ကိုရှောင်ကျဉ်ပြီး သမ္မတညွှန်ကြားထားသည့် မြစ်ဆုံ စီမံကိန်း ရပ်တံ့ထားပေးသကဲ့သို့ ကချင်တိုင်းရင်းသား အများစုဖြစ်သော တန် ဖဲရွာသားများကို နေရပ်ရင်းတွင် အသက်မွေး ဝမ်းကျောင်းခွင့်ပြုရန် ရည်ညွှန်တောင်းဆိုထားသည်ဟု ကိုမြအေးက ပြောသည်။
မြစ်ဆုံစီမံကိန်းကိုယာယီရပ်ဆိုင်းထားရန်သမ္မတဦးသိန်းစိန်ကညွှန်ကြားထားပြီးနောက် နေရပ်ရင်းသို့ ပြန်လည်ပြောင်းရွှေ့လာကြ သော တန်ဖဲရွာသားများကို ၁၀ ရက်အတွင်း ပြောင်းရွှေ့ပေးရန် ယခုလ ၆ ရက်နေ့တွင် မြစ်ကြီးနား ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုကဒုသမ္မတဦးတင်အောင်မြင့်ဦး၏ညွှန်ကြားစာကိုကိုးကား၍အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ယခင်နှစ်ဧပြီလပိုင်းကတန်ဖဲရွာသားများကိုအစိုးရကနစ်နာကြေးများပေးကာ၎င်းတို့စီစဉ်ဆောက်လုပ်ပေးထားသော အောင်မြင်သာ စံပြကျေးရွာသို့ ပြောင်းရွှေ့နေစေခဲ့သည်။ သတ်မှတ်ရက်အတွင်း ပြောင်းရွှေ့မပေးလျှင် ထောင်ဒဏ် ၁ လ သို့မဟုတ် ငွေဒဏ် ကျခံစေနိုင်သော ပုဒ်မ ၁၈၈ အရ တရားစွဲမည်ဟု ဦးခင်မောင်ချို က ပြောဆိုကြောင်း သိရသည်။
“အောင်မြင်သာရွာမှာကအိမ်တော့နည်းနည်းကောင်းတယ်။လုပ်ကိုင်စားဖို့ကကျနော်တို့နေရာဟောင်းမှာလို မြေမကောင်း ဘူး။ ကျောက်တောင်၊ ကျောက်မြေတွေချည်းပဲ။ တချို့နေရာဆို မြတ်တောင်မပေါက်နိုင်ဘူးလေ။ ဘာမှ လုပ်စားလို့မရဘူး။အဲဒါနဲ့ဒီမှာ ပြန်လာပြီး တောင်ယာခုတ်ပြီးစပါးစိုက်ဖို့ ပြန်လာကြတာပါ”ဟု ဒေသခံတဦးက ပြောသည်။
တန်ဖဲရွာသားများယခင်ကစပါးစိုက်ပျိုးခဲ့ကြသည့်လယ်ကွင်းများတွင်အစိုးရကလုပ်ကိုင်ခွင့်ပေးထားသော ရွှေ နှင့် ကျောက် တူးဖော်ရှာဖွေရေး ကုမ္မဏီများ လုပ်ကိုင်နေကြသဖြင့် ထိုလယ်ကွင်းအဟောင်းများတွင် လုပ်ကိုင်၍ မရတော့ဟုလည်း ဒေသခံများက ပြောသည်။ သို့သော် မြေရိုင်းများတွင်ရှင်းလင်းကာ စပါးစိုက်ပျိုးနိုင်သေးသည်ဟု ဆိုသည်။
မြစ်ဆုံ စီမံကိန်း ရပ်တံ့ထားမှုနှင့် ပတ်သက်ပြီး ယခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်နေ့က တန်ဖဲရွာတွင် ပြုလုပ်သော ဆုတောင်းပွဲတွင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ စာပေ အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး စီမံကိန်း လုံးဝရပ်ဆိုင်း သွားသည်အထိ ကြိုးပမ်းသွားကြမည်ဟု တက်ရောက်သူများက ပြောဆိုကြကြောင်း သိရသည်။
“ဒီရွာသူ၊ ရွာသားတွေ ရှာဖွေစားသောက်နေကြရတဲ့ လတ်တလောအနေအထားဟာ သိပ်ပြီး ပူပန်သောက တွေနဲ့ ရုန်းကန် နေရ တာကို တွေ့ရတယ်။ ကျနော်တို့လည်း တော်တော့ကို စိတ်မချမ်းမသာ ဖြစ်မိတယ်။ အဓိက ကတော့ သူတို့ ကျေးရွာ မပြောင်းရွှေ့ရအောင် ကျနော်တို့ အဖွဲ့အနေနဲ့ကလည်း ငြိမ်းချမ်းသော နည်းလမ်းနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းသွားမှာပဲ”ဟု ကိုမြအေးက ပြော သည်။
အလားတူ ပြည်တွင်း ပြည်ပ၌ ရှိသော မြန်မာနိုင်ငံသားများကိုလည်း တန်ဖဲရွာ မပြောင်းရွှေ့စေရေးအတွက် သမ္မတ ဦးသိန်းစိန် ထံ စာပို့၍ ဝိုင်းဝန်းတောင်းဆိုပေးကြရန်အတွက်လည်း ကိုမြအေး ကဆက်ပြောသည်။
၂၀၁၁ ခုနှစ်တွင် တန်ဖဲရွာနှင့်အတူ စီမံကိန်းအတွင်းကျရောက်နေသည့် မလိယန်၊ တောင်ဘန်၊ မဇွပ်နှင့် ဖလဲ့ ကျေးရွာများရှိ အိမ်ခြေ ၁၀၀၀ ကျော်မှ လူဦးရေ ၃၅၀၀ ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်(KDNG) မှ ပြောရေးဆိုခွင့်ရှိသူ ကိုစားဂျီး က ဧရာဝတီသို့ ပြောသည်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မည့်ဆိုးကျိုးနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်စေနိုင်သည်ဟု ဆိုကာ ပြည်သူ လူထု၏ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် သမ္မတ အမိန့်ဖြင့် ယခင်နှစ် စက်တင်္ဘာလကုန်ပိုင်းက စီမံကိန်းကို ရပ်ဆိုင်းထားခြင်း ဖြစ် သည်။
သို့သော်မကြာခင်ရက်ပိုင်းအတွင်းက မြစ်ဆုံစီမံကိန်းကိုအမြန်ဆုံး ပြန်လည်အကောင်ထည်ဖော်နိုင်ရန် မြန်မာအစိုးရကို တိုက်တွန်းသွားမည်ဟု တရုတ် China Power Investment – CPI ကုမ္ပဏီ ၏ ဥက္ကဋ္ဌ Lu Qizhou က တရုတ်နိုင်ငံထုတ် China Daily သတင်းစာတွင် ပြောဆိုထားသည်။ ထို့အတူကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံစီမံကိန်း အပါအဝင် မြစ်ညာဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်း ၇ ခုကို မြန်မာနိုင်ငံ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် CPI ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး အမေရီကန်ဒေါ်လာ ၂၀ ဘီလျံ တရုတ်ဘက်မှ အကုန်အကျခံထားပြီး နှစ် ၅၀ ထုတ်ယူပြီးမှ မြန်မာအစိုးရထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း CPI ကုမ္ပဏီက ထုတ်ပြန်ထားသည်။
CPI ကုမ္ပဏီအနေဖြင့် စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလျံ အကုန်ကျခံတည်ဆောက်ရန် ရည်ရွယ်ထားပြီး စီမံကိန်း မှထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

တန်ဖဲရွာသားများအရေး ၈၈မျိုးဆက်တို့ သမ္မတထံစာပို့ 

မြစ်ဆုံရေကာတာ စီမံကိန်းအနီးရှိ တန်ဖဲကျေးရွာမှ ရွာသားများအား ပြောင်းရွှေ့ခိုင်းသည့် လုပ်ရပ် ရပ်ဆိုင်းပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ယမန်နေ့ အင်္ဂါနေ့က မေတ္တာရပ်ခံလိုက်သည်။အစိုးရသက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားသော်လည်း တန်ဖဲရွာသားများအား အောင်မြင်သာကျေးရွာသစ်ဆီသို့  ယခုလ ၁၇ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းနေသည့်အပေါ် ၈၈ မျိုးဆက်ခေါင်းဆောင် များက ဝင်ရောက် ဖြေရှင်းပေးခြင်း ဖြစ်သည်။ ယင်းမေတ္တာရပ်ခံစာကို ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ထံသို့ ပူးတွဲပေးပို့ခဲ့သည်။

“ဒီအချိန်မှာ အတင်းအဓမ္မ လုပ်ရပ်တွေက မရှိသင့်တော့ဘူး။  အဲဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်မှာရော၊ ပြည်တွင်းမှာပါ အစိုးရအဖွဲ့အနေနဲ့ ပျက်နေတဲ့ ဂုဏ်သိက္ခာကျအောင် မလုပ်စေချင်ဘူး။”ဟုကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
သမ္မတ ဦးသိန်းစိန်က တိုင်းပြည်အတွက် အလေးထား စဉ်းစားနေသဖြင့် တစုံတရာ တုံ့ပြန်မှုရှိလိမ့်မည်ဟု မျှော်လင့် ထားကြောင်းနှင့် အကယ်၍ တုံ့ပြန်မှု မပြုလုပ်ပါက ငြိမ်းချမ်းစွာဖြင့် ဥပဒေနည်းလမ်းအတိုင်းကန့်ကွက်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။ အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့ရမည့် တန်ဖဲရွာသားများအား ၎င်းတို့မပြောင်းရွှေ့ပါက ပုဒ်မ (၁၈၈) ဖြင့် အရေးယူမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ဒု-သမ္မတ အမိန့်ကို သုံး၍ မတ်လ(၇)ရက် နေ့က ဒေသခံများအား သတိပေးခဲ့သည်။
မြစ်ဆုံဒေသရှိ တန်ဖဲ ရွာသားများ၏ စားဝတ်နေရေး၊ အသက်မွေးဝမ်းကျောင်း ပြုနိုင်ရေးကို ရှေးရှု့သည့် အနေဖြင့် အဆိုပါ ဖိအားပေး ပြောင်းရွှေ့ခိုင်းသည့် လုပ်ရပ်အား ပြန်လည် ရုပ်သိမ်းပေးရန် ၈၈ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေးက လက်မှတ်ရေထိုးကာ သမ္မတထံ ပေးပို့လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ကတော့ လွတ်တော်ပြင်ပ နိုင်ငံရေးဆိုတာဟာ ဥပဒေပြင်ပ နိုင်ငံရေး မဟုတ်ဘူးလို့ ကျနော်တို့ ပြောခဲ့တာ ရှိတယ်။ အဲဒီစကားရပ်အတိုင်း ဥပဒေဘောင်အတွင်းကနေ သမ္မတကြီးရော၊ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေကို သိစေချင်တဲ့ ဆန္ဒရှိလို့ ရည်ရွယ်ပြီးတော့ တင်တာပါ။”ဟု ကိုမြအေးက ပြောသည်။

တိုင်းပြည်အပြောင်းအလဲ ပြုလုပ်နေချိန်ဖြစ်၍ အဆိုပါ ပြောင်းရွှေ့ခိုင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထင်ရှားသည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း သမ္မတထံ မေတ္တာရပ်ခံစာ ပေးပို့ကြရန် တိုက်တွန်းထား သည်။
မြစ်ဆုံဒေသခံရွာသား ၂၅၀ ကျော်ကလည်း မပြောင်းရွှေ့လိုကြောင်း မေတ္တာရပ်ခံစာကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းထံသို့ ဗုဒ္ဓဟူးနေ့တွင် ပေးပို့ခဲ့ကြောင်း တန်ဖဲကျေးရွာ ဒေသခံတဦးက ပြောသည်။

“ဒီကနေ မပြောင်းချင်ဘူးဆိုတာတွေ ပြန်စဉ်းစားပေးဖို့၊ အခုပြောင်းခိုင်းတဲ့နေရာမှာလဲ လုပ်ကိုင် စားသောက်မဲ့ နေရာ မရှိဘူး။ အခက်အခဲရှိနေတာတွေကို ရေးထားတယ်။ ခရိုင်ရုံး ခေါ်တုန်းက တန်ဖဲကနေ အောင်မြင်သာကို ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ နစ်နာကြေးတွေ ရပါတယ်ဆိုတဲ့ လက်မှတ်ထိုးခိုင်းတာတွေလည်း ပါတယ်။”ဟု တန်ဖဲကျေးရွာမှဒေသခံတဦးက ပြောသည်။

ယင်းစာမိတ္တူကို တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI ၊ အေးရှားဝေါ်(လ်) ကုမ္ပဏီ၊ ကချင်ပြည်နယ် လွတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေးဌာန၊ ခရိုင်အုပ်ချုပ်ရေးဌာန၊ မြန်မာနိုင်ငံခရစ်ယာန်များ အသင်းတော်၊ ကချင် အမျိုးသား အတိုင်ပင်ခံအဖွဲ့ ခရစ်ယာန်ဘာသာ ဂိုဏ်းပေါင်းစုံ၊ ကချင်ယဉ်ကျေးမှုအဖွဲ့များ အပါအဝင် ဌာနပေါင်း (၁၆)ခုသို့ ပေးပိုခဲ့သည်။

အစိုးရဝန်ထမ်းတို့ လစာတိုးမြှင့် 

နိုင်ငံအတွင်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံး လက်ရှိ ရရှိနေ သည့် လစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တလကို ကျပ် သုံးသောင်း ထပ်မံတိုးမြှင့်ပေးလိုက်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ နိုင်ငံပိုင် ရုပ်မြင်သံကြား MRTV-4 မှတဆင့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် ၁၀၀/၂၀၁၂ ဖြင့် ထုတ်ပြန်ကြေညာသည့် ကြေညာချက် တွင် “နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ရေ၊ လေ) ဝန်ထမ်းများအား စားဝတ်နေရေး သက်သာ ချောင်လည်မှု ရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တဦးလျှင် တလ ကျပ် (သုံးသောင်းတိတိ) ခံစားခွင့် ပြုရန်” ဟု ဖေါ်ပြပါရှိသည်။ ယင်းအပြင် အစိုးရဌာန အသီးသီးတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေကြသည့် လုပ်သားများကိုလည်း အလုပ်ချိန် တနေ့ ၈ နာရီအတွက် ယခင်က ကျပ် ၁၁၀၀ သတ်မှတ်ထားသော်လည်း ယခုတွင် ကျပ် ၂၁၀၀ သို့ တိုးမြှင့်ခံစားခွင့်ပြုသည်ဟု MRTV-4 မှ ထုတ်ပြန်ကြေညာသည်။

နိုင်ငံဝန်ထမ်းများနှင့် အစိုးရဌာန အသီးသီးတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေကြသည့် လုပ်သားများ အနေဖြင့် အဆိုပါ လုပ်ခ၊ လစာ တိုးမြှင့်ပေးမှု အကျိုးခံစားခွင့်ကို ဧပြီလ (၁) ရက်နေ့မှ စတင်ခံစားကြရမည် ဖြစ်သည်။ဝန်ထမ်းများလစာတိုးမြှင့်ပေးရန် ဖေဖေါ်ဝါရီလအတွင်း ပြည်ထောင်စုလွှတ်တော်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုတင်သွင်းခဲ့ပြီး သူ၏ အဆိုတွင် “အမှန်အတိုင်း ဝန်ခံပြောဆိုရမည်ဆိုလျှင် ယနေ့ တာဝန် ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိ ရရှိနေ‌သော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေ မရှိကြပါ။ အခြေခံ စားဝတ်နေရေး၊ လူမှုရေးအတွက် လောက်ငစွာ မရရှိပါ။” ဟု ထည့်သွင်း ပြောဆိုသွားသည်။

ထိုအခြေအနေများကြောင့် အစိုးရအနေဖြင့် သန့်ရှင်းသောအစိုးရ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ်
ဖြစ်လာနိုင်ရန် ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို ယခု ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ တိုးမြှင့်ပေးရန် ဦးရွှေမန်း၏ အဆိုပြုတင်သွင်းချက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။

ဦးရွှေမန်း၏ ဝန်ထမ်းများ လစာတိုးရေးအဆိုနှင့် ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းမှ နိုင်ငံ့လိုငွေ ပြလာနိုင်ခြင်းငွေကြေးဖေါင်းပွမှု မြင့်လာနိုင်ခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ငြင်းဆိုခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးက ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင်သာ ဝန်ထမ်းများ၏ လစာတိုးရေးကိုဆောင်ရွက်သင့်ပြီး ယခုနှစ်အတွင်း လူမှုရေးခက်ခဲသည့် မြို့နယ် ၈၅ မြို့နယ်မှ ဝန်ထမ်း ၃၇,၈၁၇ ဦးကိုသာ လစာတိုးပေးနိုင်မည် ဖြစ်ကြောင်း ဦးလှထွန်း က လွှတ်တော်အတွင်း ရှင်းလင်းခဲ့သည်။ဘဏ္ဍာရေးဝန်ကြီး၏ ငြင်းဆိုမှုအပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း လစာတိုးပေးရန် ဖေဖေါ်ဝါရီလ တွင် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ကာ အစိုးရသို့ ထပ်မံ တိုက်တွန်းခဲ့ပြန်သည်။ယခုလ (၁) ရက်နေ့ အစိုးရ သက်တမ်း တနှစ်ပြည့် သမ္မတ၏ မိန့်ခွန်းတွင်လည်း နိုင်ငံဝန်ထမ်းများသည် တနိုင်ငံလုံး လူဦးရေ၏ ၃.၃ ရာခိုင်နှုန်းသာရှိသည့်အတွက် ကျန် ၉၆.၇ ရာခိုင်နှုန်းရှိသော သာမန် လက်လုပ်လက်စား ပြည်သူများ ကို ငဲ့ကွက်သင့်ကြောင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးရေးနှင့် ပတ်သက်၍ ပြောဆိုသွားခဲ့သည်။
သမ္မတ၏ မိန့်ခွန်းတွင် “လစာတိုးပေးရေး ဆွေးနွေးမှုတွေကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာ ကိုလည်း တွေ့ရှိရပါတယ်။ ကျနော်တို့ ဝန်ထမ်းတွေ လစာတိုးမြှင့်ပေးလိုက်လို့ ခံစားရမယ့် အစိုးရဝန်ထမ်း မဟုတ်တဲ့ ၅၈ သန်းသော ပြည်သူတွေဟာ ဒီနောက်ဆက်တွဲ အကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။” ဟု ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆိုကို တုန့်ပြန်ပြောဆိုခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီး၏ ငြင်းဆိုမှုအပြင်၊ သမ္မတ၏ တုန့်ပြန်မှုအပြီး ၁၃ ရက်အကြာတွင် ဝန်ထမ်းများ လစာတိုးရေး ဦးရွှေမန်း၏အဆို ဗုဒ္ဓဟူးနေ့တွင် အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။

သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ်ကို တရားစွဲမည်ဟုဆို 

ဝန်ကြီးဌာနများ ငွေကြေးအလွဲသုံးစားပြုမှု ဖြစ်ပေါ်နေသည်ဟု ရေးသားဖေါ်ပြခဲ့သည့်
ပြည်တွင်းထုတ် ဂျာနယ်တခုဖြစ်သော The Voice ဂျာနယ်ကို သတင်းမမှန်မကန် ဖေါ်ပြသည်ဟုဆိုကာ တရားစွဲဆို မည်ဟု သတ္တုတွင်း ဝန်ကြီးဌာနက နိုင်ငံပိုင် ကြေးမုံသတင်းစာမှ တဆင့် ဗုဒ္ဓဟူးနေ့တွင် တုန့်ပြန်လိုက်သည်။

The Voice ဂျာနယ်၏ ယခုလ ၁၂ ရက်နေ့ထုတ် သတင်းတွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာန ပိုင်ဆိုင်သည့် မုံရွာကြေးနီ စီမံကိန်း၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချခဲ့ရာ ငွေပေးချေမှု၌ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတခုက ပေးချေသည်ဟု ရေးသားထားသည်။

ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ အဆိုပါ ရောင်းဝယ်မှုဖြစ်စဉ်များကို သတ္တုတွင်း ဝန်ကြီးဌာနက ငြင်းဆိုလိုက်ပြီး “The Voice ဂျာနယ်တွင် ဖေါ်ပြပါရှိသကဲ့သို့ ငွေကြေး အလွဲသုံးစားမှုနှင့် ငွေစာရင်းလိမ်လည်မှု၊ ဖုံးကွယ်မှု၊ ထိမ်ချန်မှု၊ လွှဲပြောင်း ဖေါ်ပြမှု လုံးဝမရှိခဲ့” ဟု ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။
သို့သော် The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကမူ ယင်းတို့ရေးသားသည့် သတင်းမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်မှ အောက်လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သော စာမျက်နှာ ၃၆ မျက်နှာပါ အစီရင်ခံစာပါ အချက်အလက်များကို ရယူရေးသားထားခြင်းဖြစ်ပြီး တိကျ ခိုင်လုံသည်ဟု ပြောသည်။

“ဒီသတင်း အချက်အလက်တွေ အားလုံးကလည်း ခိုင်မာတယ်၊ ကျနော်တို့မှာ အထောက်အလားလည်း ရှိတယ်။ စာရင်းစစ်ချုပ်ရုံးရဲ့ ၃၆ မျက်နှာရှိတဲ့ အစီရင်ခံစာအားလုံး ကျနော်တို့အားလုံး ရထားတယ်။ ကျနော်တို့ ရေးထားတာက အစီရင်ခံစာ အသေးစိတ်တောင် ကျနော်တို့ ရေးမထားဘူး။ အသေးစိတ်က ဒီ့ထက် ပြင်းထန်တယ်။” ဟု ဦးကျော်မင်းဆွေက ပြောသည်။

သတ္တုတွင်း ဝန်ကြီးဌာနကမူ ယင်းတို့၏ဌာနနှင့် စပ်လျင်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ သတ္တုတွင်း ဝန်ကြီးဌာန ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုလည်း တုန့်ပြန်ထားသည်။ ထို့အပြင် “မမှန်မကန် စွပ်စွဲဖေါ်ပြရေးသားမှုသာဖြစ်သည့် အတွက် The Voice ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်” ဟု ကြေးမုံသတင်းစာတွင် တုန့်ပြန်ဖေါ်ပြထားသည်။

ဝန်ကြီးဌာန၏ တုန့်ပြန်မှုနှင့် ပတ်သက်၍ “ကျနော်တို့ကတော့ ပြေပြေလည်လည်ပဲ သွားချင်ပါတယ်။ ဝန်ကြီးဌာနနဲ့ ကျနော်တို့ဆိုတာ ရန်သူတွေမှ မဟုတ်တာ။ အပြန်အလှန် ကူညီပေးရမယ့် လူတွေဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေက လည်း ပြည်သူအတွက် အလုပ်လုပ်တယ် ပြောသလို ကျနော်တို့လည်း အတူတူပါပဲ။” ဟု ဦးကျော်မင်းဆွေက ပြောသည်။
သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးမှာ ဦးသိန်းထိုက်ဖြစ်ပြီး သူသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားပြု ရန်ကုန်တိုင်း ဒဂုံ (ဆိပ်ကမ်း) မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။

The Voice ဂျာနယ်၏ ယခုလ ၁၂ ရက်နေ့ထုတ် အတွဲ (၈) အမှတ် (၁၃) တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာနများသည်ငွေကြေး အလွဲသုံးစားပြုမှုများ၊ ငွေစာရင်း မမှန်မကန် ဖေါ်ပြမှုများ ရှိနေသည်ဟုလည်း ရေးသားဖေါ်ပြထားသည်။

The Voice ရေးသားသည့် သတင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံပိုင် သတင်းစာများ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂,၅၀၀ ကျော်ကို အလွဲသုံးစားပြုလုပ်ကြောင်း စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးတွေ့ရှိသည်ဟု ရေးသား ထားသည်။ အမှတ် (၁) စက်မှုဝန်ကြီးဌာနသည်လည်း မီးထိုးဆီ ဂါလံ နှစ်သိန်းကျော်ကို ပြင်ပသို့ လွှဲပြောင်းရောင်းချခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုဝန်ကြီးဌာနများ၏ ကျပ်သိန်းပေါင်း ထောင်ချီ အရှုံးပေါ်နေခြင်းများကိုလည်း အမြတ်ငွေ ရရှိသည်ဟု လိမ်လည် ဖေါ်ပြခြင်းများ ရှိနေသည်ဟု The Voice ဖေါ်ပြထားသည်။ ဝန်ကြီးဌာနများ၏ ငွေကြေး အလွဲသုံးစားပြုမှုများသည် ယခင် အစိုးရလက်ထက် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဟုလည်း The Voice က ဖေါ်ပြထားသည်။

အဆိုပါ ဝန်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးစားပြုမှု အချက်အလက်များ အားလုံးသည် The Voice က ရရှိထားသော ပြည်ထောင်စု စာရင်းစစ်ချုပ်မှ အောက်လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သည့် အစီရင်ခံစာအတိုင်းဖြစ်သည်ဟု ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။ အဆိုပါ သတင်းဖေါ်ပြမှုနှင့် ပတ်သက်၍ စာပေစိစစ်ရေးက ခွင့်မပြုကြောင်းလည်း “ကျနော်တို့က စိစစ်ရေးတင်ဖို့နောက်ကျနေတယ်။ အဲဒီသတင်းရတဲ့အချိန်မှာ ကျနော်တို့ နည်းနည်းလေး မိုးချုပ်သွားတယ်။ မိုးချုပ်သွားတော့ တင်ချိန်မရဘူး။ ဒီသတင်းက ခိုင်လုံတယ် မှန်ကန်တယ် တိကျတဲ့အတွက် မနက်မှ စာပေစိစစ်ရေးကိုတင်တယ်။သူတို့ဘက်ကတော့ခွင့်မပြုဘူးလို့ပဲ ပြောကြပါစို့။”ဟုဦးကျော်မင်းဆွေက ပြောသည်။

The Voice ဂျာနယ်ကို သတ္တုတွင်းဌာန တရားစွဲမည်

အစိုးရ ၀န်ကြီးဌာနများ၏ ငွေကြေးအလွဲ သုံးစားမှု ပြဿနာအား ရေးသား ဖော်ပြခဲ့သည့် The Voice weekly ဂျာနယ်ကို သတ္တုတွင်း ၀န်ကြီးဌာက တရား စွဲဆိုမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ပီးခဲ့သည့် သီတင်းပတ်ထုတ် The Voice ဂျာနယ်၌“၀န်ကြီးဌာန အချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံး စားမှုများ စစ်ဆေးတွေ့ရှိ” ဟူသည့် သတင်းတွင်ပါဝင်သော သတ္တုတွင်း ၀န်ကြီးဌာန နှင့်ပတ်သက်၍ ရေးသားထားသည့် အချက်အလက် များ၌ မမှန်မကန် ဖော်ပြမှုများပါဝင်နေသောကြောင့် ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟု အစိုးရ သတင်းစာများတွင် ပါရှိသည်။
သတ္တုတွင်း ၀န်ကြီးဌာန အမှတ် ( ၁) သတ္တုတွင်း လုပ်ငန်း၏ မုံရွာကြေးနီ စီမံကိန်းမှ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာသန်း၁၀၀ ဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်သို့ ရောင်းချခဲ့သည့် ဖြစ်စဉ်တွင် ငွေပေးချေမှုများအား ဦးပိုင်လီမီတက်က ပေး ဆောင်ရမည့် အစား နိုင်ငံခြား ကုမ္ပဏီတခုမှ ပေးဆောင်ခဲ့ခြင်းများ ပါဝင်ကြောင်း The Voice ဂျာနယ် က ရေးသားထားသည်။
စီးပွားရေး ဦးပိုင်လီမီတက်သည် စစ်တပ် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၊ လက်ရှိ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ ဦးစီး၍ စီးပွား ရေး လုပ်ငန်း အများအပြား လုပ်ဆောင်နေသည့် ကုမ္ပဏီကြီး တခုဖြစ်သည်။
ယခု တရားစွဲဆိုမည့် ကိစ္စနှင့်ပတ်သက်၍ The Voice ဂျာနယ် ကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားရန်ငြင်းဆိုသည်။
Eleven media group ၏ မတ်လ ၁၂ ရက်နေ့က ဖော်ပြထားသည့် အွန်လိုင်း စာမျက်နှာတွင်လည်း သတ္တုတွင်း ၀န်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်း လုပ်ငန်းနှင့် မြန်မာ့ အိုင်ဗင်ဟို ကြေးနီ ကုမ္ပဏီတို့ ပိုင်ဆိုင်သည့် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို မြန်မာ့ စီပွားရေး ဦးပိုင်သို့ ရောင်းချခဲ့ကြောင်း၊ ရောင်းချငွေအား ဦးပိုင်မှ မပေးချေဘဲ ဟောင်ကောင် မှ Wanbo Mining Copper Limited က ပေးပို့ခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံး၏ အစီရင်ခံစာကို ကိုးကား၍ ရေးသား ထားသည်။
ဝန်ကြီးဌာန ၆ ခု ၏ ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်း မမှန် မကန် လိမ်လည်ဖော်ပြမှုများအား ပြည်ထောင်စု စာရင်း စစ်ချုပ် ရုံးမှတဆင့် လွှတ်တော် အသီးသီး၏ ငွေစာရင်း ကော်မတီများနှင့် ကိုယ်စားလှယ်များထံ ဖြန့်ဝေ ပေးထားကြောင်းလည်း လွှတ် တော် ကိုယ်စားလှယ်များ က ပြောသည်။
ငွေကြေးအလွဲသုံးစား ပြုလုပ်ခဲ့သည့် ၀န်ကြီးဌာန ၆ ခုမှာ သတ္တုတွင်း ၀န်ကြီးဌာန၊ ပြန်ကြားရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း၊ အမှတ် (၁) (၂) စက်မှု ၀န်ကြီးဌာနများ နှင့် သမ၀ါယမ ၀န်ကြီးဌာန တို့ ဖြစ်သည်။အစိုးရ၀န်ကြီးဌာနများ၏ ငွေကြေး အလွဲသုံးစားမှု သတင်းကို ပြည်တွင်း ပြည်ပ မီဒီယာများက ရေးသားဖော်ပြခဲ့သည့် အပြင်ထို ပြဿနာအား လွှတ်တော်၌လည်း ဆွေးနွေးကြမည် ဖြစ်ပြီး ငွေကြေး အလွဲသုံးမှု၊ အဂတိ လိုက်စားမှု တားဆီးရေး ကော် မရှင် တရပ် ဖွဲ့စည်းရေး၊ ဥပဒေ တရပ်ပြဌာန်း နိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဟု သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနတချို့သည် လမ်းခွန် တရားမ၀င်ကောက်ခံခြင်း၊ လမ်း ပျက်စီးမှုများ စနစ် တကျ လုပ်ဆောင်ခြင်းမရှိသည့် သတင်းကို ဖော်ပြခဲ့သည့် မော်ဒန် ဂျာနယ်ကိုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက ယခု လဆန်းပိုင်းအတွင်း တရားစွဲဆိုမှု ဖြစ်ပေါ်ခဲ့သည်။ 

အစိုးရ ထိုးစစ်ဆင်လျှင် SSA ခုခံ တိုက်ခိုက်မည်

အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA–S) က ၎င်းတို့ နယ်မြေအတွင်း အစိုးရတပ်များ ထပ်မံ ထိုးစစ်ဆင်လာပါက ခုခံသည့်အနေဖြင့် ပြန်လည် တိုက်ခိုက်သွားမည်ဟု ပြောဆိုလိုက်သည်။ ရှမ်းပြည်နယ် မိုင်းယောင်းနှင့် ကျောက်မဲဒေသများရှိ SSA–S စခန်းများကို အစိုးရတပ်များက ယခုလ ၁၁ ရက်နေ့တွင် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်ပြီးနောက် အစိုးရတပ်များ ဦးစွာတိုက်ခိုက်လာပါက ပြန်လည်ခုခံရန် အောက်ခြေတပ်များအားလုံးကို ညွှန်ကြား ထားကြောင်း SSA–S ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ပြောပြသည်။
“အစိုးရတပ်တွေက ကျနော်တို့ကို တိုက်ချင်သလို ၀င်တိုက်ကြတာကို တွေ့ရတယ်ဆိုတော့ သူတို့ကို ယုံကြည်စိတ်ချစွာနဲ့ အပစ် အခတ် ရပ်စဲပြီဆိုပြီးတော့ အတူတကွ နေထိုင်သွားလို့မရတဲ့ ပုံစံမျိုးကို တွေ့ရှိရတယ်။ ဒါကြောင့် သူတို့ကစပြီး တိုက်တယ် ဆိုရင် တော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ဖို့ ကျနော်တို့တပ်တွေကို ပြောထားတယ်”ဟု သူက ဆိုသည်။
အစိုးရတပ်များက သံလွင်မြစ် အရှေ့ဘက် မိုင်းယောင်းနှင့် တာချီလိတ်ကြားရှိ SSA–S စခန်းအား ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၀င် ရောက်တိုက်ခိုက်ခဲ့သဖြင့် SSA တပ်များ ဆုတ်ခွာပေးခဲ့ရကြောင်း၊ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့ကြား ပုံဝိုး-ဟိုင်းကွီ ကျေးရွာ အုပ်စု အနီးရှိ SSA–S ကင်းစခန်းကိုလည်း ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ပြောသည်။
“ကျနော်တို့တပ်တွေရှိတာ သိရဲ့သားနဲ့ တမင်သက်သက် ၀င်တိုက်သွားတာပါ”ဟုလည်း သူက ပြောဆိုသည်။
အစိုးရနှင့် SSA–S တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက ရှမ်းပြည်နယ် တောင်ကြီး မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် အပစ်ရပ်ပြီးနောက်ပိုင်း တိုက်ပွဲများဖြစ်ပွားနေသည်မှာ အနည်းဆုံး ၁၃ ကြိမ်ခန့်ရှိပြီ ဟု SSA–S က ပြောသည်။ ယင်းတိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်တချို့နှင့် SSA–S ခေါင်းဆောင်များ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင်ပြီး ခဲ့သည့်လ ၂၇ ရက်နေ့က ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
“အဲဒီမှာ အစိုးရတပ်တွေ ကျနော်တို့ကို မတိုက်ခိုက်အောင် တာဝန်ယူပေးပါ့မယ်လို့ ပြောသွားတာ ရှိပါတယ်။ ဒါပေမယ့် အတိအကျ လိုက်နာခြင်း မတွေ့ရှိရသေးဘူး”ဟု ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ပြောသည်။
သူက ဆက်ပြီး“ကျနော်တို့နဲ့ အပစ်အခတ်ရပ်စဲရေး ရထားပြီးတော့ သဘောတူညီချက် လက်မှတ်ထိုးထားတာက နိုင်ငံတော်အစိုးရ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကို တပ်မတော်က ထိရောက်အောင် လိုက်နာနိုင်ခြင်း နည်းပါးတယ်လို့ မြင်တယ်”ဟုလည်း ပြောဆိုသည်။ တပ်မတော်က ထိုသို့ ဆက်လက်တိုက်ခိုက်နေပါက အစိုးရနှင့် SSA–S တို့၏ အပစ်အခတ် ရပ်စဲရေးစာချုပ် ပျက်သွားနိုင်ကြောင်း ရှမ်းပြည်အရေး လေ့လာစောင့်ကြည့်နေသည့် သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။
“စစ်ရေးအင်အားသုံးတယ်ဆိုတာ ငြိမ်းချမ်းရေးကို မလိုလားဘူးလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ငြိမ်းချမ်းရေး မလိုလားရင် အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်သွားနိုင်ပါတယ်။ ဒီလို ပျက်ပြယ်အောင် ဘယ်ဘက်ကမှ မလုပ်သင့်ဘူး”ဟု သူက ဆိုသည်။ SSA–S အနေဖြင့်မူ အပစ်အခတ် ရပ်စဲရေး မပျက်ပြယ်လိုဘဲ ငြိမ်းချမ်းသည့်နည်းဖြင့်သာ ဆွေးနွေးဖြေရှင်းလိုကြောင်း ဗိုလ်မှူး စိုင်းလောင်ဝ်စိုင်းက ပြောသည်။
“ကျနော်တို့က အစိုးရနဲ့ ပစ်လားခတ်လား လုပ်လာတာလည်း ကြာပါပြီ။ မပြေလည်တဲ့ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေ ရှင်းနိုင်အောင် ကြိုးစားပါမယ်”ဟု သူက ဆိုသည်။
မော်ထိုင်း တပ်မတော် MTA ခေါင်းဆောင် ဦးခွန်ဆာ စစ်အစိုးရထံ လက်နက်ချသွားသည့်နောက်ပိုင်း ဗိုလ်မှူးကြီး ရွက်ဆစ်က SSA-S ကို မော်ထိုင်း အဖွဲ့ဝင်ဟောင်းတချို့နှင့် ၁၉၉၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနဲ့ရေပိုင်နက်အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ်နိုင်

မြန်မာနိုင်ငံနဲ့ ရေနယ်နိမိတ် အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာ တရားရုံးက အနိုင်ပေးလိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ နှစ်ပေါင်းများစွာ အချေအတင် ဖြစ်နေရတဲ့ ရေပိုင်နက်ကိစ္စအပေါ် ဂျာမဏီနိုင်ငံ Hamburg မြို့ တရားခွင်က ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။
သီးသန့် စီးပွားရေးဇုန်နယ်မြေ အပါအဝင် သူပိုင်၊ ကိုယ်ပိုင် ရေပိုင်နက် အငြင်းပွားရာက ကုလသမဂ္ဂ တရားရုံးက အဆုံးအဖြတ်ပေးဖို့  ၂ဝဝ၉ ခုနှစ်မှာ စတင် လျှောက်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာတော့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံက နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ အကျိုးဆောင်တွေနဲ့ အပြန်အလှန် လျှောက်လဲချက်တွေ တင်ခဲ့ကြပါတယ်။ ထောက်ခံမဲ ၂၁ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ ဆုံးဖြတ်လိုက်တဲ့ တရားရုံးရဲ့ စီရင်ချက်ကိုတော့ အယူခံ ပြန်လျှောက်ခွင့်လည်း မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Dipu Monti က ဆုံးဖြတ်ချက် ချမှတ်အပြီးမှာ ပြောခဲ့တာပါ။
ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိနိုင်တယ်လို့ ယုံကြည်နေကြတဲ့ ရေပိုင်နက် ပြဿနာကြောင့် လွန်ခဲ့တဲ့နှစ်တွေအတွင်း ၂ နိုင်ငံကြား တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ နိုင်ငံတကာ ပင်လယ်ပြင် ဥပဒေအရ ကမ်းလွန် ရေမိုင် ၁၂ မိုင် အထိဆိုရင် နိုင်ငံတနိုင်ငံရဲ့ ရေပိုင်နက်ဖြစ်ပြီး ကမ်းလွန် မိုင် ၂ဝဝ ဆိုရင်တော့ သီးသန့် စီးပွားရေးဇုန်နယ်မြေအဖြစ် သတ်မှတ်လေ့ရှိပေမဲ့ အခု အငြင်းပွားနေကြတဲ့ ရေပိုင်နက်ဟာ ကပ်လျက်ရှိနေတဲ့ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံ ကြား တည်ရှိနေတာမို့ အချေအတင် ဖြစ်စရာတွေလည်း ကြုံခဲ့ရတာပါ။
ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ကြား အငြင်းပွားနေတဲ့ အမှုကိုတော့ ကုလသမဂ္ဂရဲ့တရားခွင်က ၂ဝ၁၄ ခုနှစ်မှာ ဆုံးဖြတ်ချက် ချလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ငြိမ်းချမ်းရေးအတွက် WLB လက်မှတ်ထိုး တောင်းဆိုမည်

ပြည်တွင်း ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အမှန်တကယ် ဖြစ်ထွန်းလာရေးအတွက် ဦးသိန်းစိန် အစိုးရ အဖွဲ့၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး အဖွဲ့များ အားလုံး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာနှင့် လက်မှတ်ထိုးတောင်းဆိုသည့် လှုပ်ရှားမှုကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB)က ပြုလုပ်နေကြောင်း သိရသည်။ ယင်းလက်မှတ်များနှင့် အိတ်ဖွင့်ပေးစာကို မတ်လ၂၇ ရက်နေ့တွင် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ပေး ပို့ မည်ဖြစ်ကြောင်း WLB ကပြောသည်။

မူဆယ်ခရိုင် သတ္တုတူးဖော်ရေး စီမံကိန်း ကန့်ကွက်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ဖတ်ကာ ဒေသရှိ နမ့်မောချောင်းနှင့် နမ့်ခါချောင်း၌ မြန်မာ့မြားဦး ကုမ္ပဏီနှင့် ပြည်သူ့စစ်အဖွဲ့ ၏ သတ္တုတူးဖော်ရေး စီမံကိန်းကို ဒေသခံများက လက်မှတ်ထိုး ကန့်ကွက်ကြကြောင်း သိရသည်။ သောက်သုံးရေ ညစ် ညမ်း၍ အခက်ခဲဖြစ်ခြင်း၊ လယ်ယာမြေများ ပျက်စီးခြင်းတို့ကြောင့် ယင်းစီမံကိန်း ရပ်ဆိုင်းရန် ဒေသခံ၂၄၀ ခန့်က စုပေါင်းလက်မှတ် ထိုးကာ သက်ဆိုင်ရာ အာဏာပိုင်များနှင့် မြန်မာ့မြားဦး ကုမ္ပဏီသို့ ယခုလဆန်းက တောင်းဆိုစာ ပေးပို့ထားကြောင်း ပလောင် အမျိုးသမီး အစည်းအရုံးက ထုတ်ပြန်သည်။ ထိုဒေသတွင် ကချင်၊ ပလောင် နှင့် တရုတ် လူမျိုး နေထိုင်လျက်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ရုပ်သံ ကြိုတင်ပေါက်ကြားမှု NLD ကန့်ကွက်

အစိုးရပိုင် ရေဒီယိုနှင့် ရုပ်သံမှ ယနေ့ ထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်မိန့်ခွန်းသည် ပြီးခဲ့သည့်ရက်ကတည်းက အင်တာနက်ဝက်ဘ်ဆိုဒ်များ၊ လူမှုကွန်ရက်ဆိုဒ်များတွင် ကြိုတင်ပေါက်ကြားနေသောကြောင့် ယင်းကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တာဝန်ရှိသူများထံ ကန့်ကွက်စာ ပို့ထားကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၂ ရက်နေ့က နေပြည်တော်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ကွတ်ခိုင်မြို့နယ်မှာ သတ္တုတူးဖော်မှာကို ဒေသခံတွေ ကန့်ကွက်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ဒေသအတွင်း စီးဆင်းနေတဲ့ နမ့်မောချောင်းနဲ့ နမ့်ခါချောင်း တလျှောက် မြန်မာ့မြားဦးကုမ္ပဏီက ဒေသခံ ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီးတော့ သတ္တုတူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင်မှာ ဖြစ်တဲ့အတွက် နမ့်ဖတ်ကာရွာနဲ့ တစ်မိုင်အကွာ သတ္တုတူးဖော်မယ့်နေရာမှာ ဒေသခံတွေက ဒီကနေ့မနက်ပိုင်းက စုပေါင်းကန့်ကွက်ခဲ့ကြပါတယ်။
ဒီလုပ်ငန်းကြောင့် ဒေသတွင်း လယ်မြေတွေ ထိခိုက်မှုများမှာကြောင့် ဒေသခံတွေက ဆန့်ကျင် ကန့်ကွက်တဲ့အကြောင်း ကန့်ကွက်ရာမှာပါတဲ့ ပလောင်အမျိုးသမီးတစ်ဦးက ခုလို ပြောပြပါတယ်။
“စာရေးတိုင်တာကတော့ နမ့်ဖတ်ကာ ကျေးရွာမှာရှိနေတဲ့ ပြည်သူလူထုတွေက သတ္ထုတူးဖေါ်ရေး ဆန့်ကျင့်ရေး ကော်မီတီတစ်ရပ်ဖွဲ့ကာ စာရေးပြီးတော့ နမ့်ဖတ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို တိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ သတ္တုတူးဖေါ်ရေး ကုမ္ပဏီကိုလည်း ဒီစာပေးပို့တာပေါ့”
ဒေသခံလူဦးရေ ၂၀၀ ကျော်က မကျေနပ်လို့ လက်မှတ်ထိုးပြီး လွန်ခဲ့တဲ့ မတ်လ ၅ ရက်နေ့ကတည်းက တိုင်ကြားထားတာပါ။ အခုအခါ သတ္တုတူးဖော်ရေးအတွက် အဆောက်အအုံနဲ့ လမ်းတွေ နမ့်ဖတ်ကာ ကျေးရွာမှာ စဆောက်နေပါတယ်။ တကယ်လို့ သတ္တုတူးဖော်ရင် ဒေသခံတွေ ဒုက္ခအမျိုးမျိုး ကြုံရနိုင်တဲ့အကြောင်း စောစောက အမျိုးသမီးက “လယ်ယာမြေတွေ အများကြီး ထိခိုက်ဆုံးရှုံးနိုင်တယ်။ အခုလောလောဆယ် လမ်းဖောက်တာတောင်မှ ကျွန်မတို့ရဲ့သောက်ရေချောင်းကို သွားထိခိုက်တယ်။ တကယ်တူးတော့မယ်ဆိုရင် သတ္တုထဲက ထွက်လာတဲ့ အဆိပ် အတောက်တွေက ရေထဲကို စိမ့်ဝင်နိုင်တယ်။ အဲဒီမှာ နမ့်မောချောင်းကို မှီတင်းပြီးမှ လုပ်ကိုင်စားသောက်တဲ့လူတွေ သိန်းချီပြီး ရှိတယ်။ အဲဒီရေကလည်း သူတို့ရဲ့အဓိက သောက်သုံးရေ ဖြစ်နေတယ်ဆိုတော့ စိုးရိမ်တာက ရောဂါတွေ ရလာနိုင်တာ”
အခုလို သတ္တုတူးဖော်တဲ့လုပ်ငန်းနဲ့ ပတ်သက်လို့ ပလောင်၊ ကချင် စတဲ့ ဒေသခံတွေနဲ့ ကုမ္ပဏီက ညှိနှိုင်းခွင့်တောင်းတာလည်း မရှိဘူးလို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ မြန်မာ့မြားဦးကုမ္ပဏီကို ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။အဆိုပါ ကုမ္ပဏီဟာ နမ့်ဖမ့်ကာ အခြေစိုက် ကုမ္ပဏီအသစ်ဖြစ်ပြီး လွယ်လွမ် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဒေသခံ စီးပွားရေးသမားတချို့ တည်ထောင်ရာမှာ ပါပါတယ်။

မန္တလေးမှာ မဲဆန္ဒရှင်စာရင်း ပြင်ဆင်ကြေညာ

မန္တလေးမြို့အတွင်း မဲပေးပိုင်ခွင့်ရှိသူစာရင်း မှားယွင်းနေမှုနဲ့ ပတ်သက်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြခဲ့ပြီးတဲ့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းကို ပြန်လည်ပြင်ဆင်ပြီး ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရပါတယ်။ မဲဆန္ဒရှင်စာရင်း မှားယွင်းနေတာတွေနဲ့ ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ကော်မရှင်ဥက္ကဋ္ဌကို မနေ့က သွားရောက် တွေ့ဆုံတင်ပြခဲ့ကြောင်း အဲဒီမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးအုံးကြိုင်က ပြောပါတယ်။
မြို့နယ်ကော်မရှင်က နောက်တိုးစာရင်းနဲ့ ထပ်မံ ကြေညာခဲ့ပေမယ့် ဧည့်စာရင်းနဲ့နေထိုင်သူ ရာနဲ့ချီ ကျန်နေသေးတယ်လို့ သိရပါတယ်။ ကျန်နေသူတွေ မဲပေးခွင့်ရအောင် ထပ်ပြီး တင်ပြသွားမယ်လို့ ဦးအုံးကြိုင်က ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံ မချိတ်ရန် ရေတပ်တွင် သတိပေး တားမြစ်

ဗိုလ်ချုပ်အောင်ဆန်းပုံကို နေအိမ်များတွင် မချိတ်ရန် စစ်သားများကို ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်း ဆိုသူက ပြောဆို သတိပေးကြောင်း Youtube တွင် တွေ့ရသော ရုပ်သံဖိုင်အရ သိရသည်။ထိုရုပ်သံဖိုင်မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံမေးမြန်းထားသည်ဟု ယူဆရသည့် လူငယ်စစ်သည်တဦးနှင့် ဆက်သွယ်မေးမြန်းခန်း မှတ်တမ်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အကျီင်္ ၀တ်ဆင်ခြင်း မပြုရန်လည်း သတိပေးထားသည်ဟု ဆိုသည်။ရေတပ်စခန်းတခုသို့ ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် သွားရောက် စစ်ဆေးစဉ် အဆိုပါ ဒုတိယဗိုလ်မှူးကြီးက ပြောဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
Youtube တွင် စစ်သည်၏ အမည်၊ တွေ့ဆုံမေးမြန်းသည့် နေရာကို ဖော်ပြထားခြင်း မရှိချေ။

စစ်သည်၏ ပြောကြားမှု ကောက်နုတ်ချက်

“ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းက ပြောတာ၊ ဒီအခန်းထဲမှာ ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်ပြီးတော့ မင်းကို ငါမေးမယ် တဲ့၊ မင်းက ရဲဘော်၊ ဒုတိယဗိုလ်မှူးကြီးပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာ အရာရောက်မယ် ထင်လဲ တဲ့။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလို ရေးပြီး အမိန့် ချချင်သလို ချမယ် တဲ့။ မင်းကို ဒုတိယဗိုလ်မှူးကြီး (တွေ စုပြီးတော့မှ) မင်းကို ထောင်အနှစ် ၇၀ လောက် ချပစ်လို့ ရတယ် တဲ့။ နိုင်ငံရေးလုပ်လို့ တဲ့။ ကျနော်တို့ လုပ်တာ နိုင်ငံရေး တခုမှ မပါဘူး။ ဘယ်ပါတီနဲ့မှ အဆက်အသွယ် မလုပ်ဘူး။ ၂၈ ရက် ပြည့်တဲ့အချိန်မှာ ကျနော့်ကို အချုပ်ထဲက လာထုတ်တယ်၊ ကျနော့်ကို သင်္ဘောမှာ အကန်အသတ်မရှိ (လေဘာ) လျှော့တယ်။ –
ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ကို လာစစ်တယ်၊ တန်းစီပြီး စကားပြောတယ်၊ တန်းစီပြီး စကားပြောတဲ့အချိန်မှာ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းက ဘာပြောလဲ ဆိုတော့ အိမ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ မချိတ်ရဘူး တဲ့၊ ချိတ်ရင် လိုင်းကနေ နှင်ထုတ်မယ် တဲ့။ ရဲဘော်တွေကို လိုင်းထဲကနေ နှင်ထုတ်တော့ ဘယ်နားသွားနေမလဲ။
(ချိတ်တဲ့လူ) အများကြီး ရှိတယ်။ ကျနော့်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းအင်္ကျီ ဘုရားပွဲဈေးက ၀ယ်တာ။ ထောင့်ငါးရာပဲ ပေးရတယ်။ အဲဒီ အင်္ကျီ ကျနော် ၀တ်တယ်။ ကျနော့်ကို မ၀တ်နဲ့ တဲ့။ ကျနော် ပိုက်ဆံပေးပြီး ၀ယ်ထားတာလေ။ ထောင့်ငါးရာပေးပြီး ၀ယ်ထားတာလေ။ သူတို့ ပေးရတာ မဟုတ်ဘူး။ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းပဲ၊ သူပဲ ပြောတာ။
ကျနော် ဇန်န၀ါရီလ လစာ မရဘူး၊ ဖေဖော်ဝါရီလ လစာ မရဘူး”

လုပ်ငန်းရှင်ဦးတေဇသားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု EU ရုပ်သိမ်းမည်

မြန်မာစစ်အစိုးရဟောင်းနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးအပေါ်ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ခရီးသွားလာမှုဆိုင်ရာ  ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းသင့်ကြောင်း ဥရောပသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးတော်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဟာ မြန်မာစစ်အစိုးရဟောင်းနဲ့ အနီးကပ် ဆက်နွယ်ပတ်သက်မှုရှိပေမဲ့ သူ့ရဲ့သားတော်စပ်သူ ထင်ရှားတဲ့ စီးပွားရေးသမား မောင် ပြည့်ဖြိုးတေဇကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို ချိုးဖောက် ဖျက်ဆီးခဲ့တယ်ဆိုတဲ့ လုံလောက်တဲ့ သက်သေ အထောက်အထားမတွေ့ရဘူးလို့ဥရောပသမဂ္ဂတရားရုံးကအင်္ဂါနေ့ကထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
စစ်အစိုးရရဲ့ စီးပွားရေး မူဝါဒတွေကနေ အကျိုးစီးပွားဖြစ်ထွန်းခဲ့တယ်လို့ ဥရောပသမဂ္ဂ တာဝန်ရှိသူတွေ သတ်မှတ်ထားတဲ့ စာရင်းမှာ သူ့နာမည်ကို ထည့်သွင်းဖော်ပြခံခဲ့ရပြီးတဲ့နောက် ၂ဝဝ၈ ခုနှစ်က မောင်ပြည့်ဖြိုးတေဇက တရားရုံးမှာ အမှုဖွင့် လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။ သူ့ဖခင်ဦးတေဇရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ရော စစ်အစိုးရနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပါ သူ ဆက်စပ်ပတ်သက်မှု မရှိပါဘူးလို့ မောင်ပြည့်ဖြိုးတေဇက ငြင်းချက်ထုတ်ခဲ့ပါတယ်။  ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု Sanctions တွေကို မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်ပတ်သက်သူတွေကို ကန့်သတ်ချမှတ်ဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မြန်မာစစ်သားလက်ချက်ကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးမှု မြန်မာအစိုးရထံ တိုင်ကြား

မြန်မာစစ်သားနှစ်ဦး လက်ချက်ကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရထံ တရားဝင် တိုင်ကြားထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီယူ ဝေမင်းက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
အမှုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က မြန်မာစစ်သားနှစ်ဦး နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး အသက် ၅၃ နှစ်အရွယ်ရှိ လဖိုင် ဇော်လွန်း အမည်ရှိ တရုတ်နိုင်ငံဘက်မှာ နေထိုင်သူ ကချင်တိုင်းရင်းသား တစ်ဦးကို ပစ်သတ်ခဲ့တာပါ။
လဖိုင် ဇော်လွန်းဟာ တရုတ်နိုင်ငံသားဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမှုများတာကြောင့် ဒီကိစ္စမှာ တရုတ်အစိုးရက အရေးမယူချင်လှပေမယ့် ပြည်သူအများက မကျေမနပ်ဖြစ်ပြီး ဖိအားပေးလာတာကြောင့် အခုလို တိုင်ကြားတာဖြစ်မယ်လို့ ထင်မြင်ကြောင်း ပထမဆုံး သတင်းထုတ်ဖော်ပေးခဲ့သူ ကချင်သတင်းစဉ်မှ ကိုနော်ဒင်က ပြောပြပါတယ်။
တရုတ်အစိုးရက တိုင်ကြားရာမှာ အမှန်တရားကို ထုတ်ဖေါ်ပေးဖို့၊ အပြစ်ရှိသူကို အရေးယူပေးဖို့နဲ့ ကျန်ရစ်သူ မိသားစုကို နစ်နာကြေးပေးဖို့ တောင်းဆိုချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် တိုင်ကြားတဲ့အထိ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ် သတင်းမီဒီယာတွေကတော့ တစ်လုံးတစ်ပါဒမှ ရေးသားဖော်ပြခြင်း မရှိဘူးလို့ သိရပါတယ်။
ခုလို တရုတ်နိုင်ငံသား ကချင်တိုင်းရင်းသားကို သတ်ဖြတ်တာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ် နိုင်ငံထဲကို ရိက္ခာရှာဖွေဖို့ နယ်ကျွံလာတဲ့ မြန်မာအစိုးရ စစ်သားနှစ်ဦးကို ဒေသခံ ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးပြီး တရုတ်အာဏာပိုင်တွေလက်ထဲ အပ်နှံခဲ့တဲ့အတွက် လက်စားချေတာ ဖြစ်နိုင်ကြောင်း ကချင်သတင်းစဉ်က ဆိုပါတယ်။

လက်ဆင့်ကမ်း ဒါနပွဲ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)

နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နေ့စဉ် နေ့တဓူဝ ကူညီပေးဆပ်ဖေးမမှုများ စဉ်ဆက်မပြတ်ရှိနေသလို လူ့သားချင်းစာနာသော မွန်မြတ် သည့်စိတ်ထားများဖြင့် လာရောက်လှူဒါန်းမှုများသည်လည်း စဉ်ဆက်မပြတ် ရှိနေခဲ့ပါသည်။
နေ့စဉ်လာရောက်၍အလှူငွေများလှူဒါန်းကြသောအလှူရှင်များသည် သေဆုံးသူအားရည်စူး၍လည်းကောင်း၊ မွေးနေ့အလှူဒါနအဖြစ် လည်းကောင်း၊ သူငယ်ချင်းများတို့မှ စုပေါင်း၍လည်းကောင်း၊ လစဉ်လတိုင်းလှူဒါန်း၍လည်းကောင်း၊ မိခင် ဖခင်တို့အားအမှူးထား/ရည်စူး၍လှူဒါန်းခြင်းတို့အပြင်သုခဆေးခန်းအတွက်လိုအပ်သောဆေးဝါးများ၊ ဆေးခန်းသုံးပစ္စည်းကိရိယာများ၊ ပညာဒါနအဖြစ် သုခအလင်း စာကြည့်တိုက်အတွက် စာအုပ်စာပေများ လာရောက်၍ လှူဒါန်းခဲ့ကြသည်။ နာရေးကူညီမှုအတွက် အလှူငွေအပြင် အလှူမီနီယမ်အခေါင်းဖုံး၊ မှန်ခေါင်း၊ စတီးဗန်းစသဖြင့် ပံ့ပိုးကူညီ လှူဒါန်းခဲ့ကြသည့်အပြင် သဘာဝဘေးကြောင့် ဒုက္ခရောက်နေသော ပြည်သူလူထုတို့အတွက် အဝတ်အထည်၊ အိုးခွက်ပန်းကန် စသည်တို့ကိုလည်း ကြိုတင်လှူဒါန်းထားရာ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါ လျှင်မြန်စွာဖြင့် ကူညီ ဖေးမမှုများ ပြုလုပ်နိုင်ရန်အတွက် ဖြစ်ပေသည်။ ထိုသို့လှူဒါန်းမှုများထဲမှ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် မြန်မာတပြည်လုံးရှိစာကြည့်တိုက်များမှ မိမိတို့အား လာ ရောက်ဆက်သွယ် အကူအညီတောင်းခံသော မြို့နယ်၊ တိုင်းဒေသများရှိ ပညာရေးဝန်ဆောင်မှုအဖွဲ့များ၊ စာကြည့်တိုက်များသို့ မိမိတို့ သုခ အလင်းစာကြည့်တိုက်ရှိစာအုပ်စာပေများကိုခွဲခြမ်းစိတ်ဖြာ၍တစ်ဆင့်ပြန်လည်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါသည်။
သုခကုသိုလ်ဖြစ်ဆေးခန်း အနေဖြင့်လည်း အနယ်နယ်အရပ်ရပ်ရှိ ကိုယ်ထူကိုယ်ထ ဆေးခန်းများအပြင် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ယခုထပ်မံ၍ ဖွင့်လှစ်မည်ဖြစ်သော သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) သို့လည်း ငွေကြေး၊ ဆေးဝါး၊ ဆေးရုံကုတိင်၊ ဝှီးချဲ၊ အောက်ဆီဂျင်အိုး စသည်တို့ကို လက်ဆင့်ကမ်း လှူဒါန်းမှုများရှိခဲ့ပါသည်။
နာရေးနှင့်ပတ်သက်၍လည်း အနယ်နယ်အရပ်ရပ်ရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှုအသင်းများတွင် အရေးတကြီးလိုအပ်နေသော မီး သင်္ဂြိုလ်စက်၊ အလူမီနီယမ်အခေါင်းဖုံး၊ စတီးဗန်း၊ နိဗ္ဗာန်ယာဉ် စသည်တို့ကို အသင်း၏စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ဖြင့် စနစ်တကျ ထပ်မံလှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါသည်။ အချုပ်ဆိုသော် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် “အသင်းသည် မိမိအတွက်မဖြစ်စေရ၊ မိမိကသာ အသင်းအတွက်ဖြစ် စေရမည်” ဟူသောဆောင်ပုဒ်အတိုင်း အများပြည်သူတို့အတွက်ရည်ရွယ်၍ ကူညီဖေးမမှုများကိုပြုလုပ်နေသော အသင်းဖြစ်သည်။ ထို့ ကြောင့် အများပြည်သူ (ပြည်တွင်း/ပ) မှ အလှူရှင်များ လှူဒါန်းထားသော အလှူငွေ၊ အထောက်အကူပြုပစ္စည်း၊ ဆေးဝါးစသည်တို့ကို မိမိတို့ အသင်းမှ အားလုံးကို လက်ဝါးကြီးအုပ်ထား၍မရ။ မိမိတို့သေဆုံးသွားပါက မိမိတို့နှင့်အတူပါသွားမည်မဟုတ်။ ထို့ကြောင့် မိမိတို့တွင် ရှိနေသော အလှူငွေနှင့်တကွ ပစ္စည်းဆေးဝါးများကို စည်းကမ်းစနစ်ကျစွာ လိုအပ်သောနေရာ၊ လိုအပ်သောပြည်သူ၊ လိုအပ်သောအသင်း အဖွဲ့များသို့ တစ်ဆင့်လှူဒါန်းမှုများပြုလုပ်ခြင်းဖြင့် “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူသော ကဗ္ဗည်းမှတ်တိုင်ကို ထူထောင် ထားပြီးဖြစ်ပါတော့သည်။ လှူဒါန်းကြသော (ပြည်တွင်း/ပ) အလှူရှင်များအားလုံးကို လှူဒါန်းမှုအစုစုအတွက် ကောင်းမှုအာရုံကို စူးစိုက်တည်ကြည် လေးနက်စွာဖြင့် သာဓု … သာဓု … သာဓု ဟူ၍ နက်ရှိုင်းစွာဖြင့်ခေါ်ဆိုမှုကို သောင်းထိုက်က ကြားကြပါစေသား ….။

တရုတ်နိုင်ငံသားတဦးသတ်ဖြတ်ခံရမှု စုံစမ်းရန် တရုတ်ဖိအားပေး

တရုတ်နိုင်ငံအနောက်တောင်ပိုင်းက  ယူနယ်နယ်ထဲမှာ ဒေသခံလယ်သမားတဦးကိုတရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်လာတဲ့  မြန်မာစစ်သား ၂ ဦးက သတ်ဖြတ်ခဲ့တဲ့ကိစ္စကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ် နိုင်ငံခြားရေးဌာနက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒီပြဿနာက ပြီး ခဲ့တဲ့ ဇန်နဝါရီ ၁၂ မှာ ဖြစ်ခဲ့ပေမဲ့ တရုတ်အာဏာပိုင်ဘက်က အခြေအနေတွေကို အသေအချာစုံစမ်းပြီးမှ အခုလို အရေးယူဖို့ တောင်းဆိုလာတာဖြစ်ပြီး မြန်မာနိုင်ငံဘက်က မတည်ငြိမ်မှုတွေဟာ ဒေသတွင်း နယ်စပ်တွေထိ လူ့အခွင့်ရေးချိုးဖောက်မှု ရှိလာတာကို သတိပေး ဟန့်တားလာတာဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အခုအခင်းဖြစ်ခဲ့တဲ့ယူနန်နယ်ဟာတရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတာဖြစ်ပြီး မြန်မာနိုင်ငံအရှေ့မြောက်ဘက်၊ ကချင်ပြည်နယ်နဲ့ ကပ်လျက်ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က မြန်မာနယ်စပ်ဘက်မှာ အခြေစိုက်တဲ့ အစိုးရစစ်တပ်က မြန်မာစစ်သား ၂ ဦးဟာ ယူနန်ဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ယူနန်နယ်ထဲက တရုတ်နိုင်ငံသား လယ်သမား အသက် ၅၃ နှစ်အရွယ်ရှိတဲ့ “ lahpai Zau Lawn “ ကို ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာနက မြန်မာအစိုးရကို ဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီသတင်းကို တရုတ်နိုင်ငံထုတ် သတင်းစာတွေမှာလည်း ဖော်ပြရေးသားကြပြီး  ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ကချင် သတင်းဌာနက ဒီပြဿနာကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို ကာယကံရှင် မိသားစုနဲ့ရော ဒေသခံတွေအပြင် သက်ဆိုင်ရာ တရုတ် အာဏာပိုင်တွေကို စုံစမ်းမေးမြန်းပြီးမှ ဖော်ပြရေးသားခဲ့တာဖြစ်တယ်လို့ ကချင် သတင်းဌာနရဲ့ အယ်ဒီတာ ကိုနော်ဒင်းက ရှင်းပြပါတယ်။
“ကျနော်တို့ သတင်းထောက်တွေ ယူနန်နယ်ထဲမှာရှိတယ်။ ပြီးရင် အဲဒီရွာသားတွေနဲ့ တိုက်ရိုက်စကားပြောခဲ့ပါတယ်။ နောက်ပြီး အသတ်ခံရတဲ့ Zau Lawn ရဲ့ မိသားစုတွေနဲ့လည်း ကျနော် စကားပြောဖြစ်ပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးတဲ့သူတွေနဲ့လည်း ကျြနော် စကားပြောပါတယ်။ ဒီအချက်တွေအားလုံး၊ နောက်ပြီး ဓာတ်ပုံသက်သေတွေလည်း ကျနော်တို့ ရခဲ့တယ်။ ဒီသက်သေတွေအားလုံးကို အခြေခံပြီးတော့မှ သက်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ ဆက်သွယ်ပါတယ်။ ဒီကိစ္စကို အတည်ပြုနိုင်ဖို့အတွက်ပေါ့- အားလုံး ခိုင်လုံပြီဆိုမှ ဒီသတင်းကို ကျနော်ထုတ်ပြန်ခဲ့တယ်”
အဲဒီတရုတ်နယ်စပ်ဟာ မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင် တိုင်းရင်သားအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေနဲ့ ထိစပ်နေတဲ့ နေရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်ဘက်က ရိက္ခာ ရှာလိုတာမျိုးကအစ ဒီတရုတ်နယ်စပ်ထဲကို ဝင်လာတာမျိုးတွေ ရှိနေပြီး ဒီပြဿနာ မတိုင်ခင် တရုတ်နယ်စပ်ဒေသခံတွေ မြန်မာစစ်တပ်ရဲ့ တခြား လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကြုံနေရတာရှိတယ်လို့လည်း ပြောပါတယ်။ အခု တရုတ်နိုင်ငံသား Zau Lawnအသတ်ခံရတဲ့ ဖြစ်ရပ်နောက်ပိုင်းမှာတော့ ဒေသခံတွေရဲ့ ဖိအားပေးမှုနဲ့အတူ  တရုတ်အာဏာပိုင်တွေက အသေအချာ စုံစမ်းစစ်ဆေးပြီးမှ အခုလို မြန်မာအစိုးရကို အရေးယူပေးဖို့တောင်းဆိုလာတာလို့လည်း ကိုနော်ဒင်းက ပြောပါတယ်။
“စောစောပိုင်းကတော့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ပဲ ညှိပြီးမှ လျော်ကြေးပေးပြီး ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တယ်။ သို့သော်လည်းပဲ နယ်စပ်က တရုတ်ပြည်သူတွေအနေနဲ့ ဒါကို လက်မခံဘူး။ ဒီကိစ္စကို အစိုးရက ဖြေရှင်းပေးဖို့အတွက် သူတို့က ယူနန်အစိုးရကနေတဆင့်ပဲတရုတ်ဗဟိုအစိုးရကို တောင်းဆိုတဲ့အပိုင်းတွေ ရှိခဲ့တယ်။ ပြီးခဲ့တဲ့ ဂျွန်နောက်ပိုင်းမှာ ကချင်ပြည်နယ်မှာလည်း အဲလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒေသခံ အပြစ်မဲ့ပြည်သူ အများအပြားကို သူတို့ သတ်ဖြတ်တယ်။ ပြီးတော့ ရွာကို မီးရှို့တယ်။ ဒီလိုမျိုး အမြဲတမ်းလုပ်နေကြတဲ့ တပ်မတော်ရဲ့လုပ်ရပ်ဟာ အခု နယ်စပ်မှာလည်း ဒီပြဿနာတွေက သက်သေဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။”
ကချင် သတင်းအယ်ဒီတာ ကိုနော်ဒင်းပြောပြခဲ့တာပါ၊ အခု မြန်မာအစိုးရ စစ်တပ်ဘက်က လူ့အခွင့်ရေးချိုးဖောက်မှုတွေကို တရုတ် အာဏာပိုင်တွေက သတိပေးဟန့်တားတာမျိုးကြောင့် အခုလို အရေးယူဖို့ တရုတ်ဘက်က တောင်းဆိုလာတာ ဖြစ်မယ်လို့လည်း ပြည်တွင်း သတင်းအယ်ဒီတာတဦးက သုံးသပ်ပါတယ်။
ပြည်တွင်းသတင်းအယ်ဒီတာတဦးရဲ့ သုံးသပ်ချက်ပါရှင်။ မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေကြား ပြီးခဲ့တဲ့နှစ်၊ ဇွန်လလောက်က စလို့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ်ဘက် ပစ်တဲ့ လက်နက်ကြီးတွေဟာ တရုတ်နယ်စပ်ထဲကို ကျတတ်တာမို့ အခုလိုပဲ တရုတ်အာဏာပိုင်ဘက်က သတိပေးရတာမျိုးလည်းရှိသလို ကချင်ဒေသခံတွေဟာလည်း  တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ထဲကို ဝင်ပြေးခိုလှုံရတာလည်း ရှိနေတာပါ။

ကြံ့ခိုင်ရေးပါတီကို မဲပေးရန် တိုင်းရင်းသားဝန်ကြီး စည်းရုံး

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင်းရှိ ကျေးရွာ အချို့တွင် ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး မန်းသန်းရွှေက တအိမ်တ ယောက် မလာမနေရ ဆင့်ခေါ်ကာ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ကိုမဲထည့်ကြရန် စည်းရုံးကြောင်း ဒေသခံများက ပြောသည်။ မြောင်းမြမြို့နယ် ငှက်ပျောတော ကျေးရွာ အမှတ် ၁၀၁ မူလတန်းကျောင်းတွင် ယခုလ ၁၀ ရက်နေ့က ရွာခံများကို အစည်း အဝေး ပြုလုပ်ရန်ဟု ခေါ်ယူကာ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေး ပါတီက မြောင်းမြမြို့နယ်ကိုယ်စားပြုပြီး ဝင်ရောက် ရွေးချယ်ခံမည့် ဦးဖြိုးကိုကိုတင်ဆန်း ကို မဲထည့်ပေးကြရန် စည်းရုံးပြောဆိုသွားကြောင်း ရွာခံများက ပြောဆိုကြသည်။
“သူပြောတာက ပြည်ခိုင်ဖြိုးပါတီက လက်ရှိအာဏာရအစိုးရ ဖြစ်တယ်ပေါ့။ သူတို့ပါတီကပဲ ဒီဒေသရဲ့လိုအပ်ချက်တွေကို လုပ်ပေးနိုင်မယ်တဲ့။ အခုဒီဒေသ ဖွံ့ဖြိုးရေးတွေကိုလည်း ဦးဖြိုးကိုကိုတင့်ဆန်းကပဲ ငွေကုန်ကြေးကျခံပြီး လုပ်ပေးနေတာ ဖြစ်တဲ့အတွက် သူ့ကိုပဲ မဲပေးရမယ်တဲ့ အဲလိုပြောသွားတာ” ဟု ငှက်ပျောတော ရွာသား တဦးက ပြောသည်။
အလားတူ မတ်လ ဒုတိယ ပတ်ထဲတွင် မြောင်းမြမြို့နယ် လပွတ်ကုလား ကျေးရွာရှိ ကျိုက်မောင်းဘုရားကြီး၊ သီရိပစ္စရာ ဓမ္မာရုံတွင် လည်း ရွာခံများကို အစည်းဝေး ခေါ်ယူကာ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကို မဲပေးကြရန် တိုက်တွန်း ခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူ ရွာခံများထံမှ စုံစမ်းသိရှိရသည်။
ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း တဦးသည် ရွေးကောက်ပွဲ အသုံး စရိတ်အဖြစ် ကျပ် သိန်း (၁၀၀) အထိ သုံးစွဲနိုင်ကြောင်း ပါတီ မှတ်ပုံတင်ဥပဒေ က ပြဌာန်းထားသော်လည်း မြောင်းမြမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း မှာ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ကျပ်သိန်း (၁၀၀) ကျော်သုံးစွဲပြီးဖြစ်ကြောင်း လပွတ်ကုလား ရွာတွင် ပြုလုပ်သော အစည်းအဝေးတွင် ဝန်ကြီး မန်းသန်းရွှေ က ထုတ်ဖေါ်ပြောဆိုကြောင်း ရွာခံများကပြောသည်။
“ဦးဖြိုးကိုကိုတင့်ဆန်း က ရွေးကောက်ပွဲ အသုံးစရိတ် သိန်း တစ်ရာကျော် သုံးပြီးပြီတဲ့ အစည်းအဝေးမှာ မန်းသန်းရွှေ က ပြော တယ်။ ဒါကြောင့် ခင်ဗျားတို့ရွာတွေဖွံ့ဖြိုးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လတ်တလော ထပ်လုပ်ပေးနိုင်ဦးမှာ မဟုတ်သေး ဘူးတဲ့ အဲသလိုပြောတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ဧရာဝတီသို့ ပြောသည်။
မန်းသန်းရွှေသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားပြု၍ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေမှ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လာခဲ့သည်။
ဝန်ကြီးတဦးအနေဖြင့် ကျေးရွာခံများကို တအိမ်တယောက် မလာမနေရ ခေါ်ယူကာ ကြံ့ခိုင်ရေးပါတီအတွက် မဲပေးခိုင်းခြင်းကို မကျေနပ်သည့် လပွတ်ကုလားနှင့် ငှက်ပျောတော ကျေးရွာခံများက မြောင်းမြမြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရုံးသို့ စာပို့တိုင်တန်းမှုများ ရှိသကဲ့သို့ ကာယကံရှင်များကိုယ်တိုင်လည်း သွားရောက်တိုင်တန်းမှုများပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွာခံများတိုင်းတန်းချက်များကိုစုပေါင်းကာ မြောင်းမြခရိုင် ကော်မရှင်ရုံးသို့ ယခုလ ၁၂ ရက်နေ့က တိုင်တန်းထားကြောင်း မြောင်းမြမြို့နယ် NLD မဲအောင်နိုင်ရေး ခေါင်းဆောင် ဦးဝင်းဆွေ က
“ဝန်ကြီးလိုက်စည်းရုံးတဲ့ ရွာတွေက မကျေနပ်တဲ့လူတွေက ကျနော်တို့ဆီကို တရားဝင် စာတွေနဲ့တိုင်ကြားလာတာတွေရှိတယ်။ အဲဒါကို ကျနော်တို့ကလည်း တရားဝင် ခရိုင်ကော်မရှင်ရုံးကို တနင်္လာနေ့က စာနဲ့ပြန်တင်ပြထားတယ်”ဟု ဦးဝင်းဆွေ က ပြောသည်။
မြောင်းမြခရိုင် ကော်မရှင်ရုံးသို့ ဧရာဝတီ က ဆက်သွယ်မေးမြန်းရာတွင် စိစစ်နေဆဲဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သော်လည်း အသေးစိပ် ဖြေကြားခြင်းမရှိပေ။
အလားတူ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးဟောင်း ဦးမင်းထူးကျော် က ကြားဖြတ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအား အနိုင်ရရှိရေး နီးစပ်ရာ စည်းရုံးပေးရန် သူ၏လက်အောက်ခံဝန်ထမ်းများကို တနင်္လာနေ့တိုင်း ပြုလုပ်သော အပတ်စဉ် ရုံးအစည်း အဝေးတွင် တိုက်တွန်းပြောကြားကြောင်း ဝန်ထမ်းမိသားစုဝင် တဦးက ပြောသည်။
“ဝန်ထမ်းတွေရဲ့မိသားစုတွေ၊ နီးစပ်ရာဆွေမျိုးအသိုင်းဝိုင်းတွေကို ကြံ့ခိုင်ရေးပါတီကို မဲထည့်ကြဖို့ တတ်နိုင်သလောက် စည်းရုံး ခိုင်းတယ်။ တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးမနိုင်ဘူးဆိုရင် သူကိုယ်တိုင်ရာထူးကနေ နုတ်ထွက်မယ်လို့ကို ပြော တာ”ဟု သူက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ မြောင်းမြ မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီမှ ဦးဖြိုးကိုကိုတင့်ဆန်း၊ NLD ပါတီမှ မန်းဂျော်နီနှင့် အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီမှ ဦးအောင်မျိုးလှိုင်တို့ ဝင်ရောက် ရွေးချယ်ခံကြမည်ဖြစ်သည်။ ကြံ့ခိုင်ရေး ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သည်။
ဖေဖော်ဝါရီ ၇ ရက်နေ့က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ မြောင်းမြမြို့ စည်းရုံးရေး ခရီးစဉ်၌ စည်းရုံးဟောပြောမည့် ဘော လုံးကွင်းများကို ငှားရမ်းအသုံးပြုရန် တောင်းဆိုရာတွင် ဦးတင့်ဆန်းက တားမြစ်၊ ပိတ်ပင်ခဲ့သေးသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတသောရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကြီးကြပ်ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ယခုလ ၈ ရက်နေ့ က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ မူဝါဒသဘောတရားများကို ရုပ်မြင်သံကြားမှ ဟောပြောမှုပြုလုပ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒသဘောတရားများကို ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၄ ရက်နေ့က ရုပ်မြင်သံကြားမှတစ်ဆင့် ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောမှုတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို အဓိကထိပ်တန်းတင်ထားကြောင်း ဦးစွာ ပြောကြားခဲ့သည်။

ဆက်လက်၍ တရားစီရင်ရေးကို အစိုးရယန္တရားအောက် သွတ်သွင်းခဲ့ ပြီးမီဒီယာတွေကို အစိုးရပိုင်အဖြစ် ပြောင်းကာချုပ်ကိုင်လာခြင်း၊ တင်းကျပ်တဲ့ မီဒီယာနဲ့ ဆင်ဆာဥပဒေတွေ ပြဋ္ဌာန်းပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ ရေးပိုင်ခွင့်၊ ကြားပိုင်ခွင့်၊ ဆန္ဒဖော်ထုတ်ပိုင်ခွင့်များကို ရုပ်သိမ်းပစ်ခဲ့ခြင်းစသည့် နည်းလမ်းစုံနှင့် တရားဥပဒေစိုးမိုးမှုကို ချေဖျက်ပစ်ခဲ့၍ ပြည်သူလူထုဘ၀မှာ အကြောက်တရားကသာ လွှမ်းမိုးခဲ့ကြောင်း၊ ပြည်သူများ ၏ဘ၀မှာ အကြောက်တရားကလွတ်မြောက်ပြီး လူ့အခွင့်အရေးမရလျှင် ဒီမိုကရေစီစနစ် ထွန်းကားခိုင် မြဲနိုင်မှာ မဟုတ်ကြောင်း၊ ဥပဒေစိုးမိုးမှု ရှိမှသာ ပြည်သူများမှာ ဥပဒေ၏ ကာကွယ်မှုကို အမှန်တကယ် ရရှိနိုင်ပြီး၊ လွတ်လပ်မှု၏ အရသာကို အမှန်တကယ် ခံစားနိုင်ကြမှာ ဖြစ်ကြောင်း၊ ပြည်သူများကို ဖိနှိပ်ထားသည့်ခေတ်နှင့် မလျော်ညီတော့သည့် ဥပဒေအချို့ကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရ မည်ဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးသည့် ဥပဒေများကို ပြဋ္ဌာန်းရေးဆွဲကြရမည် ဖြစ်ကြောင်း၊ တရားစီရင်ရေးစနစ်ကို လွတ်လပ်စွာထားပြီး သမာသမတ်ဖြစ်အောင် ပြုပြင်ရမည်ဖြစ်ကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ ပေးရ မည်ဖြစ်ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်သည် ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နှင့် လွတ်လပ်စွာ တည်နေစေရမည်ဖြစ်ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်သည် ဥပဒေနှင့် ငြိစွန်းသည့် အုပ်ချုပ်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မှန်သမျှ တရားစီရင်ပိုင်ခွင့် ရှိစေရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးပွဲများ ကျင်းပရေး၊ ပင်လုံ၏ အခြေခံမူဖြစ်သည့် တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဋ္ဌာန်းခွင့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်စသည်တို့ကို အခြေခံ၍ ကြိုးပမ်း သင့်ကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် ခွဲထွက်ရေးကို လုံးဝမလိုလားဘဲ စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုကြီးကိုသာ လိုလားသည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်အားလုံး ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တပ်မတော်သည် မပါမဖြစ် လိုအပ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိမြန်မာနိုင်ငံအတွင်း လွတ်လပ်မှု၊ တည်ငြိမ်မှုနှင့် လူမှုရေးတရားမျတမှုတို့ ဟန်ချက်ညီပြီး ဥပဒေစိုးမိုးမှုကို အခြေခံသည့် စီးပွားရေးစနစ်သို့ ပြောင်းလဲရန်လိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန် ပေါ်ထွန်းလာရေးအတွက် နိုင်ငံတကာ ပညာရေးအဆင့်အတန်းကို လိုက်မီစေဖို့ အရေးကြီးကြောင်း၊ ချို့တဲ့သူ နိုင်ငံသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန်အတွက် ကျန်းမာရေး အာမခံစီမံကိန်းများ ထူထောင်ရန် လိုအပ်ကြောင်း၊ တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုများ၊ ရပိုင်ခွင့်များ ပြဿနာများကို ဆောင်ရွက်နိုင်သည့် တောင်သူလယ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပေးရေး၊ အလုပ်သမား အခွင့်အရေးများ လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ၏ ပြဋ္ဌာန်းချက်နှင့် ညီညွတ်စေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူငယ်များ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ လွတ်လပ်သည့် ကျောင်းသားသမဂ္ဂများကိုလည်း ဥပဒေနှင့်အညီ ခွင့်ပြုသွားရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ တိုးချဲ့ရေးကို အလေးပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မိမိပါတီအား မဲပေးကြရန် ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်မြင်သံကြား ဟောပြောမှုအား စိတ်ဝင်တစား စောင့်ကြည့်မှုများ ရှိခဲ့ကြောင်း သိရပါသည်။


ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း CPI ဥက္ကဋ္ဌပြောကြား တိုင်းရင်းသားအားလုံး စိုးရိမ်ပူပန်နေသော အဆိုပါစီမံကိန်းအား ပြန်လည်စတင်ခြင်းမပြုရန် ကန့်ကွက်မှုများရှိနေ

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်ရပ် ဆိုင်းခဲ့သော ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ပြန်လည်စတင်ရန် မျှော်လင့်နေကြောင်း CPI ဥက္ကဋ္ဌ၏ ပြောကြားချက်အား တရုတ်နိုင်ငံထုတ် သတင်းစာများတွင် ဖော် ပြခဲ့ပြီးနောက် မြစ်ဆုံအရေး ဆောင်ရွက်နေသူများက တိုင်းရင်းသားအားလုံး စိုးရိမ်ပူပန်နေသော အဆိုပါစီမံကိန်း ပြန်လည်စတင်ခြင်းမပြုရန် ကန့်ကွက်မှုများရှိနေသည်။

တရုတ်နိုင်ငံထုတ် China Daily  သတင်းစာတွင် CPI  ဥက္ကဋ္ဌဖြစ်သူ Lu Qizhou က မြန်မာနိုင်ငံသည် မိမိတို့၏ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်ပြီး စီမံကိန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုချက်ကို ထည့်သွင်း ဖော်ပြခဲ့သည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လုပ်ဆောင်ခဲ့သော China Power Investment Co.,Ltd ၏ ဥက္ကဋ္ဌ Lu Qizhou က ကုမ္ပဏီသည် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်စေခြင်းမှ ရှောင်ရှားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုပါသည်။

မတ် ၁၃ ရက်နေ့မှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ ရောင်းချမှု ခေတ္တရပ်ဆိုင်း

မတ်လ ၁၃ ရက်နေ့မှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများအား ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော် မြို့များတွင်သာမက နယ်မြို့များ၌ပါ ရောင်းချပေးမှု ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း Elite Tech Service  မှ သတင်းရရှိသည်။ 
အဆိုပါ CDMA 800 MHz ဖုန်းအား ကျပ်နှစ်သိန်းခွဲ၊ CDMA 450 MHz ဖုန်းအား ကျပ်နှစ်သိန်းဖြင့် မတ်လ ၁၄ ရက်နေ့မှ စတင်၍ ဈေးနှုန်း လျော့ချသတ်မှတ်ပေးမည်ဟု ကြေညာခဲ့ပြီး၊ ယခုအခါတွင် ကျပ်ငါးသိန်းဖြင့် ချထားပေးမှုအား ခေတ္တ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ လျော့ဈေးဖြင့် ရောင်းချပေးနိုင်မည့် ကာလအား ထပ်မံကြေညာပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ CDMA 800 နှင့် 450 MHz ဖုန်းများမှာ တည်ဆောက်ထားသည့် လိုင်းအင်အား ပြည့်နေပြီးဖြစ်သဖြင့် လတ်တလောကာလတွင် ရောင်းချပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် တက္ကစီ ကားမောင်းသူ သေဆုံးခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ တရားရုံးက အပြင်းအထန် နာကျင်စေမှုဖြင့်သာ အမိန့်ချမှတ်ခဲ့ခြင်းအပေါ် တရားလိုဘက်မှ မကျေနပ်၍ လူသတ်မှုပုဒ်မဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထား

စမ်းချောင်းမြို့နယ် အာရှတော်ဝင် အထူးကုဆေးရုံရှေ့ရှိ ထမင်းဆိုင်တွင်ထမင်းစားနေသည့် တက္ကစီ ယာဉ်မောင်းဖြစ်သူ ကိုတင်မောင်ဆွေ (အသက် ၃၆ နှစ်) ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားသည့်ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး (၃) မှ ပြစ်ဒဏ်ချမှတ် လိုက်သည့်အပေါ် မမျှတမှုဟု ယူဆရသဖြင့် တရားလို မိသားစုဝင်များမှ တိုင်းတရားရုံးသို့ ပြစ်ဒဏ်တိုးမြှင့်စေရေးအတွက် ပြင် ဆင်မှုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က လျှောက်ထားခဲ့ကြောင်း သိရှိရသည်။ ၀ိုင်းဝန်း၍ ရိုက်နှက်ထိုးခံရသူ ကိုတင်မောင်ဆွေမှာ အခင်းဖြစ်သည့် နေရာ၌ပင် ပါးစပ်နှင့်ဦးခေါင်းမှ သွေးများ ထွက်ရှိကာ သတိမရတော့ဘဲ  ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် သုံးနာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်း၏အစ်ကို ဖြစ်သူ ဦးမောင်မောင်လွင်က ပြောပြ ခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံး ဒု-ခရိုင် (၃)တွင် ဦးမောင် မောင်လွင်မှ ၂၀၁၁ ခုနှစ် ပြစ်မှုကြီးမှု အမှတ် ၁၀၃/၂၀၁၀ ဖြင့် တရားလို ပြုလုပ်၍ ကျူးလွန်သူများဖြစ်သည့် ကိုကိုဝင်း၊ သော်ဇင်၊ ညီညီဇော်နှင့် ကျော်ထွေးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မကြီး ၃၀၂ (၂)ဖြင့် တရား စွဲဆိုခဲ့သည်။ ထိုသို့ စွဲဆိုပြီးနောက် တရားလိုနှင့် ကျူးလွန်သူများ အပါအ၀င် သက်သေအသီးသီးအား စစ်ဆေးပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် ရုံးတော်မှညီညီဇော်နှင့် သော်ဇင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ ဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ် ခဲ့ပြီး ကိုကိုဝင်းနှင့် ကျော်ထွေးတို့ အား ပုဒ်မ ၃၂၅/ ၁၁၄ အရ ထောင် ဒဏ်တစ်နှစ်နှင့် သုံးလချမှတ်ခဲ့ကြောင်း သိရှိရသည်။
သေဆုံးခဲ့သူ၏ အစ်ကိုအရင်း ဖြစ်သူ ကိုမောင်မောင်လွင်က “ကျွန်တော့်ရဲ့ညီက အဲဒီညမှာ အာရှတော် ၀င်ဆေးရုံရှေ့က ထမင်းဆိုင်မှာ ထမင်းစားနေရင်းနဲ့ တုတ်တွေကိုင်ဆောင်ထားတဲ့ လူကိုးယောက် လောက်က ဆိုင်ထဲဝင်လာပြီးတော့ ကားမောင်းသမားတွေ အကုန်လုံးကို ရိုက်ကွာလို့ အော်ပြီးတော့ ဆိုင်ထဲကို ၀င်ရိုက်ပါတယ်။ တချို့သူတွေဆိုရင် လမ်းထဲကို ပြေးဝင်ကြတယ်။ ကျွန်တော့်ညီကတော့ ဆေးရုံပေါ်ကို တက်ပြေးတဲ့အချိန်မှာပဲ အကုန်လုံး ၀ိုင်းရိုက်ထိုးကြိတ်လို့ သေဆုံးသွားပါပြီ။ ကျွန်တော်စုံစမ်းတော့ ၀ိုင်းရိုက်တဲ့ တရားခံတွေနဲ့ တခြားယာဉ် မောင်းတွေက စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ စကားများထားတယ်ဆိုတာကို သိရပါတယ်။ အဲဒီနှစ်ဖက်ကြားမှာ ကျွန်တော့်ညီက ဘာမှလည်းမသိဘဲ ၀ိုင်းလုပ်ခံရလို့ အကြောင်းမဲ့ သေဆုံးခဲ့ရပါတယ်။ အပြစ်မရှိတဲ့သူ ရက်ရက်စက်စက်နဲ့ သေဆုံးခဲ့တယ်။ တစ်နှစ် ကျော်အမှုကိစ္စဆောင်ရွက်တဲ့အခါမှာလည်း တရားလိုဖက်က အခက်အခဲတွေရှိခဲ့တဲ့အပြင် ငွေကျပ် ၂၅ သိန်း လောက်လည်း ကုန်ခဲ့တယ်။ ကျွန်တော်တို့ မိသားစုတွေအနေနဲ့ ဒီအမိန့်ချလိုက်တဲ့ အနေအထားအပေါ်မှာ တော်တော်လေးစိတ်ပျက် ၀မ်းနည်းခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ တရားခံတွေကို အရမ်းနစ်နာစေလိုတဲ့စိတ် မရှိဘူး။ ဒါပေမယ့် မှန်ကန်တဲ့ ဥပဒေအတိုင်း ဖြစ်သင့်ပါတယ်။ အခုအချိန်က ဖြစ်စဉ်ဖြစ်တဲ့နှစ်ပိုင်းက အစိုးရမဟုတ်ဘူး။ အခုအစိုးရ အဖွဲ့က တရားရေးမဏ္ဍိုင်ပိုင်းမှာ မှန်ကန်စွာ ဆောင်ရွက်ရမယ်။ လာဘ်စားတဲ့သူတွေကို အရေးယူမယ်လို့ ပြောထားတဲ့စကားတွေကြောင့် အားကိုးစွာနဲ့ အခုလိုမျိုး တိုင်းအဆင့်ကို လျှောက်ထားခြင်းဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ကျွန်တော့်ရဲ့ညီအပေါ်ကို တာဝန်ကျေချင်တဲ့ အတွက်ကြောင့် အခက်အခဲတွေကြားက ဆက်လက် ရင်ဆိုင်သွားပါမယ်လို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
လူအများ ၀ိုင်းရိုက်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့မှုကြောင့် ကိုမောင်မောင်လွင်မှ တရားလိုပြု၍ စမ်းချောင်းရဲစခန်း (ပ) ၄၆၈/၂၀၁၀ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ မှ ၃၀၂/ ၃၂၆/၁၁၄ သို့ ပြောင်းလဲအမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“၀ိုင်းဝန်း၍ ရိုက်နှက်ခြင်း၊ ထိုးခုတ်ခြင်း၊ အန္တရာယ်ပြုခြင်းစသည်တို့ ပြုလုပ်ကြရာတွင် မည်သူ့လက် ချက်ဖြင့် ထိုသူသေဆုံးရသည်ဟူ၍ သက်သေအထင်အရှား မတွေ့ရှိလျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ မဟုတ် ဘဲ ၃၂၆ အရ ပြင်းထန်စွာ အနာတရ ဖြစ်စေမှုကို ကျူးလွန်သည်ဟု တွေ့ရှိလျှင် ပိုမိုမျှတမှန်ကန်သည်ဟု မောင်စံတင်နှင့် နိုင်ငံတော်အမှုနှင့် သောင်းခိုင်နှင့် နိုင်ငံတော်အမှုတို့တွင် ညွှန်ပြထားသည်။ ကိုမြင့်အောင်နှင့် နိုင်ငံတော်အမှုတွင်လည်း အထက်ပါစီရင်ထုံး အမှုများအတိုင်း ညွှန်ပြထားသည်။ ဤအမှုတွင် သေသူ ကိုညီညီဇော်နှင့် သော်ဇင်တို့က ခုတ်ဖြတ်ရန် ကိရိယာဖြစ်သည့် ထက်မြက်သော လက်နက်ဖြစ်သော ဓားလှံအစရှိသော လက်နက်တို့ဖြင့် ပြုလုပ်ခြင်း မဟုတ်ဘဲ တုတ်ဖြင့်သာ အသုံးပြုခဲ့ကြောင်း ပေါ်ပေါက်သဖြင့် အထက် ပါ စီရင်ထုံးများ၏ ညွှန်ပြချက်များ နှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ အရ အပြင်းအထန် နာကျင်စေမှုဖြင့် (၂) တရားခံညီညီဇော်နှင့် (၃) တရားခံသော်ဇင်တို့အား သုံးသပ်ရပေသည်။ (၁) တရားခံကိုကိုဝင်းနှင့် (၄) တရားခံ ကျော်ထွေးတို့သည် တုတ်များကိုယ်စီ ကိုင်ဆောင်လျက် ညီညီဇော်၊ သော်ဇင်တို့က ပြစ်မှုကျူး လွန်ရာတွင် အားပေးကူညီသူများ ဖြစ်ကြောင်း ပေါ်ပေါက်နေသဖြင့် ၎င်းင်းတို့နှစ်ဦးအား အားပေးကူညီသူ အဖြစ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ အရအပြစ်ပေးသင့်ကြောင်း သုံးသပ်ရရှိပေသည်။ တရားခံအသီးသီးအပေါ် ကျူးလွန်သောပြစ်မှုနှင့် လျော်ညီစွာ ပြစ်ဒဏ်ချမှတ်သင့်ကြောင်း သုံးသပ်ရရှိ၍ အောက်ပါ အမိန့်ကို ချမှတ်လိုက်သည်။ အဖ ဦးခင်မောင်ဝင်း၏ သားဖြစ်သူ (၂) တရားခံ ညီညီဇော်၊ အဖဦးသန်း အောင်၏သားဖြစ်သူ (၃) တရားခံ သော်ဇင်တို့သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅အရပြစ်မှုရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပုဒ်မအရအလုပ် နှင့် ထောင်ဒဏ်ငါးနှစ် တိတိကျခံစေ။  အဖ ဦးအေးမြင့်၏ သားဖြစ်သူ (၁) တရားခံကိုကိုဝင်း၊ အဖ ဦးကျော်ဌေး ၏သားဖြစ်သူ (၄) တရားခံကျော် ထွေးတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅/၁၁၄ အရ အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပုဒ်မ အရ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် နှင့် သုံးလတိတိကျခံစေ။ တရားခံများ အချုပ်ခံရသော (၄.၁၂.၂၀၁၀) နေ့မှစ၍ချုပ်ရက်များကိုထောင်ဒဏ် မှ ထုတ်နုတ်ကျခံစေ” ဟူ၍ စီရင်ချက်တွင် ထည့်သွင်းထားသည်ကို တွေ့ရပါသည်။ တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရသည့်ကာလမှာ တစ်နှစ် နှင့်သုံးလရှိခဲ့သဖြင့် တရားရုံးမှ အမိန့်ချအပြီးတွင် တရားခံ(၁)နှင့် တရားခံ  (၄) တို့မှာ ထောင်မှလွတ်မြောက် သွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားကာစ၌လည်း ယင်းဖြစ်စဉ်သည် လူစည်ကားရာနေရာ၌ တရားဥပဒေမဲ့စွာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူသည့် ရာဇ၀တ်မှုမျိုးဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအချို့ပင် ထိတ်လန့်ခဲ့ရကြောင်း၊ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ထိရောက်ပြစ်ဒဏ်များ ချမှတ်ခြင်း ဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို လက်ရှိအစိုးရသစ်၏ တရားစီရင်ရေး မဏ္ဍိုင်က သက်သေ ပြနိုင်လိမ့်မည်ဟု ယင်းဖြစ်စဉ်အား စိတ်ဝင်စားသူ ပြည်သူများက မျှော်လင့်ခဲ့ကြကြောင်းလည်း သိရသည်။
သေစေခြင်းဖြစ်တန်ရာသော ကိုယ်အင်္ဂါ နာကျင်မှုကို ဖြစ်စေရန် အကြံဖြင့် မည်သူမဆို ပြုလုပ်မှု တစ်ခု ခုကိုပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှုမမြောက်သည့် ရာဇ၀တ် ပြစ်ဒဏ်ကို ထိုက်သော လူသေမှုကို ကျူးလွန်သည် မည်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၉ တွင် ပြဋ္ဌာန်းထားချက်အရသိရသည်။
မည်သူမဆို လူသတ်မှုမမြောက်သည့် ရာဇ၀တ်ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ် ကြီးပုဒ်မ ၃၀၄ တွင် ဆိုထားပါသည်။
ထို့အတူ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၀ တွင် ပြဋ္ဌာန်းထားသည်မှာ “ ပြုလုပ်မှုကို လူသတ်မှုမမြောက် သည့် လူသေမှုဖြစ်အောင်ပြုသော ပတ်ဝန်းကျင်အကြောင်းခြင်းရာ မရှိ ခဲ့သော်မည်သူမဆို သေစေရန် အကြံ ဖြင့်ဖြစ်စေ၊ ဖြစ်တတ်သောသဘော အရ အမှန်အားဖြင့် သေစေလောက် သော ကိုယ်အင်္ဂါနာကျင်မှုကိုဖြစ်စေ ရန်အကြံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုတစ် ခုခုကို ပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှု ကျူးလွန်သည် မည်၏”ဟု ပြဋ္ဌာန်းထားပါသည်။
ထို့ပြင် မည်သူမဆို တစ်သက် တစ်ကျွန်းဒဏ် စီရင်ခြင်းခံရသည့် အတွင်း၊ သို့တည်းမဟုတ် တင်ကူး ကြံရွယ်ချက်ဖြင့် သို့တည်းမဟုတ် ရာဇသတ်ကြီးအရ ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ်လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) အရ သိရသည်။
အလားတူ မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) တွင် ပြဋ္ဌာန်းထားပြီး ပြုလုပ်မှု တစ်ခုသည် တင်ကူးကြံရွယ်သော ပြုလုပ်မှုဖြစ်သည်၊ မဖြစ်သည်ဆိုသော အချက်မှာ အကြောင်းချင်းရာ ပြဿနာဖြစ်သည်ဟုလည်း ရှင်းလင်းချက်တွင် ဖော်ပြထားပါသည်။
“အထက်က အမှုမှာ တရားသူကြီးက တရားခံနှစ်ဦးကို ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ နဲ့ အလုပ် နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ပြီး ကျန်နှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ နဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလ ချမှတ်ခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်တယ်ဆို တာတောင်ဒီပုဒ်မရဲ့အမြင့်ဆုံး ထောင်ဒဏ် မဟုတ်သေးပါဘူး။ ပုဒ်မ ၃၂၅ ကတုံးသော လက်နက်နဲ့ အပြင်းအထန် နာကျင်စေမှုမျိုးမှာ ကျူးလွန်သူကို အရေးယူတဲ့ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်လို့ရတယ်ဆို တာကို ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အမှုတစ်မှုမှာ တရားခံဟာ တရားသူကြီးရဲ့ ဆင်ခြင်သုံးသပ်မှုပေါ်မှာ မူတည်ပြီး ထောင်ဒဏ်အမြင့်ဆုံးဖြစ်တဲ့ ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်ခံရနိုင်သလို လျှော့ပေါ့တဲ့ပြစ်ဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်” ဟု ရှေ့နေ တစ်ဦးက ဆိုပါသည်။
တရားစီရင်ထုံးများနှင့် ပတ်သက်၍ ဥပဒေပညာရှင် တစ်ဦးက သုံးသပ်ပြောကြားခဲ့ရာ “အကြောင်း အရာနောက်ကို စီရင်ထုံးမလိုက်ရဘဲ စီရင်ထုံးနောက်ကိုသာ အကြောင်းအရာက လိုက်ရမယ်ဆိုတဲ့ ဥပဒေသ ရှိပါတယ်။ စီရင်ထုံးကို ကိုးကားတဲ့ နေရာမှာ အမှုအကြောင်းခြင်းရာချင်း တူဖို့လိုပါတယ်။ ကိုးကားပြီး ဆုံးဖြတ်ရမယ့်အမှုပါ အကြောင်းအရာဟာ ယခင်ချမှတ်ခဲ့တဲ့ စီရင်ထုံးပါ အကြောင်းအရာနဲ့ ကိုက်ညီမှုရှိဖို့တော့ လိုပါတယ်။ ဥပဒေပြဋ္ဌာန်း ချက်မှာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆို ထားတာရှင်းလင်းစွာ ကောက်ယူနိုင်တဲ့ အချက်အလက်မျိုး မပေါ်ပေါက်ရင် အမှုတစ်ခုချင်းရဲ့ ဖြစ်ရပ်ပေါ်မူ တည်ပြီးတော့ တရားရုံးက ဆင်ခြင်တုံတရားနဲ့ သုံးသပ်ပြီးယခင်အဆက် ဆက်ချမှတ်ခဲ့တဲ့ စီရင်ထုံးကို ကိုးကားပြီးတော့ ဆုံးဖြတ်ပေးရပါ တယ်။ ဒါဟာ စီရင်ထုံးကို ဘယ်လိုနေရာမှာ သုံးရတယ်ဆိုတာကို ရှင်းပြတာပါ။ ဥပဒေပြဋ္ဌာန်းချက်မှာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ရှိတယ်ဆိုရင်တော့ ဥပဒေပြဋ္ဌာန်းချက်နဲ့ စီရင်ထုံးယှဉ်လာရင် စီရင်ထုံး က ဥပဒေပြဋ္ဌာန်းချက်ကို လွှမ်းမိုးလို့ မရပါဘူး” ဟု ရှင်းပြခဲ့ပါသည်။
“ဖြစ်နိုင်မယ်ဆိုရင်တော့ တရားရုံးတစ်ခုက ချမှတ်လိုက်တဲ့ စီရင်ချက်တစ်ခုဟာ ဘယ်အဆင့်ကိုမှ ထပ်တက်စရာမလိုဘဲ အဖက်ဖက် က ကျေနပ်လက်ခံနိုင်တဲ့၊ တရား မျှတတဲ့ အဖြေမျိုးထွက်မယ်ဆိုရင် တော့ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ပြည်သူအများက ယုံကြည်အားကိုး ရတဲ့ တတိယမဏ္ဍိုင် ပိုပီပြင်လာမှာ ဖြစ်ပါတယ်” တရားစီရင်ရေးမဏ္ဍိုင် အား လေ့လာနေသူတစ်ဦးက အကြံ ပြုပါသည်။
“လူမြင်ကွင်းမှာ အုပ်စုလိုက် ၀ိုင်းရိုက်လို့ သေဆုံးခဲ့ရတဲ့ဖြစ်စဉ် အပေါ် မူလက ပြစ်မှုဆိုင်ရာပုဒ်မ ကြီး ၃၀၂ (၂) လူသတ်မှုပုဒ်မနဲ့ တရားစွဲတာကို သက်ဆိုင်ရာ တရား သူကြီးက ပုဒ်မ ၃၂၅ အပြင်းအထန် နာကျင်စေမှု ပုဒ်မနဲ့ပြောင်းပြီး အမိန့် ချခဲ့ပါတယ်။ ဒီအမှုဖြစ်စဉ်မှာ ဥပဒေ ရှုထောင့်အရ ဘယ်လိုအနေအထား တွေရှိနေတယ် ဆိုတာထက် အများပြည်သူအမြင်၊ မီဒီယာရှုထောင့်က အမြင်အရတော့ ဒါဟာ မဖြစ်သင့် ဘူးလို့ထင်တယ်။ လူမြင်ကွင်းမှာ လူအများ ထိတ်လန့်တကြားဖြစ်စေနိုင်တဲ့ မင်းမဲ့စရိုက်ဆန်တဲ့ ရမ်းကားမှုတွေ ကို စနစ်တကျ တားဆီးနိုင်ဖို့ တရား ဥပဒေစိုးမိုးမှုက အဓိကကျပါတယ်။ အခုလိုအမိန့်ချတဲ့အပေါ် ပြည်သူတွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ် ဟာ လုံခြုံမှုမရှိဘူးလို့ ခံစားရစေပါ တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ဟာ မှားယွင်းစွာ ဆုံးဖြတ်တာဟုတ်၊ မဟုတ် ဒါမှမဟုတ် တရားစီရင်ရေးမှာ ပါဝင်ပတ်သက်သူတွေရဲ့အဂတိ လိုက်စားမှုကြောင့်လား၊ တရားစီရင်ရေး နောက်ကွယ်က ဘယ်လိုပါဝင်ပတ်သက်မှု ဖိအားတွေ ရှိနေလို့လဲဆိုတာ တွေကိုတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး သေချာစစ်ဆေး အဖြေရှာသင့် ပါတယ်။ လူသိရှင်ကြား ရှင်းလင်းမှုမျိုးတွေ လုပ်သင့်ပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း  Rule of Law နဲ့ ပတ်သက်ပြီး ပြောထားတာဆိုတော့ ဒီလိုကိစ္စမျိုးတွေကို စနစ်တကျ စုံစမ်းစစ်ဆေး ပေးသင့်ပါတယ်” ဟု Weekly Eleven Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။

Lwin Pw
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  


0 comments:

Post a Comment