မြန်မာသတင်းများ ဧပြီလ ၁၄ ရက် ၂၀၁၂ ခုနှစ် ဗြိတိသျှ ဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး
မြန်မာသတင်းများ ဧပြီလ ၁၄ ရက် ၂၀၁၂ ခုနှစ်
ဗြိတိသျှ ဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး
ဗြိတိသျှ ဝန်ကြီးချုပ် Mr David Cameron ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိသွားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်က သူတို့အနေနဲ့ မြန်မာနိုင်ငံအရေးကို သတိအပြည့်ထားပြီးတော့ အကောင်းဘက်ကို ကြည့်သွားရပါမယ်လို့ ပြောကြားပါတယ်။
မြန်မာအစိုးရအနေနဲ့ ဘာဖြစ်လို့ အခုလို အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် စီးပွားရေးတိုးတက်ရေးအတွက်၊ ဆင်းရဲမွဲတေမှုတွေ တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတာတွေ မြင်နေရပြီး၊ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ပေါ်ထွက်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ပြီး လိုက်ဖက်တဲ့ ပံ့ပိုးကူညီမှု ပေးသွားမှာဖြစ်တယ်။ ဒါကြောင့် ပိတ်ဆို့မှုတွေကို အားလုံး ပြန်ပြီးရုပ်သိမ်းမှာ မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံအများအပြားကိုကြည့်ရင် ဒီမိုကရေစီဟာ စီးပွားရေးအောင်မြင်မှုနဲ့ တွဲဖက်ရှင်သန်လာတာကို အထင်းသား တွေ့မြင်ကြရမှာပါ။ အခုဆိုရင် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများ လွှတ်ပေးလာတယ်။ တိုင်းရင်းသားအရေး ဆွေးနွေးမှုတွေ လုပ်လာတယ်။ အားရစရာမရှိသေးပေမဲ့ ဆက်လုပ်လာတယ်။ ပြုပြင်ပြောင်းလဲမှုတွေ များလာတာနဲ့အမျှ ကျွန်တော်တို့ကလည်း ပံ့ပိုးအားပေးသွားမှာ ဖြစ်တယ်လို့ ဗြိတိသျှဝန်ကြီးချုပ်က ပြောသွားပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က -
ကြားဖြတ်ရွေးကောက်ပွဲ ကာလတုန်းကသာ လာကြည့်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ သူတို့ကြမ္မာ သူတို့ဖန်တီးနိုင်ဖို့၊ ဒီမိုကရေစီရရှိဖို့ စွမ်းအင်အပြည့်နဲ့ ဘယ်လောက်အားတက်သရော မဲပေးခဲ့ကြသလဲဆိုတာ မြင်တွေ့ရမှာပါ။ ဒီမိုကရေစီ မလိုလားကြသူတွေရဲ့ စွမ်းအားဟာ ဒီမိုကရေစီလိုချင်ကြတဲ့ ပြည်သူအများစုရဲ့ စွမ်းအားနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူးလို့ ပြောကြားသွားပါတယ်။
ဗြိတိန် ဝန်ကြီးချုပ်ဟာ ဒီကနေ့ မြန်မာနိုင်ငံကနေ မထွက်ခွာခင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ညစာစားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ
အာရှဒေသကို ခရီးထွက်လာတဲ့ ဗြိတိန် ဝန်ကြီးချုပ် David Cameron ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးချုပ် Mr. Cameron နဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုတွေကို ဗြိတိန်အစိုးရအနေနဲ့ အသိအမှတ်ပြုတဲ့အတွက် အထူးပဲဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Mr. Cameron ကလည်း "အခုအစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကတိပေးထားသလို လက်တွေ့မှာလည်း အဆင့်အတော်များများ အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။ အဲဒီလို ဆောင်ရွက်ချက်တွေကို အားပေးရပါမယ်" လို့ ပြောခဲ့ပါတယ်။
Mr. Cameron ရဲ့ မြန်မာနိုင်ငံခရီးစဉ် အဓိကရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချဖို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံတာလို့ ဆိုကြပါတယ်။
လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှု ကိစ္စတွေကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများအနက် အချို့ကို ဆိုင်းငံ့သင့်ကြောင်းပြောကြား
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ဧပြီလ ၁၃ ရက်နေ့က တစ်ရက်ကြာ ခရီး လာရောက်ခဲ့ရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လူကြီးမင်း၏ လာရောက် လည်ပတ်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးပါရုံသာမက သမိုင်းဝင်လည်း ဖြစ်ပါကြောင်း၊ လူကြီးမင်းရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အသိအမှတ် ပြုမှုနှင့် ပတ်သက်၍ အရမ်းကျေးဇူးတင်ပါကြောင်း၊ အရမ်းလည်း အားတက်မိပါကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖေါ်ပြထားချက်အရ သိရှိရသည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အားပေးသင့်သည်မှာ မှန်ကန်သည်ဟု မိမိ ထင်မြင်ပါကြောင်း၊ သွားရမည့် လမ်းမှာ ရှည်လျားသည် ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပါကြောင်း ထည်သွင်းပြောကြားခဲ့သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖေါ်ပြထားပါသည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများအနက် အချို့ကို ဆိုင်းငံ့သင့်ကြောင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အမှန်တကယ်အလားအလာ ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံတကာက ထောက်ခံသင့်သည်ဆိုသည်မှာ မှန်ကန်ပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြညသူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် ဧပြီလ ၁၃ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံအပြီင်္း ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် ရှိနေစေရေးအတွက် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းသွားရေးထက် ဆိုင်းငံ့ရေးကို ပိုမိုလိုလားကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂအနေဖြင့် လာမည့်ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့်အရေးယူပိတ်ဆို့မှုများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ခရီးလာရောက်ခဲ့ခြင်း ဖြစ်ပြီး ၄င်း၏ မြန်မာနိုင်ငံခရီးစဉ်သည် အနောက်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်တစ်ဦးအနေနှင့် ဆယ်စုနှစ်များအတွင်း ပထမဆုံးခရီးစဉ်ဖြစ်ကြောင်းနှင့် ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ဗြိတိန်ဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ကြောင်းလည်း သိရသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျသည်လည်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဇန်န၀ါရီလက နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့ပြင် ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၀န်ကြီး အင်ဒရူးမစ်ချယ်လ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်နိုဝင်ဘာလက သုံးရက်ကြာ လာရောက်ခဲ့သည်။
ပိတ်ဆို့မှု ရုပ်သိမ်းဖို့ထက် ဆိုင်းငံ့သင့်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော
မြန်မာနိုင်ငံကိုရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ ဒီကနေ့ နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သလို အခုညနေပိုင်းမှာတော့ ရန်ကုန်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံနေပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်တွင်း ဗြိတိန်နိုင်ငံက ၀န်ကြီးချုပ်အဆင့်အနေနဲ့ ပထမဆုံးလာခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ် ကင်မရွန်းရဲ့ ဒီကနေ့ မြန်မာပြည်ထဲက တွေ့ဆုံမှု သတင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ဧပြီလ ၁၃ ရက် သောကြာနေ့က မြန်မာနိုင်ငံကိုရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဟာ သမ္မတ ဦးသိန်စိန် နဲ့အတူ ဒုသမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပြင် တခြားအစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့နဲ့ပါ ဒီကနေ့ နေ့လည် ၁၂ နာရီခွဲကျော် မှာ နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၅ နှစ် ကျော်အတွင်း ဗြိတိန်နိုင်ငံက ၀န်ကြီးချုပ်အဆင့်အဖြစ်နဲ့ မြန်မာနိုင်ငံကို လာရောက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုအတွင်း ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးတယ်ဆိုတာ ၂ ဘက်စလုံးက သတင်း ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။ မစ္စတာ ကင်မရွန်းဟာ အခု ညနေ ၄ နာရ်ီခွဲကျော်မှာတော့ ရန်ကုန်မှာ ရှိတဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံအပြီး နေအိမ်ရှေ့မှာ သတင်းထောက်တွေကို မစ္စတာ ကင်မရွန်းက မြန်မာနိုင်ငံပေါ် အီးယူ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူမှု ရုပ်သိမ်းဖို့ အခြေအနေကို အခုလိုရှင်းပြပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ပြောသွားတာကတော့ - “မြန်မာနိုင်ငံအပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကို EU ဥရောပနိုင်ငံတွေက ဧပြီလမှာ ရုပ်သိမ်းပေးဖို့ စဉ်းစားချက် ရှိတယ်ဆိုပေမယ့် မရုပ်သိမ်းတာထက် ဆိုင်းငံ့လုပ်ထားတာက အခုချိန်မှာ ပိုပြီး သင့်လျော်တယ်” - လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ အပြုသဘောဆောင်တယ်ဆိုတာ တွေ့ရပေမယ့် သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့လည်း မစ္စတာကင်မရွန်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွက် လိုအပ်ရင် စွန့်စားမယ့် ခြေလှမ်းတွေကို သူလှမ်းရမယ်လို့လည်း ပြောပါတယ်။ အခု မြန်မာနိုင်ငံကိုရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းဟာ ဒီတွေ့ဆုံမှုအပြီး ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီးရဲ့ နေအိမ်မှာလည်း တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့တွေ့ဖို့ စီစဉ်ထားပါတယ်။
အရှေ့တောင်အာရှ သုံးနိုင်ငံကို ခရီးထွက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းဟာ မြန်မာနိုင်ငံကို တစ်ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ လာရောက် လည်ပတ်တာဖြစ်ပါတယ်။ အခု ဗြိတိန် ၀န်ကြီးချုပ်ခရီးစဉ် မတိုင်ခင်၂၀၁၁ နိုဝင်ဘာ လတုန်းကလည်း ဗြိတိန်နိုင်ငံက နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အင်ဒရူးမစ်ချဲလ်လည်း လာခဲ့ဖူးပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ပြောဆို
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဥရောပနိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယနေ့ နေ့ခင်းပိုင်း ရန်ကုန်တွင် ရောက်စဉ် ပြောကြားလိုက်သည်။
နံနက်ခင်းပိုင်းက နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ ထို့နောက် ရန်ကုန်တွင် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံအပြီး ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို ဆိုင်းငံ့ဖို့အချိန်ရောက်ပြီလို့ ကျနော်ယူဆပါတယ် … ဆိုင်းငံ့ဖို့ ပြောတာနော်၊ အဆုံးသတ်ဖို့ပြောတာ မဟုတ်ပါဘူး” ဟု ဆိုသည်။
စစ်လက်နက်ပစ္စည်း ၀ယ်ယူမှု ပိတ်ပင်ခြင်းမှ အပ ကျန် ပိတ်ဆို့မှုများအား ဆိုင်းငံ့ထားသင့်သည်ဟု ဒေးဗစ်ကင်မရွန်းက ဆိုသည်။
“လက်ရှိအချိန်နဲ့ (ဦးသိန်းစိန်အစိုးရသက်တမ်းကုန်ဆုံးမယ့်) ၂၀၁၅ ကြားထဲမှာ ခရီးဆက်ရမှာ အရှည်ကြီး ကျန်နေသေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ လုပ်စရာတွေ အများကြီး အများကြီး ကျန်နေပါသေးတယ်” ဟု ဒေးဗစ်ကင်မရွန်းက ပြောဆိုကြောင်း သူ၏ မြန်မာ ခရီးစဉ် အကြောင်း တိုက်ရိုက် ရေးသား တင်ဆက်လျက် ရှိသည့် The Guardian သတင်းစာ အင်တာနက်စာမျက်နှာတွင် ရေးထားသည်။
နိုင်ငံတကာကလည်း မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးအခြေအနေများနှင့် ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်ရန် အချိန်ကောင်းဖြစ်သည်ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုများကို တုန့်ဆိုင်းခြင်း မရှိဘဲ အားပေးထောက်ခံသင့်သည်ဟု မြန်မာပြည် မရောက်ခင်ကပင် ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပြီး ဖြစ်သည်။
သူ၏ ခရီးစဉ်အတွင်းမှာပင် ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က ကြေညာချက် ထုတ်ပြန်ရာ မြန်မာအစိုးရ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အားနည်းနေတာသည်ဟု ဆိုထားသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် အချိန်မတန်သေးကြောင်း တိုက်တွန်း ပြောကြားထားသည်။
သူ၏ မြန်မာပြည် အပါအ၀င် အာရှ ငါးနိုင်ငံခရီးစဉ်တွင် ကုန်သွယ် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ လိုက်ပါသွားကြောင်း သိရသည်။
ပိတ်ဆို့မှုများ ဆိုင်းငံ့ထားသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ဒေါ်စု ပြော
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း(David Cameron)က ၎င်းအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအား “ဆိုင်းငံ့ထား”သင့်ကြောင်း ပြောဆိုလိုက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလိုက်သည်။
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမရွန်းတို့
သောကြာနေ့က တွေ့ဆုံအပြီး သတင်းထောက်များအား ပြောကြားလိုက်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားတာ မှန်တယ်လို့ ကျနော်ထင်ပါတယ်။ ဆိုင်းငံ့ထားဖို့ပါ။ ရုတ်သိမ်းလိုက်ဖို့ မဟုတ်ပါဘူး။ စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှု ပိတ်ပင်တာတော့ မပါပါဘူး” ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုရွေးချယ်မှုအား သဘောတူကြောင်းပြောဆိုလိုက်သည်။
“ကျမအနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းလိုက်တာနဲ့စာရင် ဆိုင်းငံ့တယ်ဆိုတဲ့ အယူအဆကို
ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သမ္မတကြီးနဲ့ အခြား ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့
အခန်းကဏ္ဍကို အသိအမှတ်ပြုမှု ဖြစ်ပါမယ်” ဟု သဘောထား ပေးကာ ဗြိတိန်ဝန်ကြီးချုပ်၏ ယခုခရီးစဉ်မှာ အချိန်ကိုက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အရှေ့အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ သောကြာနေ့က ရောက်ရှိလာသည့် ဗြိတိန်ဝန်ကြီးချုပ်သည်
နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ပြီးနောက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံကြခြင်းဖြစ်သည်။
မည်သည့် ပိတ်ဆို့မှုများ ဆိုင်းငံ့ထားမည်ဆိုသည်ကို ရှင်းလင်းတိကျစွာ သိနိုင်ရန် မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်၏ အမေးကို ဗြိတိန်ဝန်ကြီးချုပ်က ဖြေကြားရာတွင် “ဒီ ပိတ်ဆို့မှု ဆိုင်းငံ့ထားခြင်းဆိုတာ စစ်လက်နက် ရောင်းဝယ်မှုတားဆီးခြင်းကိစ္စမှအပ အားလုံးအကျုံးဝင်ပါတယ်” ဟု ပြန်လည်ဖြေကြားသွားခဲ့ပြီး ဧပြီလအတွင်း လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း ပြောဆိုသွားခဲ့သည်။
“မြန်မာပြည်ဟာ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုသာမကဘဲ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး တိုးတက်မှုတွေလည်း အလွန်အမင်း လိုအပ်နေပါတယ်”ဟု ပြောဆိုလိုက်သည့် မစ္စတာကမရွန်း၏ ယခုခရီးစဉ်အတွင်းတွင် ထိပ်တန်း ဗြိတိသျှကုမ္ပဏီ ၁၀ ခုလည်း လိုက်ပါလာခဲ့ကြသည်။
မစ္စတာကမရွန်းမှာ မြန်မာပြည်အခြေအနေအား “ကိုယ်တိုင်ကိုယ်ကျ သိမြင်ချင်” ၍ လာရောက်ခဲ့ပြီးနောက် “ဒီတိုင်းပြည်မှာ အပြောင်းအလဲအတွက် တကယ့်အလားအလာ ရှိနေပါတယ်”ဟု မှတ်ချက်ပေးကာ “အခြားကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း ဒီအပြောင်းအလဲတွေကို တုန့်ပြန်သင့်”ကြောင်း သတင်းစာရှင်းလင်းပွဲ
တွင် တိုက်တွန်း ပြောဆိုသွားခဲ့သည်။
သို့သော် “သတိရှိရှိနဲ့ ဂရုတစိုက်” တုန့်ပြန်သွားရမည်ဖြစ်ကြောင်းလည်း မစ္စတာ ကမရွန်းက ပြောသည်။
“နောက်ထပ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးတာကိုလည်း မြင်ချင်ပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်”
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရာတွင် တိုးတက်မှုများ တွေ့လာရသော်လည်း “လာမယ့် လတွေ နှစ်တွေမှာ ပဋိပက္ခတွေအတွက် တကယ့်နိုင်ငံရေးဖြေရှင်းမှုကို တွေ့မြင်ချင်ပါတယ်” ဟု ဗြိတိန် ၀န်ကြီးချုပ်က ပြောဆိုသွားသည်။
ဥရောပသမဂ္ဂ EU မှ ချမှတ်ထားသည့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အချို့အား ၂၀၁၂ ခုနှစ်အတွင်း
တွင် လျှော့ချထားပြီးဖြစ်သော်လည်း နောက်ထပ် ပြန်လည်သုံးသပ်ခြင်းကို ဧပြီလ ၂၃ ရက်နေ့ EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andy Heyn ကမူ ယခု ၀န်ကြီးချုပ်၏ ခရီးစဉ်မှာ “သမ္မတနဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးဖို့အတွက် ဗြိတိသျှအစိုးရရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းလင်းဖော်ပြလိုက်ခြင်း”ဟု ဗြိတိန် နိုင်ငံခြားရေးဌာန အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း က သမ္မတ ဦးသိန်းစိန်၏ အမည်အား မှားယွင်းစွာ “သမ္မတ (ဦး)သန်းရွှေ”ဟု ပြောဆိုသွားသည်။
ဗြိတိန်ဝန်ကြီးချုပ် တိုင်းရင်းသား ခေါင်းဆောင် တချို့နှင့်တွေ့
ဗြိတိန်ဝန်ကြီးချုပ်တယောက်အနေနဲ့ ပထမဆုံး မြန်မာနိုင်ငံကို သောကြာနေ့က လာသွားတဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ဟာ သူ့ရဲ့ တစ်ရက်တာခရီးစဉ်မှာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိလာတာနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တဆင့်ပြီးတဆင့် ရလာမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ကင်မရွန်းက ပြောခဲ့တဲ့အကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင် ဦးအေးသာအောင်က ဗွီအိုအေကို ပြောပါတယ်။ ဦးအေးသာအောင် အပါအဝင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးဦးလှစော စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာ ကင်မရွန်းတွေ့ဆုံပြီးတော့ မြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။
မြန်မာသမ္မတဦးသိန်းစိန်နဲ့ မကြာခင်က ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို သူ့ရဲ့ တစ်ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့တဲ့ ဝန်ကြီးချုပ် ကင်မရွန်းဟာ ဒီမိုကရေစီရေးအပြင် နောက် အရေးပါတဲ့ တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ဖို့ အတွက်လည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့ရာမှာ ဆွေးနွေးခဲ့ကြတဲ့ ကိစ္စတွေ အကြောင်းကို ဦးအေးသာအောင်က အခုလို ရှင်းပြပါတယ်။
"အဓိက-ကတော့ ဝန်ကြီးချုပ် ပြောတာက ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲပေါ်မှာ အကောင်းမြင်တယ်၊ ဒါပေါ်မှာ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားရမယ်၊ အထူးသဖြင့် တောင်ပေါ် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက တိုင်းရင်းသားကိစ္စတွေ၊ တိုင်းရင်းသားပြဿနာတွေကို သူက နားထောင်ချင်တဲ့အကြောင်းတွေကို ပြောပါတယ်။
အန်ကယ်ကတော့ ဒီနေ့လက်ရှိ နိုင်ငံရေးအခြေအနေအပေါ်မှာ ကျနော်တို့ အထဲမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးရဲ့ မြင်ပုံ၊ ပြီးတော့ လတ်တလော ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးတဲ့ ကိစ္စတွေဟာ တကယ် ကျေနပ် အားရလောက်တဲ့ အနေအထားမရှိတဲ့အကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့အကြောင်းတွေ၊ ရေရှည်မှာ တကယ့် ထာဝရငြိမ်းချမ်းရေး ရဖို့အတွက် တော်တော့ကို ခက်ခက်ခဲခဲ ကြိုးစားရမယ် ဆိုတဲ့အကြောင်း အပစ်အခတ်ရပ်စဲရုံနဲ့ မပြီးဘူး၊ နိုင်ငံရေး ကိစ္စတွေကို ဖြေရှင်းဖို့လိုတဲ့အကြောင်း၊ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေးအရ တကယ့်ကို အပေးအယူ လုပ်ရမယ်၊ တိုင်းရင်းသားများ တင်ပြနေတဲ့ တင်ပြချက်တွေအပေါ်မှာ တကယ့်ကို အလေးအနက်ထားပြီး စဉ်းစားဖြေရှင်းဖို့ လိုတဲ့အကြောင်းတွေ ပြောပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ဖို့လိုတယ်။
ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ပြည်တွင်းစစ် ရပ်စဲဖို့၊ ထာဝရပြည်တွင်း ငြိမ်းချမ်းရေးကို ရဖို့ဆိုတာကို မဖြစ်နိုင်တဲ့အကြောင်း ကျနော်က ပြောပါတယ်။
ဝန်ကြီးချုပ်က ပြန်ပြီးတော့ ဆွေးနွေးတာကတော့ ဖွဲ့စည်းပုံကို ပြင်ဖို့ကတော့ တဆင့်ပြီးတဆင့် ရေရှည် ပြင်သွားရမှာဖြစ်တဲ့အကြောင်း၊ တရားဥပဒေစိုးမိုးရေးဟာ အဓိကကျတဲ့အကြောင်း၊ ဒီ တရားဥပဒေ စိုးမိုးရေး ရှိလာတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကလည်းပဲ တဆင့်ပြီးတဆင့် ရလာနိုင်တဲ့ အကြောင်း ပြောပါတယ်။ အဓိက-ကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းဖို့ အရေးကြီးတယ်၊ အဲလို ဖြေရှင်းတာကိုလည်း အခုလို ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ ပြီးတော့ ပါလီမန် အတွင်းမှာ ညှိနှိုင်းတာ၊ ဖွဲ့စည်းပုံကို ပြင်တာ၊ ဒီလိုကနေ သွားသင့်တယ်လို့ သူက ပြောပါတယ်။"
သမ္မတ ဦးသိန်းစိန်နဲ့တွေ့ရာမှာ ဘာပြောခဲ့တာကို ထုတ်မပြောသေးတဲ့ ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရာမှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လုံးဝ ရုပ်သိမ်းတာထက်စာရင် ခေတ္တဆိုင်းငံ့ထားတာမျိုး သတိထားပြီး လုပ်ဆောင်သင့်တယ်လို့ ပြောခဲ့ကြောင်းကိုလည်း ဦးအေးသာအောင်ကပဲ ဆက်ပြောခဲ့ပါတယ်။
မြန်မာ ကိုယ်စားလှယ်အဖွဲ့များ အမေရိကန်အစိုးရနဲ့ လာရောက်ဆွေးနွေး
မြန်မာနိုင်ငံက အစိုးရကိုယ်စားလှယ်တွေနဲ့ အစိုးရမဟုတ်တဲ့ NGO ကိုယ်စားလှယ်အဖွဲ့တချို့ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
ကျန်းမာရေးဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ကိုယ်စားလှယ်တွေ၊ ရှေ့နေချုပ်ရုံး ကိုယ်စားလှယ်တွေနဲ့ ပညာရှင်အဖွဲ့တွေ ပါဝင်ကြပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တနင်္ဂနွေနေ့က ရောက်ရှိခဲ့ကြတာဖြစ်ပြီး ပြည်တွင်းက ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေအကြောင်း အမေရိကန်ပြည်ထောင်စုက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အဓိကထား တင်ပြသွားဖို့ ရှိတယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါဝင်တဲ့ မင်္ဂလာမြန်မာ NGO အဖွဲ့ခေါင်းဆောင် ဒေါက်တာဖုန်းဝင်းက ပြောပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့လည်း အသီးသီးတွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် ထိထိရောက်ရောက် ကူညီရေးကိစ္စတွေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် စနေနေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
မြန်မာ့လူ့အခွင့်အရေး ဗြိတိန်ဝန်ကြီးချုပ် ဖိအားပေးစေချင်
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရကို အလေးပေးပြောဆိုဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK က မနေ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ အာဏာပိုင်တွေဘက်က ဆောင်ရွက်ချက်တွေဟာ အားနည်းနေတာကြောင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာကို အားလုံးရုပ်သိမ်းဖို့ အချိန်မတန်သေးဘူးလို့ အဖွဲ့ရဲ့ပြောခွင့်ရသူ မဇိုရာဖန်းက ပြောပါတယ်။
ဒါ့အပြင် ၀န်ကြီးချုပ်နဲ့အတူ ကုန်သွယ်စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့လိုက်ပါသွားတာဟာ ဗြိတိန်အစိုးရက အပြောနဲ့လက်တွေ့ မညီဘူးဆိုတာ ပြလိုက်တာပဲလို့ အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ထုတ်ပြန်ထားဆဲဖြစ်ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအစား လူသားချင်း စာနာကူညီမှုတွေကိုပဲ ပံပိုးကူညီပေးသင့်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ဒီကနေ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး သူရဲ့ခရီးစဉ်အတွင်း မြန်မာအစိုးရအပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
မြန်မာပြုပြင်ပြောင်းလဲရေး G-8 ချီးကျူး
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလ တစ်ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အပြုသဘောဆောင် တိုးတက်မှုတွေ ရှိလာတာနဲ့ တခြား ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာအတွက် G8 စက်မှုထိပ်သီး ၈ နိုင်ငံ ဆွေးနွေးပွဲ ကနေ ကြိုဆိုလိုက်ပြီး နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ အလားအလာတွေကို ထုတ်ပြော လိုက်ပါတယ်။
ဒီကမ္ဘာ့ အင်အားကြီး နိုင်ငံတွေက ၀ါရှင်တန်မြို့တော်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံထဲက ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး လုပ်ငန်းစဉ်တွေထဲမှာ ပူးတွဲကူညီ ဆောင်ရွက်ပေးသွားဖို့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ စဉ်းစားနေပြီလို့ ပြောကြားလိုက်ပါတယ်။
တချိန်တည်းမှာပဲ ဒီ G-8 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ ဆီးရီးယားနိုင်ငံမှာ ဆက်ဖြစ်ပွားနေတဲ့ အကြမ်းဘက်မှုတွေ ကိစ္စ၊ အီရန်နျူကလီယား ပြဿနာနဲ့ မြောက်ကိုရီးယား ဒုံးပျံ လွှတ်တင်မယ့် ကိစ္စတွေ ကိုပါ သူတို့ရဲ့ ရှေ့လထဲ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးရေးအတွက် ပြင်ဆင်ခဲ့ကြ ပါတယ်။
အခုလို ဆွေးနွေးဖို့ ပြင်ဆင်ရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆီးရီးယား မှာ ဖြစ်နေတဲ့ အကြမ်းဘက်မှု အတိုင်းအတာနဲ့ ထိခိုက်ဒဏ်ရာရမှုတွေအပြင် အထူးသံတမန် ကိုဖီအာနန် ကြုံနေရတဲ့ အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမှု အခက်အခဲတွေ အပေါ်မှာလည်း နက်နက်ရှိုင်းရှိုင်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ တကယ်တော့ G-8 နိုင်ငံတွေအကြားမှာ ဆီးရီးယားသမ္မတ Basher Al Assad နုတ်ထွက်စေလိုတဲ့ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကတဘက် ဒါကို ကန့်ကွက်တဲ့ ရုရှားက တဘက် အမြင်ကွဲလွဲနေကြပါတယ်။
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment