မြန်မာသတင်းများ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ်
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနေ့ သတင်းများ
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ
1 April 2012 1:19 PM
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်မဲရုံ(၁)၊ (၂)နှင့် (၃)တွင် မဲပေးပိုင်ခွင့်ရှိသူများမှ မဲစာရင်း မပါရှိသောကြောင့် ဒေါသထွက်နေကာ စိတ်ပျက်ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါမဲရုံများတွင် မဲပေးပိုင်ခွင့်ရှိသူ အများအပြား ကျန်ရစ်ခဲ့သဖြင့် မဲရုံသို့ ဧပြီ၁ရက်နေ့အထိ နေ့စဉ် အခေါက်အခါခါ ကြည့်ခဲ့ပါသော်လည်း မပါရှိကြောင်း၊ မိမိနှင့် မိမိ မိသားစုပါ မဲစာရင်းတွင် မပါဝင်သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် အကြောင်းကြားခဲ့သော်လည်း တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ဖြစ်ရပ်မျိုး ရပ်ကွက်အသီးသီးမှ မဲပေးနိုင်သည့် မဲရုံတိုင်းတွင် ဖြစ်နေကြောင်းလည်း ကြားသိရပါသည်။
စာရင်းအတိအကျ မသိသေးသော်လည်း အိမ်ထောင်အစုလိုက် ကျန်ခဲ့တာမျိုး၊ ခင်ပွန်းက မဲစာရင်းတွင် ပါသော်လည်း ဇနီးက မဲစာရင်းတွင် မပါကြောင်း၊ စသည့် အကြောင်းကြောင်း အမျိုးမျိုးကြောင့် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့် မရရှိနေကြောင်း သိရသည်။ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်မဲရုံ(၁)ရှေ့တွင် ထိုရပ်ကွက်၌ နေထိုင်လာသည်မှာ သူမတစ်သက်ရှိပြီ ဖြစ်သော်လည်း မဲစာရင်းတွင် မပါဝင်ခဲ့ခြင်းကြောင့် စိတ်ပျက်ဝမ်းနည်းမိကြောင်းကို “၂၀၁၀တုန်းက မဲမပေးခဲ့ဘူး။ ရပ်ကွက်ရုံးမှာပဲ မဲစာရင်းကပ်တယ်။ မဲပေးရမယ့်မဲရုံကိုတော့ မတ်လ၃၁ရက်နေ့ကမှ ကပ်တယ်။ စာရင်းမပါလို့ သွားပြောတော့ မရတော့ဘူး ဆိုပြီးပြောတယ်။ အဲဒါလည်းဇွဲမလျော့ပါဘူး။ ဒီနေ့မှတ်ပုံတင်ယူပြီး စာရင်းကို ထပ်ခါထပ်ခါကြည့်ပါတယ်။ မပါတော့ တော်တော်လေး ၀မ်းနည်းမိပါတယ်။ ဒီတစ်ခါ ရွေးကောက်ပွဲကို မဲအရမ်းပေးချင်တာပါ။ အမှန်တိုင်းပြောရင် တော်တော်လေး ဒေါသထွက်ပါတယ်။ အခွင့်အရေး ဆုံးရှုံးတယ်လို့ ယူဆပါတယ်။ ကျွန်မလို မဲစာရင်းမပါတဲ့သူတွေ အတိအကျမသိမေယ့် ဒီအိမ်ကလည်း မပါဘူး။ ဟိုအိမ်ကလည်း တစ်အိမ်လုံး ကျန်ခဲ့ဆိုပြီး မနက် မိုးလင်းကတည်းက ကြားနေရပါတယ်” ဟု ရွေဂဲပွား ရပ်ကွက်တွင် နေထိုင်သူ အသက်၂၈နှစ်အရွယ် မစန်းစန်းဝင်းက ဆိုသည်။
ရဲမွန်တောင်မဲရုံ(၂)တွင် မဲစာရင်းပါမပါ ကြည့်ရှူသူဦးရေမှာ မဲလာရောက်ပေးသူ ဦးရေထက် များပြားကာ မဲစာရင်း မပါရှိသောကြောင့် မဲမပေးရဘဲ လှည့်ပြန်ရသူများစွာ ရှိကြောင်းလည်း မြင်တွေ့နေ ရပါသည်။ တစ်ချို့မှာပန်းရံ၊လက်သမား နေ့စား အလုပ်သမားများမှာ မဲပေးနိုင်ရန် အလုပ်ဖျက်၍ လာရောက်သော်လည်း မဲစာရင်း မပါဝင်သောကြောင့် မဲပေးခွင့် မရရှိခဲ့ကြောင်း သိရသည်။ မဲပေးပိုင်ခွင့် ရှိပါလျက်နှင့် မဲမပေးရခြင်းနှင့် ပတ်သက်၍ “ ၂၀၁၀တုန်းက အိမ်တိုင်ယာရောက် မဲစာရင်းလာကောက်တယ်။ မဲပေးခွင့်စလစ် လာပေးတယ်။ ကျွန်တော်တို့က နေ့စား ပန်းရံအလုပ်သမားတွေပါ။ ကြိုပြီး လာကြည့်ဖို့ အချိန်လည်းမရတဲ့ကြားက မတ်လ ၄ရက်၊ ၅ရက်ကတည်းက ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပြောပေမယ့်လည်း ပါမှာပါ။ သေချာကြည့်ပါဆိုပြီးပဲ ပြောတယ်။ ကျွန်တော်တို့က ဒီရပ်ကွက်မှာ နေတာနှစ်၂၀ကျော် ကြာပါပြီ။ ဒါပေမယ့် အိမ်ပိုင်ဆိုင်မှုမရှိဘဲ ကျူးသဘောမျိုး ဖြစ်နေတော့ အရမ်းကြီးလည်း မပြောရဲပါဘူး။ အဲဒီလိုနဲ့ ဒီနေ့ မဲပေးမယ့်နေ့ အလုပ်ဖျက်ပြီး တခါတည်း လာလိုက်တာပါ။ အခုမဲစာရင်းထဲမှာ မပါတော့ မဲမပေးခဲ့ရပါဘူး။ ကျွန်တော့်လိုပဲ ကျွန်တော့်သူငယ်ချင်းတွေလည်း မဲစာရင်းထဲမှာမပါပါဘူး” ဟု ဦးမောင်ဝင်း၊ ကိုမောင်မောင် ရဲမွန်တောင် ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။ လစ်လပ်မဆန္ဒနယ်တွင် ပါဝင်သည့် မဟာအောင်မြေမြို့နယ်တွင် ပါဝင်မဲပေးနိုင်ရန် ပုံစံ(၁၀) ပြောင်းလဲလျှောက်တာတောင် မဲပေးခွင့်မရရှိကြောင်း သိရသည်။
မန္တလေးမြို့ရှိ မဲရုံများတွင် စည်ကမ်းပိုင်းအရ တင်းကျပ်မှုများ မရှိကြောင်း သိရသည်။ သို့သော်မဲပေးရာတွင် အသုံးပြုသည့် ဖောင်တိန်များတွင် အရောင်အနီဖြစ်နေပြီး မှင်ခြစ်ပါက အပြာရောင်ထင်ခြင်း၊ အရောင်စုံပါသည့် ဖောင်တိန်များ ထားရှိပေးခြင်း၊ မဲရုံတစ်ရုံထဲတွင် ထားရှိသည့် ဖောင်တိန်ပုံစံကွဲပြားခြင်းကြောင့် မဲပေးသူများ အနေဖြင့် မှင်နီဖြင့် ခြစ်မိခဲ့သည်ဟု ပြောဆိုမှုများရှိနေကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအချုပ်မှ ကိုယ်စားလှယ်တစ်ဦးက “ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ အနေနဲ့ မဲရုံမဖွင့်ခင်ကတည်းက ဖောင်တိန်တွေကို စစ်ဆေးခဲ့ပါတယ်။ အပြာရောင်ထွက်တယ်။ မင်လိုက်တယ်။ ပုံမှန်အတိုင်းပါပဲ။ အခုလို မဲလာရောက်ထည့်တဲ့ လူတွေပြောစကား မှန်ကန်မှု ရှိမရှိကတော့ မဲရေတွက်တဲ့အခါ အဖြေပေါ်မှာပါ” ဟု ပြောကြားခဲ့သည်။
1 April 2012 1:17 PM
ပုလဲမြို့ နယ် လှော်ကားကြီးကျေးရွာမှ နာတာရှည်ရောဂါရှင် အဘိုးအိုတစ်ဦး ကြိုတင်မဲပေးအပြီး ၈နာရီခန့်  အကြာတွင်ကွယ်လွန် ပုလဲမြို့ နယ် လှော်ကားကြီး ကျေးရွာမှ နာတာရှည် ရောဂါရှင် အဘိုးအိုတစ်ဦး ကြိုတင်မဲပေးအပြီး ၈နာရီခန့်အကြာတွင် ကွယ်လွန်ခဲ့ကြောင်းသိရသည်။ ကွယ်လွန်သွားသူမှာ လှော်ကားကြီးရွာနေ ဦးစံလွင် (၇၇) နှစ်ဖြစ်ပြီး မတ်လ ၃၀ ရက် နံနက် ၁၀နာရီခွဲခန့်တွင် မဲပေးခဲ့ပြီး အဆိုပါနေ့ ညနေ ၆ နာရီခွဲတွင် ကွယ်လွန်ခဲ့ကြောင်းသိရသည်။ "အဖေ ကနာတာရှည်ရောဂါဖြစ်နေတာ ၁၅ နှစ်လောက်ရှိပြီ။ ရွေးကောက်ပွဲတွေကို စိတ်ဝင်စားတယ်။ ၂၀၁၀ တုန်းကလည်း ကြိုတင်မဲထည့်ပြီး အဲဒီတုန်းကတော့  မင်းတို့ထည့်ချင်တဲ့ပါတီကို ထည့်ပါလို့ပြောတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီထည့်မလဲမေးတော့  NLD က ဒေါ်ခင်စန်းလှိုင်လို့ ပြောတယ်။ ၃၀ရက်နေ့ညနေက ကြိုတင်မဲအတွက် ကော်မရှင် ၅ ဦးလာတော့ အဖေ မောနေလိမ့်မယ် ။ ဘာထည့်မလဲ။ ခြင်္သေ့လား ဒေါင်းလား ပဲပြောဆိုတော့ "ဒေါင်း...."ဆိုပြီး တစ်ခွန်းတည်းပြောပြတယ်။ ညနေ ၆နာရီခွဲလောက်မှာ ဆုံးသွားတယ်။ ၃၁ ရက်နေ့မနက်မှာ ကိစ္စကုန်တယ်"ဟု လှော်ကားကြီးရွာမှ ဦးစံလွင်ဧ။် သမီးကပြောပြခဲ့သည်။ "အဘွား ကတော့ ဒီနေ့ပဲ မဲပေးခဲ့တယ်။ ကွယ်လွန်သူခင်ပွန်းက ကြိုတင်မဲအတွက် တတွတ်တွတ်ပြောခဲ့လို့ သူ့ဆန္ဒ ပြည့်လို့ကျေနပ်တယ်။ ကြိုတင်မဲပေးပြီးကတည်းက သူ့ကို ရွာကတောင် ဝိုင်းပြောင်ကြတယ်။ မဲပေးဖို့ စောင့်တာလားလို့။ သားသမီး၇ ယောက်ရှိတယ်။ မဲထည့်ချိန်မှာ သွေးပေါင် က ၆၀ နဲ့ ၄၀ ရှိပြီး ညနေကျ ဆုံးတာပဲ။ မဆုံးခင်ရက်ပိုင်း အလိုမှာ နားထဲမှာ အိုးဝေ ....ဆိုပြီး အသံကြားနေရပြီး တစ်ရွာလုံး အိုးဝေဖြစ်နေပြီ ...လို့  ပြန်ပြောပြခဲ့သေးတယ်" ဟူ၍ ဦးစံလွင်ဧ။်ဇနီး အဘွားဒေါ်ညိုက ပြောပြခဲ့သည်။
1 April 2012 1:15 PM
ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အတွင်းရှိ မြန်မာ တာဆာကီ၊ ရေကန်တောင် ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၂၁ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ မဲ၊ ပသျူးချောင်း ကျေးရွာ၊ ကံမော် ကျေးရွာအုပ်စုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၃ မဲနှင့် ပယ်မဲ ၅ မဲ အသီးသီး ရလဒ်ထွက်ပေါ်ခဲ့ပြီး မနွဲ့ကျေးရွာ ရေမျက်ကြီး ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၀ရာခိုင်နှုန်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိကြောင်း ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော သတင်းများအရ သိရသည်။
1 April 2012 1:14 PM
ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာတွင် မဲပေးခွင့်မရသူ ၃၅၀ကျော် ရှိကြောင်း တွေ့ရသည်။ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ ပွင့်ဖြူတစ်မြို့နယ်လုံးတွင် ၅၀%ကျော် မဲပေးပြီးဖြစ်ကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်း ဦးတင့်လွင်က “နိုင်မယ်လို့ ယုံကြည်ထားတယ်။ အောက်ခြေအထိ ဆင်းထားတာမို့လို့ပါ။ ကျွန်တော်က ဒီနယ်သားလည်း ဖြစ်ပါတယ်။ ကျွန်တော်လဲ အခုမဲပေးပြီးသွားပါပြီ။ ရွာတွေအထိ လိုက်ဆင်းကြည့်ရာမှ မဲပေးခွင့်ရှိတဲ့သူ မဲပေးခွင့်မရတာ သေပြီးသားသူ မဲစာရင်းထဲမှာ ပါတာ အများကြီး တွေ့ရပါတယ်။ ဒါပေမယ့် အခုက အရင်တစ်ခေါက်ထက် ပိုပြီး လွတ်လပ်မျှတတယ်၊ အရင်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ ဌာနဆိုင်ရာတွေက မျက်နှာထိ မျက်နှာထားနဲ့ဆိုတော့ ပြည်သူတွေက ကြောက်ကြတယ်။ အခုတော့ ပိုအဆင်ပြေလာတယ်လို့ ဆိုရမှာပါ။” ဟု ပြောကြားခဲ့သည်။ ပွင့်ဖြူမြို့နယ် မုန်းဇလဲ ကျေးရွာတွင် မနက် ၇ နာရီ ၄မိနစ်၌ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ဦးမြင့်စိုး မနက် ၈ နာရီ ၂၉ မိနစ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် မနုနုအောင် တို့သည် မဲရုံအတွင်း မဲစာရင်းခုံ နံပတ် ၁ ၌ ထိုင်ကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်ဟု သိရသည်။ ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းများနှင့် Myanmar Egress မှ လူများတွဲဖက်လိုက်ပါလျက် ရှိသည်ဟု သိရသည်။ ပွင့်ဖြူမြို့နယ်သို့ ပြည်ထောင်စုကော်မရှင် အဖွဲ့ဝင်တစ်ဦး လာရောက် ကြည့်ရှုခဲ့သည်ဟုလည်း သိရှိရသည်။
1 April 2012 1:11 PM
နေ့လည် ၁၂း၄၀ မိနစ် သတင်းများအရ ကလောမြို့နယ် ဟဲဟိုး၊ ပဲယင်းတောင်ကျေးရွာအုပ်စု၊ ပေါင်းတင်ကျေးရွာ မဲရုံ အမှတ် (၂)တွင် မဲပေးခွင့်ရရှိသူ ၃၄၃ ယောက်ရှိ။ မဲစာရင်းရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုးမှ ၅၂မဲ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ၂၂မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၅မဲ ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ၉ မဲ၊ ပဲမယ် ၇၆ မဲ ဖြစ်သည်။ အမက ၁၂ အောင်ပန်းမဲရုံ မဲရုံရှေ့တွင် မဲပေးခွင့်စာရင်းတွင်မပါရှိ၍ မကျေမနပ်ဖြစ်နေသူ အချို့ရှိနေပြီး ထိုသူများမှ မဲရုံမှုးကို ဝင်ပြောမည်လုပ်နေ၍ NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက မဲပေးခွင့်ရှိသူများ ကျန်ရှိနေပြီး မဲရုံပိတ်ခံရမည်စိုး၍ အငြင်းပွားမှုမလုပ်ရန် မေတ္တာရပ်ခံ၍ အဆင်ပြေသွားသည်ဟု သိရှိရသည်။
1 April 2012 12:47 PM
သုံးခွမြို့ပေါ်တွင် နေ့လည် ၁၂နာရီခွဲထိ မဲပေးခွင့်ရှိသူဦးရေ ၃ ပုံ ၂ ပုံ မဲပေးပြီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
1 April 2012 12:44 PM
"၂၀၁၀ ရွေးကောက်ပွဲတုန်းတော့ မြကုန်းကျောင်းတိုက်မှာ ရဟန်းဝတ်နေလို့ မပေးခဲ့ရဘူး။ ဒီနေ့တော့ သွားထည့်ဖြစ်တယ်။ စိတ်ဝင်စားသူတွေလည်းများတယ်လေ။" ဟူ၍ ပုလဲမြို့မှ ဦးတင်မောင်ဝင်းက ပြောပြခဲ့သည်။ ပုလဲမြို့ ပေါ်တွင် မဲရုံ ၂ ရုံ ရှိရာ ပုလဲမြောက်ပိုင်းရပ်ကွက်မဲဆန္ဒ နယ် (၁)တွင် မဲပေးနိုင်သူ၁၄၈၄ ယောက်ရှိကြောင်း ပုလဲမြို့ မှ ရပ်/ကျေး ကော်မရှင် ဥက္ကဌ ကိုမြတ်မိုး ကပြောပြခဲ့သည်။ ပုလဲတောင်ပိုင်း မဲဆန္ဒနယ် ၂ တွင် မဲပေးနိုင်သူ ၁၄၆၄ ရှိပြီး ကြို တင်မဲ ၆၄ မဲ ရှိကြောင်း ရပ်/ကျေး ကော်မရှင် ဥက္ကဌ ဦးလှရွှေက ပြောပြခဲ့သည်။
1 April 2012 12:40 PM
တန့်ယန်းမြို့နယ် (၈) ရပ်ကွက်တွင် မဲပေးခွင့်ရှိသူ (၆၉၉) ဦးရှိပြိး ၁၂း၁၅ မိနစ်ထိ ကြိုတင်မဲ ၁၀ မဲ အပါအဝင် (၃၄၆) ဦး ပေးပြီးသွားပြီဖြစ်ကြောင်း။ (၉) ရပ်ကွက်တွင် မဲပေးခွင့်ရှိသူ (၁၄၂၆) ဦးရှိပြီး ၁၂း၁၅မိနစ်တွင် မဲပေးပြီးသူ (၅၄၈) ဦး နှင့် ကြိုတင်မဲ ၁၄ မဲ ရှိပြီဖြစ်ကြောင်း။ ၁၀ ရပ်ကွက် မဲပေးခွင့်ရှိသူ (၉၆၆) ဦးရှိပြီး ၁၂ ခွဲအချိန်ထိ ဦးရေ (၅၀၀)ကျော်နှင့် ကြိုတင်မဲ ၄၇ မဲ ပေးပြီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
1 April 2012 12:33 PM
ပုလဲမြို့နယ်တွင် ကျေးရွာအုပ်စု ၅၉ အုပ်စု ၊မဲရုံပေါင်း ၁၁၀ ရှိပြီး ကြို တင်မဲ ၁၃၈၄ မဲခန့် ရှိခဲ့ကြောင်းသိရသည်။ "လက်ပန်းကန် လိုရွာမျိုး မှာ ရှမ်းပြည်နယ်ကို လက်ဖက်ခူးသွားကြတော့ "ကြိုတင် မဲပေးသူတွေများတယ်။ ပုလဲအနောက်ဘက်ပိုင်းရွာတွေ မှာ လက်ဖက်ခူးသွားတာ များတယ်။ ၃၀ ရက်ရဲ့  အစောပိုင်းသွားသူတွေအတွက်တော့ ကြိုတင်မဲမပေးလိုက်ရဘူး။ မဲပွဲကို စိတ်ဝင်စား သူတွေများတယ်။
NLDက ဒေါ်ခင်စန်းလှိုင်အတွက် အမေရေယာဉ် တင်ပေးသူတွေတောင် ရှိတယ်။၂၉ ရက်နေ က အနုပညာသမား တွေလာလိုက်လို့ရော မဲပေးဖို့ ပိုစိတ်ဝင်စားကြတယ်။" ဟူ၍ ပုလဲမြို့ ပေါ်မှ စိုပြေ ထမင်းဆိုင်မှ မခင်မေသန်း ကပြောပြခဲ့သည်။ ပုလဲမြို့ နယ် ပန်းရွာမှ အုပ်ချုပ်ရေးမှူး က "ပန်းရွာမှာ မဲပေးနိုင်သူ ၁၆၆၄ ဦးရှိပြီး မနက်ပိုင်း ၅ခွဲလောက် ကတည်း ကလူစု နေကြတယ်။ မနက် ဂနာရီခွဲမှာလူ ၇၀၀ မဲပေးခဲ့ပြီး ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်း ကလဲ စိတ်ဝင်စားခဲ့ ကြသလို အဲဒီတုန်း က ညနေ ၃ နာရီလောက်မှာအားလုံးနီးပါး မဲပေးပြီးကြပြီ။" ဟူ၍ ပြောပြခဲ့ သည်။ "ပန်းရွာ မှာက မဲပေးဖို့တော အလုပ်ဖျက်သူတွေများသလို မနက်စောစောမဲပေးပြီးတောသွားသူတွေရှိတယ်။ အိမ်ခြေ ၅၀၅ လူဦးရေ ၂၈၀၅ လောက်ရှိတယ်။မဲစာရင်းမှာ ပါနေပြီး မဲပေးမရသူတွေရှိတယ်။" ဟူ၍ ပန်းရွာသားတစ်ဦးကပြောပြသည်။
"မနက် ၆ ခွဲလောက်ကတည်းက မဲရုံကို မဲသွားပေးတယ်။ မဲနံပါတ် က ၇၁ ။ မဲရုံထဲမှာ ဘေးကလာမဲပေးတဲ့  ဦးပြေအေးက ဆွဲလုပြီး ခြင်္သေ့မှာ အမှန်ခြစ်သွားတယ်။ စိတ်မကောင်းဘူး။ ဒေါင်းကို ပေးချင်တာ။''ဟု ပန်းရွာမှ မမိမာ ကပြောပြသည်။
1 April 2012 12:29 PM
မဲရုံဖွင့်လှစ်သည့် မနက် ၆ နာရီမှာ မွန်းတည့် ၁၂ နာရီအတွင်း မင်္ဂလာတောင်ညွှန့် မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်များအနက် ဒဂုံဆိပ်ကမ်းမြို့နယ်သည် မဲစာရင်း မှားယွင်းမှု အများဆုံး ဖြစ်သည်ကို တွေ့ရပြီ မဲမပေးရ၍ မကျေနပ်မှုအများဆုံး ဖြစ်ပွားနေသည့် မဲဆန္ဒနယ် ဖြစ်ကြောင်း သိရပါသည်။
1 April 2012 12:28 PM
ဒါးပိန်မြို့ရှိ မဲရုံများတွင် မဲစာရင်းများ တွဲလျက် မရှိခြင်းကြောင့် မဲစာရင်း မပါဝင်များ အနေဖြင့် ရပ်ကွက်ရုံးသို့ ထပ်မံသွားရောက်ပြီး ကြည့်ရှု နေရကြောင်း သိရပါသည်။ ထို့အပြင် ၂၀၀၈နှင့် ၂၀၁၀ ပြည့်နှစ်တွင် မဲပေးခဲ့ သူများအနက် အချို့မှာ ယခု မဲပေးစာရင်း၌ ပါဝင် မလာခဲ့ကြောင်း သိရပါသည်။ မဲစာရင်းတွင် အမည်မပါဝင်မှုများအတွက် သက်ဆိုင်ရာ ကော်မရှင်သို့ အကြောင်း ကြားမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ စာရင်းမပါဝင်ခဲ့ကြောင်း သိရပါသည်။
1 April 2012 12:27 PM
ကော့မှူးမြို့နယ် ရေကျော်ရပ်ကွက် ညောင်လုံကျေးရွာတွင် ထွက်ပေါ်ခဲ့သော မဲရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၁၇ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၇ မဲ ရရှိခဲ့ကြောင်း သိရပါသည်။
1 April 2012 12:26 PM
မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မဲပေးခွင့်အရည်အချင်းနှင့် ပြည့်စုံသော်လည်း မဲမပေးရသူ ရာနှင့်ချီကာ ကျန်နေခဲ့၍ မဲပေးခွင့်ရရှိရန် မြို့နယ်ကော်မရှင်တွင် ကြိုးပမ်းနေကြရကြောင်း သတင်းရရှိပါသည်။ လက်ရှိတွင်မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စုအတွင်းရှိ သမ္ဗာန်ချိုင်နှင့်ညောင်လေးပင်ကျေးရွာနှစ်ရွာတွင် မဲပေးခွင့်ရှိသူ၁၂၀မှာ မဲပေးခွင့်မရ၍ စုစည်းကာမြို့နယ်ကော်မရှင်သို့ တင်ပြရန်ပြင်ဆင်နေကြာင်း သိရ။ အဆိုပါကျန်ရစ်ခဲ့ရူသူများမှာ သန်းခေါင်စာရင်းမူရင်း၊ မှတ်ပုံတင်မူရင်းများ လက်ဝယ်ရှိပြီး ကျေးရွာတွင် နှစ်ပေါင်း နေထိုင်လာသူများဖြစ်ကြောင်း သိရသည်။ မြောင်းမြမြို့နယ်၊ မြို့ပေါ်တွင် မျက်မမြင် ၇၅ နှစ်အရွယ် မျက်မမြင် အဖွားအိုနှစ်ဦးဖြစ်သည့် ဒေါ်ယုံနှင့်ဒေါ်စောရီတို့ မြေးဖြစ်သူ၏ အကူအညီဖြင့် မဲသွားထည့်ရာတွင် မဲများမဲရုံမှူးမှ သူကိုယ်တိုင် ရေးခြစ်တင်လိုက်ကြောင်း သတင်းရရှိ။
1 April 2012 12:19 PM
ဖျာပုံရပ်ကွက် ၁၆ ရပ်ကွက် မဲရုံအမှတ် (၃) (၄)တွင့် ရှိတဲ့ မဲဆန္ဒရှင် ၁၀၀ ခန့် မဲစာရင်းမပါရှိပဲဖြစ်နေကြောင်း။ ပထမထုတ်ပြန်ထားသည့် စာရင်းတွင် မပါရှိ၍ သွားပြောထားခဲ့သည့် လူအချို့လဲ အခု ပြန်ပါမလာကြောင်း။ ခွပ်ဒေါင်းအတွက် ဆန္ဒပြုလုပ်ရမည့်နေရာတွင် ဖယောင်းသုတ်ထားသည်ဟု မဲပေးခွင့်ရခဲ့သူ ဒေသခံအချို့ကပြောသည်။ ခရီးသွားရမည့်သူ၊ ပိုက်ချသွားမည့်သူအချို့သည် ကြိုတင်မဲထည့်ရန် ကြိုးစားသည့်အခါ ထည့်ခွင့်မရသည့်သူများ ရှိသည်ဟု သိရသည်။
1 April 2012 12:15 PM
ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ရှိသည့် မဲပေးခွင့်အတွက် ကြိုတင်ထုတ်ပြန်ထားသည့်စာရင်းတွင် ပါရှိသော်လည်း ယနေ့လာရောက်ပေးသည့်အခါ နာမည်မပါဝင်၍ မကျေမနပ်ဖြစ်နေကြကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မဲဆန္ဒရှင်များထံမှ သိရှိရသည်။ မှတ်ပုံတင်တွင် နံပါတ်မပီသသည့်အတွက် အိမ်ပြန်၍ သန်းခေါင်းစာရင်းပြန်ယူခိုင်းသဖြင့် အိမ်ပြန်ရသူများရှိနေကြောင်းလည်းသိရှိရသည်။ သန်းခေါင်စာရင်းတစ်ခုထဲပါဝင်သော မိသားစုတစ်စုထဲ၌ပင် မဲစာရင်းတွင် မပါဝင်သဖြင့် မဲမပေးရသူများရှိကြောင်း။ ကိုယ်အင်္ဂါကောင်းကောင်းမလှုပ်ရှားနိုင်သော်လည်း ကြိုတင်မဲပေးလိုက်ပါက မသမာမှုများ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ကိုယ်တိုင်လာပေးသည့် ကိုယ်အင်္ဂါကောင်းကောင်းမလှုပ်ရှားနိုင်သူများ များပြားနေသည်ကိုလည်း တွေ့ရကြောင်း သိရှိရသည်။
1 April 2012 11:58 AM
မင်းကင်းမြို့နယ်၏ နောက်ဆုံးအခြေအနေများ - မဲဆန္ဒပေါ်မှာ အမှန်ခြစ် ခြစ်လို့မရတဲ့ မဲစာရွက်များကို မဲရုံတွေက စာရွက်အသစ် မလဲပေးကြောင်းသိရ။ - ကြိုတင်မဲပေးသောအခါ မဲစာရွက်ပေါ်မှာ ရှိတဲ့ ခွပ်ဒေါင်းအကွက်မှာ ဖယောင်းသုတ်ထားတာ တွေ့ရတယ်။ - ကြိုတင်မဲစာရင်းကို မတ်လ ၃၁ နေ့ ညနေ ၆ နာရီမှာ နောက်ဆုံးပေးရမည်ဖြစ်သော်လည်း ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းမှ ကြိုတင်မဲစာရင်းများ ရရှိဟု မြို့နယ် NLD ကပြောသည်။ - အချို့ကျေးရွာများတွင် မဲပေးရာနေရာ၌ ကျေးရွာအုပ်ချူပ်ရေးမှုးများက စောင့်ကြည့်နေမှုများကြောင့် မဲပေးသူများသည် လွတ်လပ်စွာမဲပေးခွင့်ပုံစံမရရှိဟု ခံစားရ။ - ပုံစံ၁၇နဲ့ ၁၈ စာရွက်များကို ရပ်ကျေးကော်မရှင်က လက်မှတ်မထိုးပေးတဲ့ ကိစ္စများဖြစ်။ အဆိုပါ ဖြစ်ပွားရာ ရွာများသည် ညောင်ကိုင်းကျေးရွာ၊ ကန်ကျေးရွာ၊ ကျောက်အိုးကျေးရွာ၊ ဝါးရဲကျေးရွာ၊ ဆည်ချောင်းကျေးရွာ၊ ယားကျေးရွာ၊ ကျောက်မှော်ကျေးရွာ၊ ကူလဲကျေးရွာ၊ ပိက္ခယားကျေးရွာ၊ ပသေးကျေးရွာ၊ ကြာပင်ကျေးရွာ၊ ကျော်ရွာ၊ တို့ဖြစ်သည်။
1 April 2012 11:57 AM
ကော့မှူးမြို့နယ် ပြည်တော်သာ ရပ်ကွက်ရှိ မဲရုံ၌ မဲဆန္ဒရှင် ဒေါ်တင်တင်အေး၏ မဲလက်မှတ်လက်တွင် အမှန်ခြစ်ရမည့် နေရာ၌ ဖယောင်းသုတ်ထားပုံစံ ဖြစ်နေပြီး မင်ချော် ခဲ့ခြင်းကြောင့် မဲစာရင်း လက်မှတ်အား ပြန်လဲပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း မဲရုံ တာဝန်ရှိသူများမှ လဲ မပေးခဲ့ကြောင်းနှင့် မဲလက်မှတ်မှာ တစ်ဦးလျှင် တစ်စောင်သာ ထုတ်ပေးခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရပါသည်။
1 April 2012 11:55 AM
ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွှန့် မြို့နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာအချို့ ၁။ ကန်တော်လေး အနောက်ရပ်ကွက်ရှိ မဲရုံအမှတ် ၂ တွင် လူတစ်ဦးက ၃ ကြိမ် မဲထည့်ခဲ့ကြောင်း သိရသည်။ ၂။ ဖဆပလ ရပ်ကွက်ရှိ မဲရုံအမှတ် ၃ တွင် ကြိုတင် မဲစာရင်းများအား ဧပြီလ ၁ရက်နေ့ နံနက်၁၀နာရီခန့်အထိ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ ၃။ သာယာကုန်း ရပ်ကွက်ရှိ မဲရုံအမှတ် ၄ တွင် မဲပေးကြသူများအား စာရင်းတွင် လက်မှတ် ရေးထိုးခိုင်းခြင်းမရှိဘဲ မဲပေးစေခဲ့ကြောင်း သိရသည်။ ၄။ ကျီတော်ရပ်ကွက်ရှိ မဲရုံအမှတ် ၁ တွင် မဲပေးရမည့် နေရာတွင် ဖယောင်း သုတ်ထားခြင်းကြောင့် အမှန်ခြစ်၍ မရခဲ့ကြောင်း မဲပေးခဲ့သူအချို့မှ ပြောကြားခဲ့သည်။ ၅။ မလွှကုန်းရပ်ကွက်ရှိ မဲရုံအမှတ် ၂၊ ၃ တွင် ယခင် ထုတ်ပေးခဲ့သည့် မဲစာရင်းနှင့် အတည်ပြုမဲစာရင်းမှာ ကွာခြားနေကြောင်း သိရှိရသည်။
1 April 2012 11:50 AM
မင်္ဂလာတောင်ညွန့် မြို့နယ်မှ NLD ကိုယ်စားလှယ်လောင်း မဖြူဖြူသင်း၏ ပြောကြားချက်များ ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေက ခုလိုက်ကြည့်ရသလောက်တော့ တော်တော်လေး အခြေအနေ ကောင်းပါတယ်။ ဒါပေမယ့် စက်ဆန်းက မဲရုံ ၂ ရုံမှာ တော့ မဲပုံးတွေ ထားတဲ့ပုံစံလွဲနေတဲ့ အတွက် မြို့နယ်ကော်မရှင်ကို အကြောင်းကြား ထားပါတယ်။ အမှန်ဆိုရင် မဲပုံးက အရှေ့က၊ လူက အနောက်က ဖြစ်ရမှာ။ ခုစက်ဆန်းက မဲရုံ ၂ ရုံမှာ ပြောင်းပြန် ဖြစ်နေတယ်။ ခရိုင်ကောက်မရှင်ကလည်း ၀င်ကြည့်နေပါတယ်။ ဒါကလွဲပြီး ကျန်တဲ့နေရာတွေမှာ တော်တော်လေးကို အေးအေးဆေးဆေး ရှိပါတယ်။ ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့ အရမ်းအားရတယ်။ ၁၀မဲ ၁၅မဲထက် ပိုပြီးမကြားရဘူး။
1 April 2012 11:42 AM
တံတားဦးမြို့ပေါ်တွင် အမှတ် ၁ နယ်မြေ၊ အမှတ် ၂ နယ်မြေ၊ အမှတ် ၃ နယ်မြေ နယ်မြေ ၃ ခုရှိရာ မဲရုံပေါင်း ၁၆ ရုံရှိကြောင်း၊ ရွာပေါင်း ၁၆၇ ရွာ နှင့် ၆၄ အုပ်စုရှိပြီး မဲပေးနိုင်သည့် လူဦးရေ ၉ သောင်းကျော်ရှိကြောင်း သိရသည်။
1 April 2012 11:40 AM
"တွေ့ခဲ့ရတဲ့ တစ်လျှောက်လုံးမှာ မဲစာရင်း ချွတ်ချော်မှုက အများဆုံးပါပဲ။ နောက်ပြီးရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားသလိုပါပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး"ဟု ဟံသာဝတီ ဦးဝင်းတင်က စစ်ကိုင်းမြို့ ချင်းစုရပ်ရှိမဲရုံ၌ ရောက်ရှိနေခိုက် မေးမြန်းခဲ့တွင် ပြန်လည်ဖြေကြားသွားခဲ့သည်။
1 April 2012 11:31 AM
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နံနက် ၁၁ နာရီကျော် အချိန်တွင် နေပြည်တော်ရှိ ဇမ္ဘူသီရိမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မဲရုံ ၁ သို့ လာရောက် ဆန္ဒမဲ ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
1 April 2012 11:28 AM
ကျောက်ပန်းတောင်း မြို့နယ်တွင်း မဲပေးမှုနှင့် မဲရုံများ အခြေအနေ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်ကြီးများဖြစ်သော သာယာအေး၊ တပ၀တီ၊ ဈေးကွက်သစ် ရပ်ကွက်များတွင် မဲရုံစဖွင့်ချင်း နံနက် ၆နာရီ အချိန်တွင်ပင် မဲလာရောက်ပေးသူ အချို့ရှိခဲ့ကြောင်း သိရသည်။ မဲရုံစဖွင့်ဖွင့်ချင်း နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် သာယာအေးရပ်ကွက်၏ မဲရုံအမှတ် ၅ တွင် အသုံးပြုနေသော မဲပြားများတွင် မဲထည့်ရသည့် မဲပြားများတွင် သက်ဆိုင်ရာ မဲကော်မရှင် တံဆိပ်ဝိုင်းမပါရှိဘဲ မဲရုံမှူးလက်မှတ်သာ ပါရှိခြင်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဇော်မြင့်မောင် မှ တွေ့ရှိခဲ့သောကြောင့် သတ်မှတ်စည်းကမ်းနှင့် မညီဟုဆိုကာ ယင်းမဲရုံတွင် မဲပေးခြင်းအား ခေတ္တရပ်ထားစေခဲ့ကြောင်း၊ ထို့နောက် ကျောက်ပန်းတောင်းမြို့နယ် ကော်မရှင်ဥက္ကဌ ထံသို့ ဆက်သွယ်မေးမြန်ခဲ့ရာ ကြိုတင်မဲပြားတွင်သာ ကော်မရှင်တံဆိပ်ဝိုင်းပါရှိပြီး ယခုပေးနေသည့် မဲပြားများတွင် ကော်မရှင်တံဆိပ်ဝိုင်း မပါရှိကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် ယင်းမဲရုံတွင် မဲပေးခြင်းအား ပြန်လည်ပြုလုပ်စေခဲ့ကြောင်း သိရသည်။
မဲရုံများကို စာသင်ကျောင်း၊ ဓမ္မာရုံစသော နေရာများတွင် ဖွင့်လှစ်ထားပြီး အဆိုပါရပ်ကွက်များတွင် နံနက် ၇ နာရီခွဲနှင့် ၉ နာရီခွဲကြားအချိန်တွင် မဲလာရောက်ပေးသူမှာ မဲရုံစဖွင့်သည့် အချိန်ထက် ပိုမိုများပြားကြောင်း သိရသည်။ သာယာအေးရပ်ကွက်၏ မဲရုံအမှတ်(၁)တွင် မဲရုံဖွင့်ဖွင့်ချင်း ပထမဆုံး မဲလာရောက်ပေးသူ တစ်ဦးက “ အိမ်မှာလည်း အလုပ်တွေရှိသေးတာနဲ့ မဲရုံဖွင့်ဖွင့်ချင်းမှာ မဲ လာပေးဖြစ်တာပါ။ မဲပေးတဲ့သူတွေထဲမှာ ကိုယ်က ပထမဆုံးဖြစ်နေတယ်။ မဲရုံထဲမှာ ပေါ့ပေါ့ပါးပါး ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးခွင့် ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်”ဟု ပြောပြခဲ့သည်။ မဲရုံများအနီး ပတ်ဝန်းကျင်တွင် လုံခြုံရေးပိုင်းအား တင်းတင်းကျပ်ကျပ် ချထားခြင်းမျိုး မရှိကြောင်း သိရသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို သက်ဆိုင်ရာမှ ကြေညာပေးခြင်းအား နည်းခဲ့ခြင်းကြောင့် အချို့မဲစာရင်း ပါဝင်သော်လည်း မသိရှိခဲ့ကြောင်း၊ အချို့မှာမူ မဲစာရင်းကပ်သည်ကို သိပြီးသွားကြည့်သော်လည်း မိသားစုအလိုက် မဲစာရင်းမပါဝင်သည့်ဖြစ်ရပ်များရှိနေသည်။
“မဲစာရင်းကို ရပ်ကွက်ထဲမှာ ကြေညာတာမကြားရဘူး။ မနေ့ကညကလည်း မကြေညာဘူး။ ပြီးခဲ့တဲ့ ၂၀၁၀ တုန်းကဆိုရင် ရပ်ကွက်ထဲမှာ မဲလာပေးဖို့ကို အသံချဲ့စက်နဲ့အသိပေးတယ်။ အခုတော့ အနားကပ်မှ မဲစာရင်းကို မနည်းလိုက်ရှာကြည့်ရတယ်။ အခုတော့ မဲထည့်ပြီးပြီ။ ထည့်ခဲ့တဲ့ပါတီကတော့ NLD ပေါ့ဗျာ”ဟု သာယာအေးရပ်ကွက်ရှိ မရုံအမှတ် ၄ သို့ မဲလာရောက်ပေးသူတစ်ဦးက နံနက် ၉ နာရီခွဲ အချိန်ခန့်က ပြောကြားခဲ့သည်။ “NLD ကိုမဲပေးပါတယ်။ ကျေကျေနပ်နပ်ကြီးကို မဲပေးခဲ့တာပါ။ မဲရုံထဲမှာလည်း မဲပေးရတာ အဆင်ပြေပါတယ်” ဟု တပ၀တီရပ်ကွက်ရှိမဲရုံတစ်ခုသို့ လာရောက် မဲပေးခဲ့သူ တစ်ဦးက ပြောပြခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က “ ဒီအခေါက် ယှဉ်ပြိုင်တဲ့နေရာမျာ မဲရုံ ကိုယ်စားလှယ် တွေရဲ့ အခြေအနေက မဆိုးဘူးလို့ပြောရမှာပါ”ဟု ပြောကြားခဲ့သည်။ တပ၀တီရပ်ကွက်၏ မဲရုံအမှတ် ၁ တွင် မဲစာရင်းတွင် မပါဝင်သူတစ်ဦးက မဲရုံတွင် မဲလာပေးသည်ကို မဲရုံတာဝန်ရှိသူများက မဲစာရင်းတွင် မပါရှိခြင်းကြောင့် မဲပေးခွင့်မရှိကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း၊ ယင်းပြောကြားချက်ကို မဲပေးသူ မကျေနပ်သဖြင့် မဲပေးသူနှင့် မဲရုံတာဝန်ရှိသူတစ်ဦး အကြား အချေအတင် စကားများမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
1 April 2012 11:27 AM
ပုဗ္ပသီရိ မဲဆန္ဒနယ်တွင် သွားရောက်မဲပေးခဲ့သူ ကိုတင်မောင်ဝင်း အသက် ၂၀ နှစ်သည် ၄င်း၏ ကိုယ်စား မဲပေးထားသူရှိပြီး ဖြစ်နေ၍ မဲပေးခွင့်မရရှိခဲ့ကြောင်း ၊ ရေးထိုးထားသည့် လက်မှတ်မှာလည်း ၄င်း၏ လက်မှတ် မဟုတ်ဘဲ တစ်ခြားသူတစ်ဦး၏ လက်မှတ်ထိုး၍ မဲပေးထားခြင်းဖြစ်ကြောင်း ပြောပြခဲ့ပြီး ယင်းကဲ့သို့ ကိုယ်စား မဲထည့်ထားမှုများ များစွာကြုံတွေ့နေရသည်ဟု သိရှိရသည်။
1 April 2012 11:20 AM
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ၀ါးသင်္ခကျေးရွာမှ ရန်ကုန်မြို့ရှိ နေအိမ်သို့ ယနေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း သိရပါသည်။
1 April 2012 11:19 AM
တန့်ယန်းမြို့နယ် အမှတ် (၂) ရပ်ကွက် မဲပေးခွင့်ရှိသူ အများဆုံး မဲရုံ မဲပေးခွင့်ရှိသူ -၃၄၂၁ ဦး ၁၀ နာရီ ၃၀အထိ ၆၂၀ ကျော်မဲပေးပြီး ကြိုတင်မဲပေးသူ-၁၆ ဦး တန့်ယန်းမြို့နယ် အမှတ် (၃) ရပ်ကွက် မဲပေးခွင့်ရှိသူ -၁၄၅၈ ဦး ၁၀ နာရီ ၁၅ အထိ ၅၀၀ ၀န်းကျင် မဲပေးပြီး ကြိုတင်မဲပေးသူ -၅၀ ခန့် တန့်ယန်းမြို့နယ် အမှတ်(၆) ရပ်ကွက် မဲပေးခွင့်ရှိသူ -၂၇၈၄ ဦး ၁၀ နာရီ ၄၅ အထိ ၈၀၀ကျော်မဲပေးပြီး ကြိုတင်မဲပေးသူ -၃၅ ဦး တန့်ယန်းမြို့နယ် အမှတ် (၇)ရပ်ကွက် မဲပေးခွင့်ရှိသ-ူ ၇၄၆ ဦး ၁၁နာရီအထိ ၅၀၀ကျော်မဲပေးပြီး ကြိုတင်မဲပေးသူ- ၅ ဦး မနက် ၆ နာရီနှင့် ၇ နာရီကြားတွင် မဲလာပေးသူ များပြား
1 April 2012 11:05 AM
စစ်ကိုင်းမြို့နယ် ညောင်ပင်စဉ်ကျေးရွာတွင် မဲပေးပိုင်ခွင့်ရှိသူ နှစ်ထောင်ကျော်ရှိရာတွင် ကောက်ခံထားသောကြိုတင်မဲအရေအတွက်မှာ ၂၃၀ ဖြစ်နေခြင်းကြောင့် NLD ပါတီမှ ကြိုတင်မဲစာရင်း အတိအကျ တောင်းခံရာတွင် ရပ်/ကျေး ကော်မရှင်ဥက္ကဋ္ဌက မိမိနှင့်မဆိုင်ဟုပြောဆိုပြီး စာရေးဖြစ်သူကကောက်ခံခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ NLD ပါတီက ယခုအဖြစ်အပျက်အား မြို့နယ် ကော်မရှင် ထံတင်ပြရာတွင် မဲအရေအတွက်သာ သိခွင့်ရရှိမည်ဖြစ်ပြီး မဲပေးသူအမည်စာရင်းကို မပေးနိုင်ကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု သိရှိရသည်။ NLD ပါတီက ယခုဖြစ်ရပ်အတွက် လိုအပ်ပါက တရားဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားပါသည်။
1 April 2012 10:49 AM
ထန်းတပင်မြို့နယ် မဲဖလံကျေးရွာအုပ်စု မိချောင်ခေါင်းကျေးရွာတွင် နေထိုင်ကြသူများးအနက် ထက်ဝက်ခန့်မှာ မှတ်ပုံတင် မရှိသူများဖြစ်သောကြောင့် ဆန္ဒမဲပေးခွင့်မရရှိခဲ့ကြကြောင်း NLD မဲရုံ ကိုယ်စားလှယ် ဦးစိန်ထွန်းကပြောပါသည်။
1 April 2012 10:38 AM
မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် မဲရုံအမှတ် ၁၅ မှာ ဒုရဲအုပ်သန်းကျော်က မီဒီယာသမားများကို နာမည်စာရင်းကောက်ယူရန် ညွှန်ကြားထားတယ်လို့ပြောတယ်။ ကောက်လည်းကောက်နေတယ်။ မဲရုံထဲကို လက်ပတ်နာရီ၊ ဖုန်း၊ ပိုက်ဆံအိတ်၊ ကျောပိုးအိတ် တစ်ခုမှ မယူခိုင်းဘူး။ မဲရုံဝမှာ ချွတ်ထားခဲ့ရတယ်။ မဲရုံနဲ့ ဓါတ်တိုင်၂တိုင်စာလောက်အတွင်းမှာ NLD ပါတီ၏ စည်းရုံးရေးကားရပ်ထားမှုအပေါ် မီဒီယာ အချို့မှ မေးမြန်းခဲ့ရာ ဒုရဲအုပ်သန်းကျော်က မဲဆွယ်နေတယ်လို့တော့ သူတို့မထင်တဲ့အတွက် အရေးမယူဘူးလို့ပြောတယ်။ ဟု သတင်းထောက်တစ်ဦးမှ ပြောကြားခဲ့ပါသည်။
1 April 2012 10:34 AM
အမှတ် (၁၁)ရပ်ကွက် ပုသိမ်မြို့ မဲရုံအမှတ် (၉)တွင် မဲပေးခွင့်ရှိသူ ၁၈၆ဦးရှိရာ ကြိုတင်မဲ (၉)မဲ ရှိပြီး ပြည်ခိုင်ဖြိုး (၇)မဲ NLD (၂)မဲ ဖြစ်သည်။ အဆိုပါမဲရုံတွင် ပြည်ခိုင်ဖြိုးမှ ၁၇၂ မဲ၊ ပယ်မဲ ၁ မဲ ရှိခဲ့သည်။ အဆိုပါ မဲရုံတွင် စစ်လက်နက်ကိရိယာ ထောက်ပံ့ရေးတပ် မိသားစုဝင်များ မဲပေးခဲ့ခြင်းဖြစ်သည်။
1 April 2012 10:33 AM
ဒဂုံဆိပ်ကမ်းမြို့နယ် ၁၆၈ ရပ်ကွက်တွင် မဲပေးခွင့်ရှိသူ ၂၀၀၀ကျော် ရှိပြီး လူ ၁၀၀ ကျော်ခန့်မှာ မဲစာရင်းတွင် မပါဝင်ဟု စုံစမ်းသိရှိရသည်။
1 April 2012 10:32 AM
ကျောက်ပန်းတောင်း မြို့နယ်တွင်း မဲပေးမှုနှင့် မဲရုံများ အခြေအနေ
ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်ကြီးများဖြစ်သော သာယာအေး၊ တပ၀တီ၊ ဈေးကွက်သစ် ရပ်ကွက်များတွင် မဲရုံစဖွင့်ချင်း နံနက် ၆နာရီ အချိန်တွင်ပင် မဲလာရောက်ပေးသူ အချို့ရှိခဲ့ကြောင်း သိရသည်။ မဲရုံစဖွင့်ဖွင့်ချင်း နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် သာယာအေးရပ်ကွက်၏ မဲရုံအမှတ် ၅ တွင် အသုံးပြုနေသော မဲပြားများတွင် မဲထည့်ရသည့် မဲပြားများတွင် သက်ဆိုင်ရာ မဲကော်မရှင် တံဆိပ်ဝိုင်း မပါရှိဘဲ မဲရုံမှူးလက်မှတ်သာ ပါရှိခြင်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်မှ တွေ့ရှိခဲ့သောကြောင့် သတ်မှတ် စည်းကမ်းနှင့် မညီဟုဆိုကာ ယင်းမဲရုံတွင် မဲပေးခြင်းအား ခေတ္တရပ်ထားစေခဲ့ကြောင်း၊ ထို့နောက် ကျောက်ပန်းတောင်းမြို့နယ် ကော်မရှင်ဥကဌထံသို့ ဆက်သွယ်မေးမြန်ခဲ့ရာ ကြိုတင်မဲပြားတွင်သာ ကော်မရှင်တံဆိပ်ဝိုင်းပါရှိပြီး ယခုပေးနေသည့် မဲပြားများတွင် ကော်မရှင် တံဆိပ်ဝိုင်း မပါရှိကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် ယင်းမဲရုံတွင် မဲပေးခြင်းအား ပြန်လည်ပြုလုပ်စေခဲ့ကြောင်း သိရသည်။ မဲရုံများကို စာသင်ကျောင်း၊ ဓမ္မာရုံစသော နေရာများတွင် ဖွင့်လှစ်ထားပြီး အဆိုပါရပ်ကွက်များတွင် နံနက် ၇ နာရီခွဲနှင့် ၉ နာရီခွဲကြားအချိန်တွင် မဲလာရောက်ပေးသူမှာ မဲရုံစဖွင့်သည့် အချိန်ထက် ပိုမိုများပြားကြောင်း သိရသည်။
သာယာအေးရပ်ကွက်၏ မဲရုံအမှတ်(၁)တွင် မဲရုံဖွင့်ဖွင့်ချင်း ပထမဆုံး မဲလာရောက်ပေးသူ တစ်ဦးက “ အိမ်မှာလည်း အလုပ်တွေရှိသေးတာနဲ့ မဲရုံဖွင့်ဖွင့်ချင်းမှာ မဲလာပေးဖြစ်တာပါ။ မဲပေးတဲ့သူတွေထဲမှာ ကိုယ်က ပထမဆုံးဖြစ်နေတယ်။ မဲရုံထဲမှာ ပေါ့ပေါ့ပါးပါး ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးခွင့် ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်”ဟု ပြောပြခဲ့သည်။ မဲရုံများအနီး ပတ်ဝန်းကျင်တွင် လုံခြုံရေးပိုင်းအား တင်းတင်းကျပ်ကျပ် ချထားခြင်းမျိုး မရှိကြောင်း သိရသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို သက်ဆိုင်ရာမှ ကြေညာပေးခြင်းအား နည်းခဲ့ခြင်းကြောင့် အချို့မဲစာရင်း ပါဝင်သော်လည်း မသိရှိခဲ့ကြောင်း၊ အချို့မှာမူ မဲစာရင်းကပ်သည်ကို သိပြီးသွားကြည့်သော်လည်း မိသားစုအလိုက် မဲစာရင်းမပါဝင်သည့်ဖြစ်ရပ်များရှိနေသည်။ “မဲစာရင်းကိုရပ်ကွက်ထဲမှာကြေညာတာမကြားရဘူး။ မနေ့ကညကလည်း မကြေညာဘူး။ ပြီးခဲ့တဲ့ ၂၀၁၀ တုန်းကဆိုရင် ရပ်ကွက်ထဲမှာ မဲလာပေးဖို့ကို အသံချဲ့စက်နဲ့အသိပေးတယ်။ အခုတော့ အနားကပ်မှ မဲစာရင်းကို မနည်းလိုက်ရှာကြည့်ရတယ်။ အခုတော့ မဲထည့်ပြီးပြီ။ ထည့်ခဲ့တဲ့ပါတီကတော့ NLD ပေါ့ဗျာ”ဟု သာယာအေးရပ်ကွက်ရှိ မရုံအမှတ် ၄ သို့ မဲလာရောက်ပေးသူတစ်ဦးက နံနက် ၉ နာရီခွဲ အချိန်ခန့်က ပြောကြားခဲ့သည်။ “NLD ကိုမဲပေးပါတယ်။ ကျေကျေနပ်နပ်ကြီးကို မဲပေးခဲ့တာပါ။ မဲရုံထဲမှာလည်း မဲပေးရတာ အဆင်ပြေပါတယ်” ဟု တပ၀တီရပ်ကွက်ရှိမဲရုံတစ်ခုသို့ လာရောက်မဲပေးခဲ့သူ တစ်ဦးက ပြောပြခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က “ ဒီအခေါက် ယှဉ်ပြိုင်တဲ့နေရာမျာ မဲရုံ ကိုယ်စားလှယ်တွေရဲ့ အခြေအနေက မဆိုးဘူးလို့ပြောရမှာပါ”ဟု ပြောကြားခဲ့သည်။
တပ၀တီရပ်ကွက်၏ မဲရုံအမှတ် ၁ တွင် မဲစာရင်းတွင် မပါဝင်သူတစ်ဦးက မဲရုံတွင် မဲလာပေးသည်ကို မဲရုံတာဝန်ရှိသူများက မဲစာရင်းတွင် မပါရှိခြင်းကြောင့် မဲပေးခွင့်မရှိကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း၊ ယင်းပြောကြားချက်ကို မဲပေးသူ မကျေနပ်သဖြင့် မဲပေးသူနှင့် မဲရုံတာဝန်ရှိသူတစ်ဦး အကြား အချေအတင် စကားများမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
1 April 2012 10:29 AM
နွားထိုးကြီးမြို့နယ် ၀က်လူးကျေးရွာ မဲရုံ သုံရုံရှိ၊ အရှေ့ခြမ်းမဲရုံမဲစာရွက်အချို့တွင် ဖယောင်းများသုတ်ထားသဖြင့် မဲပေးနိုင်ခြင်းမရှိသဖြင့် မဲစာရွက်အသစ်ထပ်တောင်း၍ မရကြောင်း သိရှိရပါသည်။ မှတ်ပုံနံပတ်လွဲမှားမှုများ၊ အဘအမည် လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ မဲပေးခွင့်ရှိသူ ၆၉၉ ဦး ရှိသည်။
1 April 2012 10:24 AM
ထန်းတပင်မြို့နယ် ရှားစေးဘိုကျေးရွာ၌ မဲပေးပိုင်ခွင့် ရှိသူ ၁၅၀၄ ဦးရှိသည့် အနက် ၈၀ခန့်သာ မဲပေးခဲ့ရပြီး ကျန်ရှိသူများမှာ မဲပေးရမည့် စာရင်း၌ ပါဝင်ခဲ့ခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ ထို့အပြင် နတ်ရွာ၌လည်း မဲပေးရမည့် စာရင်း၌ မပါလာခဲ့သူ အများအပြား ကျန်ရှိနေခဲ့ပြီး သေဆုံးပြီးသုများမှာမူ မဲစားရင်း၌ ပါဝင်နေခဲ့ကြောင်း သိရပါသည်။
1 April 2012 10:23 AM
တောင်ငူမြို့တွင် မဲရုံ (၁၉၉) ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၆၄၄၂၇ ဦး ၊ ထန်းတပင် မြို့နယ်တွင် (၉၃) ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၇၁၈၂၇ ဦး၊ အုတ်တွင်းမြို့နယ်တွင် မဲရုံ (၁၄၁) ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၀၅၅၅၅ ဦး ရှိကြောင်း သိရှိရသည်။
1 April 2012 10:22 AM
ဝါးခယ်မမြို့နယ်တွင် မဲရုံပေါင်း ၂၇၇ ခုရှိပြီး မဲပေးခွင့်ရှိသူပေါင်း ၁၈၅၀၀၀ ကျော်ရှိကြောင်း သိရသည်။ မြို့ပေါ်ရပ်ကွက်များတွင် မဲရုံ (၁၇) ရုံရှိပြီး မြသိန်းတန်ရပ်ကွက်သည် မဲပေးသူအများဆုံး ရပ်ကွက်ဖြစ်ကြောင်း သိရသည်။
ထူးခြားဖြစ်စဉ်များမှာ စံပယ်ယိုကျေးရွာတွင် ကြိုတင်မဲများ၌ ကြံခိုင်ရေးပါတီကို အမှန်ခြစ်ပြီးသား မဲလက်မှတ်များဖြင့် မဲပေးခိုင်းသည်ကို တွေ့ရ။ ကျုံလတာကျေးရွာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ရှိပြီး နေထိုင်သည်မှာ (၁၀) နှစ်ကျော်ရှိပြီ ဖြစ်သည့် မွတ်ဆလင်လူမျိုး (၂၀၀) ကျော် မဲပေးခွင့်မရ။ ထန်းလေးပင်ရွာတွင် ကြံခိုင်ရေး ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်၏ တူမအရင်းဖြစ်သူကို မဲရုံမှုး တာဝန်ပေးထားပြီး အန်အယ်ဒီပါတီမှ ကန့်ကွက်သဖြင့် လဲလှယ်ပေးခဲ့။
နံနက် ၉နာရီခွဲအချိန်တွင် ကျေးရွာအုပ်စုများ၌ မဲပေးမှုမှာ ပြီးသလောက် နီးပါးရှိနေခဲ့ပြီး မြို့ပေါ်ရပ်ကွက် အချို့တွင် မဲပေးမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။
ဝါးခယ်မမြို့နယ် ကိုယ်စားလှယ်လောင်းများ
ဒေါ်မြင့်မြင့်စန်း (NLD)
ဦးထွန်းအောင်ကျော် (ကြံခိုင်ရေး)
ဒေါ်ရီရီစံ (ခေတ်သစ်ပြည်သူ့ပါတီ)
ဦးသန်းအောင် (တ-စ-ည)
1 April 2012 10:09 AM
မအူပင်မြို့နယ် မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၂၀၂၉၅၃ ဦးရှိပြီး မဲရုံစုစုပေါင်း ၃၁၅ ရုံရှိကာ နံနက်ခြောက်နာရီ မဲရုံဖွင့်ချိန်မှ စပြီး ယခုအချိန်အထိ တန်းစီစောင့်ဆိုင်းပြီး မဲပေးမှုများ ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။“ကျွန်တော်တို့အနေနဲ့ အချိန် နှစ်လ သုံးလလောက် အချိန်ယူပြီး ကြိုးစားခဲ့တာပါ။ မဲဆန္ဒနယ်ရှင်တွေ ကို ယုံကြည်ပါတယ်”ဟု မအူပင် မဲဆန္ဒနယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလောင်း ဒေါက်တာမျိုးသန့်တင်က ပြောပါသည်။ “ကြိုတင်မဲ ကောက်တဲ့အခါ တစ်ချို့နေရာတွေမှာ ပြည်ခိုင်ဖြိုးကိုပဲ ခေါ်ပြီး ကျွန်တော်တို့ကို မခေါ်တာတွေ ရှိပါတယ်။ ဒီနေ့မနက်မှာလည်း ကျွန်တော်တို့ရဲ့ မဲရုံကိုယ်စားလှယ် မဲရုံတွေဆီ အရောက် နောက်ကျ သွားတဲ့အတွက် ပေးမ၀င်တော့တာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု မအူပင် မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းဟန်(ခေါ်)ဦးစိန်ဝင်းက ပြောပါသည်။
1 April 2012 10:02 AM
ပခုက္ကူမြို့နယ် အမှတ်(၈) ရပ်ကွက် မဲရုံအမှတ် (၁)တွင် မဲပေးပိုင်ခွင့် စာရင်းရှိဦးရေ (၁၀၂၀)ဦး ရှိသည့်အနက် လက်ရှိမဲပေးပြီးသူ ဦးရေ ၆၀၀ နီးပါး (၅၀ရာခိုင်နှုန်းကျော်) မဲပေးပြီးဖြစ်ကြောင်း သတင်း ရရှိပါသည်။
1 April 2012 9:51 AM
တန့်ယန်းမြို့မဲဆန္ဒနယ် အခြေအနေများ
ရပ်ကွက် 4 - မဲပေးခွင့်ရှိသူ 2946 ဦး ။ 7 နာရီထိ 50 ဦးဝန်းကျင်မဲပေးပြီး
ရပ်ကွက် 1- မဲပေးခွင့်ရှိသူ 970 ဦး။ 7 နာရီခွဲထိ မဲပေးပြီးသူဦးရေ 100 ခန့်
ရပ်ကွက် 5- မဲပေးခွင့်ရှိသူ 2468 ဦး။ ၈ နာရီခွဲဝန်းကျင်တွင် မဲပေးပြီးသူဦးရေ 395 ဦးခန့်။ ကြိုတင်မဲ 61 မဲရောက်ရှိ။
မဲပေးသူပြောစကားများ
ရပ်ကွက် ၅ တွင်နေထိုင်သူတစ်ဦး``မိသားစုလိုက်မဲလာပေးတာပါ။ ၂၀၁၀ တုန်းကလည်းမဲပေးခဲ့ပါတယ်။ အခုလည်း စိတ်ထဲကရှိတဲ့အတိုင်းပဲပေးလိုက်ပါတယ်။ ကိုယ်ကြိုက်တဲ့ပါတီနဲ့ကိုယ်စားလှယ်ပေါ့။ ခွပ်ဒေါင်းပဲပေးလိုက်ပါတယ်။ ဘာကြောင့် ဒီပါတီမဲပေးရတာလည်းဆိုတော့ ကြိုက်လို့ပေးလိုက်တာ။ မဲထည့်ရတာ အဆင်ပြေပါတယ်`` ရပ်ကွက် ၅ တွင်နေထိုင်သူ အသက် ၄၅ နှစ်ခန့်ရှိအမျိုးသားတစ်ဦး ``ကျွန်တော်လည်း ခွပ်ဒေါင်းကိုပဲ ပေးခဲ့တယ်။ ဘာကြောင့်ပေးရလဲဆိုတော့ သိပ်ထွေထွေထူးထူးတော့ မသိပါဘူုး။ စိတ်ထဲမှာကြိုက်လို့ပေးလိုက်တာပါ``
ရပ်ကွက် ၁ တွင်နေထိုင်သူ ကိုမောင်လှ `` ဒီမနက် အိပ်ရာနိုးနိုးချင်းမဲလာပေးတာပါ။ ဒါပေမယ့် ပထမဆုံးတော့မဟုတ်ဘူးပေါ့။ မိဘပြည်သူတွေကို အလုပ်အကျွေးပြုနိုင်မယ်လို့ထင်တဲ့ ပါတီ၊ ကိုယ်စားလှယ် လောင်းကိုထည့်လိုက်ပါတယ်`` ရပ်ကွက် ၁ တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး `` ဒီရပ်ကွက် ၁ မှာနေတာပါ။ မဲထည့်တာတော့ ဒီမိုကရေစီပါတဲ့ ပါတီကိုပဲ ထည့်ခဲ့တယ်ဆိုတာပဲ ပြောနိုင်ပါတယ်။ အတိအကျတော့မပြောချင်ဘူး။ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးနိုင်မယ်လို့ စိတ်ကထင်တဲ့ပါတီကိုပဲထည့်လိုက်ပါတယ်`
1 April 2012 9:47 AM
"ကောင်းပြီး တိုးတက်တဲ့ အပြောင်းအလဲပဲ လိုချင်တယ်။ ဆိုးပြီး တိုးတက်တဲ့ အပြောင်းအလဲတော့ မလိုချင်ဘူး။ လူတွေအများစု ယုံကြည်တဲ့သူ နိုင်မယ်ထင်တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲကို ဘယ်တုန်းကမှ စိတ်မ၀င်စားကြတဲ့ သူတွေတောင် စိတ်ဝင်စားလာကြတယ်။ ခံစားချက်ကတော့ အကောင်းဘက်ကို ပိုများလာမယ်ထင်တယ်။ စိတ်တိုင်းမကျတာ နည်းနည်းတော့ ရှိတယ်။ တစ်ချို့ မဲစာရင်းမှာ နာမည်မပါတဲ့ သူတွေ ရှိတယ်။ ကော်မရှင်ရုံးမှာ သွားမေးတော့ မသိဘူး ပြောတယ်။ ၂၀၁၅ ကျမှ မဲပေးတော့လို့ ပြောတယ်။ မကျေနပ်ရင် ကြိုက်တဲ့နေရာ တိုင်လို့လည်း ပြောတယ်။ နောက်ပိုင်း နာမည်မပါတဲ့သူတွေကို သူတို့နဲ့ ကော်မရှင်ရုံးက ရင်းနှီးတဲ့သူတွေ ရှာပေးမှ ကတ်ပြားရတယ်။ ဒါကို ကြည့်မယ်ဆိုလို့ရှိရင် ကော်မရှင်မှာ လုပ်တဲ့သူတွေက ဒီလိုစကားမျိုး ပြောဖို့ မသင့်ဘူး။ အခုလိုမျိုး ပြောတဲ့ အတွက် ကော်မရှင်က လူကြီးတွေရဲ့ စေတနာနဲ့ အောက်ကလူတွေ လုပ်နေတာနဲ့ ရောင်ပြန်ဟပ်နေတယ်။ ဒီတစ်ချက်ပါပဲ” မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်၊ မဲရုံအမှတ် ၁၊ ၂ တွင် မဲပေးခဲ့သူ စာရေးဆရာ မောင်စံပေါက ပြောပါသည်။
1 April 2012 9:43 AM
တန့်ယန်းမြို့နယ် မြို့ပေါ်ရပ်ကွက် 10 ခု၊ မဲရုံ 12 ရုံရှိ
မဲပေးခွင့်ရှိသူဦးရေစုစုပေါင်း 16601 ဦး
ရပ်ကွက် 1 မဲပေးခွင့်ရှိသူဦးရေ- 970
ရပ်ကွက် 2 -3424
ရပ်ကွက် 3 - 1458
ရပ်ကွက် 4 -2946
ရပ်ကွက် 5 - 2468
ရပ်ကွက် 6- 1415
ရပ်ကွက် 7- 578
ရပ်ကွက် 8- 699
ရပ်ကွက် 10 - 1217
1 April 2012 9:42 AM
ပုသိမ်မြို့ အမှတ် ၁၁ ရပ်ကွက် မဲရုံအမှတ် ၁၃ တွင် မဲပေးခွင့်ရှိသူ ၂၆ ဦးရှိပြီး ပြည်ခိုင်ဖြိုးပါတီမှ ၂၆ မဲ ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါမဲရုံတွင် မဲပေးခွင့်ရှိသူများမှာ တပ်စည်ပင် ၀န်ထမ်းလိုင်းမှ အိမ်ထောင်စုများ ဖြစ်ကြောင်း သိရပါသည်။
1 April 2012 9:35 AM
“ကျွန်တော်တို့ မင်္ဂလာတောင်ညွန့်မှာ အိမ်ထောင်စု ၈၀ လောက် မဲစာရင်းထဲမှာ မပါဘူး။ ၇ရက်နောက်ပိုင်း လာကောက်သွားတဲ့ မဲစာရင်းတွေကို မအားလို့ မလုပ်ဖြစ်ဘူး။ နောက်တိုး မဲစာရင်းတွေ မပါဘူးလို့ မဲရုံက ပြောပါတယ်” မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်မှ ကိုလင်းမောင်တိုးက ပြောပါသည်။
1 April 2012 9:28 AM
စစ်ကိုင်းတိုင်ဒေသကြီး၊ ပုလဲမြို့နယ်၊ ပန်းရွာကျေးရွာ၊ ကုန်းပေါ်ရပ်ကွက်တွင်နေထိုင်သူ မမိမာ(မှတ်ပုံတင်အမှတ်- ၅/ပလန(နိုင်)၁၀၄၈၉၆)ကိုင်ဆောင်ထားသော မဲနံပါတ်(၇၁)အား တစ်ရွာထဲနေသူ ဦးပြည်အေး ဆိုသူကလုယူပြီး ကြံ့ခိုင်ရေးပါတီအား မဲပေးသွားသဖြင့် ရပ်/ကျေးကော်မရှင်ထံတိုင်ကြားရန်သွားရောက်ခဲ့ရာတွင် ကော်မရှင်မှတာဝန်ရှိသူများက မမိမာအား ၀င်ရောက်ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။
1 April 2012 9:23 AM
နေပြည်တော် ပုပ္ပသီရိမြို့နယ် ကြိုတင်မဲ
ဝဲကြီးကျေးရွာ
မဲရုံ ၂ ရုံ
ကြိုတင်မဲ ၁၀၂ မဲ
သရက်ပင်ကျေးရွာ
မဲရုံ ၁ ရုံ
ကြိုတင်မဲ ၃၁ မဲ
ကစွန်းအင်းကျေးရွာ
မဲရုံ ၂ ရုံ
ကြိုတင်မဲ ၆၀
ပုစွန်ဆိတ်ကျေးရွာ
မဲရုံ ၂ ရုံ
ကြိုတင်မဲ ၂၉ မဲ
ညောင်လူးကျေးရွာ
မဲရုံ ၂ ရုံ
ကြိုတင်မဲ ၄၈ မဲ
ဖြုတ်ခွဲကျေးရွာ
ကြိုတင်မဲ = မဲရုံ အမှတ် ၁၊ ၂ မဲ။ အမှတ် ၂၊ ၂၆ မဲ။ အမှတ် ၃၊ မရှိ။ အမှတ် ၄၊ ၅ မဲ။
ဖြုတ်ကွန်း
ကြိုတင်မဲ ၄၁၀ မဲ
မဲရုံ ၅ ရုံ
1 April 2012 9:13 AM
မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက် အမှတ် မဲရုံ အမှတ် ၄ တွင် မဲပေးခွင့်ရှိသူ ၉၁၉ ဦးရှိပြီး ကြိုတင်မဲ အရေအတွက် ၁၄၇ ဦးရှိကြောင်း သိရပါသည်။ ရွာသစ်ကြိုရပ်ကွက်တွင် မဲပေးခွင့်ရှိသူ စုစုပေါင်း ၄၈၀၀ ကျော်ရှိပြီး ကြိုတင်မဲ အရေအတွက် ၂၀၀ ၀န်းကျင်းခန့် ရှိကြောင်း သိရပါသည်"ပြည်သူ့အသံ လွှတ်တော်ရဲ့ အသံလို့ ဆိုထားတာရှိတော့ ကိုယ့်မဲတစ်မဲက လွှတတော်ရဲ့ တစ်စိတ်တပိုင်း ဖြစ်သွား လိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ မဲပေးခဲ့တာပါ”ဟု ရွာသစ်ပွဲကြိုရပ်ကွက် အမှတ် မဲရုံ အမှတ် ၄ တွင် တတိယမြောက် မဲပေးခဲ့သူ မူလတန်းကျောင်းအုပ် ဆရာကြီး ဦးသက်နိုင်က ပြောကြားခဲ့ပါသည်။
1 April 2012 9:09 AM
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မဲဆန္ဒနယ်မြေအတွင်းရှိ ရဲမွန်တောင်မဲရုံအမှတ်(၃)တွင် မဲစာရင်းတွင်ပါဝင်ခြင်းရှိမရှိသိရှိရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရသည်ဟုသိရပြီး လူအများစုမှာမဲစာရင်းတွင် ပါဝင်လာခြင်းမရှိကြောင်းနှင့် မဲစာရင်းတွင်ပါဝင်ခြင်းမရှိသဖြင့် ငိုကြွေးကြသူများပင်ရှိကြောင်း သိရသည်။
1 April 2012 9:05 AM
မရမ်းကုန်း (၇) ရပ်ကွက် မဲရုံ (၂)တွင် မဲပေးခဲ့သည့် ဦးခင်ညွှန့်က ပြည်သူတစ်ယောက်အနေနဲ့ မဲထည့်ရမှာပေါ့။ မဲထည့်ရတာလွတ်လပ်ပါတယ်။ အခုထည့်ခဲ့တဲ့သူက အများပြည်သူရဲ့ဆန္ဒနဲ့ညီရမယ်။ တိုင်းပြည်အတွက် အကျိုးဖြစ်မယ်ဆိုတဲ့ သူကိုရွေးခဲ့တယ်။ ကျွန်တော် မဲနှစ်ကြိမ်ထည့်ခဲ့တဲ့ အထဲမှာ အခုတစ်ကြိမ်က ကြိုတင်မဲမဟုတ်ဘဲ ကိုယ်တိုင်ထည့်ရတော့ ပိုပြီး လွတ်လပ်တယ်။ နိုင်ငံရေးပါတီ မလုပ်တော့ဘူး။ အမျိုးသားနိုင်ငံရေးပဲ လုပ်တော့မယ်။ ရွေးကောက်ပွဲပြီးရင်တော့ လွှတ်တော်မှာ ယခင်ကထက် ထူးခြားမှာပါဟု ပြောကြားခဲ့ပါသည်။
1 April 2012 9:00 AM
ဦးခင်ညွန့်သား ကိုဇော်နိုင်ဦးက မရမ်းကုန်း (၇) ရပ်ကွက် မဲရုံ (၂) မှာ မဲလာပေးခဲ့ပါတယ်။ NLD က ဒေါ်မေ၀င်းမြင့် ကို လူပုဂ္ဂိုလ်အရ ယုံကြည်ချက်ကြောင့် ပေးခဲ့တာဖြစ်ပါတယ်။
1 April 2012 9:00 AM
ပုခုက္ကူမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအများစုတွင် မဲစာရင်းတွင် မပါရှိသူအများအပြားရှိကြောင်း သိရှိရသည်။ တစ်ချို့မြို့နယ်ရပ်ကွယ်များတွင် မိသားစုလိုက်၊ အိမ်ထောင်စုလိုက် မဲစာရင်းတွင် ပါဝင်ခြင်းမရှိဟု သိရှိရသည်။ ရွှေချောင်းကွက်သစ်ရပ်ကွက်ရှိ မဲစာရင်းတွင် ပါဝင်ခြင်းမရှိသူများက complaint တက်သည့်အခါ ရာအိမ်မှုး၊ ဆယ်အိမ်မှုးအချို့မှ ခြိမ်းခြောက်မှုများရှိခဲ့သည်ဟု သတင်းရရှိသည်။ မဲစာရင်းတွင် မပါဝင်သူများပြားသည့်အတွက် NLD မှ လက်ရှိတွင် စာရင်းလိုက်လံကောက်ယူလျှက်ရှိကြောင်း သိရသည်။
1 April 2012 8:55 AM
ဦးခင်ညွန့်သား ကိုဇော်နိုင်ဦးက မရမ်းကုန်း (၇) ရပ်ကွက် မဲရုံ (၂) မှာ မဲလာပေးခဲ့ပါတယ်။ NLD က ဒေါ်မေ၀င်းမြင့် ကို လူပုဂ္ဂိုလ်အရ ယုံကြည်ချက်ကြောင့် ပေးခဲ့တာဖြစ်ပါတယ်။
1 April 2012 8:44 AM
လှည်းကူးမြို့နယ်၊ ဈေးကြီးရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် နံနက်(၆)နာရီ(၃၀)ခန့်တွင် မဲပေးခဲ့သော အသက်(၇၄)နှစ်အရွယ် မဲဆနရှင်တစ်ဦးမှ မြို့ပေါ်ကလူတွေကတော့ NLD တွေကြီးပဲ။ ရွာတွေမှာတော့ မပြောတတ်ဘူး။ ရန်ကင်း(၄)လမ်းမဲရုံတွင် နံနက်(၇)နာရီ(၅၀)ခန့်တွင် မဲပေးခဲ့သော အသက်(၂၆)နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားကိုနေလက '' အရင် တစ်ခေါက်ထက်စာရင်တော့ မဲပေးရတာပိုလွတ်လပ်တယ်။ မဲပေးတဲ့သူတွေလည်း ပိုများလာတယ်။ အရင်နှစ် ကလည်းဒီအချိန်ပဲပေးတာပါ။ အဲဒီတုန်းက မဲလာပေးတဲ့သူဒီလောက်မရှိဘူး။ ဒီတစ်ခေါက်ပေးရတာ ပိုပြီးတော့ စိတ်အားထက်သန်တယ်။ အရင်တစ်ခေါက်တုန်းက မဲပေးရတာ စိတ်မပါဘူး'' ဟုပြောကြားခဲ့သည်။
1 April 2012 8:41 AM
နေပြည်တော် ပုဗ္ဗသီရီမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု စက်ကုန်းကျေးရွာနေ ဦးအောင်ဝင်း(၄၂)က ကြိုတင်မဲများကောက်ခံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များလိုက်ပါခွင့်မရ ခဲ့ကြောင်းနှင့် ပါတီတစ်ခုထဲကသာ တစ်ဖက်သတ်ကောက်ခံသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မဲလက်မှတ်များတွင် ဖယောင်းများသုတ်ထားခြင်းကြောင့် မဲပေးသူများအဆင်မပြေဖြစ် ကြရကြောင်း၊ မဲလက်မှတ်လဲလှယ်ပေးရန်တောင်းဆို ရာတွင် မဲရုံမှူးကငြင်းဆန်ခဲ့ကြောင်း မဲဆန္ဒရှင်များ၏ပြောကြားချက်အရ သိရှိရသည်။
1 April 2012 8:40 AM
တန့်ယန်းမြို့နယ် အမှတ် ၅ ရပ်ကွက်တွင် မဲပေးခွင့်ရှိ သူ ၂၄၆၈ ဦးရှိပြီး နံနက် ၈ နာရီိ ၃၀ အထိ ခန့်မှန်းခြေ ၃၉၅ ယောက်မဲပေးပြီးပြီဖြစ်ပြီး ကြိုတင်မဲ ၆၁ မဲရှိကြောင်း သိရှိရသည်။
1 April 2012 8:37 AM
‎"၂၀၁၀ ပြည့်နှစ်မှာ မဲထည့်ရပြီး အခုချိန်မှာ စာရင်း မပါတာတွေလည်း ရှိပါတယ်။ သေစာရင်းတွေ ရော ပါနေတာလည်း ရှိပါတယ်။ ရလဒ် အပေါ်မှာ အကောင်းဆုံး မျှော်လင့်ထားပါတယ်။ ၂၀၁၀ တုန်း ကတော့ မီဒီယာက အခုလောက် ပွင့်လင်းခွင့် မရခဲ့ပါဘူး။ အခု ချိန်မှာတော့ ပွင့်လင်းလာပါပြီ။ လူတွေလည်း အသိဝင်လာပါပြီ။ ၂၀၁၅ ဆိုရင် အခုထက် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ မဲရုံ ကိုယ်စားလှယ် မငှားနိုင်တဲ့ အတွက် မဲရုံတွေကို ကိုယ်တိုင် လိုက်ကြည့်နေပါတယ်" ဟု မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ၀င်ရောက်ယှဉ်ပြိုင်သော အမျိုးသားဒီမိုကရေစီပါတီသစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း (ခ) ရသ က ပြောကြားခဲ့ပါသည်။
1 April 2012 8:33 AM
ပုသိမ်မြို့ ရပ်ကွက် ၁၁တွင် မဲပေးပိုင်ခွင့် ရှိသူ ၁၁၃၃၄ ဦး၊ ကြိုတင်မဲ ၁၉၃ ဦး၊ ပုသိမ်မြို့တွင် ပိတောက်များ တစ်မြို့လုံး ပွင့်နေကြောင်း သိရသည်။
1 April 2012 8:21 AM
ပုခုက္ကူမြို့ ကျွဲပွဲကျေးရွာအုပ်စု ရွှေချောင်းရွာ မဲရုံအမှတ် (၉) တွင် မဲစာရင်းတွင် မပါဝင်သူများ ရှိနေကြောင်းသိရသည် “ကျမတို့က ရပ်ကွက်မှာ နေလာတာကြာပါပြီ။ ရပ်ရေးရွာရေးတွေကိုလည်း ခေါ်ခိုင်းတိုင် မငြီးမငြူ လုပ်ဆောင်ပေးခဲ့ပါတယ်။ အခု ကျမတို့ လင်မယားနှစ်ယောက်ရှိတာ ယောကျာင်္ပဲ မဲပေးခွင့်ရတယ်။ လာကောက်တုန်းကတော့ နှစ်ယောက်စလုံးနာမည် ပေးလိုက်တယ်။ အခုမဲပေးချင်တာ မဲပေးခွင့်မရတော့ဘူ။ မဲပေးခွင့်ရမယ်ဆိုရင် ခွပ်ဒေါင်းကို ပေးမှာပါ။”
ပုခုက္ကူမြို့ ကျွဲပွဲကျေးရွာအုပ်စု ရွှေချောင်းရွာ မဲရုံအမှတ် (၉)မှ မဲပေးခွင့်မရသူတစ်ဦး
1 April 2012 8:18 AM
မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်မြေအတွင်း နိုင်ငံတကာ`ရုပ်သံမီဒီယာများနှင့် လွတ်လပ်သော ပြင်ပမီဒီယာများ လာရောက်သတင်းရယူ လျက်ရှိနေသည်ကို တွေ့ရှိရကြောင်း သတင်းရရှိသည်။ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ရပ်ကွက် ၂၀ ရှိပြီး မဲရုံစုစုပေါင်း ၆၈ ရုံရှိကြောင်း သိရှိရသည်။ နံနက်ပိုင်းလာရောက်မဲပေးကြသူများမှာ သက်ကြီးရွယ်အိုအများစုဖြစ်ပြီး အသက် ၈၀ ကျော်သူများ ပါလာရောက်မဲပေးကြသည်ကို တွေ့ရှိရသည်။ ကိုယ်မဲမပေးရင် မဲတွေနစ်နာသွားမှာစိုးလို့ သားသမီးတွေကို မဲရုံလိုက်ပို့ခိုင်းပြီး မဲလာပေးတာပါ။ ဟု အသက်၈၀ ကျော်အဖိုးအို တစ်ဦးက ပြောပါသည်။ မဲဆန္ဒလက်မှတ်များတွင် ဖယောင်းများသုတ်ထားသည်ဟု သတင်းများထွက်ပေါ်နေခြင်းအပေါ် မေးမြန်းခဲ့ရာ ကန်တော်လေးအရှေ့ရပ်ကွက်မဲရုံအမှတ် ၂ မှ နယ်မြေကိုယ်စားလှယ်မှ မဲလက်မှတ်များတွင် ဖယောင်းသုတ်ထားသည်ဆိုသည့် သတင်းမမှန်ကန်ကြောင်း ဖြေကြားခဲ့သည်။
1 April 2012 8:15 AM
တန့်ယန်းမြို့နယ် ရပ်ကွက် ၁မဲရုံတွင် မဲပေးခွင့်ရှိသူ ၉၇၀ ဦး ရှိပြီး မနက် ၇ နာရီ ၄၅ မိနစ် အချိန်အထိ လူ ၁၀၀ ခန့် မဲပေးခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။
1 April 2012 7:54 AM
မင်းကင်းမြို့ အမှတ် ၂ ရပ်ကွက် မဲရုံတွင် မဲပေးနိုင်သူ ဦးရေ ၈၆၆ ဦးရှိသည့် အနက် ၉၇ဦးမှာ ကြိုတင်မဲများ ဖြစ်ကြောင်း သိရပါသည်။
1 April 2012 7:47 AM
ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရပ်ကွက် မဲရုံ ၁တွင် မဲစာရင်းနံပါနတ် ၈၇၀ မှာ သေဆုံးပြီးသူ၏ မဲစာရင်းဖြစ်သော်လည်း ထိုမဲစာရင်း နံပါတ်၊ အမည်ဖြင့် နံနက် ၇နာရီ မိနစ် ၃၀ အချိန်တွင် လာရောက် မဲပေးသူ ရှိခဲ့ကြောင်း သိရပါသည်။
1 April 2012 7:45 AM
ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းရွာနှင့် ပွင့်ဖြူမြို့နယ်အလယ်ပိုင်းရပ်ကွက်တို့တွင် မဲပေးရာ၌ မထင်မရှား ဖြစ်သွားခြင်းကြောင့် မဲစာရွက်အပို ထပ်မံတောင်း ရာတွင် မရရှိကြောင်း ၊ ပွင့်ဖြူမြို့နယ် အင်ဒေါင်းရွာ ကော်မရှင်က အသံချဲ့စက်ဖြင့် မဲစာရွက်တွင် စုတ်ပြဲခြင်း ၊ စွန်းထင်းခြင်းများဖြစ်ပွားခဲ့လျှင်လည်း မဲ စာရွက်အပို ထပ်မံပေးမည်မဟုတ်ပဲ တစ်ဦးလျှင်မဲစာရွက်တစ်စောင်သာပေးနိုင်မည်ဟုကြေညာခဲ့သည်။
ပွင်ဖြူမြို့နယ် ကြိုတင်မဲစာရင်း အနောက်ပိုင်းရပ်ကွက် ၁၉ ၊အလယ်ပိုင်းရပ်ကွက် ၃၂၊ အရှေ့ပိုင်းရပ်ကွက် ၅၀ကျော်၊ မယ်ဇလီအုပ်စု ၁၉၊လယ်မရွာ ၇၊ ကြိုတင်မဲစာရင်းများမှာ အရေအတွက်သာ သိရသော်လည်း မည်သူပေးသည်ကိုမူသိရခြင်းမရှိဟု စုံစမ်းသိရှိရသည်။ ပွင့်ဖြူမြို့နယ် ကုလားကုန်းကျေးရွာတွင် NLDမှ မဲရုံကိုယ်စားလှယ်အား ကော်မရှင်က မဲရုံအတွင်းသို့ ၀င်ခွင့်မပြုခဲ့ဟု သိရသည်။ ထို့ကြောင့် ပွင့်ဖြူမြို့နယ် NLDပါတီဝင်တစ်ဦးမှ မဲရုံအတွင်းဝင်ခွင့်ရရှိရန် လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ် မင်းရွာတွင် မတ်လ ၃၁ရက်နေ့ နေ့လည်ပိုင်း၌ မဲပေးခွင့်ရှိသူ နောက်တိုးစာရင်း ၂၀ဦး ထပ်မံတိုးခဲ့သော်လည်း ညနေ ၄နာရီတွင် ကော်မရှင်ဥက္ကဋ္ဌက ယင်းစာရင်းများအားခွင့်မပြုဟုဆိုကာ ပြန်လည်ဖြုတ်ပယ်ခဲ့သည်ဟု သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ကြိုတင်မဲစာရင်းအချို့
၉၄ရပ်ကွက် ၁၀၄မဲ၊ ၈၈ရပ်ကွက် ၄၃မဲ၊ ၈၇ရပ်ကွက် ၄မဲ၊
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပထမဦးဆုံးလာရောက်မဲပေးခဲ့သူ ၅၃နှစ်အရွယ်အမျိုးသားတစ်ဦးက ''အစောဆုံးလာရောက်မဲပေးခဲ့တာပါ။ ဒီနေ့အလုပ်သွား ရမှာမို့လို့ မဲရုံဖွင့်ချိန်စောင့်ပြီးမဲပေးခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။ လာရောက်မဲပေးခဲ့သူတစ်ဦးဖြစ်သည့် ဒေါက်တာမီမီခိုင်ကလည်း NLD ကို မှန်မှန် ကန်ကန်နဲ့ယုံကြည်လို့မဲပေးခဲ့တာပါ။ ၂၀၁၀တုန်းက မဲမပေးဘဲနေခဲ့တယ်။ အခုတစ်ခေါက်တော့ အရင်ဆုံးပေးချင်လို့ကိုလာပေးဖြစ်တာ" ဟုပြောကြားခဲ့သည်။
1 April 2012 7:39 AM
တံတားဦးမြို့နယ်၊ အမှတ်(၂)နယ်မြေ မဲရုံအမှတ် (၃)နှင့် (၄)တို့တွင် မဲပေးနိုင်သူစာရင်းကပ်ရန် ကျန်ရှိနေခြင်းကြောင့် လာရောက်မဲပေးသူအချို့ စောင့်ဆိုင်းခဲ့ရသည်ဟု သိရသည်။ နံနက် ၇ နာရီ ၈ မိနစ် ရောက်မှသာ မဲစာရင်းစာရွက် ၄ ရွက် ထပ်မံကပ်ခဲ့ပြီး မဲဆန္ဒရှင်အများစုမှာ ၎င်းတို့၏ မဲစာရင်းကို ကြိုတင်သိရှိခဲ့ရခြင်းမရှိကြောင်း သိရသည်။ မနှစ်ကဆို အိမ်တိုင်ရာရောက် လာပြီး မဲစာရင်းပါတဲ့အကြောင်း လာပြောတယ်။ ဒီနှစ် ဘာမှမပြောဘူး။ မဲပေးချင်လို့လာမှ ကိုယ့်နာမည် မဲစာရင်းမှာ မပါမှန်းသိရတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဆိုရင် မဲပေးဖို့ ကျန်တဲ့လူ နာမည်ကိုတောင် လော်စပီကာနဲ့ အော်ပြီး အသိပေးသေးတယ်` ဟု တံတားဦးမြို့အမှတ်(၂)နယ်မြေတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။
1 April 2012 7:28 AM
ပခုက္ကူ မြို့နယ် အမှတ် ၁ ရပ်ကွက်၊ မဲရုံ အမှတ် ၁ တွင် မဲပေးခွင့်ရှိသူ ၄၇၆ ဦး အနက် လူဦးရေ ၉၀ ကျော် လာရောက်မဲပေးခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။
1 April 2012 7:22 AM
လှည်းကူမြို့နယ် ဈေးကြီးရပ်ကွက် မဲရုံအမှတ် (၁) ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဒေါက်တာ အောင်မြတ်သူ လာရောက်မဲပေးကြောင်း သိရသည်။
1 April 2012 7:13 AM
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူမြို့နယ် ၀ါင်္သခကျေးရွာ မဲရုံကို လာရောက်ကြည့်ရှုပြီး ငှက်အော်စန်း ကျေးရွာရှိ မဲရုံသို့ ဆက်လက် သွားရောက်မည်။ ထိုမှ ရန်ကုန်သို့ပြန်မည်ဖြစ်ပြီး လမ်း တစ်လျှောက် ရှိ မဲရုံအချို့ကို ၀င်ရောက်ကြည့်ရှုသွားမည်ဟု သိရသည်။ ကော့မှူမြို့နယ် ၀ါင်္သခ မဲရုံအမှတ် (၁)တွင် မဲပေးခွင့်ရှိသူ ၉၀၀ ကျော်အနက် ၅၀၀ ၀န်ကျင်ခန့် ယနေ့နံနက် ၇နာရီခွဲတွင် မဲပေးပြီးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
1 April 2012 7:11 AM
ဇဗ္ဗူသီရီ မဲဆန္ဒနယ် မဲရုံအမှတ် (၁)တွင် ဘရူနိုင်သံရုံးမှ သံအမတ် နှင့် တရုတ်နိုင်ငံမှ သံအရာရှိတို့ လာရောက်လေ့လာနေကြောင်းသိရသည်။ လုံခြုံရေး ထူထပ်စွာချထာကြောင်း သိရသည်။
1 April 2012 7:10 AM
ဇဗ္ဗူသီရီ မဲဆန္ဒနယ် မဲရုံအမှတ် (၁)တွင် နိုင်ငံတော် သမ္မတ ဆန္ဒမဲ လာပေးမည် ဖြစ်ကြောင်းသိရသည်။
1 April 2012 7:02 AM
လှည်းကူး မြိုပေါ်ရှိ မဲရုံများသို့ နိုင်ငံတကာမှ လာရောက်လေ့လာသူများ ရောက်ရှိနေပြီ နယူဇီလန်နိုင်ငံမှ တစ်ဦးနှင့် အမေရိကန် သံရုံးမှ နှစ်ဦး ဖြစ်ကြောင်းသိရသည်။
1 April 2012 7:01 AM
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံအမှတ် (၁) တွင် လာရောက်မဲပေးသူ သိမ်ဖြူလမ်းနေ အသက် ၆၀ ၀န်းကျင်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၆၅ နှစ် ၀န်းကျင်ရှိ အမျိုးသမီးကြီးတစ်ဦးတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအား မဲပေးခဲ့ကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲထက် ခုကြားဖြတ်ရွေးကောက်ပွဲသည် ပိုပြီးလွတ်လပ်သည်ဟု ထင်ကြောင်း ပြောကြားခဲ့သည်။
1 April 2012 6:58 AM
ကျောက်ပန်းတောင်း၊ မြို့နယ်တွင်မဲဆန္ဒ လက်မှတ်များ၌ ကော်မရှင်တံဆိပ်ဝိုင်း ပါမလာခြင်းကြောင့် မဲပေးခြင်း ခေတ္တရပ်ဆိုင်းပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဒေါက်တာ ဇော်မြင့်မောင်က တောင်းဆိုခဲ့ခြင်းကြောင့် မဲပေးခြင်း ခေတ္တရပ်ဆိုင်းသွားခဲ့ရသည်။ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက ကော်မရှင်တံဆိပ်ဝိုင်းမှာ ကြိုတင်မဲများတွင်သာ ပါရှိပြီး မဲရုံများတွင် လာရောက်မဲပေးကြသူများ၏ ဆန္ဒမဲလက်မှတ်များတွင် မပါဝင်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များတွင် ကော်မရှင်တံဆိပ်ဝိုင်းပါဝင်ခဲ့သည်ဟု သိရသည်။
1 April 2012 6:57 AM
မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် အ.ထ.က (၆) တွင်ဖွင့်လှစ်ထားသော မဲရုံတွင် ပထမဦးဆုံးမဲလာပေးသူမှာ အသက် ၅၈နှစ် အရွယ်ရှိ ဒေါ်အေးရှင်ဖြစ်ပြီး မဲပေးရာတွင် အခက်အခဲတစ်စုံတစ်ရာမရှိကြောင်း ပြောဆိုခဲ့သည်။ အဆိုပါမဲရုံသို့ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး လာရောက်လေ့လာသွားခဲ့ပြီး ပြည်နယ် ကော်မရှင်အတွင်းရေးမှူးက လိုက်လံရှင်းလင်းပြသနေသည်ကို တွေ့မြင်ခဲ့ရသည်။
1 April 2012 6:56 AM
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)၊ အ.မ.က ကျောင်းတွင်ဖွင့်လှစ်ထားသော မဲရုံတွင် ပထမဦးဆုံးမဲလာပေးသူမှာ အသက်၇၃နှစ်အရွယ်ရှိ ဦးသန်းမောင် ဖြစ်ပြီး " ဈေးသမားဖြစ်လို့ စောစောလာပေးရတာပါ။ ဒီလိုမဲပေးရတာ ကောင်းပါတယ်။ မ.ဆ.လ ခေတ်ကလည်း မဲပေးဖူးပါတယ်။ ကိုယ်မဲပေးခဲ့တဲ့သူက အနိုင်ရမယ်ဆိုရင် အပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟုပြောဆိုခဲ့သည်။
1 April 2012 6:55 AM
စစ်ကိုင်းမြို့ပေါ်ရှိ မဲရုံများတွင် လာရောက်မဲပေးသူ များပြားနေခြင်းကြောင့် မဲရုံများကို ခေတ္တပိတ်ပြီး ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ပြီးမှ မဲပေးခွင့် ပြုခဲ့ကြောင်း သိရှိရသည်။
1 April 2012 6:52 AM
“လယ်ထဲ ဆင်းရမှာမို့လို့ ၆ နာရီ မထိုးခင် ၁၀ မိနစ်လောက်ကတည်းက လာစောင့်နေခဲ့တာပါ။ မဲရုံဖွင့်ဖွင့်ချင်း မဲပေးခဲ့ပါတယ်။ “ ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှ လယ်သမားတစ်ဦး
1 April 2012 6:50 AM
မရမ်းကုန်မြို့နယ် အသက် (၂၁)အရွယ် ကိုတင်ဝင်းထွန်း “NLD ကိုသဘောကျတယ်။ ပြည်သူတွေ ကောင်းစာတာပဲ ဖြစ်ချင်တယ်။ ၂၀၁၀တုန်ကလည်း မဲပေးခဲ့တယ်။ အဲ့ဒီတုန်းက ပြည်ခိုင်ဖြိုးကို ပေးခဲ့တယ်။ အခုကြားဖြတ်ရွေးကောက်ပွဲက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ယှဉ်ရင် ပိုပြီးတော့ ရွေးချယ်စရာများတယ်လို့ ခံစားရတယ်။ ကျွန်တော်ဖြစ်ချင်တာကတော့ ပြည်သူတွေ အကုန်လုံ ကောင်းစား တာပဲ ဖြစ်ချင်ပါတယ်”
1 April 2012 6:48 AM
“ပြည်သူလူထု တစ်ရပ်လုံးအတွက် ပြောင်းလဲမယ့် ဒီမိုကရေစီရေးအတွက် လှိုက်လှိုက်လဲလဲ လိုချင်လို့ မဲလာပေးတာပါ။ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေ ကြိုးကြိုးစားစား ဒီမိုကရေစီရေး လုပ်ကိုင်နေတဲ့အတွက် NLD ကို ၀မ်းမြောက်ဝမ်းသာ မဲပေးခဲ့ပါတယ်။ ဘယ်သူ့တိုက်တွန်းချက်မှ မပါဘဲ ရင်ထဲက ဆန္ဒအတိုင်း ပေးခဲ့တာပါ။ ကျွန်တော်ရဲ့ မဲတစ်ပြားဟာ နောင်တစ်ချိန်မှာ အများကြီး တန်ဖိုးရှိသွားမယ်လို့လဲ ယုံကြည်ပါတယ်။ အခုလွတ်လပ်စွာနဲ့ စိတ်ချမ်းချမ်းသာသာ မဲပေးခွင့် ရခဲ့ပါတယ်။”
ပခုက္ကူမြို့နယ် အမှတ် (၈)ရပ်ကွက် မဲရုံ (၂) ဦးကျော်ဝင်ဆွေ အသက် (၅၅)နှစ်
“မဲပေးရတာ အဆင်ပြေပါတယ်။ လွတ်လပ်စွာနဲ့ ဆန္ဒပြုနိုင်ခဲ့ပါတယ်။ ကိုယ့်စိတ်ကြိုက်ပါတီကို လွတ်လပ်စွာ ရွေးချယ်မဲပေးခဲ့တာပါ။ ကိုယ်ကလည်း ပြည်သူတစ်ယောက်ဆိုတော့ ကိုယ့်အပေါ် ကောင်းမယ့် ပါတီကိုပဲ မဲပေးခဲ့တာပေါ့။ ကျွန်မပေးခဲ့တဲ့ ပါတီကလည်း အနိုင်ရရှိမယ်လို့ ယုံကြည်ပါတယ်”
မကေသီတင်အသက် (၃၇)နှစ် ပခုက္ကူမြို့နယ် အမှတ် (၈)ရပ်ကွက် မဲရုံ (၂)
1 April 2012 6:44 AM
ပုပ္ပသီရိမြို့နယ် ထုံးဖို အမှတ် ၃ မဲရုံသို့ မဲလာပေးသော သဲကျွန်းကျေးရွာမှ မ၀င်းမာ အသက် ၃၄ နှစ်က "ကျွန်မတို့ကတော့ ခွပ်ဒေါင်းပဲ မဲပေးမယ်"ဟု ပြောကြားခဲ့သည်။
1 April 2012 6:40 AM
"ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားပါတယ်။ ဒီရွေးကောက်ပွဲက ကျွန်တော်တို့အတွက် အပြောင်းအလဲတွေ အများကြီးဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော် NLD ကိုပဲ မဲပေးခဲ့ပါတယ်။ ဒီမိုကရေစီကိုလည်း ယုံကြည်ပါတယ်။" ဟု မရမ်းကုန်းမြိုနယ် မဲရုံအမှတ် ၁ တွင် မဲလာပေးသူ အသက် ၂၁ နှစ် အရွယ် လူငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။
1 April 2012 6:38 AM
မင်းကင်းမြို့ပေါ်တွင် မဲ ရုံ ၃ ရုံရှိပြီး အမှတ် ၁ တွင် ပထဆုံးမဲပေးသူမှာ အသက် ၄၀ ၀န်းကျင် အရွယ်ရှိ မစန်းနွဲ့ရီ ဖြစ်ကြောင်းသိရသည်။ ၎င်းက "လွတ်လွတ်လပ်လပ် မဲပေးခဲ့ရပါတယ်" ဟု ပြောပါသည်။ အဆိုပါ မဲရုံအမှတ် ၁ တွင် မဲပေးခွင့်ရှိသူ ၆၉၉ ဦးရှိပြီး
ကြိုတင်မဲ ၁၁၀ ရှိကြောင်း သိရသည်။
1 April 2012 6:33 AM
ပုလဲ- ပုလဲမြို့နယ် လက်တောင်းကြီးကျေးရွာ အ.ထ.က ကျောင်းခွဲတွင် ဖွင့်လှစ်ထားသော မဲရုံသို့ပထမဆုံးလာရောက်မဲပေးသူမှာ ကိုအောင်မျိုးလွင်(၃၇ နှစ်)ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ကြောင်းပြောဆိုသွားခဲ့သည်။
1 April 2012 6:31 AM
ပုသိမ်မြို့ အမှတ် (၃)ရပ်ကွက် မဲရုံ (၇)တွင် နိုင်ငံခြားသံတမန်များ လာရောက်လေ့လာ နေပြီး ပြည်သူများလည်း မဲပေးနေကြကြောင်း သိရသည်။ အသက် (၄၀)၀န်ကျင်ရှိ မြို့ခံတစ်ဦး “မဲပေးဖို့ ရင်ခုန်နေလို့ ညက အိပ်လို့တောင်မရဘူး။ အဲ့ဒါကြောင့် စောစောစီးစီး မဲလာပေးတာပါ။
1 April 2012 6:30 AM
ကိုတင်ဦး အသက် (၄၃)နှစ် မြို့မရပ်ကွက် ပှုဗ္ဗသိရီမြို့နယ် “ကျွန်တော်တို့ လူငယ်တွေက အမေစုပဲမဲပေးတယ်။”
1 April 2012 6:16 AM
ပွင့်ဖြူမြို့နယ် စံပြနှင့် ကံကြီးကျေးရွာ များတွင် နံနက် (၆)နာရီ မထိုးခင်ခန့်မှစပြီး မဲပေးရန် စောင့်ဆိုင်းနေခဲ့ကြကြောင်းနှင့် (၆)နာရီ မဲရုံဖွင့်ပြီးသည်နှင့် ဆက်တိုက် မဲဆန္ဒများ ပေးနေကြကြောင်း သိရပါသည်။

1 April 2012 6:16 AM
ဦးထွန်းတင် အသက် (၆၈) ပှုဗ္ဗသိရီမြို့နယ် မြို့မရပ်ကွက် “ကျွန်တော်တို့ကတော့ လမ်းတွေ ခင်း၊ လျှပ်စစ်မီးတွေ ရအောင်လုပ်ပေးတဲ့ ဦးသာဌေး ကိုပဲ မဲပေးခဲ့တယ်။” ဟုပြောပါသည်။ ဦးသာဌေးသည် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ပါသည်။
1 April 2012 6:13 AM
တန့်ယန်းမဲဆန္ဒနယ် အမှတ် (၄)ရပ်ကွက် မဲရုံအမှတ် (၁) ၆နာရီခွဲခန့်တွင် ၃၅ ဦးခဲ့ မဲပေးခဲပြီး ဖြစ်သည်။
မဲရုံအမှတ် (၁)စုစုပေါင်းမဲပေးခွင့်ရှိသူ ၂၉၄၆ ဦးဖြစ်သည်။ ပထဆုံးမဲပေးသူမှာ အမှတ် (၄)ရပ်ကွက် အငြိမ်းစားကျောင်းဆရာ ဦးသန်းဝင်းဖြစ်ကြောင်းသိရပြီး ၄င် “တန့်ယန်းဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့ ကိုယ်စားလှယ်ကို မဲပေးခဲပါတယ်။”
1 April 2012 6:09 AM
မရမ်းကုန်မြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်တွင် အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်းတွင် မဲရုံ (၅)ရုံ ဖွင့်လှစ်ထားရာ နံနက် အစောပိုင်းတွင် အသက်ကြီးသူများနှင့် အလုပ်သွားမည့်သူများဖြင့် ဆန္ဒမဲပေးရန် လာရောက်သူများပြားကြောင်းသိရသည်။
“အလုပ်သွားရမှာမို့လို့ စောစောလာတာပါ။ ကိုယ်သဘောကျတဲ့ပါတီကို ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် မဲပေးခဲ့ပါတယ်”ဟု ဆေရုံဝန်ထမ်း အမျိုးသမီးတစ်ဦး
“ ပါတီတွေကတော့ မဲဆွယ်ထားတာအများကြီးပဲ။ ကျွန်တော်ယုံကြည်တဲ့ပါတီကို မဲပေးခဲ့ပါတယ်။”ကိုဇော်ဇော် (ယာဉ်မောင်း)က ပြောပါသည်။
“၉၀ တုန်းကလည်းမဲပေးခဲ့တယ်။ အဲ့ဒီတုန်းက ခံစားချက်နဲ့ အခုခံစားချက်က အတူတူပါပဲ” အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါသည်။
1 April 2012 6:08 AM
ပုဗ္ဗသိရီမြို့နယ် မဲဆန္ဒနယ်မှ အသက် (၆၀)အရွယ် လယ်သမားတစ်ဦးက ပထမဦးဆုံး မဲဆန္ဒလာရောက်ပေးခဲ့သည်။ “အလုပ်တွေရှိနေလို့ လယ်ထဲမဆင်းခင် မဲလာပေးတာပါ။” ဟု ၄င်းက ပြောပါသည်။
ပုဗ္ဗသိရီမြို့နယ် မြို့သစ်ရပ်ကွက်က ဦးဘသိန်း အသက် (၆၅)နှစ်နှင့် မိသားစုဝင် (၆)ဦးက “ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးချင်းလို့ အစောဆုံးလာတာပါဟု” ပြောဆိုခဲ့ပါသည်။
ဂ၅နှစ်အရွယ် ဒေါ်အုံးတင် ပှုဗ္ဗသိရီမြို့နယ် မြို့သစ်ရပ်ကွက် “ဘယ်သူ့မဲထည့်ရမလဲ မသိဘူ။ သူတို့ထည့်ခိုင်တာ ထည့်ရမှာပဲ။”
1 April 2012 6:01 AM
မင်္ဂလာတောင်ညွှန့် မဲရုံအမှတ် ၁၊ ၂၊ ၃ တွင် စတင်ဆန္ဒမဲပေးနေကြကြောင်း နှင့် အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ မဲရုံအတွင်း ၀င်ရောက်သွားကြပြီ ဖြစ်ကြောင်းသိရသည်။
1 April 2012 6:01 AM
မင်္ဂလာတောင်ညွှန့် မဲရုံအမှတ် ၁၊ ၂၊ ၃ တွင် နံနက် ၆ နာရီ မထိုးမီ ကြိုတင်မဲများကို လွှတ်တော်ကိုယ်စားလှယ်လောင်များနင့် မဲရုံကိုယ်စားလှယ်များ ရှေတွင် ရေတွက်နေကြောင်း သိရသည်။
1 April 2012 6:00 AM
ပုဗ္ဗသိရီမြို့နယ် မြို့သစ်ရပ်ကွက်က ဦးဘသိန်း အသက် (၆၅)နှစ်နှင့် မိသားစုဝင် (၆)ဦးက “ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးချင်းလို့ အစောဆုံးလာတာပါဟု” ပြောဆိုခဲ့ပါသည်။
လစ်လပ် မဲဆန္ဒနယ် ၄၅ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံများကို ယနေ့ နံနက် ၆ နာရီမှ စတင်ပြီး စတင် ဖွင့်လှစ်လိုက်ပြီ
ဖြစ်ပါသည်။
လစ်လပ် မဲဆန္ဒနယ် ၄၅ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံများကို ယနေ့ နံနက် ၆ နာရီမှ စတင်ပြီး စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။

မရမ်းကုန်း ဦးရသ ကိစ္စ ကော်မရှင်ဖြေရှင်းပြီး

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၁၆ မိနစ်

အမျိုးသားဒီမိုကရေစီ ပါတီသစ် မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း (ခေါ်) ရသ အား မရမ်းကုန်း မြို့နယ်တွင်းရှိ ရပ်ကွက် ၇ မဲရုံအမှတ် ၁၊ ၂၊ ၃ မဲရုံများသို့ ဝင်ခွင့်မရဟု ၎င်းတို့ပါတီမှ စောဒက တက်လာခြင်းကို သက်ဆိုင်ရာ ကော်မရှင်မှ ဖြေရှင်းဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးတင်မြင့် က ပြောသည်။

“အဲဒီ အမျိုးသားဒီမိုကရေစီပါတီသစ် အတွင်းရေးမှူးကနေ ကျနော်တို့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌဆီကို ဖုန်းဆက်ပြီး အကြောင်းကြားလာပါတယ်။ အဲလို ဖုန်းသတင်း ရရချင်း မြို့နယ်ကော်မရှင် ဥက္ကဋ္ဌရယ်၊ ကျနော်တို့ ခရိုင်ကော်မရှင် အဖွဲ့ဝင်တွေရယ် ချက်ချင်းပဲ အဲဒီမဲရုံကို ကိုယ်တိုင်သွားကြပြီး ဖြေရှင်းပြီးပါပြီ” ဟု ကိုယ်တိုင်လိုက်ပါဆောင်ရွက် ပေးခဲ့သူ ဦးတင်မြင့် က

“မဲရုံတာဝန်ရှိသူက ‘ခဏ နေပါဦးခင်ဗျ’ လို့ ပြောတာကို ဒီဘက်က ဦးရသ ဘက်က ကြားတာက မဲရုံထဲ မဝင်ရဘူး လို့။ ကျနော်တို့လည်း မေးပါတယ်။ ‘မင်းတို့ မဝင်ရဘူးလို့ပြောသလား’လို့ ကျနော်တို့မေးတယ်။ ‘အဲလို မပြောပါဘူး’ လို့ မဲရုံတာဝန်ခံတွေက ပြောတယ်ဗျာ။ ကာယကံရှင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရသ နဲ့ ကျနော်တို့ကော်မရှင်ဥက္ကဋ္ဌနဲ့ကလည်း တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောပြီးပါပြီ။ ပြေပြေလည်လည်ပါပဲ။ ကျနော်တို့ ခရိုင်ကော်မရှင်ဝင်တွေပါ အဲဒီမှာ တနာရီလောက် ထိုင်ပြီး ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်ပြီးခဲ့ပါပြီခင်ဗျ။ မဲရုံဝန်ထမ်းတွေကိုလည်း စကားပြောကအစ မမာပါနဲ့လို့ သေချာပြောထားခဲ့ပါတယ်” ဟု ဆက်လက်ပြောဆိုသည်။ ကိုယ်စားလှယ်လောင်း ဦးရသ ကိုယ်တိုင်မှာမူ ညနေကျမှ မဲလာထည့်မည်ဟု ပြောဆိုထားကြောင်း ဦးတင်မြင့် က ပြောသည်။

ရွေးကောက်ပွဲ ခံစားချက်များ

ဆရာကြီး ဒဂုန်တာရာ NLD ကိုမဲထည့်

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၁ နာရီ ၄၂ မိနစ်

အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် စာရေးဆရာကြီး ဒဂုန်တာရာသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ မဲပေးခဲ့သည်ဟု NLD မဲရုံကိုယ်စားလှယ် ဒေါ်ခင်မိုးမိုးက ပြောသည်။

“မဲလာထည့်တော့ ဆရာကြီးက မျက်စိမမြင်လည်း မမြင်ဘူး။ ဆရာကြီးရဲ့ အိမ်က မိသားစုတွေက ဆရာကြီးကို တွဲခေါ်သွာပေးပါတယ်။ လျှို့ဝှက် ဆန္ဒပြုခန်းမှာ မဲရုံမှူး ကိုယ်တိုင်က ကျမလည်း ကြည့်နေပါတယ်။ ဆရာကြီး ပါတီ ငါးခုရှိတယ်။ ဘယ်ပါတီကို ဆန္ဒပြုချင်သလဲဆိုတာ ကျမတို့ရှေ့မှာ မေးပါတယ်။ ဆရာကြီးက ‘NLD ကို ပေးပါ’ ဆိုတော့ မဲရုံမှူးကိုယ်တိုင် NLDကို အမှန်ခြစ်ပေးပါတယ်” ဟု မဲရုံအတွင်း ဝင်ရောက်ကြည့်ရှု့ခွင့်ရသူ ဒေါ်ခင်မိုးမိုးကပြောသည်။

လွှတ်တော်များ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၂ တွင်လည်း ဆရာကြီးကဲ့သို့သော မဲဆန္ဒရှင်များနှင့် ပတ်သက်၍ “ဆန္ဒမဲပေးသူသည် ဆန္ဒမဲလက်မှတ်ရှိ အမည်များကို မဖတ်တတ်လျှင် သို့မဟုတ် ညွှန်ကြားထားသည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင် လည်းကောင်း၊ မျက်မမြင်ဖြစ်လျှင်လည်းကောင်း သက်ဆိုင်ရာ မဲစာရင်း၌ ပါရှိသော မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကို မောင်နှမအရင်း တဦးဦးသည် ဆန္ဒမဲပေးသူက
ညွှန်ကြားသည့်အတိုင်း သတ်မှတ်ထားသည့် နေရာတွင် ဆန္ဒမဲလက်မှတ်၌ လျှို့ဝှက်ဆန္ဒပြုရမည်။ ယင်းပုဂ္ဂိုလ် မရှိလျှင် မဲရုံမှူးသည် ယင်းပုဂ္ဂိုလ်များကိုယ်စား ဆောင်ရွက်ပေးရမည်။ ထို့နောက် ဆန္ဒမဲပေးသူအား ထိုဆန္ဒမဲ လက်မှတ်ကိုခေါက်၍ မဲပုံးထဲသို့ ကိုယ်တိုင်ထည့်စေရမည်” ဟု ပြဋ္ဌာန်းထားသည်။

ဆရာကြီးဒဂုန်တာရာသည် ကလောမြို့နယ် ရွာငံစုရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း အမှတ် ၁၄ တွင်ဖွင့်လှစ်ထားသည့် မဲရုံတွင် လာရောက် မဲပေးသွားခြင်းဖြစ်သည်။ကလောမြို့နယ်လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးလှ (ခေါ်) ဦးခင်မောင်လှ၊ ကြံ့ခိုင်ရေးပါတီမှ ဦးမြဝင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ဦးခွန်သန်းမောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစဝ်သာဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ ဒေါ်သန်းငွေ တို့ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ရောက်ပြီ

ကော့မှူးမြို့နယ်မှ ပြန်လည်ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့ နံနက် ၁ဝ နာရီခွဲ ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါသည့် ရှေ့ပြေး လုံခြုံရေးအဖွဲ့မှ သိရသည်။ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာ မဲရုံသို့ တနင်္ဂနွေနေ့ နံနက် ၇ နာရီအချိန်တွင် သွားရောက်ကြည့်ရှုပြီးနောက်ဒေါ်အောင်ဆန်းစုကြည်သည် အနီးဝန်းကျင် ကျေးရွာများရှိ မဲရုံများသို့ သွားရောက်ခဲ့သေးကြောင်း သိရသည်။

ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ပြန်လည်အနားယူမည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီပါတီသစ် ကိုယ်စားလှယ်လောင်း မဲရုံတွင်း ဝင်ခွင့်မရ

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၅၀ မိနစ်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီပါတီသစ်၏ ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း (ခေါ်) ရသ ကို မဲရုံတွင်း ဝင်ရောက်ကြည့်ရှု့ခွင့် မဲရုံမှူးများမှာ ခွင့်မပြုဟု ပါတီခေါင်းဆောင် ဦးသိန်းညွှန့်က ပြောသည်။

မရမ်းကုန်းမြို့နယ် ရပ်ကွက် ၇ မဲရုံအမှတ် ၁၊ ၂၊ ၃ မဲရုံများသို့ ကိုယ်စားလှယ်လောင်း ဝင်ခွင့်မရခြင်းကို “ကျနော်တို့ ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း ကို မဲရုံထဲဝင်ခွင့်မပြုလို့ မြို့နယ်ကော်မရှင်ကို ကျနော် အကြောင်းကြားထား ပါတယ်” ဟု ဦးသိန်းညွန့်က ပြောသည်။

သို့သော် လွှတ်တော်များ နည်းဥပဒေ အခန်း ၄၈ ပုဒ်မခွဲ ၆ တွင် မဲရုံအတွင်း ဝင်ရောက် ကြည့်ရှု့နိုင်သူများမှာ “သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ရွေးကောက် တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ယင်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့်အတူ ကိုယ်စားလှယ်များ” ဟု ပြဋ္ဌာန်း ထားခြင်းကြောင့် ထိုမဲရုံမှူးများ၏ လုပ်ရပ်သည် ဥပဒေနှင့် ဆန့်ကျင်နေသည်ဟုလည်း ဦးသိန်းညွန့်က ပြောသည်။

မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ် မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးခင်လှိုင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးရဲထွဋ်၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီမှ ဒေါ်ဟေမာထိန်၊ NLD မှ ဒေါ်မေဝင်းမြင့်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဒေါ်ခင်ဖြူဖြူငြိမ်း၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဦးရဲမင်းသိန်း (ခေါ်) ရသ တို့ ဝင်ရောက်ယှဉ်ပြိုင်နေသည်။အချို့မဲဆန္ဒနယ်များတွင် မဲပြားများတွင် ဖယောင်း သုတ်လိမ်းထားမှုများ ရှိနေသည်ဟု NLD ပါတီဝင်များမှ စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

ဤသို့သောဖြစ်ရပ်များနှင့်ပတ်သက်၍ ဆန္ဒမဲပြားများတွင် မှားယွင်းမှု တစုံတရဖြစ်ပေါ်လာပါက ဆန္ဒရှင်များအနေဖြင့် မဲရုံမှူးများသို့တင်ပြကာ ဆန္ဒမဲပြားအသစ်များရယူနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် မဲရုံမှူးညွှန်ကြားချက်တွင် ဖေါ်ပြပါရှိသည်ဟု ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ဦးသိန်းညွန့်က ပြောသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်ရှိ မဲရုံအမှတ် ၂ တွင်

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၄၀ မိနစ်
မင်္ဂလာတောင်ညွှန့်မြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်ရှိ မဲရုံအမှတ် ၂ တွင် မဲပေးနေပြီ်။

လားရှိုးမှာ ခုချိန်ထိ အဆင်ပြေ

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၃၈ မိနစ်

လားရှိုးမြို့ NLD ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင်က မြို့ပေါ် ရပ်ကွက်များရှိ မဲရုံများကို လိုက်လံ ကြည့်ရှုနေသည်။

“ကျနော်က အခု မဲရုံအခြေအနေတွေ လျှောက်ကြည့်နေတာ။ အခြေအနေကောင်းတယ်။ မဲပေးနေကြတယ်။ မဲရုံ အထက ၁ အမှတ် ၁ မှာ ကြည့်တာ လူပိုများတယ်။ ခုချိန်ထိတော့ ဘာမှ ပြောမရဘူး။ မဲရုံမှူးတွေကို ဆွေးနွေးမေးကြည့်တာ အဆင်ပြေတယ်။ ကျနော် ကြည့်သလောက် ရပ်ကွက် ၁ မှာ လူများတယ်”

မဲရုံများတွင် အရပ်ဝတ်စုံဖြင့် လုံခြုံရေးချထားပြီး မဲရုံမှူးများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ ရှိနေသည်ဟု သိရသည်။

“ကျနော် နောက်ဆုံးသိတာက တန့်ယန်းဘက်က ကျေးရွာအုပ်စု ၁၁ ခုကို မဲပုံး မထောင်နိုင်ဘူးလို့ ပြောတာ။ ဒါပေမယ့် ကော်မရှင်ကတော့ အဲဒီနေရာမှာ သွားပြီးတော့ မဲပုံးထောင်မယ်။ နောက်ပိုင်း မဲပေးဖြစ်တာ မဖြစ်ဘူး ဆိုတာကတော့ နောက်အခြေအနေပဲ။ ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ပြောတယ်”ဟု ဦးစိုင်းမြင့်မောင်က ပြောသည်။

ယနေ့ နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ရပ်ကွက် ၁ တွင် မဲထည့်ပေးခဲ့ရသည့်အတွက် ဝမ်းသာကြောင်း အသက် ၆ဝ ကျော်အရွယ် ဦးစန်းအောင်က ပြောသည်။

“အခုနလေးတင်ပဲ မဲထည့်လိုက်တာ။ တနိုင်ငံလုံး ဟိုးလေးတကျော်ကျော် ခွပ်ဒေါင်းပေါ့။ မဲထည့်တာ အဆင်ပြေ ပါတယ်။ ကိုယ်ကြိုက်တဲ့ ပါတီကို မဲထည့်ရတော့ ပျော်တာပေါ့”ဟု သူက ပြောသည်။

လားရှိုး၊ တန့်ယန်း၊ မိုင်ယယ်၊ သိန္ဒီ၊ ကွမ်းလုံမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေတွင် လုံခြုံရေးအရ တန့်ယန်းမြို့နယ်ရှိ ကျေးရွာမှ မဲရုံပေါင်း ၁၁ ခုကို ပယ်ဖျက်ရန် သတင်းများထွက်ပေါ်ခဲ့သော်လည်း လားရှိုးရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံး ဆက်လက် ကျင်းပမည်ဟု ပြောကြားခဲ့သည်ဟု NLD ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင်က ပြောသည်။

လားရှိုးမြို့နယ် မိုင်းရယ်နှင့် တန့်ယန်းမြို့နယ်များအတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေတွင် ကြံ့ခိုင်ရေး ပါတီမှ ဒေါက်တာ နန်းကိန်ဖောင်းတစ်၊ NLD ပါတီမှ ဦးစိုင်းမြင့်မောင်နှင့် တစည ပါတီမှ ဦးစိုင်းစံမင်း၊ လားအို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးရောဘတ်နှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ ဦးလော်ကျွန်ကွမ်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေကြသည်။

လားရှိုးမှာ မဲပေးနေပြီ

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၃၁ မိနစ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ် ရပ်ကွက် ၁ဝ ရှိ မဲရုံတွင် ဒေသခံ လူဦးရေ ၃၀ ခန့် တနင်္ဂနွေနေ့ နံနက် ၆ နာရီတွင် စတင်မဲပေးနေပြီ ဖြစ်ကြောင်း 7 day ဂျာနယ်မှ သတင်းထောက် ဥက္ကာကိုကို အွန်လိုင်းမှတဆင့် ပြောပြ သည်။

“မြို့ပေါ် လောလောဆယ်တော့ ရပ်ကွက် ၁ဝ မှာ ရောက်နေတယ်။ ထည့်နေပြီ။ မဲရုံ မဖွင့်ခင်ကတည်းက လမ်းလျှောက်လာပြီး စောင့်နေကြတယ်။ အခု အယောက် ၃ဝ ကျော်ပြီ” လားရှိုးမြို့တွင် ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်တွင် မဲရုံပေါင်း ၄၃ ရုံရှိသည်။

ကြံ့ခိုင်ရေးတွက်ဆို မဲစာရွက် လဲပေးမယ်

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၂၇ မိနစ်

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ် ၈ဝ ရပ်ကွက်တွင် မဲစာရွက်တွင် ဖယောင်းသုတ်ထားသဖြင့် မဲဆန္ဒရှင်က အခြား မဲစာရွက်ဖြင့် လဲလှယ်ပေးရန် တောင်းဆိုခဲ့ရာ မဲရုံတာဝန်ရှိသူများက ကြံခိုင်ရေးပါတီကို မဲပေးပါက မဲစာရွက် လဲလှယ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့က ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးသို့ သတင်းပေးပို့သည်။

မဲပေးခွင့်ဆုံးရှုံးနေသူ သုံးဦး မဲပေးခွင့်ပြန်ရ

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၂၇ မိနစ်

မရမ်းကုန်းမြို့နယ် အောင်သိဒ္ဓိရပ်ကွက်နေ မိသားစုတခုတွင် မဲပေးပိုင်ခွင့်ရှိသူ ၅ ဦးရှိသည့် အနက် ၂ ဦးကိုသာ မဲပေးခွင့်ပြုခဲ့သည့်အတွက် ကာယကံရှင်မိသားစုက မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ တိုင်ကြားခဲ့သဖြင့် ပါတီတာဝန်ရှိသူများက လိုက်လံပြောဆိုခဲ့မေးမြန်းခဲ့ရာ မဲစာရင်းအထောက်အထားများ ပြန်လည် တွေ့ရှိပြီးနောက် ကျန်မိသားစုဝင် ၃ ဦး မဲပေးခွင့် ရခဲ့ကြောင်း သိရသည်။

ကြံ့ခိုင်ရေးများ မဲရုံတွင်း ဝင်ထွက်သွားလာနေ

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၂၄ မိနစ်

ရန်ကုန်တိုင်း တောင်ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ၆၈ ရပ်ကွက်ရှိ မဲရုံတခုအတွင်းသို့ မဲရုံကိုယ်စားလှယ်များ မဟုတ်သူ ကြံခိုင်ရေးပါတီမှ ကျော်ကျော်ဦးနှင့် မြတ်သူတို့ အဆီးအတားမရှိ ဝင်ထွက်သွားလာနေကြောင်း အန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ်များက ရန်ကုန်တိုင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့မှ တဆင့် အဖွဲ့ချုပ်ရုံးသို့ သတင်းပေးပို့ခဲ့ရာ ပါတီရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက ရဲအဖွဲ့သို့ တိုင်ကြားရန်ပြန်လည်ညွှန်ကြားထားကြောင်း သိရသည်။

ပုလဲမြို့နယ်တွင်လည်း မဲပြားများကို ဖယောင်းသုတ်ထားဟုဆို

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၀၁ မိနစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဆင်ရှင်ရွာနှင့် အလယ်ဘုံရွာတို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းကို မဲပေးရန် အမှန် ခြစ်ရမည့် အကွက်တွင် ဖယောင်းများ သုတ်ထားပြီး မဲဆန္ဒရှင်များ ဆန္ဒမဲပေးလိုသော်လည်း အမှန်ခြစ်၍ မရနိုင်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်နေသည်ဟု ပုလဲမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်က

“အန်တီတို့ပါတီကို အမှန်ခြစ်ရမယ့် အကွက်မှာ ဖယောင်းတွေ သုတ်ထားတယ်လို့ မဲဆန္ဒရှင်တွေက သတင်းပို့ပါ တယ်။ ဖယောင်းသုတ်ထားတော့ အရာမထင်ဘူးပေါ့။ အန်တီတို့ဆီ မဲသွားပေးတဲ့လူတွေ တယောက်ပြီးတယောက် ဖုန်းဆက်လာပါတယ်” ဟု အောက်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်က ပြောသည်။

အဆိုပါ ကိစ္စကို ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများသို့ မဲဆန္ဒရှင်များမှ တင်ပြကာ မဲပြားများ လဲလှယ်ပေးရန် တောင်းဆိုသော်လည်း လဲပေးမပေးကြောင်း “မဲစာရွက် လဲပေးဖို့ ပြောတော့လည်း သူတို့က လဲမပေးဘူးပြောတယ်။ ပေးလာတဲ့ဘောလ်ပင်ကလည်း အရမ်းစူးတဲ့အတွက် ဖိခြစ်လိုက်ရင်လည်း ပြဲသွားသလိုဖြစ်တယ်။ ခြစ်လို့မရတဲ့အတွက် အထပ်ထပ်ခြစ်တော့ စာရွက်ပြဲတယ်ပေါ့။ အဲဒါမျိုးတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

အထက်ပါ ဖြစ်ရပ်များနှင့်ပတ်သက်၍ ပုလဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ဆက်သွယ်မေးမြန်း ရာတွင် “အဲဒါတွေကို ကျနော်တို့က ဘာမှ ပြန်လည် ဖြေကြားတာ မဟုတ်ဘူး၊ ကျနော်တို့ ကော်မရှင်ရုံးမှာ
ကော်မရှင်ကိစ္စပဲ ဆွေးနွေးပါတယ်။ အဲဒီပြဿနာတွေ ကျနော်တို့ ကော်မရှင်မှာ လာမတက်ပါဘူး။ ပြဿနာ မရှိပါဘူး။ ဆောရီးပဲခင်ဗျာ့” ဟု ဆိုသည်။

ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်၊ ပြည်သူ့ ဒီမိုကရေစီပါတီမှ ဦးဟိန်းထက်အောင်နှင့် NLD မှ ဒေါ်ခင်စန်းလှိုင်တို့ ဝင်ရောက်အရွေးခံနေကြသည်။

NLD အမှန်ခြစ်နေရာတွင် ဖယောင်းများသုတ်ထား

တနင်္ဂနွေနေ့ မနက်ပိုင်းတွင် စတင်ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများအပြား၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် အမှန်ခြစ်ရန် နေရာများတွင် ဖယောင်းများ သုတ်လိမ်းထားသည်ကို တွေ့ရကြောင်း မဲရုံကိုယ်စားလှယ် တာဝန်ကျသူ ပါတီဝင်များက ဆိုသည်။

တောင်ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက် မဲရုံအမှတ် ၁ တွင် မဲစက္ကူစာရွက်ပေါ်ရှိ NLD အား မဲပေးရန်
နေရာတွင် ဖယောင်းများ သုတ်လိမ်းထားသဖြင့် မဲပေး၍ မရကြောင်း မဲဆန္ဒရှင်များက ပြောဆိုခဲ့သည်ဟု NLD မဲရုံကိုယ်စားလှယ်က ဆိုသည်။

“ကျနော်တို့ပါတီ ဘေးက အမှန်ခြစ်ရမယ့် နေရာမှာ ဖယောင်း သုတ်ထားတယ်။ သဘောကတော့ စက္ကူပေါ်မှာ ဖယောင်းသုတ်ထားတော့ ရေးလို့ ခြစ်လို့ မရဘူးပေါ့ဗျာ။ မဲရုံ တာဝန်ရှိသူတွေကို ပြောတော့ မဲပြား ၃ ခုလောက်ကို လဲပေးတယ်” ဟု အဖွဲ့ချုပ် မဲရုံကိုယ်စားလှယ်ဖြစ်သူက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ တောင်ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အခြားမဲရုံများသို့ သတင်းပေးပို့ထားပြီး အဖွဲ့ချုပ်ရုံး (ဗဟို) သို့လည်း သတင်းပေးပို့ထားပြီး ဖြစ်ကြောင်း သူကပြောသည်။တောင်ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ်မျိုး ပြည်နယ်နှင့်တိုင်းအသီးသီး မဲရုံအများအပြားတွင် ဖြစ်ပွားနေကြောင်း သက်ဆိုင်ရာ မြို့နယ်ကိုယ်စားလှယ်များက သတင်းပေးပို့ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

“ပြည်နယ်နဲ့ တိုင်းတွေကလဲ ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သတင်းပို့လာတယ်။ ဒီကိစ္စအတွက် သက်ဆိုင်ရာ တိုင်းနဲ့
ပြည်နယ် ကော်မရှင်၊ မြို့နယ်ကော်မရှင်တွေနဲ့ ရဲစခန်းတွေကို တိုင်ကြားသွားဖို့ လုပ်နေတယ်။ ဒါ ရွေးကောက်ပွဲကို ပျက်စီးအောင် အနှောင့်အယှက်ပေးတာ ဖျက်ဆီးတာပဲ။ ရဲဘက်က အရေးယူပေးဖို့ တာဝန်ရှိတယ်။" ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဝါးသိင်္ခသို့ ရောက်ပြီ


ရန်ကုန်မြို့မှ ကော့မှူးမြို့နယ်သို့ စနေနေ့ ညနေပိုင်းက ထွက်ခွာသွားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည်
ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာသို့ ည ၇ နာရီ ဝန်းကျင်ခန့် အချိန်တွင် ချောမောစွာ ရောက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စည်းရုံးရေးခရီးစဉ်များကဲ့သို့ပင် မိုင် ၄ဝ ကျော်ခန့် ကွာဝေးသည့် ခရီးစဉ်တလျှောက်
ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် ယာဉ်တန်းကို ကြိုဆိုနှုတ်ဆက်သူ အများအပြားတွေ့မြင်ရကြောင်း ခရီးစဉ်တွင် လိုက်ပါသတင်းယူသည့် သတင်းထောက်က ဆိုသည်။

“ကလေးတွေရော၊ လူကြီးတွေရော လမ်းတလျှောက်လုံး လိုလိုပဲ။ ည မှောင်တဲ့အထိ အိုးစည်ဗုံမောင်းတွေနဲ့ အဖွဲ့လိုက် အဖွဲ့လိုက် ကြိုကြတယ်” ဟု သတင်းထောက်က ဆိုသည်။

ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် တည်းခိုသည့် အိမ် အနီးတွင် သတင်းမီဒီယာများစောင့်ဆိုင်းလျက် ရှိနေပြီး အနီးဝန်းကျင် ကျေးရွာများမှလည်း ပရိသတ် အများအပြား လာရောက်ကြောင်း သိရသည်။

“အန်တီတည်းတဲ့ အိမ်ရှေ့မှာ ဗီဒီယိုကင်မရာတွေ ဆင်ပြီး စောင့်နေကြတယ်။ သတင်းထောက်တွေက ရွာထဲမှာ
နေရာအနှံ့ပဲ။ ရွာထဲက အိမ်တွေမှာ လိုက်တည်းတဲ့သူတွေလည်း ရှိတယ်။ ကားပေါ်မှာပဲ အိပ်မယ် ဆိုတဲ့ အဖွဲ့တွေ လည်း ရှိတယ်။ သတင်းထောက်မှာ ပြည်တွင်း သတင်းထောက်တွေထက် နိုင်ငံခြားသား သတင်းထောက်တွေ ပိုများတယ်လို့ ထင်ရတယ်။ နိုင်ငံခြားသား သတင်းထောက် မရှိဘူးဆို ၇ဝ-၈ဝ လောက် အောက်ထစ်ရှိမယ်” ဟု သတင်းထောက်က ပြောသည်။

ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိပြီး ကြိုဆိုစောင့်ဆိုင်းနေသူများကို ခေတ္တ နှုတ်ခွန်းဆက်ပြီးနောက်
ဒေါ်အောင်ဆန်းစုကြည်သည် တည်းခိုသည့်အိမ်၌ အနားယူနေကြောင်း လုံခြုံရေးနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ကျေးရွာခံများ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ရန်ဆုံးဖြတ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်
ရွေးကောက်ပွဲတွင် ကိုယ်တိုင်မဲပေးရန်အတွက် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာတွင် သန်းခေါင်စာရင်းဝင်ရန် ဆုံးဖြတ်ခဲ့သေးသည်။ တိုင်းရင်းသားအရေးအတွက် ကရင်လူမျိုးအများအပြား နေထိုင်သည့် ဝါးသိင်္ခကျေးရွာကို
ရွေးချယ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် သန်းခေါင်စာရင်း ပြောင်းလဲ မည့် အစီအစဉ်အား ဖျက်သိမ်းခဲ့သည်။

မဲပေးခွင့်ရှိသူ သဘောထား ကောက်ယူ

မနေ့က ရန်ကုန်မြို့မှာရှိတဲ့ Community Response Group အဖွဲ့ရဲ့ စာရင်းကောက်ခံချက် တစ်ရပ်မှာ မဲပေးခွင့်ရှိသူ ၆၀ ရာခိုင်နှုန်းလောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ကို ကြိုက်နှစ်သက်တယ်လို့ သဘောထား ပေးခဲ့ကြကြောင်း ဖော်ပြပါတယ်။

ရွေးကောက်ပွဲအကြို စစ်တမ်းအရ အများစု NLD ကို မဲပေးဖွယ်ရှိ

ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ ရက်သတ္တပတ်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း
နှင့် ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်မြေများတွင် ကောက်ခံရရှိခဲ့သည့် စစ်တမ်းများအရ ၆ဝ ရာခိုင်နှုန်းသော မဲဆန္ဒရှင် များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အား မဲပေးမည်ဟု တွေ့ရှိရသည်။

အဆိုပါစစ်တမ်းအား မဇ္ဈိမ က ရန်ကုန်အခြေစိုက် COMREG မှ သုတေသန ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု ဖြင့် မတ်လ နောက်ဆုံးအပတ်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး စစ်တမ်းမှ တွေ့ရှိရချက်အချို့အား မဇ္ဈိမ အယ်ဒီတာချုပ်က ရှင်းပြထားသည်။

“၆ဝ ရာခိုင်နှုန်းက NLD ကို မဲပေးမယ်လို့ပြောတယ်။ ၃၂ ရာခိုင်နှုန်းကတော့ ကြံ့ခိုင်ရေးကို မဲပေးမယ်ပြောတယ်။ ၅၈ ရာခိုင်နှုန်းက NLD နိုင်မယ်လို့ ယူဆကြတယ်။ ၃၁ ရာခိုင်နှုန်းက ကြံ့ခိုင်ရေး နိုင်မယ်လို့ ယူဆကြတယ်” ဟု အယ်ဒီတာချုပ် ဦးစိုးမြင့် က ပြောသည်။

စစ်တမ်းကို နေပြည်တော်ရှိ မဲဆန္ဒနယ်မြေ လေးခု၊ ဧရာဝတီတိုင်းအတွင်းမှ မဲဆန္ဒနယ်မြေ လေးခုနှင့် ရန်ကုန်တိုင်း အတွင်းမှ မဲဆန္ဒနယ်မြေ ခြောက်ခုအတွင်း လိုက်လံကောက်ခံခဲ့ခြင်း ဖြစ်သည်။ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးသူ ၃၆၂ ဦး အနက် အများစုမှာ ဘွဲ့ရ ပညာတတ်များ ဖြစ်ကြပြီး ဖြေဆိုသူအများစုမှာ အသက် ၄ဝ မှ ၆ဝ အတွင်းနှင့် အသက် ၂၅ မှ ၃၉ နှစ်အရွယ်များ ဖြစ်ကြသည်။

ကောက်ခံရရှိသည့် ဒေသကြီးသုံးခုမှ ရရှိချက်များအရ NLD အား အများစု မဲပေးကြမည်ဟု တွေ့ရှိရသော်လည်း
နေပြည်တော်တွင်မူ ကြံ့ခိုင်ရေးပါတီမှ ကြိုတင်မက်လုံးပေး စည်းရုံးထားမှုများ ရှိနေ၍ မဲဆန္ဒရှင်များအတွက် အခက်အခဲများရှိနေကြကြောင်း ပြောသည်။

“အစိုးရဝန်ထမ်းတွေ အများစု ပြောတာကတော့ ဥပမာ နေပြည်တော်လို နေရာမျိုးမှာ သူတို့ကို ငွေကြိုတင်ချေးထား ပြီးတော့ ပစ္စည်းတွေ ပေးထားတာမျိုးတွေ ပြောပြတယ်။ သူတို့အနေနဲ့ကတော့ ကြံ့ခိုင်ရေးကိုပဲ မဲပေးရမယ့် အနေအထား ရှိတယ်။ ဒါပေမယ့် တကယ်လို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ရှိတယ်၊ လွတ်လပ်တဲ့ atmosphere ပေါ့၊ လွတ်လပ်တဲ့ အနေအထား ရှိတယ်ဆိုရင်တော့ သူတို့အနေနဲ့လည်း NLD ကို မဲပေးဖို့ စိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းတော့ ပြောပြတယ်” ဟု COMREG အဖွဲ့မှ ကိုရဲ က စစ်တမ်းကောက်ယူမှု အတွေ့အကြုံအား ရှင်းပြသည်။

တွေ့ဆုံမေးမြန်းရာမှ ရရှိသည့် တုန့်ပြန်မှု (feedback)များအရလည်း နေပြည်တော်တွင် အစိုးရဝန်ထမ်းများအား ကြံ့ခိုင်ရေးပါတီမှ ချေးငွေဖြင့် လက်ကိုင်ဖုန်းများ ဝယ်ခွင့်ပြုထား၍ ကြံ့ခိုင်ရေးပါတီအား မဲပေးရဖွယ်ရှိနေသည်။ သို့သော် အကယ်၍ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများဖြင့် လွတ်လပ်စွာ မဲပေးရပါက NLD အား မဲပေးမည်ဟုလည်း ဆိုကြသည်။ ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့် သတင်းရယူအတွက် နိုင်ငံတကာ သတင်းမီဒီယားမား ၁၅ဝ ခန့်သာ အစိုးရက ခွင့်ပြုထားသည်။

သောကြာနေ့က ပြုလုပ်သည့် NLD သတင်းစာရှင်းလင်းပွဲတွင် လက်ရှိအနေအထားအရ လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင်သေးသော်လည်း ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားသည်။

“လုံးဝ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ မထင်ပါဘူး။ ကျမတို့ရဲ့ ပါတီဆိုင်းဘုတ်တွေ၊ ပိုစတာတွေကို ဖျက်ဆီးတာမျိုးကအစ အနှောင့်အယှက်တွေ အများကြီး၊ အများကြီးပဲ။ ဒါပေမယ့် ဒီကြားဖြတ်ရွေးကောက်ပွဲက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် လှေကားထစ်တခု ဖြစ်မယ်လို့ ကျမတို့ မျှော်လင့်တယ်။ ဒါကြောင့် လူထုလိုလားတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ရှေ့ဆက်သွားဖို့ ကျမတို့ ဆုံးဖြတ်ခဲ့တယ်” ဟု NLD ဥက္ကဋ္ဌ က ပြောသည်။

NLD အား မဲပေးမည့်သူ အများစုမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်သက်၍ ပေးရခြင်းဖြစ်ကြောင်းကောက်ခံရရှိသည့် စစ်တမ်းတုန့်ပြန်မှုများတွင် တွေ့ရှိရသည်။

ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းမှာ ကြားဖြတ်ရွေးကောက်ပွဲတွင် သွားရောက်မဲပေးကြမည်ဖြစ်ပြီး ၈၄ ရာခိုင်နှုန်းက မဲပေးပုံပေး နည်းကို သိရှိနားလည်ထားပြီးဖြစ်သည်ဟု ဆိုသည်။ ထိုသို့သိရှိရခြင်းမှာ လက်ကမ်းကြော်ငြာများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းများမှတဆင့် အများစုက သိရှိလာကြခြင်းဖြစ်သည်။

သို့သော် မိမိမဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၏ အမည်အား မသိရှိသေးသူ ၁၃ ရာခိုင်နှုန်း ရှိနေသေးသည်။ကိုယ်စားလှယ်လောင်း၏ မူဝါဒသဘောထားများကိုမူ ၇၄ ရာခိုင်နှုန်းက သိရှိထားကြသည်ဟု


တံတားဦးတွင်လည်း NLD မဲပေးရန်နေရာ မင်ခြစ် မရ

မန္တလေးတိုင်း တံတားဦးမြို့နယ်ရှိ မဲရုံများတွင် မဲလက်မှတ်အများစုရှိ NLD ကို မဲပေးရန်နေရာတွင် မင်ခြစ်၍ မရကြောင်း၊ ကြိုးစား ရေးခြစ်သောအခါ မဲစာရွက်များ စုတ်ပြဲသည်ကို အသစ်လဲလှယ်ပေးခြင်းမရှိ၍ ထိုအတိုင်း ထည့်ခဲ့ရ၍ ပယ်မဲများ ဖြစ်သွားသည်ဟု မဲပေးသူများက ပြောသည်။ တံတားဦးမြို့နယ်ရှိ မဲရုံ ၂၀၄ ရုံတွင် ယခုအချိန်အထိ မဲပေးပြီးသူ ၆၀ ရာနှုန်းခန့်ရှိနေပြီဟု သိရသည်။

ရေစကြို၌ မဲပေးခွင့်မရသူ ထက်ဝက်ကျော်ရှိ

မကွေးတိုင်း ရေစကြို မြို့နယ်ရှိ မဲရုံ ၂၃၃ ရုံ၌ မဲစာရင်းတွင်မပါ၍ မဲပေးခွင့်မရသူ ထက်ဝက်ကျော်ရှိနေကြောင်း လေ့လာသူများက ပြောကြသည်။ မဲရုံတချို့တွင် NLD မှ ကိုယ်စားလှယ်များကို လုပ်ငန်းပိုင်းဆိုင်ရာ ကြီးကြပ်ခွင့်၊ ၀င်ရောက်လေ့လာခွင့်များ မပေးကြောင်းလည်း NLD ကိုယ်စားလှယ်လောင်း ဒေါက်တာ တင်ဌေးအောင် က ပြောသည်။

ရေစကြို တပ်မြေ မဲရုံတွင် NLD ရှုံး

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ခြေလျင် တပ်ရင်း(ခလရ) ၂၅၆ တပ်မြေ မဲရုံတွင် ယနေ့ နံနက် ၆ နာရှိခန့် စတင်၍ မဲပေးရာ ကြံ့ခိုင်ရေး ပါတီ ကို NLD ရှုံးနိမ့် ကြောင်း သိရသည်။ ယနေ့နံနက် ၉ နာရီခွဲခန့်က မဲရုံပိတ်သိမ်းခဲ့ပြီး မဲစာရင်းရေတွက် ရာတွင် ကြံ့ခိုင်ရေးပါတီက ၂၇၁ မဲ၊ NLD က ၅၁ မဲနှင့်တသီးပုဂ္ဂလ အမတ် ၄ မဲ ဖြစ်ကြောင်းကြေညာခဲ့သည်ဟု ပြည်တွင်း ရွေး ကောက်ပွဲ စောင်ကြည့်သူများ ကွန်ရက် က ပြောသည်။ ထိုတပ်မြေမဲရုံတွင် မဲပေးခွင့်ရှိသူ ၃၁၃ ဦး ရှိသည့်အနက် ကြိုတင်မဲ ၂၄ မဲ၊ ပယ်မဲ ၁၁ မဲ၊ ပျက်ကွက်မဲ ၂ မဲတို့ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ဇဗ္ဗူသီရိ၌ NLD မဲ ပေးသူများ

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အတွင်းရှိ မဲရုံများတွင် မဲပေးခဲ့သူ အများစုသည် NLD ပါတီအား ပေးခဲ့ကြကြောင်း သိရသည်။ ထိုမြို့နယ်သည် သမ္မတ ဦးသိန်းစိန်နှင့်ဝန်ကြီးများ၊ ၀န်ထမ်းများနေထိုင်ကြသည်။ မဲလာပေးသည့် ၀န်ထမ်းအများစုသည် NLD ကိုပေးခဲ့ကြကြောင်း နေပြည်တော်ရောက် သတင်းထောက်တချို့က ပြောသည်။ ၀န်ထမ်းများသည် လွတ်လပ်စွာ မဲပေးခွင့်ရရှိ ကြောင်း၊ သတင်းထောက်များသည်လည်း လွတ်လပ်စွာ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်း၊ သတင်းရယူခြင်း ပြုလုပ်နိုင်ကြောင်းသိရ သည်။


ရွေးကောက်ပွဲ အခြေအနေကောင်းဟု အာဆီယံပြော

ယနေ့ ကျင်းပနေသော ကြားဖြတ်ရွေးကောက်ပွဲသည် အခြေအနေကောင်းပြီး ကံကောင်းခြင်းများ ယူဆောင်လာမည်ဟု ယုံကြည်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝန်က ပြောဆိုလိုက်သည်။ ရှေ့ပြေးသတင်းများအရ တပ်တွင်းနှင့်ဝန်ထမ်း မဲ အများစုကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ရဖွယ်ရှိနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနေဖြင့် အကြိတ်အနယ် မဲပြိုင်ရဖွယ်ရှိနေသည်။ ရန်ကုန် တရုတ်တန်း လောင်းကစားဒိုင်များတွင် ရေပန်းစားနေသော NLD ၏ အနိုင်ရ ကိုယ်စားလှယ် ဦးရေ ပေါက်ဂဏန်းမှာ ၃၂ ဖြစ်သည်။

ပခုက္ကူတွင် လူ ၄၀၀ ကျော် မဲပေးခွင့်မရ ဖြစ်နေ

မကွေးတိုင်း ပခုက္ကူမြို့ မဲရုံ အမှတ် ၃ နှင့် မဲရုံအမှတ် ၁၅ တို့တွင် မဲဆန္ဒရှင် ၄၀၀ ကျော်မှာ မဲပေးခွင့်မရ ဖြစ်နေကြောင်း သိရသည်။ မဲစာရင်းတွင် နာမည်မပါသူများကို ပခုက္ကူ NLD က မြို့နယ်ကော်မရှင်သို့ တင်ပြခဲ့ရာ မှတ်ပုံတင်နှင့် မိသားစု သန်းခေါင်စာရင်း ယူဆောင်လာပါက မဲပေးခွင့်ပြုမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့တွင် မဲပေးခွင့် မပြုသဖြင့် မဲပေးလိုသူ ၄၀၀ ကျော်မှာ မဲရုံများတွင် စောင့်ဆိုင်းနေကြောင်း ပခုက္ကူ NLD အဖွဲ့ဝင်တဦးက ပြောသည်။ ပခုက္ကူ ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်တွင် NLD မှ ဦးပိုက်ကိုနှင့် ကြံ့ခိုင်ရေးပါတီမှ ဦးကျော်တင့်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြသည်။

မိထ္ထီလာ၌ NLD ကို မဲပေးရန် တိုက်တွန်းမှုတချို့ရှိ

မိတ္ထီလာမြို့ ဆည်မြောင်းကျောင်း ၏ မဲရုံတွင် အေအီး(အင်ဂျင်နီယာ)က NLD ကိုသာ မဲပေးရန် ပြောဆိုတိုက်တွန်းမှုများ ရှိကြောင်း၊ စောင့်ကြည့်သူများက ကော်မရှင်ရုံးသို့ တိုင်ကြားထားကြောင်း သိရသည်။

မန္တလေး၌ မဲပေးရာတွင် မင်နီဘောလ်ပင် ထားရှိ

မန္တလေးမြို့ ၄၁ လမ်း သံလျက်မှော် အရှေ့ရှိ မဲရုံအမှတ် ၇ တွင် မဲပေးရန်အတွက် မင်နီဘောလ်ပင်တချို့ကို ထုတ်ပေးထားရာ နံနက်ပိုင်းတွင် လာရောက်မဲထည့်သော ပြည်သူများက မင်နီနှင့် မဲပေးသွားကြကြောင်း၊ မင်နီဘောလ်ပင်ဖြစ်နေ၍ အကြောင်းကြား သည့်အခါမှ မင်အနက်နှင့် အပြာရောင် ဘောလ်ပင်များကို ပြန်လဲလှယ်ပေးခဲ့ကြောင်း ဒေသခံများက မန္တလေး NLD လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် သို့ ပြောကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်မရ

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ၀ါးင်္သခ ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်သည်မှာ ရက်ပေါင်း ၁၈၀ မပြည့်သည့် အတွက် မဲပေးခွင့် မရကြောင်း သတင်းရသည်။ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူအများစုမှာ NLD ကိုသာ မဲပေးကြကြောင်း၊ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း NLD က ပြောသည်။


ပုလဲမြို့နယ်၌ NLD မဲပေးရမည့်နေရာ မင်ခြစ်မရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ မဲဆန္ဒနယ်မြေများတွင် NLD ကို မဲပေးရမည့်နေရာတွင် ဘောလ်ပင်နှင့် ခြစ်မရမှုများ ရှိနေကြောင်း မဲဆန္ဒရှင်များက လာရောက် တိုင်ကြားမှုများ ရှိနေသည်ဟု သိရသည်။ တချို့သော မဲဆန္ဒနယ်မြေများတွင်လည်း ထိုသို့ ဖြစ်ပွားနေ ရာ ဖယောင်းဖြင့် သုတ်ထားခြင်းဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။

ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ သတင်းသမား ၄၀၀ ကျော် ခွင့်ပြု

ကြားဖြတ်ရွေးကောက်ပွဲ သတင်းယူရန် ပြည်တွင်း ပြည်ပ သတင်းထောက်ပေါင်း ၄၀၀ ကျော်ကို သက်ဆိုင်ရာက ယမန်နေ့က အထိ သတင်းထောက်များ ထုတ်ပေး၍ ခွင့်ပြုပေးပြီး ဖြစ်ကြောင်း သိရသည်။ ပြည်ပ သတင်းထောက် ၁၃၇ ဦး၊ ပြည်တွင်း နိုင်ငံခြား သတင်းထောက်များ အသင်းမှ ၂၇ ဦး နှင့် ပြည်တွင်း ဂျာနယ်များမှ စာနယ်ဇင်းဆိုင်ရာ ပုဂ္ဂိုလ်များ၊ သတင်းထောက်များအပါအ၀င် စုစုပေါင်း ၄၂၇ ဦး ဖြစ်သည်ဟု ယနေ့ ထုတ်အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ သံတမန်များ အပါအ၀င် နိုင်ငံတကာမှ ကြားဖြတ် ရွေးကောက်ပွဲ လာရောက်လေ့လာသူ ၁၅၆ ဦး ရှိသည်ဟုလည်း ဆိုသည်။

မရမ်းကုန်း မဲရုံ အမှတ် ၈ ၌ NLD မဲ ၁ မဲရရှိ

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက်၊ မဲရုံ အမှတ် ၈ ၌ NLD ပါတီက ၁ မဲသာ ရရှိပြီး ကြံ့ခိုင်ရေးပါတီက ၁၆၇ မဲ ရရှိသွားကြောင်း သိရ သည်။ ထိုမဲရုံ၌ မဲပေးမည့်သူ စာရင်းကုန်သွားပြီ ဖြစ်၍ မဲရုံ ပိတ်ကာ မဲများရေတွက်ပြီး ဟုသိရသည်။ အမှတ် ၈ မဲရုံ၌ မဲပေးနိုင်သူဦးရေ ၂၇၃ ဦးရှိသည့်အနက် ကြိုတင်မဲ ၁၁၀ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ၁၆၇ မဲ၊ ပယ်မဲ ၃ မဲ၊ NLD က ၁ မဲ နှင့် မြန်မာကွန် ရက် ပါတီမှ ၁ မဲတို့ ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန် မင်္ဂလာတောင်ညွှန့်တွင် NLD ကိုမဲပေးသူများ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်မြေတွင် NLD ကိုယ်စားလှယ်လောင်း မဖြူဖြူသင်း ကိုမဲပေးသူများကြောင်း ယင်းမြို့နယ်တွင်း မဲပေးသူများကို စောင့်ကြည့် မေးမြန်းခဲ့သည့် ပြည်တွင်း သတင်းထောက်တဦးက သတင်းပေးပို့သည်။ “ဒီမှာရှိတဲ့မဲရုံတွေမှာတော့ မဲပြဿနာမရှိသလောက်ဘဲ။ အေးအေးဆေးဆေးပါပဲ။ မဲရုံတွေမှာ မဲပေးပြီးထွက်လာတဲ့လူတွေကို ဘယ်သူ့ကိုမဲပေးခဲ့လဲ လိုက်မေးကြည်တော့ အများစုက ခွပ်ဒေါင်းကိုပဲမဲပေးကြတယ်လို့ ပြောတယ်”ဟု ၎င်းက ပြောပြသည်။

UN ကိုယ်စားလှယ်အဖွဲ့ ဦးတင်အေးနှင့် တွေ့ဆုံ

ကြားဖြတ်ရွေးကောက်ပွဲ လာရောက်လေ့လာသည့် ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ UN Mission on By Election သည် ယမန် နေ့ က နေပြည်တော်၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးတင်အေးနှင့် တွေ့ဆုံသည်။ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင် ဆင်ထားမှုများ၊ ပါတီများ၏ မဲဆွယ်စည်းရုံးရေး ဆိုင်ရာများ၊ ဥပဒေနှင့်အညီ ပါဝင်ယှဉ်ပြိုင်ရေး ဆိုင်ရာများကို ဆွေး နွေးကြကြောင်း သိရသည်။

ဦးသိန်းစိန် နေပြည်တော် ဇဗ္ဗူသီရိတွင် မဲပေးမည်

သမ္မတ ဦးသိန်းစိန်သည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အမှတ် ၅ မဲရုံတွင် မဲပေးမည်ဟု မြို့နယ် ကော်မရှင်က ပြောဆိုကြောင်း နေပြည်တော်ရှိ ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။ သမ္မတ မဲပေးနေသည့် ဓာတ် ပုံ ကို ရိုက်ကူးရန် ပြည်တွင်းရုပ်သံလိုင်း Sky Net အပါအ၀င် ပြည်တွင်း သတင်းထောက်တချို့ နေပြည်တော်သို့ ရောက်ရှိနေပြီး ဓာတ်ပုံရိုက်ခွင့် ရမရကိုမူ မသိရသေးကြောင်းလည်း ပြောဆိုသည်။ ဇဗ္ဗူသီရိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD မှ ဒေါ်စန္ဒာမင်းနှင့် ကြံ့ခိုင်ရေး ရေးပါတီမှ ဦးဝင်းဌေးတို့ ယှဉ်ပြိုင်အရွေးခံကြမည် ဖြစ်သည်။

ကျောက်ပန်းတောင်း ကြံ့ခိုင်ရေး မဲဆွယ်သီချင်းဖွင့်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် အင်တောရွာတွင် ကြံ့ခိုင်ရေးပါတီက မဲဆွယ် သီချင်းများကို အသံချဲ့စက်များနှင့် ဖွင့်နေ ကြောင်း သိရသည်။ ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မည်သည့်ပါတီမှ ပါတီသီချင်းဖွင့်ခြင်း၊ မဲဆွယ် စည်းရုံးခြင်းများ ပြုလုပ်ခွင့် မရှိဟု ထုတ်ပြန်ထားသည်။ ကျောက်ပန်းတောင်းတွင် မဲများ စတင်ပေးနေပြီဖြစ်ပြီး လွပ်လပ်စွာမဲပေးခွင့် ရကြောင်း မဲရုံအမှတ် ၃ တွင် ယနေ့ နံနက် ၆ နာရီခွဲက မဲပေးခဲ့သူ ကျောက်ပန်းတောင်း NLD ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ခံ ကိုအေးခိုင်က ပြောသည်။

မဲပြားတွေ ဖရောင်းသုတ်သလား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ရွေးချယ်ခံမည့် ကော့မှူး မဲဆန္ဒနယ်မြေ အပါအဝင်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့်မကွေးတိုင်းတွင်းရှိ မဲဆန္ဒနယ်မြေများတွင် မဲကတ်ပြားများပေါ်၌ ဖယောင်းရည် သုတ်ထားမှုများရှိသည်ဟု မဲဆန္ဒရှင်များက ပြောဆိုမှုများကို တွေ့ရှိနေရကြောင်း ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ကွန်ယက်အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။
မန္တလေးတိုင်း၊ တံတားဦး အမှတ် ၄ မဲရုံတွင် မဲကတ်ပြားပေါ်တွင် ဖယောင်းသုတ်ထားခံရမှု ကြုံတွေ့ရသူများ ရှိနေသည့်အပြင် မဲပေးရန်လာရောက်သူ အယောက် ၄၀ ကျော်မှာလည်း မဲစာရင်းတွင် မပါဝင်ဟု မဲရုံမှူးကပြောသဖြင့် မဲပေးခွင့်မရဘဲ ပြန်သွားခဲ့ ရကြောင်း
မဲကတ်ပြားများပေါ်တွင် ပြိုင်ဖက်ပါတီများ၏ အမှတ်အသားပြုရမည့် နေရာများ မတွေ့ရှိရဘဲ NLD တခုတည်းသာ ဖြစ်နေကြောင်း၊ ထို့သို့ ဖြစ်ပွားမှုများထဲတွင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် အဆိုးဆုံး ကြုံတွေ့နေရသဖြင့် မဲပေးသူများမှာ ဆန္ဒပြ၍ မရကြောင်း
ပန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကမူ ယင်းမဲလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း၏ နေပြည်တော်စက်ရုံ၌ တပြည်လုံးအတွက် ပုံနှိပ်ကြောင်း၊ ပါတီတခုတည်း ကွက်၍ ထိုသို့ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း၊ မဲလက်မှတ်မှာ ပါတီအထက်အောက် ထားရှိမှုသည် မဲဆန္ဒနယ်အလိုက် ၀င်ပြိုင်သော ပါတီအနည်းအများပေါ် မူတည်ပြီး ကွဲပြားကြောင်း၊ လက်နှင့်သုတ်ရန်လည်း သိန်း၊ သန်းချီသော လက်မှတ်များကို သုတ်ရန် မဖြစ်နိုင်ကြောင်း“တချို့ မဲဆန္ဒရှင်တွေကတော့ ဖယောင်းကို လက်သည်းနဲ့ ခြစ်ပြီးရေးတယ်။ မှင်မထင်တော့ အတင်းခြစ်တယ်။ ကတ်ပြားတွေ ပျက်စီးကုန်တယ်။ တချို့က မဲရုံမှူးတွေဆီမှာ ပြန်လဲတယ်။ မဲရုံမှူးတွေက တယောက်ကို တပြားပဲရမယ်ဆိုပြီး ထုတ်မပေးဘူး” ဟု ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ကွန်ယက်အဖွဲ့ ပြော သည်ဟု သတင်းရရှိသည်။

ကြံ့ဖွံ့နှင့် NLD အား မဲပေးရေး သဘောထား ကွဲလွဲပြီး လင်မယား ၁၄ စုံ ကွာရှင်းပြတ်စဲ

စစ်ကိုင်းမြို့နယ် ဒေါင်းမ နှင့် ဆင်မြေ ရွာတို့တွင် ကြားဖြတ်ရွေးကောက်ပွဲမဲပေးရေးနှင့် ပါတ်သက်ပြီး လင်မယားများ အကြား သဘောထားကွဲလွဲမှုကြောင့် တရားဝင်ကွာရှင်းပြတ်စဲသူ လင်မယား ၁၄ စုံတွဲရှိ သည်ဟု သတင်းရရှိသည်။
“ရပ်ကွက်ရုံးမှာ တရားဝင်ကွာရှင်းတာ ၁၄ တွဲရှိပြီ၊ မိန်းမတွေက ကြံ့ခိုင်ရေးပါတီက လမ်းခင်းပေးမယ်၊ လမ်းမီး တိုင်တွေ ဆောက်ပေးမယ် ဆိုပြီး ကြံ့ခိုင်ရေးကို မဲပေးဖို့လုပ်နေကြတယ်၊ ဒါကို လင်ယောကျာင်္းတွေက မဲမပေး ရဘူး အန်အယ်ဒီ ကိုပဲမဲပေးရမယ်ဆိုပြီး လင်မယား ကွဲကုန်ကြတော့တာပဲ” ဟုစစ်ကိုင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မဲရုံကိုယ်စား လှယ် တဦးက ပြောသည်။
အလားတူ ပါတီအကြိုက်ချင်းမတူညီသည့် သဘောထားကွဲလွဲမှုကြောင့် သမက်နှင့် ယောက္ခဖြစ်သူများ ကြား တွင် လည်း ပြဿနာများဖြစ်နေကြောင်း ထပ်မံသိရသည်။
“ဒေါင်းမရွာက ယောက္ခမဖြစ်တဲ့သူက သမက်ရှိတဲ့ ညောင်ကုန်းရွာကိုသွားတော့ သမက်ဖြစ်သူက ယောက္ခမ ကို ခင်ဗျား က ကြံ့ခိုင်ရေး၊ ကျုပ်က NLD။ ကျုပ်တို့ရွာကိုမလာရင်ကောင်းမယ် ဆိုပြီး အကြီးအ ကျယ် စကား များကြတော့ တာပဲ” ဟု ပြောသည်။
ထို့အပြင် ဒီပါတီကို မဲပေးယင် “သေခန်းပြတ်ပဲ၊ မလာတော့နဲ့” ဆိုတဲ့အထိ အငြိုးအတေးထားခြင်းများလည်း ရှိနေကြောင်း အခြား ဒေသခံတဦးက ပြောသည်။
မနေ့ ဖြန်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် စစ်ကိုင်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဦးခင်မောင်သိန်း နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးနိုင် တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ကော့မှုးရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် သူယှဉ်ပြိုင်မယ့် ကော့မှုးမြို့ နယ်ကို အခုညနေ ၇ နာရီကျော်ကျော်မှာ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ ရောက်ပြီး မကြာခင်မှာပဲ မြို့ခံလူထုကို နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ရာ ပြည်သူ တစ်ထောင့်ငါးရာခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

ဒီကနေ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲရုံအသီးသီးမှာ မဲပေးနိုင်ဖို့ မန္တလေး မဟာအောင်မြေ မဲဆန္ဒနယ်မြေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲရုံကိုယ်စားလှယ်တွေဟာ မနက် ၅ နာရီကတည်းက မဲရုံအသီးသီးကို ရောက်ရှိနေကြပြီလို့ စုံစမ်းသိရှိရပါတယ်။မဲရုံ စုစုပေါင်း ၇၉ ရုံမှာ မဲရုံကိုယ်စားလှယ် ၁၅၈ ဦးက မဲဆန္ဒရှင်တွေကို ကူညီဖို့ အသင့်ဖြစ်နေကြတယ်လို့ မဟာအောင်မြေ မဲဆန္ဒနယ်မြေ ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

မဲရလဒ် လွဲမှားမယ့်အရေး မဲဆန္ဒရှင်တွေ စိုးရိမ်ပူပန်

ဒီကနေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်အထိ မဲစာရင်းအရေအတွက် မှန်မှန်ကန်ကန် မရှိတာကြောင့် မဲအရေအတွက် ရလဒ်မှားယွင်း ချွတ်ချော်မှုတွေ ရှိမှာကို မဲဆန္ဒရှင်အများစုက စိုးရိမ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အမှတ် (၈) ရပ်ကွက် မဲရုံအမှတ် (၁) မှာ မနေ့က နေ့လည် (၁၁) နာရီက ကြိုတင်မဲသွားပေးရာမှာ မိမိပေးလိုတဲ့ အမတ်လောင်းအတွက် မဲခြစ်ပေးရာမှာ မဲပေးစာရွက်က ခြစ်လို့မရဘဲ ချော်နေကြောင်း သိရပါတယ်။

မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်က ကျေးရွာမဲဆန္ဒနယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးတွေက မနေ့က တအိမ်တက်ဆင်း ကြိုတင်မဲလိုက်ကောက်နေတယ်လို့ NLD ပါတီ မြောင်းမြမြို့နယ် အောင်နိုင်ရေးတာဝန်ခံ ဦးမြင့်လွင်က ပြောပါတယ်။
အဲဒီလိုကောက်ခံရာမှာ NLD မဲရုံကိုယ်စားလှယ်တွေပါ လိုက်လံကြည့်ရှုခွင့် တောင်းရာမှာတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က အထက်က ညွှန်ကြားချက်မရှိလို့ လိုက်ပါခွင့် မရဘူးလို့ ဦးမြင့်လွင်က ပြောပါတယ်။

ရန်ကုန်မြို့ပေါ် လေးပိုင်းပိုင်း၍ မီးအလှည့်ကျ ပေးတော့မည်

လျှပ်စစ်မီး သုံးစွဲသူ များပြားလာသော်လည်း လျှပ်စစ် ထုတ်လုပ်နိုင်စွမ်းအား မမျှတမှုကြောင့် ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးသည့် စနစ်ကို ပြန်လည် ကျင့်သုံးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ကြေညာသည်။

ရန်ကုန်မြို့ပေါ်တွင် A, B, C နှင့် H ဟူ၍ အုပ်စုခွဲကာ အလှည့်ကျ မီးပေးမည်ဖြစ်ရာ တအုပ်စုကို ခြောက်နာရီစီ အလှည့်ကျစနစ်ဖြင့် ပေးသွားမည်ဖြစ်ကြောင်း တိုင်း လျှပ်စစ်ဓါတ်အားပေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က
ပြောသည်။

ခေါင်းဆောင်လေးများ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
လွန်ခဲ့သောတစ်လခန့်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ကျုံကူတိုက်ကျောင်းမှ ဦးဇင်း ဦးဆန္ဒာဓိကသည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ကြွရောက်လာပြီး ကျုံကူကျေးရွာရှိ ကလေးသူငယ်များ၏အနာဂတ်အတွက် ပညာသင်ကြားရေးနှင့်ပတ်သက်ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ၊ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက် နှင့်အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့နှင့် အကြံဉာဏ်၊ အကူအ ညီများ လာရောက်တောင်းခံဆွေးနွေးခဲ့ရာ ဦးကျော်သူမှ နယ်ခံ၊ ဒေသခံ ပရဟိတစိတ်ဓါတ်ဖြင့် ပညာဒါနပေးလိုသောဆရာ/မများရှိရန် အရေးကြီးကြောင်း၊ ပညာလိုလားသော ကလေးငယ်များရှိသော်ငြားလည်း သင်ကြားပြသမည့် ဆရာ/မများမရှိလျှင် ပညာရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ ပညာသင်ကြားပေးမည့် ဆရာ/မများသည်လည်း ပရဟိတစိတ်ဓာတ်ထက်သန်သော ဆရာ/မများဖြစ်ရန် အရေးကြီး ကြောင်း ပြောကြားလျှောက်ထားခဲ့ရာ ဦးဇင်းဦးဆန္ဒာဓိကမှ ဘုန်းဘုန်းတို့ ဤကိစ္စအား မဖြစ်ဖြစ်အောင် စွမ်းဆောင်မည်ဖြစ်ကြောင်း ပြန် လည်ပြောကြားခဲ့သည်။၃၁.၃.၂၀၁၂ ရက်(စနေနေ့) တွင် ဦးဇင်းဆန္ဒဓိက နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ရွှင်လန်းတက်ကြွစွာ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကူကျေးရွာ၊ ကျုံကူတိုက် ကျောင်းဆရာတော်ဘဒ္ဒန္တ၀ိစိတ္တသာရ (နယ်လှည့်ဓမ္မကထိက) ၏ သြ၀ါ ဒလမ်းညွှန်ပေးမှုနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အကြံပြုချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းကို ပြော ကြားကာ ကျုံကူကျေးရွာရှိပညာရေးချို့တဲ့နေသော ကလေးငယ်များအတွက် ပညာဒါနပြုလုပ်သင်ကြားပေးသော ဆရာ/မ (၅)ဦး နှင့် အင်္ဂလိပ်စာ သင်ကြားပေးသော သံဃာတော် (၁) ပါးနှင့် ပညာရေးကိစ္စရပ်အား အကောင်အထည်ဖော်သင်ကြားပေးနေကြောင်းကို ဓါတ်ပုံ များဖြင့် ပြသခဲ့သည်။ သူငယ်တန်းကျောင်းသား ဦးရေ (၃၀)၊ ပထမတန်း (၁၅) ဦး၊ ဒုတိယတန်း (၁၈) ဦး၊ တတိယတန်း (၁၈) ဦး၊ စတုတ္ထ တန်း (၁၀) ဦး စုစုပေါင်း ကျောင်းသားကလေးငယ်ပေါင်း (၉၁) ဦးနှင့် အင်္ဂလိပ်စာသင်ကြားတက်ရောက်နေသော ကျောင်းသားများမှာ ပထမ/ဒုတိယတန်း (၉၂) ဦး၊ တတိယ/စတုတ္ထတန်း (၉၇) ဦး၊ အလယ်တန်း (၆၀) ဦး၊ အထက်တန်း (၂၁) ဦး စုစုပေါင်း (၂၇၀) ဦးတို့သည် ပညာရေးကိုလိုလား၍ သင်ကြားနေကြသောကလေးငယ်များဖြစ်ကြသည်ကို သိရှိခဲ့ရသည်။ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အများပြည်သူတို့ကိကူညီဖေးမပေးနေရသော နာရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ပါဝင်နေသော ပညာရေးထောက်ပံ့မှု၊ မြှင့်တင်မှုဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ၊ ကျုံကူတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသာရ (နယ်လှည့်ဓမ္မကထိက) ၏သြ၀ါဒလမ်ညွှန်ပေးမှုဖြင့် တပည့်ဦးဆန္ဒာဓိက ဦးစီးဖွင့်လှစ်ပေးထားသော ပညာ ရေးချို့တဲ့သော ကလေးသူငယ်များအတွက် ဘုန်းတော်ကြီးသင်ပညာရေး ဘ/ပ ကျောင်းအတွက် ပညာသင်ကြား ရာတွင် အထောက်အပံ့ ဖြစ်စေ သည့် ဗလာစာအုပ် (၂၃)ဒါဇင် အုပ်ရေ (၂၇၆) ၊ ခဲတံ(၄၀၀)၊ 4 Skills အင်္ဂလိပ်စာအုပ်များကို ပထမအကြိမ်အဖြစ် လှူဒါန်းပေးခဲ့ပါသည်။ ထိုကဲ့သို့ ပညာရေးချို့တဲ့နေသော အနာဂတ် ခေါင်းဆောင်များဖြစ်လာကြမည့်ကလေးငယ်များအတွက် ထွန်းလင်းတောက်ပလာမည့် အနာဂတ် မြန်မာပြည်၏ ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာစေမည့် ပညာဒါနအဖြစ် လှူဒါန်းမှုပြုလုပ်လိုပါက ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကူကျေးရွာရှိ ကျုံကူတိုက်ကျောင်းသို့လည်းကောင်း၊ သွားလာရေး ခက်ခဲမှုရှိပါက နာရေးကူညီမှုအသင်းလ (ရန်ကုန်) အ မှတ် (၁၃/က) ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဆက်သွယ်ရန်ဖုန်း ၀၁-၅၈၀၁၃၃၊ ၀၁-၅၈၁၃၆၃ သို့ လာရောက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပညာဒါနအဖြစ် နှိုးဆော်လိုက်ရပါသည်

Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment