မြန်မာသတင်းများ ဧပြီလ ၆ ရက် ၂၀၁၂ ခုနှစ်
မြန်မာ့ သယံဇာတ ရောင်းဝယ်ရေး ဆက်ပိတ်ဖို့ လိုကြောင်း HRW ပြော
ဥရောပသမဂ္ဂ အီးယူအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ထိန်းချုပ်ထားတဲ့ သယံဇာတဆိုင်ရာ ကူးသန်းရောင်းဝယ်ခွင့်ကို ဆက်ပြီး ပိတ်ဆို့ထားဖို့ လိုအပ်နေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က ပြောလိုက်ပါတယ်။လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့အရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲအတွက် အီးယူကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ကျောက်မျက်ရတနာ၊ သစ် စတဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ သတ္တုမိုင်း တူးဖော်ရေးတွေအပေါ် ပိတ်ဆို့ အရေးယူထားတာကို ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းရေး အစီအစဉ်မှာ အီးယူနဲ့ အမေရိကန် ဆောင်ရွက်ပုံချင်း မတူကြတာကြောင့် HRW အနေနဲ့ အီးယူကို တိုက်တွန်းစာ ပေးပို့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက တိုးတက်လာတဲ့ အခြေအနေကို အီးယူအနေနဲ့ တုန့်ပြန်မယ်ဆိုရင် မိမိတို့ အကြံပေးလိုတာက မြန်မာ အာဏာပိုင်တွေအပေါ် ကန့်သတ်ထားတဲ့ ဥရောပ ၀င်ခွင့်ဗီဇာကို အမည်နဲ့ ပုဂ္ဂိုလ်အလိုက် ရုပ်သိမ်းပေးတာ၊ လူသားချင်း စာနာကူညီမှု ဆိုင်ရာတွေမှာ ထောက်ပံ့ကူညီတာတွေကို ဆောင်ရွက်ပေးစေချင်ပါတယ်လို့ HRW နယူးယောက်မြို့ဌာနခွဲရဲ့ ပြောခွင့်ရ အမျိုးသမီး Elaine Pearson ကပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရခဲ့တာဟာ မြန်မာအစိုးရအနေနဲ့ နောက်ကြောင်းပြန် လှည့်သွားနိုင်တယ်ဆိုတဲ့ သံသယကို အားနည်းသွားစေတယ် ဆိုပေမဲ့၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ရှေ့ဆက် တိုးတက်သွားပါတော့မယ်ဆိုတဲ့ အာမခံချက် ပေးလိုက်တာလည်း မဟုတ်ပါဘူးလို့ HRW ရဲ့အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည် မြောက်ပိုင်းဒေသတွေမှာ စစ်ဘေးကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ၊ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လက် ထိန်းသိမ်းခံနေရတာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ HRW ပြောခွင့်ရ အမျိုးသမီး Elaine Pearson က ပြောပါတယ်။
ဒီအတောအတွင်း ဥရောပသမဂ္ဂ အီးယူကလည်း မြန်မာအပေါ် ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ ဟန်ပြင်နေပြီ ဆိုပေမဲ့ ဘယ်လောက်မြန်မြန် ပြန်ရုပ်မလဲဆိုတဲ့အပါ် အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်း သဘောထား ကွဲပြားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးလမ်းကြောင်းသစ်ဖွင့်ဖို့ EU စိတ်ထက်သန်
ရာနှင့်ချီသော နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် စောင့်နေကြ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရာနှင့်ချီသော နိုင်ငံခြား ကုမ္ပဏီများ စောင့်ကြည့် လျက် ရှိနေကြသည်ဟု ဟောင်ကောင် အခြေစိုက် Bagan Capital မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးအဖွဲ့မှ ဦးဆောင် အရာရှိတဦးက ဆိုသည်။
စိတ်ဝင်တစား စောင့်ကြည့်နေသော ကုမ္ပဏီများထဲတွင် ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အပြင် အမေရိကန်လည်း ပါဝင်ပြီး လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု များစွာ တိုးတက်လာလိမ့်မည်ဟုလည်း ပြောသည်။
ကုမ္ပဏီ အနေဖြင့် Bagan Capital ဆိုသည့် အမည်ကို မှည့်ခေါ်ရခြင်းမှာ မြန်မာနိုင်ငံ၏ ပထမဆုံး မြို့တော်ဖြစ်သည့် ပုဂံမြို့သို့ အလည်အပတ် သွားရောက်စဉ်က နေရာအနှံအပြားတွင် စေတီပုထိုးများ မရေတွက်နိုင်လောက်အောင်တွေ့မြင်ရသည့် အချိန်တွင် လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ စတင် ပြုလုပ်နေချိန် စီးပွားရေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများစွာကို မြင်တွေ့နေရခြင်းကြောင့် ကုမ္ပဏီအား ပုဂံ ကယ်ပီတယ်ဟု မှည့်ခေါ်ရခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရန်အတွက် ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့က ဧပြီလ ၁ ရက်နေ့တွင်ပြုလုပ်သော ရွေးကောက်ပွဲကို စောင့်ကြည့်လျက်ရှိနေကြပြီး ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေရာ ၄၅ နေရာ အနက် ၄၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။ရွေးကောက်ပွဲ ကျင်းပပြီးနောက် တရက်တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ရုတ်သိမ်းပေးရန်အတွက် အာဆီယံနိုင်ငံများက ခေါင်းဆောင်များက ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သာ ထိပ်သီးအစည်းအဝေးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှု အချို့ကို လျှော့ပေးမမည်ဟု ဧပြီလ ၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုများအား မြန်မာအစိုးရ၏ လုပ်ဆောင်ပုံကို ကြည့်၍ တဆင့်ချင်း ရုပ်သိမ်းပေးသွားဖို့ ရှိကြောင်း ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို ပြန်လည်ခန့်ထားမည် ဖြစ်ပြီး အမေရိကန်က ပြည်ပ ဖွံ့ဖြိုးရေး အထောက် အပံ့ ပေးနေသည့် USAID ရုံးဖွင့်ရန်၊ မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့မှု ပိတ်ပင်ထားမှုကို တဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးရန်၊ အမေရိကန်မှ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိတ်ပင်ထားမှုများကို ရုတ်သိမ်းပေးရန်တို့ ပါဝင်သည်။
သို့ရာတွင် ဒဏ်ခတ် ပိတ်ဆို့မှု အချို့ကို ဆက်လက်ထားရှိဦးမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကျောက်မျက် တင်ပို့မှုကို ဆက်လက်ပိတ်ပင်ထားမည်ဟု ဆိုသည်။ဥရောပ သမဂ္ဂ ခေါင်းဆောင်များကလည်း ၎င်းတို့အနေဖြင့်လည်း အလားတူ ဖြေလျှော့မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း ဧပြီလ ၄ ရက်နေ့က ပြေကြားခဲ့ပြီး၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်က ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည်မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအချို့ကို ဖြေလျှော့ပေးဖွယ် ရှိသည်ဟု ဆိုသည်။
သို့ရာတွင် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး အရေးယူမှု အားလုံးကို ရုတ်ချည်း အလုံးစုံ ရုတ်သိမ်းပေးမည့်သဘော သက်ရောက်မှု မရှိဟု ဆိုသည်။ဧပြီလ ၂၃ ရက်နေ့တွင် လတ်ဇင်ဘတ်နိုင်ငံတွင် ကျင်းပမည် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် မြန်မာဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်မည် ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် ကျင်းပမည့် အာဆီယံ-အီးယူ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအပေါ်တွင် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး အဆိုကို ကမ္ဘောဒီးယားအစိုးရ ဝန်ကြီးက တင်သွင်းမည် ဖြစ်သည်။
မြန်မာ့ အရေးကို ဆွေးနွေးရာတွင် ရွေးကောက်ပွဲ ကျင်းပပုံနှင့် တခြား ပြုပြင်ပြောင်းလဲရေးများ ဖြစ်သော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှု၊ လူမျိုးစု လက်နက်ကိုင်များနှင့်ငြိမ်းချမ်းရေး အဖြေရှာမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်သည်။ပိတ်ဆို့မှုများကို ဖွင့်ပေးလိုက်ပါက လက်နက်တင်သွင်းခွင့်၊ သစ်ခုတ်လှဲခွင့်နှင့် သတ္တု တူးဖော်ခွင့် ပိတ်ပင်ထားမှုများ၊ လူပုဂ္ဂိုလ် တယောက်ချင်းအလိုက် စီးပွားရေး ပိတ်ဆို့ထားမှုများကို ပြန်ရုပ်သိမ်းပြီး ဖွံ့ဖြိုးမှု အထောက်အပံ့များကိုလည်း ပိုမို ပေးအပ်သွားဖွယ် ရှိသည်။
အမေရိကန် ပြည်ထောင်စုမှ GE ကုမ္ပဏီသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း လာရောက် ရောင်းချရန် အတွက် ပြည်တွင်း ကုမ္ပဏီတခုနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။နိုင်ငံခြား ကုမ္ပဏီများသည် စီးပွားရေးဆိုင်ရာ အခြေခံဥပေဒေများ တည်ငြိမ်မှုကို လိုလားကြပြီး အငြင်းပွားမှုများဖြစ်လာပါကလည်း ဖြေရှင်းနိုင်မည့် နည်းစနစ်ကောင်းများကိုလည်း လိုလားလေ့ရှိသည်ဟု ၎င်းက ဆိုသည်။ထိုကဲ့သို့ အရာများ ပြည့်စုံနေပါက မြန်မာနိုင်ငံတွင် သဘာဝ အရင်းအမြစ် ကြွယ်ဝမှုနှင့် လူသား အရင်းအမြစ်များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ငွေကြေးရှင်တွေ အနေနဲ့ အလွန်ပဲ စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံသည် မှန်ကန်သော လမ်းကြောင်းပေါ် ရောက်နေသည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။
ပုဂံ ကယ်ပီတယ် သည် နိုင်ငံခြား ကုမ္ပဏီများနှင့် သာမက မြန်မာကုမ္ပဏီများနှင့်ပါ လက်တွဲလုပ်ကိုင်နေ ပြီး၊ ကုမ္ပဏီထံ တိုက်ရိုက်နှင့် ကုမ္ပဏီ၏ တွဲဖက် ဖြစ်သော မြန်မာ စီးပွားရေး ကွန်ယက် (Myanmar Business Network) ထံသို့မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားသည့် ကုမ္ပဏီပေါင်း တစ်ရက်လျှင် တစ်ဒါဇင် ကျော်ခန့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။ပုဂံ ကယ်ပီတယ် ကုမ္ပဏီ၏ ဝန်ထမ်းအဖွဲ့ဝင်များသည် မြန်မာနိုင်ငံနှင့် ဟောင်ကောင်တို့တွင် အသီးသီး တာဝန် ထမ်းဆောင်လျက် ရှိနေကြပြီး၊ ရန်ကုန်တွင် ဝန်ထမ်း အင်အား တိုးချဲ့ရန်အတွက် အရည်အချင်းရှိသော ဝန်ထမ်းများကို ရှာဖွေလျက် ရှိသည်ဟုလည်း ဆိုသည်။

NLD နဲ့လက်တွဲ ဆောင်ရွက်မယ်လို့ ဦးသိန်းစိန်ပြော
ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ တိုင်းပြည် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အန်အယ်လ်ဒီနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်နေစဉ် ဂျပန်သတင်းဌာန NHK နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့တာပါ။မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့ဆိုရင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို တဖြည်းဖြည်းချင်း လျော့ချသွားမယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတက ပြောပါတယ်။အဲဒီလို ပိတ်ဆို့ အရေးယူမှုတွေ လျော့ချဖို့အတွက် အာဆီယံအဖွဲ့ကလည်း မြန်မာအစိုးရဘက်က ရပ်တည်ပြီး အနောက်နိုင်ငံတွေကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။ဒီလကုန်ပိုင်းလောက်မှာ ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဂျပန်နိုင်ငံက နိုင်ငံရပ်ခြား အကူအညီ ODA ပြန်ပေးနိုင်ရေးအတွက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
ပိတ်ဆို့မှု ရုပ်သိမ်းရင် ပေါင်းစည်းမှု အလားအလာကောင်းဟု ဦးသိန်းစိန်ပြော
မြန်မာ သမ္မတ ဦးသိန်းစိန် က ကြားဖြတ်ရွေးကောက်ပွဲ ထမြောက် အောင်မြင်ခဲ့ ပြီးတဲ့ နောက် ပိတ်ဆို့မှု တွေ ရုပ်သိမ်းရေး တောင်းဆိုချက်တွေ နဲ့ ပတ်သက်ပြီးတော့ အားရ ကျေနပ်တယ် လို့ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့ မှာ အခုလို ပြောဆိုသွားပါတယ်။
“နောက်ကျတဲ့ အကြောင်းအရင်း ကလည်း မြန်မာ နိုင်ငံပေါ်မှာ တားဆီးရေး ပိတ်ဆို့မှု တွေ နှစ်ပေါင်း ၂၀ ကျော် လောက် ရှိနေတဲ့ အတွက် ကြောင့် ကျနော်တို့ ရဲ့ စီးပွားရေးဟာ တိုးတက် သင့်သလောက် မတိုးတက် ပါဘူး။ အခုတော့ တားဆီးမှုတွေ ဖြေလျှော့သွား မယ်ဆိုရင်တော့ ဘာဘဲ ဖြစ်ဖြစ် ကျနော်တို့ ဒါဟာ ပေါင်းစည်း နိုင် ဖို့ အတွက် အလားအလာ ကောင်းတွေ ကျနော်တို့ ရလာမှာ ဖြစ်ပါတယ်။”
စာအတုဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံး ငြင်းဆို
မြစ်ဆုံစီမံကိန်း ပြန်စဖို့ဆိုတဲ့ စာဟာအတုဖြစ်တယ်လို့ ကချင်ပြည်နယ် ၀န်ကြီးချုပ် အစိုးရအဖွဲ့ရုံးက ပြောဆိုပါတယ်။ဒီသတင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မတ်လ ၂၈ ရက် နေ့စွဲနဲ့ မြစ်ဆုံစီမံကိန်း ပြန်စဖို့ CPI ကုမ္ပဏီ ထိန်ချုံး မြစ်ကြီးနားရုံးက ပြည်နယ်ဝန်ကြီးချုပ်ရုံးကို ပေးပို့တဲ့ စာတစ်စောင် အင်တာနက်မှာ ပျံ့နှံ့နေတာကြောင့် ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ ၀န်ကြီးချုပ်ရုံးကို မေးမြန်းရာမှာ ၀န်ကြီးချုပ် လဂျွန်နိုင်ဆိုင်း ရဲ့ကိုယ်ရေးအရာရှိက ဒီစာဟာ CPI ရုံးက ပေးပို့တဲ့ စာတစ်စောင် အပေါ်မှာ ဖြည့်စွက်ပြီး အတုဖန်တီးထားတဲ့စာ ဖြစ်တယ်လို့ ပြောပါတယ်။ CPI ရဲ့ ပေးပို့တဲ့ စာဟာ မြစ်ကြီးနားနဲ့ ကန်ပိုက်တီ လမ်းဖောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ပေးပို့တဲ့ စာဖြစ်တယ်လို့ ကိုယ်ရေးအရာရှိက ပြောပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ မြစ်ဆုံစီမံကိန်း ဆက်လက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။မြန်မာအပေါ် ပိတ်ဆို့မှု တချို့ရုပ်သိမ်းရေး အမေရိကန် စတင်ပြင်ဆင်
ကြားဖြတ် ရွေးကောက်ပွဲ အပါအ၀င် သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတချို့သမ္မတ ဦးသိန်းစိန် အစိုးရဘက်က ဆောင်ရွက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေကို တဖြည်းဖြည်း လျော့ချသွားဖို့ အမေရိကန် ပြည်ထောင်စုက စတင်ပြင်ဆင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မနေ့က အထူး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ဘဏ္ဍာရေး ၀န်ဆောင်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အကန့်အသတ်တွေ လျော့ပေါ့ပေးဖို့ အပါအ၀င် သံတမန်ဆက်ဆံရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေအပေါ် အကူအညီ အထောက်အပံ့တွေ ပေးသွားမှာဖြစ်တယ်လို့ Mrs ကလင်တန်က-
" အမေရိကန်အနေနဲ့ ပြင်ဆင်ထားတဲ့ အချက်တွေကို ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရေးကိစ္စကို ရက်ပိုင်းအတွင်း တရားဝင်အတည် ဖြစ်နိုင်ဖို့၊ နောက်တစ်ချက်က အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID ကိုယ်စားလှယ်ရုံးကို မြန်မာနိုင်ငံမှာ ပြန်လည်ထားရှိဖို့၊ တတိယအချက်က ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေဖြစ်တဲ့ ကျန်းမာရေးနဲ့ ပညာရေးစတဲ့ လုပ်ငန်းတွေအတွက် အမေရိကန် NGO အဖွဲ့အစည်းတွေ ၀င်ရောက် လုပ်ကိုင်ဖို့၊ စတုတ္တအချက်အနေနဲ့ အစိုးရ အဖွဲ့တွင်းနဲ့ လွှတ်တော်တွင်းက ပုဂ္ဂိုလ်တချို့ အမေရိကန် ပြည်ထောင်စုကို လာရောက်လေ့လာနိုင်ဖို့ စတာတွေကို ဆောင်ရွက်သွားမှာပါ။ နောက်ဆုံးအချက်ကတော့ ဘဏ္ဍာရေး ၀န်ဆောင်မှုတွေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကန့်သတ် အရေးယူမှုတွေ လျော့ချရေးအတွက် စတင်ဆောင်ရွက်ဖို့ ရှိပါတယ်လို့" ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန် ပြည်ထောင်စုဟာ မြန်မာပြည်သူတွေနဲ့တကွ အစိုးရအဖွဲ့တွင်းနဲ့ အရပ်ဘက် ပြုပြင်ပြောင်းလဲရေးသမားတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ တသားတည်း ရှိနေပါတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောဆိုသွားပါတယ်။
မြန်မာအပေါ် ပိတ်ဆို့မှု ဖယ်ရှားရေး တရုတ်တောင်းဆို
ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရပြီးနောက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်သည်။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို ပြည်တွင်းရော နိုင်ငံတကာကပါ ကျယ်ကျယ်ပြန့်ပြန် အတည်ပြုပြီး ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့အတွက် တွန်းအားဖြစ်စေမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ယနေ့ ပြောဆိုကြောင်း သိရသည်။
ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ မအူပင်တွင် ပြုလုပ်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးပွဲတခုကို ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပရာ ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ စသူတို့ ဆွေးနွေးဟောပြောကြောင်း သတင်းရရှိသည်။ ပထမဦးစွာ မအူပင် အကျဉ်းထောင်ရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ဟင်္သာတ ခရိုင်ကျောင်းသားများ၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) စသည့် မျိုးဆက်သစ်ကျောင်းသားများနှင့် စိတ်ဝင်စားသူ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
စစ်တွေတွင် ALP နှင့် အစိုးရ အပစ်ရပ်ရေးဆွေးနွေး
ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်ပြည်နယ်အစိုးရတို့ ပဏာမ အပစ်ခတ် ရပ်စဲရေးအတွက် စစ်တွေမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နှင့် ယနေ့ နှစ်ရက်ဆက်တိုက် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။ ALP က အပစ်အခတ် ရပ်စဲရေး၊ ဆက်သွယ်ရေးရုံးများ ထားရှိရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ လုပ်ဆောင်ရေး၊ ALP ပါတီဝင်များ နိုင်ငံတ၀န်းသို့ လက်နက်မဲ့ လွတ်လပ်စွာ သွားလာခွင့်ရရှိရေး စသည်တို့ကို တင်ပြဆွေးနွေးလျက် ရှိကြောင်း သိရသည်။ ဆွေးနွေးပွဲကို ALP ပါတီ၏ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်တို့ တက်ရောက်ကြကြောင်း စုံစမ်းသိရှိရသည်။
ထိုင်း-မြန်မာ ကုန်သွယ်ရေးဂိတ် နှစ်ခု ဖွင့်စေလို
ပထမတနှစ်အတွင်းမှာပင် ထိုင်းဘတ် ၁၀ ဘီလီယံဖိုးအထိ ကုန်သွယ်နိုင်ခဲ့သဖြင့် ထိုင်းနိုင်ငံ ကန်ချနဘူရီမှ စီးပွားရေးသမားများက မြန်မာနှင့် ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် နယ်ခြားဂိတ် နှစ်ခု ထပ်မံဖွင့်စေလိုကြကြောင်း သိရသည်။ ကန်ချနဘူရီ ကုန်သည်ကြီးများအသင်းက ဘုရားသုံးဆူဂိတ် ပြန်ဖွင့်ရန်နှင့် ဘန်းဖူနန်ရွန်အနီးတွင်တခု ဖွင့်စေလိုကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ ပြန်ဖွင့်ပေးရန် တောင်းဆိုထားသည်မှာ ကြာပြီဖြစ်သော်လည်း ထိုင်းအစိုးရဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် နှောင့်နှေးနေကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေး လုပ်မည်
ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲအပြတ်သတ် အနိုင်ရရှိပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာနိုင်ဖွယ် ရှိသဖြင့် ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီသို့ ပြောသည်။နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေးပါတီ အစည်းအဝေးတွင် ပါတီ ဗဟိုအလုပ်မှုဆောင် အများစု တက်ရောက်ခဲ့ကြကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သကဲ့သို့ ပါတီ ရှေ့ဆက်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွေးကောက်ပွဲသတင်းများ ဆင်ဆာမတင်၊ ဂျာနယ် ဝယ်လိုအား မြင့်တက်
ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီးနောက် ထိုရက်အတွင်းထွက်ရှိသည့် သတင်းဂျာနယ် အများစုက ရွေးကောက်ပွဲ နောက်ဆုံးရ သတင်းများကို စာပေစိစစ်ရေးသို့ မတင်ဘဲ ထုတ်ဝေခဲ့ကြပြီး ဂျာနယ်များအားလုံး ဝယ်လိုအား မြင့်တက်ခဲ့ကြောင်း သိရသည်။အသုံးချခံနေရခြင်းကို ကိုယ်တိုင်သိဖို့လိုကြောင်း ဆရာမဂျူး ပြော
ဂျာနယ်များတွင် ပါရှိသည့် စီးပွားရေးကြော်ငြာများနှင့် ရုပ်သံ ကဏ္ဍများတွင် အမျိုးသမီးများ အား မည်သို့အသုံးချနေသည်ကို အမျိုးသမီးများ ကိုယ်တိုင် သတိထားသင့်ကြကြောင်း
ရန်ကုန်မြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ‘မီဒီယာထဲမှ အမျိုးသမီးများ’ (Women in Media Forum) ဆွေးနွေးပွဲနောက်ဆုံးနေ့ ကြာသပတေးနေ့တွင် စာရေးဆရာမ ဂျူး က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အမျိုးသမီးတွေက မီဒီယာကို ဘယ်လိုအသုံးချနေသလဲ၊ အမျိုးသမီးတွေကို မီဒီယာက ဘယ်လို အသုံးချနေသလဲ။ ဒါကို အမျိုးသမီးတွေကိုယ်တိုင် သိဖို့လိုတယ်။ ကြည့်တဲ့ ပရိသတ်လည်း သိဖို့လိုတယ်။ နောက် ကိုယ်တိုင်ပါဝင်တဲ့ အမျိုးသမီးကိုယ်တိုင်လည်း သိဖို့လိုတယ်” ဟု ဂျူး က ပြောဆိုသတိပေးသွားသည်။

Creative Media House (CMH)၊ Yangon Film School(YFS) နှင့် Local Print Media တို့ ကမကထပြု စီစဉ်ပြီး ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ နောက်ဆုံးနေ့သို့ ပြည်တွင်းမှ အမျိုးသမီး သတင်းထောက်များ၊ စာရေးဆရာမများ၊ အနုပညာရှင်များနှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ စုစုပေါင်း ၃ဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။မီဒီယာလောကအတွင်းမှ အမျိုးသမီးများ ကြုံတွေ့နေရမှုများကိုလည်း ပြည်တွင်း အမျိုးသမီး သတင်းထောက်များက အတွေ့အကြုံများ ဖလှယ်ကြရာ ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်မှ မအေးသူစံကလည်း သူမ ကြုံတွေ့ခဲ့ရသည့် ရုပ်ရှင် မင်းသမီး ထက်ထက်မိုးဦးနှင့် အမှုအကြာင်း ပြောပြခဲ့သေးသည်။ မအေးသူစံမှာ အင်တာဗျူးမေးခွန်းကြောင့် သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦး၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ကို ခံခဲ့ရပြီး တရားပြန်လည်စွဲဆိုခဲ့ရာ ရန်ကင်းမြို့နယ် တရားရုံးက ထက်ထက်မိုးဦးအား ဒဏ်ငွေ တထောင် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
မီးဘေးသင့်ရွာအတွက် ဒေါ်အောင်ဆန်းစုကြည် ငွေလှူ
တစ်ရွာလုံးနီးပါး မီးလောင်သွားတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာသားတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းလိုက်ပါတယ်။ရခိုင်လွတ်မြောက်ရေးအဖွဲ့ အစိုးရနဲ့ ပဏာမသဘောတူ
နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းပေးတဲ့ ရခိုင်ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေဟိုတယ်မှာ ပြည်နယ်အဆင့် အချက်ငါးချက်ပါ အပစ်ရပ် ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပါတယ်။ပဏာမ သဘောတူညီချက်မှာ ဧပြီ ၆ ရက်ကစပြီး နှစ်ဘက်အပစ်ရပ်ဖို့နဲ့ ပလက်ဝနဲ့ ကျောက်တော်မြို့တွေမှာ ALP ဆက်ဆံရေးရုံးတွေကို ဖွင့်လှစ်ဖို့ အချက်တွေ ပါဝင်ပါတယ်။ နောက်အချက်တွေမှာ အပစ်ရပ်ထားတဲ့ ကာလအတွင်း နှစ်ဘက် သဘောတူထားတဲ့ နေရာကအပ နယ်မြေကျော်ပြီး လက်နက်ကိုင်ဆောင် သွားလာတဲ့ကိစ္စတွေကို နှစ်ဘက်ကြိုတင်ညှိနှိုင်းဖို့နဲ့ အပစ်ရပ်ထားချိန်ကာလမှာ ALP ပါတီဝင်တွေကို လက်နက်ကိုင်ဆောင်ခွင့် မပေးဘဲ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ပြုဖို့ ပါရှိပါတယ်။
နောက်ဆုံးအချက်မှာတော့ နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တွေဟာ နှစ်ဘက် သဘောတူတဲ့နေရာ၊ သဘောတူတဲ့ အချိန်ကာလအတွင်း ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကိစ္စရပ်တွေ ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက် တင်ပြဆွေးနွေး ညှိနှိုင်းသွားဖို့ သဘောတူညီချက်ကို ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ALP တွဲဖက် အထွေထွေအတွင်းရေးမှူး-၂ နဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ခိုင်သုခတို့ အပါအ၀င် တစ်ဘက် လေးဦးစီ လက်မှတ်ရေးထိုးကြတာပါ။
လေ့လာချက်အရ စိုင်းဒင်ရေတံခွန်မှာ သဘာဝအလှတရား များနှင့် ပြည့်စုံသည့်ဒေသတစ်ခု ဖြစ်ကြောင်းသိရပြီး Dam ဆောက်လုပ်ပြီးပါက သဘာဝအလှများ ပျောက်ကွယ်နိုင်သည့်အပြင် ရေတိုက်စားခြင်းနှင့် နှုန်းမြေဖို့ ခြင်းကြောင့် မြစ်ကြောင်းမှာ တမံ အောက်ပိုင်းတွင် ပြောင်းလဲ သွားနိုင်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို ဧပြီလ ၁ ရက်နေ့တွင် စတင်ထုတ် ပေးမည့်အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ ကြောင်း စုံစမ်းသိရှိရပါသည်။
''E-visa စနစ်စတင်နိုင်မယ့် အချိန်ကို ထပ်မံပြီး သတင်းထုတ်ပြန်ပေးသွားမှာပါ။ အခုလောလောဆယ်တော့ ဒီစနစ်ကို စတင်နိုင်ခြင်း မရှိသေးပါဘူး''ဟု E-visa စနစ်အား အကောင်အထည်ဖော်နေသည့် Myanmar Ease Net Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ယခင်က ဧပြီလ ၁ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအား E-visa အား ထုတ်ပေးနိုင်ရန် စီစဉ်မှုများရှိခဲ့ရာ နိုင်ငံအသီးသီးမှ E-visa လျှောက်ထားသူများသည် http://www.myanmarevisa.gov.mm သို့ ၀င်ရောက်ကာ လျှောက်လွှာဖြည့်သွင်းပြီး ဗီဇာလျောက်ထားခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။ ''E-visa စနစ်ကို ခွင့်ပြုပေးမယ်ဆိုရင် မြန်မာနိုင်ငံကို လာချင်တဲ့ ခရီးသွားတွေအတွက် သံရုံးသွားပြီး ဗီဇာလျှောက်မယ့် အချိန်ကုန် သက်သာသွားတာပေါ့။ အဓိက ဗီဇာလျှောက်ဖို့ လွယ်ကူသွားရင် မြန်မာနိုင်ငံကို ခရီးသွားတွေ ခုထက်ပိုပြီး လွယ်လွယ် ကူကူ ၀င်ရောက်လာနိုင်မှာပါ''ဟု အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI မှ Marketing မန်နေဂျာ မအေးမရသာက ပြောပြခဲ့သည်။

အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါရှိ OS Yangon သင်္ဘောမှ မြန်မာသင်္ဘောသားများ လစာမရ၍ သင်္ဘောပြန်လည်မထွက်ခွာရန် ကန့်ကွက်ထားရာမှ ယခုအခါလစာများ ပြန်လည်ရရှိပြီဖြစ်ကြောင်း ယင်းသင်္ဘော၏ သင်္ဘောသားများထံမှ သိရသည်။မြန်မာနိုင်ငံသို့ မတ်လ ၂၄ ရက်နေ့က ရောက်သောကားတင်သင်္ဘော OS Yangon သင်္ဘောမှ မြန်မာသင်္ဘောသား ၁၄ ဦးမှာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ လစာမရသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါသို့ သင်္ဘောဆိုက် ကပ်ချိန်တွင် ယင်းတို့၏ လစာများရရှိရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment