ကမ္ဘာ့သတင်းများ 14/05/2012

နိုင်ငံတကာသတင်း 

အာဖဂန် ငြိမ်းချမ်းရေးကောင်စီဝင် လုပ်ကြံခံရ

အာဂန်နစ္စတန်နိုင်ငံမှာ သေနတ်သမားတယောက်က အာဖဂန် ထိပ်တန်း ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူတဦးကို တနင်္ဂနွေနေ့က လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်က ဆယ်စုနှစ်ချီ ကြာလာခဲ့ပြီဖြစ်တဲ့ စစ်ပွဲတွေ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေ အတွက် ကြီးမားတဲ့ အနှောက်အယှက်ကြီးတခု  ဖြစ်စေတယ်လို့ အာဖဂန်အစိုးရ အရာရှိတဦးက ပြောပါတယ်။ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၇၀ ထဲက အကြီးတန်းအဖွဲ့ဝင် တဦးဖြစ်တဲ့ Arsala Rahmani ဟာ အလုပ်ကိုအသွား၊ လမ်းအသွားအလာ ပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အချိန် အနီးက ကားပေါ်ကနေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာပါ။
Rahmani ဟာ အာဖဂန်နစ္စတန်မှာ တာလီဘန်အစိုးရ အုပ်ချုပ်ရေးကာလအတွင်း လက်ထောက် ပညာရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။ သူဟာ မကြာသေးခင်ကပဲ အစိုးရနဲ့ ပြန်လည် သင့်မြတ်မှုရယူပြီး စစ်သွေးကြွတွေနဲ့ ဆက်သွယ် ဆက်ဆံမှုတွေ အားကောင်းအောင် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက် နေတာဖြစ်ပါတယ်။ အခု တိုက်ခိုက်မှုနဲ့ပတ်သက်လို့ တာလီဘန်တွေက သူတို့လက်ချက် မဟုတ်ကြောင်း ငြင်းထားပါတယ်။
ငြိမ်းချမ်းရေးကောင်စီ အကြီးအကဲ၊ သမ္မတဟောင်း Barhanuddin Rabbani ဟာလည်း ပြီးခဲ့တဲ့နှစ်က အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Rahmani လုပ်ကြံသတ်ဖြတ်ခံရမှု နဲ့ပတ်သက်လို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း၊ ပါကစ္စတန်၊ အမေရိကန်နဲ့ နေတိုး နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့တွေက လုပ်ကြံသူတွေကို ဝေဖန် ပြစ်တင်လိုက်ပါတယ်။ Rahmani သေဆုံးမှုဟာ အာဖဂန်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲလို့ မစ္စတာ ခါဇိုင်းက ပြောပါတယ်။ အကြမ်းဖက်ဝါဒကို ချေမုန်းတိုက်ဖျက်နိုင်ဖို့ အာဖဂန်နိုင်ငံနဲ့အတူ အနီးကပ် ဆောင်ရွက်သွားမယ်လို့ ပါကစ္စတန်နိုင်ငံကလည်း ပြောပါတယ်။
အာဖဂန် ငြိမ်းချမ်းရေး ကောင်စီဟာ အာဖဂန်နိုင်ငံမှာ ရေရှည်ခံပြီး ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရဖို့ ကြိုးစားနေတာဖြစ်တယ်၊ အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးနဲ့ လုံခြုံပြီး သာယာဝပြောတဲ့ အာဖဂန်နိုင်ငံ ဖြစ်လာရေး ကြိုးပမ်းမှုတွေမှာ အာဖဂန်အစိုးရ၊ အာဖဂန်ပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်တယ်လို့ ကဘူးမြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယား ရန်စမှု ဒေသတွင်း အင်အားကြီး ၃နိုင်ငံသတိပေး

မြောက်ကိုရီးယားဘက်က ရန်လိုတဲ့အပြုအမူမျိုးကို နောင်မှာ သည်းခံမှာမဟုတ်ဘူးလို့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့က ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု အသစ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အချိန် ဒီသတိပေး ပြောဆိုချက် ထွက်လာတာပါ။
တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao)၊ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကိုနိုဒ (Yoshihiko Noda) တို့နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တွေ့ဆုံအပြီး တောင်ကိုရီးယားသမ္မတ အီမြောင်ဘက် (Lee Myung-bak) က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားက မအောင်မြင်တဲ့ ဒုံးပျံ ပစ်လွှတ်မှု ပြီးခဲ့တဲ့လအတွင်း ပြုလုပ်ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှု အသစ်တွေ ထပ်မံ ချမှတ်ခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ စမ်းသပ် ပစ်လွှတ်မှု မလုပ်ရဘူးလို့ ပိတ်ပင် တားမြစ်ထားတဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်း မပြုလုပ်ရဆိုတဲ့ ပိတ်ပင် တားမြစ်ချက်ကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပြစ်တင် ဝေဖန် ခဲ့ကြတာပါ။
ဒီခေါင်းဆောင် ၃ ဦးဟာ အကောက်ခွန် ကင်းလွတ်တဲ့ ကုန်သွယ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲတွေ အခုနှစ်မကုန်ခင်မှာ စတင်ကြဖို့လည်း သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကိုလည်း ခေါင်းဆောင် ၃ ဦးက လက်မှတ် ရေးထိုးခဲ့ကြတာပါ။
တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ အရှေ့အာရှတိုက်အတွင်း စီးပွား အကြီးဆုံး ၃ နိုင်ငံလည်း ဖြစ်ပါတယ်။

ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ဂရိသမ္မတ ကြိုးပမ်း

ဂရိနိုင်ငံမှာ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့နိုင်ရေးအတွက် နောက်ဆုံး ကြိုးပမ်းတဲ့အနေနဲ့ သမ္မတက အဓိက နိုင်ငံရေးပါတီကြီး ၃ ခုက ခေါင်းဆောင်တွေကို ခေါ်ယူ တွေ့ဆုံနေပါတယ်။
ကွန်ဆာဗေးတစ် ဒီမိုကရက်တစ်ပါတီသစ် ၊ အလယ်အလတ်ဝါဒကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ Syriza ပါတီနဲ့ ဆိုရှယ်လစ် PASOK ပါတီက ခေါင်းဆောင်တွေကို သမ္မတ Karolos Papoulias က ဒီကနေ့ ခေါ်တွေ့နေတာပါ။ နောက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပါတီငယ်လေးတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပါတီတွေက ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြင်းမရှိတဲ့အတွက် နောက်ထပ် ရွေးကောက်ပွဲ ကျင်းပစရာ မလိုအောင် သမ္မတက ပါတီခေါင်းဆောင်တွေနဲ့ အခုလို တွေ့ဆုံနေတာပါ။ သူ့အနေနဲ့ မျှော်လင့်ချက်သိပ်မရှိဘူးလို့ တနင်္ဂနွေနေ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ PASOK ပါတီ ခေါင်းဆောင် Evangelos Venizelos က ပြောပါတယ်။
လက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီငယ်လေးတွေက သူတို့နဲ့ ပူးပေါင်းလာရင်တော့ ဒီမိုကရက်တစ်ပါတီသစ်နဲ့ PASOK ပါတီတို့ ၂ ခုပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်မှာဖြစ်ပေမဲ့ Syriza ပါတီ မပါဘဲ သူတို့ချည်းပဲ လာမပေါင်းလိုဘူး ဆိုပြီး ငြင်းဆိုနေကြတာပါ။
သမ္မတ Papoulias အနေနဲ့ လာမယ့် ကြာသပတေးနေ့အထိ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အချိန်ကျန်ပါသေးတယ်။ တကယ်လို့ သဘောတူညီချက် တစုံတရာ မရရင်တော့ ဂရိနိုင်ငံမှာ ဇွန်လအတွင်း ရွေးကောက်ပွဲတွေ ပြန်ကျင်းပပေးရမှာပါ။
အကြွေးတွေနဲ့ ပိနေတဲ့ ဂရိအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဥရောပ အိမ်နီးချင်းနိုင်ငံတွေရဲ့ တောင်းဆိုချက်တွေအတိုင်း အစိုးရအသုံးစားရိတ် လျော့ချရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လိုက်လျောပေးလိုက်တဲ့အပေါ် သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေတာပါ။

သမာရိုးကျ ကျား-မ အိမ်ထောင်ပြုမှုထောက်ခံသူ Romney ကို လူကြိုက်များ

အမေရိကန်ပြည်ထောင်စုမှာ ရီပက်ဘလီကန် ပါတီဘက်က သမ္မတလောင်းအဖြစ်နဲ့ ၀င်ရောက် ယှဉ်ပြိုင်မယ့်သူလို့ ပြောလို့ရတဲ့ မစ် ရွန်မနီ (Mitt Romney) ဟာ အမျိုးသမီးနဲ့ အမျိုးသားကြား လက်ထက် ပေါင်းသင်းတဲ့ ဓမ္မတာ အိမ်ထောင်ရေးကိုပဲ ထောက်ခံ ပြောဆိုသွားလို့ စနေနေ့မှာ သမာရိုးကျဝါဒီ ခရစ်ယာန်တက္ကသိုလ်မှာ သူ့မိန့်ခွန်းကို လာနားထောင်ကြတဲ့ ပရိသတ်က အကြီးအကျယ်ကို ထောက်ခံခဲ့ပါတယ်။
ရီပက်ဘလီကန်ပါတီက တကယ့် သမာရိုးကျဝါဒီတွေရဲ့ သံသယမျက်လုံးနဲ့ ကြုံရတတ်တဲ့ မစ္စတာ ရွန်မနီဟာ ဗာဂျီးနီးယားပြည်နယ်က လစ်ဘာတီတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောကြားတော့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် သက်ဝင်ယုံကြည်မှုနဲ့ မိသားစုအပေါ်မှာ အလေးအနက်ရှိမှုက ဘယ်လောက် အရေးကြီးလှကြောင်း ပြောသွားခဲ့ပါတယ်။
သမ္မတ ဘရက်အိုဘားမားက အမေရိကန် ပြည်ထောင်စုမှာ လိင်တူချင်း တရားဝင် လက်ထပ်ပေါင်းသင်းမှု ကိစ္စကို ထောက်ခံကြောင်း ပြောသွားပြီးတော့ ရက်ပိုင်းအတွင်းမှာပဲ ဒီလို လိင်တူ လက်ထပ်မှုနဲ့ ပတ်သက်ပြီး မစ္စတာ ရွန်မနီက မှတ်ချက် ခပ်တိုတို ပေးသွားတော့ ပရိသတ် သုံးသောင်းကျော်ထဲက အကြီးအကျယ် ထောက်ခံမှု ရခဲ့တာပါ။
ပြည်နယ် ခြောက်ခုနဲ့ District of Columbia ကပဲ လိင်တူချင်း လက်ထပ်ခွင့်ရှိတဲ့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတရဲ့ ထောက်ခံမှုက အငြင်းပွားစရာ ဖြစ်နေပါတယ်။ ပြည်နယ် ၃၁ ပြည်နယ်က ဒါကို တားဆီးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး လိင်တူချင်း လက်ထပ်မှုကို ထောက်ခံမှုက များလာနေပြီးတော့ အရေအတွက်အားဖြင့် ဆိုရင်တော့ မထောက်ခံသူတွေထက် နည်းနည်း ပိုသာနေတာ တွေ့ရပါတယ်။

တရုတ်ပြည် မိုးသီးမုန်တိုင်း လူ လေးဆယ်နီးပါး သေဆုံး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း တောင်ကုန်းမြေမြင့်ဒေသဖြစ်တဲ့ ဂန်ဆုပြည်နယ် (Gansu Province) မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မေလ ၁၀ ရက်နေ့ ညပိုင်းက စလို့ မုတ်သုန်မိုး မုန်တိုင်းကျရောက်ပြီး ဂေါက်သီးဘောလုံးအရွယ် မိုးသီးတွေ ကြွေကျခဲ့တာကြောင့် လူ ၃၇ ဦး သေဆုံးပြီး ၁၈ ဦး ပျောက်ဆုံးနေပါတယ်။
ဒီမုန်တိုင်းဒဏ်ကို မနေ့က သောကြာနေ့ညမှာ လူပေါင်း သုံးသိန်းခြောက်သောင်း ခံခဲ့ကြရပြီးတော့ လူပေါင်း သုံးသောင်းကို ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။ လူပေါင်း ၄၀ လောက်ဟာလည်း ဒဏ်ရာတွေရပြီး ဆေးရုံ တက်နေကြရပါတယ်။
ဒီမုန်တိုင်းဟာ သီးနှံစိုက် ဧကပေါင်း တစ်သောင်းခုနှစ်ထောင်ငါးရာ ကို ဖျက်ဆီးပစ်လိုက် ပြီးတော့ အိမ်တွေ ပြိုကျပျက်စီးတာ လမ်းပန်းအဆက်အသွယ် ပြတ်တောက်တာနဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေ ပြတ်တောက်တာတွေ ဖြစ်ခဲ့ပါတယ်။ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) တပ်ဖွဲ့ဝင်တွေက မုန်တိုင်းကြားမှာ ပိတ်မိနေကြတဲ့ ရွာသူရွာသားတွေနဲ့ သူတို့ရဲ့ ရိက္ခာတွေ ဖြစ်ကြတဲ့ မွေးမြူရေး ကြက် ဘဲ ၀က် တိရစ္ဆာန်တွေကို သယ်ယူ ရွှေ့ပြောင်းပေးနေကြပါတယ်။


အိန္ဒိယသည် အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၆၀ တန်ဖိုးရှိ ဟောင်ဝဇ္ဇာပြောင်းတို အမြောက် ၁၄၅ လက်ကို ၀ယ်ယူရန် သဘောတူခဲ့ကြောင်း အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက မေလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်က အိန္ဒိယ၏ ခေတ်နောက်ကျနေသော လက်နက်များကို အဆင့်မြှင့်ပေးမည်ဆိုသဖြင့် ယင်းသဘောတူညီချက် ရရှိခဲ့ကြောင်း အလွန်အမင်း ပေါ့ပါးသော ယင်းအမြောက်များကို အမေရိကန်ရှိ BAE System Inc ထံမှ ၀ယ်ယူရန် မေလ ၁၁ ရက်တွင် သဘောတူခဲ့ကြောင်း အမည်မဖော်လိုသော အိန္ဒိယ ကာကွယ်ရေးအကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယင်းကုမ္ပဏီမှာ ဗြိတိန်အခြေစိုက် BAE Systems Plc ၏ ရုံးခွဲတစ်ခုဖြစ်ကြောင်း
အကွာအဝေး ၁၇ မိုင်အထိ ရောက်အောင်ပစ်ခတ်နိုင်သော ယင်းအမြောက်များကို မြင့်မားသော အရပ်ဒေသရှိ စစ်မျက်နှာများတွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း အိန္ဒိယသည် ၁၉၈၆ ခုနှစ်တွင် ဆွီဒင်လက်နက်ကုမ္ပဏီကြီး AB Bofors ထံမှ ဟောင်ဝဇ္ဇာအမြောက် အလက် ၄၁၀ ၀ယ်ယူခဲ့ပြီးနောက်ပိုင်း ယခုတစ်ဖန် ယင်းအမြောက်များကို ထပ်မံဝယ်ယူရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း
အိန္ဒိယသည် ဒေသတွင်း ပြိုင်ဘက်များဖြစ်သော ပါကစ္စတန်၊ တရုတ်တို့နှင့် ကာလရှည်ကြာ တင်းမာမှုရှိခဲ့သဖြင့် စစ်ရေးစွမ်းရည် မြင့်မားစေရန် ဒေါ်လာဘီလျံနှင့်ချီ၍ သုံးစွဲနေသည်။ ယခု ဘဏ္ဍာရေးနှစ်အတွင်း စစ်ရေးအသုံးစရိတ် စုစုပေါင်း ရူပီး ၁ ဒသမ ၉၃ ထရီလျံအထိ သုံးစွဲမည် ဟု ကြေညာခဲ့ကြောင်းသိရသည်။



တောင်တရုတ်ပင်လယ်ရှိ Scarborough Shoal ကျွန်းစုနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် ပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်ပေါ်နေရာ ယင်းကိစ္စကို တုံ့ပြန်သည့်အနေဖြင့် စစ်ဆင်နွှဲရန် ပြင်ဆင်မှု တိုးမြှင့်နေသည်ဟု သတင်းထွက်နေရာ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ကြောင်း  ဖိလစ်ပိုင်နှင့် ပိုင်နက်အငြင်းပွားမှုကို စစ်ဆင်နွှဲခြင်းဖြင့် အဆုံးသတ်ရန် ပြင်ဆင်နေသည်ဟု တရုတ်နိုင်ငံပိုင် သတင်းစာ China Daily ၏ အယ်ဒီတာ့အာဘော်တွင် သတိပေးချက်ထုတ်ပြန်အပြီး ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းကွမ်ကျိုးဒေသရှိ တောင်တရုတ်ပင်လယ် ရေတပ်တပ်မနှင့် အခြားတပ်များသည် စစ်ပွဲအတွက် ပြင်ဆင်နေသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် မေလ ၁၁ ရက်က ဖော်ပြခဲ့ကြောင်း
ယင်းကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ငြင်းဆိုနေသော်လည်း တရုတ်ခေါင်းဆောင်ပိုင်းရှိ သဘောထား တင်းမာသူအချို့က ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံငယ်တစ်ခု၏ တန်ပြန်လုပ်ရပ်များကို သည်းခံစိတ် ကုန်ဆုံးနေပြီဖြစ်ကြောင်း ထွက်ပေါ်နေသော သတင်းများအရ တရုတ်တပ်အချို့သည် စစ်ပွဲအတွက် ပြင်ဆင်မှုအဆင့် လေးဆင့်အနက် အဆင့်နှစ်အထိ တိုးမြှင့်ပြုလုပ်ထားရန် ညွှန်ကြားခံရကြောင်းယင်းထက် အဆင့်တစ်ဆင့် ထပ်တက်လျှင် စစ်ပွဲအတွက် အပြည့်အ၀ ပြင်ဆင်ပြီးသည့် သဘောဖြစ် ကြောင်း သိရသည်။ ကျွန်းစု ပိုင်ဆိုင်မှု အငြင်းပွားခြင်း ပြဿနာမှာ ပြီးခဲ့သောလက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံစလုံးက သူတပါးပိုင်နက်ကို ကျူးကျော်သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြကြောင်း
တောင်တရုတ်ပင်လယ်ရှိ Scarborough Shoal ကျွန်းမှာ ဖိလစ်ပိုင် အဓိကကျွန်းစုဖြစ်သော လူဇုံကျွန်းမှ မိုင် ၁၄၀ အကွာတွင် ရှိသည်။ ယင်းကျွန်းတွင် တရုတ်သင်္ဘောများ ငါးဖမ်းနေသည်ကို ဖိလစ်ပိုင်က ထောက်လှမ်းတွေ့ရှိရာမှ ယင်းငါးဖမ်းသမားများကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်းသို့သော် တရုတ်ရေကြောင်း ထောက်လှမ်းရေးသင်္ဘောများက ဟန့်တားပိတ်ဆို့မှု ပြုလုပ်ခဲ့ရာမှ ပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်ကြောင်းယင်းကျွန်းမှာ ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်အတွင်း ကျရောက်သဖြင့် မိမိတို့ပိုင်နက်ဖြစ်ကြောင်း ဖိလစ်ပိုင်က ထုတ်ပြန်ခဲ့သည်။ တရုတ်ကမူ တောင်တရုတ်ပင်လယ်ပိုင်ရှိ ကျွန်းစုအားလုံးသည် သမိုင်းကြောင်းအရ မိမိတို့ ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံပိုင် ဂလိုဘယ်လ် တိုင်းမ်သတင်းစာ၏ မေလ ၁၂ ရက် အယ်ဒီတာ့အာဘော်တွင် တောင်တရုတ်ပင်လယ်၌ စစ်ရေးပဋိပက္ခ ဖြစ်နိုင်ခြေရှိကြောင်း ရေးသားခဲ့ကြောင်းသိရသည်။



ဆူဒန်နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသော အက်ဘ်ယေးဒေသမှ တောင်ဆူဒန်တပ်များ ရုပ်သိမ်းခဲ့ပြီးနောက် ဆူဒန်တပ်များကို ရုပ်သိမ်းရန် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က တိုက်တွန်းခဲ့ကြောင်းကုလလုံခြုံရေးကောင်စီက သတ်မှတ်ပေးခဲ့သော နောက်ဆုံးရက်အမီ နှစ်နိုင်ငံတပ်များ ရုပ်သိမ်းပေးရန် ဘန်က တိုက်တွန်းခဲ့သည်ဟု ကုလပြောခွင့်ရပုဂ္ဂိုလ် မာတင်နက်ဆာကီက မေလ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်းဆူဒန်နှစ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို နှစ်ရက်အတွင်း ပြုလုပ်ရန်၊ အာဖရိကသမဂ္ဂက ဦးဆောင်မှုဖြင့် နှစ်ပတ်အတွင်း ဆွေးနွေးပွဲ ပြုလုပ်ရန်၊ သုံးလအတွင်း သဘောတူညီချက်ရအောင် လုပ်ဆောင်ရန် ကုလလုံခြုံရေးကောင်စီက မေလ ၂ ရက်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ သည်။ တောင်ဆူဒန်အဖြစ် မခွဲထွက်မီ ၂၀၀၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ဆယ်စုနှစ်နှစ်ခုကြာ ပြည်တွင်းစစ်အတွင်း လူနှစ်သန်းခန့် သေဆုံးခဲ့ကြောင်းသိရသည်။


တူရကီတွင် ၁၉၉၇ ခုနှစ်က ဖြစ်ပွားခဲ့သော အာဏာသိမ်းမှု၌ ပါဝင်ခဲ့သော ဗိုလ်ချုပ်ကြီး ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး တရားရုံးတစ်ခုတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း ယင်း ၁၁ ဦးတွင် အငြိမ်းစား ဗိုလ်ချုပ်ကြီးငါးဦးနှင့် တာဝန်ထမ်းဆောင်နေဆဲ ဗိုလ်ချုပ်ကြီးခြောက်ဦးတို့ ပါဝင်ကြောင်း သိရသည်။ ၁၉၉၇ ခုနှစ်တွင် Necmettin Erbakan အစိုးရ အာဏာသိမ်းခံရမှုနှင့် ပတ်သက်ပြီး လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထားပြီးဖြစ်ကာ စစ်ဆေး မေးမြန်းနေကြောင်း

သို့သော် ယခုအကြိမ်ဖမ်းဆီးမှုတွင် တာဝန်ထမ်းဆောင်ဆဲ အကြီးတန်း ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ Third Army chief of staff ဒုတိယဗိုလ်ချုပ်ကြီး ဘာကေးတာဂတ်လည်း ပါဝင်ကြောင်း သိရသည်။ တူရကီဝန်ကြီးချုပ် ရီဆက်တေ ယစ်အာဒိုဂန်အစိုးရသည် တူရကီနိုင်ငံရေးတွင် စစ်ဘက်လွှမ်းမိုးမှု လျော့ချနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ယခုဖမ်းဆီးနေမှုများမှာ လူမှုဝန်းကျင် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ကြောင်း၁၉၆၀ ပြည့်နှစ်၊ ၁၉၇၁ ခုနှစ် နှင့် ၁၉၈၀ ပြည့်နှစ်တို့တွင် ဖြစ်ပေါ်ခဲ့သော အာဏာသိမ်းမှုတို့နှင့် မတူသည်မှာ ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်၌ ဖြစ်ပေါ်ခဲ့သော အာဏာသိမ်းမှုမှာ အင်အားမသုံးရဘဲ အာဏာသိမ်းခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment