မလေးရှားက မြန်မာသံရုံးမှာဆောင်တဲ့အခွန် တရားမ၀င်ဘူးတဲ့လား
(အားလုံးသို့ အိတ်ဖွင့်ပေးစာ) by ၀င်းနီအောင် 
 
မတ်လ ၁၀ ရက် ရက်စွဲပါ ကျော်ကျော်အောင်၏ စင်္ကာပူမြန်မာသံရုံးအကြောင်း သမ္မတထံပေးစာကို ဖတ်လိုက်ရပါသည်။
ကမ္ဘာအရပ်ရပ်ရှိ မြန်မာသံရုံးများအကြောင်းတော့ (သိပြီးသားတွေ) မပြောလိုတော့ပါ။ သို့သော် .. ဝင်ငွေခွန်၊ အမြတ်ခွန် အစရှိသော အခွန် များနှင့် နိုင်ငံခြားတွင်အလုပ်လုပ်နေသူများအကြောင်းတော့ ပြောလဲပြောချင်..မေးလဲမေးချင်လှ၍ အားလုံးသို့ အိတ်ဖွင့်စာပေး လိုက်ရပါ သည်။ ဘဝတူတွေ၊ ကိုယ့်ထက်အတွေ့အကြုံများသူတွေထံမှ အမှန်အကန်ခံစားတွေ့ရှိချက်များရပြီးလျင်တော့ သမ္မတကြီးနှင့် မြန်မာနိုင်ငံ ဘဏ္ဍာအခွန်ဝန်ကြီးတို့ထံ အိတ်ဖွင့်ပေးရကောင်းနိုး အိတ်ပိတ်ပေးရကောင်းနိုး စဉ်းစားပါမည်။
၂၀၀၈ ခုနှစ် နှစ်လယ်လောက်ကဖြစ်ပါသည်။ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အခွန်ရုံးသို့ မိခင်အသက်ရှိစဉ် လွန်ခဲ့သောဆယ်နှစ်ခန့်က မြန်မာ့အလှဆောက်လုပ်ရေးမှ ထိုစဉ်က ရောင်းသူမှ အခွန်ပေးဆောင်ပါသည်ဆိုသော စာချုပ်ဖြင့်ဝယ်ထားခဲ့သည့်တိုက်ခန်းကို သား သမီးများအမည်ပြောင်းရန်နှင့် ရောင်းရန် အခွန်ကိစ္စမေးမြန်းရန် သွားခဲ့ပါသည်။ ထိုစဉ်က မြို့နယ်အခွန်မှူး ဆိုသူ ဗိုလ်ကြီး အပွင့်တင်ထားသည့် စားရေးသူ၏ တူသားအရွယ်ပုဂ္ဂိုလ်နှင့်တွေ့သောအခါ ဝယ်ယူစဉ်က ဈေးနှင့်မဟုတ် ယခုပေါက်ဈေးဖြင့် အခွန်ထပ်ဆောင်ရမည်ဆိုပါသည်။ စာရေးသူမှာ ၂၀၀၆ မှ ၂၀၀၈ နှစ်ဆန်းအထိ မလေးရှားနိုင်ငံတွင် တရားဝင် ၂ နှစ်စာချုပ်ဖြင့်အလုပ်လုပ်ခဲ့ပြီး မလေးရှားအစိုးရအခွန်ဌာနသို့ ၂၆% အခွန်ဆောင်ရကာ တရားဝင်စာရွက်စာတမ်းများ လက်ဝယ်ရှိပါသည်။ ကွာလာလမ်ပူ မြန်မာသံရုံးတွင်လည်း သတ်မှတ်ပေးထားသည့် နှုန်းအတိုင်း ပေးဆောင်ထားသော မလေးရောက်မြန်မာများပြောလေ့ရှိသည့် အဝါရောင်အခွန်စာရွက်များလည်း အထပ်လိုက်ရှိပါသည်။ သို့ သော် .. စာရေးသူ ရိုရိုသေသေတင်ပြလာသော စာရွက်စာတမ်းအပြည့်အစုံကိုမြင်လိုက်သည့်အခိုက် ထိုတူသားအရွယ် အခွန်မှူးက “ခင် ဗျားတို့ ဒါတွေက ကျုပ်တို့ မြန်မာနိုင်ငံအခွန်ဌာနကိုဆောင်ထားတာ မဟုတ်ဘူး။ သံရုံးကို ဆောင်ထားတာ။ မလေးအစိုးရကို ဆောင်ထားတာ။ ဘာမှတရားမဝင်ဘူး.. ဒါတွေလာပြမနေနဲ့” ဟု ပြောပါသည်။ ပြောသည့်အသံနှင့် ဟန်ပန်ကိုတော့ မြန်မာပြည်သူပြည်သားများ တွေးသာယူ ကြပါတော့။
စာရေးသူမှာ .. အမိနိုင်ငံတော်ကို (၂၂) နှစ်တိတိ ပညာသည်ဘဝနှင့် အလုပ်အကြွေးပြုပြီး ဝန်ထမ်းအဖြစ်မှ တရားဝင်အနားယူကာ ပြည်ပ ထွက်၍ အလုပ်လုပ်သူဖြစ်ပါသည်။ အတူအလုပ်လုပ်ကြသော အိန္ဒိယ၊ ဂျပန်၊ အင်ဒိုးနီးရှားနိုင်ငံသားများက မလေးရှားအစိုးရကိုသာ အခွန် ထမ်းဆောင်ရပြီး မိမိနိုင်ငံကိုလည်းကောင်း မလေးရှားရှိ မိမိတို့သံရုံးကိုလည်းကောင်း မည်သည့်အခွန်မျှမပေးဆောင်ကြရပါ။ မြန်မာသံရုံးဖွင့် ရက်တွင် ခွင့်ယူ၍ အခွန်သွားဆောင်လေ့ရှိကြသောမြန်မာများကို ဘာကြောင့် အခွန်နှစ်ထပ်ဆောင်ရလဲ အမြဲမေးကြပါသည်။ ကျော်ကျော် အောင် သိသလို အခွန်နှစ်ထပ်မဆောင်ရကြောင်း တော်တော်များများသိကြပါသည်။ ဤအကြောင်းကို မြန်မာနိုင်ငံအခွန်ဌာနတွင် စုံစမ်းမိ သော စင်္ကာပူမှ စာရေးသူ၏ မိတ်ဆွေ ပညာသည်တစ်ဦးမှာလည်း အော်ဟစ်ငေါက်ငန်းခံရသည်ဟုကြားဘူးထား၍ အထွန့်မတက်ဝံ့ဘဲ ဆက်လက်ဆောင်ရွက်ရပါတော့သည်။ ဘာတွေ ဆက်လက်ဆောင်ရွက်ရသလဲဆိုတာတော့ ဒီဆောင်းပါးနှင့်တိုက်ရိုက်မသက်ဆိုင်တာမို့မရေးတော့ပါ။ ပညာရှိရင်ဖြင့် သိကြပါလိမ့်အမှန်တွေးယူဆိုသော ရွှေဘိုသနပ်ခါးသီချင်းသာ ဆိုကြပါတော့။
Double Taxation Agreement ကျင့်သုံးမှု၊ တရားဝင်သက်ရောက်မှုများ သိကြ ကြုံဘူးကြလျင် အတွေ့အကြုံလေးများ မျှဝေပေးကြပါ။ မည်သို့မည်ပုံ ဆောင်ရွက်ရသည် လမ်းညွှန်ပေးကြပါ။ မြန်မာနိုင်ငံ အခွန်ဘဏ္ဍာဌာနမှ ဝန်ထမ်းကောင်းများ ပညာရှင်များ လူကောင်းလူတော် များ ရှင်းပြပေးကြပါ။
မိမိတိုင်းပြည်အတွက် အခွန်ပေးဆောင်ရန် မရှောင်မတိမ်းပါ။ မိမိတိုင်းပြည်သံရုံးကိုလည်း သူတို့သတ်မှတ်သည့်နှုန်းအတိုင်း ပေးဆောင်ခဲ့ပြီး ဖြစ်သလို မိမိအလုပ်လုပ်ရသည့်နိုင်ငံကိုလည်း နိုင်ငံခြားသားနှုန်းအတိုင်း ပေးရပြီးဖြစ်ပါသည်။
သို့သော် အထောက်အထားအားလုံးပြည့်စုံပါလျက် ဘာကြောင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ကြီး မြို့လယ် နယ်မြေတစ်ခုမှ အခွန်မှူးက ဒါတွေ တရားမဝင်ဘူးလို့ပြောခဲ့ပါသလဲ။
တရားဝင်ကျင့်သုံးရမည့် စည်းမျဉ်း စည်းကမ်းဥပဒေကို တရားဝင်ချမှတ်ပြီးရင် အားလုံးသိရှိလိုက်နာရမယ်ဆိုတာ ဘယ်နေရာ ဘယ်နိုင်ငံမှာ မဆိုမှန်တဲ့ အမှန်တရားပါ။
တိုင်းသူပြည်သားများ မသိသေးတာရှိလျင် တရားဝင်အမှန်အကန် ကြေညာပေးကြပါ။ သိလျက်နှင့်မလိုက်နာလျှင် အမှန်အကန် အရေးယူ မည့် အရေးယူပုံယူနည်းများလည်း အခြားနိုင်ငံတွေမှာလို တရားဝင်လူသိရှင်ကြား အသိပေးကြေညာထားပေးပါ။
အားလုံး၏ မျှဝေခံစားမှုများကို ကျေးဇူးတင် လေးစားစွာစောင့်မျှော်ပါမည်။
(မိုးမခမှာတင်ပြထားတဲ့ ကျော်ကျော်အောင်၏ပေးစာမှာ အောက်ပါလင့်ခ်တွင် ဖတ်နိုင်ပါသည်။

NLABR
Web-site:                    www.nlabr.com
Blog:                          http://wanna23-23.blogspot.com/

0 comments:

Post a Comment