မြန်မာသတင်းများ ဧပြီလ 30 ရက် ၂၀၁၂ ခုနှစ်

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Ban Ki-moon ဟာ မြန်မာနိုင်ငံကို ဒီနေ့ ရောက်ရှိလာပြီး မနက်ဖြန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ အစီအစဉ်ရှိတယ်လို့ ရန်ကုန် UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးက ပြောကြားပါတယ်။ သူဟာ မွန်းလွဲ ၄ နာရီလောက်မှာ ရွှေတိဂုံဘုရား တောင်ဘက်မုခ် ခြေတော်ရင်းမှာရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဂူဗိမာန်မှာ ဂါရ၀ပြုပြီး နေပြည်တော်ကို ထွက်ခွာပါတယ်။
မေလ ၁ ရက်မှာ ရန်ကုန်ပြန်လာမှာဖြစ်ပြီး မနက်ဖြန်မှာ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုလည်း သွားရောက်မယ်လို့ UNDP တာဝန်ရှိသူတဦးက ပြောပါတယ်။
"ရောက်ရောက်ချင်း မီဒီယာတွေနဲ့ အင်တာဗျူးရှိလိမ့်မယ်။ ဒီညပါ။ Media officer team တွေနဲ့ ညစာရှိတယ်လေ။ မနက်ဖြန်ခါ မနက်ပိုင်းကို UN ကလုပ်တဲ့ သန်းကောင်စာရင်းနဲ့ ပတ်သက်ပြီး မြတ်တော်ဝင် ဟိုတယ်မှာ လက်မှတ်ထိုးမယ်။ ပြီးရင် သမ္မတဆီကို မနက်ဖြန်သွားမှာ၊ ပါလီမန်သွားမယ်။ ပြီးရှင် ရှမ်းပြည်နယ်သွားမယ်။ UNOCC လေ။ ပြီးတော့ မေလ ၁ ရက်နေ့မှာ ဒီကို ပြန်ရောက်မယ်။"
သူ့ခရီးစဉ်ဟာ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပိုမိုဖော်ဆောင်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးရေး အတွက် အားပေးတဲ့ ခရီးစဉ်ဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာကို တံခါးပြန်ဖွင့်နေတာကို မြင်တွေ့နေရပေမဲ့ ကနဦးအစမှာ အတိမ်းအစောင်းမခံ၊ ထိလွယ် ခိုက်လွယ်တဲ့ အနေအထားမျိုးမှာ ရှိနေသေးတဲ့ အကြောင်း မြန်မာနိုင်ငံကို မလာရောက်ခင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့တာပါ။
မေလ ၁ ရက်နေ့ ရန်ကုန်ပြန်ရောက်လာတဲ့အခါ မစ္စတာ ဘန်ကီမွန်းဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
ခု တတိယမြောက် ခရီးစဉ်မှာ သူနဲ့အတူ ဇနီး Mrs. Yoo Soon-taek လည်း လိုက်ပါလာပါတယ်။

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံရောက်

မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ် မနေ့ကစပြီး ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ တနင်္လာနေ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတနဲ့ တွေဖို့ရှိသလို ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့လည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိတွေ့နေရတဲ့ အပြောင်းအလဲ တွေဟာ အစကနဦးအဆင့်ပဲရှိသေးပြီး ရှေ့ဆက်လုပ်စရာတွေ ကျန်သေးတယ်လို့ မစ္စတာဘန်က ပြောပါ တယ်။ ပြီးခဲ့တဲ့ တနှစ်အတွင်းက ဆောင်ရွက်လာတဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်နည်းနည်းပြန်ကျနေတဲ့အချိန် အရေးကြီးကာလမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အာဏာပိုင်တွေအကြား လွှတ်တော်ဝင်ရေးကိစ္စ အတန်ငယ်တင်းမာနေတဲ့အချိန်၊ ကချင်ပြည်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ကချင် လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေ ပြန်တွေ့နေရတဲ့အချိန်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရောက် ရှိလာတာမို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မစ္စတာဘန်အနေနဲ့ မြန်မာအာဏာပိုင်တွေကို ပြုပြင်ပြောင်း လဲရေးကိစ္စ ဖိအားပေးဖို့ လိုလားနေကြပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ နေပြည်တော် သွားပြီး သမ္မတဦးသိန်းစိန်အပါအ၀င် အာဏာပိုင်တွေနဲ့တွေဆုံဖို့ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေ ဟာ မသေချာမရေရာသေးဘဲ စိန်ခေါ်အကဲစမ်းမှုတွေ ရှိနေတယ်လို့ မစ္စတာဘန်က ပြောပါတယ်။
မြန်မာ့ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ကတော့ အင်္ဂါနေ့မှာ တွေ့မယ်လို့ မျှော်လင့်ရပါ တယ်။ လတ်တလောအခြေအနေမှာ ကြားဖြတ်မှာ အနိုင်ရခဲ့တဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရေး အာဏာပိုင်တွေနဲ့ တင်းမာနေတဲ့ကိစ္စရပ်နဲ့ ပတ်သက်လို့တော့ ဒါဟာ မကြာခင် အလျှင်အမြန် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း မစ္စတာဘန်က ပြောပါတယ်။
ကချင်နဲ့ဖြစ်နေတဲ့ကိစ္စကိုလည်း အတွင်းရေးမှူးချုပ်အနေနဲ့ ၀င်ရောက်ဖြေရှင်းဖို့ လူ့အခွင့်အရေးအဖွဲ့အချို့က လိုလားပါတယ်။ ဒေသတွင်းက Altsean-Burma လူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ Debbie Stothard ကတော့ မြန်မာပြည်မှာ ဥပဒေ ပြုရေးပိုင်းရော မူဝါဒဆိုင်ရာကိစ္စတွေမှာပါ ပြုပြင်ပြောင်းလဲစရာတွေ အတော်ကျန်နေတာကို အတွင်းရေးမှူးချုပ် အနေနဲ့ထောက်ပြဖို့လိုမယ်လို့ ပြောပါတယ်။
မစ္စတာဘန်ကီမွန်းဟာ မနေ့တုန်းကတော့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အုတ်ဂူကို သွားရောက်ဂါရ၀ပြုခဲ့ပါတယ်။ ဦးသန့်ဟာ အာရှကနေ ပထမဆုံးဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဖြစ်ပါတယ်။အထူးသဖြင့် စစ်အေးကာလက အတွင်းရေးမှုးချုပ် ဦးသန့်ရဲ့ အတွေးအမြင်တွေဟာ အခုအချိန်အထိ ခေတ်မီ နေဆဲလို့ မစ္စတာဘန်က ပြောသွားပါတယ်။
မစ္စတာဘန် မြန်မာနိုင်ငံကိုရောက်နေတဲ့အချိန်မှာပဲ ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကတ်သရင်း အက်ရှ်သွန်လည်း မြန်မာနိုင်ငံရောက်နေတာမို့ သူတို့နှစ်ဦးလည်း မြန်မာနိုင်ငံမှာ သီးခြား တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ မစ္စတာဘန်ကီမွန်းဟာ ရှမ်းပြည်နယ်ဘက်ကိုသွားရောက်ဖို့ အစီအစဉ်ရှိပြီး အဲဒီမှာတော့ ကုလသမဂ္ဂရဲ့ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအစီအစဉ်တွေကို လေ့လာဖို့ရှိပါတယ်။

ရထား ပေါက်ကွဲမှုဖြစ်၊ နှစ်ဦး ဆေးရုံတင်

မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ဆန်တက်လာသည့် အိပ်စင်ရထားအမှတ် ၃၃ သည် တနင်္ဂနွေနေ့ နံနက် ၁ နာရီ ၁၀ မိနစ်တွင် မိုးညှင်းမြို့နယ်အတွင်း ပေါက်ကွဲမှုတခုဖြစ်ကာ လမ်းချော်သွားခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့မှ ၁၀၄ မိုင်အကွာ နန်စီးအောင်ဘူတာနှင့် မော်ဟန်ဘူတာ အကြားတွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ ခရီးသည်နှစ်ဦးကို မိုးညှင်းဆေးရုံတွင် ကုသမှုခံယူနေရကြောင်း မြစ်ကြီးနားဘူတာမှ တာဝန်ရှိသူတဦးက

“တိမ်းမှောက်သွားတယ်လို့တော့ မကြားမိဘူး။ ရှစ်တွဲ လမ်းချော်သွားတယ်။ ကျနော်တို့ မှတ်တမ်းအရတော့ ခရီးသည် နှစ်ဦး ဒဏ်ရာရလို့ မိုးညှင်းဆေးရုံ တင်ထားရတယ်” “ကောလင်းကရိန်း၊ မိုးညှင်းကရိန်းတွေ၊ လမ်းပြင်တဲ့အဖွဲ့တွေက သွားပြီး တွဲတွေ မတင်ပြီးပါပြီ။ ခရီးသည်တွေကို မြစ်ကြီးနားကနေ ရထားတစင်းနဲ့ သွားသယ်တယ်။ အဲဒီရထားလည်း မိုးညှင်းကနေ နေ့လည် ၁ နာရီ ၄၀ ကနေ ထွက်လာပါပြီ။ မြစ်ကြီးနးကို ခန့်မှန်းခြေ ညနေ ၆ နာရီခွဲလောက် ရောက်ပါမယ်”
ရထားပေါ်ပါ ခရီးသည်များအား အခြားရထားတစင်းဖြင့် မြစ်ကြီးနားအရောက် သယ်ဆောင်ပေးလျက်ရှိ
ကြောင်းသိရသည်။


ကျမ်းသစ္စာကိစ္စ အမြန်ဆုံးပြေလည်အောင် NLD ဆောင်ရွက်နေ

ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်ထောင်စု လွှတ်တော် တက်ရောက်နိုင်ရေးအတွက် ကျမ်းသစ္စာ ကျိန်ဆိုမယ့်ကိစ္စ အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်နေတယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။

အာဆီယံနိုင်ငံတွေအတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ခရီးသွားတွေနဲ့ လုပ်ငန်းရှင်တွေအတွက် လာမယ့် ဇွန်လကစပြီး ဆိုက်ရောက် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီက ပြောပါတယ်။ နိုင်ငံတကာ လေဆိပ်တွေမှာ ဆိုက်ရောက်ဗီဇာအတွက် ကောင်တာအသစ်တွေ ဖွင့်တော့မှာ ဖြစ်ကြောင်း၊ ဒီအတွက် စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ အစပိုင်းမှာ အာဆီယံနိုင်ငံတွေကိုပဲ ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှာဖြစ်ပေမဲ့ တဖြည်းဖြည်းနဲ့ တခြားနိုင်ငံတွေ အတွက်ပါ ၀န်ဆောင်မှု တိုးချဲ့ပေးသွားမှာဖြစ်ကြောင်း ဦးခင်ရီက ပြောဆိုပါတယ်။
မြန်မာ အာဏာပိုင်တွေဟာ ၂၀၁၀ ခုနှစ် အစပိုင်းကလည်း ဆိုက်ရောက်ဗီဇာစနစ် စတင်ခဲ့ပါတယ်။ ဒါပေမဲ့ လပိုင်းလောက်သာ ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲမတိုင်ခင် ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်မှာ ဒု သမ္မတ ဦးဆောင်မည်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ဖွဲ့စည်းရာမှာ အကြီးတန်းတပ်မတော် အရာရှိကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ ပါဝင်ကြမှာဖြစ်ပြီး ဒု သမ္မတ တစ်ဦးက ဦးဆောင်မှာဖြစ်ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၆) ကြိမ်တိုင်ခဲ့ပေမဲ့ မအောင်မြင်တာကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့ သမ္မတ ဦးသိန်းစိန်က အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တစ်ဖွဲ့မှာ ပါဝင်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းကလည်း အဖွဲ့နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြင်ဆင်ဖွဲ့စည်းဖို့ စီစဉ်နေကြောင်း မနေ့မနက်က သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
အသေးစိတ် ထုတ်ဖော်မပြောဆိုခဲ့ပေမဲ့ ဒီပြောဆိုချက်ဟာ ပြည်ထောင်စု တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC ရဲ့တောင်းဆိုချက်အရ စီစဉ်တာ ဖြစ်နိုင်တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ကချင်ပြည်နယ်မှာ KIO နဲ့ အစိုးတပ်တွေကြား ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူ (၅) သောင်းကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။
ပြည်တွင်း တည်ငြိမ်ရေးနဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ထာဝရငြိမ်းချမ်းရေး ရရှိအောင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့လိုကြောင်း အနောက်နိုင်ငံတွေကလည်း မြန်မာအစိုးရကို တိုက်တွန်းနေကြပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တဖွဲ့တည်း ထားရှိမယ်လို့ ဦးအောင်မင်းပြော

ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ကို တဖွဲ့တည်း ထားရှိဖို့ စီစဉ်နေတယ်လို့ မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေကို ပြောဆိုပါတယ်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

မြန်မာနိုင်ငံကို ဒီကနေ့ နေ့လည်ပိုင်းက ရောက်ရှိလာတဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး EU ဥရောပ သမဂ္ဂရဲ့ရပ်တည်ချက်၊ သဘောထားတွေကို ဆွေးနွေးကြောင်း သိရပါတယ်။ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာမျက်နှာသစ် ဖွင့်ဖို့ အာရှခရီးကို ထွက်လာရင်း အခုလို မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။
ဝန်ကြီးဟာ မနက်ဖြန် နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အကူအညီ အများဆုံးပေးတဲ့နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံပြီးရင် ဂျာမနီနိုင်ငံက ဒုတိယနေရာမှာရှိပြီး မြန်မာနိုင်ငံက ကြွေးမြီ ယူရိုငွေ သန်း (၇၀၀) ကျော် တင်ရှိနေကြောင်း သိရပါတယ်။

ရေရှည်တည်တံ့မယ့် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဂျာမဏီထောက်ခံမည်

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle က ဂျာမဏီနိုင်ငံအနေနဲ့ မြန်မာ့ပြုပြင် ပြောင်းလဲရေးကို အားပေးထောက်ခံသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ကတွေ့ဆုံစဉ် ကတိပြုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ နောက် ကြောင်းပြန်လှည့်မှာမဟုတ်ဘူးလို့တော့ ပြောလို့မရနိုင်သေးဘူးလို့ ယူဆတဲ့အကြောင်းပြောဆိုလိုက်ပါတယ်။
ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ မနေ့က တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့ကို ခရီး ရောက်မဆိုက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Guido Westerwelle ဟာ အီးယူ ဥရောပ သမဂ္ဂက မြန်မာ အပေါ်ပိတ်ဆို့မှုတွေ တနှစ်ဆိုင်းငံ့ပေးဖို့ ဆုံဖြတ်းပြီး တဲ့နောက်၊ ၂၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ ကိုပထမဆုံး လာရောက်တဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။
မြန်မာအစိုးရက နိုင်ငံရေးနဲ့ စီးပွားရေးတင်းကြပ်မှုတွေကို အထိုက်အလျောက် လျှော့ပေးလိုက်တဲ့အတွက် အသိအမှတ် ပြုတဲ့အနေနဲ့ အထောက်အပံ့နဲ့ ရင်နှီးမြှုပ်နှံမှု နယ်ပယ်ကိုသာ အများအားဖြင့် ရည်ရွယ် အဓိက ထားပြီး EU ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့မှုကို တနှစ်ဆိုင်းငံ့ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြုပြင် ပြောင်းလဲ ရေး တိုးတက်မှုမရှိဘူးဆိုရင်တော့ အချိန်မရွေး ပိတ်ဆို့မှုနဲ့ ပြန်အရေးယူနိုင်အောင် လမ်းဖွင့်ထားဆဲ ဖြစ်ပါ တယ်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်း အိမ်ရာများ အပါအ၀င် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်မည်

တန်ဖိုးနည်း အိမ်ရာများအပါအ၀င် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှ သိရသည်။
ယင်းလွှတ်တော် အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ်မဲဆန္ဒ နယ် အမှတ် (၁) မှ ဒေါ်ကြည်ကြည် မာ၏ ရန်ကုန်တိုင်းဒေသကြီးတွင် ကွန်ဒိုကြီးများဖြင့် မြို့တော်ကို အလှဆင်သကဲ့သို့ အခြေခံလူတန်း စားများအတွက် မြို့တွင်းနှင့်ဆင်ခြေ ဖုံးမြို့နယ်ရှိ စည်ပင်သာယာပိုင် မြေကွက်ပေါ်တွင် တန်ဖိုးနည်းတိုက်ခန်း တွဲကြီးများ ဆောက်လုပ်၍ ရောင်းချခြင်း၊ နှစ်ချုပ်ဖြင့် အငှားချထားခြင်း စသည့် အစီအစဉ်များကို ဆောင်ရွက်  ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားခဲ့ပါသည်။
ရန်ကုန်မြို့တော်ဝန်ဦးလှမြင့် က  ပြန်လည်ဖြေကြားခဲ့ရာတွင် “အခြေခံနှင့် လူလတ်တန်းစားများ၏ ဘ၀နေရေး အလှဆင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို တင်ပြလိုပါတယ်။ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်၍ ငှားရမ်းခြင်း၊ အရစ်ကျစနစ်၊ လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချခြင်း၊ မြေကွက်များဖော်ထုတ်၍ ရောင်းချပေးပြီး မိမိနှစ်သက်သော ၀ါးဓနိ၊ သံကူကွန်ကရစ်တွေနဲ့ အိမ်ရာဆောက်လုပ်ခြင်း၊ စည်ပင်ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ အကျိုးမျှဝေခံစားသည့် အိမ်ရာစီမံကိန်းများ ဆောင်ရွက်ခြင်း ပုဂ္ဂလိကအခန်း ကဏ္ဍရှိ စက်ရုံကြီးများ၊ အလုပ်ရုံ ကြီးများရှိအလုပ်သမားများအတွက် အိမ်ရာများကို လုပ်ငန်းရှင်များက အချိုးအစား တကျတာဝန်ယူခြင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမှုများ ဖိတ်ခေါ်၍ အိမ်ရာစီမံကိန်းများ ဆောင်ရွက်ခြင်း၊ အထက်ပါ အစီအစဉ်များ ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရတိုင်းဒေသကြီး အစိုးရတွေရဲ့ ထောက်ပံ့မှုတွေ အထူးလိုအပ်ပါတယ်။ ဆောက်လုပ်ရာမှာလည်း ၀င်ငွေလစာနည်းသူ အခြေခံ လူတန်းစားများသို့ ပိုမို အလေးပေးသည့်စနစ်ကို ကျင့်သုံး ရမှာဖြစ်ပါတယ်။ သို့မှသာ အခြေခံ အဆောက်အအုံများဖြစ်သော လမ်း၊ ရေ၊ မီး၊ မိလ္လာနှင့် ဆက်သွယ်ရေး စသည့် မြို့ပြလိုအပ်ချက်များကို ထည့်သွင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကျန်စီမံကိန်းများကို အကောင်အထည်ဖော်ရေးအတွက် မြေယာစီမံခန့်ခွဲမှု အဖွဲ့အာဏာရှိရေး ရန်ပုံငွေများရရေး ဆိုင်ရာ ကနဦးဆောင်ရွက်မှုများနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်းများကို သက်ဆိုင်ရာပညာရှင်များ ကျွမ်းကျင်သူများ၊ အာဏာပိုင်အဖွဲ့များနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ စည်ပင်သာယာအနေနဲ့ လက်ရှိမြေကွက်များပေါ်၌ လည်းကောင်း၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ လွှဲပြောင်းပေးသည့် မြေကွက်များပေါ်၌ အခြေခံ၍လည်းကောင်း တန်ဖိုးနည်းအိမ်ရာများ အပါအ၀င် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည် ဖော်သွားမည်”ဟု ဖြေကြားခဲ့ပါသည်။

ဂျပန်နိုင်ငံ Lawson Inc. မှ ရန်ကုန်မြို့တွင် စတိုးဆိုင်များ လာရောက်ဖွင့်လှစ်ရန် စီစဉ်နေ

ရန်ကုန်မြို့တွင် လက်ရှိအချိန်၌ ဈေးဝယ်စင်တာ၊ စူပါမားကတ်နှင့် မီနီမားကတ် စုစုပေါင်း ၇၄ ခုရှိပြီး ဂျပန်နိုင်ငံ Lawson Inc. ကုမ္ပဏီမှ လည်း ၎င်းတို့၏စတိုးဆိုင်ခွဲများကို လာရောက်ဖွင့်လှစ်ရန် စီစဉ်နေသဖြင့် ဈေးကွက်ပြိုင်ဆိုင်ရဖွယ် ရှိနေသည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်သည်။
ဂျပန်နိုင်ငံမှ Lawson Inc. သည် ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန် မြို့တွင် ပထမဆုံးစတိုးဆိုင်ကို လာရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီး လာမည့် ၃ နှစ်အတွင်း စတိုးဆိုင်ပေါင်း ၁၀၀ ခန့် ဖွင့်လှစ်သွားရန် ရည်ရွယ်ထားသည်ဟု Jiji Pressက ဖော်ပြထားသည်။
လက်ရှိရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ၏ အနေအထားမှာလည်း ၀ယ်သူနှင့်ရောင်းသူ မမျှတဘဲ ဈေးကွက်ပြိုင်ဆိုင်ရမှုများရှိနေရာ ထပ်တိုးလာမည့် နိုင်ငံတကာမှ စတိုးဆိုင်များနှင့် ဈေးကွက်ပြိုင်ဆိုင်မှုများ ပိုမို အရှိန်မြင့်လာဖွယ် ရှိနေသည်ဟု သိရသည်။
“လက်ရှိရန်ကုန်မြို့ရဲ့ အနေအထားအရဆိုရင် ဈေးဝယ်စင်တာတွေ က တော်တော်လေးကို များလာပါပြီ။ တစ်နေရာတည်းတင် မဟုတ်ဘဲ နေရာ အနှံ့မှာ ရှိလာတဲ့ သဘောဖြစ်နေတယ်။ ဟိုးအရင်ကဆို ရန်ကုန်မြို့ မှာ ယုဇနပလာဇာဆိုတာ တော်တော်လေး နာမည်ကြီးခဲ့တယ်။ အခုဆိုရင် မြေနီကုန်းမှာ ဒဂုံစင်တာ၊ ရန်ကင်းမှာဆို ရန်ကင်းစင်တာ၊ ရှစ်မိုင်လမ်းဆုံမှာဆိုရင် Junction-8 စတဲ့ ဈေးဝယ်စင်တာတွေ ပေါ်ထွက်လာတဲ့ အတွက်ကြောင့် ဈေးကွက်အနေအထား က ပြန့်လာတယ်။ ဆိုလိုတာက ၀ယ်ယူနိုင်တဲ့သူဦးရေက ထပ်တိုးလာတာ မဟုတ်ဘဲ ဈေးကွက်မျှယူလိုက်တဲ့ သဘောဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း ဖွင့်လာတဲ့  Junction Mawtin၊ တော်ဝင်စင်တာ၊ အခုဆိုရင် Juncti- on Square တို့ထပ်ပေါ်လာတော့ လူတွေက ပထမပိုင်းတော့ အသစ်အဆန်းအနေနဲ့ သွားကြတယ်။ နောက်ပိုင်းကျတော့လည်း Window Shopping ပဲဖြစ်သွားတယ်” ဟု ဈေးဝယ်စင်တာ ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိ ၀ယ်လိုအား တိုးမလာဘဲ ဈေးဝယ်စင်တာများသာ တိုးပွားလာသည့်အတွက် အချို့ဈေးဝယ်စင်တာများတွင် ရောင်းဝယ်မှုများ သိသိသာသာ ကျဆင်းလာကာ ဆိုင်ခန်းအချို့ ပြန်အပ်ရမှုများပင် ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် လှိုင်သာယာမြို့နယ်၌ ဖွင့်လှစ်ထားသည့် Diamond City ဈေးဝယ်စင်တာမှာ တွက်ခြေမကိုက်တော့သည့် အတွက် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
“ကျွန်တော်က ယုဇနပလာဇာ မှာ ဆိုင်ခန်းနှစ်ခုဖွင့်ထားတယ်။ အခု နှစ်ပိုင်းမှာ အရောင်းအ၀ယ်လည်း အရင်လိုမဟုတ်ဘူး။ ဒါ့အပြင် အထွေထွေစရိတ်တွေလည်း မြင့်တက်လာတဲ့အတွက် အိတ်ထဲကစိုက်နေရတာ များတယ်။ ဒါတောင် ကျွန်တော် Junction-8 မှာဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ကို အရောင်းအ၀ယ် မကောင်းလို့ ဖြုတ်လိုက်ရတယ်။ အခုကျွန်တော်တို့ပလာဇာမှာ အရောင်းအ၀ယ်မကောင်းလို့ ဆိုင်ဆက်မဖွင့်တော့ဘဲ ပြန်အပ်တဲ့သူတွေ အများကြီးရှိနေပါတယ်” ဟု  ယုဇနပလာဇာရှိ IDEA Club  အိတ်ဆိုင်မှ ကိုသီဟက ပြောကြားခဲ့သည်။
ဈေးကွက် အနေအထားအရ အလှအပနှင့် ဖက်ရှင်ဆိုင်များမှာ ဈေးကွက်မျှ ယူနေရသဖြင့် အဆင်မပြေမှုများ ရှိနေသော်လည်း အစားအစာနှင့် လူသုံးကုန်များ ရောင်းချသော Convenience Store  များ ဖွင့်လှစ်ပါက အားသာချက်ရှိနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
“မြန်မာနိုင်ငံမှာ ဈေးဝယ်စင်တာတွေ များပေမယ့် 7 Eleven တို့လို Convenience Store  တွေကတော့ နည်းသေးတယ်။ အဲဒီလိုဆိုင်တွေ ဖွင့်လာမယ်ဆိုရင်တော့ အားသာချက်ရှိနိုင်ပါတယ်။ အခု ရန်ကုန်မှာ ဆိုရင် ဖက်ရှင်ဆိုင်တွေ ရောင်းမကောင်းပေမယ့် City Mart တို့လို လူသုံးကုန်နဲ့ အစားအစာတွေ အစုံရောင်းတဲ့ဆိုင်ကြီးတွေကတော့ အရောင်းအ၀ယ် လျော့ကျသွားတာမျိုး မရှိပါဘူး”ဟု ဈေးကွက်လေ့လာသူ တစ်ဦးက ဆိုသည်။
ဈေးဝယ်စင်တာများ အပြိုင်အဆိုင် ဖွင့်လှစ်လာချိန်တွင် ဈေးကွက်ဝယ်လိုအား မြင့်တက်လာစေရန် အတွက် နိုင်ငံသားများ စီးပွားရေး ကောင်းမွန်လာရန်လည်း လိုအပ်ကြောင်းသိရသည်။

KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြား ထားပြီးဖြစ်သည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အတည်ပြုပြောကြား

KIA ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာအား သိမ်းရန် အစီအစဉ် လုံးဝ မရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားထားသည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧပြီလ ၂၉ ရက်နေ့က ပြောကြားခဲ့ ပါသည်။
ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် မီဒီယာများမှ KIA ဌာနချုပ်အား သိမ်းရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဆိုပါ မေးမြန်းမှုအပေါ် ''KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ ဒါ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောထားတာကို ကျွန်တော်ပြန်ပြောပြတာပါ''ဟု ပြောကြားခဲ့သည်။

ယင်းအပြင် နယ်စပ်များရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ၊ နယ်မြေမလုံခြုံ၍ နေရပ်ကို စွန့်ခွာသွားသူများ၊ လက်နက်ကိုင် အဖွဲ့များမှ ငြိမ်းချမ်းရေးယူခဲ့သူများအားလုံး၏ စားဝတ်နေရေး၊ အလုပ်အကိုင်၊ စာသင်ကျောင်း၊ ဆေးရုံ စသည်ဖြင့် လိုအပ်ချက်များအား ဖြည့် ဆည်းပေးရန်အတွက် Donar Support Group ဖွဲ့ကာ ကူညီပေးသွားရန်ရှိကြောင်း ပြောကြားခဲ့သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment