ကမ္ဘာ့သတင်းများ 30/04/2012

နိုင်ငံတကာသတင်း 


ဆီးရီးယားအပစ်ရပ်လေ့လာရေး ကုလအကဲခတ်အဖွဲ့ခေါင်းဆောင် လုပ်ငန်းစတင်
 
ဆီးရီယားနိုင်ငံအတွက် ကုလသမဂ္ဂလေ့လာစောင့်ကြည်ရေးအဖွဲ့ကို ဦးဆောင်ဖို့ ခန့်အပ်ခံရတဲ့ နော်ဝေး ဗိုလ်ချုပ်ဟာ အခု အဲဒီလုပ်ငန်းတာဝန်ကို စတင်ယူလိုက်ပါပြီ။ ဆီးရီယားနိုင်ငံအတွင်း နှစ်ရှည်ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာပါဝင်တဲ့ အစုအဖွဲ့ အားလုံးအနေနဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ သူက တိုက်တွန်း လိုက် ပါတယ်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်ထိန်းထားနိုင်ဖို့ သမတ ဘာရှားတပ်တွေရော၊ သူပုန်ဖက်က ပါ အပစ်အခတ်ရပ်စဲဖို့ သူက တိုက်တွန်းပါတယ်။ ဗိုလ်ချုပ် Robert Mood ဟာ အခု တနင်္ဂနွေနေ့က ဆီးရီယားမြို့တော် ဒမတ်စကတ်ကို ရောက်ရှိပါတယ်။ သူဟာ ကုလသမဂ္ဂရဲ့ ရှေ့ပြေး လက်နက်မဲ့တပ်ဖွဲ့ ၁၅ ဦးကို ဦးဆောင်ပြီးတော့ ဧပြီ ၁၂ ရက်နေ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေကို အကောင်အထည် ဖော်မှု ရှိမရှိ လိုက်လံ စစ်ဆေး စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဆီးရီးယားမှာ တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေဆဲပါ။ ဒမတ်စကဒ် လေဆိပ်ကို ရောက်ရောက် ချင်းပဲ သတင်းထောက်တွေကို ပြောရာမှာတော့၊ နိုင်ငံတကာအထူးကိုယ်စားလှယ် ကိုဖီအာနန် ကြားဝင် စေ့စပ်ခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ကုလသမဂ္ဂရဲ့ အပစ်အခတ်ရပ်ရေး အစီအစဉ်တွေ ပျက်ပြားမှု မဖြစ် အောင် ဆောင်ရွက်ကြမယ့် လေ့လာသူတွေကို ကူညီတဲ့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ သူက မေတ္တာရပ်ခံခဲ့ပါတယ်။
ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့ဟာ ပြဿနာရပ်အားလုံးကိုတော့ ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့လည်း နော်ဝေး ဗိုလ်ချုပ် Robert Mood က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ခဲ့ပေမဲ့လို့ သမတ ဘာရှားအယ်အာဆတ်ကို သစ္စာခံတဲ့ တပ်တွေဟာ တိုင်းပြည်တ၀န်းက အတိုက်အခံနေရာတွေကို တိုက်ခိုက် နေဆဲဖြစ်ပါတယ်။ သူပုန်တွေဖက်က လည်း အစိုးရလုံခြုံရေးတပ်တွေကို ခြောင်းမြောင်း တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ တဖက်နဲ့တဖက် ဘယ်သူက ရန်စတယ်ဆိုပြီတော့လည်း အပြန်အလှန် စွပ်စွဲနေကြပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီးတော့ ဆီးရီယားအစိုးရတပ်တွေဟာ အရပ်သား တွေရှိရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်ဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက အစိုးရကို အပြစ်တင်စွပ်စွဲပါတယ်။
တနင်္ဂနွေနေ့မှာပဲ နိုင်ငံတ၀န်းအကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ ၂၅ ဦးသတ်ဖြတ်ခံရတယ်လို့ တတ်ကြွလှုပ်ရှားသူ တွေက ပြောပါတယ် ။ နောက်ဆုံးအဖြစ်အပျက်တော့ ဆီးရီယားလုံခြုံရေးတပ်တွေဟာ Homs မြို့လယ်ခေါင်မှာ လူနှစ်ဦးနဲ့ အခြားအနီးအနားမှာ အရပ်သားတဦးတို့ကို တနင်္ဂနွေနေ့ က ပစ်သတ်ခဲ့ တယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုက ကြေညာပါတယ်။ ဆီးရီးယားမှာ အထိအခိုက် အသေအပျေက်တွေနဲ့ပတ်သက်လို့ အတိအကျတော့ သီးခြားအတည်ပြုလို့မရပါဘူး။

တောင်ဆူဒန်ကို ဒေါ်လာသန်း ၈ ထောင် တရုတ်ချေးမည်

အသစ်ထူထောင်လိုက်တဲ့ တောင်ပိုင်းဆူဒန်နိုင်ငံမှာ အဓိကကျတဲ့ အခြေခံ အဆောက်အုံတွေ တည်ဆောက် နိုင်ဖို့အတွက် တရုတ်နိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ထောင် ထုတ်ချေးဖို့ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း တောင်ပိုင်းဆူဒန် ပြန်ကြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။

အဲဒီငွေတွေကို နိုင်ငံရဲ့ စိုက်ပျိုးရေး၊ ဆက်သွယ်ရေးနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး အစရှိတဲ့ နေရာတွေမှာ အသုံးပြုမှာ ဖြစ်တယ်လို့ ၀န်ကြီး ဘာနတ်ဘာ မာရီယယ် ဘန်ဂျမင် (Barnaba Marial Benjamin) က စနေနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တောင်ပိုင်းဆူဒန်နိုင်ငံ သမ္မတ ဆယ်လ်ဘာ ကီးယား Salva Kiir ပထမဦးဆုံးအကြိမ် တရုတ်နိုင်ငံကို သွားရောက် လည်ပတ်ခဲ့အပြီး ရက်ပိုင်းအကြာမှာ အခုလို ငွေချေးငှားမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

ဒါတောင် မြောက်ပိုင်းဆူဒန်က တောင်ပိုင်းဆူဒန် နယ်စပ်ကိုဖြတ်ကျော်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် တောင်ဆူဒန်သမ္မတဟာ သူ့ရဲ့ တရုတ်ပြည် ခရီးစဉ်ကို အကျဉ်းခြုံးပြီး ပြန်သွားခဲ့ရတာပါ။

တရုတ်နိုင်ငံဟာ စစ်မက်ဖြစ်ပွားနေတဲ့ ဆူဒန်နဲ့ တောင်ပိုင်းဆူဒန် နှစ်နိုင်ငံစလုံးကို ညီတူညီမျှဆက်ဆံရေး ကျင့်သုံး နေတာပါ။ ဒီနှစ်နိုင်ငံ စစ်ဖြစ်နေတဲ့အတွက် အဲဒီဒေသအတွင်းက တရုတ်ရဲ့ ရင်းနှီးမြုတ်နှံထားမှုနဲ့ လုပ်ကိုင်ဆောင်ရွက် နေတဲ့ ကိစ္စတွေကို ထိခိုက်နေပါတယ်။ ဆူဒန်နိုင်ငံအတွင်းမှာ တရုတ်ကုမ္ပဏီ တရာကျော်ရှိပြီး တရုတ်လူမျိုး တသောင်းလောက် အလုပ်လုပ်ကိုင်နေကြပါတယ်။

တရုတ်မျက်မမြင်ရှေ့နေ အမေရိကန်က ကာကွယ်စောင့်ရှောက်ထား

တရုတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မျက်မမြင်ရှေ့နေ ချန်ဂွမ်ချန်(Chen Guangcheng)ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်စောင့်ရှောက် မှုအောက်မှာ ရှိနေပြီးတော့၊ ဒီကိစ္စအတွက် တရုတ်နဲ့ အမေရိကန်အရာရှိတွေ ဆွေးနွေးပွဲတွေ စတင်တော့မယ်လို့၊ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှား တဲ့ China Aid အဖွဲ့ခေါင်းဆောင် ဘော့ဘ်ဖူး (Bob Fu) က ဧပြီ (၂၈) ရက်နေ့က ပြောဆိုလိုက် ပါတယ်။
China Aid အဖွဲ့က စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အသေးစိတ်အချက်အလက် အနည်းငယ်သာ ဖေါ်ပြထားပေမယ့်၊ ဒီအချက်တွေက ချန်ဂွမ်ချန်နဲ့ နီးစပ်တဲ့သူတွေကို ကိုးကားထားပါတယ်။ ဘေဂျင်းမြို့တော်က ၁၉၈၉ တိယန်နမင်ရင်ပြင် အရေးအခင်းမှာ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်တဲ့ ဘော့ဘ်ဖူးက၊ ချန်ဂွမ်ချန်ရဲ့ အရေးကိစ္စဟာ၊ အမေရိကန် ပြည်ထောင်စုရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံခင်း တမန်ခင်းအတွက် အချက်အချာကျတဲ့ အချိန်ကာလတစ်ရပ် ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ချန်ဂွမ်ချန် ဟာ နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်း (Shandong) ပြည်နယ်၊ ဒေါင်ရှီဂူ (Dongshigu) ဆိုတဲ့ ရွာကလေး က အစောင့်အကြပ်ထူထပ်စွာချထားတဲ့ သူ့ရဲ့ နေအိမ်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးတော့၊ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ညအထိ၊ သူပျောက်ဆုံးသွားတာကို အာဏာပိုင်တွေက မသိခဲ့ကြပါဘူး။ ချန်ဂွမ်ချန်ဟာ ဘေဂျင်းမြို့တော်က အမေရိကန်သံရုံးမှာ ခိုလှုံနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုရီးယားနျူလန် (Victoria Nuland)က ဧပြီ (၂၇) ရက်နေ့က ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ချန်ကွမ်ချင်ရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်နေတယ်လို့ ပြောကြားခဲ့ ပါတယ်။ တရုတ်အစိုးရရဲ့ မိသားစုတစု၊ ကလေးတ ယောက် ပေါ်လစီကြောင့် ကိုယ်ဝန်ဖျက်ချရခြင်းတွေကိုပါ ဖြစ်ပေါ်စေတဲ့၊ နိုင်ငံတ၀န်းအာဏာပိုင်တွေရဲ့ အနိုင်ကျင့်တရား လက်လွတ်လုပ်ခဲ့တာ တွေကို ချင်ကွမ်ချင်ဟာ မှတ်တမ်းပြုစုခဲ့တာကြောင့် ထောင်ဒဏ်လေးနှစ် ကျခံခဲ့ရပြီး၊ ၂၀၁၀၊ စက်တင်ဘာမှာ ပြန်လွတ်ခဲ့ပါတယ်။ အဲဒီနောက် ဆက်ပြီး နေအိမ်မှာအကျယ်ချုပ်နဲ့ အကျဉ်းချခံနေရတာဖြစ်ပါတယ်။

နော်ဝေးဗိုလ်ချုပ် ဦးဆောင်တဲ့ ကုလအကဲခတ်အဖွဲ့ ဆီးရီးယားကိုရောက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကြားဝင်စေ့စပ်ပေးထားတဲ့
ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကျိုးပေါက်သွားပြီးတဲ့နောက်၊ ဖြစ်ပေါ်လာတဲ့ နောက်ထပ် အကြမ်းဖက်မှုတွေအပေါ် နှစ်ဘက်လုံးက အပြန်အလှန် စွပ်စွဲနေချိန်မှာ၊ နော်ဝေနိုင်ငံသား ဗိုလ်ချုပ်ရောဘတ်မုဒ် (Robert Modd) ခေါင်းဆောင်တဲ့ ကုလသမဂ္ဂစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ၊ ဧပြီ (၂၈)ရက်နေ့က မြို့တော် ဒမတ်စကပ် (Damascus) ကို ရောက်ရှိသွားပါပြီ။ နောက်တစ်ဖွဲ့က နိုင်ငံအလယ်ပိုင်းက အတိုက်အခံတွေ အားကောင်းရာ ဟုမ်းစ် (Homs) မြို့ကို သွား ရောက် ခဲ့ကြပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက၊ ဆီးရီးယားကို တောင့်တင်းတဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့ဝင် (၃၀၀) စေလွှတ်ဖို့၊ အတည်ပြုထား ပေမယ့်၊ အခုအချိန်အထိတော့ ဆီးရီးယားကို စောင့်ကြည့်လေ့လာသူ တစ်ဒါဇင် လောက်ပဲ ရောက်ရှိနေပါသေးတယ်။
ဆီးရီးယားစစ်တပ်ကနေ အတိုက်အခံ တပ်တွေဘက်ကို ထွက်ပြေးကူးပြောင်းနေသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြားမှာပဲ၊ မနေ့က စနေနေ့က ဒမတ်စကပ်မြို့ပြင်နေရာတွေနဲ့ လာတာကီး ယား (Latakia) ဒေသတွေမှာ၊ အစိုးရတပ်တွေနဲ့ အတိုက်အခံတပ်တွေ ဆက်ပြီးတိုက်ခိုက်နေကြပြီးတော့၊ အနည်းဆုံး သေဆုံးသူ (၁၀) ယောက်ရှိခဲ့တယ် လို့၊ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

မလေးရှားဆန္ဒပြပွဲ ရဲတပ်ဖွဲ့နှိမ်နင်း

ရွေးကောက်ပွဲဥပဒေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးဖို့ မြို့တော် ကွာလာလမ်ပူမှာ တောင်းဆို ဆန္ဒပြ နေကြတဲ့ ထောင် သောင်းချီတဲ့ လူအုပ်ကြီးကို မလေးရှားရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
မြို့လယ်ခေါင်မှာရှိတဲ့ လွတ်လပ်ရေး ရင်ပြင်မှာ ဆန္ဒမပြရဘူးလို့ အစိုးရက ကန့်သတ် ထားတဲ့ အမိန့်ကို အာခံပြီး ကာထားတဲ့ သံဆူးကြိုးတွေကို ကျော်လွားပြီး အနည်းဆုံး ဆန္ဒပြသူ ၂ သောင်းခွဲလောက် ၀င်ရောက် ဆန္ဒပြခဲ့ကြ တာပါ။
ကွာလာလမ်ပူမြို့အတွင်းက တခြား နေရာအတော်များများကိုလည်း ၀င်လို့မရအောင် ရဲတွေက ပိတ်ထားပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေဟာ အဲဒီ လွတ်လပ်ရေးရင်ပြင်ကို သွားပြီး ဆန္ဒပြကြဖို့ စီစဉ်ထားတယ်လို့ အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim က အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က ဘက်လိုက် လုပ်ဆောင်ပေးမှုတွေ ရှိနေတာကြောင့် အစောဆုံး ဇွန်လလောက်မှာ ကျင်းပနိုင်တဲ့ ရွေးကောက်ပွဲအတွင်း တိုင်းပြည်အာဏာကို နှစ်ပေါင်း ၅၀ လောက် ရယူလာခဲ့တဲ့ လက်ရှိ ၀န်ကြီးချုပ် Najib Razak ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။


မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် လူထောင်ပေါင်းများစွာသည် အာဏာရပါတီကို အသာရစေသော ရွေးကောက်ပွဲစနစ်အား ပြုပြင်ပြောင်းလဲပေးရန် ဧပြီလ ၂၈ ရက်နေ့တွင် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
လူဦးရေထူထပ်သော မြို့တော်၏ အချက်အချာနေရာ လွတ်လပ်ရေးရင်ပြင်တွင် ချီတက်ဆန္ဒပြခြင်းကို အာဏာပိုင်များက ပိတ်ပင်ထားခဲ့သော်လည်း သောင်းနှင့်ချီသော ကန့်ကွက်သူများ ပါဝင်လာခဲ့ခြင်းဖြစ်သည်။ 
မြို့တော်အချက်အချာနေရာများတွင် လူအုပ်ကြီးက စုစည်းခဲ့ကြသလို  လုံထိန်းရဲ ၂၀၀၀ ခန့်ကလည်း အသင့်နေရာယူထားသည်ဟုသိရသည်။ ယခုချီတက်မှုသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက လူ ၁၆၀၀ ဖမ်းဆီးခံခဲ့ရသော ဆန္ဒပြချီတက်ပွဲနောက်ပိုင်းအကြီးဆုံးဖြစ်လာမည်ဟုမျော်လင့်ရသည်။ ရွေးကောက်ပွဲများ၏ တရားဝင်မှုအတွက် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပေးမည်ဟု ကတိပြုထားသော်လည်း နှောင့်နှေးနေသည့် ၀န်ကြီးချုပ် နာဂျစ်ရာဇတ် အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။

ယခုအခါ လုံခြုံရေးတင်းကျပ်ထားသလို မြို့အချက်အချာလမ်းကြောင်းများကို ပိတ်ဆို့ထားပြီး အများပြည်သူသုံး ပို့ဆောင်ရေးစနစ်အားလုံးကို ရပ်ဆိုင်းထားသောကြောင့် ကန့်ကွက်ချီတက်သူများမှာ ခြေကျင်လျှောက်နေရသည်ဟု သိရသည်။ မငြိမ်မသက်ဖြစ်ပွားသည့် အခြေအနေမျိုးမူ မတွေ့ရသေးပေ။

ဘင်လာဒင်သေဆုံးပြီး အမေရိကန်ပိုလုံခြုံ

အကြမ်းဖက် Al Qaida အဖွဲ့ကို အပြီးတိုင်ချေမှုန်းဖို့ နည်းလမ်းတခုတည်း ရှိတာမဟုတ်ပေမယ့် Al Qaida အဖွဲ့ခေါင်းဆောင်  Osama Bin Laden ကို သုတ်သင်နိုင်လိုက်ခြင်းအားဖြင့် အဲဒီအဖွဲ့ကို အားအင်ချည့်နည့် သွားစေခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
Al Qaida အကြမ်းဖက်အဖွဲ့ရဲ့ စိတ်ဓာတ်ရေးရာနဲ့ အတွေးအခေါ်အယူအဆပိုင်းဆိုင်ရာ ဦးဆောင်မှုပေးနေတဲ့ ခေါင်းဆောင်ပိုင်းကို ထိထိ ရောက်ရောက် ချေမှုန်းနိုင်တာနဲ့အမျှ အကြမ်းဖက်အဖွဲ့ရဲ့ အမေရိကန် ပြည်ထောင်စုအပေါ် ခြိမ်းခြောက်မှုအန္တရာယ်ကို ပိုပြီး လျော့ပါးအောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က သောကြာနေ့နှောင်းပိုင်းက ပြောဆိုလိုက်ပါတယ်။
၂၀၁၁ ခုနှစ်၊ မေလ နှစ်ရက်နေ့က ပါကစ္စတန် Abbottabad တပ်မြို့က ခြံဝန်းတခုထဲမှာ အမေရိကန် အထူး စစ်ဆင်ရေးတပ်ဖွဲ့က အကြမ်းဖက် ခေါင်းဆောင် Osama Bin Laden ကို သုတ်သင် ချေမှုန်းခဲ့ပြီးကတည်းက အမေရိကန်ပြည်ထောင်စု ပိုပြီး လုံခြုံမှုရှိလာတယ်လို့ ကာကွယ်ရေး ၀န်ကြီး Leon Panetta ကပြောပါတယ်။ လာမယ့်နှစ်တွေအတွင်း ဓာတုလက်နက်၊ ဇီဝလက်နက်၊ အဏုမြူနဲ့ ဓာတ်ရောင်ခြည် လက်နက်တွေ သုံးပြီး  အကြမ်းဖက် တိုက်ခိုက်နိုင်တဲ့အန္တရာယ်တွေ ပိုပြီး နည်းပါးလာပြီလို့ အမေရိကန်အမျိုးသားထောက်လှမ်းရေး အဖွဲ့ ညွန်ကြားရေးမှူး Robert Cardillo ကလည်း ပြောဆိုပါတယ်။
လက်ရှိ Al Qaida အကြမ်းဘက်အဖွဲ့ရဲ့ အဓိကကွန်ယက်ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှုအဆင့်လောက် အန္တရာယ်ကြီးတဲ့ တိုက်ခိုက်မှုမျိုးလုပ်နိုင်တဲ့ အခြေအနေရှိကောင်းမှရှိတော့မှာ ဖြစ်ပေမဲ့ အန္တရာယ်ရှိတဲ့ အကြမ်းဖက်အဖွဲ့တခု အဖြစ် ဆက်တည်ရှိနေတုန်းပဲလို့ အမည်မဖော်ပြတဲ့ အမေရိကန် ထောက်လှမ်းရေးအရာရှိတွေကပြောဆိုလိုက်ပါတယ်။


ပြင်သစ်သမ္မတ နီကိုလတ်စ်ဆာကော်ဇီ၏ ၂၀၀၇ ခုနှစ်က မဲဆွယ်စည်းရုံးမှုအတွက် သေဆုံးသွားပြီဖြစ်သော လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာကဒါဖီက ယူရိုသန်း ၅၀ (အမေရိ ကန်ဒေါ်လာ ၆၆ ဒသမ ၃ သန်း) ကူညီပေးခဲ့သည်ဟု ပြင်သစ်အွန်လိုင်း မဂ္ဂဇင်းတစ်ခုက ဧပြီလ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
မေလ ၆ ရက်တွင် ပြုလုပ်ရန်ရှိသော ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မတိုင်မီ ယင်းသတင်းထွက်ပေါ်ခဲ့ပြီး ပထမအကျော့တွင် ကပ်နိုင်ထားသော ဖရန်ဆွာဟော်လန်ဒီက ယင်းသတင်းနှင့်ပတ်သက်၍ ဆာကော်ဇီအား စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ကြောင်း တောင်းဆိုခဲ့သည်။ 
ကဒါဖီအစိုးရ၏ မှတ်တမ်းရရှိထားသော Mediapart က ယင်းကဲ့သို့ သတင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းမှတ်တမ်းမှာ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့စွဲဖြင့် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ယင်းမှတ်တမ်းတွင် ဆာကော်ဇီသို့ ငွေကြေး လျို့ဝှက်ပေးဆောင်ရန်ကိစ္စကို ယင်းအချိန်က လစ်ဗျားထောက်လှမ်းရေးအကြီးအကဲဟောင်း Moussa Koussa က ကြီးကြပ်လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။ စီအင်န်အင်န် သတင်းဌာနက မူယင်းမှတ်တမ်း၏ အထောက်အထား ခိုင်လုံမှုနှင့်ပတ်သက်၍ ချက်ချင်း အတည်မပြုနိုင်သေးပေ။ ဆာကော်ဇီကလည်း ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ကဒါဖီကသာ မိမိ၏မဲဆွယ်မှုများကို ကူညီပေးမည်ဆိုပါက အားမနာစတမ်း ပြောရလျှင် ကျေးဇူးတင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လစ်ဗျားတော်လှန်ရေးသမားတို့၏ ဖမ်းဆီးမှုခံရပြီးနောက် ရုံးတင် စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေရသော ကဒါဖီ၏သား ဆာအိဖ်အစ္စလာမ် ကဒါဖီကလည်း ဆာကော်ဇီအနေဖြင့် ပထမဆုံးလုပ်ရန် လိုအပ်သည်မှာ ယင်းငွေများကို လစ်ဗျားသို့ ပြန်ပေးရန်ဖြစ်ကြောင်း၊ သူ့(ဆာကော်ဇီ) ကို အကူအညီပေးခဲ့သော်လည်း မိမိတို့ကို စိတ်ပျက်အောင် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းငွေလွှဲပေးမှုများနှင့် ပတ်သက်၍ လစ်ဗျားရှိ ဘဏ်အားလုံးတွင် အသေးစိတ် အချက်အလက်များရှိကြောင်း ဆာအိဖ်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ သတင်းထွက်ခဲ့ခြင်းမှာ အကြောင်းမဲ့မဟုတ်ဘဲ အဖြစ်မှန်ကိုဖော်ထုတ်ရန် တရားစီရင်ရေးအပေါ် မူတည်နေကြောင်း၊ အချက်အလက်မှန်များ ဖော်ထုတ်၍ တရားစီရင်ရမည်ဖြစ်ပြီး မမှန်မကန် စွပ်စွဲခံရပါကလည်း အထောက်အထားများ ပြသ၍ မမှန်ကန်ကြောင်း သက်သေပြရမည်ဖြစ်ကြောင်း ဟော်လန်ဒီ၏ ပြောခွင့်ရပုဂ္ဂိုလ် Delphine Batho က ပြောကြားခဲ့သည်။



ယူကရိန်းဝန်ကြီးချုပ်ဟောင်းနှင့် အတိုက်အခံခေါင်းဆောင် ယူလီယာတိုင်မိုရှင်ကိုကို အခွန်ရှောင်မှုနှင့် ပတ်သက်၍ ကြားနာစစ်ဆေးမှုအား ဧပြီလ ၂၈ ရက်တွင် တရားသူကြီးက ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

ယင်းကြားနာစစ်ဆေးမှုကို မေလ ၂၁ ရက်အထိ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး တိုင်မိုရှင်ကိုအား မျက်ကွယ်တွင် ရုံးတင်စစ်ဆေး၍မရကြောင်း တရား သူကြီး ကွန်စတန်တင်ဆာဒိုစကီက ပြောကြားခဲ့သည်ဟု ယူကရိန်း နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ တိုင်မိုရှင်ကိုသည် နောက်ကျောဝေဒနာ ပြင်းထန်စွာ ခံစားနေရသဖြင့် တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

တိုင်မိုရှင်ကိုသည် ၀န်ကြီးချုပ် အဖြစ်ထမ်းဆောင်စဉ် ရုရှားနှင့် ဓာတ်ငွေ့ အရောင်းအ၀ယ်ပြုလုပ်စဉ် နိုင်ငံဘဏ္ဍာ ယူကရိန်းသုံးငွေကြေး hryvnas ၁ ဒသမ ၅ ဘီလျံ နစ်နာဆုံးရှုံးခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ လက်ရှိတန်ဖိုးအရ အမေရိကန်ဒေါ်လာသန်း ၁၉၀ နီးပါးရှိပြီး ယင်းငွေများကို တိုင်မိုရှင်ကိုက ပြန်ပေးရန် တရားရုံးက အမိန့်ချခဲ့သည်။



LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment