မြန်မာသတင်းများ ဧပြီလ ၂၉ ရက် ၂၀၁၂ ခုနှစ်
 
မွန် ငြိမ်းအဖွဲ့ခေါင်းဆောင် အိမ်ပိုင်ဆိုင်မှု တရားရင်ဆိုင်

မော်လမြိုင်မြို့ပေါ်ရှိ မွန်ငြိမ်းချမ်းရေးအဖွဲ့ (မြိတ်ဒေသ) ခေါင်းဆောင် နိုင်စိုက်ချမ်း၏
နေအိမ်ကို အိမ်ပိုင်ဆိုင်မှု ပြဿနာဖြင့် ဗုဒ္ဓဟူးနေ့က အာဏာပိုင်နှင့် ရဲများက လာရောက် ဝိုင်းရံပြီး ချိတ်ပိတ်ရန် ကြိုးစားခဲ့ကြောင်း နိုင်စိုက်ချမ်း က ပြောသည်။

နိုင်စိုက်ချမ်းမှာ မွန်ပြည်သစ်ပါတီဝင်ဟောင်းဖြစ်ပြီး ၂ဝဝ၇ ခုနှစ်တွင် သီးခြားအဖွဲ့ထောင်ကာ ငြိမ်းအဖွဲ့ ကိုယ်စားလှယ် တဦးအဖြစ် အမျိုးသား ညီလာခံ တက်ရောက်ခဲ့သည်။ ၎င်း၏ မော်လမြိုင်မြို့ ဈေးကြိုရပ် ငန်းတေးလမ်း နေအိမ်သို့ နံနက် ၁ဝ နာရီကျော်တွင် မြို့နယ် တရားရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် လုံထိန်းရဲ ၅ဝ ခန့် လာရောက် ဝိုင်းရံခဲ့သည်ဟု နိုင်စိုက်ချမ်းက ပြောသည်။

“ကျနော့် ခြံဝင်းတံခါးသော့ကို ရိုက်ချိုးပြီး အိမ်ဝင်းထဲ ဝင်လာတယ်၊ ဒီလို အကြောင်းမကြားဘဲနဲ့ လုပ်တာ တရားနည်းလမ်း မကျဘူး။ ကျနော့် တပည့်တွေနဲ့ ခဏလောက် ရုတ်ရင်းဆန်ခတ် ဖြစ်ပြီး ညနေလောက်မှာ သူတို့ ပြန်ထွက်သွားတယ်” ဟု သူက ပြောသည်။

မျက်မြင်တဦး ဖြစ်သည့် သံလွင်တိုင်း(မ်) ဂျာနယ်မှ အယ်ဒီတာ နိုင်မင်းမင်းနွယ်ကလည်း “ကျနော် မြင်တဲ့အချိန်မှာတော့ ရုတ်ရင်းဆန်ခတ်မှု မဖြစ်သေးဘူး၊ စကားအခြေအတင် ပြောကြတာတော့ တွေ့တယ်” ဟု ပြောသည်။ နေအိမ် ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး မော်လမြိုင်တွင် သရဲလေးကောင်ဟု နာမည်ကြီးသည့် တရားပြိုင် အပ္ပရောင်း (ခေါ်) မောင်အေးနှင့် မော်လမြိုင်ခရိုင် တရားရုံးတွင် အပြန်အလှန် တရားစွဲဆိုထားကြောင်း သိရသည်။

“ကျနော့်မှာ မြေဂရမ်လည်း ရှိတယ်။ အရောင်းအဝယ် စာချုပ်လည်း ရှိတယ်။ အရင်ကတည်းက တိုင်းမှူးနဲ့ ကျနော် ညှိနှိုင်းပြီး ရုံးဖွင့်ဖို့ သဘောတူထားပြီးသား” ဟု နိုင်စိုက်ချမ်းက ပြောသည်။

တရားပြိုင် မောင်အေးဘက်မှလည်း ၎င်းအိမ်ကို ၂ဝဝ၆ ခုနှစ်ကပင် ဝယ်ယူထားခဲ့သည်ဟု နိုင်စိုက်ချမ်းက ပြောသည်။ အိမ်ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး မော်လမြိုင်ခရိုင်တရားရုံးက ပြတ်သားသည့် ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း ကာယကံရှင်က ပြောသည်။

၂ဝဝ၈ ခုနှစ်တွင် တကြိမ်၊ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလတွင်တကြိမ် ၎င်း၏ နေအိမ်ကို တရားပြိုင် မောင်အေးနှင့်
မော်လမြိုင်မြို့ခံ ရဲများက လာရောက် ဝိုင်းခဲ့သေးကြောင်း သူက ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး အိမ်ဝင်းအတွင်း ဝင်ရောက်ကျူးကျော်သည့် ရဲဝန်ထမ်းများကို မော်လမြိုင်မြို့ မုပွန်ရဲစခန်း တွင် တရားစွဲဆိုထားကြောင်း နိုင်စိုက်ချမ်းက ပြောသည်။

Italian-Thai ရင်နှီးမြှုပ်နှံမှုများ ပြန်ရုပ်ရန် စီစဉ်နေ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် တည်ဆောက်နေသည့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အဓိကလုပ်ကိုင်နေသော ထိုင်း နိုင်ငံအခြေစိုက် Italian-Thai Development ကုမ္ပဏီက လာမည့် ၂၀၁၂ ခု နှစ်ကုန်ပိုင်း၌ ရင်းနှီးမြှုပ်နှံနေသည့်လုပ်ငန်းများ ရုပ် သိမ်းရန် စီစဉ်နေကြောင်း သိရသည်။ ထားဝယ်တွင် သံမဏိ စက်ရုံ တည်ဆောက်ရန် လျာထားသည့် မြေနေရာကိုလည်း လာမည့် ၂ လ ၊ ၃ လအတွင်း ပြန် လည်ရောင်းချမည်ဖြစ်ကြောင်း Italian-Thai Development ကုမ္ပဏီ အကြီးအကဲ Premchai Karnasuta က အစုရှယ်ယာဝင်များ အစည်းအဝေးတွင် ပြောကြားသည်ဟု Reuters သတင်းတွင် ယနေ့ ဖော်ပြထားသည်။

RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် NLD ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံမည်

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး တက်ရောက်ရေးနဲ့ ပတ်သက်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ခေါင်းဆောင်တွေကို တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လာမဲ့ တနင်္ဂနွေနေ့မှာ သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။ NLD ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း အမြန်ဆုံး ပါဝင်လာရေးအတွက် ညှိနှိုင်းဆွေးနွေးတဲ့ အနေနဲ့ အခုလို သွားရောက်တွေ့ဆုံဖို့ စီစဉ် တာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို ဧပြီလ ၂၅ ရက်နေ့က ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေကလည်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းထံ မနေ့က စာရေးသား တောင်းဆိုခဲ့ပါတယ်။
ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးဟာ ဧပြီ ၃၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး စတုတ္ထ ပုံမှန်အစည်းအဝေးကို လာမဲ့ ဇူလိုင်လမှာ ပြန်လည် ကျင်းပမယ်လို့ သိရပါတယ်။

မြန်မာက ဥရောပသမဂ္ဂဆိုင်ရာရုံးကို အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံး အကြီးအကဲ ဖွင့်လှစ်

မြန်မာနိုင်ငံမှာ အီးယူ ဥရောပသမဂ္ဂဆိုင်ရာရုံးကို ဒီကနေ့ စနေနေ့မှာ တရားဝင် ဖွင့်လှစ်မယ်လို့ အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံး အကြီးအကဲ Catherine Ashton က မနေ့က မြန်မာပြည်ကို မထွက်ခွာခင်မှာ ပြောကြားလိုက်ပါတယ်။ ဘရူးနိုင်း နိုင်ငံကနေ ထွက်ခွာလာတဲ့ Catherine Ashton ဟာ ဒီကနေ့ မြန်မာပြည်ကို လေယာဉ်နဲ့ ဆိုက်ရောက်မှာဖြစ်ပြီး သူကိုယ်တိုင် အီးယူ ရုံးခန်းကို ဖွင့်လှစ်မှာပါ။ အခုလို ရုံးခန်းဖွင့်လှစ်လိုက်တာဟာ ဥရောပသမဂ္ဂရဲ့ လုပ်ငန်းတွေကို အပြည့်အ၀ ဆောင်ရွက်နိုင်ဖို့အတွက် ပထမခြေလှမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အီးယူရုံးအနေနဲ့ အရင်ဆုံး ဖွံဖြိုးရေးဆိုင်ရာမှာ ကူညီဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဘရူးနိုင်းနိုင်ငံမှာ မနေ့က ကျင်းပပြီးစီးသွားတဲ့ အီးယူနဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့အစည်းအဝေးမှာ Catherine Ashton က ပြောသွားပါတယ်။
အီးယူရဲ့ သမိုင်းတွင်တဲ့ အပြောင်းအလဲအဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လက်နက် ကူးသန်းရောင်းဝယ်ရေးကလွဲလို့ မြန်မာအပေါ် ထားတဲ့ပိတ်ဆို့ အရေးယူမှုတွေကို တစ်နှစ်ဆိုင်းငံလိုက်ပါတယ်။အီးယူရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လုံးဝရုပ်သိမ်းဖို့ ဆိုရင် မြန်မာအနေနဲ့ ဒီထက်မက အပြောင်းအလဲတွေ ဖြစ်အောင် ကြိုးစားလုပ်ဆောင်ဖို့ လိုကြောင်း အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံးအကြီးအကဲ Catherine Ashton က ပြောသွားပါတယ်။

အကြွေးပြန်ဆပ်ရင် အာရှဖွံဖြိုးရေးဘဏ်က မြန်မာကိုကူမည်

မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ထွန်းလာတဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးကို အကူအညီပေးဖို့ အဆင့်သင့်ရှိကြောင်း အာရှဖွံဖြိုးရေးဘဏ် ADB ဥက္ကဋ္ဌ Haruhiko Kuroda က မနေ့က ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက ADB အပေါ် အကြွေးတင်နေတဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးကို လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ မဖြစ်မနေ ပြန်ဆပ်မှသာ နောက်ထပ် ငွေကြေးဆိုင်ရာ အကူအညီအသစ်တွေကို ပေးနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒီလိုအကြွေးပေးဆပ်နိုင်ဖို့ အတွက်လည်း ADB ဟာ မြန်မာအစိုးရနဲ့ အပြုသဘောဆောင် ဆက်ဆံသွားမယ်လို့ Mr. Kuroda က ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် ရည်ရွယ်တယ်လို့လည်း သူကဆိုပါတယ်။
အရှေ့တောင်အာရှရဲ့လူဦးရေ စာရင်းအရဆိုရင် မြန်မာပြည်ဟာ အဆင့်လေးမှာရှိနေပြီး အလုပ်သမားဦးရေ အများအပြားရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် အခွင့်အလမ်းကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး သဘာဝရေနံနဲ့ ဓာတ်ငွေ့တွေ ထွက်ရှိတဲ့နိုင်ငံ ဖြစ်တဲ့အကြောင်း ADB ဥက္ကဋ္ဌ က ပြောသွားပါတယ်။

ဒေသခံ အာဏာပိုင်တွေရဲ့ မတရားမှု လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြ

မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ကံကောက်ရပ်ကွက်က နေအိမ်တွေကို လုပ်ငန်းရှင်နဲ့ ဒေသခံအာဏာပိုင် ပေါင်းပြီး ဈေးနှိမ်ဝယ်ယူ သိမ်းပိုက်နေသလို သဘောမတူတဲ့ အိမ်ရှင်တွေကို တရားစွဲမယ်လို့ သတိပေးစာ ပို့တယ်လို့ သိရပါတယ်။ အဲဒီကိစ္စအတွက် ဒေသခံတွေက လူ့အခွင့်အရေးကော်မရှင်ကို တင်ပြထားတယ်လို့ အိမ်အသိမ်းခံရမယ့် သူတစ်ဦးဖြစ်တဲ့ ဦးနန္ဒာဦးက ပြောပါတယ်။
အဲဒီနေရာက အိမ်မြေဈေးဟာ အရင်က တန်ဖိုးမကြီးပေမယ့် အခုနောက်ပိုင်းမှာတော့ သိန်းလေးရာဝန်းကျင် တန်တဲ့နေရာတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ စုစုပေါင်း နေအိမ် ၂၅ လုံးလောက်မှာ အိမ်ခြေတစ်ဝက်လောက်ကို သိန်းဆယ်ဂဏန်းလောက်နဲ့ ဝယ်ယူ သိမ်းပိုက်လိုက်တဲ့အတွက် အခုဆိုရင် မဖယ်ပေးဘဲ ဆက်လက်နေထိုင်သူ ဆယ်ဦးကျော်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပန်ကြားလွှာထုတ်ပြန်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဆရာ ဆရာမတွေကို ပန်ကြားလွှာနဲ့ ကျောင်းသား ကျောင်းသူတွေကို တိုက်တွန်းလွှာ ၂ စောင်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ဒီစာတွေမှာ ကျောင်းသားသမဂ္ဂတွေ နိုင်ငံတဝှန်း ဖွဲ့စည်းတည်ထောင် နေတဲ့အပေါ် ဆရာ ဆရာမတွေကပါ အားပေးကူညီဖို့နဲ့ အခုလိုသမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ဆဲ ကာလမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျောင်းသူ ကျောင်းသားတွေ စုပေါင်းဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက
" ကျောင်းသားထုရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ ကျောင်းသားတွေ အားလုံးနဲ့ တိုင်းပြည်တစ်ပြည်လုံးရဲ့ အရေးတွေမှာ ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ဖို့ ကျောင်းသားကျောင်းသူတွေ ဘက်ကလည်း ကတိသစ္စာပြုတယ်ပေါ့။ ဆရာ ဆရာမတွေကလည်း ကျောင်းသား ကျောင်းသူတွေရဲ့လှုပ်ရှားမှုကို စိုးရိမ်စရာမလိုပဲနဲ့ အားပေးကူညီဖို့ အားလုံးကိုယ်စား ဗကသများ အဖွဲ့ချုပ်ကတိုက်တွန်းတယ်။ နောက်တခါ သမဂ္ဂအဖွဲ့ တစ်ခုကို ခြိမ်းခြောက်တာမျိုး၊ အခက်တွေ့အောင် ဒါမှမဟုတ် ဖျက်သိမ်းပစ်အောင် ဖိအားပေးတာမျိုး၊ သွယ်ဝိုက်သတိပေးတာမျိုးတွေ ရှိလာခဲ့တယ် ဆိုရင်လည်း ကျွန်တော်တို့အားလုံးက စနစ်တကျ ပြင်ဆင်ပြီး ဒါမျိုးတွေ မဖြစ်ရလေအောင် ကျောင်းသားအားလုံးရဲ့ ထုထည်အင်အားနဲ့ ဝိုင်းဝန်းဖြေရှင်းကြမယ်။ ပြီးတော့ သတင်းကွန်ယက်တစ်ခု တည်ဆောက်ပြီးတော့ အမြဲမပြတ် ဆက်သွယ်နေခြင်းအားဖြင့် လှုပ်ရှားမှုတွေမှာ ပိုမိုမြန်ဆန် သွက်လက်လာစေမယ်။ အဲဒီလိုမျိုး ကြိုးပမ်းပေးကြပါလို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား သမဂ္ဂ အဖွဲ့ခွဲတွေကို တိုက်တွန်းလိုက်တာပါ"။
ဗကသများအဖွဲ့ချုပ်အနေနဲ့ နိုင်ငံအနှံ့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနေရာမှာ အခုဆိုရင် ခရိုင် (၁၀) ခု၊ ဒေသကြီး (၂) ခု၊ မြို့နယ် (၃)ခု တို့မှာ ဖွဲ့စည်းပြီးပြီလို့ သိရပါတယ်။

ရန်ကုန်မှာ ဥရောပသမဂ္ဂရုံးဖွင့်လှစ်

မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ အခြေခိုင်ဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ EU နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Catherine Ashton ကပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပထဆုံး EU ရုံးကို လာရောက်ဖွင့်လှစ်ပေးခဲ့တဲ့ EU အကြီးအကဲဟာ ဒီနေ့ နေ့ခင်းပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ကုန်သွယ်ရေး၊ စီးပွားရေးစတဲ့ EU က မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုတွေကို ယာယီဆိုင်းငံ့လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကို EU အကြီးအကဲ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံမှာ ပထမဆုံး EU ရုံးကို EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Catherine Ashton နဲ့ ရန်ကုန် တိုင်း၊ ဝန်ကြီးချုပ်ဦးမြင့်ဆွေတို့က ဒီကနေ့ ရန်ကုန်မြို့ အင်းလျားမြိုင်လမ်းမှာ ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ မြန်မာ နိုင်ငံမှာဖြစ်နေတဲ့ အပြောင်းအလဲတွေကို EU က တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှု တွေကို ယာယီဆိုင်းငံ့လိုက်ပြီး ခုလို EU ရုံးခန်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ EU သံတမန်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NGO တချို့ တက်ရောက်ကြတဲ့ ဖွင့်ပွဲမှာ EU အကြီး အကဲ Ashton က မြန်မာနိုင်ငံက လက်ရှိအပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့သဘောနဲ့ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံကို ကိုယ်စားပြုတဲ့ EU ရုံးခန်းကို ဖွင့်လှစ်တာဖြစ်ကြောင်း
မြန်မာနိုင်ငံက အပြောင်းအလဲတွေ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားနိုင်ဖို့ကူညီမှာဖြစ်ကြောင်း
ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာတဲ့ EU ရဲ့ အဆင့်အမြင့်ဆုံး တာဝန်ရှိသူ Ms. Ashton ဟာ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပါတယ်။ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ကူညီထောက်ပံ့မှု ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တုံ့ပြန်နိုင်ဖို့  ဒဏ်ခတ်ထားတဲ့ စီးပွားရေး၊ ကုန်သွယ်ရေးပိတ်ဆို့မှုတွေကို EU က ယာယီရပ်ဆိုင်းထားတာဖြစ်တယ်လို့ EU အကြီးအကဲက ပြောပ်ကြောင်းဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရပ်သွားမယ်ဆိုရင်တော့ ပြန်လည် ဒဏ်ခတ်အရေးယူမှုတွေ လုပ်မှာ ဖြစ်တယ်လို့ ဆိုကြောင်း မြန်မာနိုင်ငံမှာလုပ်နေတဲ့ အပြောင်းအလဲတွေဟာ ရေရှည်ခံဖို့ လိုအပ်တယ် ဆိုတာကိုလည်း EU မူဝါဒရေးရာအကြီးအကဲက အလေးထားပြောသွားခဲ့ပါတယ်၊
EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Catherine Ashton ဟာ မြန်မာနိုင်ငံကို ၃ ရက် ခရီးစဉ်နဲ့ရောက်နေ တာ ဖြစ်ပြီး သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ပါဝင် တွန်းအားပေးနေသူတွေနဲ့ အချိန်ယူတွေ့ဆုံနိုင်မယ့်အတွက် ဝမ်းသာတယ်လို့ ပြော ကြောင်းသူဟာ မနက်ဖြန် တနင်္ဂနွေနေ့ကျရင်တော့ နေပြည်တော်ကိုသွားပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဘန်ကီမွန်းနဲ့ အိန္ဒိယ၀န်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး

မြန်မာနိုင်ငံကို မနက်ဖြန်တနင်္ဂနွေနေ့မှာ ရောက်ရှိမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ့ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဘယ်လိုဝိုင်းဝန်းကူညီသွားကြမလဲဆိုတာနဲ့ ပတ်သက်ပြီး အိန္ဒိယ နိုင်ငံ ခရီးစဉ်အတွင်း ၀န်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ မနေ့က ဆွေးနွေးခဲ့ကြောင်း
အိန္ဒိယနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အိမ်ရှင် ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ မနေ့က သောကြာနေ့မှာ တွေ့ဆုံခဲ့ကြောင်း တနှစ်ကျော်ကျော် ကာလအတွင်းမှာ လူပေါင်း ၉,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဆီးရီးယားအစိုးရရဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်ရေး၊ နိုင်ငံတကာက ဖိအားပေးရေး အပါအဝင် ပထဝီနိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားကြောင်း ကမ္ဘာတဝှမ်း ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် အိန္ဒိယတပ်ဖွဲ့တွေကို အထူးတလည် စေလွှတ်ပေးတဲ့အတွက် မစ္စတာ ဘန်ကီမွန်းက ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို ကျေးဇူးရှိတင်ကြောင်း
မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါ မဏ္ဍိုင်ကြီးသုံးခုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး စတာတွေကိုအခြေခံပြီး ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ အလေးအနက် ဆွေးနွေးခဲ့ တယ်လို့ သတင်းထောက်တွေကို မနေ့က အခုလို ပြောဆိုသွားကြောင်း
"ရေရှည်တည်တံ့မယ့်ဖွံ့ဖြိုးရေးနဲ့ အားလုံး စိုးရိမ်မကင်းဖြစ်နေကြတဲ့ ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကအစ သီရိလင်္ကာနဲ့ နီပေါနိုင်ငံတွေ စတဲ့ ဒေသတွင်း အခြေအနေတွေ၊ အိန္ဒိယနဲ့ပါကစ္စတန် ဆက်ဆံရေး သင့်မြတ်အောင်အားပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် ဘယ်လို ဝိုင်းဝန်းကူညီကြမလဲ ဆိုတာကိုပါ ဆွေးနွေးခဲ့ပါတယ်။"
အခုလောလောဆယ် အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးမှုနယ်ပယ်သာမကဘဲနဲ့ လူ့အခွင့်အရေး ကိစ္စတွေကိုလည်း အလေးအနက် ကိုင်တွယ်နေပါတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရစ်ရှနာကလည်း မစ္စတာဘန်ကီမွန်းကို ပြောဆိုခဲ့ ကြောင်း နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ပင်လယ်ဓားပြနှိမ်နင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ရေရှည် တည်တံ့မယ့် ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းကြတာတွေဟာ အိန္ဒိယနိုင်ငံအတွက် ဦးစားပေးရမယ့် တာဝန်ဖြစ် တယ်လို့ မစ္စတာခရစ်ရှနားက ပြောကြောင်း
ကမ္ဘာ့စီးပွားရေးအင်အားကြီး ထွန်းသစ်စနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့ အတွက် ရန်ပုံငွေ ဒုတိယအများဆုံး ထည့်ဝင်တဲ့နိုင်ငံဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ သူ ၂၀၀၇ ခုနှစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီးတဲ့နောက်ပိုင်း ဒါဟာ အိန္ဒိယနိုင်ငံကို တတိယ အကြိမ် ရောက်ရှိခဲ့တာ ဖြစ်ကြောင်း
မစ္စတာဘန်ကီမွန်းနဲ့ဇနီးဟာ အရင်က ဘုံဘေလို့အများခေါ်ကြတဲ့ မွန်ဘိုင်းမြို့ကို ဒီကနေ့ သွားရောက်လေ့လာ မှာ ဖြစ်ပါတယ်။ အဲဒီနောက် မစ္စတာဘန်ကီမွန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္ဂနွေနေ့မှာတော့ မြန်မာနိုင်ငံကို ခရီးဆက်မှာဖြစ်ကြောင်း သိရပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment