ကမ္ဘာ့သတင်းများ 17/05/2012

နိုင်ငံတကာသတင်း

ပြင်သစ်အစိုးရသစ်မှာ အမျိုးသမီးတဝက်ပါ

ပြင်သစ်သမ္မတ Francois Hollande ဟာ ဥရောပစီးပွားရေး အားကောင်းအောင် လမ်းသစ်ထွင် မဆောင်ရွက်ခင်မှာ လိုအပ်တာတွေကို လိုက်လံဆောင်ရွက်နေပါတယ်။ ပါရီမြို့တော်မှာ မိုးတွေကြားထဲ အခမ်းအနားနဲ့ သမ္မတအဖြစ် ဆိုရှယ်လစ်ဝါဒီ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး နောက်တရက်မှာပဲ အစိုးရ အဖွဲ့သစ်ကို ခန့်အပ်လိုက်တယ်လို့ သမ္မတရဲ့ လက်ထောက်တွေက ကြေညာပါတယ်။
ဆိုရှယ်လစ်ဝါဒီ ဝန်ကြီးချုပ်ဟောင်း Laurent Fabius ကို နိုင်ငံခြားရေး ဝန်ကြီး၊ Pierre Moscovici ကို ဘဏ္ဍာရေး ဝန်ကြီးအဖြစ် အသီးသီး ခန့်အပ်လိုက်ပါတယ်။ Mr. Pierre Moscovici က အရင်က ဥရောပရေးရာဝန်ကြီး ဖြစ်ပြီး Mr. Hollande ရဲ့ မဲဆွယ်စည်းရုံးရေးမှူးဖြစ်ပါတယ်။ တခြား အရေးကြီးတဲ့ ဝန်ကြီးနေရာတွေဖြစ်တဲ့ အလုပ်သမားဝန်ကြီးနေရာ အတွက် Michael Sapin၊ ပြည်ထဲရေးဝန်ကြီးအဖြစ် Manuel Valls နဲ့ ကာကွယ်ရေးဝန်င်္ကြီး Jean-Yves Drian တို့ကို ခန့်အပ်လိုက်ပါတယ်။ ဂျာမာန် စကားပြော တတ်တဲ့ ဆိုရှယ်လစ်ပါတီ ရဲ့ လွှတ်တော်ခေါင်းဆောင် Jean-Marc Ayrault ကို ဝန်ကြီးချုပ်အဖြစ် အဂါင်္နေ့ကပဲ ကြေညာသွားတာပါ။
အစိုးရအဖွဲ့ထဲမှာ အမျိုးသမီးတွေကိုလည်း ညီညီမျှမျှ ထည့်သွင်းပေးမယ်လို့ မဲဆွယ်တုန်းက ကတိပေးခဲ့သလို သမ္မတ hollande က လုပ်ဆောင်ပေးမယ့်ပုံရပါတယ်။ ထိပ်တန်းရာထူး အများစုကို အမျိုးသားတွေ ရရှိကြပေမယ့် နေရာ ၃၄ နေရာထဲက ၁၇ နေရာမှာ အမျိုးသမီးတွေ ခန့်ထားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြင်သစ်နိုင်ငံရေးလောကမှာ နာမည်ကြီးဆုံး အမျိုးသမီး တဦးကတော့ ဝန်ကြီးအဖွဲ့မှာ မပါဝင်ပါဘူး။ Mr. Hollande ရဲ့ ပြိုင်ဘက် ဆိုရှယ်လစ်ပါတီခေါင်းဆောင် Martine Aubry ကတော့ အဲဒီလိုရာထူးယူရင် သဘာဝမကျတာမို့ ရာထူးမယူဖို့ သဘောတူလိုက်တယ်လို့ ပြောပါတယ်။

တရုတ်မျက်မမြင်လှုပ်ရှားသူနှင့်မိသားစု Passport လျှောက်လွှာတင်ပြီး

တရုတ်နိုင်ငံက အစိုးရနဲ့သဘောထားကွဲလွဲသူ မျက်မမြင်ရှေ့နေ ချဲန်ဂွမ်ချဲန်းဟာ သူနဲ့သူ့မိသားစု နိုင်ငံကူး လက်မှတ် လျှောက်လွှာတင်ပြီးပြီ၊ ဒီလကုန်မှာ အာဏာပိုင်တွေက သူတို့ကို နိုင်ငံကူး စာရွက်စာတမ်းတွေ ထုတ်ပေးမယ်လို့ ပြောကြောင်း ဆိုပါတယ်။
နေအိမ်အကျယ်ချုပ် အဖမ်းခံထားရာကနေပြီးတော့ အရင်လက စွန့်စွန့်စားစား ထွက်ပြေးခဲ့လို့ရထားခဲ့တဲ့ ဒဏ်ရာတွေကို ပြီးခဲ့တဲ့လက ဆေးရုံတက်ကုသနေရာကနေ မစ္စတာချဲန်းက ဗွီအိုအေ တရုတ် မက်ဒရဲင်းဌာနကို ဗုဒ္ဓဟူးနေ့ကပဲ ပြောသွားတာဖြစ်ပါတယ်။ ပတ်စ်ပို့အတွက် ဓာတ်ပုံတွေလည်း ရိုက်ပြီးပြီ၊ လျှောက်လွှာကိုလည်း ရှန်ဒေါင်းပြည်နယ်၊ လုံခြုံရေးအရာရှိတွေက သူ့ဆေးရုံခန်းကို ဗုဒ္ဓဟူးနေ့က ပို့ပေးတယ်လို့ မစ္စတာချဲန်းက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တက္ကသိုလ်မှာ သူ့ကို ပညာသင်ကြားခွင့်ပေးမယ်လို့ တရုတ်အစိုးရ အရာရှိတွေ ဒီလအစောပိုင်းမှာ ပြောသွားပြီးကတည်းက ဒါက ပထမဦးဆုံး တိုးတက်မှုရတာဖြစ်ပါတယ်။

Serb စစ်ခေါင်းဆောင်ဟောင်း Ratko Mladic ကို စတင်ရုံးထုတ်

ဘော့စ်နီးယား၊ ဟာဇီးဂိုဗီးနား (Bosnia-Herzegovina) မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲအတွင်း လူမျိုးတုန်း သတ်ဖြတ်မှုတွေမှာ တာဝန်ရှိသူအဖြစ် နာမည်ဆိုးနဲ့ ကျော်ဇောတဲ့ ဘော့စ်နီးယား-ဆာ့ဗ် စစ်တပ် အကြီးအကဲအပေါ် ကုလသမဂ္ဂ တရားခွင်က တရားလို ရှေ့နေတွေက စွဲချက်တွေ တင်သွင်းနေကြပါတယ်။

ဗိုလ်ချုပ်ကြီး ရက်ကို မလာဒစ်ခ်ျ (Ratko Mladic) ကတော့ နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာရှိတဲ့ ကုလသမဂ္ဂ တရားခွင်ကို လက်မထောင်၊ လက်ခုပ်တီးပြီး ရောက်လာခဲ့တာပါ။
အသက် ၇၀ အရွယ်ရှိ စစ်ခေါင်းဆောင်ဟောင်းဟာ မူဆလင် အမျိုးသမီး တဦးကို စေ့စေ့ကြည့်ပြီး လည်ပင်းကို လှီးဖြတ်တဲ့ပုံ လုပ်ပြခဲ့ပါတယ်။ တရားခွင်ကို တက်ရောက်လာတဲ့ အမျိုးသမီး တယောက်ကတော့ ဠင်းတတကောင်အဖြစ်နဲ့ ထပ်တလဲလဲ ခေါ်ခဲ့တာပါ။ ဒီနောက်မှာတော့ တရားသူကြီး Alphons Orie က အပြန်အလှန် မတော်တရော် ပြုမူနေတာတွေကို ရပ်ဖို့ ကြားဝင်ဟန့်တားခဲ့ရပါတယ်။

စစ်ခေါင်းဆောင်ဟောင်း မလာဒစ်ခ်ျ ဟာ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ အမှုတွေ အပါအ၀င် စွဲချက် ၁၁ ခုနဲ့ ရင်ဆိုင်နေရတာပါ။ စွဲချက်တွေကို သံသယမရှိ ရလေအောင် သက်သေထူသွားမယ်လို့လည်း တရားလို ရှေ့နေ Dermot Groome က တရားခွင် အဖွင့် လျှောက်လှဲချက် ပေးရာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မလာဒစ်ခ်ျဟာ ဘော့စ်နီးယားက ဆာဗရီနီဆာ မြို့မှာ အမျိုးသားနဲ့ ယောက်ျားလေး ရှစ်ထောင်လောက်ကို အစုလိုက်အပြုံလိုက် ကွပ်မျက်ဖို့နဲ့၊ ၁၉၉၀ ပြည့်လွန် နှစ်ဦးပိုင်းတွေမှာ ဆာယာရေဗို မြို့တော်ကို ပိတ်ဆို့ ၀ိုင်းဝန်းထားရာက သေကြေမှုတွေ ဖြစ်ရတဲ့အထိ အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂက ဘေးကင်းလုံခြုံရာ ဒေသအဖြစ် သတ်မှတ်ထားတဲ့ နေရာမှာ စုဝေးနေကြတဲ့ အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ ဆာဗရီနီဆာ မြို့က အစုလိုက် အပြုံလိုက် လူသတ်ပွဲကတော့ ၁၉၉၅ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။

အငြင်းပွားကျွန်းကိစ္စ တရုတ် - ဂျပန် ဆွေးနွေး

ဒီကနေ့ ဂျပန် နဲ့ တရုတ် နှစ်နိုင်ငံအကြား ထိပ်တန်းအဆင့် ဆွေးနွေးပွဲတွေ ကျင်းပနေပြီး အဲ့ဒီမှာ အဓိကကတော့ အရှေ့တရုတ် ပင်လယ်ထဲက သူပိုင်ကိုယ်ပိုင် အငြင်းပွားမှု ဖြစ်နေတဲ့ လူမနေတဲ့ကျွန်းစုတွေကိစ္စ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်ပြည်အရှေ့ပိုင်း ဟန်ဇောင်းမြို့မှာ ကျင်းပနေတဲ့ ဒီအစည်းအဝေးကို နှစ်ဖက်စလုံးက နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ကာကွယ်ရေး ၀န်ကြီးဌာနတွေက
တာဝန်ရှိသူတွေအပြင် ကမ်းခြေစောင့်တပ်ဖွဲ့က တာဝန်ရှိသူတွေလည်း တက်ရောက်ကြမှာပါ။ ဒါ့အပြင် ဒီဆွေးနွေးပွဲက ဒီဇင်ဘာလတုန်းက သဘောတူညီခဲ့ကြတဲ့ ရေပိုင်နက် လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်မယ့် ဆွေးနွေးပွဲတွေရဲ့ ပထမ အကျော့လည်း ဖြစ်ပါတယ်။

တရုတ်မှာတော့ ဒိုင်အိုယု သိကြပြီး ဂျပန်မှာတော့ ဆန်ကာကု (Sen Ka Ku) ဒီကျွန်းစုတွေ ပြဿနာဟာ တရုတ်နဲ့ ဂျပန်အကြား ဆက်ဆံရေးမှာ မကြာခဏ တင်းမာမှုတွေ ဖြစ်ရတဲ့ အဓိက အကြောင်းအရင်း တရပ်လည်း ဖြစ်တာပါ။

ဂျပန်ဘက်ကတော့ - ဒီနေရာကို သူတို့ရဲ့ မူပိုင် စီးပွားရေးနယ်မြေ အစိတ်အပိုင်းတခု အနေနဲ့ ပြောဆိုနေပြီးတော့ - တရုတ်ဘက်ကကျတော့ ဒါတွေဟာ ရှေးပဝေသဏီ ကတည်းက တရုတ်ပိုင် ကျွန်းစုတွေဖြစ်တယ်လို့ ပြောဆိုနေတာဖြစ်ပါတယ်။



ဂရိတွင် မဲအများဆုံးရသည့်ပါတီ သုံးပါတီစလုံး အစိုးရဖွဲ့နိုင်ခြင်း မရှိသောကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ရေး သမ္မတကအကြိမ်ကြိမ် ညှိနှိုင်းခဲ့သော်လည်း မေလ ၁၄ရက် နောက်ဆုံးဆွေးနွေးမှုအထိ အကောင်အထည် ပေါ်မလာနိုင်သောကြောင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲ ပြန်လုပ်ရမည့် အခြေအနေသို့ ရောက်လာခဲ့ကြောင်း ဥရောပသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)ထံမှ ယူရို ၁၃၀ ဘီလျံ အကူအညီရယူရေးနှင့် ပတ်သက်ပြီး ထောက်ခံသူ၊ ကန့်ကွက်သူ ကွဲပြားနေသလို မည်သည့်ဘက်ကမှလည်း အမတ်နေရာ ထက်ဝက်ကျော်ရှိသော ညွန့်ပေါင်းဖွဲ့ ရေး ဦးဆောင်စည်းရုံးနိုင်ခြင်းမရှိသောကြောင့် လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်နေခြင်းဖြစ်သည်။နောက်ထပ် ဘဏ္ဍာရေးအကူ အညီရရှိရေး ဆွေးနွေးနိုင်မည့် အစိုးရသစ်ကိုသာ အချိန်မီမဖွဲ့နိုင်ပါက ဂရိသည် ဇွန်လကုန်တွင် ငွေကြေးလုံးဝ ကုန်ခမ်းမည့် အခြေအနေသို့ ရောက်ရှိနေသည်။ သမ္မတ ကာရိုလော့စ်ပါပိုလီယာ့စ်က ပါတီခေါင်းဆောင်းများကို ညွန့်ပေါင်းဖွဲ့ရေး စေ့စပ်မပေးနိုင်ပါက ရွေးကောက်ပွဲ ထပ်ခေါ်ရတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဒုတိယမဲ အများဆုံးရခဲ့သော အခြေခံဝါဒီ လက်ဝဲယိမ်း SYRIZA ပါတီမှ ခေါင်းဆောင်ကလည်း သမ္မတ၏ ညွန့်ပေါင်းဖွဲ့ရေး ဆွေးနွေးရန်ဖိတ်ကြားမှုကို ငြင်းဆိုထားပြီး ရွေးကောက်ပွဲပြန်လုပ်ရေးကိုသာ ဦးတည်လျက်ရှိသည်။

အသက် ၃၇ နှစ်အရွယ် အလက်ဇီဆီပရက်စ်ဦးဆောင်သော SYRIZA ပါတီသည် ရွေးကောက်ပွဲပြန်လုပ်ပါက မဲအများဆုံးရနိုင်သည်ဟု စစ်တမ်းများက ဖော်ပြနေသည်။ ဂရိကို ဆယ်စုနှစ်နှင့်ချီ အုပ်ချုပ်ခဲ့သော ကွန်ဆာဗေးတစ်နှင့် ဆိုရှယ်လစ်ပါတီများနှင့် ပူးပေါင်းပြီး ညွန့်ပေါင်းဖွဲ့ရေးကို ဆီပရက်စ်က တောက်လျှောက် ကန့်ကွက်နေသည်။ ကွန်ဆာဗေးတစ်နှင့် ဆိုရှယ်လစ်ပါတီများသည် ပင်စင်နှင့်လစာများ လျော့ချပြီး ဥရောပဘဏ္ဍာရေး အကူအညီကို ရယူရန်လိုလားသောကြောင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။ဆီပရက်စ်က ယူရိုဇုန်အတွင်း ဆက်ရှိရန်လိုလားသော်လည်း ဘဏ္ဍာရေး အကူအညီကို မယူလိုသည့်သဘောထားကို ကိုင်ဆွဲထားသည်။ ဂရိအများစုက ယင်းသဘောထားကို လက်ခံသော်လည်း တစ်ကယ်တမ်းတွင် လက်တွေ့မကျသည့် ကိစ္စဖြစ်နေသည်။ ဘဏ္ဍာ ရေးအကူအညီကို လက်မခံပါက ဂရိသည် ဒေ၀ါလီခံသွားရနိုင်ပြီး ယူရိုဇုန်အတွင်းမှပါ ထွက်ပေးရဖွယ်ရှိကြောင်း ဥရောပခေါင်းဆောင်များက ပြောကြားထားပြီးဖြစ်သည်။


အကျပ်အတည်းနှင့် ကြုံတွေ့နေရသော ဥရောပတွင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုမြှင့်တင်ရန်အတွက် သဘောထားကွဲလွဲမှုများကို ပြင်သစ်သမ္မတသစ် ဖရန်ဆွာအော်လွန်ဒ်နှင့် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က အသိအမှတ်ပြု ၀န်ခံခဲ့ကြပြီး ပူးပေါင်း အဖြေရှာသွားကြပြီဟု မေလ ၁၅ ရက်နေ့က ကတိပြုခဲ့ကြသည်။အော်လွန်ဒ်သည် မေလ ၁၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးသည်နှင့် ညနေပိုင်းတွင် ဘာလင်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။မေလ ၂၃ ရက်နေ့တွင် ဥရောပ ကြွေးမြီပြဿနာနှင့် ပတ်သက်ပြီး ခေါင်းဆောင်များ မတွေ့ဆုံမီ ယူရိုဇုန် အင်အားအကြီးဆုံး နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကြွေးမြီအကျပ်အတည်းကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး အစိုးရသစ် ဖွဲ့နိုင်ခြင်းမရှိသည့် ဂရိနိုင်ငံအရေးကိုလည်း အော်လွန်ဒ်က အဓိကထားပြောသွားခဲ့ပြီး ယူရိုငွေကြေးဇုန်အတွင်း ဂရိဆက်ရှိနေမည်ဟု မျှော်လင့်သော် လည်း ဆုံးဖြတ်ချက်ကို ဂရိကိုယ်တိုင်ချရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။မာကယ်လ်ကလည်း ကွဲပြားခြားနားချက်များ ရှိသော်လည်း တူညီမှုများစွာလည်းရှိကြောင်း ဆိုရှယ်လစ်သမ္မတ အော်လွန်ဒ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးသွားခဲ့သည်။

ပြင်သစ်သမ္မတသစ်သည် ကျမ်းကျိန်သည့်နေ့တွင်ပင် ထူးထူးခြားခြား ဖြစ်စဉ်များ ဆက်တိုက် ကြုံတွေ့ခဲ့ရသည်။ ကျမ်းကျိန်ပြီး အယ်လီဆေး နန်းတော်မှထွက်ကာ ချမ့်အယ်လီဆေး လမ်းမတစ်လျှောက် အမိုးဖွင့်ကားဖြင့် လှည့်လည်စဉ် မိုးရုတ်တရက်ရွာချခဲ့သလို ဘာလင်သို့ လေယာဉ်ဖြင့် အသွားတွင်လည်း လေယာဉ်ကို မိုးကြိုးပစ်သောကြောင့် ပါရီတစ်ခေါက်ပြန်ပြီး လေယာဉ် ပြောင်းစီးခဲ့ရသည်။ မာကယ်လ်ကမူ နှစ်ဦးတွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲတွင် လေယာဉ်ပျံသန်းမှု အကြိမ်တစ်သန်းလျှင် တစ်ကြိမ် မဖြစ်တတ်သော မိုးကြိုးထိမှုသည် နိမိတ်ကောင်းကို ပြကြောင်း ပြောသွားခဲ့သည်။ ခေါင်းဆောင်နှစ်ဦး ဂုဏ်ပြုခံတပ်ဖွဲ့ကို စစ်ဆေးစဉ်တွင်လည်း အော်လွန်ဒ်မှာ ကော်ဇော်နီပေါ် လျှောက်ရမည့်နေရာမှ ချော်ထွက်သွားခဲ့သောကြောင့် မာကယ်လ်က လက်လှမ်းဆွဲပြီး လမ်းကြောင်းပေါ်ပြန် တင်ပေးခဲ့ရသည်။



အာဖဂန်တပ်များကို ၂၀၁၅ခုနှစ် မှစ၍ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ နှုန်းဖြင့် သုံးနှစ်ကြာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သြစတြေးလျအစိုးရက ကတိပြုခဲ့သည်။၂၀၁၅ ခုနှစ်တွင် အာဖဂန် လုံခြုံရေးတာဝန်အားလုံးကို နိုင်ငံတကာတပ်များထံမှ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်များက လွှဲယူရမည်ဖြစ်ရာ ယင်းတပ်များကို သြစတြေးလျက ယင်းသို့ ကူညီမည်ဖြစ်သည်။ ရှီကာဂို တွင်ပြုလုပ်မည့် နေတိုး ထိပ်သီးဆွေးနွေးပွဲ၌ ယင်းကတိပြုချက်ကို သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလက်ဒ်နှင့် ကာကွယ်ရေးဝန်ကြီး စတီဖင်စမစ်တို့က ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
အာဖဂန်တွင် သြစတြေးလျတပ်ဖွဲ့ဝင် ၁၅၅၀ တပ်စွဲထားပြီး နေတိုးအဖွဲ့အတွက် တပ်ဖွဲ့ဝင် အများဆုံးကူ ညီပေးထားသည့် နိုင်ငံများထဲတွင် ပါဝင်သည်။ ထို့ပြင် အထူးတပ်ဖွဲ့ဝင်များ တပ်စွဲမှုတွင်လည်း အရေအတွက် တတိယအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။  


တရုတ်က အမျိုးသမီးအေးဂျင့်များကို လေ့ကျင့်ပေးပြီး မိမိကို အဆိပ်ခတ် လုပ်ကြံရန် ကြံစည်ခဲ့ဖွယ်ရှိကြောင်း တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ဗြိတိန်၏ ဆန်းဒေးတယ်လီဂရပ် သတင်းစာသို့ ပြောကြားခဲ့သည်။အမျိုးသမီးများ၏ ဆံပင်နှင့် အ၀တ်အစားများတွင် အဆိပ်ထည့်ပြီး လုပ်ကြံရန် လေ့ကျင့်ပေးထားကြောင်း ဒလိုင်းလားမားက ပြောကြားခဲ့သည်။

တရုတ်အေးဂျင့်များသည် မိမိကို သတ်ရန်အတွက် တိဘက်အမျိုးသမီးများအား လေ့ကျင့်ပေးခဲ့ကြောင်း ဒလိုင်းလားမားက ပြီးခဲ့သောနှစ်တွင် သတိပေးခဲ့သည်ဟု ယင်းသတင်းစာက ဖော်ပြခဲ့သည်။ လုပ်ကြံရန် စီစဉ်ထားမှုအပေါ် မေးမြန်းခဲ့ရာတွင် ''ဒါဟုတ်တာပေါ့။ သူတို့ဆံပင်နဲ့ လည်စည်းပုဝါတွေမှာ အဆိပ်တွေ လူးထားမယ်။ ပြီးတော့ အဲဒီအမျိုးသမီးတွေက နေမကောင်းလို့ဆိုပြီး ကောင်းချီးခံယူဖို့ ချဉ်းကပ်လာမယ်။ အဲဒီအချိန်မှာ လက်နဲ့ထိ လိုက်ရင် အဆိပ်ထိသွားမယ်။ အဲဒီ လို သတင်းတွေ ရထားတယ်'' ဟု ဒလိုင်းလားမားက ဖြေကြားခဲ့သည်။

ယင်းမှာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်ခြင်း ရှိ၊ မရှိ မသိကြောင်း၊ သို့သော် ပြန်လည် စစ်ဆေးနေမည်မဟုတ်ကြောင်း ဒလိုင်းလားမား ဖြေကြားထားသည့် ဗီဒီယိုကို တယ်လီဂရပ် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အသက် ၇၆ နှစ်ရှိ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒလိုင်းလားမားသည် လန်ဒန်မြို့ရှိ စိန့်ပေါဘုရားကျောင်း သို့ မေလ ၁၄ ရက်တွင် သွားရောက်မည်ဖြစ်ပြီး Templeton ဆုကို လက်ခံရယူမည်ဖြစ်ကြောင်းယင်းဆုကြေးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းရှိပြီး ဘ၀တစ် လျှောက် ဘာသာရေးအတွက်နှစ်မြှုပ်လုပ်ဆောင်ခဲ့မှုအတွက် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်သည် တိဘက်ကို ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အုပ်ချုပ်လာခဲ့သည်။ ဒလိုင်းလားမားအပါအ၀င် ပြည်ပတွင် တိမ်းရှောင်နေသော တိဘက်များသည် တရုတ်အစိုးရ၏ အုပ်ချုပ်မှုအား ဆန့်ကျင်မှုပြုလုပ်နေသည်ဟု ပေကျင်းက အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် တရုတ်ဆန့် ကျင်ရေး လှုပ်ရှားမှု မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ဒလိုင်းလားမားသည် အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။  



ကမ္ဘာတစ်ဝန်းမှ ၀ီဂါလူမျိုးစုနွယ်ဝင် ၂၀၀ ခန့်သည် ဂျပန်တွင် မေလ ၁၄ ရက်၌ စုဝေးခဲ့ပြီး တရုတ်ထံမှ လွတ်လပ်ရေး ရရှိရေးကိစ္စကို လုပ်ဆောင်နိုင်ရေးအတွက် ငါးရက် ကြာဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ် ကြောင်း ပြည်ပတွင်တိမ်းရှောင်နေသော ၀ီဂါလူမျိုးစုခေါင်းဆောင်က World Uyghur Congress (WUC)ကို ဖွင့်လှစ်ပေးခဲ့ပြီး ပေကျင်းက ကျင့်သုံးသော အနိုင်အထက်ပြုကျင့်သည့် မူဝါဒမှာ ခေတ်သစ်ဒီမိုကရေစီတွင် လက်သင့်ခံစရာ မကောင်းကြောင်း တရုတ်အနောက်မြောက်ပိုင်းတွင် နေထိုင်ကြသော ၀ီဂါလူမျိုးများသည် ပေကျင်းအစိုးရ၏ နှိပ်ကွပ်မှုနှင့်ပထုတ်ခံထားရမှုတို့ကို ခံစားခဲ့ရသည်။ ယင်းဒေသသို့ တရုတ်ဟန်လူမျိုးသန်းနှင့် ချီဝင်ရောက် အခြေချခဲ့ပြီး ၀ီဂါလူမျိုး ကိုးသန်းနေထိုင်သော ရှင်ကျန်ဒေသတွင် လူမျိုးစု ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ တရုတ်အစိုးရသည် ၀ီဂါလူမျိုးစုနှင့် အခြားလူမျိုးစုများကို တဖြည်းဖြည်း ပျောက်ကွယ်သွားအောင် ကြိုးပမ်းလုပ်ဆောင်နေသလို တစ်ဘက်တွင်လည်း ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်လာနေကြောင်း ၀ီဂါလူမျိုးစုခေါင်းဆောင် Rebiya Kadeer က လွှတ်တော်အဖွင့်နေ့တွင် ပြောကြားခဲ့သည်။ 
မိမိတို့သည် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ရည်ရွယ်ချက် ပေါက်မြောက်အောင် ကြိုးပမ်းနေပြီး တရုတ်အစိုးရအနေဖြင့် မိမိတို့အပေါ် ဖိနှိပ်ချုပ်ခြယ်မှု ရပ်တန့်ရန်နှင့် အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကို အသွင်ပြောင်းနိုင်ရေး အတွက် ပြုပြင်ပြောင်း လဲမှုပြုလုပ်ရန် ၎င်းက တိုက်တွန်းခဲ့ သည်။ တရုတ်ပုံစံ ကွန်မြူနစ်ဝါဒ၊ တရုတ်ပုံစံ လူ့အခွင့်အရေးနှင့် တရုတ်ပုံစံ ဒီမိုကရေစီစနစ်များမှာ ခေတ်မမီတော့ကြောင်း အမေရိကန်တွင် ခိုလှုံနေသော Kadeer က ပြောကြားခဲ့သည်။
WUC ကို ပြုလုပ်မှုမှာ ယခုအကြိမ် ဆိုလျှင် လေးကြိမ် မြောက်ဖြစ်ပြီး ဂျပန်အတိုက်အခံ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီအမတ်များ၊ အီတလီ နိုင်ငံရေးသမားတစ်ဦးနှင့် အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားသူများ အပါအ၀င် နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ WUC ကို ဂျာမနီရှိ မြူးနစ်မြို့နှင့် အမေရိကန်ရှိ ၀ါရှင်တန်မြို့တို့တွင် ပြုလုပ်ခဲ့ဖူးသည်။ တရုတ်က WUC ကို ခွဲထွက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး Kadeer အား ဂျပန်က ဗီဇာထုတ်ပေးခဲ့မှုအတွက် ကန့်ကွက်ခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment