NLD ရှေ့ခရီး နိုင်ငံရေးသမားတွေ ဘယ်လို မြင်သလဲ

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နှင့် NLD ၏ ရှေ့ခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး သမားများကြား ဝေဖန်ပြောဆိုနေကြသည်။
ယနေ့နံနက်ပိုင်းက ပြောကြားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု နှင့် ပတ်သက်သော မိန့်ခွန်းတွင် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို နိုင်ငံရေး အင် အားစုများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောကြားသွားသည်။
ထိုပြောကြားချက်များအပေါ် မြန်မာ့ နိုင်ငံရေး ဦးဆောင်သူတချို့က သဘောထားအမြင်များကို ပြောဆိုနေကြခြင်း ဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးက ယခုကြားဖြတ် ရွေးကောက်ပွဲတွင် အများစုအနိုင်ရသည့် NLD ၏ အောင်မြင်မှု သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့၏ ပူးပေါင်း ဆောင်ရွက်ရေး မူကို ပြည်သူက ထောက်ခံလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။
“နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ပါဝင်တဲ့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ကြိမ်ဖန်များစွာ ပြောထားပြီးဖြစ်တော့ အခုလို ရွေးကောက်ခံရလို့ လွှတ်တော်တွင်း ၀င်ရောက်သွားလို့ ရှိရင်လည်း ဒီကိစ္စတွေကို ဆက်ပြီးတော့ အလေးထား ဆောက်ရွက်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်”ဟု ကိုကိုကြီးက ပြောသည်။
ရှေ့ဆက်၍ လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်မှုများမှသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပို၍မြှင့်တင်နိုင်လိမ့်မည် ဟု မျှော်လင့်ကြောင်း၊ တိုင်းပြည်တွင် ဖြေရှင်းရမည့် ပြဿနာများစွာကို လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ တို့မှတဆင့် ကျယ် ကျယ်ပြန့်ပြန့် အချိန်ယူဖြေရှင်းသွားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း သူက ဆက်ပြောသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) ကလည်း NLD အနိုင်ရရှိမှုကို ကြိုဆိုလိုက်ပြီး လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုများ ပိုကြီးမားလာခြင်းဖြစ်ကြောင်း၊ မူဝါဒများ တူညီပြီး လုပ်နည်းလုပ်ဟန် ပိုင်းသာ အနည်းငယ်ကွဲလွဲနိုင်ကြောင်း၊ လက်တွဲဆောင်ရွက်သွားရန်လည်း အသင့်ရှိကြောင်း ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေ က ပြောသည်။
“NDF ကတော့ ငြိမ်းချမ်းရေး ရရှိရေးသည် နံပါတ် ၁ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးရှိပြီး မျှတတဲ့ တရားစီရင်ရေး ရှိမှ သာ လျှင် ဒီမိုကရေစီ လူ့ဘောင်ကို ပီပီပြင်ပြင် ရောက်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်”ဟု သူက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ပါတီ၏မူဝါဒထဲတွင်ပါဝင်ပြီးဖြစ်ကြောင်း၊ လွှတ်တော်တွင်းကသာ အခြေခံဥပဒေပြင်ဆင်ရေး ကို အများစုဆန္ဒဖြင့် စနစ်တကျ ပြင်ဆင်သွားနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေ က ဆက်ပြောသည်။
“NLD ရောက်လာတဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ ပိုပြီးတော့ ထင်သာမြင်သာဖြစ်လာတာပေါ့၊ ကျနော်တို့ ရွေးကောက်ပွဲ ၀င်ခဲ့တာဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ကြိုက်လို့ ၀င်ခဲ့တာမဟုတ်ပါဘူး”ဟု သူက ဆိုသည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ကြွေးကြော်ထားသည့် လမ်းပြမြေပုံ ၃ ချက်ကို အကောင်အထည်ဖော်ရေးသည် ပဏာမအဆင့် လွှတ်တော်တွင်း၌ လွတ်လပ်စွာဝေဖန်ထောက်ပြနိုင်မည်ဖြစ်ပြီး အစိုးရ တရပ် မဟုတ်သည့်အတွက် အခက်အခဲများရှိနိုင်ကြောင်း ပြောဆိုသည်။
ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ခေါင်းဆောင်လည်းဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အဖွဲ့ဝင် တဦးလည်းဖြစ်သူ ဦးအေးသာအောင်ကမူ“သမ္မတ စတဲ့ ခေါင်းဆောင်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လွှတ်တော် ထဲ ရောက်စေချင်တယ်။ အဲဒီကနေပြီးတော့ နိုင်ငံတကာ ဆက်ဆံရေး၊ အထူးသဖြင့် စီးပွားရေးပိတ်ဆို့မှု ၊ ကမ္ဘာ့ဘဏ်နဲ့ အ ထောက်အပံ့တွေအပါအ၀င် အားလုံးကို မျှော်ကိုးပြီးတော့ လွှတ်တော်ထဲ ရောက်စေချင်တာလဲ ပါတယ်”ဟု ပြော ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဆက်စပ်ကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံမပြင်လျှင် ငြိမ်းချမ်းရေး ရရန် မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့ နှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဦးအေးသာအောင် က ဆိုသည်။
သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေးတွင် အဟန့်အတားများ ရှိကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၇၅ ရာခိုင်နှုန်းကျော် အဆိုပြုရုံသာမက လူထုဆန္ဒခံယူပွဲပါ လုပ်ဆောင်ပြီးမှ ဖွဲ့စည်းပုံကို ပြုပြင်မည့်အပိုဒ်ကို ပြင်ဆင်ရန်ဖြစ်နိုင်ကြောင်း၊ လွှတ်တော်တွင် ကြံ့ ခိုင်ရေးပါတီနှင့် တပ်မတော်ကိုယ်စားလှယ်များ၏ အဟန့်အတားများလည်း ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရအဖွဲ့အတွင်း ပါဝင်လာနိုင်သည်ဟူသည့် ပြောဆိုမှုများ ပေါ်ထွက် နေသော်လည်း ၎င်း အနေဖြင့် သဘောမတူဟုလည်း ဦးအေးသာအောင် က ဆိုသည်။
NLD ပြောခွင့်ရသူ တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကလည်း ပါတီက ချမှတ်ထားသည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်း ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည့် လမ်းပြမြေပုံ ၃ ချက်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောဆိုသည်။
“တရားဥပဒေ စိုးမိုးရေးကို ပထမ ဦးစားပေး အနေနဲ့ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။
အမျိုးသား လွှတ်တော် ဥက္ကဌ နှင့် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က လွှတ်တော်တွင်းရောက်လာ သည့် အခါ မည်သည့်အခန်းကဏ္ဍတွင် ရှိနိုင်မည်ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပေါ်တွင်သာ မူတည်သည်ဟု ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောဆိုထားသည်။
“လွှတ်တော်ထဲ ရောက်လာတဲ့အခါမှာ သာမန် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ နေမှာလား၊ ကော်မတီတရပ် အနေနဲ့ နေမှာလား ဆိုတာတော့ သူ့ရဲ့ဆန္ဒတွေပေါ်မှာလည်း မူတည်တယ်။ ကော်မတီဖွဲ့တဲ့အခါမှာ မလုပ်ချင်ဘူးဆိုရင် သူနေလို့ ရတာပေါ့။
လုပ်ချင်တယ်ဆိုလည်း ရတယ်၊ ထွက်မယ်ဆိုရင်လည်း ရတယ်၊ ဒီကော်မတီက။ ရိုးရိုး Mumber(အဖွဲ့ဝင်)အနေနဲ့ နေမယ် ဆို လည်း ရတယ်။ သူ့အပေါ်မှာပဲ အများကြီး မူတည်တယ်”ဟု ဦးခင်အောင်မြင့်က ပြောသည်။
ဧပြီ ၁ ရက် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်မြေ ၄၅ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ပါတီ ၀င်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြရာ NLD က ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၄၃ နေရာ အနိုင်ရရှိကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment