Frederick the Great © Look and Learn


ဗော်လတဲနှင့် မဟာဖရက်ဒရစ် (မောင်သာမည)

(သည်ဆောင်းပါးကို စတိုင်သစ်မဂ္ဂဇင်းမှာ ပထမဖော်ပြခဲ့ပြီး နောက်တော့ ဆန့်ကျင်ဘက်ဆောင်းပါးများဆိုတဲ့ စာပေါင်းစုစာအုပ်ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ မူရင်းကတော့ E.M.Forster ရဲ့ Two Cheers for Democracy စာအုပ်ထဲက Voltaire and Frederick the Great ဖြစ်ပါတယ်။)
လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကျော်က ပြင်သစ်လူမျိုးတယောက်ဟာ ဂျာမန်လူမျိုးတယောက်ဆီကို အလည်အပတ်သွားခဲ့ပါတယ်။ သမိုင်းမှာ အလွန်လူသိများတဲ့ အလည်အပတ်ခရီးစဉ်ကြီးတခုပါ။
ပြင်သစ်လူမျိုးဖြစ်သူက ဂျာမန်နိုင်ငံတော်ကြီးဆီ အရောက်လာရတာကို အလွန်ပျော်ရွှင်ကြည်နူးနေသလို အိမ်ရှင်ဖြစ်တဲ့ဂျာမန်လူမျိုးကလည်း အလည်လာတဲ့ပြင်သစ်လူမျိုးကို ၀မ်းပမ်းတသာကြိုဆိုခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ဝမ်းသာပျော်ရွှင်မှုဟာ ယဉ်ကျေးမှုသဘောအရဟန်လုပ်ပြသရတဲ့ ၀မ်းသာပျော်ရွှင်မှုမျိုးလောက်မဟုတ်ပါဘူး။ တို့နှစ်ယောက်တော့ သေတပန်သက်တဆုံး မိတ်ဆွေအရင်းအချာတွေဖြစ်ကြရတော့မယ်လို့တွေးပြီး စိတ်အားထက်သန်မှုတွေအပြည့်နဲ့  လှိုက်လှိုက်လှဲလှဲဝမ်းသာပျော်ရွှင်ခဲ့ကြတာပါ။
သို့ပေမယ့် သူတို့တွေးထင်ခဲ့တဲ့အတိုင်းမဖြစ်ခဲ့ပါဘူး။ သမိုင်းတွင်တဲ့ခရီးစဉ်ကြီးဟာအောင်မြင်မှုမရဘဲ အပျက်ကြီးပျက် အဆုံးရှုံးကြီးဆုံးရှုံးခဲ့ပါတယ်။
သည်ခရီးစဉ်ကြီးအကြောင်းကို သည်ကနေ့အထိ ဂျာမန်တွေရောပြင်သစ်တွေပါ ပြောဆိုနေကြတုန်းပါ။ ဂျာမန်တွေက သည်ခရီးစဉ်ပျက်ရတာဟာ ပြင်သစ်လူမျိုးကြောင့်လို့ပြောနေသလို ပြင်သစ်တွေကလည်း ဂျာမန်လူမျိုးကြောင့် သည်ခရီးစဉ်ပျက်ရတာလို့ပြောနေပါတယ်။
ဧည့်သည်ဖြစ်တဲ့ပြင်သစ်လူမျိုးက စာရေးဆရာကြီး ဗော်လတဲ ဖြစ်ပါတယ်။ သည်နေ့ခေတ်လူတွေအနေနဲ့တော့ ဗော်လတဲဟာ ဘယ်အရာကိုမဆိုအပြစ်မြင်တတ်တဲ့သူ၊ သရော်လှောင်ပြောင်တတ်တဲ့သူ၊ မဖွယ်မရာပြက်လုံးထုတ်တတ်တဲ့သူလို့ပဲ မြင်နေကြပါလိမ့်မယ်။
တကယ်တော့ ဗော်လတဲဟာ သူ့ခေတ်သူ့အခါက တခြားသူတွေထက် ခေါင်းတလုံးပိုမြင့်ခဲ့သူဖြစ်ပါတယ်။ ထိပ်ဆုံးမှာ ရှိခဲ့တဲ့လူတယောက်ပါ။ ဥရောပယဉ်ကျေးမှုကြီးက ဖန်တီးထုတ်လုပ်ခဲ့တဲ့မဟာလူသားတွေထဲမှာ ဗော်လတဲလည်း တယောက်အပါအ၀င်ဖြစ်တယ်လို့ တထစ်ချပြောနိုင်ပါတယ်။
တကယ်လို့များ ဘုရားသခင်ရဲ့နောက်ဆုံးတရားစီရင်ပွဲမှာစကားပြောဖို့  ဥရောပတိုက်ကြီးအတွက်ကိုယ်စားလှယ်နှစ်ယောက်ရွေးပါဆိုရင် ကျနော်ကတော့ ရှိတ်စပီးယားနဲ့ဗော်လတဲကို ရွေးပါမယ်။ ရှိတ်စပီးယားကိုရွေးရတာက သူ့ရဲ့ ဖန်တီးမှုစွမ်းရည်ကြောင့်ပါ။ ဗော်လတဲကိုရွေးရတာကတော့ ဝေဖန်မှုစွမ်းရည်နဲ့ လူသားဆန်တဲ့စိတ်ဓာတ်ကြောင့်ပါ။
ဗော်လတဲဟာ အမှန်တရားကိုမြတ်နိုးတယ်။ သည်းခံခြင်းတရားကို ယုံကြည်လက်ခံတယ်။ အဖိနှိပ်ခံတွေကို ကြင်နာသနားတတ်တယ်။ စိတ်ဓာတ်ကလည်း ကြံ့ခိုင်ထက်မြက်တာဆိုတော့ သူ့အယူအဆတွေကို ပြတ်ပြတ်သားသား ဖော်ထုတ်တင်ပြနိုင်ခဲ့တယ်။
ကျနော်တို့လိုလူတွေအနေနဲ့ ကိုယ့်အယူအဆကို အဆီအငေါ်တည့်အောင်ပြောနိုင်ဖို့မလွယ်ပါဘူး။ ဗော်လတဲလို ကြီးကျယ်တဲ့ပုဂ္ဂိုလ်မျိုးက ပြတ်ပြတ်သားသားပြောဆိုနိုင်ခဲ့လေတော့ သာမန်ပြည်သူတွေလိုပဲ ကျနော်လည်း ဗော်လတဲကို ကျေးဇူးတင်မိပါတယ်။ မတရားမှုကိုဆန့်ကျင်ပြီး သာယာဝပြောတဲ့လောကကြီးကိုတည်ဆောက်ဖို့ အားထုတ်နေကြတဲ့ လူသားအမြောက်အများအတွက် ဗော်လတဲဟာ စကားပြောခဲ့သူဖြစ်ပါတယ်။
ဗော်လတဲဟာ စာတွေအများအပြားရေးခဲ့ပါတယ်။ ပြဇာတ်တွေ ၀တ္ထုတိုတွေ အများအပြားရေးခဲ့ပါတယ်။ အခုအချိန်မှာတော့ သ့ပြဇာတ်တွေကို မေ့ကုန်ကြပါပြီ။ သူ့ဝတ္ထုတိုတချို့ကိုတော့ ဖတ်နေကြပါသေးတယ်။ အလွန်လူသိများတဲ့ ကင်ဒိ (Candide) အမည်ရှိ ၀တ္ထုရှည်တပုဒ်ကိုရေးခဲ့ပါတယ်။ သတင်းစာသမားတယောက်လည်းဖြစ်ခဲ့ပြီး ကြေညာစာတမ်းတွေလည်းရေးခဲ့ပါတယ်။ သိပ္ပံပညာနဲ့ဒသနပညာကိုလည်း လေ့လာခဲ့ပါတယ်။ လူကြိုက်များတဲ့သမိုင်းဆရာတယောက်လည်းဖြစ်ပြီး အဘိဓာန်စာအုပ်ကြီးတအုပ်ကိုလည်း ရေးသားပြုစုခဲ့ပါတယ်။
ဥရောပတိုက်တခွင်ကလူတွေဆီကို ပေးစာတွေရေးသားပေးပို့ခဲ့ပါတယ်။ နေရာတကာမှာ ဗော်လတဲ စာအဆက်အသွယ်လုပ်သူတွေရှိနေခဲ့ပါတယ်။ ဥာဏ်ကလည်းရွှင်၊ ခေတ်လည်းမီ၊ သွက်လက်ထက်မြက်သူလည်းဖြစ်တာကြောင့် ဥရောပတခွင်ကဘုရင်တွေ အင်ပါယာအရှင်တွေဟာ ဗော်လတဲကို အလွန်အလေးဂရုပြုကြပါတယ်။ ဗော်လတဲဆီက စာတစောင်ရရင် ၀မ်းမြောက်ဂုဏ်ယူကြပြီး အလျင်အမြန်ပြန်စာရေးကြပါတယ်။
ဗော်လတဲဟာ ရသစာပေဖန်တီးရာမှာတော့ သိပ်မထူးချွန်ပေမယ့် သူ့မှာ ကြီးကျယ်တဲ့ဥာဏ်ပညာရှိတယ်။ ကြင်နာတတ်တဲ့နှလုံးသားရှိတယ်။ သည်ဥာဏ်ပညာနဲ့နှလုံးသားကို လူ့လောကရဲ့အကျိုးစီးပွားအတွက် မြှုပ်နှံထားသူဖြစ်ပါတယ်။
သည်အရည်အချင်းတွေကြောင့်ပဲ ဥရောပတိုက်ကြီးရဲ့ကိုယ်စားလှယ်အဖြစ် ရှိတ်စပီးယားနဲ့အတူ ဗော်လတဲကိုလည်း ရွေးချယ်ရခြင်းပါ။ နာဇီတွေမပေါ်ပေါက်ခင် နှစ်ပေါင်းနှစ်ရာလောက်ကြိုတင်ပြီး နာဇီတွေကိုဆန့်ကျင်ခဲ့တာ ဗော်လတဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဗော်လတဲရဲ့စိတ်ဓာတ်ဟာ စင်းလုံးချောမဟုတ်ခဲ့ပါဘူး။ ဗော်လတဲဆီမှာ ဆန့်ကျင်ဖက်ဖြစ်နေတဲ့စိတ်ဓာတ်၊ စရိုက်တွေရှိနေပါတယ်။ သူဟာ အမှန်တရားကိုမြတ်နိုးသူဖြစ်ပေမယ့် မကြာခဏ လှည့်ပတ်ပြောဆိုတတ်ပါတယ်။ လူတွေကို ချစ်ခင်ကြင်နာတတ်ပေမယ့် မကြာခဏ ဒေါသထွက်တတ်ပါတယ်။ ရက်ရက်ရောရောပေးကမ်းတတ်ပေမယ့် ငွေကြေးအကျိုးအမြတ်ရအောင်လည်း လုပ်တတ်ပါတယ်။
ဗော်လတဲဟာ မွေးရာပါလူပြောင်လူနောက်တယောက်ပါ။ သူတပါးကို သရော်လှောင်ပြောင်နေရမှ နေထိုင်ကောင်းတဲ့ လူစားပါ။ သူ့မှာ ဘွဲ့ထူးဂုဏ်ထူး ဘာမှမရှိ။ ရုပ်ရည်သွင်ပြင်ကလည်း အလွန်ဆိုး ။ လူကောင်က သေးသေးညှက်ညှက် ဂင်တိုတို။ နှာခေါင်းက ရှည်ရှည်။ အသားက မည်းမည်း။ မျက်လုံးက ပြူးပြူး။ စကားပြောတော့မပီ့တပီ လေလုံးမကွဲပါဘူး။ အ၀တ်အစားဝတ်တဲ့အခါ လူကောင်သေးသေးတွေဝတ်မြဲထုံးစံအတိုင်း တန်ဆာပလာခပ်များများ။ ဆံပင်အတုက သူ့ခေါင်းနဲ့မလိုက်အောင်ကြီးလွန်းတော့ မျက်နှာကပျောက်နေတယ်။
သို့ကလိုပြင်သစ်လူမျိုးဗော်လတဲဟာ ဘာလင်ရွှေမြို့တော်ကို ၁၇၅၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာရောက်ရှိခဲ့ပါတယ်။ သူ့ကိုကြိုဆိုတဲ့အိမ်ရှင်ကတော့ ပရပ်ရှားနိုင်ငံတော်ကြီးကို ဘုန်းမီးနေလအုပ်စိုးတော်မူတဲ့ ဂျာမန်လူမျိုးမဟာဖရက်ဒရစ် ဖြစ်ပါတယ်။
မဟာဖရက်ဒရစ်ဘုရင်ကြီးဟာ ခေတ်သစ်ဂျာမန်နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူတွေထဲမှာ တယောက်အပါအ၀င်ဖြစ်ပါတယ်။ ဟစ်တလာဟာ မဟာဖရက်ဒရစ်ဘုရင်ကြီးကို အသေအချာလေ့လာခဲ့သူပါ။
မဟာဖရက်ဒရစ်ဟာ အလွန်အလိုကြီးသူဖြစ်တာကြောင့် အလိုပြည့်ဖို့အတွက် ဥရောပတိုက်ကြီးကို စစ်မြေတလင်းဆီ ပို့ဆောင်ခဲ့ပါတယ်။ သူဟာ အင်အားကိုယုံကြည်သူ ဖြစ်တယ်။ လှည့်ဖျားခြင်းပရိယာယ်ကို ယုံကြည်သူဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်မှုကိုယုံကြည်သူဖြစ်တယ်။ ဘယ်အရာကိုမဆို ကိုယ်တိုင်လုပ်ရမှ စိတ်ချသူဖြစ်တယ်။ စည်းရုံးသိမ်းသွင်းခြင်းအတတ်မှာ တဖက်ကမ်းခတ်သူ ဖြစ်တယ်။ လူညံ့တွေကိုပဲ အလုပ်ခန့်ချင်သူဖြစ်တယ်။ လူ့လောကကြီးကို စက်ဆုပ်ရွံရှာမုန်းတီးသူလည်း ဖြစ်တယ်။ သည်စိတ်နေစိတ်ထားတွေဟာ မဟာဖရက်ဒရစ်နဲ့ဗော်လတဲကြားက နယ်ခြားမျဉ်းပဲဖြစ်ပါတယ်။
လူလူချင်းစာနာထောက်ထားမှုဆိုတဲ့ဂရုဏာတရားကို ဗော်လတဲကယုံကြည်ပေမယ့် မဟာဖရက်ဒရစ်က မယုံကြည်ပါဘူး။ "လူဆိုတာ အလွန်ဆိုးဝါးတဲ့ သတ္တ၀ါပဲ။ လူတွေအကြောင်းကို သင်မသိပါဘူး။ ငါပဲ သိတယ်" လို့ ဖရက်ဒရစ်က ဗော်လတဲကို ပြောဖူးပါတယ်။
မဟာဖရက်ဒရစ်ဟာ လူ့လောကကြီးအပေါ် အဆိုးမြင်တတ်သူဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက တစက်ကလေးမှ စိတ်မချမ်းသာခဲ့ပါဘူး။ ဒါကြောင့် သူ့အပေါ် ဘယ်သူကမှမချစ်ခင်မမြတ်နိုးဘူးဆိုတဲ့ခံစားချက်ကို ငယ်စဉ်ကစပြီး သေတဲ့အထိခံစားသွားရတဲ့သူပါ။ သည်လိုခံစားချက်မျိုးရှိတဲ့သူဟာ ဘယ်လောက်အန္တရာယ်ကြီးပြီး သူ့ကိုယ်သူရော သူတပါးကိုပါ ဘယ်လောက်ဒုက္ခပေးတတ်သလဲဆိုတာ သိထားကြပါပြီ။
မဟာဖရက်ဒရစ်ဘုရင်ကြီးမှာ ကောင်းတာတွေလည်း ရှိပါတယ်။ သူဟာ အသိပညာကြီးသူဖြစ်သလို အနုပညာခံစားမှုဘက်မှာလည်း လေးနက်သူဖြစ်ပါတယ်။ ဂီတပညာမှာကျွမ်းကျင်လိမ်မာပြီး စာပေကျမ်းဂန်လည်း နှံ့စပ်ပါတယ်။ ပြင်သစ်စာပေကိုလည်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာထားပြီး ကဗျာတချို့ကို ပြင်သစ်လိုဖွဲ့စပ်ခဲ့ပါတယ်။
မဟာဖရက်ဒရစ်ရဲ့ ပြင်သစ်ကဗျာတွေဟာသိပ်မကောင်းလှပေမယ့် သည်ကဗျာတွေကိုထောက်ရှုလိုက်ရင် သူဟာ ဂျာမန်တခုတည်းကိုပဲ အရေးထားခဲ့တာမဟုတ်ကြောင်း ထင်ရှားပါတယ်။ သည်နေရာမှာတော့ သူဟာ ဟစ်တလာထက် ပိုယဉ်ကျေးသူဖြစ်ပါတယ်။ သည်ကမ္ဘာကြီးကို ဂျာမန်တွေကပဲအုပ်စိုးရမှာဖြစ်တယ်ဆိုတဲ့အတွေးမျိုး သူ မတွေးဘူးပါ။
သည်ကမ္ဘာကြီးဟာ အလွန်ရှုပ်ထွေးပွေလီတဲ့ကမ္ဘာကြီးဖြစ်တယ်။ သူလည်း သူကြိုက်တာလုပ်၊ ကိုယ်လည်းကိုယ်ကြိုက်တာလုပ်လို့မြင်ခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း မဟာဖရက်ဒရစ်ဟာ လွတ်လပ်စွာပြောဆိုမှုကို ယုံကြည်လက်ခံခဲ့တာပါ။ "ငါကြိုက်တာ ငါလုပ်နေရသရွေ့ လူတွေလည်း သူတို့ပြောချင်ရာပြောကြပါစေ"လို့ သူ သဘောထားပါတယ်။
တနေ့မှာ ဘာလင်ရွှေမြို့တော်အတွင်း တိုင်းခန်းလှည့်လည်ရင်း လမ်းဘေးတံတိုင်းတခုပေါ်မှာ သူ့ပုံတူရုပ်ပြောင်တခု ချိတ်ဆွဲထားတာကိုတွေ့ရပါတယ်။ "သည်ပုံကို အောက်နည်းနည်းနှိမ့်လိုက်ပါ။ ဒါမှ လူတွေက ကောင်းကောင်းမြင်နိုင်မယ်"လို့ မိန့်ကြားလိုက်ပါသတဲ့။
ဗော်လတဲနဲ့မဟာဖရက်ဒရစ်တို့ဟာ စတွေ့တာနဲ့ တယောက်ကိုတယောက် ချီးမွမ်းထောမနာစကားတွေ ပြောပါတော့တယ်။ ဗော်လတဲက မဟာဖရက်ဒရစ်ဘုရင်ကြီးကို "ဥတ္တရတိုင်းရဲ့ ဆော်လမွန်ဘုရင်ကြီး" လို့ ချီးပင့်ခေါ်ဆိုခဲ့ပါတယ်။ မဟာဖရက်ဒရစ်ကလည်း "ငါကိုယ်တော်မြတ်ရဲ့ အောင်ပွဲခံဘွဲ့ထူးများအနက် တန်ဖိုးအထိုက်ဆုံးဘွဲ့ထူးမူကား ဗော်လတဲကိုပိုင်ဆိုင်သူတည်းဟူသောဘွဲ့ထူး ဖြစ်ပေသတည်း" လို့ လူသိရှင်ကြားမိန့်ဆိုပါတယ်။
မဟာဖရက်ဒရစ်က ဗော်လတဲကို ရွှေနန်းတော်ဝန်မင်းတပါးလို နေရာပေးပါတယ်။ နေစရာအဆောင်တော်တခုနဲ့အတူ ရိက္ခာတော်ငွေလည်း များများကြီးထောက်ပံ့ပေးပါတယ်။ ဗော်လတဲရဲ့ စားရေးသောက်တာနေရာထိုင်ခင်းကို စီမံခန့်ခွဲပေးမယ့် တူမတော် မဒမ်ဒင်းနစ် ရောက်လာရင်လည်း ရိက္ခာတော်ငွေထပ်ချီးမြှင့်ပေးမယ်လို့ မိန့်ပါသေးတယ်။
သည်နောက်မှာတော့ အသိပညာထုံမွှမ်းထားတဲ့စကားပြောဆိုမှုတွေ ၊တွေးခေါ်ဆင်ခြင်မှုတွေနဲ့ပြီးတဲ့ ဆွေးနွေးဝေဖန်မှုတွေ၊ ရသာစုံလင်တဲ့စားကောင်းသောက်ဖွယ်တွေဟာ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကို လွှမ်းခြုံနေခဲ့ပါတယ်။
မဟာဖရက်ဒရစ်ဟာ အစားအသောက်ခုံမင်သူအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမယ့် စရိတ်သက်သက်သာသာနဲ့ ချက်ပြုတ်နိုင်ရေးအတွက်လည်း အလွန်ဂရုထားတော်မူတယ်လို့ ဆိုပါတယ်။ ဘယ်လိုဖြစ်စေ သူတို့နှစ်ဦးရဲ့တွေ့ဆုံပွဲများဟာ လိုလေသေးမရှိအောင်ပြည့်စုံခဲ့ပုံရပါတယ်။
မကြာခင်မှာပဲ ဗော်လတဲဟာ ပြင်သစ်ကမိတ်ဆွေတယောက်ထံကို စာရေးပါတယ်။ သည်စာထဲမှာ "သို့ပေမယ့်"ဆိုတဲ့ စကားလုံးတွေ တော်တော်များများပါဝင်နေတယ်လို့ ဆိုပါတယ်။
"ညစာစားပွဲတွေကတော့ အလွန်ဖွယ်ရာလှပါတယ်။ စားကောင်းသောက်ဖွယ်တွေလည်း အလျှံပယ်ပါပဲ။ သည်ပွဲတွေမှာ ဘုရင်ကြီးကအပျော်ရွှင်ဆုံးပေါ့။ သို့ပေမယ့် - -"
"ကျုပ်တော့ အော်ပရာတွေလည်း ကြည့်ရတယ်။ အသောအရွှင်ပြဇာတ်တွေလည်း ကြည့်ရတယ်။ ဂီတပွဲတွေလည်း နားဆင်ရတယ်။ လေ့လာမှုတွေလည်း လုပ်ရတယ်။ စာပေကျမ်းဂန်တွေလည်း ဖတ်ရတယ်။ သို့ပေမယ့် - -"
"ဘာလင်ရွှေမြို့တော်ကြီးကဖြင့် အလွန်တရာခမ်းနားတင့်တယ်လှပါတယ်။ မင်းသမီးတွေကလည်း အလှထိပ်ခေါင်တင်တွေဆိုတော့ ရှုမ၀နိုင်ပါဘူး။ ရံရွေတော်တွေကလည်း အချောအလှတွေချည်းပါပဲ။ သို့ပေမယ့် - -"
သက်ဦးဆံပိုင်ဘုရင်တပါးရဲ့ အာဏာကျရောက်နေရတဲ့ လွတ်လပ်သူတယောက်ရဲ့ ဗီဇပါဆန့်ကျင်မှုအဖြစ် ဗော်လတဲရဲ့ "သို့ပေမယ့်"စကားလုံးကို အဓိပ္ပါယ်ဖွင့်လို့ရနိုင်ပါတယ်။
ဗော်လတဲမှာ ဘယ်လိုအပြစ်တွေ ဘယ်လိုချို့ယွင်းချက်တွေ ရှိနေပါစေ၊ သူဟာ လွတ်လပ်သူတယောက် ဖြစ်ပါတယ်။ မဟာဖရက်ဒရစ်ကတော့ ဥာဏ်ပညာကြီးပြီး ဆွဲဆောင်စွမ်းရှိပေမယ့် သက်ဦးဆံပိုင်ဘုရင်တပါးပါ။
အလည်အပတ်ခရီးစဉ်ဟာ အချိန်တိုတိုနဲ့မပြီးသွားခဲ့ပါဘူး။ ဗော်လတဲဟာ ငြီးငွေ့စရာကောင်းတဲ့အလုပ်
တော်တော်များများကိုလုပ်နေခဲ့ပါတယ်။ ငွေကြေးကိစ္စတခုမှာပါဝင်ပတ်သက်ခဲ့ရပြီး မဟာဖရက်ဒရစ်ရဲ့အမှုထမ်း ပြင်သစ် တယောက်နဲ့လည်း အကြီးအကျယ်စကားများခဲ့ပါသေးတယ်။
ဗော်လတဲဟာ ချောကလက်ဖျော်ရည်ကို အလွန်အကျွံသောက်သုံးတဲ့အတွက် ဘုရင်ကြီးက ခွဲတမ်းသတ်မှတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗော်လတဲက မကျေနပ်တာကြောင့် ဖယောင်းတိုင်တွေဖြုတ်ပြီးရောင်းစားခဲ့ပါသတဲ့။ ဂုဏ်သိက္ခာမဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။ အဆိုးဆုံးကတော့ ဗော်လတဲဟာ မဟာဖရက်ဒရစ်ရေးစပ်ထားတဲ့ ပြင်သစ်ကဗျာတွေကိုဖတ်ပြီး လှောင်ပြောင်ရယ်မောခဲ့တာပါ။
ဟစ်တလာလိုပဲ မဟာဖရက်ဒရစ်ဟာလည်း ကိုယ့်ကိုယ်ကိုယ်အနုပညာရှင်တယောက်အဖြစ် စိတ်ကူးယဉ်နေတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်လိုရေးထားတဲ့သူ့ကဗျာတွေကို မွမ်းမံပြင်ဆင်ပေးဖို့ အထူးဧည့်သည်တော်ကြီးထံ အပ်နှံခဲ့တာဖြစ်ပါတယ်။ ယခုတော့ ပြင်သစ်မျောက်ပျင်းက အရှင်မင်းမြတ်ရဲ့ကဗျာတွေကို သရော်လှောင်ပြောင်နေပါပေါ့လား။
ဗော်လတဲရဲ့ သရော်လှောင်ပြောင်မှုဟာ ရွှေနားတော်ကိုပေါက်သွားပါတယ်။ သည်ကဗျာတွေဟာ အတွင်းလူတွေသာ ဖတ်ခွင့်ရတဲ့ကဗျာတွေဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ရေးတဲ့ကဗျာတွေဆိုပြီး ရွှေနန်းတော်တခွင်လုံး အုံးအုံးကျွက်ကျွက် ဖြစ်အောင်လုပ်လိုက်တာဆိုတော့ အလွန်ရိုင်းပျတဲ့အမှုတခု ဖြစ်နေတော့တာပေါ့။ သည်လိုနဲ့ ဥတ္တရတိုင်းရဲ့
ဆော်လမွန်ဘုရင်ကြီး မဟာအမျက်တော်ရှပါတော့တယ်။
မဟာဖရက်ဒရစ်က သည်လိုတွေးပါတယ်။ "ငါ့ရဲ့ဧည့်သည်တော်ဟာ ပါရမီရှင်တဦးဖြစ်တာမှန်ပါရဲ့။ သို့ပေမယ့် သူဟာ အကျိုးထက် အပြစ်များသူဖြစ်တယ်။ သစ္စာမဲ့သူလည်း ဖြစ်တယ်"
ဗော်လတဲကလည်း သည်လိုတွေးပါတယ်။ "ငါ့ရဲ့အိမ်ရှင်ဟာ ဘုန်းမီးနေလတောက်ပတဲ့ ဧကရာဇ်ဘုရင်ကြီးဖြစ်တာ မှန်ပါရဲ့။ သို့ပေမယ့် သည်ဧကရာဇ်ဟာ အဝေးကပဲပူဇော်ထိုက်သူဖြစ်တယ်"
ဗော်လတဲဟာ ဘာလင်ရွှေမြို့တော်မှာ နှစ်နှစ်ကြာ နေထိုင်ခဲ့ပါတယ်။ သည်ကာလအတွင်းမှာ အိမ်ရှင်ရောဧည့်သည်ပါ စိတ်လက်မအီမသာဖြစ်လာကြပါတယ်။ သည်လိုနဲ့ ဗော်လတဲဟာလည်း ပြင်သစ်ကိုပြန်လာပါတော့တယ်။
သည်အချိန်မှာ တူမဖြစ်သူ မဒမ်ဒင်းနစ်က သူ့ဆီကိုလာနေတာဖြစ်တဲ့အတွက် ဗော်လတဲဟာ ဖရင့်ဖတ်မြို့ကနေ စောင့်ဆိုင်းနေပါတယ်။ အဲသည်အချိန်က ဖရင့်ဖတ်မြို့ဟာ ပရပ်ရှားပိုင်နက်ထဲမှာမရှိသေးပါဘူး။ ဒါကြောင့် ဖရင့်ဖတ်မြို့ကို မဟာဖရက်ဒရစ်က မပိုင်ပါဘူး။ သို့ပေမယ့် မဟာဖရက်ဒရစ်မှာလည်း လျှို့ဝှက်ရဲအဖွဲ့(ဂက်စတာပို) ရှိပါတယ်။ ဗော်လတဲကို သည်လျှို့ဝှက်ရဲတွေနဲ့  ဒုက္ခကောင်းကောင်းပေးပါတယ်။
ဘာလင်ကနေ ဗော်လတဲထွက်သွားတုန်းက မဟာဖရက်ဒရစ်ရဲ့ ပြင်သစ်ကဗျာမိတ္တူတစုံကို ယူသွားပါတယ်။ အမှုမဲ့အမှတ်မဲ့ယူသွားတာ ဖြစ်မှာပါ။ ဒါကို မဟာဖရက်ဒရစ်ကသိသွားတဲ့အခါမှာ အကြီးအကျယ်ဒေါသူပုန်ထပြီး ဗော်လတဲရဲ့ ၀န်စည်စလယ်တွေကိုရှာဖွေစစ်ဆေးဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ထုံးစံအတိုင်း မဟာဖရက်ဒရစ်ရဲ့အမှုထမ်းတွေက ဒုတိယတန်းစားတွေဆိုတော့ အလွန်အကျွံတွေ ဖြစ်ကုန်တော့တာပေါ့။ ဗော်လတဲရဲ့ဝန်စည်စလယ်တွေကို ရှာဖွေစစ်ဆေးရုံတင်မကတော့ဘဲ လူကိုပါဖမ်းဆီးလိုက်ပါတယ်။ ပြီးတော့ နေ့ရောညပါ မနားမနေနှိပ်စက်ပြီး စစ်ဆေးမေးမြန်းပါတယ်။ ဗော်လတဲဆီကတခုခုရရင် မဟာဖရက်ဒရစ်ဘုရင်ကြီး ရွှေဘောတော်ကျအောင်လုပ်နိုင်မယ်လို့ သူတို့မျှော်လင့်နေခဲ့တာကြောင့် ဖြစ်ပါတယ်။ မယုံနိုင်စရာ အဖြစ်အပျက်ပါ။ နာဇီအကျင့်၊ နာဇီနည်းလမ်းတွေရဲ့ ရှေ့တော်ပြေးလုပ်ရပ်တွေပါ။
ဗော်လတဲဟာ ထွက်ပြေးဖို့ကြိုးစားပါသေးတယ်။ ဖရင့်ဖတ် မြို့တံခါးဝမှာတင်ပြန်ဖမ်းမိပြီး အချုပ်ခန်းထဲကို တရွတ်တိုက်ဆွဲခေါ်တာခံရပြန်ပါတယ်။ သည်အချိန်မှာပဲ တူမတော် မဒမ်ဒင်းနစ်က ရောက်လာပါတယ်။
တူမဖြစ်သူလည်း ဦးရီးတော်နည်းတူ ဖမ်းဆီးနှိပ်စက်တာခံရပါတယ်။ သို့ပေမယ့် မဒမ်ဒင်းနစ်က စိတ်ဓာတ်မာကျောပြီး ဆတ်ဆတ်ထိမခံတဲ့အမျိုးသမီး ဖြစ်ပါတယ်။ သူတို့တူအရီးနှစ်ယောက်ရဲ့ဒုက္ခကို ဥရောပတတိုက်လုံးသိအောင် လုပ်နိုင်ခဲ့ပါတယ်။
ဦးရီးတော်ဗော်လတဲရဲ့ကျန်းမာရေးကလည်း တော်တော်ဆိုးနေပါပြီ။ ဗော်လတဲကလည်း တကယ်ဖြစ်တာထက် ပိုဆိုးတယ်လို့ထင်ရအောင် ဟန်ဆောင်ပါတယ်။ နှိပ်စက်နေသူတွေရှေ့က အတင်းထွက်ပြေးပြီး "ငါ့ကို ဖျားနာခွင့်လေးတောင် မပေးကြတော့ဘူးလား" လို့ ဟောဟဲလိုက်နေတဲ့အသက်ရှူသံနဲ့ အော်ပြောပါသတဲ့။
ဗော်လတဲရဲ့ကိုယ်ရေးအတွင်းဝန်က ဆရာဖြစ်သူကို ကူညီဖို့အနားကပ်သွားတဲ့အခါမှာ ပါးစပ်က တအော့အော့နဲ့ အန်တဲ့ပုံမျိုးလုပ်ပြီး "ဟဲ့ကောင် ငါဟန်ဆောင်နေတာနော် ၊ တကယ်မဟုတ်ဘူး" လို့ တပည့်ရဲ့နားရွက်နားကပ်ပြီး တိုးတိုးလေးပြောပါတယ်။
ဗော်လတဲဟာ လူတွေကိုအရူးလုပ်ရတဲ့အပေါ် ပျော်တတ်သူဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့အချိန်မှာတောင် အပြောင် အပြက်လုပ်နိုင်တဲ့သူပါ။ အလွန်ချစ်စရာကောင်းတဲ့ စိတ်ဓာတ်ပါ။
မဟာဖရက်ဒရစ်ကတော့ သူလွန်သွားပြီဆိုတာ သဘောပေါက်သွားပါတယ်။ ဗော်လတဲနဲ့သူ့တူမကို ပြန်လွှတ်ခိုင်းလိုက် ပါတယ်။
သည့်နောက်မှာလည်း ပုဂ္ဂိုလ်ကျော်နှစ်ယောက်ဟာ စာအဆက်အသွယ် ဆက်လုပ်နေပါသေးတယ်။ အရင်အတိုင်း လှိုက်လှိုက်လှဲလှဲပါပဲ။ သို့ပေမယ့် သူတို့နှစ်ဦးဟာ မျက်နှာချင်းဆိုင်မတွေ့ရအောင်တော့ သတိထားခဲ့ကြပါတယ်။
ဗော်လတဲဟာ သင်ခန်းစာတခု ရသွားပါတယ်။ လွတ်လပ်ခြင်း၊ မတူကွဲပြားခြင်း၊ သည်းခံခြင်း၊ ကြင်နာသနားခြင်း စတာတွေအပေါ်သက်ဝင်ယုံကြည်တဲ့လူတယောက်ဟာ သက်ဦးဆံပိုင်ရှင်ဘုရင်တပါးအုပ်စိုးတဲ့နိုင်ငံတော်အတွင်းက လေကို မရှူရှိုက်နိုင်ဘူးဆိုတဲ့သင်ခန်းစာ ဖြစ်ပါတယ်။
သည်သင်ခန်းစာကို ဘာလင်ရွှေမြို့တော်ကြီးက သင်ကြားပေးလိုက်တာပါ။
အပေါ်ယံမှာရွှေမှုန်ကြဲထားပါရဲ့။ သို့ပေမယ့်--။ ဧကရာဇ်ဘုရင်ကြီးဟာ အလွန်ခန့်ညားပြီး ဥာဏ်ပညာကြီးတော်မူပါရဲ့။ သို့ပေမယ့်--။ ဘယ်လောက်ကောင်းတာမွန်တာမှန်ပေမယ့် တခုခုလိုနေပါတယ်။ မှန်ပါတယ်။ လူဆန်တဲ့စိတ်ဓာတ် လိုနေပါတယ်။
ဗော်လတဲဟာ လူဆန်တဲ့စိတ်ဓာတ်အပေါ် မဖောက်မပြန်သက်ဝင်ယုံကြည်သူ ဖြစ်တယ်။ သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာကျော်ကတည်းက သက်ဦးဆံပိုင်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ခိုက်သူ ဖြစ်ပါတယ်။ ။
မောင်သာမည

Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment