ကမ္ဘာ့သတင်းများ 26/04/2012

နိုင်ငံတကာသတင်း 

 
မြောက်ဘက်က ခြိမ်းခြောက်မှု အန္တရာယ်အတွက် တောင်ကိုရီးယားပြင်ဆင်

တောင်ကိုရီးယား၊ ဆိုးလ်မြို့တော်က ကွန်ဆားဗေးတစ် သတင်းမီဒီယာကိုးခုကို မြောက်ကိုရီးယားက အရင် မသုံးခဲ့ဘူးတဲ့ အထူးစစ်ရေးနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် တောင်ကိုရီးယားအာဏာပိုင်တွေက အဲဒီဌာနတွေကို အထူး လုံခြုံရေးတွေ ချထားလိုက်ပါတယ်။
တောင်ကိုရီးယား ကွန်ဆာဗေးတစ်သမ္မတ လီမြောင်ဘတ်ကို ထောက်ခံတဲ့ အသံလွှင့်ဌာနတချို့နဲ့ ထိပ်တန်း သတင်းစာတချို့အပါအဝင် သတင်းဌာနတွေကို မိနစ်ပိုင်းအတွင်း ပြာကျသွားစေမယ်ဆိုတဲ့ မြောက် ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအတွက် တောင်ကိုရီးယား အစိုးရက စိုးရိမ်ပူပန်နေပါတယ်။ ခြိမ်းခြောက်မှုဟာ ရိုင်းပျပြီး အန္တရာယ်ကြီးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
ဘယ်လိုအခြေအနေကိုပဲဖြစ်ဖြစ် လက်တုံ့ပြန်တိုက်ခိုက်ဖို့ စစ်ရေးပြင်ဆင်မှုတွေကို တိုးဖြည့် ပြင်ထားတယ် လို့လည်း ပြောပါတယ်။ တောင်ကိုရီးယား စစ်တပ်တွေက မြောက်ကိုရီးယား တပ်တွေရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နေကြောင်း ကာကွယ်ရေးဝန်ကြီး ကင်မင်ဆပ်က ပြောကြားပါတယ်။ တောင်ကိုရီးယား ဆန္ဒပြသမားတွေက ဆိုးလ်မြို့တော်မှာ မြောက်ကိုရီးယားရဲ့ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ရုပ်တုကို မီးရှို့ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။ မြောက်ကိုရီးယားပြည်သူတွေအနေနဲ့ လွတ်မြောက်မှုအတွက် ထကြွ တောင်းဆိုကြဖို့ တောင်ကိုရီးယား ဆန္ဒပြသမားတွေက တိုက်တွန်းလိုက်ကြပါတယ်။

အမေရိကန် မြန်မာဆက်ဆံရေး တရုတ်အစိုးရ စိုးရိမ်


အမေရိကန်က မြန်မာနဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်လာတာဟာ တရုတ်နိုင်ငံကို ဦးတည်ထား ကန့်သတ်လိုတဲ့ ရည်ရွယ်ချက်မျိုး မဖြစ်သင့်သလို တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ဆက်ဆံရေးမျိုး မဖြစ်သင့်ဘူးလို့ တရုတ်အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တျန်ကိုင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ မြန်မာ့အရေးဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်လို့ တရုတ်ပြည်အနေနဲ့ အမြဲတမ်း အာရုံစိုက်ကြည့်နေပါတယ်။ အမေရိကန်က အရင်တုန်းက မြန်မာနဲ့ မဆက်သွယ်ခဲ့ဘဲ အခုမှ ဘာကြောင့် အရေးတယူ လုပ်လာတယ်ဆိုတာ မေးချင်ပါတယ်လို့ သူက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာတာနဲ့အမျှ အမေရိကန်နိုင်ငံကလည်း ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လာနေတာဖြစ်ပြီး တရုတ်ရဲ့ အိမ်နီးခြင်း နိုင်ငံတွေကို အမေရိကန်က သူ့ရဲ့မဟာမိတ်ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ တရုတ်အစိုးရ သတင်းစာတွေက စိုးရိမ်ချက်တွေကို ရေးသားကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက အမေရိကန်ဆိုင်ရာ မြန်မာနိုင်ငံ အထူးသံကိုယ်စားလှယ် Derek Mitchell တရုတ်နိုင်ငံကို လည်ပတ်ခဲ့စဉ်က အမေရိကန်အနေနဲ့ မြန်မာနဲ့ ဆက်ဆံရေးဟာ တရုတ်အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်မယ့် ဆက်ဆံရေးမျိုး မဟုတ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့ပြီဟူသော ကောလာဟလ ထွက်ခဲ့ပြီးနောက် ဗင်နီဇွဲလားသမ္မတ ချားဗတ်ဇ်က ပြန်လည်ဖြေရှင်း

ကျူးဘားသို့ သွားရောက်ပြီး ကင်ဆာရောဂါအတွက် ဓာတ်ကင်ကုထုံးများ သွားရောက်ခံယူနေသော ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗတ်ဇ်သည် မြင်ကွင်းရှေ့မှ ရှစ်ရက်ကြာ ပျောက်ကွယ် နေရာမှ ဧပြီလ ၂၃ ရက်တွင် ကောလာ ဟလများကိုချေဖျက်ရန်အတွက် ပြန် လည်ထွက်ပေါ်လာခဲ့သည်။

ကျူးဘားတွင်ကင်ဆာကုသနေစဉ် ၎င်းသေဆုံးခဲ့ပြီဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ရာ ချားဗတ်ဇ်က မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး ဓာတ်ကင်ကုထုံး ခံယူပြီးနောက် ဧပြီလ ၂၆ ရက်တွင် နိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံပိုင်ရုပ်သံနှင့် ဖုန်းဆက်ပြောကြားမှုကို ထုတ်လွှင့်ခဲ့ရာ ချားဗတ်ဇ်က ကင်ဆာကုထုံး ခံယူခဲ့ရမှုများကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သက်သာ ကောင်းမွန်လာစေရန် လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။ ကောလာဟလများကို အတိုက်အခံတို့က ထုတ်လွှင့်ခဲ့ကြောင်း ချားဗတ်ဇ်က အပြစ်တင်ခဲ့သည်။
ချားဗတ်ဇ်သည် ဗင်နီဇွဲလားသို့ ပြန်လာပြီးနောက် ကျူးဘားသို့ ပြန်လည်သွားရောက်ရမည်ဖြစ်ကာ ဓာတ် ကင်ကုထုံး ခံယူရဦးမည်ဖြစ်ကြောင်း သိရသည်။ ယင်းကုထုံးများမှာ အလွန်ခက်ခဲသောကုသမှုများဖြစ်ကြောင်း၊ ယင်းကုထုံးများအတွက် ဆန္ဒပြင်းထန်မှု၊ ယုံကြည်မှုပြင်းထန်မှုများ လိုအပ်ကြောင်း ချားဗတ်ဇ်က ပြောကြားခဲ့သည်။ ယခုပြောကြားချက်များမှာ ဧပြီလ ၁၄ ရက်က ကျူးဘားသို့ ချားဗတ်ဇ် သွားရောက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားမှုများဖြစ်ပြီး ယင်းကာလအတွင်း Twitter မှတစ်ဆင့်သာ သတင်းစကားများ ထုတ်ပြန်ခဲ့သည်။
အတိုက်အခံသမ္မတလောင်း Henrique Capriles က ချားဗတ်ဇ်သည် Twitter ဖြင့် နိုင်ငံကို အုပ်ချုပ်နေကြောင်း ဧပြီလ ၂၂ ရက်တွင် ဝေဖန်ခဲ့သည်။ Twitter ဖြင့် အုပ်ချုပ်နေသည်ဟု ဝေဖန်ချက်ကို ချားဗတ်ဇ်က ပြန်လည်တုံ့ပြန်ခဲ့ပြီး အဘယ်ကြောင့် ယင်းကဲ့သို့ ဝေဖန်ခဲ့သည်ကို နားမလည်ကြောင်း ပြောကြားခဲ့သည်။ 

တောင်ဆူဒန်ကို ဆူဒန်စစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက် နှစ်နိုင်ငံအကြား စစ်ပွဲပြန်ဖြစ်ပွားမည်ကို စိုးရိမ်မှုမြင့်တက်

ဆူဒန်စစ်လေယာဉ်များက တောင်ဆူဒန်နှင့် အငြင်းပွားမှုဖြစ်နေသော နယ်စပ်ဒေသကို ဖြတ်ကျော်၍ ဧပြီလ ၂၃ ရက်တွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တောင်ဆူဒန်က ထုတ်ပြန်ခဲ့သည်။ ယင်းအတွက်ကြောင့် ဆူဒန်နှစ်နိုင်ငံအကြား စစ်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ် မှုမြင့်တက်စေခဲ့သည်။
ယင်းတိုက်ခိုက်မှုများမှာ မိမိတို့ နိုင်ငံအပေါ် စစ်ကြေညာခြင်းဖြစ်သည်ဟု တောင်ဆူဒန်သမ္မတ ဆေးလ်ဗားကီယာက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများအတွင်း တောင်ဆူဒန်ဘက်မှ လူ ၁၂၀၀ ကျော် သေဆုံး ခဲ့ကြောင်း ဆူဒန်တပ်မှူး တစ်ဦးဖြစ်သူ ကာမယ်လ်မာရော့ဖ်၏ ပြောကြားချက်ကို Radio Sudan ၏ ၀က်ဘ်ဆိုက်က ကိုးကားဖော်ပြခဲ့သည်။ သို့သော် စစ်လေယာဉ်များသုံးပြီး ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဆိုခြင်းကို ဆူဒန်စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ငြင်းဆိုခဲ့ပြီး ယင်းတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် စစ်သွေးကြွများ သို့မဟုတ် တောင်ဆူဒန် သူပုန်များပါဝင်နေနိုင်ကြောင်း မြစ်တစ်စင်းခြားကာ တည်ရှိနေသော Bentiu နှင့် Rubkona မြို့များကို တိုက်လေယာဉ်နှစ်စီးက ဒုံးကျည်လေးခုဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုအတွင်း အမိုးဖွင့် ဈေးတစ်ခုကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့သည်ဟု Bentiu မြို့တွင်ရောက်နေသော သတင်းထောက် အလန်ဘော့စ်ဝဲလ်က ပြောကြားခဲ့သည်။
တောင်ဆူဒန်တပ်များသည် အငြင်းပွားနေသော Heglig ဒေသကို သီတင်းပတ် တစ်ပတ်ကျော် သိမ်းပိုက်ထားခဲ့ပြီးနောက် ကုလလုံခြုံရေးကောင်စီ တိုက်တွန်းချက်ဖြင့် တပ်များ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော် ဆူဒန်ကမူ မိမိတို့က တောင်ဆူဒန်တပ်များကို တိုက်ထုတ်နိုင်ခဲ့သဖြင့် ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း တောင်ဆူဒန် ပြန်ကြားရေးဝန်ကြီး ဘန်နာဘာမာရီရယ်ဘင်ဂျမင်က ယင်းတိုက်ခိုက်မှုများကြောင့် ဆူဒန်ကို လုံခြုံရေးကောင်စီက အပြစ်ပေးသင့်ကြောင်း

ဆူဒန်အနေဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်ရန် ကုလသမဂ္ဂက တိုက်တွန်းခဲ့သည်။ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း ယင်းဗုံးကြဲတိုက်ခိုက်မှုများကို ကန့်ကွက်ရှုတ်ချခဲ့ပြီး ဆူဒန်အနေဖြင့် ရန်စ တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ဆူဒန် နှင့် တောင်ဆူဒန်ခေါင်းဆောင်တို့အနေဖြင့် ထိပ်တိုက်တွေ့ဆုံမှုမှ ရှောင်လွှဲပြီး စေ့စပ်ဆွေးနွေးမှုအမြန် ပြုလုပ်ရန် ဘန်က တိုက်တွန်းခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယင်းနယ်စပ်ဒေသရှိ နေရာအများအပြားတွင် ဧပြီလ ၂၃ ရက်က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း တောင်ဆူဒန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှားက တောင်ဆူဒန်တို့နှင့် စေ့စပ်ဆွေးနွေးမည်မဟုတ်ကြောင်း ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ယခုအချိန်တွင် သေနတ်များ၊ ကျည်ဆန်များဖြင့် စကားပြောသွားမည်ဖြစ်ပြီး တောင်ဆူဒန်ကို သင်ခန်းစာပေးသွားမည်ဟု ဘာရှားက ပြောကြားခဲ့ သည်။ 

တိုက်ခိုက်မှုများနှင့်ပတ်သက်၍ နှစ်ဘက်စလုံးက အပြန်အလှန်စွပ် စွဲနေကြပြီး သတင်းထောက်များနှင့် လွတ်လပ်သော စောင့်ကြည့်သူများသည် အခင်းဖြစ်သည့်နေရာများသို့ မရောက်ရှိနိုင်ခြင်းကြောင့် အတည်ပြုနိုင်ရန် ခက်ခဲကြောင်း သိရသည်။ 

LWIN PWIN

NLABR

Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment