နိုင်ငံရေးအဘိဓမ္မာမဲ့တဲ့ အမျိုးသားရေး နိုးကြားမှု
မြစ်ဆုံကိစ္စမျိုးမှာတောင် အမျိုးသားရေး နိုးကြားမှုသာ အစွန်းထွက်တန်ဖိုး အနေနဲ့ ပေါ်လာရတယ်။ နိုင်ငံရေးအဘိဓမ္မာ ကင်းမဲ့တဲ့ အမျိုးသားရေး နိုးကြားမှုဆိုတာ ၀ိုင်အမ်ဘီအေခေတ် အဆင့်အတန်းပဲ။ အမျိုးသားရေး နိုးကြားမှုကို ၈၈အုပ်စုလိုမျိုးက ဦးဏှောက်တပ်ဆင် ပေးသင့်တယ်၊ နိုင်ငံရေး အဘိဓမ္မာ သွပ်သွင်းသင့်တယ်၊ လက်သည် စစ်ဗျူရိုကရက် အရင်းရှင်စံနစ်အကြောင်း ဖွင့်ချသင့်တယ်။
အခုတော့ လူတွေဟာ တရုတ်နီဆန့်ကျင်ရေးကနေ စစ်အစိုးရ အာဘော် အနောက်မျှော် ဆန်ရှင်ရုတ်ရေးဆိုတာကို ပင်မ နိုင်ငံရေးလိုလားချက်သဖွယ် ယုံကြည်ယူဆလာကြတယ်။ လူလတ်တန်းစားဟာ တော်လှန်ရေး အင်အားစု ဖြစ်မလာပဲ၊ စီးပွားရေးလိုဘသာ ရှိတော့တဲ့ အမျိုးသားရေးဝါဒအခြေခံ လူတန်းစားပျက် ဖြစ်ကုန်ကြတယ်။
စစ်အုပ်စုဆိုတာ ဘာလဲလို့ အဓိပ္ပာယ်ဖွင့်မယ်ဆို စစ်ဗျူရိုကရက်နဲ့ လက်ဝေခံ အကြီးစား ခရိုနီတွေသာမက၊ ဒီ လူတန်းစားပျက်ကပါ ကိုယ့်ထမင်းကိုယ်စားပြီး ဦးဏှောက်ကို ဗော်လန်တီယာ စစ်ကျွန်ခံနေကြတယ်။ အခု လက်ဝေခံ နိုင်ငံရေးလမ်းကြောင်းကို ထောက်ခံကြတာလည်း နိုင်ငံရေးအဘိဓမ္မာမဲ့တဲ့ အမျိုးသားရေး နိုးကြားမှု သွင်ပြင်လက္ခဏာပဲ။
လူတွေ စစ်အစိုးရ မလိုချင်ကြောင်း ထုတ်ဖော်တာ အဲန်အယ်ဒီရယ်လို့ မရှိခင်၊ အနှစ် ငါးဆယ်အတွင်း တိုက်ပွဲပုံစံ ပေါင်းစုံနဲ့ ထုတ်ဖော်ပြီးဖြစ်တယ်။ အခုရွေးကောက်ပွဲမှာ မဲထည့်ကြတာလည်း စစ်အစိုးရကို ဆန့်ကျင်ခြင်း ပုံစံအဖြစ် တစ်ဝက်လက်ခံတယ်။
ဘာလို့ တစ်ဝက်ကျန်သလဲ။
စစ်အစိုးရကို ဆန့်ကျင်လိုတာကို အရင်းခံပါတယ်ဆိုမှ စစ်အခြေခံဥပဒေနဲ့တကွ ၂၀၁၀ ရွေးကောက်ပွဲ၊ စစ်လွှတ်တော်၊ စစ်အစိုးရတို့အတွက် ပါရမီဖြည့်ဖက်အဖြစ် ခံယူသွားတဲ့ အဲန်အယ်လ်ဒီရဲ့ နိုင်ငံရေးသစ္စာဖောက်မှုကို အားပေးအားမြှောက် လုပ်ရတဲ့ကိန်း ဆိုက်ရတဲ့အတွက်ဖြစ်တယ်။
လူထုလှုပ်ရှားမှုဆိုတာ ရွေးကောက်ပွဲရှိမှ မဲထည့်ကြရတဲ့ ပုံစံမျိုးသက်သက် ကန့်သတ်လို့တော့ မရဘူး။ မြန်မာပြည်လို စစ်လက်ဝါးကြီးအုပ် တိုင်းပြည်မျိုးမပြောနဲ့ ဒီမိုကရေစီ ရင့်ကျက်ပြီးဆိုတဲ့ နိုင်ငံများမှာပါ လူထုလှုပ်ရှားမှုတွေ အကြောင်းခံအမျိုးမျိုးနဲ့ ဖြစ်ထွန်းနေတာပဲ။
လူထုလှုပ်ရှားမှုတွေ ရှိလာတိုင်း နိုင်ငံရေးရည်မှန်းချက်တွေ တွဲပါလာတယ်။
ငါအစိုးရ လုပ်မယ်၊ နင်ဖယ်ပေးဆိုတဲ့ ရွေးကောက်ပွဲ^လွှတ်တော်နေရာ^အစိုးရအဖွဲ့ဆိုတဲ့ ရည်မှန်းချက်ထက် ကျော်လွန်တဲ့ လူမှုအသိုင်းအ၀ိုင်း လူအဖွဲ့အစည်းပုံစံ အခြေခံကအစ ပြောင်းသွားဖို့ လူထုလှုပ်ရှားမှုတွေ အခုမြန်မာပြည် အခြေအနေမှာ ပိုလိုအပ်တယ်။
ကျနော့်နိုင်ငံရေး ယုံကြည်မှုအရ မြန်မာပြည်ရဲ့ အရင်းခံပြဿနာဟာ စစ်ဗျူရိုခရက် အရင်းရှင်စံနစ် အမြစ်တွယ်နေတာမို့၊ ဒီ စစ်ဗျူရိုခရက် အရင်းရှင်စံနစ် ဖယ်ရှားပျက်သုဉ်းရေးဟာ နိုင်ငံရေးရည်မှန်းချက်ဖြစ်တယ်။
အဲန်အယ်လ်ဒီရဲ့ ရွေးချယ်မှုဟာ စစ်ဗျူရိုခရက် အရင်းရှင်စံနစ် သက်ဆိုးရှည်စေရာရောက်တယ်၊ ကမ္ဘာ့အရင်းရှင် အဖွဲ့အစည်းတွေနဲ့ စစ်အုပ်စုအကြား ရွှေလမ်းငွေလမ်း ဖောက်ပေးရာရောက်တယ်၊ စစ်အုပ်စုက အဲန်အယ်လ်ဒီကို လာဘ်ခေါ် ဇီးကွက်ရုပ်အဖြစ် လွှတ်တော်ထဲ တွဲလွဲဆွဲထားဖို့ ခေါ်တာဖြစ်တယ်လို့ ယူဆတဲ့အတွက် By-elections ဘိုင်အလက်ရှင် ၀င်တာဟာ နိုင်ငံရေးအရ မှားတယ်လို့ ယူဆတာဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံရေးအရ မှားတဲ့ ဘိုင်အလက်ရှင်ပေါ် တက်ကြွခြင်းဟာလည်း နိုင်ငံရေးအဘိဓမ္မာ ကင်းမဲ့တဲ့ အမျိုးသားရေး နိုးကြား လှုပ်ရှားမှုအဖြစ် သုံးသပ်မိပါတယ်။

Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment