ကမ္ဘာ့သတင်းများ 19/05/2012

နိုင်ငံတကာသတင်း

G-8 ထိပ်သီးညီလာခံမှာ မြန်မာ့အရေး ဆွေးနွေးမည်
 
G-8 လို့ခေါ်တဲ့ ကမ္ဘာ့စက်မှုအင်အားကြီး ၈ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံမှာ သောကြာနေ့ ညနေက စတင်ဖွင့်လှစ်တာမှာ နိုင်ငံတကာလုံခြုံရေးနဲ့ စီးပွားရေး ကိစ္စတွေ ကို ဦးစားပေးဆွေးနွေးဖို့ ရှိပါတယ်။ နိုင်ငံတကာ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာနိုင်ငံ အကြောင်းကိုလည်း အဓိက ထည့်သွင်းဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီ အစည်းအဝေးကြီးမတိုင်ခင် အမေရိကန်သမ္မတနဲ့ ပြင်သစ်သမ္မတ သစ်တို့ ပထမဆုံးအကြိမ်အဖြစ် တွေ့ရာမှာ စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး ဥရောပ စီးပွားရေး ပြဿနာဖြေရှင်းရေးကို ဦးစားပေးဆွေးနွေးဖို့ ပြောခဲ့ကြပါ တယ်။
ညနေ Camp David ကို မသွားခင်လေးမှာ အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားက ဒီသီတင်းပတ်ထဲမှာပဲ သမ္မအဖြစ် ကျမ်းကျိန်ခဲ့တဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာအိုလဲန်း (Francois Hollande) ကို ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံခဲ့ပြီး ဥရောပစီးပွားရေးပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်လို့ စီးပွားရေးကြီးမားတိုးတက်မှုကို ဦးစားပေးလုပ်ဖို့ လိုနေပြီလို့ နှစ်ဘက် သဘောတူခဲ့ကြပါတယ်။ ဥရောပမှာ လက်ရှိ ကြွေးမြီ ပြဿနာရင်ဆိုင်နေရပြီး ဥရောပစီးပွားရေး အပြင် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်လာနိုင်တဲ့ ဂရိနိုင်ငံ ငွေကြေးပြဿနာမှာ ဥရောပသမ္မဂအနေနဲ့ ခြိုးခြံခြွေတာရေးလုပ်ဖို့ ဦးစားပေးနေချိန်မှာ တက်လာတဲ့ ပြင်သစ်သမ္မတသစ် အိုလဲန်းကတော့ ဒီခြိုးခြံခြွေတာမှုကနေ ပြောင်းပြီး စီးပွားရေး ကြီးမားတိုးတက်မှုကို လုပ်ဖို့ အရေးကြီးတယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလမှာ ပြောခဲ့ပါတယ်။

ဥရောပအနေနဲ့ ငွေကြေးပြဿနာကို ဖြေရှင်းနိုင်ဖို့ စီးပွားရေးကြီးမားတိုးတက်ဖို့ လိုအပ်နေတယ် လို့ တောက်လျှောက် ထောက်ပြလာခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ အိုဘားမားကလည်း ပြင်သစ် သမ္မတပြောတာကို သဘောတူလိုက်တယ်လို့ ဆိုလိုက်ပါတယ်။
သောကြာနေ့ ညနေမှာ ညစာစားရင်း ဒီ G-8 ထိပ်သီးဆွေးနွေးပွဲကို စတင်ရာမှာ နိုင်ငံတကာ လုံခြုံရေး ကိစ္စတွေကို အာရုံစိုက်ဆွေးနွေးမှာ ဖြစ်ပြီး အီရန်နျူကလီယားပြဿနာ ဖြေရှင်းရေးမှာ အားလုံးညီတဲ့ သဘောတူမှုရဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ အမေရိကန်သမ္မတရဲ့ လုံခြုံရေးအကြံပေး Tom Donilon က ဆိုပါတယ်။ သူကပဲ ဒီ G-8 ဆွေးနွေးပွဲမှာ  ဆွေးနွေးဖို့ နောက်အရေးကြီးတဲ့ ကိစ္စနှစ်ရပ် ကတော့ မြောက်ကိုရီးယားပြဿနာနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်မှုတွေ ကိစ္စ ဖြစ်တယ်လို့ ဆက်ပြောပြပါတယ်။ ဒါ့အပြင် ဆီးရီးယားနိုင်ငံ ပြဿနာကိုလည်း နိုင်ငံတကာ လုံခြုံရေးကိစ္စထဲမှာ နောက်ထပ်အရေးကြီးတဲ့ ကိစ္စတခုအနေနဲ့ ဆွေးနွေးဖို့ ရှိနေ တယ်လို့ Mr.Donilon က ဆက် ရှင်းပြပါတယ်။ သူကပဲ မြန်မာနိုင်ငံ ကိစ္စကို အခုလို အဓိကထား ဆွေးနွေးရဖို့ ရှိတာကလည်း မြန်မာနိုင်ငံမှာ ရေရှည်သွားရမယ့် ဒီမိုကရေစီ လမ်းကြောင်းကို အမေရိကန်အနေနဲ့ ဦးစားပေးကိစ္စတခုအဖြစ် သတ်မှတ်ထားလို့ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဘက်မှာ တရုတ်ရဲ့လွှမ်းမိုးမှု လျှော့ချဖို့ ကြိုးပမ်းလာနေချိန်မှာ အမေရိကန် ဘက်ကလည်း ဒေသတွင်းမှာ တရုတ်ရဲ့ အင်အားကြီးမားလာမှုကို ထိန်းချုပ်နိုင်ဖို့ အာရှ ပစိဖိတ်ဒေသကို ပထမ ဦးစားပေး အဖြစ် ပြန်အာရုံစိုက်လာချိန်မှာ မြန်မာနိုင်ငံကိစ္စက အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှတို့ပါတဲ့ ဒီ G-8 ထိပ်သီးဆွေးနွေးပွဲမှာ ထိပ်တန်းကိစ္စ တခု ဖြစ်လာရတာဖြစ်ပါတယ်။

အီရန်အပေါ်လိုအပ်လျှင် အင်အားသုံးမည်

အီရန်နိုင်ငံ Nuclear လက်နက်ရမသွားအောင် တားဆီးဖို့ လိုအပ်လာရင် အမေရိကန်နိုင်ငံအနေနဲ့ စစ်အင်အား အသုံးပြုမှာဖြစ်ပြီး တကယ်လို့ အင်အားသုံး တိုက်ခိုက်ရမယ်ဆိုရင် တိုက်ခိုက်ရေးအတွက် အစီအစဉ်အသင့် ရှိထားပြီးပြီလို့ အစ္စရေးနိုင်ငံဆိုင်ရာအမေရိကန်သံတမန်ကပြောလိုက်ပါတယ်။
အစ္စရေး ဥပဒေအဖွဲ့တခုကို တွေ့ဆုံရာမှာ ဒီNuclear ပြဿနာကို စစ်အင်အားသုံးပြီး ဖြေရှင်းဖို့ထက် သံတမာန်နည်းနဲ့ ဖိအားပေးဖြေရှင်းချင်ပါကြောင်း သံအမတ် Daniel  Shapiro ကပြောဆိုပါတယ်။ သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ တဖြည်းဖြည်း အချိန်နည်းလာပြီဆိုတာကို သိပါကြောင်း၊ အချိန်ရှိတယ် ဆိုပေမဲ့ သံတမာန်နည်းသုံးလို့မရတော့တဲ့ အချိန်မှာတော့ ဆုံးဖြတ်ချက်တခုချရမှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ရဲ့မှတ်ချက်ကို အစ္စရေးသတင်းစာ Makor Rishon ကကြာသာပတေးနေ့က ဖော်ပြခဲ့ပါတယ်။

တရုတ်ဆိုလာပြား ကန် အခွန်တိုးကောက်မည်

အမေရိကန်ပြည်ထောင်စုက တရုတ်နေရောင်ခြည်သုံး စွမ်းအင်ထုတ်ပစ္စည်းတွေကို မျှော်လင့်ထားတာထက် အခွန် တိုးကောက်ခံမယ့် အကောက်ခွန်စနစ် Tariff သတ်မှတ်လိုက်တာကြောင့် အမေရိကန်ရဲ့ ကာကွယ်ရေးမူဝါဒကို တရုတ်နိုင်ငံက ပြစ်တင်ပြောဆိုလိုက် ပါတယ်။
အမေရိကန်ဈေးကွက်ထဲမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက်တောင် နည်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချနေတဲ့ တရုတ်လုပ် နေရောင်ခြည်သုံး စွမ်းအင်ပစ္စည်းတွေကို အကောက်ခွန် ၃၁ % ကနေ ၂၅၀ % အထိ အမေရိကန် စီးပွားရေးနဲ့ အခွန်ဌာနက တိုးမြှင့်ကောက်ခံခဲ့တာပါ။ပြီးခဲ့တဲ့လပိုင်းတွေက တရုတ်-အမေရိကန် နှစ်နိုင်ငံကြား တခြားကုန်သွယ်ရေး အငြင်းပွားမှုတွေကို ဖြေရှင်းခဲ့ပြီး တဲ့နောက် ကမ္ဘာ့ အကြီးဆုံး စီးပွားရေး နိုင်ငံကြီးနှစ်ခုကြားမှာ ကုန်သွယ်ရေး ဆက်သွယ်မှုတွေမှာ အခုလို ထိခိုက်မှုတွေ ဖြစ်လာတာပါ။
ချက်ခြင်းလက်တုံ့ပြန်မယ့် အန္တရာယ်မရှိနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hong Lei က သောကြာနေ့က ပြောလိုက်ပါတယ်။ ဒါပေမယ့် တိုးမြှင့်လိုက်တဲ့ အကောက်ခွန်အသစ်ဟာ သန့်ရှင်းတဲ့ အစားထိုးလောင်စာကဏ္ဍမှာ တရုတ်-အမေရိကန်စ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်လာနိုင်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/


0 comments:

Post a Comment