မြန်မာသတင်းများ ဧပြီလ ၂၃ ရက် ၂၀၁၂ ခုနှစ်


 
NLD ပါတီ လွှတ်တော်တက်ဖို့ ရွှေ့ဆိုင်း

နေပြည်တော်မှာ ပြန်ကျင်းပမယ့် လွှတ်တော်ကို NLD ပါတီက မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘဲ လွှတ်တော် တက်နိုင်မယ့် အချိန်ကို စောင့်နေတာဖြစ်တယ်လို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ NLD ရုံးချုပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။  ညှိနှိုင်းစရာတွေ ကျန်နေသေးတဲ့အတွက်  မနက်ဖြန် ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ ပြန်စမယ့် လွှတ်တော် အစည်းအဝေးတွေကိုတော့ NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မတက်ဖြစ်သေးဘူးလို့လည်း NLD ပါတီကပြောပါတယ်။
ရွေးကောက်ခံ ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ခင် ကျမ်းကျိန်စဉ်အတွင်း ရွတ်ဆိုရတဲ့ ပုဒ်မ (၁၂၅) ဇယား (၄) ပါ စာသားအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့အစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ် ပြောင်းလဲရွတ်ဆိုနိုင်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတာ မပြီးပြတ်သေးလို့ လွှတ်တော် မတက်ဖြစ်သေးတာသာ ဖြစ်ပြီး လွှတ်တော် မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် ဥပဒေရေးရာ သင်တန်းအပြီး သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့တာဖြစ်ပါတယ်။
“Boycott လုပ်တာ မဟုတ်ပါဘူး။ သွားနိုင်တဲ့အချိန်ကို စောင့်နေတာပါ။ အဲဒီကိစ္စက မပြီးသေးဘူးလေ။ အမေတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။”
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ NLD ပါတီက အခုကြိုးစားနေတဲ့ စကားရပ်ပြင်ဆင်နိုင်ရေး ကိစ္စကို ဧပြီလ ၁၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတဆီ အကြံပြု မေတ္တာရပ်ခံစာ တစောင်ပေးပိုခဲပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး တာဝန်ရှိသူတွေက ဧပြီလ ၂၀ ရက်မှာ ဒီစကားလုံး အသုံးအနှုန်းပြင်နိုင်ရေး ကိစ္စနဲ့ ပတ်သကိလို့ NLD ပါတီကို ခေါ်ယူရှင်းပြခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်စနေနေ့မှာတော့ NLD ပါတီက နိုင်ငံတော် သမ္မတအပါအ၀င် လွှတ်တော်နှစ်ရပ်က အကြီးအကဲတွေဆီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွေဆီကို နောက်ထပ် အကြံပေးစာတွေ ထပ်ပြီးတော့ ပို့ထားပါတယ်။ ဒါကြောင့် ဒီညှိနှိုင်းချက်တွေ မပြီးပြတ်သေးလို့ မနက်ဖြန် ဧပြီလ ၂၃ မှာ ပြန်ကျင်းပမယ့် လွှတ်တော်ကို NLD ကိုယ်စားလှယ်တွေ မတက်ဖြစ်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ မနေ့က စာတွေဘာတွေ ပို့ထားတယ်။ စာက ဆိုတာကတော့ ကျနော်တို့ရဲ့ အမြင်ပေါ့နော်။ အခု ဖြစ်နေတဲ့ ဇယားလေးနဲ့ ပတ်သက်တဲ့အမြင်ကို ဘယ်လို ပြုပြင်လို့ရမလဲ ဆိုတဲ့ အကြံပြုချက် ကျနော်တို့ ပေးပို့ထားတယ်။ ဒီနေ့ထိတော့ အဖြေမသိသေးပါဘူး။ အဲဒီတော့ ဒီနေ့ ၂၂ ဆိုတော့ မနက်ဖြန် ၂၃ စမယ့် လွှတ်တော်ကိုတော့ ကျနော်တို့ အဖွဲ့ချုပ်က မတက်ဖြစ်ဘူးလို့ပဲ ပြောရမှာပါ။”
NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ NLD က ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ မနက်ဖြန် လွှတ်တော် မတက်ဖြစ်ဘူး ဆိုပေမဲ့ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) လားရှိုး မြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် အနိုင်ရခဲ့တဲ့ ကျားဖြူပါတီ ခေါ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က ကိုယ်စားလှယ် စိုင်းစံမင်း ကတော့ ဧပြီလ ၂၃ မှာ စမယ့် အမျိုးသား လွှတ်တော် အစည်းဝေးကို တက်ဖို့ နေပြည်တော်ကို ရောက်နေပါပြီ။
“အမျိုးသားလွှတ်တော်ကို ပေါ့လေနော်.. တက်ဖို့ အစီအစဉ်ကတော့ ကျနော် လွှတ်တော်ရုံးကို ကျနော် အကြောင်းကြားပြီးပါပြီ။ နောက် ကိုယ်စားလှယ် လက်မှတ်လည်း ဒီနေ့ပဲ ကျနော်တို့ကို ထုတ်ပေးလိုက်တယ်။ တကယ်လို့ ကျမ်းကျိန်ရမယ် ဆိုရင်လည်း ကျမ်းကျိန်ပြီးတော့ ကျနော် တခါတည်း တက်ပါမယ်။ ဒီတခေါက်တော့ အရင် စထားတဲ့ လွှတ်တော် အစည်းအဝေးက မပြီးပြတ်သေးတဲ့ အနေအထားမှာ ဖြစ်နေတော့ ဒီတခေါက်တော့ ကျနော် ကျမ်းသစ္စာ ဆိုပြီးရင် ကျနော် လေ့လာသူအဆင့်ပဲ ရှိပါမယ်။ နောက်တခေါက်မှ ကျနော် တင်ပြစရာတွေ ကျနော် ပြုစုပြီးတော့ နောက်တပတ်မှ တင်ပြရမှာ ဖြစ်ပါတယ်။”
ကျားဖြူပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းစံမင်း ဖြစ်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ ပြန်စမယ့် လွှတ်တော်ဟာ ပထမအကြိမ် တတိယပုံမှန် အစည်းအဝေးတုန်းက မပြီးပြတ်သေးတဲ့ ကိစ္စတွေကို လွှတ်တော် ၂ ရပ်မှာ ဆွေနွေးကြဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု NLD ပါတီက ကျမ်းကျိန်စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ် ပြင်ဆင်နိုင်ရေး ကိစ္စဟာ လွှတ်တော်ထဲမှာ ကြားဖြတ်အစီအစဉ်တွေနဲ့ ဆွေးနွေးလာနိုင်စရာ အခြေအနေတွေ ရှိတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေက သုံးသပ်နေကြပါတယ်။ NLD ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၄ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၂ နေရာနဲ့ အများစုကို အနိုင်ရထားတဲ့ပါတီ ဖြစ်ပါတယ်။


မြန်မာအကြွေး ဒေါ်လာသန်းထောင်ချီ ဂျပန်လျှော်မည်


ဂျပန်နိုင်ငံအပေါ် မြန်မာတင်နေတဲ့ ဒေါ်လာသန်းပေါင်း ၃,၀၀၀ ကျော်ကို လျှော်ပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ (Yoshihiko Noda) က ကြေညာလိုက်ပါတယ်။ အခြေတည်စ ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲရေး လုပ်ငန်းတွေမှာ ကူညီနိုင်ရေးအတွက် ခုလို အကြွေးတွေကို လျှော်ပေးမှာ ဖြစ်သလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့အတွက်လည်း အကြွေးပြန်ပေးတော့မယ်လို့ ဂျပန်နဲ့ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ထိပ်သီးစည်းဝေးပွဲ အပြီး သမ္မတဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ တို့ စနေနေ့က တိုကျို မြို့တော်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတဲ့နောက် ဒေါ်လာသန်းပေါင်း ၃,၇၀၀ ကျော်နဲ့ ညီမျှတဲ့ ယန်း သန်းပေါင်း ၃ သိန်းကျော် အကြွေးတွေရော အတိုးတွေကိုပါ လျှော်ပေးမယ်လို့  ဝန်ကြီးချုပ် နိုဒ က ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ သုံးဖို့အတွက် ငွေပြန်ချေးမယ်လို့လည်း အသိပေးခဲ့ပါတယ်။
“ကဏ္ဍစုံမှာ ပြုပြင်ပြောင်းလဲရေးကို အားထုတ် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို ဂျပန်က အားပေးထောက်ခံတဲ့ အနေနဲ့  ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့  အကူအညီတွေကို တိုးပေးသွားမှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမယ့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။”
ဒီမိုကရေစီ ဖော်ဆောင်ရေးကို အခိုင်အမာဆက်ပြီး လုပ်သွားပါမယ်လို့ သူ့ကို အာမခံခဲ့တဲ့ သမ္မတဦးသိန်းစိန်ကို ကြားဖြတ်ရွေးကောက်ပွဲ လွတ်လွတ်လပ်လပ် ကျင်းပ ပေးခဲ့တာ အပါအဝင် သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ အတွက်လည်း ကြိုဆိုခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပြပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လိုက်တာလည်း ဖြစ်တယ်လို့ မစ္စတာ နိုဒ က ပြောပါတယ်။
နှစ်ပေါင်း ၅၀ လောက် စစ်အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်မှာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်တိုက် လုပ်လာတဲ့အပေါ် နိုင်ငံတကာက အံ့အားသင့်ခဲ့ကြပါတယ်။ မြန်မာအစိုးရအပေါ် အကြီးအကျယ် ဒဏ်ခတ် အရေးယူလာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကစပြီး ဦးသိန်းစိန်အစိုးရနဲ့ ဆက်ဆံရေးသစ် တည်ဆောက်ပြီး သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ်မှာ တဆင့်ချင်း တုံ့ပြန်နေပါတယ်။ EU ဥရောပသမဂ္ဂ ဘက်ကလည်း ဒီရက်ပိုင်းထဲမှာကို အရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ လျှော့ပေါ့ပေးလိမ့်မယ်လို့ မျှော်လင့်နေချိန်မှာ ဂျပန်နိုင်ငံက နှစ်ပေါင်းများစွာကတည်းက မြန်မာအစိုးရပြန်မဆပ်တဲ့ အကြွေးဒေါ်လာ သန်းထောင်ချီကို လျှော်ပေးမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
“လူနည်းစု တိုင်းရင်းသား ပြည်သူတွေကို ကူညီထောက်ပံ့ပေးတာ အပါအဝင် ပြည်သူတွေရဲ့ဘဝ နေထိုင်မှုတွေ တိုးတက်ရေး၊ ပြည်သူတွေရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးတွေကို သူ့အစိုးရက အာရုံစိုက်လုပ်နေတဲ့ အကြောင်းကို သမ္မတဦးသိန်းစိန်က ရှင်းပြပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ်ကို မြှင့်တင်ပေးနိုင်ဖို့  ဥပဒေပြဌာန်းချက် တချို့ကို ပြန်လည် သုံးသပ်နေတာကိုလည်း သမ္မတက ပြောပြပါတယ်။ ဒီအချက်တွေကြောင့် မြန်မာဘက်က တင်နေတဲ့ အကြွေးတွေကို လျှော်ပေးဖို့ ကျနော်တို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။”
နှစ်ပေါင်း ၃၀ နီးပါးအတွင်း ဂျပန်နိုင်ငံကို မြန်မာက နိုင်ငံတော်အကြီးအကဲ အနေနဲ့  ပထမဆုံးသွားတဲ့ သမ္မတဦးသိန်းစိန်ကလည်း ခုလိုဂျပန်က အကြွေးတွေ အတိုးတွေကို လျှော်ပေးတဲ့အတွက် မြန်မာနိုင်ငံက ပြောင်းလဲရေး လုပ်ငန်းတွေမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်လို့ ခုလို ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံက ပြန်လည် ပေးဆပ်ရမယ့် ကြွေးမြီကိစ္စများ ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဘက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ဖို့နဲ့ နှစ်ဦးနှစ်ဘက် အဆင်ပြေစွာနဲ့ ဖြေရှင်း ဆောင်ရွက်သွားနိုင်ဖို့ ဆောင်ရွက်ပေးတဲ့အတွက် ဂျပန်အစိုးရနဲ့ တာဝန်ရှိသူများ၊ ဂျပန်ပြည်သူများ အားလုံးကို မြန်မာပြည်သူများရဲ့ ကိုယ်စား များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ်။ အဲဒီလို ကြွေးမြီကိစ္စ ဖြေရှင်းနိုင်ရေး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနဲ့ အကူအညီပေးမှုများ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုများ အတွက် မြန်မာပြည်သူများရဲ့ ကြိုးပမ်းမှုအပေါ်မှာ လွန်စွာ အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။”
တကယ်တော့ ဂျပန်နိုင်ငံဟာ အရင်ကတည်းက မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေး အကူအညီတွေကို အများဆုံးပေးခဲ့တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဂျပန်စီးပွားရေး လုပ်ငန်းတွေဟာလည်း မြန်မာနိုင်ငံမှာ ဟိုးအရင်ကတည်းက စီးပွားရေးလုပ်နေကြပါတယ်။ အခုကတော့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ အစိုးရကြောင့်ရော အထူးစီးပွားရေးဇုံတွေ ဖန်တီးလာတဲ့ အတွက်ပါ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ဂျပန်ကုမ္ပဏီတွေ ပိုပြီး စိတ်ဝင်စားနေကြ၊ စီးပွားရေး အခွင့်အလမ်းတွေကို လေ့လာနေကြပါတယ်။
ဂျပန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သောကြာနေ့ကတွေ့ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ အခွင့်အလမ်းတွေ ပွင့်နေပါပြီလို့ ပြောပြီး ဖိတ်ခေါ်ခဲ့တာပါ၊ ဦးသိန်းစိန် သမ္မတတာဝန် ယူပြီးတဲ့နောက် ဒေသတွင်းက အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေဆီကို သွားရောက်ခဲ့ပေမဲ့ ဂျပန်နိုင်ငံလို စက်မှုအင်အားကြီး နိုင်ငံတခုဆီကို အခုမှ ပထမဆုံး သွားရောက်တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ တောင်ပိုင်းမှာ လုပ်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုံ အတွက် အသေးစိတ် စီမံကိန်းတွေကို ဂျပန်က ကူညီရေးဆွဲပေးမှာ ဖြစ်တယ်လို့ Reuters သတင်းထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သီလဝါ အထူး စီးပွားရေးဇုံထဲမှာ  အခြေခံအဆောက်အအုံ ဆိုင်ရာ စီမံကိန်း Project တွေကို ပြိုင်ဘက်တွေထက် ဂျပန်ကုမ္ပဏီတွေက ရနိုင်ဖို့ ပိုတပန်းသာတဲ့ အနေအထားမှာ ရှိနေပါတယ်။


မြန်မာကြွေးမြီ ဂျပန် လျှော်ပေး


မြန်မာပြည်က ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကို ဂျပန်က ပေးအပ်နေတဲ့ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး အကူအညီ ODA ကို အပြည့်အ၀ ပြန်ပေးသွားမှာဖြစ်သလို မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံအပေါ်မှာ တင်ရှိနေတဲ့ အကြွေးတွေကိုလည်း လျှော်ပေးမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံက တရားဝင် ပြောဆိုလိုက်ပါတယ်။ ဂျပန် နဲ့ မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ဂျပန်ဘက်က အခုလို ပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံအပေါ် တင်ရှိနေတဲ့ လက်ရှိ ကြွေးမြီ ဂျပန်ယန်းငွေ သန်းပေါင်း ၃ သိန်းကျော်၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် သန်းပေါင်း ၃ ထောင် ၇ ရာ လျှော်ပေးရမှာဖြစ်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်က ပေးအပ်နေတဲ့ ODA အကူအညီတွေကိုလည်း အပြည့်အ၀ ပြန်ပြီး ပေးသွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံကနေ စနေနေ့က ကြေညာခဲ့တာပါ။
လက်ရှိ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ မဲခေါင်မြစ်ဝှမ်းဒေသ ၅ နိုင်ငံခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ (Yoshihiko Noda) တို့ စနေနေ့က သီးခြား တွေ့ဆုံခဲ့ကြပြီးနောက် ဂျပန်ဝန်ကြီးချုပ် နိုဒ က အခုလို ကြေညာခဲ့တာပါ။


ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ

 

မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၀၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်းပေါင်း သုံးထောင့် ခုနှစ်ရာကို လျှော်ပစ်လိုက်ပြီလို့ ဂျပန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။

အကျဉ်းကျဆဲ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို နိုင်ကျဉ်းအဖွဲ့ သွားရောက်ကူညီ


နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က နိုင်ငံရေး အကျဉ်းသား ကိုအောင်မိုးဇော်နဲ့  ကိုရန်ရွှေတို့ရဲ့  မိဘတွေဆီကို့  မနေ့က သွားရောက်တွေ့ဆုံပြီး အားပေးခဲ့တယ်လို့ သိရပါတယ်။
မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မမေ့လျော့တဲ့ အနေနဲ့  နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က သူတို့ရဲ့ မိသားစုတွေဆီကို အလှည့်ကျ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သွားရောက်တွေ့ဆုံ အားပေးနေပါတယ်။  အခုတပတ်မှာ အင်းစိန်ထောင် မှာ ကျနေတဲ့  ကိုအောင်မိုးဇော် ရဲ့ မိခင် ရှိရာ တောင်ဒဂုံ ၅၃ ရပ်ကွက် နဲ့  ကလေးထောင်ရောက် ကိုရန်ရွှေ ရဲ့ မိဘများရှိတဲ့ ထန်းတပင်မြို့ နယ် ၀ါးတရာအနောက်ရွာကို သွားရောက်ခဲ့တယ်လို့  နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ကိုထွန်းကြည်က ပြောပါတယ်။
"အဓိကတော့ သူတို့ကို မမေ့ဘူး၊ လစ်လျူမရှုဘူးပေါ့ဗျာ။ သူတို့နဲ့ ကျွန်တော်တို့နဲ့ တစိတ်တ၀မ်းထဲ၊ သူတို့ လုပ်ရပ်ကို ဂုဏ်ပြုတယ်ပေါ့။သူတို့ရဲ့ ယုံကြည်ချက် အားမာန်တွေ ဖြစ်စေမယ့်၊ မျှော်လင့်ချက်တွေ ရှင်သန်စေမယ့် စကားတွေ သွားရောက်တွေ့ဆုံပြီး ပြောတယ်။ နိုင်သလောက်ပေါ့၊ ဖတ်ဖို့ စာအုပ်တွေ ခေါက်ဆွဲခြောက်၊ သွားတိုက်ဆေး သွားပွတ်တန်၊ နောက် အလှူရှင်တယောက်ကတော့ ၂ သောင်းခွဲ ချီးမြှင့်ထားတယ်။ ထန်းတပင်ကျတော့ ကိုရန်ရွှေ၊ ဒီလို လူတွေ အုံနဲ့ကျင်းနဲ့ လာတာ မရှိတော့ သူတို့ အရမ်းဝမ်းသာပြီးတော့ မျက်ရည်တွေကျပြီးတော့ ရှိတဲ့ ဆန်လေးကို ချက်ပြီးတော့ လူအယောက် ၂၀-၃၀ စာကို ကျွေးမလို့လုပ်တာ မနဲတားထားရတယ်။"
အင်းစိန်ထောင်ရောက် ကိုအောင်မိုးဇော်ဟာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရခိုင်လူငယ်များ အစည်းအရုံးက ဖြစ်ပြီး ပုဒ်မ ၁၃-၁ ၊ သင်းဖွဲ့ ၇ နဲ့  ၂၀၀၈ ခုနှစ် မှာ ထောင် ၆ နှစ်ကျခံရပြီး ကလေးထောင်ရောက် ကိုရန်ရွှေ ကတော့ ၁၃ - ၁ ၊ ၁၇-၁ ၊ ဖေါက်ခွဲ ၃ ပုဒ်မ နဲ့  ၂၀၀၈ မှာ တကျွန်း နဲ့ ၁၀ နှစ်ချခံ ရတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ က ပြုစုထားတဲ့ စာရင်းအရ မလွတ်မြောက်သေးတဲ့  နိုင်ငံရေး အကျဉ်းသား ၄၄၅ ဦး ရှိပြီး သူတို့ ရဲ့ မိသားစုတွေကို နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ က အားပေးနှစ်သိမ့်မှုတွေ လုပ်နေသလို ကျန်နေသေးတဲ့  နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် တောင်းဆိုသွားမယ်လို့  ပြောပါတယ်။ 

မြန်မာလူငယ်ကို ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ်


လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို နိုင်ငံတကာ ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ် ဒေသဆိုင်ရာတာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ကျော် ကာလအတွင်းမှာ မြန်မာလူငယ် တယောက်အနေနဲ့ ဒီတာဝန်ကို ပြန်လည်ခန့်အပ် ခံခဲ့ရတာဖြစ်ပါတယ်။ ၁၉၅၀ လွန်ကာလများကတော့ ဆိုရှယ်လစ်ပါတီက လူငယ်ခေါင်းဆောင်တဦးက ဒီတာဝန်ကို လက်ခံခဲ့ဖူးတယ်လို့ သိရှိရပြီး နော်မေဘယ်ထူးကတော့ ဒုတိယမြောက် မြန်မာလူငယ် ဖြစ်ပါတယ်။
တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံမြို့တော် Asuncio’n အော်ဆွန်စီယမ်မှာ ဧပြီလ (၂၀) ရက်နေ့က စတင် ကျင်းပနေတဲ့ ဆိုရှယ်လစ်လူငယ် ညီလာခံကနေ အခုလို တာဝန်ပေး ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ဒါဟာမြန်မာလူငယ်တွေရဲ့ ဦးဆောင်မှုအရည်အချင်းနဲ့ ပတ်သက်လို့ ကမ္ဘာက အသိအမှတ်ပြုမှု တခု ဖြစ်ပါတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင် ကော်မတီဝင် တဦးဖြစ်တဲ့ ဦးဇော်ဇော်ထွန်းက အခုလို ပြောပါတယ်။
“ကျနော်တို့မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကလည်း ဒီနိုင်ငံတကာ ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်မှာ ကျနော်တို့ လူငယ်အဖွဲ့အစည်း တရပ်အနေနဲ့ အဖွဲ့ဝင်ဖြစ်ထားတာကြာပါပြီ၊ အဲဒီတော့ ဒီအပေါ်မှာ ကျနော်တို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေ ရုန်းကန်လှုပ်ရှားမှုတွေ အပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ ဗမာလူငယ်တွေဟာ ဒီလိုတာဝန်မျိုးကို ထမ်းဆောင်နိုင်ပါတယ်ဆိုတာ ယုံကြည်လို့ ပေးတာလည်းဖြစ်ပါတယ်။”
အခုကျင်းပနေတဲ့ ညီလာခံမှာ အင်ဒိုနီးရှားနိုင်ငံက Akbaryan ပါတီကလည်း နော်မေဘယ်ထူးကို အမည်စာရင်း တင်သွင်းသူတွေထဲမှာ ပါဝင်ပါတယ်။
ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) ကျော်က လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာဖြစ်ပြီး မနက်ဖြန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်၊ နိုင်ငံတကာ ဆိုရှယ်လစ်လူငယ် အဖွဲ့ချုပ်ဟာ ကုလသမဂ္ဂရဲ့ အတိုင်ပင်ခံ အဖွဲ့အစည်းဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း(၁၀၀) ကျော်ပြီ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး


ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်တက်ရမယ့် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် (၄၃) ဦးအတွက် လွှတ်တော်ဆိုင်ရာ ဥပဒေများအကြောင်း (၄) ရက်တာသင်တန်း မနေ့က ပြီးဆုံးပါတယ်။
ဒီသင်တန်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ လိုအပ်တဲ့ ဥပဒေ အချက်အလက်တွေနဲ့ နိုင်ငံတော် ဘတ်ဂျက် ခွဲဝေသုံးစွဲမှုဆိုင်ရာ အကြောင်းတွေကို လေ့လာ ဆွေးနွေးကြကြောင်း သိရပါတယ်။ ဧပြီ (၁၉) ရက်ကနေ ဒီကနေ့အထိ NLD ပါတီရုံးချုပ်မှာ ကျင်းပတဲ့ အဲဒီသင်တန်းကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၃) ဦး တက်ရောက်ကြပြီး အလုပ်သမားနဲ့ လယ်ယာမြေဆိုင်ရာ ဥပဒေတွေ ကိုလည်း လေ့လာဆွေးနွေးကြကြောင်း ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
"၂၉ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဒီမိုကရေစီ မဆန်တဲ့ အချက်တွေ၊ ဒါကိုတော့ ပုသိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပို့ချပါတယ်။ ဒုတိယနေ့မှာကတော့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ တတိယနေ့မှာက ဘတ်ဂျက် ခွဲဝေသုံးစွဲမှုဆိုင်ရာ ကို ကျတော့ စီးပွားရေး ပညာရှင်က ပို့ချပါတယ်။ ဒီကနေ့နောက်ဆုံးနေ့မှာက ပဋိပက္ခဖြေရှင်းရေး ပို့ချချက်၊ အလုပ်သမားဆိုင်ရာ ဥပဒေ ပို့ချပါတယ်။"
NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ဧပြီ (၂၃) ရက်နေ့မှာ လွှတ်တော် စတင်တက်ရောက်ဖို့ အစိုးရက အစောပိုင်းမှာ အကြောင်းကြားထားခဲ့ပေမယ့်၊ လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းကျိမ်ရမယ့် စာသားထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ စကားရပ်အစား၊ လေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ် အဖြစ် ပြင်ဆင်ပေးဖို့ NLD ပါတီက သမ္မတကို တောင်းဆိုထားပေမယ့် အခုချိန်ထိ အကြောင်းပြန်ခြင်း မရှိသေးတာကြောင့် NLD ကိုယ်စားလှယ်တွေ လွှတ်တော်ကို အချိန်မီတက်ရောက် နိုင်ဦးမှာ မဟုတ်ကြောင်း သိရပါတယ်။

မြန်မာ့ ငွေလဲလှယ်နှုန်း ပြုပြင်ပြောင်းလဲမှု အပေါ် IMF ချီးကျူး


မြန်မာအစိုးရသစ်ရဲ့ ငွေကြေးလဲလှယ်မှုစနစ် ပြုပြင် ပြောင်းလဲလိုက်တဲ့ အပေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde က ချီးမွမ်းစကား ဆိုလိုက်ပါတယ်။ IMF အနေနဲ့ မြန်မာ့ ငွေကြေးဆိုင်ရာ အာဏာပိုင်တွေနဲ့အတူ ဆောင်ရွက်နေရာမှာ အထူးသဖြင့် လက်ရှိ ငွေကြေး ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ အချိန်ယူပြီး တွန်းတွန်းတိုက်တိုက် အလုပ်လုပ်နေတာ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရဟာ ဧပြီလ (၂) ရက်နေ့ကစပြီး အမေရိကန် တစ်ဒေါ်လာကို (၈၁၈ ) ကျပ်နှုန်းနဲ့ နှုန်းရှင်ထားပြီး သတ်မှတ်ခဲ့ပါတယ်။
ရှင်းလင်းတဲ့ ငွေကြေးစနစ်နဲ့အတူ မြန်မာပြည် ပိုပြီး ပွင့်လာတာနဲ့အမျှ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးအဆင်ပြေချောမွေ့လာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
မိမိတို့ IMF အနေနဲ့ မြန်မာပြည် ငွေကြေးစနစ်မှာ နေ့တဓူဝ လိုသမျှ ကူညီသွားမှာဖြစ်ကြောင်း IMF အကြီးအကဲ Christine Lagarde က ပြောဆိုပါတယ်။
စီးပွားရေးပိတ်ဆို့မှု တချို့က ရုပ်သိမ်းထားပြီး ဖြစ်ပါတယ်။ အခု မြန်မာပြည်မှာ အရှိန်အဟုန် တစ်ခုတော့ ရနေပါပြီ။ အဲဒီအရှိန်အဟုန် ဆက်လက် တည်တံ့နေဖို့ကိုပဲ အထူးတလည် မျှော်လင့်မိပါတယ်လို့ IMF အကြီးအကဲက ဆိုပါတယ်။

လူ့အခွင့်အရေး သတင်းဆု RFA နဲ့ မြန်မာဓာတ်ပုံ သတင်းထောက်တို့ ရရှိ


အာရှတိုက်တလွှားက လူ့အခွင့်အရေးဆိုင်ရာ သတင်းပေးပို့ချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ အာရှအသံ ( Radio Free Asia ) အပါအ၀င် AFP၊ CNN၊ Al Jazeera၊ Time မဂ္ဂဇင်း စတဲ့ သတင်းဌာန (၉) ခုကို လူ့အခွင့်အရေး သတင်းဆု ချီးမြှင့်လိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းအဖွဲ့ကြီး တစ်ခုက စနေနေ့က ကြေညာလိုက်ပါတယ်။
ဟောင်ကောင် နိုင်ငံခြား သတင်းထောက်များအသင်း၊ ဟောင်ကောင် သတင်းစာဆရာများ အသင်းနဲ့ ဟောင်ကောင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့ ပူးပေါင်းပြီး (၁၆) ကြိမ်မြောက် လူ့အခွင့်အရေး သတင်းဆုတွေကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ၊ လူကုန်ကူးမှု၊ ဘာသာရေးအရ သဘောထားကြီးမှု၊ တရုတ်ပြည်က ဖိနှိပ်ခံနေကြရတဲ့ အနုပညာရှင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေအကြောင်း စတဲ့ အကြောင်းအရာတွေ အပေါ် ရေးသား ထုတ်လွှင့်ချက်တွေထဲကနေ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
ချီးမြှင့်ခဲ့တဲ့ ဆုတွေထဲမှာ AFP သတင်းဌာနအတွက် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံက ဓာတ်ပုံ သတင်းထောက် ကိုစိုးသန်းဝင်းဟာ လူ့အခွင့်အရေး သတင်းဓာတ်ပုံဆု ရရှိခဲ့ပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေနဲ့ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

ကျမ်းသစ္စာ အသုံးအနှုန်း ပြောင်းလဲပေးရေး အဆို လွှတ်တော်မှာ တင်မည်


ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ လွှတ်တော်တွင်း ကျိန်ဆိုရမယ့် ကျမ်းသစ္စာ အသုံးအနှုန်း ပြုပြင်ပြောင်းလဲပေးဖို့ အဆိုကို မနက်ဖြန် တနင်္လာနေ့မှာ စတင်ကျင်းပမယ့် တတိယအကြိမ်မြောက် လွှတ်တော် အစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောဆိုလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက်နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို အခု ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေရာမှာလည်း အဲဒီအတိုင်းပြောနိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးတင်ပြမှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
NLD က တင်ပြထားတဲ့ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေမှာလည်း တာဝန်ရှိတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။လာမယ့် လွှတ်တော်အစည်းအဝေးမှာ အရင်လွှတ်တော်သုံးရပ်မှာ မပြီးပြတ်ခဲ့တဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းဖို့ ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ယခုနှစ်သင်္ကြန်ကာလအတွင်း အမျိုးသမီးငယ်များနှင့် မင်းသမီးငယ်တချို့၏ ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ ဖြစ်ခဲ့၊ယင်းသို့ ၀တ်စားဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှုကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူနိုင်

၂၀၁၂ ခုနှစ်မဟာသင်္ကြန် ကာလအတွင်း သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့ကြသူ၊ ရေပက်ခံထွက်သူ အမျိုးသမီးငယ်များနှင့် မင်းသမီးငယ် အချို့၏ သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများ ဖြစ်ခဲ့ပြီး ယင်းသို့ဝတ်စား ဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှု ကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူမှုများ ပြုလုပ်နိုင်သည်ဟု ထောက်ပြဝေဖန်မှုများ ရှိလာခဲ့သည်။ ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် အမျိုးသမီးငယ်အချို့နှင့် မင်းသမီးငယ်အချို့တို့၏ ၀တ်စားဆင်ယင်မှုများမှာ အများအမြင်တွင် မသင့်တော်သည့်အပြင် ၀တ်ဆင်သူသာမက မိဘဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအ၀န်းများ၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သည့် ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်ခဲ့ကြပြီး အဆိုပါ သရုပ်ပျက် ၀တ်စားဆင်ယင်ကြသူများ၏ ဓာတ်ပုံများသည်လည်း သင်္ကြန်ကာလအတွင်းကပင် အင်တာနက်စာမျက်နှာများထက်နှင့် Facebook တို့တွင် ပျံ့နှံ့လျက်ရှိနေခြင်းကြောင့် ထောက်ပြဝေဖန်မှုများ ပိုမိုများပြားလာခဲ့သည်။
အခုနှစ်သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အဆိုးဆုံးလို့ ဆိုလို့ရတယ်
ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် မြန်မာ မိန်းကလေးတချို့၏ ၀တ်စားဆင်ယင်မှုများမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားခဲ့ပြီး အများစုမှာ ကျောသား၊ ရင်သားနှင့်ပေါင်သားများကို လှစ်ဟသည့် ၀တ်စားဆင်ယင်မှုဖက်ရှင်များနှင့် သင်္ကြန်ကာလ ကို ဆင်နွှဲခဲ့ကြသည်ကို တွေ့မြင်ခဲ့ရ သည်။ “အခုနှစ်သင်္ကြန်မှာတော့ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အရင်နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆိုးဆုံးလို့ ဆိုလို့ရတယ်။ အများစုက ကျောပြောင်၊ ရင်ပြတ်တွေ ၀တ်လာကြရုံသာမကဘူး ဘောင်းဘီတို တွေဆိုလည်း တချို့ဆို လက်တစ်ဝါးကျော်လောက်ပဲ ရှိတာမျိုးတွေတောင် ၀တ်ဆင်လာကြတယ်။ ဒီလိုဝတ်ဆင်ပြီးတော့ မဏ္ဍပ်ပေါ်မှာ တက်ကနေတာမျိုး၊ ကားပေါ်မှာ ကတာမျိုးတွေ မြင်ရတဲ့အခါ တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်က မဏ္ဍပ်တွေမှာဆို မဏ္ဍပ်တိုင်းလိုလိုမှာ အဲဒီလိုမိန်းကလေးတွေ အများကြီးတွေ့ ရတယ်။ သင်္ကြန်ပွဲတော်ကို လာနွှဲကြတဲ့ နိုင်ငံခြားသူတွေတောင် ဘောင်းဘီရှည်နဲ့ လာကြပြီး မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုကို အထူးအဆန်းအနေနဲ့ ဓာတ်ပုံတွေရိုက်၊  ဗီဒိယိုတွေ ရိုက်နေကြတာတွေ့ရတော့ စိတ်ထဲမှာ တော်တော်ကို ခံရခက်ပါတယ်။ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက ကိုယ့်တန်ဖိုးကိုယ်ချသလို ဖြစ်နေတာ၊ တစ်ဖက်သားရဲ့အမြင်မှာလည်း အထင်သေးစရာဖြစ်တာ၊ နောက်ဆက်တွဲ အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တာတွေကို စဉ်းစားကြသင့်ပါ တယ်”ဟု ကိုယ်တိုင်တွေ့မြင်ခဲ့သူ ကျောက်မြောင်းမှ မလင်းလင်းက သုံးသပ်ပါသည်။ ထို့အပြင် ဒါရိုက်တာကြည်ဖြူသျှင်ကလည်း “သင်္ကြန်ဆိုတာ မြန်မာ့ ယဉ်ကျေးမှုပွဲတော် တစ်ခုပါ။ ဒီလို ပွဲတော်မျိုးမှာ ၀တ်ဆင်တဲ့ အ၀တ်အစားက ခေတ်မီလို့ရတယ်။ ဒါပေမယ့် ခေတ်လွန်ပြီး အထင်သေးစရာတော့ မဖြစ်သင့်ဘူးလေ။ သင်္ကြန်တုန်းက မြန်မာမိန်းကလေးတွေ ၀တ်ဆင်ခဲ့တာတွေကို အင်တာနက်မှာ တွေ့လိုက် ရတဲ့အခါ တော်တော်လေးကို တုန်လှုပ်မိပါတယ်။ မိန်းမကောင်းလေးတွေ မှဟုတ်ရဲ့လားလို့တောင် အတွေးဝင် မိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ၂၀၁၂ က တကယ်တမ်း ပြောရရင် ပျော်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ ရပါတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်မှာ လျှောက်လှမ်းနေတဲ့အချိန်မှာ အခုလိုမျိုးတွေ ပြုလုပ်တယ် ဆိုတာကတော့ တော်တော်လေးကို ဆိုးရွားသွားတယ်လို့ ဆိုရမှာပါ။ နိုင်ငံအတွက် ဘာမှ မကူညီနိုင်ရင်တောင် ကိုယ့်နိုင်ငံကိုသူများက အထင်သေးစရာ မဖြစ်အောင်၊ လက်ညှိုးထိုးစရာ မဖြစ်အောင် နေသင့်တာလေ”ဟု သူ၏အမြင်အား သုံးသပ်ပြခဲ့သည်။
ရှက်စရာကို မရှက်တာနဲ့ ဂုဏ်ယူစရာ မဟုတ်တာကို ဂုဏ်ယူနေတာ
သင်္ကြန်ကာလအတွင်း မြန်မာ အမျိုးသမီးငယ်များ အနေဖြင့် ယင်းသို့ သရုပ်ပျက် ၀တ်စားဆင်ယင်ခဲ့ကြရာ၌ အချို့မှာ အတွင်းခံ အ၀တ်အစားများသာ ၀တ်ဆင်ထားသည်အထိ လွန်ကျူးစွာ ၀တ်ဆင်ခဲ့ကြပြီး ယင်းသို့ဝတ်ဆင်သူများထဲတွင် မင်းသမီးငယ်အချို့သည်လည်း ပါဝင်ခဲ့ သည်။ “ဒီသင်္ကြန်မှာတွေ့ရတဲ့ မိန်းကလေးတွေအများစုကတော့ ရှက်စရာကို ရှက်ရကောင်းမှန်းမသိသလို ဂုဏ်မယူသင့်တာကိုလည်း ဂုဏ်ယူနေကြပုံပါပဲ။ ကိုယ့်ရဲ့ဝတ်ဆင်မှုအရ ကိုယ့်ကိုတစ်ဖက်သား အထင်အမြင် သေးနိုင်တာကို ထည့်မတွက်ဘဲ ဒါဟာပေါ်ပြူလာဖြစ်တဲ့ အလုပ်တစ်ခု၊ ဂုဏ်ယူစရာတစ်ခုလို့ တွေးနေကြပုံရတယ်။ ဒီလို အဖြစ်အပျက်တွေ ရှိလာတာဟာ ဖောဖောသီသီ ၀ယ်လို့ရနေ တဲ့ နိုင်ငံခြားခိုးကူးခွေတွေရယ်၊ လူငယ်ထုကြားမှာ လွှမ်းမိုးထားတဲ့ ကိုရီးယားယဉ်ကျေးမှုရယ်၊ အင်တာနက် အသုံးပြုမှုတွေရဲ့ နောက်ဆက် တွဲဂယက်လို့ပဲ ဆိုလို့ရပါတယ်။ သရုပ်ပျက် ၀တ်ဆင်ခဲ့ကြတဲ့သူတွေထဲ မှာ ဆယ်ကျော်သက် မိန်းကလေးတွေလည်း ပါဝင်ခဲ့တာကြောင့် မိဘတွေ ရဲ့ အုပ်ထိန်းဆုံးမမှုကလည်း အရေးပါတယ်ဆိုတာ စဉ်းစားစရာဖြစ်လာပါ ပြီ။ ကိုယ့်သမီး မဏ္ဍပ်သွားတယ်ဆိုရင် ဘာဝတ်သွားလဲ၊ ၀တ်သွားတဲ့ အ၀တ်အစားက ကိုယ့်သားသမီးရဲ့ ဂုဏ်သိက္ခာနဲ့ အန္တရာယ်ကို လုံခြုံစေရဲ့ လား၊ ၀တ်ထားတဲ့ အ၀တ်အစားက ရေစိုရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေအထိ  ကြပ်ကြပ်မတ်မတ် ဆုံးမဖို့တော့ လိုမယ်ထင်ပါတယ်”ဟု ဗဟန်း မြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သူ မစိုးစိုးခိုင်က ဆိုသည်။
“မဏ္ဍပ်တွေမှာ စီစီတီဗီ ကင်မရာတွေတပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာထားတဲ့ အဓိက ရည်ရွယ်ချက်က အကြမ်းဖက်မယ့်သူတွေကို စောင့်ကြည့်နိုင်ဖို့ပဲလား၊ မသင်္ကာ စရာသူကို ပြန်လည်ရှာဖွေနိုင်ဖို့ပဲလား။ ဒါမှမဟုတ် ဒီထဲမှာ ရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီး မပျံ့နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံ အမျိုးမျိုးနဲ့ အင်တာနက်ပေါ်ရောက် သွားနိုင်တဲ့အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလို ၀တ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလား ဆိုတာလောက်အထိ တွေးစရာဖြစ်လာပါပြီ”ဟု ကမာရွတ် မြို့နယ်တွင် နေထိုင်သူမအိအိက သုံးသပ်ပါသည်။
အနုပညာရှင်ဆိုတာ အများအတုယူသူမို့ ပိုမိုသတိထားသင့်
သင်္ကြန်ကာလအတွင်း သရုပ်ပျက်ဝတ်စားဆင်ယင်ခဲ့ကြသူများ တွင် လူငယ်သရုပ်ဆောင် အချို့လည်း ပါဝင်ခဲ့ပြီး အများသိပြီး သူများဖြစ်သည့်အတွက် ၎င်းတို့၏ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာ များထက်နှင့် facebook ပေါ်တွင် ပျံ့နှံ့နေခဲ့သည်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက “ယဉ်ကျေးမှု လှိုင်းတွေ ရိုက်ခတ်လာတဲ့အချိန်မှာ လူတွေရဲ့ ဆင်ခြင်တုံတရား ကိုယ်ခံစွမ်းအားတွေ အဆင်သင့် မဖြစ်သေးတော့ လူးကြလိမ့်ကြ ဖြစ်တာပေါ့လေ။ အဲဒီထဲမှာ လူသိများတဲ့ ထင်ပေါ် ကျော်ကြားတဲ့သူတွေ ဖြစ်နေတော့ ပိုပြီး ထင်ရှားတာပေါ့။ ရုပ်ရှင်အစည်းအရုံး ဆိုတာကတော့ အာဏာပိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ဘဲ NGO ဖြစ်နေတဲ့အတွက် အဲဒီလိုဝတ်ဆင်ခဲ့တဲ့ သူတွေကို ခေါ်ယူ အသိပေးဆွေးနွေးမယ်၊ သတိပေးဆုံးမမယ် ဆိုတာမျိုး တွေပဲ လုပ်ရမှာပါ။ အဓိကတော့ ဒါကတစ်ဦးချင်းရဲ့ ကျင့်ဝတ်စောင့်ထိန်းခြင်းနဲ့ပဲ သက်ဆိုင်နေတယ်လေ။ ဒီတော့ ဒီလိုဝတ်ဆင်ခြင်းဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ အဓိကတော့ အနုပညာရှင်ဆိုတာ ပရိသတ်ရှိပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်အားဖြင့် ပရိသတ် က အပြစ်ပေးခြင်း၊ ဒဏ်ခတ်ခြင်းဆိုတာကတော့ ရှိလာမှာပါ။ ဒီအခါမှာတော့ ဒါကရှောင်ကြဉ်စရာပါလား ဆိုတာသိလာမယ်လို့ ယူဆပါတယ်” ဟု ရှင်းပြခဲ့သည်။
“သင်္ကြန်ဆိုတဲ့ အချိန်ကတော့ ခေတ်နဲ့အညီလေး ၀တ်ဆင်ကြတဲ့ အချိန်ဆိုတော့ အနုပညာရှင်တွေအနေနဲ့ လည်း အခွင့်ကောင်းတစ်ခုအဖြစ် ခေတ်နောက်ကိုလိုက်ပြီး ၀တ်ဆင်ကြတယ်လို့ မြင်ပါတယ်။ အသက်အရွယ် အရနဲ့ အခြေအနေ အချိန်အခါအရလည်း အခုလိုမျိုး ဖြစ်သွားတာ ပါပါ လိမ့်မယ်။ အရမ်းတော့ စိတ်ပူစရာမလိုဘူးလို့ ထင်ပါတယ်”ဟု သရုပ်ဆောင် ဆွေဇင်ထိုက်က သူ၏အမြင်အား ပြောဆိုပါသည်။
မိန်းကလေးတွေ ဘီယာသောက်တာ ဖက်ရှင်လား
ယခုနှစ်သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ ရေကစားထွက်သူ မိန်းကလေးငယ်များ၊ ရေပက်ခံထွက်သူ မိန်းကလေးငယ်များနှင့် လမ်းလျှောက် ရေပက်ခံသူ မိန်းကလေးအများစုပါ ဘီယာသောက်ခဲ့ကြသည်ကို တွေ့မြင်ရပြီး ဖက်ရှင်တစ်ခုအသွင်ဖြင့် သောက်သူလည်း များပြားခဲ့ကို တွေ့ မြင်ရသည်။ ပုံမှန်သောက်သုံးလေ့ရှိသူ မဟုတ်ခြင်း၊ ကိုယ်ခံစွမ်းအားချင်း နှိုင်းယှဉ်ပါကလည်း မိန်းကလေးမှာ ယောက်ျားလေးထက် နည်းပါးခြင်းကြောင့် ယခုနှစ်သင်္ကြန်တွင် အမူးလွန်သူ မိန်းကလေးများလည်း ရှိလာခဲ့ကာ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်း မရှိတော့ခြင်း၊ အရှက်အကြောက် တရားများ နည်းပါးသွားခြင်းများကိုပါ တွေ့မြင်လာခဲ့ရသည်။ “အခုနှစ် သင်္ကြန်မှာ ကောင်မလေးတွေ တော်တော်များများက ဘီယာဗူးတွေကိုင်ပြီး သောက်နေကြတာကို တွေ့ရတယ်။ ဘီယာသောက်တာကို ဖက်ရှင်တစ်ခု ပုံစံမျိုး ကျင့်သုံးလာကြတယ်။ တော်တော်လေးကို လွဲမှားတဲ့အယူအဆလို့ ဆိုနိုင်သလို အန္တရာယ်လည်း များပါတယ်။ ဘီယာမူးသွားဖို့ဆိုတာကလည်း ယောက်ျားလေးတစ်ယောက် ထက်ကို ပိုပြီးမြန်ဆန်နိုင်ပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲ အနေနဲ့တော့ ဆင်ခြင်တုံတရား၊ အရှက်အကြောက်  တရားဆိုတာတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်”ဟု လသာမြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သည့် မမိုးမိုးအောင်က ဆိုပါသည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်အချို့၌ မိန်းကလေးများသည် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများသာမက အနောက်တိုင်း အကများကိုလည်း လွန်ကျူးစွာ ကခုန်ခဲ့သည်များ ရှိခဲ့ပြီး အဆိုပါ မိန်းကလေးများတွင် အချို့မှာ လုပ်ငန်းသဘောတစ်ခုအဖြစ် မဏ္ဍပ်မှ ငှားရမ်းထားသူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အချို့မှာ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်ချက်ဖြင့် ပြောဆိုခြင်း၊ ကိုယ်အမူအရာပြခြင်းများ ပြုလုပ်သည့် အမျိုးသား အမျိုးသမီးများလည်း ရှိခဲ့ကြောင်း ရေကစားသူ များထံမှ သိရသည်။
“တချို့မဏ္ဍပ်တွေမှာ ကနေတဲ့ မိန်းကလေးတချို့က တော်တော်လေး ဆိုးကြတယ်။ အဲဒီတချို့ကမဏ္ဍပ်က သူတို့မဏ္ဍပ်စည်အောင် ဆိုတဲ့သဘောနဲ့ အလုပ်သဘော ငှားထားတာမျိုးတွေ ပါတယ်။ ဒီတော့ကကြတဲ့ မိန်းကလေး တွေကလည်း သူတို့အလုပ်သဘော သူတို့ပေါ့လေ။ ဒါပေမယ့် အဲဒါမျိုးတွေ ရှိနေတဲ့ အခါကျတော့ မိကောင်း ဖခင် သားသမီးလေးတွေ ဖြစ်ပေမယ့် ခေတ်လွန် ၀တ်စားထားကြတဲ့ မိန်းကလေးတွေကိုပါ အုတ်ရောရော ကျောက်ရောရော အထင်ခံစရာဖြစ်နိုင်တယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ ကိုကျော်မိုးက သုံးသပ်ခဲ့သည်။
မလုံ့တလုံ ၀တ်ဆင်ခြင်းဖြင့် ဥပဒေအရ အရေးယူခံရနိုင်
သင်္ကြန်ကာလတွင် ညစ်ညမ်းသော ပြုလုပ်ခြင်းများဖြစ်သည့် မလုံ့ တလုံ ၀တ်စားဆင်ယင်မှုများ၊ ထိုသို့ ၀တ်စားဆင်ယင်ကာ ညစ်ညမ်းသော အမူအရာပြုလုပ်ခြင်းများသည်  ရာဇ၀တ်မှုပင် မြောက်နိုင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(က) အရပြစ်မှု ထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ (က)တွင် ပြဌာန်းထားသည်မှာ မည်သူမဆိုအခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှုတစ်ခုခုကိုပြုလျှင် ထိုသူကိုသုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ဖြစ်ပါသည်။


ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းများကို ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်များမှ ဈေးနှုန်းအမျိုးမျိုး ဖြင့်ရောင်းချနေပြီး ဟန်းဆက်နှင့် တွဲဖက်ရောင်းချသော ဆိုင်များလည်း ပိုမို များပြားလာကြောင်း စုံစမ်းသိရှိရသည်။
ပုံမှန်ရုံးဖွင့်ရက်များတွင် Elite Tech နှင့် ရတနာပုံတယ်လီပို့တို့မှ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးသော်လည်း တန်းစီစောင့်ဆိုင်း၍ ၀ယ်ယူကြရကြောင်း သိရသည်။ မြို့နယ်အသီးသီးရှိ ဖုန်းအရောင်းဆိုင်များတွင်မူ စောင့်ဆိုင်းရန်မလိုဘဲ ၀ယ်ယူနိုင် သော်လည်း ဈေးနှုန်းမှာ သတ်မှတ် နှုန်းထားထက် ကျပ်သောင်းဂဏန်း ပိုမိုနေကြောင်း သိရသည်။


နိုင်ငံတော်၏ လုံခြုံရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များ အတွက် စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူ ပြုစေမည့် ခိုင်မာတိကျသော လူဦးရေစာရင်းဇယားများ ရရှိရန်နှင့် ပြည်တွင်း ပြောင်းရွှေ့သွားလာမှု အခြေအနေ၊ ရွှေ့ပြောင်းသွားလာသည့်လူ ဦးရေအခြေအနေကို သိရှိနိုင်ရန်အတွက် ပြည်တွင်းပြောင်းရွှေ့သွားမှု စစ်တမ်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ယခုနှစ်အတွင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်တွင် ပြည်တွင်း ပြောင်းရွှေ့သွားလာမှု စစ်တမ်း ကောက်ယူရန်အတွက် မေးခွန်းပုံစံများပြုစုခြင်း၊ နမူနာကောက်ဘောင်များရေး ဆွဲခြင်း၊ နမူနာကောက်ကွက် ရွေးချယ်ခြင်းများနှင့် စစ်တမ်း ကောက်ယူရန်အတွက် မြေပုံရေးဆွဲရေး သင်တန်းဖွင့်လှစ်ခြင်း၊ ကွင်းဆင်းမြေပုံ ရေးဆွဲခြင်း၊ စာရင်းစစ်၊ စာရင်းကောက် သင်တန်းပေးခြင်း၊ ကွင်းဆင်း စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်း၊ ပင်မ အစီရင်ခံစာပြုစုခြင်း ထုတ်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကောက်ယူခဲ့သော စစ်တမ်းများ ကို အခြေခံ၍ သက်ကြီးရွယ်အို လေ့လာမှု သုတေသနစာတမ်းနှင့် ပြည်တွင်းပြောင်းရွှေ့သွားလာမှု ၀ိသေသ လက္ခဏာများကို လေ့လာသော သုတေသန စာတမ်းများကို ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းစမ်တမ်းများ ကောက်ယူခြင်းမှာနိုင်ငံ၏ လူဦးရေပျံ့နှံ့မှု၊ လူဦးရေစိမ့်ဝင်မှုစသည့် လူဦးရေဆိုင်ရာ အချက်အလက်များ ရရှိနိုင်ခြင်းကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားရေးကိစ္စများကို စီမံဆောင်ရွက်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း၊ စီမံခန့်ခွဲရေးနှင့်လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် စီမံကိန်းများကို ရေးဆွဲချမှတ် အကောင်အထည် ဖော်ရာတွင်လည်း အရေးပါကြောင်း သိရှိရသည်။ ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး ကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ အနာဂတ်မြို့ပြ စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ ရေးဆွဲရာတွင်လည်း ယင်းအချက်အလက်များက အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော စတော့အိပ်ချိန်းများ ဖြစ်လာမည့် ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်းများ တည်ထောင်နိုင်ရန် ဂျပန်-မြန်မာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို လာမည့် မေလအတွင်း ကျင်းပသွားရန် ရှိကြောင်း ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။
ဧပြီလ ၁၁ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ Tokyo Stock Exchange Group Inc. နှင့် Daiwa Securities Group Inc. တို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့်မေလတွင် နားလည်မှု စာချွန်လွှာ ရေးထိုးသွားမည် ဖြစ်သည်။
Daiwa Institute of Research  ဥက္ကဋ္ဌ Takashi Fukai က “လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကတည်းက ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အရင်းအနှီး ဈေးကွက်တည်ထောင်မှုကို အဆင့်သစ် တိုးမြှင့်နိုင်ဖို့အတွက် တိုကျို စတော့အိပ်ချိန်းနဲ့အတူ အားတက်သရော ကူညီသွားမှာပါ”ဟု ပြောကြားခဲ့သည်။
တိုကျိုစတော့အိပ်ချိန်းဥက္ကဋ္ဌ နှင့် စီအီးအိုဖြစ်သူ Atsushi  Saito ကလည်း “မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးလာဖို့အပြင် နိုင်ငံရဲ့ကဏ္ဍစုံ တိုးတက်လာဖို့ကိုပါ ကူညီဆောင်ရွက် ပေးသွားမှာပါ”ဟု ဆိုပါသည်။
Daiwa Institute of Research အနေဖြင့် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖော်ဆောင်ပေးနိုင်ရန် အဓိကပံ့ပိုး ကူညီပေးလျက်ရှိပြီး ခေတ်မီဘဏ္ဍာရေးစနစ်နှင့် အိုင်တီနည်းပညာများ အသုံးပြုနိုင်ရန် ကူညီ ဆောင်ရွက်ပေးနေကာ တိုကျိုစတော့ အိပ်ချိန်းမှ မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း နိုင်ငံတကာအဆင့်မီ လည်ပတ်နိုင်ရန် နည်းပညာ အကူအညီနှင့် အတွေ့အကြုံများ ကူညီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဦးမောင်မောင်က ငွေချေးစာချုပ် ဈေးကွက် ဖြစ်ထွန်းစေရေးအတွက် ငွေချေး သက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း၊ လိုအပ်သည့် အမိန့်ကြော်ငြာစာများ နှင့် ညွှန်ကြားချက်များကိုလည်း ထုတ် ပြန်သွားမည် ဖြစ်ကြောင်းနှင့် ထို့ပြင် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး ကြားခံ အကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management ကုမ္ပဏီများ ဖွဲ့စည်းခွင့်ပြုသွားမည် ဖြစ်ကြောင်း မတ်လ ၂၂ ရက်တွင်ပြုလုပ်သော မြန်မာ့အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

 တာမွေယာယီဈေးနှင့် ပတ်သက်၍ ဈေးသူဈေးသားများ၊ မြို့တော်စည်ပင်နှင့် ဂမုန်းပွင့်ကုမ္ပဏီတို့ ညှိနှိုင်းဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြောင်းကြားထား

တာမွေယာယီဈေး ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ စီမံကိန်းပါ အစီအစဉ်များကို ဈေးသူဈေးသားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဂမုန်းပွင့် ကုမ္ပဏီ လီမိတက်တို့ ဖြေရှင်းညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော်ဝန်ထံသို့ အကြောင်းကြားထားကြောင်း သိရသည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အဓိပတိ (အဖြူ)ယာဉ်လိုင်းမှ ရပ်ကွက်နေ ပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တိုင်ကြား

ဧပြီ ၄ ရက်နေ့ကဖြစ်ပွား ခဲ့သော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး  အဓိပတိ(အဖြူ )ယာဉ်လိုင်းမှ ရပ်ကွက်နေပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် မှ နိုင်ငံတော်သမ္မတထံ တိုင်ကြားထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်တွင် စက်ပျက်၍ရပ်ထားသော ပါရမီအဓိပတိ (အဖြူ) ယာဉ်လိုင်းမှ ကားတစ်စီးကို ဘေး ဂျင်း-ဂျစ်ကားတစ်စီးမှ ၀င်တိုက်မိရာ ဂျစ်ကားမောင်းသူမှာ ဒဏ်ရာရရှိသွားသဖြင့် ရပ်ကွက်နေပြည်သူများ မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊  ည ၁၁ နာရီခွဲအချိန်တွင် အဓိပတိ ယာဉ်လိုင်းမှ ဗိုလ်ကြီးအောင်သူ (ငြိမ်း)ဆိုသူ ရောက်ရှိလာပြီး ပြည်သူများနှင့် အနည်းငယ်အချင်းများပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားပြီးမိနစ် ၂၀ ခန့်အကြာ တွင် အဓိပတိယာဉ်လိုင်းမှ ကားနှစ်စီး ဖြင့်လူ ၃၀ ကျော်ခန့် ပြန်လည်ရောက်ရှိလာပြီး ရပ်ကွက်အတွင်း၌ အုပ်စုလိုက်ရမ်းကားမှုများ ပြုလုပ်ခဲ့သဖြင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင်ခန်းများ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်နှင့် ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
“ကျွန်တော်တို့က ယာဉ်တိုက်မှု ဖြစ်လို့ဒဏ်ရာရတဲ့ သူကိုကူညီ ပေးတာပါ။ ဒါကို ‘မဆိုင်သူတွေ အနားမကပ်နဲ့ မင်းတို့ဘာကောင်တွေလဲ’လို့ ပြောတယ်။ ကျွန်တော် သေချာရှင်းပြတော့ သူမှားသွားကြောင်း တောင်းပန်ပြီး ပြန်ထွက်သွားတယ်။ ပြီးတော့ သိပ်မကြာလိုက်ဘူး အဓိပတိ(အဖြူ) ကားနှစ်စီးရောက် လာပြီး ‘တွေ့တဲ့သူအကုန်ရိုက် အဓိပတိယာဉ်လိုင်း ကိုဒီလိုလုပ်လို့ မရဘူး’ ဆိုပြီး အော်ပြီးလိုက်ရိုက်တာ အဲဒီမှာ ကောင်လေးတစ်ယောက် အရိုက်ခံလိုက်ရတယ်”ဟု ယင်းဖြစ်စဉ်အား တရားလိုပြု တိုင်ကြားသူ ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးစိန်သန်းက ပြောပါသည်။
လေးထောင့်ကန် ရပ်ကွက်နှင့် ဆ/ခရပ်ကွက်မှ ပြည်သူတစ်ရာကျော်ခန့်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံသို့ တိုင်ကြားသဖြင့် ဦးသိန်းညွန့်မှ နိုင်ငံတော် သမ္မတနှင့် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ထံသို့ အရေးယူပေးပါရန် တင်ပြထားကြောင်း သိရသည်။
ဆ/ခရပ်ကွက် ရွှေကိန္ဒရီ အိမ်ရာတွင် နေထိုင်သူတစ်ဦး ကလည်း “ကားတိုက်လို့ ထွက်ကြည့်တာ တာဝန်ခံဆိုတဲ့သူ ရောက်လာပြီး အနီးမှာရှိတဲ့သူတွေနဲ့ စကား အခြေအတင် ပြောနေတာ တွေ့တယ်။ ပြီးတော့ အဲဒီလူ ထွက်သွားပြီး သိပ်မကြာဘူး အဓိပတိ(အဖြူ)ကားနှစ်စီး လူ ၄၀၊၅၀လောက် ရှိမယ်လို့ ထင်တယ် ရောက်လာပြီး လိုက်ရိုက်တော့တာပဲ။ ကျွန်တော်တို့ ကြည့်တဲ့ဘက်က ယာဉ်တိုက်မှုဖြစ်တဲ့ဘက် မဟုတ်တော့ သူတို့က ပထမ ကျွန်တော်တို့ကိုမတွေ့ဘူး။ နောက်ပြီးမှ တွေ့တော့ အိမ်ရာထဲထိ လိုက်ရိုက်တာ။” ဟု ပြောပါသည်။
“ယာဉ်တိုက်မှုဖြစ်တာကို ကြည့်ပြီးတော့ ကျွန်တော်က စံပြဈေးဘက်မှာ ထမင်းကြော်သွားစားတာ။ အဲဒီအချိန်မှာပဲ စံပြဈေးဘက်ကနေ အဓိပတိနှစ်စီးက လူတွေ အများကြီးတင်လာပြီး ယာဉ်တိုက်မှုဖြစ်တဲ့ ဘက်ကိုသွားတာတွေ့လို့ ပြန်သွားကြည့်တော့ အဲဒီမှာသူတို့က လိုက်ရိုက်နေပြီ။ ကျွန်တော်က သူတို့ရဲ့ အလယ်ကိုရောက်သွားတော့ ကျွန်တော်ကိုလည်းတွေ့ရော လိုက်ရိုက်ကြတယ်။ ကျွန်တော်လည်း ရှောင်ရင်း လက်နဲ့ကာလိုက်တာ အဲဒီမှာ လက်ထိသွားတာ။ ပြီးတော့ ကျွန်တော်လမ်းထဲကို ၀င်ပြေးတော့မှ လွတ်သွားတာ”ဟု ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသူ ကိုမော်ခန်း(ခ)စိုးမင်းထွန်း ကပြောပါသည်။
ယင်းဖြစ်စဉ်ကို တရားလိုပြု တိုင်တန်းမှုအား သင်္ဃန်းကျွန်းရဲစခန်း က(ပ)၂၂၀/၁၂၊ ပုဒ်မ-၂၉၄/၃၂၃/ ၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့၌ အန္တရာယ်ရှိ အဖြစ် သတ်မှတ်ကာ အသစ်ပြန်လည် ဆောက်လုပ်နေသော မပြီးစီးသေးသည့် အဆောက်အအုံ စုစုပေါင်း ၈၀ ခန့်ရှိ၊ အချိန်မီမပြီးစီးဘဲ ကြန့်ကြာနေခြင်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများ နစ်နာမှုရှိနေ

ရန်ကုန်မြို့၌ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့ကာ ဖြိုဖျက်၍ အသစ်ပြန်လည် ဆောက်လုပ်နေသော မပြီးစီးသေးသည့် အဆောက်အအုံ စုစုပေါင်း ၈၀ ခန့်ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၏  ပြီးခဲ့သည့် မတ်လကုန်တွင် ထုတ်ပြန်သော စာရင်းများ အရ သိရှိရသည်။ ယင်းအဆောက် အအုံများမှာ သတ်မှတ်ထားသည့် အချိန်အတွင်း မပြီးစီး၍ အဆောက်အအုံများမှ ပြောင်းရွှေ့ခဲ့ရသူ အိမ်ထောင်စုများစွာ နစ်နာမှုများနှင့် ကြုံတွေ့နေရသည်ဟု အန္တရာယ်ရှိ အဆောက်အအုံများမှ ပြောင်းရွှေ့ခဲ့ရသူများက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် အန္တရာယ်ရှိ  အဆောက်အအုံအဖြစ် စတင် သတ်မှတ်ခဲ့သည့် ၁၉၉၄-၁၉၉၅ ဘဏ္ဍာရေးနှစ်မှ လက်ရှိအထိ အဆောက် အအုံစုစုပေါင်း ၁၅၈၃ လုံးရှိပြီး ယင်းအထဲတွင် ၁၄၀၀ ကျော်ခန့်မှာ အသစ် ပြန်လည်ဆောက်လုပ်မှုပြီးစီး ခဲ့ပြီးဖြစ်ပြီး အဆောက်အအုံ  ၈၀ ခန့်မှာ မပြီးစီးသေးဘဲ ကြန့်ကြာမှုများရှိနေသည်ဟု သိရသည်။
အန္တရာယ်ရှိအဖြစ် သတ်မှတ်သည့် အဆောက်အအုံများကို ဖြိုဖျက် ၍ အသစ်ပြန်လည် ဆောက်လုပ်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ပြည်သူ့ဆောက်လုပ်ရေး စသည်တို့ ပါဝင်သောအဖွဲ့များက စိစစ်၍ ဆောက်လုပ်စေခြင်း ဖြစ်ကြောင်း သိရသည်။

LWIN PWIN

NLABR
Web-site:                   www.nlabr.com
Blog:                                 http://wanna23-23.blogspot.com/

0 comments:

Post a Comment