ယဉ်ကျေးမှုဆိုတာ by ငြိမ်းချမ်းအေး


လူတစ်ယောက်ရဲ့ အဝတ်အစားကိုကြည့်ပြီး ယဉ်ကျေးမှုမရှိဘူးလို့ တသမတ်တည်းကောက်ချက်ဆွဲလို့ မရပါ။ ယဉ်ကျေးမှုရဲ့သဘောက ကျယ်ပြန့်ပါတယ်။
လူတစ်ဦချင်းအရ ယဉ်ကျေးမှုကိုတိုင်းတာရင် ယဉ်ကျေးတဲ့လူမှာ ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတ၊ လူမှုဆက်ဆံရေး အပြုအမူ၊ ယုံကြည်မှု (သို့) ကိုးကွယ်မှု စတာတွေနဲ့ တိုင်းတာနိုင်တယ်။
လူ့အဖွဲ့အစည်းအလိုက်ဆိုလည်း အနုပညာ၊ စာပေ၊ ဘာသာစကား၊ ကိုယ်ကွယ်ယုံကြည်မှု၊ သမိုင်း စတာတွေကိုကြည့်ပြီး ယဉ်ကျေးမှုမြင့် တယ်၊ နိမ့်တယ်ဆိုပြီး သတ်မှတ်လေ့ရှိတယ်။ ဘုံတူညီတဲ့ တန်ဖိုး၊ ရည်မှန်းချက်၊ လူမှုဆက်ဆံရေး အပြုအမူ၊ လူမှုဆက်ဆံရေး လုပ်ထုံးလုပ် နည်း၊ ဓလေ့ စတာတွေကိုအခြေခံပြီး လူအဖွဲ့အစည်းတစ်ခုရဲ့ယဉ်ကျေးမှုလို့ သတ်မှတ်ကြတာပါ။
လူတစ်ယောက်ရဲ့ အဝတ်အစားကိုကြည့်ပြီး ပိုပြီး တသမတ်တည်းကောက်ချက်ဆွဲလို့မရတာက အကျင့်စာရိတ္တပါ။ အကျင့်စာရိတ္တဟာ လူ တစ်ယောက်ရဲ့ လူပီသတဲ့ အကျင့်၊ စရိုက်၊ အပြုအမူနဲ့ လူအဖွဲ့အစည်းမှာရှိတဲ့ ကျင့်ဝတ်၊ စည်းကမ်းတွေကို လေးစားလိုက်နာမှုနဲ့ ပိုသက် ဆိုင်ပါတယ်။
ဗုဒ္ဓဟောတဲ့ …
သဒ္ဒါ – ကိုးကွယ်ယုံကြည်မှုရှိခြင်း၊
သီလ – ကိုယ်၊ နှုတ်၊ စိတ်နှလုံး စောင့်ထိန်းခြင်း၊
စာဂ – ပေးကန်းစွန့်ကြဲခြင်း၊
သုတ – အကြားအမြင် ဗဟုသုတများခြင်း၊
ပညာ – အမှန်ကိုသိခြင်း၊
ဟီရိ – မကောင်းမှုပြုရမှာကို ရှက်ခြင်း၊
သြတ္တပ – မကောင်းမှုပြုရမှာကို ကြောက်ရွံ့ခြင်းဆိုတဲ့
သူတော်ကောင်းဥစ္စာ ခုနှစ်ပါးတရားနဲ့လည်း ယဉ်ကျေးမှု၊ အကျင့်စာရိတ္တကို ဖော်ညွှန်းနိုင်ပါတယ်။



ကိုယ်၊ စိတ်၊ နှလုံးစောင့်ထိန်းခြင်းမှာ အဝတ်အစားဆင်ယင်မှုပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘုရားသွား၊ ကျောင်းတက် လုပ်တဲ့နေရာ မှာ ဝတ်ဆင်တဲ့ဆင်ယင်မှုနဲ့ ပျော်ပွဲ၊ ရွှင်ပွဲသွားတဲ့နေရာမှာ ဆင်ယင်ထုံးဖွဲ့မှုဟာ မတူညီနိုင်ပါ။ လူတွေဟာ နေရာ၊ ဌာန၊ ရာသီဥတုအပေါ်မူ တည်ပြီး လိုက်လျောညီထွေ ပြောင်းလဲဝတ်စားဆင်ယင်လေ့ရှိကြတာ သဘာဝပါ။
ပျော်ပွဲ၊ ရွှင်ပွဲမှာ အပျော်ကနေ အပျက်မဖြစ်အောင် ထိန်းသိမ်းတည့်မတ်ပေးဖို့က အဝတ်အစားတစ်ခုတည်းချည်း ဇောင်းပေးလို့မရပါ။ ဆေး လိပ်၊ မူးယစ်ဆေးဝါး၊ အရက်သေစာ ရောင်းဝယ်ဖောက်ကားမှု၊ မူးရစ်ရမ်းကားမှု စတာတွေကို ဖြောင့်မတ်မှန်ကန်တိကျတဲ့၊ တပြေးညီဖြစ်တဲ့ တရားဥပဒေနဲ့ ထိန်းချုပ်နိုင်မှု၊ ကောင်းမွန်မှန်ကန်တဲ့ အသိပညာပေးနိုင်မှု၊ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်း စတဲ့ တိုင်းပြည်အတွက် ပိုမိုအရေးကြီး တဲ့ အခန်းကဏ္ဍတွေကို ထိထိရောက်ရောက်ကောင်းမွန်အောင်လုပ်ဆောင်ဖို့ ဝေဖန်ထောက်ပြတာက ပိုသင့်လျော်မယ်ထင်ပါတယ်။
ခေတ်ရဲ့ဝတ်စားဆင်ယင်မှုဟာ ခန္ဓာကိုယ်ဖော်ပြမှုအသားပေးပြီး လျပ်ပေါ်လော်လည် (လီ) လာနေတယ်လို့လည်း ဆိုမရပါ။ ရင်သား၊ ပေါင် တံ စတဲ့ ကိုယ်ခန္ဓာကို လှစ်ဟာဖော်ပြတဲ့ စွဲဆောင်မှုရှိစေတဲ့ ဝတ်စားဆင်ယင်မှုတွေဟာ ယဉ်ကျေးတဲ့လူအဖွဲ့အစည်း စရှိကတည်းက (ဗမာ ပြည်နဲ့ ပြောရင် ပျူခေတ်၊ ပုဂံခေတ်လို ခေတ်တွေကတည်းက) ခေတ်အလိုက် ပုံစံကွဲပြားပေမယ့် ကိုယ်ခန္ဓာအလှပေါ်လွင်စေတယ်ဆိုတဲ့ သဘောက ခေတ်အဆက်ဆက်ထွန်းကားတဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပုံစံတွေမှာ ပါမြဲဖြစ်တယ်။
လူတစ်ယောက်ရဲ့ အဝတ်အစားဝတ်ဆင်မှုနဲ့ ဘယ်လိုမှမပတ်သက်ဆုံးကိစ္စကတော့ လူတစ်ဦးချင်းရဲ့ လွတ်လပ်ပိုင်ခွင့်၊ အခွင့်အရေးကို အာမခံတဲ့ ဒီမိုကရေစီစနစ်ပါ။ ဒီမိုကရေစီစနစ်က အာမခံတဲ့လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်မှာ တရား၊ ဥပဒေကို လေးစားလိုက်နာမှု၊ လူတစ်ဦးချင်းစီရဲ့တာဝန်ယူမှုက တွဲပါရပါတယ်။ ကိုယ်ရဲ့ဝတ်စားဆင်ယင်မှု (အပြောအဆို၊ အနေအထိုင်၊ အပြုအမူ အားလုံးပါပါတယ်) က လူတစ်ဘက်သားကို အနှောင့်အယှက်မဖြစ်စေရ၊ မထိခိုက်စေရဆိုတာ ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းမှာရှိတဲ့လူတိုင်းက လိုက်နာရတဲ့ လူ့ကျင့်ဝတ်ဖြစ်သလို မဖြစ်မနေလုပ်ဆောင်ရတဲ့ တာဝန်၊ ဝတ္တရားလည်းဖြစ်တယ်။ ဝတ်စုံပြည့်ဝတ်ရမယ်လို့ သတ်မှတ်ထားတဲ့ စားသောက် ဆိုင်မှာ သတ်မှတ်ထားတဲ့ဝတ်စုံနဲ့ မှ စားသောက်ခွင့် ရှိသလို၊ အဝတ်ဗလာတွေပဲ လာရောက်ခွင့် ရှိတဲ့ ကမ်းခြေမျိုးမှာလည်း အဝတ်အစားမပါ၊ အဝတ်မဲ့နေနိုင်မှ ဝင်ရောက်ခွင့်ရသလိုမျိုးပါ။
ခေတ်သစ်ကမ္ဘာရဲ့ နည်းပညာ၊ ဆက်သွယ်ရေးတိုးတက်ဖြစ်ထွန်းမှုလာမှုနဲ့ အတူ ကမ္ဘာတစ်ခုလုံးရဲ့ ကူးလူးဆက်ဆံ၊ စီပွားလုပ် စတဲ့ ထိတွေ မှုတွေဟာ လျင်မြန် မြန်ဆန်၊ ကျယ်ပြန့်လာရုံမက တနေ့ထက် တနေ့လည်း ပိုများလာနေတယ်။ လူ့အဖွဲ့အစည်း အသီးသီးမှာရှိနေတဲ့ လူတွေရဲ့ အတွေးခေါ်၊ ဓလေ့ထုံစံ၊ အပြုအမှု၊ အစားအသောက်တွေဟာ ကူးလူးစပ်ယှက် ပြောင်းလဲလာတာများသလို ဝတ်စားဆင်ယင်မှု ဓလေ့တွေကလည်း ပြောင်းလဲလာပြီး လူအဖွဲ့အစည်းတစ်ခုတည်းရဲ့ ဝတ်ဆင်မှု ဓလေ့၊ ယဉ်ကျေးမှုအတိုင်း မဟုတ်တော့ဘဲ၊ ယဉ်ကျေးမှု ပေါင်းစုံရဲ့ ဝတ်ဆင်မှုအဖြစ်ပြောင်းလဲလာတာ၊ တနည်းအားဖြင့် ကမ္ဘာပိုဆန်လာတယ်ဆိုတာ သဘာဝပါလို့ လက်ခံနိုင်ရပါမယ်။




လူအဖွဲ့အစည်းတစ်ခုရဲ့ အပေါ်ယံ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာတာကို ပြစ်တင်ဝေဖန်နေမယ့်အစား လူအဖွဲ့အစည်းပေါင်းစုံက လက် ခံနိုင်တဲ့ (လက်ခံထားတဲ့) ယဉ်ကျေးမှုရှိသူ၊ လူယဉ်ကျေးလို့ သတ်မှတ်စေတဲ့၊ ဘုရားဟောနဲ့လည်းညီတဲ့ မကောင်းမှုဒုစရိုက်ပြုရမှာကို ရှက်ကြောက်လာစေခြင်း၊ တရားဥပဒေ၊ ကျင့်ဝတ်စည်းကမ်းကို လေးစာလိုက်နာလာစေခြင်း၊ အကြားအမြင် ဗဟုသုတများ၊ အကျိုးအကြောင်း ပညာကြီးပြီး အမှန်ကိုသိလာစေခြင်း၊ လူ့ကျင့်ဝတ်ကိုသိတဲ့၊ လူပီသတဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ ဓလေ့စရိုက်တို့ကို ထွန်းကား စေခြင်း၊ စတဲ့ အတွင်းစိတ်သဏ္ဍာန် ရိုးသား၊ စင်ကြယ်၊ ဖြောင့်မတ်၊ မှန်ကန်မှုကိုဦးစားပေးပြီး စာရိတ္တမဏ္ဍိုင် တိုးတက်ဖွံ့ဖြိုးဖို့စေဖို့ မိမိကိုယ်တိုင်က (တစ်ဦးချင်း) နေထိုင်ကျင့်ကြံသွားနိုင်မှ မိမိယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းတဲ့၊ ယဉ်ကျေးမှုပေါင်းစုံကိုလည်း လေးစားလက်ခံ နိုင်တဲ့ ပိုမိုကောင်းမွန်လှပတဲ့ အနာဂတ်ရှိတဲ့ လူအဖွဲ့အစည်းတစ်ခုဖြစ်လာမှာပါ။

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment