"ကြောက်စရာကောင်းသော အစိုးရ " "သိထိုက်သော အချက် " "နှလုံးကောင်းသော ဦးနု "
by (ရွှေဥဒေါင်း)
သိထိုက်သော အချက်
ပုဂ္ဂလိကအနေဖြင့် တစ်မျိုး၊ အစိုးရအနေဖြင့်တစ်မျိုး ဆောင်ရွက်ရသော ကိစ္စမျိုး ရှိခြင်းကို အုပ်ချုပ်သူတို့ နား လည်သင့်၏။ လူတစ်ဦးတစ်ယောက်၏ လယ်မြေကို အခြားသူ လူတစ်ယောက်က သိမ်းယူခြင်းသည် အမှန် စင်စစ် မတရားဟု ဆိုရပေမည်။ သို့ရာတွင် ဆိုရှယ်လစ် အစိုးရ တစ်ခုအနေဖြင့် လယ်မလုပ်ဘဲ ထိုင်စားသူများ ၏ လယ်မြေကို သိမ်းယူပြီး လယ်သမားများ၏ လက်ဝယ်သို့ ပေးဝေသော နည်းဖြင့်သာလျှင် မြန်မာပြည်တွင် လူများစုဖြစ်သည့် တောင်သူလယ်သမားများ ချောင်ချိနိုင်ဖို့ ရှိတော့သည်ဟု ယုံကြည်သည် ဆိုပါ့မူကား ဝန်ကြီး ချုပ် ဦးနု ပြောဖူးသကဲ့သို့ ဝိတိုရိယ ဘုရင်မကြီး၏စာချုပ် လက်မှတ်တွေ ဘာတွေနှင့် ချောင်လည် ချောင်ပတ် ပြောမနေဘဲ ပြောင်ပြောင်ရဲရဲပင် ခွဲပေးသင့်ပေသည်။ ဦးနုသည် လယ်မြေနှင့် ပတ်သက်၍ ဝိတိုရိယ ဘုရင်မကြီး ၏ စာချုပ်လက်မှတ်ကို အထောက်အထား ပြု၍ ပြောခြင်းမှာ မြေပိုင်ရှင်များ ကျေနပ်အောင် နားလှည့်ခြင်း ပေ လော။ သူ ကိုယ်တိုင်ပင် တကယ် ယုံကြည်၍ ပေလော မပြောတတ်ပေ။ ကျွန်ုပ်၏ အထင်မှာ မြေသိမ်းရခြင်းကို သူကိုယ်တိုင် စိတ်မသန့်သည်နှင့် သူ့ကိုယ်သူ နားလှည့်ခြင်း ဖြစ်ပုံရသည်။ ဖြစ်သင့်သည်မှာကား အစိုးရလုပ် မည့် ပုဂ္ဂိုလ်တစ်ယောက်သည် လူတွေ စားနေဝတ် ချောင်ချိရေးအတွက် ဤနည်းတစ်ခုတည်းသာ ရှိသည်ဟု ယုံကြည်ပါက ခံစရာရှိလျှင်လည်း ခံမည်၊ ထိုနည်းလမ်းအတိုင်းပင်လုပ်မည်ဟု ဆုံးဖြတ်ဝံ့သော သတ္တိ ရှိရပေ မည်။ ဦးနုကမူ ပါးစပ်ကတော့ ပြောဖူးပါ၏။ တကယ် လုပ်ရာ၌မူ ငရဲကိုကြောက်ရုံသာမက အုပ်ချုပ်ရင်းပင် ကုသိုလ်ကလေးတစ်ဖက် ရလိုက်ချင်သေးသည်။ လူတစ်ယောက်သည် ပုဂ္ဂိုလ်တစ်ယောက် အနေဖြင့် ရှောင် ကြဉ်ရမည့် အလုပ်မျိုးတို့ကို အစိုးရအနေဖြင့် ရှောင်၍ မရကြောင်း၊ ရှောင်လျှင် ဝတ္တရား ပျက်ကွက်ရာ ကျ၍ သူ၏ တိုင်းသူပြည်သားများ ကျပ်တည်း ဆင်းရဲနိုင်ကြောင်းကို အစိုးရ လုပ်ချင်သူများ သိထိုက်လှပေသည်။
ရှင်းဦးအံ့။ ဗုဒ္ဓ ဘာသာ ယုံကြည်သော ဝန်ကြီးချုပ်တစ်ယောက်သည် ပါဏာတိပါတ အလုပ်နှင့် ပတ်သက်၍ အခက်အခဲ တွေ့ရတတ်၏။ ထိုအထဲတွင် လူများစားကြသော တိရစ္ဆာန်မျိုးတို့၏ အသက်ကို ကာကွယ်ပေးခြင်း သည် သာသနာပြုခြင်း မည်သည်ဟု ယူဆခဲ့လျှင် ထိုအခက်အခဲသည် ပိုမို ကြီးထွားလာတတ်၍ ဖြေရှင်းရန် မဖြစ်နိုင်သော အခြေမျိုးသို့ ရောက်သွားနိုင်၏။ နွားသားမပေါ်ရ၊ ငါးဈေးကြီး၍ ဝယ်မစားနိုင်ကြလျှင် ငါးတွေအ သေ သက်သာသောကြောင့်သာ၍ကောင်းသည်ဟူသော သဘောထားသည် အရပ်သားတစ်ယောက် အနေဖြင့် ဤအတိုင်း ကျင့်သုံးသည့်အခါ တိုင်းသူပြည်သား (အထူးသဖြင့် ဆင်းရဲသားများ)အား တိုး၍ ကျပ်တည်း ဆင်းရဲ အောင် ဖန်တီးပေးရာ ရောက်လေသည်။ လိုင်စင်သမားများ အဖို့မှာ နွားသား မပေါ်လျှင် ဝက် ကြက် စားနိုင် သည်။ ငါးရှား၍ ဈေးကြီးလျှင် တစ်ပိဿကို ၁၅ ကျပ်၊ ၂၀ ကျပ်လည်း ပေးဝယ်စားနိုင်သည်။ အလုပ်သမား ဆင်းရဲသားများမှာသာ ကျပ်လျှင် ကျပ်၊ ငတ်လျှင် ငတ် ကြရသည်။ (အမဲသားကား မပေါ်သည် မဟုတ်၊ “တိုးတိုး သား” အဖြစ်နှင့် ဈေးတက်သွားရုံသာ ရှိသည်။) ယခု တလော၌ ကျွန်ုပ်တို့ ဝန်ကြီးချုပ်၏ ဦးခေါင်းထဲသိှု့ ထူးဆန်း သော စိတ်ကူးများ ဝင်ရောက်လျှက် ရှိ၏။ ဂေါတမဗုဒ္ဓ ဟောပြတော်မူခဲ့သည့် ကျင့်စဉ်များအနက်တွင် အကျပ် တည်းဆုံး ခြိုးခြံရဆုံးသော ကျင့်စဉ်မှာ ဓူတင်တေရသပင် ဖြစ်၏။ ထိုကျင့်စဉ်မှာ ဗုဒ္ဓ၏ ရည်ရွယ်ချက်ကို ကောင်း စွာနားမလည်သော လူများက ပြင်းထန်လွန်းအားကြီးလှ၍ အတ္တကိလမထကျင့်စဉ် ဟူ၍ပင် ပြောချင်ကြသည်။ အဆိုပါ ဓူတင် တေရသ၌ပင် သက်သတ်လွတ်စားရသည် ဟူသော ကျင့်ရပ်တစ်ခု မပါချေ။ သက်သတ်လွတ် စားခြင်းမှာ ဟိန္ဒူဘာသာမှ (ကောင်းနိုး ယောင်ယောင်နှင့်) မြန်မာပြည်သို့ ထိုးဝင်လာသည့် ကျင့်စဉ်တစ်ရပ်ဖြစ် ၍ ဝန်ကြီးချူပ် ဦးနုကဲ့သို့ လူပြိန်းများ အများဆုံး ကြည်ကြိုကြသည့် ပုဂ္ဂိုလ်ကြီး တစ်ဦးက ကျင့်သုံးလာသည်ဆို လျှင် ဗုဒ္ဓသာသနာတော် ညှိုးမှိန်ရေးအတွက် ဟိန္ဒူဘက်မှ ခြေတစ်လှမ်း ဝင်လာခြင်းဖြစ်သည်ဟု ကျွန်ုပ် စိုးရိမ်မိ သည်။ ဗုဒ္ဓက “ငါ မပညတ်ခဲ့သည်ကို ပညတ်ခြင်း၊ ငါ ပညတ်ခဲ့သည်ကို ဖျက်ခြင်းအားဖြင့် သာသနာတော်ကို ညှိုးမှိန်အောင် မပြုကြပါကုန်လင့်” ဟု မိန့်တော်မူခဲ့၏။ သက်သတ်လွတ် စားခြင်းသည် ဟိန္ဒူများ၏နည်းသာ ဖြစ် သည်။ ကျွန်ုပ်သည် ဂေါတမဗုဒ္ဓ၏ သာသနာတော် မျက်နှာကို ထောက်ထားခြင်းအားဖြင့် ယောင်လည်လည် လူများက အထွက်အမြတ်ထင်ကြသည့် သက်သတ်လွတ် စားနည်းကို မည်သူမကြိုက်သည် ဖြစ်စေ၊ လက်လှမ်း မီသလောက် တိုက်ဖျက်ဖို့ တာဝန်ယူရပေလိမ့်မည်။
နှလုံးကောင်းသော ဦးနု
တိုင်းပြည်ကို အုပ်ချုပ်၍မင်းလုပ်မည့် ဝန်ကြီးချုပ်တစ်ယောက်သည် ရှင်းရှင်းပြတ်ပြတ် စဉ်းစားတတ်ဖို့လိုအပ်၏။ ပြည်သူလူထု ချောင်ချိအောင် လုပ်ရမည့် မိမိ၏တာဝန်ကို ဆောင်ရွက်ရာတွင် အပြစ်ပေးထိုက်သည့် ရာဇဝတ် ကောင်ကို အပြစ်အားလျော်စွာ ဒဏ်ပေးတန်လျှင် ပေးရမည်။ သနားသည်၊ သို့မဟုတ် ငရဲကြောက်သည်ဆိုကာ ရှောင်လွဲ၍ မဖြစ်။ တိရစ္ဆာန်၏ အသားကို စားနေကျ ဖြစ်သော လူမျိုးအား ငရဲမကြီးကြပါစေနှင့် ဆိုကာ သား သတ်ရုံများကို ပိတ်ပစ်၍ နည်းလမ်းမကျ၊ မိမိ မလုပ်ဝံ့လျှင်လည်း ရှောင်လွဲ၍သာ ပေးသင့်သည်။ တိုင်းပြည်အ တွက် ဆောင်ရွက်ရာတွင် ငရဲကြီးလိမ့်မည်ဟု ထင်စရာရှိသော အမှုများကိုလည်း ပြုတန်က ပြုရလိမ့်မည်။ (အလောင်းတော် တေမိမင်းသည် အပါယ်ငရဲသို့ ကျခဲ့ရသည်ဟု စာက ဆိုသည်။) ကျွန်ုပ်အား ဝန်ကြီးချုပ်တင် မြှောက်ကြလျှင် လုပ်မည်လောဟု မေးငြားအံ့။ ကျွန်ုပ်တန်ခိုး အာဏာကို မက်မောသောစိတ်မျိုး ရှိ၍ လက်ခံခဲ့ လျှင် တာဝန်ကို ရှောင်လွဲပြီး ငရဲကို ကြောက်လိမ့်မည်မဟုတ်။ လုပ်သင့်သည်ကို လုပ်လိမ့်မည်သာ ဖြစ်၏။ တစ် ဖက်၌ စေတနာကောင်းနှင့် ပြည်သူ့အကျိုးအတွက် လုပ်ရသည် ဟူသော ဖြေလုံးဖြင့်သာ မိမိကိုယ်ကို ဖြေယူပါ လိမ့်မည်။ ဦးနု၏ အဖြစ်ကား ကောက်ကျစ်စဉ်လဲခြင်း၊ ညစ်ပတ်ယုတ်မာခြင်း မဟုတ်။ လောကကြောင်းနှင့် ဓမ္မ ကြောင်းကို ပိုင်းပိုင်းခြားခြား နားမလည်ရှာခြင်းပင် ဖြစ်သည်။ ဦးနု၏ ကောင်းမွန်သော အချက်တစ်ခုကို ကျွန်ုပ် မြင်မိသည်မှာ သူသည် ဝေဿန္တရာ မင်းကြီးထက်ပင် သာမာဓိ အလုပ်ကို လုပ်ထားပုံရ၍ သတ္တိထူး တစ်မျိုးရှိ ထားသည့် လက္ခဏာနှင့် ဝေဿန္တရာ မင်းကြီးကဲ့သို့ တိုင်းပြည်မှ နှင်ထုတ်ခြင်း ခံရမည် မဟုတ်။ (အရမ်း ကြည် ညိုသူများလည်း ရှိသည်။) သူ့ သန္တာန်၌ ရှိနေသည့်ဖီလာ သဘောတရားများ (Absurdities) ကြောင့် သူ့ဟာသူ စွန့်ခွာသွားရလိမ့်မည်ဟု ထင်သည်။ အချုပ်အားဖြင့် ဖော်ပြရသော် ဦးနုသည် စိတ်နှလုံးကောင်းနှင့် စေတနာ ကောင်း ရှိသော်လည်း နားလည်မှု မပြည့်စုံရှာချေ။ ပညာဓိက မဟုတ်။ သဒ္ဓါဓိက ဖြစ်ပုံရသည်။
ရွှေဥဒေါင်း
“တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်တွင်းမှ ကြိုက်နှစ်သက်မိသောကြောင့် မျှဝေလိုက်ခြင်းဖြစ်ပါသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment