မြန်မာသတင်းများ ဧပြီလ ၈ ရက် ၂၀၁၂ ခုနှစ်
လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် လူထုရဲ့ စီးပွားရေး၊ လူမှုရေးတွေ ပြန်လည်ပြုပြင်ရေးမှာ ဒီမိုကရေစီမူတွေနဲ့အညီ အမြန်ဆုံး စတင်ဆောင်ရွက်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး သိန်းတရာ မ-တည်ပြီး ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်မှာ စတင်မှာ ဖြစ်ပေမယ့် တပြည်လုံးမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်း NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
NLD အနေနဲ့အရင်က ပြောဆိုထားတဲ့အတိုင်း ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဘောင်အတွင်းကနေ ဆောင်ရွက်သွားမယ်လို့ ဒီနေ့ကြေညာချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့တဲ့ ပြည်သူလူထု အပါအဝင်၊ နိုင်ငံတော်သမ္မတ၊ ပါတီတွေနဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာသမားတွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း NLD က ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲတုန်းက အဖြစ်အပျက်တွေကို ပြန်လှန် သုံးသပ်သလို၊ နောင်လာမယ့် ရွေးကောက်ပွဲတွေ အတွက် ပြုပြင်စရာတွေ ဆွေးနွေးခဲ့ကြတယ်လို့ မိတ္ထီလာ မဲဆန္ဒနယ်က NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
အခု အနိုင်ရလိုက်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီလကုန်ပိုင်းလောက်မှာ လွှတ်တော်အစည်းဝေးတွေ စတင် တက်ရောက် နိုင်တော့မယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံ နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂအဖွဲ့ဝင် ဖြစ်ပြီ
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀ ရှိတဲ့ IPU မှာတောင်ဆူဒန်က ၁၆၁ နဲ့ မြန်မာက ၁၆၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်သွားကြပါတယ်။
ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပနေတဲ့ ၆ ရက်ကြာ IPU ညီလာခံ နောက်ဆုံးနေ့မှာ အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ရာဒီ က- " မြန်မာနဲ့ တောင် ဆူဒန်နိုင်ငံတွေ အသစ်ပါဝင်လာကြလို့ အခုဆိုရင် IPU မှာအဖွဲ့ဝင် ၁၆၂ နိုင်ငံ ရှိသွားပါပြီ။ အခုလို IPU အဖွဲ့ဝင်ဖြစ်လာတာဟာ သက်ဆိုင်ရာ နိုင်ငံတွေအတွက် သူတို့ရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာ စာမျက်နှာသစ် ဖွင့်လိုက်တာပဲဖြစ်ပါတယ်။ နိုင်ငံသစ်တွေကို IPU က ကြိုဆိုပါတယ်။ သူတို့ တိုင်းပြည်တွေမှာ ပါလီမန် ဒီမိုကရေစီစနစ် အခြေခံအုတ်မြစ်တွေ ခိုင်မာလာအောင် တည်ဆောက်တဲ့နေရာမှာ မိမိတို့က ကူညီထောက်ပံ့ အားပေးကြမှာ ဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
IPU ခေါ် နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပါလီမန်ကိစ္စတွေ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရေး၊ တိုင်းပြည် လူထုတွေကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးတို့အတွက် ထူထောင်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲအပြီး နိုင်ငံခြားလုပ်ငန်းတွေ ၀င်ရောက်ဖို့ တာစူ
ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး Mizuho ဘဏ်တိုက်ကြီးက သူတို့ရဲ့ ရုံးခွဲတစ်ခုကို ရန်ကုန်မှာ သောကြာနေ့က ဖွင့်လှစ်လိုက်ကြောင်း ပြောဆိုပါတယ်။ အဲဒီရုံးကနေ မြန်မာပြည် အခြေအနေတွေကို လေ့လာပြီး၊ Mizuho ဘဏ်ရဲ့ လုပ်ငန်းတွေကို တိုးချဲ့မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ အကြီးဆုံး လက်လီ ကုန်စုံဆိုင်ကြီးဖြစ်တဲ့ Lawson ကုမ္ပဏီကလည်း ဒီနှစ်ကုန်ပိုင်းလောက်မှာ ပထမဆုံး ဆိုင်ခွဲတစ်ခု ရန်ကုန်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
Lawson ကုမ္ပဏီဟာ တရုတ်နဲ့ အင်ဒိုနီးရှားမှာ ဆိုင်ခွဲပေါင်း (၃၀၀) ကျော် ဖွင့်လှစ်ထားပြီး အိန္ဒိယနဲ့ ဗီယက်နမ်အထိ တိုးချဲ့ဖို့ ရည်ရွယ်ထားပါတယ်။
အမေရိကန် အခြေစိုက် GE ခေါ် General Electric ကုမ္ပဏီကြီးက အကြီးတန်း အရာရှိတစ်ဦးလည်း သောကြာနေ့က မြန်မာပြည်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အလားတူ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူတာတွေ လျှော့ပေါ့ပေးမှုနဲ့အတူ ဘဏ်စနစ်ကို ခေတ်မီအောင် ကူညီမယ်လို့ ပြောဆိုထားတဲ့အတွက် visa အကြွေးကတ်ကုမ္ပဏီကလည်း မြန်မာပြည်ကို လာရောက် လေ့လာဖို့ ရှိနေပါတယ်။
အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးကတော့ မြန်မာပြည်မှာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ အချိန်တန်နေတဲ့ ကဏ္ဍတွေက စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းကို ပြောဆိုပါတယ်။
တိုင်းရင်းသားတွေနဲ့ တန်းတူဆက်ဆံရေးမူ ဦးသိန်းစိန်လက်တွေ့ကျင့်သုံး
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာခဲ့ပြီး ၁ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်တဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန် တို့ စနေနေ့ မနက်က နေပြည်တော်မှာ တွေဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုအတွင်း သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုအပေါ် ကြိုဆိုတဲ့အကြောင်းနဲ့ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ဆက်ဆံပြီး ထာဝရငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းနေတဲ့အကြောင်းကို KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ရှင်းပြခဲ့တယ်လို့ KNU ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ စောသာဒိုမူး က ပြောပြပါတယ်။
သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရှင်းလင်းချက်တွေနဲ့ပတ်သက်ပြီးတော့ သမ္မတကြီးဟာ တိုင်းပြည်အကျိုးကို လိုလားတယ်ဆိုတာ လက်ခံလို့ရပြီး သူ့ရဲ့ ပြောဆိုချက်တွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေဟာ ကိုက်ညီမှု ရှိတာကိုလည်း တွေ့ရတယ်လို့ KNU က အခုလို မှတ်ချက်ချခဲ့ပါတယ်။
KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် နဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၆ ရက် သောကြာနေ့က မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ငြိမ်းချမ်းရေးမှာ အဓိက ကျတဲ့ အချက် ၆ ချက်နဲ့ပတ်သက်ပြီး မှတ်တမ်းတင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ဒီအချက်တွေထဲမှာ ကြောက်ရွံ့ မှုကင်းတဲ့ ပြည်သူလူထုရဲ့ ဘ၀ကို ဖန်တီးပေးဖို့နဲ့ လူထုကို အကျိုးရှိစေမယ့် ငြိမ်းချမ်းရေးမျိုးကို ဆက်လက် အကောင်အထည် ဖော်သွားဖို့တွေ ပါဝင်ပါတယ်။
အခုလို မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ KNU အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် KNU အနေနဲ့ အားရကျေနပ်မှု ရှိပြီး နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်းမှာ ပထမဆုံးအကြိမ် တန်းတူရည်တူ ဆွေးနွေးပြောဆိုတာမျိုးကို တွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့လည်း စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ကတော့ အဆင့်တွေ ကျန်သေးတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စောသာဒိုမူး က ပြောပါတယ်။
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင် စောသာဒိုမူး ဖြစ်ပါတယ်။ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ညနေပိုင်းမှာ ရန်ကုန်ကို ပြန်လည် ထွက်ခွာခဲ့ကြပြီး တနင်္ဂနွေနေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား သလို ရန်ကုန်မှာရှိတဲ့ ကရင်အသိုင်းအ၀ိုင်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် တနင်္လာနေ့မှာတော့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာရှိတဲ့ IDP ကရင်ဒုက္ခသည် ၂ ထောင်ကျော်ရဲ့ အခြေအနေတွေကိုလည်း သွားရောက် လေ့လာကြမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိတွေနဲ့ အင်္ဂါနေ့မနက်ပိုင်းမှာ ဆက်လက် တွေ့ဆုံဖို့ရှိပြီး အဲ့ဒီဒေသတွင်းမှာရှိတဲ့ အစိုးရတပ်တွေနဲ့ KNLA တပ်တွေရဲ့ လှုပ်ရှားမှု အခြေအနေတွေ အကြောင်း ဆွေးနွေး ပြောဆိုကြဖို့ရှိတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စောသာဒိုမူး က ရှင်းပြခဲ့ပါတယ်။
KNU အဖွဲ့ဟာ မြန်မာအစိုးရ အဆက်ဆက်ကို ၆၃ နှစ်ကြာ တော်လှန်လာခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၂ ရက်နေ့ကပဲ ကရင်ပြည်နယ် ဘားအံမြို့မှာ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြည်နယ်အဆင့်နဲ့ တခါ - ပြည်ထောင်စုအဆင့် ဆက်လက်ဆွေးနွေးဖို့အတွက် တခါ ၂ ပိုင်းခွဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
ယခင် KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြနဲ့ အဲဒီအချိန်က မြန်မာဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန်တို့ဟာ ၂၀၀၄ ခုနှစ် ဇန်န၀ါရီလဆန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ရန်ကုန်မှာ တွေ့ဆုံတဲ့အထိ သမိုင်းဝင်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ၂ ဘက်အကြား အပစ်အခတ် ရပ်စဲထားဖို့သာ ယာယီအားဖြင့် သဘောတူညီနိုင်ခဲ့ပြီး အခုလို လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်အထိတော့ အောင်မြင်မှု မရှိခဲ့ပါဘူး။
သမ္မတနဲ့ ကေအင်ယူတွေ့ဆုံ
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိလာခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို အထူးလေယာဉ်ဖြင့် သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံခဲ့ပါတယ်။ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းရဲ့ စီစဉ်မှုနဲ့ နေပြည်တော်ကို သွားရောက်ခဲ့တာဖြစ်ပြီး၊မြန်မာအစိုးရဘက်က စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ တို့ကလည်း လက်ခံတွေ့ဆုံတယ်လို့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုအရံအမြဲတမ်း ကော်မတီဝင် ဖဒို စောအားတိုးက ပြောပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ အဖွဲ့ဝင် ခုနှစ်ဦးပါအဖွဲ့ကို ကေအင်ယူရဲ့ အထွေထွေ အတွင်းရေးမှုး နော်စီဖိုးရာစိန်က ဦးဆောင်ခဲ့ပြီး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမူတူးစေးဖိုး၊ စစ်ဘက်ရေးရာ ကော်မတီ အတွင်းရေးမှုး ဗိုလ်မှုးကြီး စောထူးထူးလေးတို့ ပါဝင်ကြောင်း သိရပါတယ်။
တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပရေး KNPLF တိုက်တွန်း
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ကယားပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအဖွဲ့ နဲ့ ကလလတ အဖွဲ့ ခေါင်းဆောင်တွေ ဒီကနေ့ လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ် အခုလို ပန်ကြားလိုက်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးက မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားပြည်သူတွေအနေနဲ့ ပြည်ထောင်စုက ခွဲထွက်လိုတဲ့ ဆန္ဒမရှိကြောင်း ဒါပေမဲ့ ပြည်ထောင်စုအတွင်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရလိုကြောင်း KNPLF တာဝန်ရှိသူတွေက ထောက်ပြ ဆွေးနွေးခဲ့တယ်လို့ ကိုမြအေးက ပြောပါတယ်။
ကိုမြအေး၊ ကိုပြုံးချို ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအဖွဲ့ နဲ့ KNPLF အဖွဲ့ လူထုဆက်ဆံရေး တာဝန်ခံ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟက်စတာ၊ ဗိုလ်မှူး ဦးစိန်လှိုင်အပါအ၀င် လူငယ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပွဲမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ပြည်သူ့အကျိုး ဆောင်ရွက်ရေး အခြေခံအချက်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအဖွဲ့ဟာ ဧပြီ ၄ ရက်နေ့က ကယန်းပြည်သူ့ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ကယားပြည်နယ် ဖယ်ခုံမြို့မှာ တွေ့ဆုံခဲ့သလို ဧပြီ ၅ ရက်နေ့က မျိုးဆက်သစ်လူငယ်တွေ ဒေသခံ တောင်သူလယ်သမားတွေနဲ့လည်း မိုးဗြဲမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
ကချင်ပြည်နယ်ကို ကမ္ဘာ့ အမွေအနှစ်အဖြစ် ထားရှိဖို့ မြသားကွန်ယက်အဖွဲ့ ကြိုးစားနေ
မြန်မာ့ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတတွေကို ထိန်းသိမ်းကာကွယ်ဖို့ ဆောင်ရွက်လိုစိတ်ရှိသူတွေ စုပေါင်းပါဝင်တဲ့ Green Network မြသားကွန်ယက်အဖွဲ့ဟာ ဧရာဝတီမြစ်ဆုံ အပါအ၀င် ကချင်ပြည်နယ် တစ်ခုလုံးကို UNESCO ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကနေ world heritage လို့ပြောတဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် တစ်သက်လုံး မပျောက်ပျက်ဖို့ ထိန်းသိမ်းရမယ့် နေရာအဖြစ် သတ်မှတ်နိုင်အောင် ကြိုးစားနေပါတယ်။
ကမ္ဘာ့ သစ်တောတွေ၊ တောင်တန်းတွေ၊ ရေကန်တွေ၊ မြစ်ချောင်းတွေ၊ သဲကန္တာရတွေ မပျောက်ပျက်ရအောင် UNESCO က ကမ္ဘာ့အမွေအနှစ် နေရာတွေအဖြစ် သတ်မှတ်တာမို့ bio diversity ဇီဝမျိုးစုံမျိုးကွဲ အမျိုးမျိုးရှိတဲ့ ကချင်ပြည်နယ်ကိုလည်း ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ပတ်ဝန်းကျင် မြတ်နိုးသူတွေက စီစဉ်နေတာပါ။
ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံဒေသကို ပထမဦးစားပေးထားပြီး ဒုတိယအနေနဲ့ တနင်္သာရီတိုင်း ထားဝယ်၊ တတိယအနေနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ဆက်သွယ်မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကိစ္စတွေမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးအတွက် ဆောင်ရွက်ဖို့ ရှိတယ်လို့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဆရာကြီး ဦးအုန်းက ပြောပါတယ်။
ကချင် တစ်ပြည်နယ်လုံးကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထားရှိဖို့ Green Network အဖွဲ့က ကြိုးစားနေတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွင် လုံခြုံရေးတပ်ဖွဲ့ တစ်ချို့သာကျန်ရှိတော့ပြီး စက်ယန္တရားပစ္စည်းများကိုလည်း ရွှေ့ထုတ်ခြင်း၊ ပြန်သယ်ခြင်းများပြုလုပ်သွားရန် စီစဉ်နေသည်ဟု သိရကြောင်းနှင့် စီမံကိန်း ဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိပါကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်းမှ ပြောကြားခဲ့ပါသည်။
အဆိုပါအချက်ကို ဧပြီလ ၆ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel တွင်ပြုလုပ်ခဲ့သော ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့၏ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု သတင်းစာရှင်း လင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦး ဇော်မင်းမှ Sky Net ရုပ်သံမှ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင် Sky Net ရုပ်သံမှ ဒေါက်တာတင်အောင်ရွှေမှ မြစ်ဆုံစီမံကိန်းအား သမ္မတကြီးမှ ယခုအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဟု ကြေညာထားသော်လည်း ပြည်လည်လုပ်ဆောင်နေသည်ဟု သတင်းများထွက်နေခြင်းနှင့် ပတ်သက်၍ တကယ်ဟုတ်၊ မဟုတ် ပြောကြားပေးပါရန် မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းမှ " မြစ်ဆုံနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတကြီးက လွှတ်တော်မှာ သ၀ဏ်လွှာပို့ပြီးတော့ မြစ်ဆုံစီမံ ကိန်းကို ရပ်ဆိုင်းထားဖို့ ကြေညာခဲ့ပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ နိုင်ငံတော်သမ္မတ ဆုံးဖြတ်ထားတဲ့ကိစ္စ၊ လွှတ်တော်မှာ အတည် ပြုကြေညာထားတဲ့ကိစ္စဖြစ်ပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်တို့က ဆုံးဖြတ်ထားတဲ့ကိစ္စ၊ အတည်ပြုထားတဲ့ကိစ္စကို ၀န်ကြီးဌာနက ဆက်လုပ်စရာ ဘာမှမရှိပါဘူး။ လုပ်နေတာလည်း မရှိပါဘူး။ လုံးဝရပ်ဆိုင်းထားပါတယ်။ သို့သော်လည်း စီမံကိန်းက စတင်လုပ်ဆောင်တဲ့အချိန်က သုံးလေးနှစ်လောက်ရှိခဲ့ တဲ့ အခါကျတော့ သုံးခဲ့တဲ့ စက်ယန္တရားတွေ၊ ယာဉ်တွေ၊ စက်ကိရိယာတွေ၊ အချို့သော တည်ဆောက်ရေး ပစ္စည်းတွေ၊ ဥပမာအားဖြင့် သံချောင်းလိုဟာမျိုးတွေပေါ့။ နောက် စမ်းသပ်စစ်ဆေးရတဲ့ Laboratory ပစ္စည်း၊ ပစ္စယမျိုးတွေ စသဖြင့် ချက်ချင်းရွှေ့ထုတ်လို့ မရတဲ့ပစ္စည်းတွေ ကျန်ပါတယ်။ အဲဒါတွေကို မပျောက်ပျက်အောင် စောင့်ရှောက်ပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့အချို့တော့ ကျန်ပါတယ်။ စက်ယန္တရားပစ္စည်းတွေကိုလည်း ရွှေ့ထုတ်ဖို့၊ ပြန်သယ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။ စီမံကိန်း ဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိကြောင်း တင်ပြအပ်ပါတယ်" ဟု ပြန်လည်ဖြေကြားသွားခဲ့ပါသည်။

လက်ရှိ မြစ်ဆုံဒေသ၌ ရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော် သမ္မတက ရပ်နားထားသည် ဆိုသော်လည်း အဆိုပါ စီမံကိန်းတွင် အဓိကလုပ်ကိုင်နေသည့် တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ ၀န်ထမ်းများ ယင်းဒေသတွင် နေထိုင်လျှက်ရှိခြင်းနှင့် ဆက်စပ်ပြီး စီမံကိန်းဝင်ဒေသများ၌ နိုင်ငံခြားသားများအား မည်သည့် မူဝါဒ စည်းမျဉ်းစည်းကမ်းများဖြင့် လက်ခံစီစစ် နေထိုင်ခွင့်ပေးထားသည်ကို သိရှိလိုသောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအား ဧပြီလ (၆)ရက်နေ့၌ ရန်ကုန်မြို့တွင် Eleven Media Group မှ တွေ့ဆုံမေးမြန်းခဲ့သည့်များကို ပြန်လည် ဖေါ်ပြအပ်ပါသည်။
မေး။ ။ မြန်မာနိုင်ငံကို လုပ်ငန်းကိစ္စနဲ့ လာရောက်ကြတဲ့ ပြည်ပလုပ်ငန်းရှင်တွေကို ဘယ်လိုမူဝါဒနဲ့ ဗီဇာချုထားပေးပါသလဲ။ နောက်ပြီး ပြည်ပခရီးသွားတွေကို ဗီဇာဘယ်လိုပေးနေသလဲဆိုတာ သိလိုပါတယ်။
ဖြေ။ ။ ဌာနမှာ ဗီဇာပေးတဲ့ စည်းကမ်းဆိုတာရှိတယ်။ ဥပမာအားဖြင့် လုပ်ငန်းရှင်တစ်ယောက် Business Visa နဲ့ဝင်လာမယ်ဆိုရင် ဒီမှာသူ့ကို အာမခံတဲ့ Focal Ministry ရှိဖို့လိုတယ်။ ဆိုပါစို့ သစ်လုပ်ငန်းနဲ့ ပတ်သက်တဲ့စက်ရုံမှာ လာပြီးလုပ်မယ့်သူ ဆိုလို့ရှိရင် ဒီကပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာနကနေ အာမခံပေးမယ်။ အဲဒီလို Sponsor ပေးတဲ့သူကို ၀င်ခွင့်ပေးလိုက် တာပေါ့။ Business Visa သည် ၁၂ ပတ်ပေးတယ်။ ပြီးတော့မှ လုပ်ငန်း မပြတ်ဘူးဆိုလို့ရှိရင် သက်ဆိုင်ရာ ၀န်ကြီးဌာနက ထပ်ပြီးတော့ extension တောင်းရတယ်။ တောင်းတဲ့အခါကျရင် သူက extension ပေးမှာ ပဲ။ အဲဒီတော့ သုံးလတို့၊ ခြောက်လ တို့၊ ကိုးလတို့ စသည်ဖြင့် အဲဒီလို ပေးသွားတယ်။ ဒါက နိုင်ငံခြားသား လုပ်ငန်းရှင်တွေ။ ခရီးသွားတွေက တော့ Tourist Visa ပေါ့။ Tourist Visa ကတော့ ဟိုတယ်/ခရီးကတာ ၀န်ယူတယ်။ ဟိုတယ်/ခရီးကို လျှောက်ရတယ်။ သူက package tour လာမလား၊ တစ်ဦးချင်းလာမ လား။ အဲဒီလူတွေကို ဒီအထဲကို ၀င် တဲ့အခါမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သူ့ မှာ black list ရှိမလား၊ မရှိဘူးလား ကြည့်လိုက်တယ်။ မရှိရင် ၀င်ခွင့်ပေး လိုက်တယ်။ သူကတော့ လေးပတ်။ သူကတော့ extension မပေးတော့ဘူး။ ပြန်လာချင်ရင် ပြန်ပြီးတော့ ထွက်၊ ထွက်ပြီးတော့ ပြန်လာပေါ့။ အဲဒီစည်းမျဉ်းစည်းကမ်းနဲ့ လက်ခံတာပေါ့။ ဒီဘက်မှာနေတဲ့ စည်းမျဉ်းကတော့ တည်ဆဲဥပဒေအတိုင်းပါပဲ။ နိုင်ငံခြားသားတွေ လိုက်နာရတဲ့ ဥပဒေတွေ လိုက်နာရတာပေါ့။ ဒါက နံပါတ်(၁)။
မေး။ ။ နယ်စပ်ဒေသတွေမှာရှိတဲ့ စီမံကိန်းတွေမှာ လာရောက်လုပ်ကိုင်ကြမယ့် ပြည်ပပညာရှင်တွေနဲ့ အလုပ်သမားတွေကို ဗီဇာ ချထားပေးတဲ့နေရာမှာ ဘယ်လောက်နေခွင့် ပေးပါသလဲ။
ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ နယ်စပ်ဒေသတွေမှာရှိတဲ့ စီမံကိန်းတွေမှာပေါ့။ ဒါနဲ့ ပတ်သက်လို့ ၀င်ချင်တယ်ဆိုရင် ပတ်သက်ရာ ၀န်ကြီး ဌာန၊ ဥပမာ ရေအားလျှပ်စစ်နဲ့ဝင်မယ်။ လျှပ်စစ်ဝန်ကြီးဌာနက approve offer ပေးရတယ်။ ၀င်တဲ့သူ ကို green card ဆိုတာပေးတယ်။ ကာလကရက်ပေါင်း ၉၀။ သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ အစိုးရအဖွဲ့ကိုတင်၊ အစိုးရအဖွဲ့ကနေမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို အကြောင်းကြားလိုက်။ ၀င်ခွင့်ပေးလိုက်တာပေါ့။ green card ဆိုတာပေးလိုက်တယ်။ အဲဒီမှာ အလုပ်တွေသွားလုပ်တာ ပေါ့။ extension ရှိပါတယ်။
မေး။ ။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှာ တရုတ်နိုင်ငံသားတွေ လာရောက်လုပ်ကိုင်တာ ရှိပါတယ်။ အခု စီမံကိန်းရပ်တန့်ထားတယ် ဆိုပေမယ့် အဲ့ဒီတရုတ်နိုင်ငံသားတွေ ရှိနေတုန်းပဲလို့ သိရပါတယ်။ သူတို့ကို ဘယ်လိုမူဝါဒနဲ့ နေထိုင်ခွင့် ပြုထားတာပါလဲ။
ဖြေ။ ။ အဲဒါကတော့ ကျွန်တော်တို့ ၀န်ကြီးဌာန ကိစ္စသိပ်မဟုတ်ဘူးလေ။ ဒါကို လျှပ်စစ်ဝန်ကြီးဌာနက လုပ်တယ်ဆိုတော့ ရှိနေသလား၊ မရှိနေသလား သေသေချာချာ ဂဃနဏ ကျွန်တော်တို့ မသိပါဘူး။ ဒီဟာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ပြီးတော့ ကျွန်တော်တို့ကို အကြောင်း ကြားတာပဲရှိပါတယ်။

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment