မြန်မာသတင်းများ ဧပြီလ ၂၆ ရက် ၂၀၁၂ ခုနှစ်
 
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကနေဒါ ရုပ်သိမ်း

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရပိတ်ဆို့မှုတွေရှိခဲ့ရာမှာ အပြင်းထန်ဆုံး လို့ ပြောနိုင်တဲ့ ကနေဒါနိုင်ငံက မြန်မာပြည်အပေါ် အရေးယူမှုတွေကို အခု ဆိုင်းငံ့လိုက်ပါပြီ။ မြန်မာနိုင်ငံ တွင်း ဖြစ်ထွန်းမှုတွေကြောင့် အခုလို အရေးယူမှုတွေ ယာယီ ဆိုင်းငံ့ထား လိုက်တာ ဖြစ်ပေမဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို မပြတ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က မနေ့က ကနေဒါ ပါလီမန်မှာ ကြေညာသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ဆိုင်းငံ့ထားလိုက်ပြီဆိုတာကို မနေ့က ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird ကိုယ်တိုင် ကနေဒါပါလီမန်မှာ ကြေညာသွားတာပါ။ မြန်မာနိုင်ငံတွင်းက သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အတော် များများ လွတ်မြောက်လာပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် ပတ်သက်လာတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်လာတာတွေဟာ အရေးပါတဲ့ ဖြစ်ထွန်း မှုတွေ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Baird က ပြောပါ တယ်။ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့် လုပ်လာမယ်ဆိုရင် မြန်မာအပေါ် အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းမှာဖြစ်တယ်လို့ ဆိုတဲ့ ကတိအတိုင်း အခုလို ဆောင်ရွက်တာလို့ Mr.Baird က ပြောပါတယ်။

“ကနေဒါအနေနဲ့ မြန်မာနိုင်ငံအပေါ် ကတိပြုထားတဲ့အတိုင်းပဲ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ကို ယာယီဆိုင်းငံ့လိုက်ပြီဆိုတာကို ၀မ်းမြောက်စွာနဲ့ ပြောလိုပါတယ်။ ပို့ကုန်၊ သွင်းကုန်နဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ တားမြစ်ချက်တွေအတော်များများကို ယာယီရုပ်သိမ်း လိုက်တာပါ။”

ဒါပေမယ့်လည်း အရေးယူမှုအချို့တော့ ဆက်ပြီးကျန်နေပါသေးတယ်။ အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက် လာတဲ့ကိစ္စတွေမှာပါ။ အခု ပြောင်းလဲမှုတွေဟာ နုနယ်သေးတာမို့ စောင့်ကြည့်သွားရမှာဖြစ်ပြီး လိုအပ် လာမယ်ဆိုရင်တော့ ဒီအရေးယူမှုတွေ ဆက်လုပ်ဖို့လည်း အသင့်ရှိတယ်ဆိုတာကိုလည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ပြောပါတယ်။

“အခြေအနေတွေအပေါ် သုံးသပ်ကြည့်ရရင်တော့ ပြောင်းလဲမှုတွေဟာ နုနယ်သေးတာမို့ အချိန်မရွေး ပျက်ယွင်းသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့လည်း လက်နက်ရောင်းဝယ်မှု တားမြစ်ချက်တွေ၊ စစ်ရေးနဲ့ ပတ်သက်လို့ နည်းပညာနဲ့ ငွေကြေးဆိုင်ရာအလွှဲအပြောင်းကိစ္စ အရေးယူထားတာတွေကိုတော့ ဆက် ထားပါတယ်။ ဖြစ်ထွန်းမှုတွေကို ကနေဒါနိုင်ငံအနေနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်သွားပါ မယ်။ ပြုပြင်ပြောင်းလဲမှုတွေ နောက်လှည့်သွားရင် ပြုပြင်ပြောင်းလဲမှုတွေကို ပယ်ဖျက်လိုက်ပြီဆိုရင်တော့ အခု ဆိုင်းငံ့ထားတဲ့ အရေးယူမှုတွေကို ပြန်လည် ချမှတ်ကျင့်သုံးဖို့လည်း အဆင်သင့်ရှိပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး John Baird ဟာ ပြီးခဲ့တဲ့လအတွင်းမြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာသမ္မတ ဦးသိန်းစိန်ကိုရော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့ပါတယ်။ အခုလို အရေးယူမှုတွေ ဆိုင်းငံ့မယ်ဆိုတဲ့အပေါ် ဆွေးနွေးချက်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သဘောတူခဲ့တယ်လို့ ပြောပါတယ်။ တဘက်မှာတော့ မြန်မာအစိုးရအတွင်းမှာ အပျော့၊ အမာ အခြေအနေတွေ ရှိတယ်ဆိုတာကို သုံးသပ်မိပြီး အခု ခြေလှမ်းတွေဟာ ပြုပြင်ပြောင်းလဲလိုတဲ့ အုပ်စုကို အားပေးလိုတဲ့သဘော ဖြစ်တယ်လို့ ပြောသွားပါတယ်။

“အစိုးရအတွင်းထဲမှာ သမ္မတအပါအ၀င် ပြုပြင်ပြောင်းလဲလိုသူအချို့ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သူတွေလည်းရှိပါတယ်၊ နောက် အခြေအနေကို ထိုင်စောင့်ကြည့် နေသူတွေလည်း ရှိပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒီ စောင့်ကြည့်နေသူတွေ ပြုပြင်ပြောင်းလဲရေး အုပ်စုဘက် ရောက်လာတာကို လိုလားပါ တယ်။ ဒါကြောင့်လည်း အခုလို ဆုံးဖြတ်တာပါ။ အခု ဒီ အရေးယူမှု ဆိုင်းငံ့ထားတာတွေ ကိုလည်း အချိန်မရွေး ပြန်ပြီးတော့ ချမှတ်ကျင့်သုံးလို့လည်း ရပါတယ်။ ဒီအတွက်လည်း နောက်တွန့်မှာ မဟုတ်ပါဘူး။”

အခုလို ကနေဒါနိုင်ငံရဲ့ အရေးယူမှုတွေ ဆိုင်းငံ့လိုက်တာကြောင့် ကနေဒါနိုင်ငံတွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေနဲ့ ကနေဒါနိုင်ငံသားတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ကြတော့မှာပါ။ ဒီအတွက် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပွင့်လာစေမယ်လို့ မျှော်လင့်ထားပါတယ်လို့ John Baird က ပြောပါတယ်။ ဒါပေမယ့် ကနေဒါအပါအ၀င် အနောက်နိုင်ငံတွေရဲ့ မြန်မာအပေါ် အရေးယူ ဒဏ်ခတ်မှုတွေဟာ မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေရှိလာစေဖို့ တွန်းအားဖြစ်စေတယ်၊ Sanctions တွေဟာ ထိရောက်မှုရှိခဲ့တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“ပြောင်းလဲမှုတွေဖြစ်လာဖို့ အခုလို အရေးယူဒဏ်ခတ်တာတွေ ချမှတ်ခဲ့တာပါ။ ဒီလို အရေးယူ ဒဏ်ခတ်မှုတွေဟာ ထိရောက်အောင်မြင်တယ် ဆိုတာကို ဒီနေ့ ကမ္ဘာမှာ မြန်မာ အခြေအနေက သာဓက ပြပါတယ်။ မြန်မာအစိုးရက အခု သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ လုပ်လာတဲ့ အတွက် ကျနော်တို့ဘက်ကလည်း တုံ့ပြန်မှုတွေ ရှိလာတာပါ။ ဒီလိုပဲ အခြား လစ်ဘရယ်ဒီမိုကရေစီ အစိုးရတွေ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဥရောပနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျနိုင်ငံတွေကလည်း အလားတူ တုံ့ပြန်မယ် ယူဆ ပါတယ်။ တချိန်တည်းမှာလည်း အခြေအနေတွေကိုတော့ ကျနော်တို့က အနီးကပ်ကို စောင့်ကြည့်နေမှာပါ။”
အခုလို ကနေဒါနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကိုတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖုံးနဲ့ဆက်ပြီး အသိပေးမှာဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ကနေဒါနိုင်ငံခြားရေး ၀န်ကြီးက ပြောသွားပါတယ်။

ကနေဒါကလည်း ပိတ်ဆို့မှုတွေ ဆိုင်းငံ့


မြန်မာနိုင်ငံရဲ့လတ်တလော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ဆို့အရေးယူမှု အများစုကို ယာယီ ဆိုင်းငံ့လိုက်တော့မှာ ဖြစ်ကြောင်း ကနေဒါနိုင်ငံ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဥရောပသမဂ္ဂ အီးယူရဲ့ မြန်မာအပေါ် ပိတ်ဆို့မှုတွေ ယာယီဆိုင်းငံ့လိုက်တဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့အပြီး ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ John Baird က မနေ့က ထုတ်ဖော်ပြောဆို လိုက်တာပါ။
ကနေဒါရဲ့ ဆိုင်းငံ့လိုက်တဲ့ ပိတ်ဆို့မှုအများစုမှာ သွင်းကုန်၊ ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး လူပုဂ္ဂိုလ်တွေအပေါ် ပိတ်ဆို့ အရေးယူထားတာတွေလည်း ပါဝင်တယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမဲ့ လက်နက် အရောင်းအ၀ယ်ကိုတော့ ဆက်လက် ပိတ်ဆို့ထားမှာ ဖြစ်ပါတယ်။
ကနေဒါ နိုင်ငံဟာ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်အရေးယူခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက -
"ပိတ်ဆို့ အရေးယူတဲ့နည်းဟာ ဒီကနေ့ ခေတ်သစ်ကမ္ဘာမှာ ထိရောက်တယ်ဆိုတာ သက်သေသာဓကကောင်း တစ်ရပ်အနေနဲ့ ပြသလိုက်တာလို့ ဆိုနိုင်ပါလိမ့်မယ်။ ကာယကံရှင် အစိုးရက ပြုပြင်ပြောင်းလဲ လာတဲ့အခါမှာလည်း မိမိတို့အနေနဲ့ ကူညီအားပေးရမှာ ဖြစ်ပါတယ်" လို့ပြောဆိုပါတယ်။
ဆက်လက်ပြီး - " မိမိတို့အနေနဲ့ အကောင်းမြင်သဘောနဲ့ မျှော်လင့်ချက် ထားပါတယ်။ တချိန်တည်းမှာလည်း မိမိတို့ဟာ ရိုးအသူတွေ မဟုတ်ပါဘူး။ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ကနေဒါ အနေနဲ့ မြန်မာနိုင်ငံမှာ အခုထက်ပိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မြင်ချင်ပါတယ်။ အလားတူ လိုအပ်လာရင် ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ရမှာ ဖြစ်ပါတယ်"လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ John Baird က ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ကနေဒါ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လုင်ငန်းတွေ လုပ်ကိုင်နိုင်တော့မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။


ကနေဒါလည်း မြန်မာအပေါ် ပိတ်ဆို့မှု ဆိုင်းငံ့


ကနေဒါနိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများကို တနှစ် ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ ယမန်နေ့က ကနေဒါ ပါလီမန်တွင် ကနေဒါ နိုင်ငံခြားရေး ၀န်ကြီး John Baird က ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ သို့သော် စစ်လက်နက်ပစ္စည်း ရောင်း ၀ယ်မှု ပိတ်ဆို့ခြင်းကိုမှု ဆက်လက် ထားရှိဦးဖြစ်ကြောင်း ကနေဒါက လာသော သတင်းများက ဆိုသည်။ John Baird သည် ယမန် နှစ်က မြန်မာနိုင်ငံသို့သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သေးသည်။ EU ကလည်း မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှုကို တနှစ် ဆိုင်းငံ့ကြောင်း တနင်္လာနေ့က EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

အမေရိကန် ပိတ်ဆို့မှု ဖြေလျှော့ရေး အခွင့်အရေးအဖွဲ့တွေ စိုးရိမ်



မြန်မာအစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတွေကို ဖြေလျှော့ရေးဆိုင်ရာ အမေရိကန်အစိုးရရဲ့ မဟာဗျူဟာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ( HRW ) နဲ့ အဖွဲ့ (၈) ဖွဲ့က သမ္မတ အိုဘားမား ဆီကို ပူးတွဲ ပန်ကြားစာတစ်စောင် ပေးပို့ခဲ့ပါတယ်။
ဧပြီလ (၂၄) ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့ အဲဒီပန်ကြားစာနဲ့ ပတ်သက်ပြီး ၀ါရှင်တန်အခြေစိုက် HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Mr. John Sifton က မီဒီယာများ ကို ပြောကြားခဲ့ရာမှာ -
သမ္မတ အိုဘားမားအစိုးရရဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လျှော့ပေါ့ရေးနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ အစီအစဉ်တွေက မြန်ဆန်လွန်းနေတဲ့အတွက် မိမိတို့ စိုးရိမ်ပူပန်မိကြပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာတဲ့အတွက် အခုလို ပိတ်ဆို့မှုတွေ လျှော့ချပေးရမယ်ဆိုတာ မိမိတို့လည်း သဘောတူ လက်ခံပါတယ်။ ဒါပေမဲ့ အာဏာဟာ စစ်တပ်မှာ ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေ ဆက်လက်ဆောင်ရွက်ဖို့ လိုနေသေးပါသေးတယ်။ တကယ့် အပြောင်းအလဲတွေ ပေါ်ပေါက်လာတဲ့အထိ အမေရိကန် အစိုးရအနေနဲ့ ထိန်းထားဖို့ အရေးကြီးပါတယ်လို့ ပြောဆိုခဲ့တာပါ။
ဆက်လက် ပြောကြားရာမှာ - SND ဆိုတဲ့ ပိတ်ဆို့အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးစာရင်း မပြုစုတာ အချိန်အတော်ကြာခဲ့ပြီမို့ ဒီစာရင်းကို အသစ်ပြန်လည် ပြုစုဖို့ လိုအပ်နေပါတယ်။ ပိတ်ဆို့မှုတွေ ပြန်လည်လျှော့ပေါ့ပေးရာမှာ ဒီစာရင်းသစ်က အရေးကြီးပါတယ်။ ဒီအတွက် မြန်မာနိုင်ငံတွင်းက အတိုက်အခံ ဒီမိုကရေစီ ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်ဖို့ Mr. John Sifton က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာပြည်မှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ဖို့၊ ပြည်တွင်းက လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက လွတ်လွတ်လပ်လပ် စုံစမ်းနိုင်ဖို့၊ တိုင်းရင်းသား လူမျိုးတွေအရေး၊ အလုပ်သမားအရေး၊ စာနယ်ဇင်းလွတ်လပ်ခွင့် စတာတွေမှာ အမှန်တကယ် တိုးတက်မှုတွေ ရရှိပြီဆိုမှ ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်း လျှော့ပေါ့ပေးသင့်ကြောင်း ပန်ကြားစာမှာ ဖော်ပြထားပါတယ်။


မလေးရှား သိပ္ပံဝန်ကြီး၏ မြန်မာပြည်ခရီး စတင်


မလေးရှားနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်မှုဆိုင်ရာဝန်ကြီး Dr Maximus Ongkili ဦးဆောင်သည့် ကုန်သွယ်ရေးမစ်ရှင် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့မှစ၍ ရောက်ရှိလာကြမည် ဖြစ်သည်။

ဧပြီ ၂၈ ရက်နေ့ထိ ကြာမြင့်မည့် ခရီးစဉ် ရည်ရွယ်ချက်မှာ ICT နည်းပညာ၊ ဇီဝနည်းပညာနှင့် ပြန်လည် ဖွံ့ဖြိုးနိုင်သည့် စွမ်းအင်ဆိုင်ရာကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ရန် ဖြစ်သည်ဟု သိရသည်။

“မြန်မာအစိုးရဟာ ကုန်သွယ်ရေးကို ထက်ထက်သန်သန် လွတ်လပ်ခွင့်ပေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးမြင့်လာတာတွေ့ရတယ်။ မလေးရှား အပါအဝင် ဒေသတွင်း စီးပွားရေးတွေအတွက် အခွင့်အလမ်းတွေ ပွင့်နေပါတယ်” ဟု Dr Maximus Ongkili က အင်္ဂါနေ့တွင် ကြေညာသည်။


ရေးရာကော်မတီတွေ အဆင့်နှိမ့်ချမှု ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်

မြန်မာနိုင်ငံက  လွှတ်တော်တွေမှာ ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ပိုင်ခွင့်လွဲနေတယ်လို့  ဥပဒေ ကြမ်းကော်မတီ က ကန့်ကွက် ထောက်ပြ လိုက်ပါတယ်၊ ဧပြီလ ၂၄ ရက် အဂ်ါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အတွင်း ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာတစောင် တင်ပြခဲ့တာလည်း ဖြစ်ပါတယ်၊
ဧပြီလ ၂၄ ရက်အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်တွင်း အစည်းဝေးထဲမှာ လွှတ်တော်နှစ်ရပ် ရဲ့ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌက  ဖွဲစည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ မတ်လ ၂၈ ရက်နေ့က ဆုံးဖြတ်ချက်ကို၊ အစီရင်ခံစာ တစောင် တင်ပြီး ပြန် ထောက်ပြခဲ့တာဖြစ်ပါတယ်၊ လွှတ်တော် ၃ရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့  လွှတ်တော်ရေးရာ ကော်မတီ တွေနဲ့ ကော်မရှင် တွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးဆိုပြီး ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ချက် ချထားတာကြောင့် ဖြစ်ပါတယ်၊
ဒီရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပါ ပြဋ္ဌာန်းချက်နဲ့ အညီ ဖွဲ့စည်း ထားတာ ဖြစ်ပြီး ဖွဲစည်းပုံခုံရုံးဟာလည်း လုပ်ပိုင်ခွင့်နဲ့ လွှဲချော်ပြီး ဆုံးဖြတ်ထားတယ် ဆိုတာကို ဥပဒေမူကြမ်း ကော်မတီက အစီရင်ခံစာ ပြန်တင်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ပြည်သူ့ငွေ စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် က ပြောပြပါတယ်။
-      ကျနော်တို့ ဥပဒေကြမ်းကော်မီတီရဲ့ အစီရင်ခံစာထဲမှာတော့ ဒီဟာကို လုပ်ပိုင်ခွင့် မရှိဘဲနဲ့ လုပ်တယ် လို့ ရေးထားပါ တယ်။ ဥပဒေကြမ်းကော်မတီကတော့ နိုင်ငံတော်အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ က ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေတို့၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ တို့၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေတို့၊ စာရင်းစစ်ချုပ် ဥပဒေတို့၊ ရှေ့နေချုပ် ဥပဒေတို့၊ အဲဒီ အားလုံးထဲမှာ ပြည်ထောင်စုအဆင့် ဖွဲ့စည်း ဖြစ်ပြီဆိုတာ ပါပြီးသားဖြစ်တဲ့အတွက် မညီဘူး ဆိုတာ ကို ပြန်ပြောတာပါ။
ဒီ လွှတ်တော်ရေးရာ ကော်မတီနဲ့ ကော်မရှင်တွေကို  ပြည်ထောင်စုအဆင့် ရှိမရှိ စစ်ဆေးပေးဖို့ ကိုတော့ နိုင်ငံတော် သမ္မတရုံး ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဖွဲ့စည်းပုံ အခြေခံခုံရုံးကို စစ်ဆေးပေးဖို့ တင်ခဲ့တာလည်း ဖြစ်ပါတယ်၊ ဘာကြောင့် စစ်ဆေးပေးဖို့ တင်တာလို့ မြင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးသူရိန်ဇော်က
-      အဲဒါတော့ သူတို့ပဲ သိမှာပဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဟိုဘက်က ပြင်လိုက်လို့ သူတို့က အဆုံးအဖြတ် ပေးတာပေါ့လေ။ ဒါပေမဲ့ အဓိက ကတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်တာ ဖြည့်စွက်တာ၊ အသစ်ပြန်လည် ရေးဆွဲတာတွေက ပြည်ထောင်စု လွှတ်တော်နဲ့ အဓိက ဆိုင်ပါတယ်။
အထုးသဖြင့်ကတော့  နိုင်ငံတော် သမ္မတက တိုက်ရိုက်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေကလွဲလို့ ကျန်တဲ့အဖွဲတွေ ဟာ ပြည်ထောင်စုအဆင့် မရှိဘူးလို့ သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တခုဖြစ်တာမို့ အစိုးရလုပ်ငန်းတွေကို စောင့်ကြည့် တည့်မတ်ပေးရေး ကိစ္စတွေမှာ အဆင့်မတူဘူးဆိုပြီး ကန့်သတ်ချက်တွေ ရှိလာနိုင်ပါတယ်၊ ဒါပေမဲ့ အခု ပြည်ထောင်စု လွှတ်တော်တွင်းမှာ အမတ်တွေက ဒီဆုံးဖြတ်ချက်ပေါ် ပြန်လည် ဆွေးနွေးကြဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။
-      အဲဒီအစီရင်ခံစာကို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရှိပါတယ်။ အမည် စာရင်း တောင်းထား ကြပါတယ်။ ပြည်ထောင်စု လွှတ်တော်ထဲမှာ ပြန် ဆွေးနွေးမှာပါ။ နာယက ကိုယ်တိုင် တောင်းတာပါ။ အဲဒီတော့ အမည်စာရင်းပေးပြီးရင် ဒါကို သူတို့ အစီရင်ခံစာပေါ်မှာ အားလုံးပြန်ပြီး ဆွေးနွေးကြမှာပါ။ အဖြေကတော့ ဆွေးနွေးပြီးတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ ကျနော်တို့ ပြောလို့မရပါဘူး။ အားလုံးဝိုင်းပြီး ဆုံးဖြတ်ကြမှာပါ၊ ဘယ်လို လုပ်မယ် ဆိုတာကို ပေါ့လေ။
ပြည်သူလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် ပြောပြတာပါ၊ ဒီသတင်းအပြင်လည်း မတ်လ (၂၃) ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ရဲ့ အင်တာဗျူး နဲ့  ပတ်သက်လို့လည်း  လွှတ်တော် အခွင့်အရေး ကော်မတီက ဆက်လက် ဆောင်ရွက်ပေးဖို့ လွှတ်တော်အမတ်တွေ စုပြီး လက်မှတ်ထိုးကာ ဒီကနေ့ ထပ် တောင်းဆို ထားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောပြပါတယ်။
-      မတ်လ ၂၃ ကပေါ့၊ ဦးမြင့်လှိုင်ရဲ့ Hot News ဂျာနယ်မှာ ပြောထားတဲ့အချက်တွေကို လွှတ်တော် ကိုယ်စားလှယ် တွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ ဒါဟာ လွှတ်တော်ကို အသရေဖျက်ပါတယ်၊ ဂုဏ်သိက္ခာ ညှိုးအောင် ပြုလုပ်ပါတယ်၊ ၀န်ကြီး တယောက် ရဲ့ ကိုယ်နှုတ်စိတ် စောင့်စည်းမှု မရှိဘဲ ပြောဆိုတဲ့ အတွက် ပြင်းထန်စွာ ရှုတ်ချတယ်ဆိုတဲ့ အကြောင်း နဲ့ ဒီဝန်ကြီးအနေနဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား နဲ့ သတင်းစာတွေကနေ တရားဝင် ၀န်ချတောင်းပန်ဖို့ တောင်းဆိုထားတာ ရှိပါတယ်။ အဲဒါက ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်  အခွင့်အရေး  ပူးပေါင်းကော်မတီကို တောင်းဆို ထားတာပါ။ အဲဒါ ဒီနေ့ ထက်ထိ ဘာမှ အဖြေထွက်မလာတဲ့အတွက် ဒီနေ့ပဲ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တွေ အကုန်လုံးက အဲဒီပေါ်မှာ လက်မှတ်ရေးထိုးပြီးတော့ ပြန် တောင်းဆိုတာပါ။ တကယ်လို့ အဲလို တောင်းပန်ခြင်း မပြုဘူး ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြခံ ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ ဖောက်ဖျက် တာ၊ ပြီးတော့ ပြည်သူ့ လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကို စော်ကားကျူးလွန်မှု ပြုတာတွေကြောင့် တရားဥပဒေအရ အရေးယူဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ပြောပြခဲ့တာပါ၊ ပြည်ထောင်စုလွှတ်တော်ကို လာမယ့် ဧပြီလ ၂၆ ရက် ကြာသပတေးနေ့မှာ ထပ်မံကျင်းပမှာ ဖြစ်ပါတယ်၊

သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုအတွက် တိုင်ကြားသူကို အာဏာပိုင်ဘက်က အရေးယူနေ


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ ပုဂ္ဂလိက ရွှေရှာဖွေရေး ကုမ္ပဏီနဲ့ ဒေသခံအာဏာပိုင်တွေရဲ့ ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီး ဒေသခံတွေ နစ်နာမှုအတွက် တိုင်ကြားသူတွေကို အာဏာပိုင်ဘက်က တန်ပြန် အရေးယူနေတယ်လို့ သတင်းရရှိပါတယ်။
အခုရက်ပိုင်းမှာတော့ ဦးသန်းအေးဆိုသူကို ဖမ်းဆီးချုပ်နှောင်ပြီး ခြေချုပ်ပုဒ်မ (စ) (ဆ) နဲ့ တရားစွဲနေတယ်လို့ လူမှုရေး ဆောင်ရွက်သူ ဒေါ်တင်မာဆွေက ပြောပါတယ်။ဦးသန်းအေး လွတ်မြောက်ရေးအတွက် မန္တလေးမြို့က ရှေ့နေ ဦးမြင့်သွင်နဲ့အဖွဲ့က ဥပဒေကြောင်းအရ လိုက်လံ ကူညီပေးနေတယ်လို့ သိရပါတယ်။

တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို

ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ ကို ပြန်ဝယ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ဗုဒ္ဓဟူးနေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၊ ဒုတိယနေ့တွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လျှပ်စစ်သုံးစွဲမှုဟာ ဒီနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျ ဓါတ်အားပေးတဲ့ စနစ်ကို ဆောင်ရွက်ခဲ့ရတာပါ။ အလှည့်ကျ စနစ်ကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုဇုန်တွေကို ပေးတဲ့ လျှပ်စစ်ကို လျှော့ပြီး ပြည်သူသုံးအတွက်
ဖြန့်ဝေပေးလျက် ရှိပါတယ်။ ယခင်က ပိုလျှံလို့ တရုတ်ကို ရောင်းချထားတဲ့ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ်ကိုလည်းပြန်ဝယ်ယူပြီးတော့ မိမိပြည်သူတွေအတွက် ဖြည့်ဆည်း ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်”ဟု ဦးဉာဏ်ထွန်းဦး က ဖြေကြားသွားခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါ်ကြည်ကြည်မာ၏ “၂၄ နာရီ မီးရရှိရေးကို မည်သို့ဆောင်ရွက်မည်ကို သိလိုသော မေးခွန်း” နှင့် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါက်တာ ဒေါ်ညိုညိုသင်း၏ “ရန်ကုန်တွင် ယနေ့ပေးဝေနေသော လျှပ်စစ်မီး ပေးဝေရေးမှာ အလှည့်ကျဟု သိရပြီး ယင်းထက် သာလွန်ကောင်းမွန်သော အစီအစဉ် ရှိမရှိ” မေးသော မေးခွန်းတို့အပေါ် ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုသည် ယခင်က မဂ္ဂါဝပ် ၅ဝဝ နှင့် ၆ဝဝ ကြား သုံးစွဲခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်တွင် တနေ့လျှင် မဂ္ဂါဝပ် ၇ဝဝ ထိ သုံးစွဲကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးက ဗုဒ္ဓဟူးနေ့ လွှတ်တော်တွင် ပြောကြားသွားသည်။ ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးလျက် ရှိသည်။

အမှတ် ၁ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က “ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟု ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုခဲ့ဖူးသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းအတွက် လျှပ်စစ်သုံးစွဲရန် တရုတ်နိုင်ငံထံ ရောင်းချပြီးဖြစ်သော လျှပ်စစ်မဂ္ဂါဝပ် ၁ဝဝ အား မည်သည့်ဈေးဖြင့် မည်သို့ ပြန်လည် ဝယ်ယူမည်ကိုမူ မသိရှိရသေးပေ။

ရန်ကုန်တိုင်းဒေသကြီး ပြင်ပတွင် ရှိသော ကျွန်းချောင်း၊ မန်း၊ ရွှေတောင်၊ မြန်အောင်၊ သထုံ မြို့နယ်တို့တွင် ရှိသော စွမ်းအားပြည့် မလည်ပတ်နိုင်သည့် သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်ရသော ဓါတ်အားပေး စက်ရုံများကိုလည်း ပြန်လည် လည်ပတ်နိုင်ရေး သဘာဝဓါတ်ငွေ့ ထပ်မံတိုးချဲ့ရရှိစေရေး စီမံနေသည်ဟုလည်း ဦးဉာဏ်ထွန်းဦး က ဆိုသည်။

တိုးတက်လာမည့် စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်နှင့် အဆောက်အအုံများအတွက် လျှပ်စစ် ဓါတ်အားပေး စက်ရုံသစ်များ ကိုလည်း ထပ်မံတည်ဆောက်ရန် ဆောင်ရွက်နေကြောင်းလည်း ပြောကြားသွားခဲ့သည်။


တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ရန် လွှတ်တော်တွင် ဆွေးနွေး


ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန်အတွက် ယမန်နေ့ကတင်သွင်း သည့် အဆိုကို ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ လက်ရှိတရားစီရင်ရေး စနစ်တွင် အကျင့်ပျက်ခြစားမှုများ၊ မမျှတမှုများ စသည့် အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးကြခြင်း ဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြော သည်။ ယင်း အဆိုကို ချင်းပြည်နယ် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက တင်သွင်းခြင်း ဖြစ် ကြောင်း ယနေ့ ထုတ်အစိုးရ သတင်းစာများတွင်လည်း ဖော်ပြထားသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် အီတလီ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံရန်ရှိ


NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အီတလီ နိုင်ငံခြား ရေး ဝန်ကြီး Mr. Giulio Terzidi Sant'Agata တို့သည် ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံမည်   ဖြစ်ကြောင်း သတင်းရရှိသည်။


ထိုင်း-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးမည်


ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၈၀ ကျော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက် ပြီး ယနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ရုံး၌ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း သိရသည်။ ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့ကို ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol က ဦးဆောင်၍ လာရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

NLD လွှတ်တော်တက်ရေး မတင်မကျ ဖြစ်နေသေး


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်လွှာဆိုင်ရာ ဝေါဟာရ ပြင်ဆင်ရေး တောင်းဆိုမှုနှင့် ပတ်သက်၍ ကျင်းပနေသည့် လွှတ်တော်တွင်း၌မည်သို့ ဖြေရှင်းကြမည်ဆိုသည်မှာ မတင်မကျ ဖြစ်နေသည်။ ယမန်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ကန်ပက်လက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရ ဦးအောင်ကို တင်သွင်းသည့် တရားရေးမဏ္ဍိုင် အားကောင်းစေရေး အဆိုကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြောင်း၊ လွှတ်တော်အစည်း အဝေး သို့ သမ္မတမှ အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက် သည့် စာတစောင်ပေးပို့ခဲ့ကြောင်း၊ NLD မှ တောင်းဆို ထားသည့် ကိစ္စရပ် မပါဝင်ကြောင်း၊ ကျမ်းကျိန်လွှာ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှု မရှိသေးကြောင်း သိရသည်။
သို့ဖြစ်၍ မည်သို့ ဆက်လက်ဖြေရှင်းမည်ကို ဧရာဝတီက စုံစမ်းမေးမြန်းခဲ့ရာ NLD ၏ အဆိုပါ ကိစ္စ အဓိက ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက NLD ၏ လက်ရှိ ချဉ်းကပ် လုပ်ဆောင်သည့် နည်းလမ်း အသေးစိပ်ကို မဖြေကြားနိုင်ကြောင်း သို့သော် ယခုကိစ္စသည် အရေးကြီး၍ ညှိနှိုင်းကြိုးစားနေခြင်းဖြစ်ပြီး NLD ကိုယ်စားလှယ်များအနေဖြင့် လာမည့် စက်တင်ဘာ လ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့သာ တက်ရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း NLD က ကျန်းကျိန်လွှာစကားရပ် ပြင်ဆင်ရေးအတွက် ဥပဒေအကြံပြုလွှာကို သမ္မတရုံး၊ လွှတ်တော် ၂ ရပ်နှင့် ဖွဲ့စည်းပုံအခြေ ခံ ဥပဒေ ခုံရုံး များသို့ တင်သွင်းထားကြောင်း နိုင်ငံရေးဆောင်းပါးများ ရေးသားသူ စာရေးဆရာ မောင်ဝံသကမူ NLD ၏ ကျမ်းကျိန်လွှာ စကားရပ် ပြင်ဆင်ရေးသည် အစိုးရ ပိုင်း က နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ၌ ပြင်ဆင်ပေးပြီးဖြစ်၍ လွှတ်တော်တွင် ပြင်ဆင်ရန် ခက်ခဲမည်ဟု မထင်ကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားတင်ပြထားကြောင်း သိရသည်။

NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။  လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တာ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးကိုပြောပြတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ဗုံးကွဲ သုံးဦး ထိခိုက်ဒဏ်ရာရ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယနေ့ နံနက်ပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ဗုံးစများထိမှန်ထားသော ဒေသခံ သုံးဦးကို အရေးပေါ် ကုသပေးထားရကြောင်း မြစ်ကြီးနား မြို့နယ် ဆေးရုံကြီးနှင့်နယ်မြေခံရဲစခန်းတို့က မြစ်ကြီးနားမြို့နယ်ဆေးရုံကြီး မျက်နှာစာ ဘယ်ဘက်ခြမ်းထောင့်အပြင်ဘက်ရှိ ယာဉ်ထိန်းရဲစခန်းရုံးနှင့် ကိုက် ၂၀ အတွင်းလမ်းမ ပေါ်တွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကွဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား နှစ်ဦးနှင့် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တဦးတို့၏ ခန္ဓာကိုယ် တွင် ဗုံးစများ ထိမှန်၍ ဒဏ်ရာများရရှိသွားသဖြင့် မြစ်ကြီးနားမြို့နယ်ဆေးရုံကြီးသို့ ပို့ထားကြောင်းကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီက NLD အမတ် လေးဦးကို ကန့်ကွက်လွှာတင်


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အနိုင်ရ လွှတ်တော်အမတ် လေးဦးကိုမဲမသမာမှုဖြင့် ကန့်ကွက်လွှာ တင်သွင်းထားပြီး NLD အမတ်တဦးကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတဦးကို ဥပဒေမဲ့ပြုကျင့်မှုဖြင့် ပြန်လည် ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။ NLD ရွေးကောက်ခံ အမတ်များဖြစ်ကြသည့် မင်္ဂလာ တောင်ညွှန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ လှည်းကူးမြို့နယ်မှ ဦးဖြိုးမင်းသိန်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီ၊ စစ်ကိုင်းမြို့မှ ဦးခင်မောင်သိန်းတို့ကို မဲမသမာမှုများ ပြုလုပ်သည်ဟုဆိုကာ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ငွေဆယ်သိန်းတင် ကန့်ကွက်လွှာတင်သွင်းထားကြောင်း နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ရောက်ရှိနေသည့် ဒေါ်ဖြူဖြူသင်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတွင် ကန့်ကွက်လွှာ တင်သွင်းခံထားရသော ဒေါ်ဖြူဖြူသင်းကလည်း ကြံ့ခိုင်ရေးပါတီမှ ဒေါ်လဲ့လဲ့အေးကို ဘာသာရေးခုတုံးလုပ် မဲဆွယ်သည်ဟုဆိုကာ ပြန်လည် ကန့်ကွက်လွှာ တင်သွင်းလိုက်ကြောင်း သိရသည်


မြန်မာနိုင်ငံတစ်ဝန်း၌ မိုးကြိုမိုး ရွာသွန်းမှုနည်းပါး၍ နေပူသည့် ရက်ကြာရှည်လာသောကြောင့် အပူရှိန်မြင့်တက်မှုများ ကြုံတွေ့လာရ


မြန်မာနိုင်ငံ ဒေသအသီးသီးတွင် မိုးကြိုမိုးရွာသွန်းမှုများ နည်းပါးသည့်အတွက် နေ့အပူရှိန်ပိုမိုမှုများ ကြုံတွေ့လာရကြောင်း သတင်းရရှိပါသည်။ ထို့အတူပင် မြန်မာနိုင်ငံတစ်ဝန်း နေရောင်ခြည် ဖြာထွက်ကျရောက်မှုများနှင့် ခရမ်းလွန်ရောင်ခြည် ကိန်း (UVIndex)များ ဆက်လက်မြင့်တက်နေကြောင်း သိရှိရပါသည်။ ၂၀၁၁ ခုနှစ်အတွင်းကမူ ရာသီဥတု ထူးခြားဖောက်ပြန်သော နွေရာသီကို ကြုံတွေ့ခဲ့ရကာ မတ်လအတွင်း မိုးရာသီကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ ဆောင်းရာသီကဲ့သို့ အေးမြမှုများကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိ ၂၀၁၂ ခုနှစ် နွေရာသီကာလအတွင်း ပူပြင်းခြောက်သွေ့မှုများကို တွေ့ကြုံလာရသည့်အတွက် အချို့သောဒေသများတွင် သောက်သုံးရေ ခက်ခဲမှုများ၊ အပူရှိန်ကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများရှိလာကြောင်း သိရှိရသည်။


မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ သိသိသာသာ တိုးတက်လာဖွယ်ရှိ၍ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ပြောကြား


မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ သိသိသာသာ တိုးတက်လာဖွယ်ရှိ၍ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ဧပြီလ ၂၃ ရက်နေ့က ပြောကြားခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အာရှဖွံ့ဖြိုးရေးဘဏ် မန်နေဂျင်းဒါရိုက်တာ Rajat Nag က မြန်မာနိုင်ငံတွင် ကျပ်ငွေနှင့် အမေရိကန် ဒေါ်လာလဲလှယ်မှုစနစ်ကို ပြင်ပဈေးကွက် ပေါက်ဈေးပုံစံမျိုး သတ်မှတ်လိုက်မှုသည် အင်မတန်အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်ကြောင်း
မြန်မာနိုင်ငံသည် လမ်းပွင့်လာပြီဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတွင် သိသိသာသာ တိုးတက်လာဖွယ်ရှိရာ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် မန်နေဂျင်းဒါရိုက်တာက ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ခက်ခဲသည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့် အရေးယူပိတ်ဆို့မှုများကို အ မေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြား နိုင်ငံများက ဆိုင်းငံ့ဖြေလျော့မှုများ ပြုလုပ်လာပြီးနောက် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများသည် မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစား စုံစမ်းမှုများ ရှိလာနေ သည်။သို့ရာတွင် မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်အစရှိသည့် အခြေခံအဆောက်အအုံများနှင့် စပ်လျဉ်း၍လည်း တိုးတက်မှုများ ရှိလာရန် ၎င်းတို့က လိုလားလျက်ရှိနေသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၏ ပွင့်လင်းမြင်သာမှု ရှိရန်ကိုလည်း မြင်လိုနေကြသည်။ အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ယခုနှစ်တွင် ခြောက်ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည်။





ဟောင်းနွမ်း တက္ကစီများအား လဲလှယ်ကာ အသစ်တင်သွင်းခွင့်ပြု သွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူ များထံမှ သတင်းရရှိပါသည်။အိုမင်းဟောင်းနွမ်းနေသည့် တက္ကစီများအား အပ်နှံကာ ပြည်ပမှ အသစ်တင်သွင်းခွင့်ပြုရာတွင် လက်ရှိ ကားဟောင်းများကို အပ်နှံကာ အစားထိုး တင်သွင်းခွင့်ပြုသည့် မော်ဒယ်များအတိုင်း တင်သွင်းရန် ခွင့်ပြုပေးသွားမည်ဟု သိရှိရသည်။




ခေတ်ကာလနှင့် လျော်ညီမှုမရှိသည့် အခွန်ဥပဒေများအား ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် မှ စတင်သက်ရောက်နေသော်လည်း ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရသည့် ၀င်ငွေခွန် ဥပဒေကိုမူ ပြင်ဆင်ရေးဆွဲနေဆဲ ဖြစ်ပြီး ယင်းဥပဒေ ပြင်ဆင်ပြီးပါက နိုင်ငံခြားငွေဖြင့် လစာရရှိသူများမှာ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ၍ ၀င်ငွေ ခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြည်တွင်းရှိ လုပ်ငန်းဌာနအသီးသီးတွင် ကျပ်တစ်သိန်းနှစ်သောင်းအထက် လစဉ်ဝင်ငွေရရှိသော ပြည်သူများအပေါ် စည်းကြပ်ကောက်ခံသည့် ၀င်ငွေခွန်ဥပဒေအား မတ်လအတွင်း အတည်ပြုပြင်ဆင်ခဲ့ပြီး ထိုပြင်ဆင်မှုသည် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ သက်ရောက်မည်ဖြစ်ကာ ထိုကဲ့သို့ ၀င်ငွေခွန် စည်းကြပ်ပြင်ဆင်မှုတွင် နိုင်ငံခြားငွေဖြင့် လစာရရှိသူများအတွက် ဥပဒေပြင်ဆင်နိုင်ခဲ့ခြင်း မရှိသေးကြောင်း  

လျော့ချလိုက်သည့် အခွန်နှုန်းထားများအရ လစာ ကျပ်တစ်သိန်း သုံးသောင်းခန့် ရရှိသူများသည် လစဉ် ၀င်ငွေခွန် ကျပ် ၂၀၀၀ခန့် ပေးဆောင် ရမည်ဖြစ်ပြီး လစာကျပ် နှစ်သိန်းခွဲ ၀န်းကျင်ရရှိသည့် ညွှန်ကြားရေးမှူးချုပ်တန်းဝင် လစာရရှိသူများမှာ လစဉ် ကျပ်နှစ်ထောင့်နှစ်ရာခန့် ၀င်ငွေခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်တွင်းပြည်ပရှိ နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရမည့် ၀င်ငွေခွန်အား ယခင်ပေးဆောင်ရသည့် ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ ၂၀၁၁ ခုနှစ် သြဂုတ်လတွင် စတင်လျော့ချပေးခဲ့ပြီး ပြည်ပရှိနိုင်ငံခြားငွေဖြင့် လစာရရှိသူများအပေါ်စည်းကြပ်ကောက်ခံသည့် ၀င်ငွေခွန် ဥပဒေအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင် ကင်းလွတ်ခွင့်ပေးခဲ့ကာ ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရ ရှိသူများအပေါ် စည်းကြပ်သည့်ဝင် ငွေခွန်လျော့ချမှုကိုလည်း ၂၀၁၂ ခု နှစ် သြဂုတ်လအထိ တိုးမြှင့်ပေးခဲ့ကြောင်း

ယင်းဝင်ငွေခွန်ဥပဒေအား အချိန်မီ ပြင်ဆင်နိုင်မှုမရှိပါက ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရရှိနေသူများမှာ လက်ရှိလျော့ချထားသည့် အခွန်သက်တမ်း ကုန်ဆုံးလျှင် ၀င်ငွေခွန်၁၀ ရာခိုင်နှုန်းပြည့် ပြန်လည်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ 



မြန်မာနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံမှုများ၌ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ဦးတည်နေ


ကုလသမဂ္ဂလူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ် ဒေသဆိုင်ရာရုံး (UNIAP) မှ တရားဝင် ထုတ်ပြန်ချက်များအရ ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေ ၂ ဒသမ ၅ သန်းလူကုန် ကူးခံနေရကာ မြန်မာနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရမှုများ၌ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ဦးတည်နေကြောင်း သိရသည်။


မြန်မာကျောင်းသားများ၏ ဆရာဝန်ဖြစ်ချင်စိတ်ကို အကြောင်းပြု၍ ဒေသတွင်း ဆေးတက္ကသိုလ်အချို့ လာရောက်ဈေးကွက်ချဲ့လာ၊ အောင်မြင်ပြီးပါက မြန်မာနိုင်ငံတွင် ဆမ လျှောက်ထား၍ မရသောကြောင့် အခက်အခဲများ တွေ့လာနိုင်


မြန်မာနိုင်ငံသားများ၏ ဆရာဝန်ဖြစ်ချင်စိတ်ကို အကြောင်းပြု၍ ဒေသတွင်းနိုင်ငံအချို့မှ ဆေးတက္က သိုလ်အချို့က ပြည်တွင်းသို့လာရောက်ပြီး ဈေးကွက်ချဲ့ထွင်မှုများရှိ နေရာ ၎င်းတက္ကသိုလ်များ၏အဆင့် ရပ်တည်မှုနှင့် အောင်မြင်ပြီးပါက မြန်မာနိုင်ငံတွင် ဆမလျှောက်ထား၍ မရသောကြောင့် အခက်အခဲများ တွေ့လာနိုင်ကြောင်း  ဂရုပြုကြည့်ရှုပြီးမှ တက်ရောက်သင့်သည်ဟု ပညာရေး အတိုင်ပင်ခံအချို့က သုံးသပ် ပြောကြားသည်။မြန်မာနိုင်ငံတွင် ဆေးပညာ သင်ရိုးများ လာရောက်မိတ်ဆက်နေသော နိုင်ငံများတွင် တရုတ်၊ ရုရှားနှင့် ဒေသတွင်း နိုင်ငံအချို့ပါဝင်ပြီး မြန်မာနိုင်ငံတွင် ဆမ လက်မှတ် ရရှိနိုင်မှုနှင့်ပတ်သက်ပြီး အာမခံချက် မပေးနိုင်ကြောင်း သိရသည်။နိုင်ငံခြားတက္ကသိုလ်မှ ရရှိသောဘွဲ့များနှင့် မြန်မာနိုင်ငံတွင် ပြန်လည် အလုပ်လုပ်ကိုင်ရန်မှာ မိမိနိုင်ငံ ၏ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ရန်လိုပြီး တရားဝင် အသိအမှတ်ပြုမှုရှိရန် လိုအပ်သည်ဟု ပညာရေး အသိုင်းအ၀ိုင်းမှ သုံးသပ်သည်။




မြန်မာနိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမှုများ လျော့ကျနေသည့် အတွက် ယင်း၏သက်ရောက်မှု အနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများ တစ်နေ့တခြား လျော့ပါးပျောက်ကွယ်မှု ရှိလာကြောင်း သတင်းရရှိပါသည်။မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု များပြားသည့် နိုင်ငံများတွင် အပါအ၀င်ဖြစ်နေပြီး ဘရာဇီးလ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ ပြီးပါက နံပါတ်လေးနေရာတွင် ရှိနေသည်။
သစ်တောများပြုန်းတီးခြင်းတွင် လူနေမှုအတွက်နေရာနှင့် စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ ထင်း၊ မီးသွေး အတွက် အသုံးပြုခြင်း၊ သစ်ကိုစီးပွားဖြစ် ထုတ်လုပ်ခြင်း၊ ပုစွန်ကန်များ တိုးချဲ့ပြုလုပ်ခြင်း၊ တောမီးလောင်ခြင်း၊ စားအုန်းဆီ ထုတ်လုပ်ခြင်း၊ လမ်းဖောက်ခြင်း၊ တိရစ္ဆာန်စားကျက်ချခြင်း အစရှိသည်တို့ ပါဝင်နေကာ ယင်း တို့အနက် အဓိကအကျဆုံးမှာ သစ်ကို စီးပွားရေးအတွက် အလွန်အကျွံထုတ်လုပ်ခြင်းဖြစ်သည်ဟု သိရှိရသည်။
အထူးသဖြင့် နယ်စပ်ဒေသများ တွင် သစ်တောပြုန်းတီးမှုများ ပိုမိုမြင့်တက်နေကာ တရုတ်နိုင်ငံနယ်စပ်နှင့် ထိုင်းနိုင်ငံနယ်စပ်တို့တွင် အဓိကဖြစ်ပေါ်နေသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ အမျိုးအစားများတွင် တောင်ပေါ်ဇီဝ မျိုးစုံမျိုးကွဲ၊ သစ်တောဇီဝမျိုးစုံမျိုး ကွဲ၊ ခြောက်သွေ့နှင့် စိုထိုင်းဆလျော့ ဇီဝမျိုးစုံမျိုးကွဲ၊ ကုန်းတွင်းရေနေဇီဝ မျိုးစုံမျိုးကွဲ၊ စိုက်ပျိုးရေး ဇီဝမျိုးစုံမျိုး ကွဲ၊ အဏ္ဏ၀ါနှင့် ကမ်းရိုးတန်းဇီဝမျိုး စုံမျိုးကွဲ၊ ကျွန်းငယ်များ ဇီဝမျိုးစုံမျိုးကွဲတို့ ပါဝင်ကြောင်း သိရှိရသည်။
အပင်မျိုးစိတ် ၁၁၈၀၀၊ ကြိမ် မျိုးစိတ် ၃၇ မျိုး၊ ၀ါးမျိုးစိတ် ၉၆ မျိုး၊ ဆေးဘက်ဝင်အပင်များ ၈၄၁ မျိုး၊ နို့တိုက်သတ္တ၀ါများ ၂၅၁ မျိုး၊ တွားသွားသတ္တ၀ါ ၂၇၂ မျိုး၊ ကုန်း နေရေနေသတ္တ၀ါများ ၈၂ မျိုး၊ ငှက် ၁၀၅၆ မျိုး၊ ပင်လယ်ငါး ၄၆၅ မျိုး တို့ကို ဒေသအသီးသီးတွင် တွေ့ရှိရ ပြီးလက်ရှိတွင်မူအချို့သောတိရစ္ဆာန် မျိုးစိတ်များမှာ အကောင်ရေလျော့ကျခြင်း၊ မျိုးသုဉ်းပျောက်ကွယ်လု အခြေအနေသို့ ရောက်ရှိခြင်းများကို ရင်ဆိုင်လာရသည်ဟု သိရှိရသည်။ တိရစ္ဆာန်မျိုးစိတ်များ လျော့ပါးပျောက်ကွယ် လာခြင်းသည် အဓိကအားဖြင့် ၎င်းတို့ နေထိုင်ပေါက်ဖွား ရှင်သန်ရာ သစ်တောမြေ နည်းပါးလာခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားသော်လည်း ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမည့် လူပုဂ္ဂိုလ်၊ ဌာနဆိုင်ရာများ ရိုးသားမှုမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာကြောင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၁၉၂၅ ခုနှစ် တွင် ၆၅ ဒသမ ၈ ရာခိုင်နှုန်း၊ ၁၉၅၈ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာ ခိုင်နှုန်း၊ ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ၅၂ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၄၁ ရာခိုင်နှုန်းရှိသည် ဟု သိရှိရသည်။


LWIN PWIN

NLABR

Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment