မြန်မာသတင်းများ မေလ ၁၇ ရက် ၂၀၁၂ ခုနှစ်

ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခု တည်ထောင်ဖို့ စည်းရုံးလှုပ်ရှား

ချင်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီ အသီးသီးနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခုကို အခု ၆ လအတွင်း တည်ထောင်နိုင်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်နေပြီလို့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
" Nationalistic Brotherhood ပါတီဆိုပြီး ထွက်လာပါလိမ့်မယ်။ အဲဒီဟာကတော့ ရှိတဲ့ တိုင်းရင်းသားအားလုံးပေါ့ဗျာ၊ ပါတီအသေးလေးတွေ အကုန်လုံးစုပေါင်းပြီးတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲကို အဲဒီပါတီကြီးတစ်ခုအနေနဲ့ ဝင်ပြီးတော့ အလုပ်လုပ်ဖို့ရှိတယ်။ အဓိက ကတော့ ကျွန်တော်တို့ တိုင်းရင်းသား အရေးအရာနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီကလည်း ဘာမှလုပ်မပေးနိုင်ဘူးပေါ့ဗျာ။ နောက်ရော NLD တို့၊ တစည တို့ဆိုတာကလည်း ကျွန်တော်တို့လောက် လုပ်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသား အရေးအရာ ကိစ္စတွေ အားလုံးအတွက် တိုင်းရင်းသားတွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ ပါတီတွေကသာလျှင် ကျကျနနကိုင်တွယ်ပြီးမှ လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်"
အဲဒီိညီနောင် တိုင်းရင်းသားပါတီကြီးဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီးနောက် တိုင်းရင်းသား တန်းတူညီမျှ အခွင့်အရေးရရှိအောင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။လောလောဆယ် ချင်းတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ချင်းအမျိုးသားပါတီနဲ့ ချင်းတိုးတက်ရေးပါတီတို့ကို မေလ (၁၁) ရက်နေ့က ပူးပေါင်းလိုက်ပြီလို့ ဦးဇိုဇမ်က ပြောပါတယ်။
ဒီအတောအတွင်း တိုင်းရင်းသား ပါတီတွေအပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တချို့ဟာ အခုမေလ ၁၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ANU သြစတြေးနိုင်ငံ အမျိုးသား တက္ကသိုလ်မှာ နိုင်ငံရေးခေါင်းဆောင်မှုပညာ သင်တန်းသွားရောက် လေ့လာဆည်းပူးကြမယ်လို့ သိရပါတယ်။အဲဒီ သြစတြေးလျနိုင်ငံက နိုင်ငံရေးသင်တန်း သွားတက်ကြမယ့်သူတွေထဲမှာ ချင်းအမျိုးသားပါတီက ဦးဇိုဇမ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးဦးလှစော၊ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ မြန်မာက ဒေါ်သန်းသန်းနုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဦးသိန်းထွန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

အိန္ဒိယရောက် မြန်မာဒုက္ခသည် ရေရှည်နေထိုင်ခွင့်ဗီဇာ ထုတ်ပေးမည်

အိန္ဒိယနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာဒုက္ခသည် ၂၅၀၀ ကျော်အတွက် တရားဝင် ရေရှည်နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်း ထုတ်ပြန်လိုက်ပါတယ်။မြန်မာဒုက္ခသည် အတော်များများဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ပြီး ဒေလီမြို့အနောက်တောင်ဘက် Vasant Kunj အရပ်က Sultan garhi ဗလီနားမှာ စုဝေးနေထိုင်နေကြတယ်လို့ သိရပါတယ်။
UNHCR အကြီးအကဲက ဒုက္ခသည် ကိုယ်စားလှယ်ခေါင်းဆောင် ၁၀ ဦးနဲ့ မနေ့က တွေ့ဆုံခဲ့ပြီးနောက် သူတို့ကို အိန္ဒိယအစိုးရက ရေရှည်နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးမှာဖြစ်ကြောင်း UNHCR အဖွဲ့က ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။အဲဒီဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရောက်ရှိလာတာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာရှိတဲ့ သူတို့နေထိုင်ရာ ဒေသတွေမှာ အိန္ဒိယအစိုးရ နိုင်ငံခြားသား မှတ်ပုံတင်ဌာနကနေ ဗီဇာထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေအနေနဲ့ အိန္ဒိယနိုင်ငံတ၀ှမ်းက သူတို့နေထိုင်ရာ ဒေသအသီးသီးကို အမြန်ဆုံး ပြန်သွားကြဖို့ကိုလည်း UNHCR အဖွဲ့က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စက်တင်ဘာလအတွင်း နောက်ထပ်ခေါ်ယူမယ့် အစည်းအဝေးကို တက်ရောက်ကြဖို့လည်း ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားထားပါတယ်။မြန်မာဒုက္ခသည်တွေကို တခြားဒုက္ခသည်တွေနည်းတူ အိန္ဒိယအစိုးရက အခုလို ရေရှည်နေထိုင်ခွင့်ဗီဇာ ထုတ်ပေးမယ့် အစီအစဉ်ဟာ ကြီးမားတဲ့ တိုးတက်မှု ခြေလှမ်းတရပ်ဖြစ်တယ်လို့လည်း UNHCR အရာရှိတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံက ပါတီခေါင်းဆောင် ၅ ဦး နှီးနှောဖလှယ်ပွဲတက်ရန် သြစတြေးလျနိုင်ငံသွားမည်

သြစတြေးလျနိုင်ငံ Center for Democracy Institution က စီစဉ်ဆောင်ရွက်ပြီး ကမ်ဘာရာမြို့တော်ရှိ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ ကျင်းပမယ့် နိုင်ငံရေးပါတီခေါင်းဆောင်များ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံကနိုင်ငံရေးပါတီ ခေါင်းဆောင်တွေဟာ မေလ ၁၈ ရက်နေ့ မြန်မာနိုင်ငံက ထွက်ခွာကြမှာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဒေါ်သန်းသန်းနု၊ တစညပါတီက ဦးသိန်းထွန်း ၊ ချင်းအမျိုးသားပါတီက ပူးဇိုဇမ်၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ဦးလှစောတို့ တက်ရောက်မှာ ဖြစ်ပါတယ်။

၈၈ အဖွဲ့ ထားဝယ်၌ အဟန့်အတားများ ကြုံတွေ့

ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း ခရီးစဉ် အဖြစ် တနင်္သာရီတိုင်း ထားဝယ်နှင့် လောင်းလုံမြို့နယ်များသို့ မေလ ၁၅ ရက်နေ့ကသွားရောက်ရာ ဒေသခံ ထောက်ခံသူများ၏ ၈၈ မျိုးဆက်ကျောင်းသားများအား ကြိုဆိုပါ၏ စာတမ်းနှင့် အသံချဲ့စက် အသုံးပြုမှုကို ဒေသအာဏာပိုင်က ဟန့်တားခဲ့ကြောင်း သတင်း ရရှိသည်။ သို့သော် လောင်းလုံမြို့နယ် အောက်ရေဖြူကျေးရွာတွင် ဒေသခံ ၅၀၀ ခန့်နှင့် မြေယာသိမ်းဆည်းခံရသည့်ကိစ္စအပါအ၀င် ပွင့်လင်းသည့် လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးအတွက် အပြန်အလှန် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ပြောသည်။

အမေရိကန် ပိတ်ဆို့မှု သတိဖြင့် ရပ်ဆိုင်းရန် ဒေါ်အောင်ဆန်းစုကြည် ပြော

အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများ ရပ်ဆိုင်းရန်ပြုလုပ်မည်ဆိုပါက ထောက်ခံသော်လည်း မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုများသည် နောက်ကြောင်းပြန် မလှည့်နိုင်ဟု တရားသေ သတ်မှတ်၍ မရသောကြောင့် သတိထားရန် လိုအပ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။ ၀ါရှင်တန်ဒီစီမြို့၌ မေလ ၁၅ ရက်နေ့က ကျင်းပသော သမ္မတဟောင်း ဂျော့ဘုရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပသည့် လူသားနှင့် လွတ်လပ်မှုအခွင့်အရေး(Acceleration of Human Freedom) အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်မှတဆင့် ပြောဆိုခြင်း ဖြစ်သည်။ 

မန္တလေး တိရစ္ဆာန်ဥယျာဉ် ၀င်ကြေးတိုးမြှင့်၍ လာရောက်သူနည်းပါး

မန္တလေး ရတနာပုံ တိရစ္ဆာန်ဥယျာဉ် ၀င်ကြေးများ နှစ်ဆခန့် တိုးမြှင့်လိုက်မှုကြောင့် ဒေသခံများ လာရောက်ကြည့်ရှု အပန်းဖြေခြင်း နည်းပါးသွားကြောင်း သိရသည်။ ဧပြီလမှစတင်ပြီး ၀င်ကြေးများမှာ လူကြီးတဦး ၁၀၀၀ ကျပ်နှင့် ကလေးတဦး ကျပ် ၅၀၀ ပေး ရကြောင်း၊ ယခင်က လူကြီး တဦး ကျပ် ၅၀၀ ၊ ကလေး တဦး ကျပ် ၂၀၀ ကောက်ခံခြင်းဖြစ်ပြီး အစိုးရပိုင် ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့် နှစ်တွင် ထူး ကုမ္ပဏီသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ၀င်ကြေးများကို တိုးမြှင့် ကောက်ယူခြင်း ဖြစ်ကြောင်း မန္တလေးဒေသခံ တဦးက ပြောပြသည်။

ကြံ့ခိုင်ရေး ရုံးနှင့် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲသူ ABSDF အဖွဲ့ဝင်ဟု ဆို

ဧရာဝတီတိုင်း မြန်အောင်မြို့ ကြံ့ခိုင်ရေး ပါတီရုံးနှင့် ဟင်္သာတမြို့ အုပ်ချုပ်ရေးမှူးရုံး များကို ဖောက်ခွဲရေးပြုလုပ်သူသည် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့ဝင် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများက ရေး သား သည်။ ၂၀၁၁ ခု နိုဝင်ဘာ ၂၀ ရက် မြန်အောင်မြို့နှင့် ၂၀၁၂ ခု မတ်လ ၆ ရက် ဟင်္သာတမြို့များ၌ ဖောက်ခွဲမှုများပြုလုပ်သူ ABSDF မှ ကိုသန်းကိုဦး ခေါ် ကိုမင်းဇော်ကို မေလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းစာများက ဓာတ်ပုံ နှင့်အတူ ဖော်ပြထားသည်။

နော်ခမ်းတပ်ဖွဲ့ဝင်များ လက်နက်ချ

ရွှေတြိဂံဒေသတွင် လှုပ်ရှားခဲ့ပြီး မကြာသေးမီက အဖမ်းခံလိုက်ရသော မူးယစ်ရာဇာ နော်ခမ်း၏ နောက်လိုက်အဖွဲ့ဝင် ၂၅ ဦးသည် တာချီလိတ်မြို့နယ်ရှိ အစိုးရတပ်ဖွဲ့ထံ ယမန်နေ့က လက်နက်ချခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်များကို တာချီလိတ်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၅၉ တပ်နယ်မြေမှ ဗိုလ်မှူးကြီး ခင်မောင်စိုးက အခမ်းအနားပြုလုပ်၍ ကြိုဆိုခဲ့ကြောင်း အစိုးရနှင့် နီးစပ်သူတဦးက ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ မနက်က မြန်မာနိုင်ငံသား မူးယစ်ရာဇာ နော်ခမ်းနှင့်အတူ အဖွဲ့ဝင် ၄ ဦးကို လာအိုစစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်။ယခု အစိုးရထံ လက်နက်ချသည့် အဖွဲ့ဝင် ၂၅ ဦးသည် ၀မ်ပုံကျေးရွာဒေသတွင် လှုပ်ရှားနေသူများဖြစ်ပြီး လတ်တလောတွင် အစိုးရ အာဏာပိုင်များက စစ်တပ်ထဲတွင် ခေါ်ယူထားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်ဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်မပြု

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC) ရဲ့အမည်နာမကို လက်မခံတဲ့အတွက်ကြောင့် တခြားနာမည်တစ်ခု အစားထိုးပြီး နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည်လျှောက်ထားမယ်လို့ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်းက ပြောကြားလိုက်ပါတယ်။
ဇိုမီးလို့ခေါ်တဲ့ ချင်းအနွယ်ဝင်တွေဟာ ချင်းပြည်နယ် အထက်ပိုင်း တီးတိန်နဲ့ တွန်းဇံမြို့နယ်တွေမှာ အဓိကနေထိုင်ကြပြီး ချင်းဆိုတဲ့ အမည်နာမကို လက်မခံဘဲ မိမိကိုကိုယ် ဇိုးမီးလို့ ခေါ်ဆိုသတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ ZNC ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အခုရွေးကောက်ပွဲ ကော်မရှင်က လက်မခံတဲ့ ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်နဲ့ပဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်မြေ ၂ နေရာ အနိုင်ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ZNC ပါတီဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံမှာ ဇိုမီးအမျိုးသားဆိုတာ မရှိတာကြောင့် ZNC နာမည်နဲ့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားတာကို လက်မခံနိုင်ဘူးလို့ အကြောင်းကြားလာတာ ဖြစ်တယ်လို့ ပူးကျင့်ရှင်းထန်က ပြောပါတယ်။

ဆန္ဒပြမှုကြောင့် ရှားခဲအင်း လေလံ ရပ်ဆိုင်း

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်ရှိ ရှားခဲအင်းကြီးကို စီးပွားရေးလုပ်ငန်းရှင်များအား လေလံပေး ရောင်းချခြင်း မပြုရန် ဒေသခံများက ဆန္ဒပြတောင်းဆိုသဖြင့် ယမန်နေ့က ပုသိမ်မြို့ပေါ်တွင်ပြုလုပ်သော အင်း လေလံပွဲတွင် ရှားခဲအင်းအား ခြံလှပ်လိုက်ကြောင်း လေ လံပွဲ တက်ရောက်သူ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ရွှေ့ပြောင်းမြန်မာ အလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ လိမ်လည်မှုဖြစ်ပွား

ထိုင်း မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ပတ်စ်ပို့လုပ်ဖို့ ငွေအကြေသွင်းထားပြီးပေမယ့် ယနေ့တိုင် ပတ်စ်ပို့မရဘဲ ဒုက္ခရောက်နေတယ်လို့ စုံစမ်းသိရပါတယ်။RJP လို့ခေါ်တဲ့ ပတ်စ်ပို့လုပ်ပေးတဲ့ ကုမ္ပဏီနဲ့ ပွဲစားကနေတဆင့် လုပ်ခဲ့ရာက လနဲ့ချီကြာခဲ့ပြီး ပတ်စ်ပို့လည်းမရ၊ ပွဲစားကိုလည်း ဆက်သွယ်မရဖြစ်ကာ အလုပ်လက်မဲ့ဘ၀နဲ့ ဒုက္ခရောက်နေရတဲ့ အခြေအနေကို အလုပ်သမတစ်ဦးက အခုလိုပြောပါတယ်။
" ပတ်စ်ပို့ကျပြီဆိုပြီးတော့ ခေါ်ထားတယ်လေ။ သမီးတို့စက်ရုံထဲက ခွင့်တွေယူပြီး ထွက်ခဲ့တယ်။ တစ်ရက်တစ်ရက်နဲ့ စောင့်တာပေါ့။ စက်ရုံကိုလည်း ခွင့်တစ်ရက်ပြီး တစ်ရက်တင်တယ်။ ခွင့်များတဲ့အခါကြတော့ စက်ရုံက သမီးတို့တွေကို ပြန်ပြီး လက်သင့်မခံတော့ဘူးပေါ့နော်။ ဒီနေ့ဆို နှစ်ဆယ့်နဲ့ ငါးရက်ရှိသွားပြီ။ ပတ်စ်ပို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒုက္ခရောက်နေတဲ့ သူတွေကတော့ အများကြီးပဲ။ သမီးတို့ လက်ရှိက (၁၅) ဦးလောက်ရှိတယ်"
မဲဆောက်မြို့ မယ်ကုနဲ့ မယ်တောင်ကြားရှိ အရုပ်စက်ရုံက အလုပ်သမားတွေ အပါအ၀င် (၁၅) ဦးအဖွဲ့ဟာ ဧပြီလဆန်းပိုင်းက RJP ကုမ္ပဏီက လူပွဲစား ကိုအာကာဆိုသူထံ ပတ်စ်ပို့လုပ်ဖို့ ဘတ်ငွေ (၅၂၀၀) ပေးခဲ့ပြီးသူတွေ ဖြစ်ပါတယ်။
မဲဆောက်မြို့ မယ်ပအရပ်မှာရှိတဲ့ ယူနီအိုးရှင်း အထည်ချုပ်စက်ရုံက အလုပ်သမားတွေလည်း ကိုအာကာထံ ဘတ်ငွေ (၅၅၀၀) ပေးပြီး လုပ်ခိုင်းခဲ့ပေမယ့် ခုချိန်ထိ ပတ်စ်ပို့မရရှိသေးကြောင်း အလုပ်သမားတစ်ဦးက အခုလို ပြောပါတယ်။
" ကျွန်တော်တို့အုပ်စု လူ (၇) ယောက် (၈) ယောက်လောက်ရှိတယ်။ သုံးလပိုင်းကုန်မှ ရမယ်တဲ့၊ ၁၁လပိုင်း ၂၅ ရက်နေ့က တင်လိုက်ရော (၁၁) လပိုင်း ကုန်လည်းကုန်သွားပြီးရော၊ တခါ ကဒ်လေးပေးတယ်။ RJP ဆိုတဲ့ကဒ်နဲ့ လုပ်ပေးတဲ့သူနာမည်က အာကာ။ ဟိုနေ့ခေါ်မယ်၊ ဒီနေ့ခေါ်မယ်နဲ့"
RJP ပတ်စ်ပို့လုပ်တဲ့ကုမ္ပဏီကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာတော့ လူရှာပွဲစားက ငွေမသွင်းခဲ့လို့ သူတို့ ကုမ္ပဏီတစ်ခုတည်းကတင် ပတ်စ်ပို့လုပ်ဖို့ ဖောင်တင်ထားတဲ့ မဲဆောက်က အလုပ်သမားပေါင်း တစ်ရာကျော်ကို ပယ်လိုက်တယ်လို့ ၀န်ထမ်းတဦးက ပြောပါတယ်။မဲဆောက်ဒေသတွင်းမှာ ထိုင်းနဲ့ မြန်မာအစိုးရ အသိအမှတ်ပြု ယာယီနိုင်ငံကူးလက်မှတ် ပတ်စ်ပို့လုပ်ပေးနေတဲ့ ကုမ္ပဏီ အနည်းဆုံး (၅) ခုလောက်ရှိနေပြီး အဲဒီကုမ္ပဏီ နာမည်တွေသုံးကာ ပတ်စ်ပို့ပွဲစားတွေက မြန်မာအလုပ်သမားတွေထံက ငွေယူကာ လိမ်လည်မှုတွေ ဖြစ်ပွားနေတဲ့အတွက် နှစ်နိုင်ငံအစိုးရအနေနဲ့ ထိထိရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ပြောဆိုပါတယ်။

ပိတ်လှောင်ခိုင်းစေခံရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ကယ်ဆယ်

ထိုင်းနိုင်ငံတောင်ပိုင်း မဟာချိုင်ဒေသရှိ စက်ရုံတခုတွင် လှောင်ပိတ် ခိုင်းစေခံထားရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်အား ထိုင်းရဲတပ်ဖွဲ့နှင့် အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲတို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။မဟာချိုင်ဒေသ၊ ဆွေမမလမ်းရှိ ဆန်းထေ့ ပုစွန်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာမရခြင်း၊ အပြင် ထွက်ခွင့် မရှိခြင်း၊ အစားအသောက် မလုံလောက်ခြင်း စသည်တို့နှင့် ကြုံနေရကြောင်း၊ စက်ရုံပြင်ပသို့ ရောက်ရှိလာသည့် အလုပ်သမားတဦးကို အကူအညီတောင်းခံရာမှ ယခုကဲ့သို့ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးကျော်သောင်းက ပြောသည်။

ကျန်ရှိ စာနယ်ဇင်း ၃ မျိုး စိစစ်မှုဖျက်သိမ်းမည်

စာပေစိစစ်ရေးသို့ မူကြမ်းတင်ပြနေရဆဲဖြစ်သည့် သတင်းဂျာနယ်၊ နိုင်ငံရေးနှင့် ဘာသာရေး စာနယ်ဇင်းအမျိုးအစားများ စိစစ်မှုကို သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီ ပေါ်ပေါက်လာပါက ဇွန်လတွင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စာပေစိစစ်ရေးရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပသော စတ္တုတ္ထအဆင့် စာပေစိစစ်ရေးမူဝါဒများ ဖြေလျှော့ရေး ရှင်းလင်းသည့် အစည်းအဝေးတွင်ဝတ္တုစာပေများအပေါ် စိစစ်မှုများ ဖျက်သိမ်းလိုက်ပြီး လုံးချင်းဝတ္တုများအပါအ၀င် ၀တ္တုအမျိုးအစားစာပေများ စာပေစိစစ်ရေး တင်ပြရန်မလိုတော့ဘဲ ထုတ်ဝေခွင့်ပြုလိုက်ကြောင်း ကြေညာသည်။၂၀၁၁ ဇွန်လတွင် ကျန်းမာရေး၊ အားကစား၊ နည်းပညာ၊ အနုပညာ၊ ကလေးစာပေ စုစုပေါင်း စာနယ်ဇင်းအမျိုးအစား ၅ ခုနှင့် ဒီဇင်ဘာတွင် မှုခင်းနှင့် စီးပွားရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်း ၅၀ ကျော်ကို စာပေစိစစ်ရေးတင်ပြရန် မလိုဘဲ ထုတ်ဝေခွင့်ပြုခဲ့သည်။မီဒီယာဥပဒေ မပေါ်သမျှ ကာလပတ်လုံး ၁၉၆၂ ပုံနှိပ်ဥပဒေ အသက်ဝင်နေပြီး လေးစားလိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော မီဒီယာဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း ဦးတင့်ဆွေက ဆိုသည်။

စာပေစိစစ်ရေးတင်ပြရန် မလိုသော်လည်း  အသေးစိတ် အခြေခံရမည့်မူများတွင် ဒို့တာဝန်အရေးသုံးပါးကို မထိပါးရန်၊ နိုင်ငံတော်၏မူဝါဒနှင့် နိုင်ငံတော်အစိုးရကို အဖျက်သဘော ဝေဖန်ရေးသားခြင်းမပြုရန်၊ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးမှု ထိခိုက်စေမည့် အချက်များကို မဖော်ပြရန်၊ အဂတိလိုက်စားမှု၊ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးစစ်သား စသော အကြောင်းအရာတို့နှင့် ပတ်သက်၍ အရင်းအမြစ်မခိုင်မာဘဲ ရေးသားဖော်ပြခြင်းမပြုရန်၊ နိုင်ငံတော်အား ဆန့်ကျင်နှောင့်ယှက်နေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့်ပတ်သက်၍ လှုံ့ဆော်အားပေးထောက်ခံသည့် အရေးသားများ ရေးသားဖော်ပြခြင်းမပြုရန်၊ ဌာဆိုင်ရာလုပ်ငန်များ ပုဂ္ဂလိကလုပ်ငန်းများ၏ အားနည်းချက်များ ထောက်ပြဝေဖန်ရာတွင် အချိန်၊ နေရာ၊ အဖွဲ့အစည်းအမည် စသည်ဖြင့် သတင်းရင်းမြစ်နှင့် အထောက်အထား ခိုင်ခိုင်လုံလုံ ရေးသားဖော်ပြရန် အပါအ၀င် အချက် ၁၅ ချက်ကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း အမေရိကန်-မြန်မာဆက်ဆံရေး ထူးခြားမှုတွေ့နိုင်

နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးတဦးရဲ့ ပထမဆုံး တရားဝင် အမေရိကန် ပြည်ထောင်စု ခရီးစဉ်ကို ကြည့်မယ်ဆိုရင် အမေရိကန် မြန်မာဆက်ဆံရေး သိသိသာသာ တိုးတက် ကောင်းမွန်လာတဲ့ လက္ခဏာဖြစ်တယ်လို့ လေ့လာသူတွေကယူဆပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ဆိုရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ၀ါရှင်တန်ဒီစီမှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ အခု ခရီးစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်အစိုးရအနေနဲ့ ရုပ်သိမ်းဖို့ သင့်လျော်တဲ့အချိန် ဖြစ်တယ် လို့ ပြောပါတယ်။ အထူးသဖြင့် အခုလာမယ့် မေ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုသစ်တွေ ပိတ်ပင်ထားတာ သက်တမ်းပြည့်မှာပါ။အရင်က တနှစ်တခါ သမ္မတအမိန့်နဲ့ သက်တမ်းတိုးခဲ့တဲ့ ဥပဒေဖြစ်တော့ ဒီတခါမှာ သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ အရေးယူမှု ရပ်နားခွင့်ရှိပါတယ်။ ဒါကြောင့်လည်း အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်က အခု မြန်မာနိုင်ငံခြားရေး ၀န်ကြီးခရီးစဉ်ကာလမှာပဲ ဆောင်ရွက်ဖို့ တိုက်တွန်းသွားတာပါ။ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ အထက်လွှတ်တော်အမတ် မက်ကိန်းကလည်း အရေးယူမှုတွေကို ယာယီရပ်ဆိုင်းထားဖို့ပဲ တောင်းဆိုထားပါတယ်။ဦးဝဏ္ဏမောင်လွင်ဟာ အရင်က အမေရိကန်ပြည်ထောင်စုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် လာရောက်ခဲ့တာ ရှိပေမယ့် ကမ္ဘာ့ကုလသမဂ္ဂ ခရီးစဉ် အနေနဲ့ လာရောက်တာဖြစ်ပါတယ်။ ဒါကြောင့် ဦးဝဏ္ဏမောင်လွင်ရဲ့ အခုခရီးစဉ်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံး တရားဝင် အစိုးရခရီးစဉ် ဖြစ်ပေမယ့်လို့ ၀ါရှင်တန် ဒီစီကို လာရောက်တာတော့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့တွင် အမြင့်ဆုံးဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၈၁ ရာခိုင်နှုန်း ၀န်းကျင်ရှိ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသော်လည်း ရင်းနှီးမြှုပ်နှံမှု အမျိုးအစားနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်မှုများ ရှိနေ

၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ထားသော စာရင်းအရ မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၈၁ ရာခိုင်နှုန်း ၀န်းကျင်ရှိကြောင်း တရားဝင် ထုတ်ပြန် ချက်များအရ ယခုနှစ် နှစ်ကုန်ပိုင်း မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံထားသည့် စုစုပေါင်းပြည်ပ ကုမ္ပဏီ ၄၆၇ ခုရှိပြီး စုစုပေါင်းရင်း နှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀၆၉၉ ဒဿမ ၀၄၈ ရှိကြောင်း သိရှိရသည်။ ယင်းအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ စင်ကာပူနှင့် မလေးရှား နိုင်ငံဖြစ်ကြောင်း အလားတူ UN မှ ထုတ်ပြန်သော report များတွင် regional integration များအား ဇောင်းပေးဖော်ပြထားကြောင်း၊ အလားတူ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု afta ကို ရင်ဆိုင်ရန် သုံးနှစ်သာ လိုတော့ကြောင်း၊ ထို့အတွက် local SMEs များ အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ ၎င်းအနေအထားများကို ရင်ဆိုင် ကျော်လွှားနိုင်ရန်အတွက် မဟာဗျူဟာ၊ နည်းဗျူဟာများ လိုအပ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ပြီးခဲ့သည့် လမှစ၍ အာမခံနှင့် ပတ်သက်သော ရင်းနှီးမြှုပ်နှံမှုအား ဖွင့်ပေးခဲ့ကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွင် အာမခံပေးသည့် ရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုကြောင်းနှင့် ယနေ့ကမ္ဘာတွင် quality of  investment နှင့် ပတ်သက်၍ ပညာရှင်များ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး လာကြကြောင်း UNESCAP ၏ ၂၀၁၂ ခုနှစ် ထုတ်ပြန်သော report အရ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၅.၃ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် ၅.၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ အလားတူပင် ၂၀၁၂ ခုနှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းအား ၆.၂ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရှိရသည်။ နိုင်ငံတစ်နိုင်ငံတွင် သယံဇာတ ပေါကြွယ်ဝသည်မှာ အားသာချက် တစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း အခြားတစ်ဖက်တွင် resource curst သယံဇာတကျိန်စာ ကျရောက်တတ်ကြောင်း ယခုနှစ် UN ၏ ထုတ်ပြန်သော စာတမ်းတွင်လည်း သယံဇာတ ကျိန်စာနှင့် ပတ်သက်၍ ထည့်သွင်း ရေးသား ဖော်ပြထားကြောင်း၊ အကန့်အသတ်နှင့်သာ ထွက်ရှိသည့် သယံဇာတအား အကျိုးရှိရှိ အသုံးချရန် လိုအပ်ပြီးဖြုန်းသည့်သဘော မဖြစ်သင့်ကြောင်း ပါမောက္ခစတစ်ဂလစ်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ရေးဆွဲနေဆဲဖြစ်ပြီး မကြာမီ ထွက်ပေါ်လာဖွယ် ရှိကြောင်း၊ လတ်တလောတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ မထွက်သေးသည့်အတွက် ပြည်ပလုပ်ငန်းရှင်များ စောင့်ကြည့်နေကြဆဲ အနေအထားများလည်း တွေ့နေရကြောင်းနှင့် သို့သော် ရင်းနှီးမြှုပ်နှံမှုဥပဒေအတွက် ပေါ်လာသည့်နောက်ပိုင်း အမြတ်ရလွယ်သော ကဏ္ဍများတွင်သာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြမည်ကိုလည်း စီးပွားရေး ပညာရှင်အချို့က စိုးရိမ်နေကြကြောင်း သိရှိရသည်။

အရှေ့တောင်အာရှဒေသတွင် နောက်ဆုံးကျန်ရှိသည့် သက်တမ်းရင့် မြေနိမ့် မြေပြန့်တောသည် တနင်္သာရီဒေသ၌ရှိနေ သစ်တောပြုန်းတီးမှု မြင့်တက်လာနေ၍ ကာကွယ်တောအဖြစ် ထိန်းသိမ်းရန် လိုအပ်နေကြောင်း သိရ

အရှေ့တောင်အာရှဒေသတွင် နောက်ဆုံးကျန်ရှိသည့် သက်တမ်းရင့် မြေနိမ့်မြေပြန့်တောများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသ၌ တည်ရှိနေကာ လက်ရှိတွင် အဆိုပါဒေသ၌ သစ်တောပြုန်းတီးမှုများ မြင့်တက် လာခြင်းကြောင့် ကာကွယ်တောအဖြစ် ထိန်းသိမ်းမှုများ လိုအပ်လာကြောင်း
ကမ္ဘာတစ်ဝန်းတွင် ဆွန်ဒယက် ခေါ် ဆန်ဒါဒေသရှိ သစ်တော၊ မြေနိမ့် မြေပြန့်တောများသည် ပြုန်းတီးမှု လျင်မြန်နေပြီး အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀ နှင့် အောက်ဘက်ရှိ မြေနိမ့် မြေပြန့်တောများသည် ပိုမိုလျင်မြန်စွာ ပျက်သုဉ်းလျက်ရှိကြောင်း သိရှိ ရသည်။ ဆန်ဒါဒေသဆိုသည်မှာ အာရှနှင့် သြစတြေးလျတိုက်များ တစ်ဆက်တစ်စပ်တည်း ရှိခဲ့ရာမှ နောက်ပိုင်းတွင် ကွဲထွက်သွားခဲ့သော မလေးကျွန်းဆွယ်တောင်ပိုင်း ဂျာဗား၊ ဆူမားတြား၊ ကလီမင်တန်၊ ဘာလီကျွန်းတို့ပါဝင်သော ဒေသဖြစ်ကာ မြန်မာနိုင်ငံရှိ မြိတ်ခရိုင်နှင့် တောင် ပိုင်းရှိဒေသအားလုံးသည် ဆန်ဒါဒေသတွင် ပါဝင်နေကြောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ တောများ၏ သုံးရာခိုင်နှုန်းမှာ ဆွန်ဒယက်တော (Sundiac Forest) များဖြစ်သည်ဟု သိရသည်။မြေနိမ့်မြေပြန့်တောများသည် ဇီဝမျိုးစုံမျိုးကွဲ အပေါကြွယ်ဆုံးဒေသများအနက်မှ ဒေသတစ်ခုဖြစ်ကာ မျိုးသုဉ်းလုနီး ငှက် ၄၇ မျိုး နေထိုင်ကျက်စားသော ဒေသဖြစ်သည်။ ယင်းအနက်မှ ၃၈ မျိုးသည် နေရာဒေသ တစ်ခုတည်းတွင်သာ ကျက်စားသော ငှက်မျိုးများဖြစ်ကာ တောင်ငုံး၊ ရင်မဲ ငှက်အပြင် ကြံ့သူတော်၊ ကျား၊ အာရှဆင်၊ မလေးဝက်ဝံ၊ မျောက်လွှဲကျော် လက်ဖြူနှင့် ဆူမားတြားကြံ့တို့ကို တွေ့ရှိနိုင်သည် တနင်္သာရီတိုင်းဒေသကြီး င၀န်ကြိုးဝိုင်း၌ မြေနိမ့်မြေပြန့်တောများ ၁၁၅၃၄၉ ဧကတည်ရှိသည်ဟု မှတ်တမ်းများရှိခဲ့ကာ လက်ရှိတွင် ယင်းထက် လျော့နည်းနိုင်ခြေရှိနေသည်
မြေနိမ့်မြေပြန့်တောများအတွင်း သစ်ကို အလွန်အကျွံ ထုတ်လုပ်ခြင်း၊ စက္ကူစက်များအတွက် ပျော့ဖတ်တွင် အသုံးပြုရန်သစ်များ အလွန်အကျွံ ခုတ်လှဲခြင်းနှင့် ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးခြင်းကြောင့် ဂျာဗားရှိ တောများ ရာနှုန်းပြည့် ပျက်သုဉ်းသွားပြီဖြစ်ကာ ထိုင်းနိုင်ငံ၌လည်း ၉၈ ရာခိုင်နှုန်းကျော် ပျက်သုဉ်းပြီးဖြစ်သည်ဟု သိရှိရသည်။       

LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment