မြန်မာသတင်းများ မေလ ၁၉ ရက် ၂၀၁၂ ခုနှစ်
 
ကချင်ပြည်နယ်တွင် စစ်ပွဲများ ရပ်တန့်ရန် ကုလ အကြီးအကဲ တိုက်တွန်း

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)ထံမှ ပေးပို့သောစာကို လက်ခံရရှိပြီးနောက် ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ စစ်ပွဲများ ရပ်တန့်ရန် ကြာသပတေးနေ့က တောင်းဆို တိုက်တွန်းလိုက်သည်။

ဆယ်စုနှစ်များစွာ ကြာရှည်နေပြီဖြစ်ကာ ဒုက္ခသည်အများအပြား ထွက်ပြေးနေရပြီး ဒေသတွင်းတွင် လူမှုပြဿနာ များကို ကြီးထွားစေသည့် ပြည်တွင်းစစ်အား ရပ်တန့်ရေးအတွက် အကူအညီပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံသို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၏ နိုင်ငံရေး အဖွဲ့ ဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှ မေလ ၁၅ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၁ ခုနှစ် ဇွန်လ မှစတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးနေခဲ့၍ ၁၆နှစ်ကြာ အပစ်အခတ် ရပ်စဲရေးမှာ အဆုံးသတ်ခဲ့ရပြီး ခန့်မှန်းခြေ လူပေါင်း ၅ဝ,ဝဝဝ ခန့် အိမ်ယာများအား စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
ရပ်တန့်နေခဲ့ရသည့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများအား ပြန်လည်စတင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးအဖွဲ့ အား လွန်ခဲ့သည့်လက ပြန်လည်ဖွဲ့စည်းခဲ့ရာ ဒုတိယ သမ္မတက  ငြိမ်းချမ်းရေးအဖွဲ့ကို  ဦးဆောင်မည် ဖြစ်ပြီး သမ္မတ၏ တိုက်ရိုက် စီစဉ်ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်မည် ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးသမား မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ဒါဇင်နှင့် ချီသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်နိုင်ရေးအတွက် လွန်ခဲ့သည့်နှစ် သြဂုတ်လ အတွင်းက
မေတ္တာရပ်ခံခဲ့သည်။ နိုင်ငံအတွင်း အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးသည် မြန်မာနိုင်ငံအပေါ် ချမှတ် ထားသည့် အရေးယူ ဒဏ်ခတ်မှုများ ရုပ်သိမ်းပေးနိုင်ရေးအတွက် အနောက်နိုင်ငံများ တောင်းဆိုနေကြသည့် အဓိက အချက်တခု လည်း ဖြစ်သည်။

အမေရိကန် နိုင်ငံသည် လက်နက်ရောင်းချခြင်းနှင့် အချို့ ကန့်သတ်ချက်များ ပြဌာန်းချက်များမှ လွဲ၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှု အားလုံးကို သောကြာနေ့မှ စတင်ကာ ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

“ကုလသမဂ္ဂ အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ တဦးက သတင်းထောက်များအား ပြောကြားခဲ့ပြီး မစ္စတာ ဘန်ကီမွန်း မကြာခင်က သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းတွင် မြန်မာအစိုးရက မစ္စတာ ဘန်ကီးမွန်းအား ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်မှုများ ရပ်တန့်ပြီး ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်သို့သော် လေ့လာသူများကမူ ကချင်ပြည်နယ် အတွင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးနေသည်

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက “တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ဒေသရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ တိကျခိုင်လုံတဲ့ သတင်းအချက်အလက် မရှိပါဘူး။ အထွေထွေ အတွင်းရေးမှူးချုပ် ကတော့ ထိုးစစ်ဆင်မှုတွေ ရပ်တန့်ကြဖို့နဲ့ ငြိမ်းချမ်းတဲ့ အဖြေတခု ရှာဖွေဖို့ ဘက်အားလုံးကို တောင်းဆိုထားပါတယ်” ဟု ပြောခဲ့သည်။ 

မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ သန်းခြောက်ဆယ်၏ သုံးပုံတပုံခန့်မှာ တိုင်းရင်းသား လူနည်းစုများ ဖြစ်ကြပြီး၊ အများစုဖြစ်သည့် ဗမာလူမျိုးများမှ လွှမ်းမိုးထားကာ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေသည်ဟု တိုင်းရင်းသား လူနည်းစုများက ရှုမြင်ကြပြီး လွှမ်းမိုးခံရမှုကို မနှစ်မြို့ကြပေ။

ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက “ဒီလိုအခြေအနေမှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်တက် လာခဲ့မယ်ဆိုရင် ဒေသကို စွန့်ခွာ ထွက်ပြေးရမှုတွေ ပိုမို များပြား လာမှာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ပိုမိုများပြားလာမှာ ဖြစ်တဲ့ အတွက်အားလုံးကရှောင်ကြဉ်ရမှာဖြစ်တယ်” ဟု ဆိုခဲ့သည်။
သို့သော် KIA နှင့် မြန်မာအစိုးရတို့ကြား နှစ်ဦးနှစ်ဖက်တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်မည့် အရိပ်အယောင် များ ယခုအချိန်ထိ မတွေ့ရသေးပေ။

လက်နက်ကိုင် ပဋိပက္ခအတွင်း ကချင်အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရ

ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပဋိပက္ခဖြစ်ပွားရာဒေသရှိ ကချင်အမျိုးသမီးများမှာ အစိုးရစစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုကျင့်ခံနေရသည်ဟု သိရသည်။

 ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ယနေ့သောကြာနေ့၌ ထုတ်ပြန်ခဲ့သော ကြေညာ ချက်တွင် မေလ (၁) ရက်နေ့က တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဒေသ၊ အနောက်မြောက်ဘက်ရှိ လုပီကျေးရွာသူ အသက် (၄၈) နှစ်အရွယ် ဒေါ်ငွားမီ-Ngwa Mi (အမည်အရင်း မဟုတ်) အား ကချင်နှစ်ခြင်း အသင်းတော် ဘုရားကျောင်းအတွင်း အစိုးရ၏ တပ်ရင်း ခလရ (၃၄၇) နှင့် ခလရ (၁၁၈) တပ်သားများက (၃) ရက်ကြာ ဖမ်းဆီးထားပြီး မတရားနှိပ်စက်၍ အဓမ္မပြုကျင့်ခဲ့သည်ဟု ဖော်ပြထားသည်။

“လုပီရွာမှာ အစိုးရတပ်တွေ ဝင်လာပြီး သေနတ်တွေပစ်တော့ ရွာသားတွေ ထွက်ပြေးကြတယ်။ သူက ဘုရားကျောင်း မှာ သွားပုန်းနေတာ စစ်သား (၁ဝ) ယောက်လောက်က ရိုက်တဲ့လူက ရိုက်၊ သေနတ်ဒင်နဲ့ထု၊ သူအော်ရင်လည်းပြန်ပြီးပါးရိုက်၊ နောက်တော့ သူက လဲကျသွားတော့ သူ့အကျီတွေကို ဆွဲချွတ်ပြီးတော့ မတရားပြုကျင့်ခဲ့တယ်”ဟု KWAT က မှ တာဝန်ခံ ဒေါ်မွန်းနေလီက ပြောသည်။

ထိုအမျိုးသမီးအား ရိုက်နက်၍ အဓမ္မပြုကျင့် နေမှုများကို အခြားဒေသခံ အသက် (၅၉) နှစ်အရွယ် ဦးယူသာဂွေး Yu Ta Gwi ကိုလည်း ယင်းဘုရားကျောင်းအပြင်ရှိ သစ်ပင်အောက်တွင် ကြိုးဖြင့် ချည်ထားသဖြင့် ဒေါ်ငွေမီးအား နှိပ်စက်နေမှုကို အားလုံးကို တွေ့ခဲ့ရပုံကို KWAT မှ ပြန်လည် သိရှိခဲ့ရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

မေလ (၄) ရက်နေ့တွင် အစိုးရ စစ်တပ်များ ပြန်လည် ထွက်ခွာသွားသဖြင့် ယင်းတို့နှစ်ဦးအား ဒေသခံများ ပြန်လည်တွေ့ရှိကာ ပန်ဝါဆေးရုံသို့ ဆေးကုသမှုခံယူစေကာ လတ်တလော တရုတ်နယ်စပ်မှ နှစ်ခြင်းအသင်းတော်က ပြန်လည် ကြည့်ရှုစောင့်ရှောက်နေသည်ဟု ဒေါ်မွန်းနေလီကပြောသည်။

ယမန်နှစ်အောက်တိုဘာလနှင့် စက်တင်ဘာလအတွင်းက အစိုးရ၏ တပ်ရင်း (၁၃) ရင်းမှ တပ်သားများက ကချင်အမျိုးသမီး (၃၇) ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး (၁၅) ဦးသတ်ဖြတ်ခံရကြောင်းနှင့် ထိုအထဲတွင် အသက် (၉) နှစ်မှ (၅ဝ) နှစ်အရွယ်အမျိုးသမီးများ ပါဝင်သည်ဟု KWAT ၏အစီရင်ခံစာတွင် အစောပိုင်းက ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ ခိုင်ဗန်းကျေးရွာနေ အသက် (၂၈) နှစ်အရွယ် ဒေါ်ဆွမ်းလွတ်ရွယ်ဂျားကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခလက်အောက်ခံ တပ်ရင်း (၃၂၁) နှင့် ခလရ (၃၇) တပ်သားများက ဖမ်းဆီးသွားကြောင်းကို နေပြည်တော်ရှိ ပြည်ထောင်စု လွတ်တော် တရားရုံးသို့ ခင်ပွန်းဖြစ်သူ မှ စုံစမ်းစစ်ဆေးပေးရန် လျှောက်ထားချက်ကို တရားလွှတ်တော်ရုံး က ပယ်ချခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တရားရုံး၏ ပယ်ချချက်သည် ကချင်အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုကို ဆက်လက်
ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားပြီး အစိုးရစစ်တပ်အနေဖြင့် အမျိုးသမီးများအား မုဒိန်းကျင့်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေခြင်းအား ချက်ချင်းရပ်တန့်ရန်နှင့် ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်မှုအားလုံး ရပ်တန့်ရန် KWAT မှတောင်းဆိုထားသည်။

ရန်ကုန် စက်မှုဇုန်များတွင် ဆန္ဒပြပွဲများ ဆက်ဖြစ်နေ

ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်ရှိ Grand Royal Whisky အပါအဝင် အရက်မျိုးစုံ ထုတ်လုပ်သော M.W.D.C စက်ရုံခွဲနှစ်ခုက ဧပြီ လနှောင်းပိုင်းက စတင်ဆန္ဒပြခဲ့ပြီး လှိုင်သာယာ စက်မှုဇုန်တွင်လည်း စက်ရုံ ၆ ခု ဆက်တိုက် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားလျက် ရှိသည်။ လုပ်ခလစာတိုးပေးရေးနှင့် အလုပ်သမား ရပိုင်ခွင့်များကို M.W.D.C စက်ရုံက ဧပြီ၂၈ ရက်နေ့ကစတင်တောင်းဆိုခဲ့ပြီး နောက်လှိုင် သာယာ စက်မှုဇုန်ရှိ Hi-Mo ၊ Hight-Art  ဆံပင်တုစက်ရုံ၊ ပုလဲ၊ စံပယ်ပွင့်၊ နေမင်းအောင် နှင့် YJ အထည်ချုပ် စက်ရုံများမှ အလုပ် သမား ၆၀၀၀ ကျော်က ဆက်တိုက်တောင်းဆိုမှုများ ပြုလုပ်လာခဲ့ကြခြင်း ဖြစ်သည်။YJ အထည်ချုပ် စက်ရုံ အလုပ်သမားများသည် ၎င်းတို့၏ ရပိုင်ခွင့်များကို ယမန်နေ့မှ စ၍ တောင်းဆိုမှု ပြုလုပ်ခြင်း ဖြစ်သည်။

ရန်ကုန်အလုပ်သမားဆန္ဒပြပွဲ အရှိန်မြင့်

ရန်ကုန်မြို့၊ လှိုင်သာယာနဲ့ရွှေပြည်သာ စက်မှုဇုံတွေမှာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေဟာ ဒီကနေ့ ပို ကျယ်ပြန့် လာပြီး တချို့စက်ရုံတွေမှာဆိုရင် အလုပ်သမားတွေက မကျေနပ်လို့ ပစ္စည်းတွေကို ရိုက်ချိုးတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဒီသီတင်းပတ်ကတည်းက စတင်ခဲ့တဲ့ အလုပ်သမား တွေရဲ့ ဆန္ဒပြမှု တွေကို အာဏာပိုင်တွေက ဝင်ရောက်ဖြေရှင်း ညှိနှိုင်းပေးမှုတွေ ရှိခဲ့ပေမယ့်လည်း ပြေလည်မှု မရှိသေးတဲ့အခြေခံလစာ နည်းပါးမှုတွေကြောင့် ရန်ကုန်မြို့၊ စက်မူဇုံက အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေက ဆက်ဖြစ်နေပြီး အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်ရေးမှူးတွေလာရောက်ပြီး သဘောတူညီချက် ရခဲ့ပြီးဖြစ်တဲ့ ဟိုက်မို ဆံပင်တုစက်ရုံက အလုပ်သမားတွေကတော့ မနေ့ကစပြီး ဆန္ဒပြမှုတွေ ပြန်ဖြစ်နေတာကြောင့် အခုဆိုရင် ဆန္ဒပြတဲ့စက်ရုံ ၆ ရုံရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှာ မနေ့မနက် ကျင်းပတဲ့ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒေသဆိုင်ရာ ကုလသမဂ္ဂရုံးတာဝန်ခံနဲ့ ဌာနေကိုယ်စားလှယ်တို့က မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ UNDP က ဆောင်ရွက်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။
"UNDP ရုံးက ဒီရီဂျင်အတွက် တာဝန်ခံပေါ့နော်။ သူရယ် resident coordinator ရယ်၊ ဗမာပြည်အတွက် country programme ကိုရှင်းပြတာပါ။ အဲတာ Draft country programme ပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်ချက်ကို ယူတာပါ။ ဒါကိုပဲ သူတင်ပြပါတယ်။ သူတို့ရဲ့ဘာကိုတင်ပြသလဲဆိုတာ သူတို့က အတည်မပြုရသေးတော့ အန်ကယ်တို့လည်း ပြောလို့မရပါဘူး"
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အသေးစားချေးငွေလုပ်ငန်းတွေ၊ သဘာဝဘေးဒဏ် ကာကွယ်ရေးနဲ့ ကူညီစောင့်ရှောက်ရေး ကဏ္ဍတွေ၊ ဖွံ့ ဖြိုးတိုးတက်ရေး ကဏ္ဍတွေအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ က လုပ်ဆောင်နေမှုတွေကို ရှင်းလင်းတင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ကုမ္ပဏီကြီးတချို့ မြန်မာနိုင်ငံမှာ စတင် ရင်းနှီးမြှုပ်နှံ

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားတာတွေကို ဆိုင်းငံ့လိုက်တဲ့အတွက် အမေရိကန်အကြီးဆုံး GE လျှပ်စစ်ကုမ္ပဏီအနေနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာအစိုးရနဲ့ ပူးပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမယ်လို့ GE ကုမ္ပဏီ ဟောင်ကောင်ရုံးခွဲ ဒု ဥက္ကဋ္ဌ John Rice က မနေ့က ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ ဧပြီလက မြန်မာနိုင်ငံကို သူကိုယ်တိုင်သွားရောက်ခဲ့ပြီး ရန်ကုန်မြို့မှာ လိုအပ်နေတဲ့ လျှပ်စစ်မီး ရရှိရေး ပံ့ပိုးပေးနိုင်ဖို့ မြန်မာစွမ်းအင်ဝန်ကြီးဌာနနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ စွမ်းအင်ဆိုင်ရာလုပ်ငန်းတွေမှာ အကျိုးအမြတ်တွေ ရလာအောင် GE ကုမ္ပဏီဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်စီးပွားရေး ကုမ္ပဏီတွေ ဒီထက်မက ၀င်ရောက်နိုင်ဖို့ဆိုရင် မြန်မာအစိုးရဘက်က မျှတမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်သမားဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းဖို့ လိုအပ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်နေတဲ့ Hissho Sushi ကုမ္ပဏီပိုင်ရှင် Philip Maung က ပြောပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ငွေကြေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေနဲ့ ပတ်သက်ပြီး ပိတ်ဆို့ထားတာကို အမေရိကန်အစိုးရက ဆိုင်းငံ့လိုက်တာကြောင့် အမေရိကန် ကုမ္ပဏီတွေ အတွက်သာမက မြန်မာနိုင်ငံက ဈေးကွက်စီးပွားရေးကိုပါ အခွင့်အလမ်းတွေ ရရှိမှာဖြစ်တယ်လို့ GE ကုမ္ပဏီက John Rice က ပြောပါတယ်။
အလားတူပဲ စက်မှုနဲ့ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အမေရိကန်ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Caterpillar ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးတောင်းဆို

မြန်မာနိုင်ငံခြားရေးဝန်ကြီး နဲ့အတူ မနေ့က ကျင်းပခဲ့တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လာတာကို တွေ့မြင်ချင်ပါကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း (၉၀၀) ကျော် ကျန်ရှိနေပါသေးတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာမြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ဥရောပသမဂ္ဂ နဲ့ အမေရိကန် ပြည်ထောင်စုတို့ဆီက ရရှိတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စာရင်းမှာ ပါဝင်သူ အများစုကို ပြန်လွှတ်ပေးပြီး ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့သူတွေက တချို့ကတော့ ရာဇ၀တ်မှု၊ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပတ်သက်ခဲ့သူတွေ ဖြစ်ပါတယ်၊ ဒါပေမဲ့ သမ္မတကြီး ဦးသိန်းစိန်က သင့်တော်တဲ့ အချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာပါလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။


NDF ပါတီစည်းရုံးရေး နည်းဗျူဟာ ပြန်လည် ပြင်ဆင်တော့မည်

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဗဟိုဦးစီး အစည်းအဝေးကို လာမည့်ဇွန်လ (၁၆)၊ (၁၇) ရက်များတွင် ကျင်းပ၍  ပါတီ၏ စည်းရုံးရေး နည်းဗျူဟာများကို ပြန်လည် ပြင်ဆင်သွားမည်ဟုသိရသည်။

“ပါတီအင်အားတိုးချဲ့ပြီး တာဝန်တွေ အသီးသီး ပေးသွားဖို့ အကြောင်းရှိပါတယ်။ အဲဒီအခါကျတော့ ခင်ဗျားတို့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို တွေ့ရမှာပါ။ ရွေးကောက်ပွဲတွေမှာလည်း စည်းကမ်းတကျနဲ့ ဖြစ်သွားနိုင်အောင် ပိုမိုကျစ်လစ်သိပ်သည်းပြီးတော့ လူထုကြားထဲ ထိုးဖောက်နိုင်တဲ့ နည်းဗျူဟာ ကျင့်သုံးဖို့ ရှိပါတယ်။”ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
ဧပြီ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လစ်လပ်နေရာ (၄၄) နေရာအနက် (၄၃)နေရာ တခဲနက် အနိုင်ရရှိလိုက်ပြီးနောက် NDF ဗဟိုကော်မတီဝင်တချို့နှင့် ပါတီဝင်များ နှုတ်ထွက်သွားပြီး NLD သို့ ကူးပြောင်းမှုများ ရှိခဲ့သည်။NDF ပါတီအနေဖြင့် တဦးကောင်း တယောက်ကောင်း ဦးဆောင်မှုမျိုး မဟုတ်ဘဲ စုပေါင်းခေါင်းဆောင်မှု၊ တဦးချင်း တာဝန်ယူသည့် ကျင့်စဉ်ကို တကယ်ထိထိရောက်ရောက် ကျင့်သုံးနိုင်ရေး မူအရဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်က ပိတ်ဆို့အရေးယူမှု လျှော့ချ

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချမှုမှ အပ ရင်းနှီးမြုပ်နှံမှု၊ ဘဏ္ဍာရေး ဆိုင်ရာ ကန့်သန့်ချက် ကိစ္စပါဝင်သည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ယာယီ ရုပ်သိမ်းလိုက်ကြောင်း ကြေညာလိုက်သည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့၏ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောဆိုလိုက်ပြီး နှစ်နိုင်ငံ သံအမတ်များ အမည်စာရင်းကိုလည်း ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ် ငြိမ်းချမ်းရေးဆု ကိုယ်တိုင် သွားယူတော့မည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား ၁၉၉၁ခုနှစ်က ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေးဆု ယူရန် နော်ဝေနိုင်ငံသို့ ဇွန်လ ၁၄ ရက်နေ့ တွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် အော်စလိုမြို့သို့ ၁၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ နိုဘဲလ် ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲကို ဇွန်လ ၁၇ ရက်တွင် ကျင်း ပမည် ဖြစ်ကြောင်း နော်ဝေ သံတမန် သတင်းရပ်ကွက်က ဆိုသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နှင့် အိုင်ယာလန် နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် သူ၏ ၆၇ နှစ်မြောက်မွေးနေ့ကို ဗြိ တိန်နိုင်ငံတွင် ဆွေမျိုးများနှင့် အတူ ကျင်းပသွားရန်ရှိကြောင်း၊ ၎င်း ပညာသင်ကြားခဲ့သည့် Oxford တက္ကသိုလ် သို့ သွားရောက်၍လည်း ဂုဏ်ပြုပွဲ တခု တက်ရန် ရှိကြောင်း သိရသည်။ ဗြိတိန်ရှိ ဆွေမျိုးများက ထိန်းသိမ်း တာဝန်ယူထားသော Prospect Burma ဟု ခေါ်သည့် ၁၉၉၁ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆုမှ ရရှိငွေများနှင့် ထူထောင်ထားသော မြန်မာ လူငယ်များအတွက် ပညာရေးဖောင်ဒေးရှင်း ဘုတ် အဖွဲ့နှင့်လည်း တွေ့ဆုံဆွေးနွေးပြောဆိုရန် ရှိကြောင်း၊ နော်ဝေ ပါလီမန်တွင်လည်းကောင်း၊ ဗြီတိန် ပါလီမန်တွင်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောရန်ရှိကြောင်း အတည်မပြုနိုင်သော သတင်းများက ဆိုသည်။

HTC ၏ CEO ရန်ကုန် MICT Park တွင် ဟောပြောမည်

ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီ တခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou) သည် မနက်ဖြန်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ဟောပြော ဆွေးနွေးပွဲ တရပ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် မြန်မာအမည် ဦးဝင်းသန်းဖြစ်ပြီး မန္တလေးဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ် ၃၀ ခန့်က ထိုင်ဝမ် သို့ ပြောင်းရွှေ့ အခြေချခဲ့ကြောင်း မကြာသေးခင်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မန္တလေး မှ နည်းပညာ(IT) ၀ါသနာ ရှင် လူငယ်များနှင့် တွေ့ဆုံရာ၌ ပြောဆိုထားသည်။

ဒေါ်မာမာအေး ပြည်တော်ပြန်ရေး ဦးသိန်းစိန် မီးစိမ်းပြ

နိုင်ငံကျော် အဆိုတော်ကြီး ဒေါ်မာမာအေး မြန်မာပြည်ပြန်လာရေးအတွက် ပြည်ဝင်ခွင့်ဗီဇာပေးနိုင်ဖို့ သမ္မတဦးသိန်းစိန်ရုံးက သက်ဆိုင်ရာဌာနများကို ထောက်ခံစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။ သမ္မတနဲ့ မြန်မာသံအဆိုတော်ကြီးက ခေတ်ပြိုင်ပုဂ္ဂိုလ်တွေပါ။
ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ဟာ အဆိုတော် ဒေါ်မာမာအေးရဲ့ ပရိသတ်တဦးဖြစ်ပြီး ဒေါ်မာမာအေး ပြည်တော်ပြန်ရေးကို ၀မ်းသာအားရ သဘောတူ ကြည်ဖြူခဲ့တယ်လို့ အနုပညာအသိုင်းအ၀ိုင်းအကြား ပြောဆိုနေကြတာပါ။ဒေါ်မာမာအေးကတော့ အိမ်ပြန်ရေး အစီအစဉ်ဖြစ်မြောက်အောင် ကူညီသူတွေ အများအပြား ရှိကြောင်း သိရပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံး တံခါးဖွင့်ထား

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ရေး အဆင်ပြေအောင် သံရုံးအသီးသီးကို ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က
“ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ ဥပဒေဘောင်ပြင်ပ ရောက်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး တော့လည်း ပဲ သူတို့အနေနဲ့ သီးခြား မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ထိတွေ့လိုတယ်၊ ပြန်လည်ပြီးတော့ နိုင်ငံသားကောင်း တယောက်အနေနဲ့ ပြန်လည် ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေ ရှိတယ်ဆိုရင် တဦးချင်းအနေနဲ့ မိမိဆန္ဒကို ထုတ်ဖော်ပြီးတဲ့အခါမှာ ဆက်သွယ်လာလို့ ရှိရင် ကျနော်တို့အနေနဲ့ တဦးချင်း တဦးချင်း case by case စဉ်းစားပြီးတော့ ဆောင်ရွက်ပေး သွားမယ့် အနေအထားလည်း ရှိပါတယ်။ ဆောင်ရွက် လည်း ဆောင်ရွက်ပေးနေတယ်။ ဒါကတော့ ပြည်ပရောက်နိုင်ငံသားတွေ အားလုံးအတွက် ဖြစ်ပါတယ်။
“အဲဒီတော့ နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေတွေကို ချိုးဖောက်ထားတဲ့ သူတွေ အနေနဲ့ကတော့ မိမိတို့ရဲ့ ချိုးဖောက် ထားတဲ့ ဥပဒေ၊ ပုဒ်မ အနေအထားတွေပေါ်မှာ မူတည်ပြီးတော့ ဒီကိစ္စရပ်တွေနဲ့အပေါ်မှာ မူတည်ပြီး မိမိရဲ့ဆန္ဒကို ကိုယ်တိုင်ကိုယ်ကျ ဖော်ပြပြီးတော့ လျှောက်ထားလာကြမယ် ဆိုလို့ရှိရင်တော့လည်း ကျနော်တို့ အနေနဲ့ ဆင့်ကဲ ဆင့်ကဲ ဆက်လက် တင်ပြပေးသွားဖို့ ရှိပါတယ်။”

မကွေးတိုင်း မြိုင်မြို့နယ် ကျေးရွာများ ရေရှားပါး ပြတ်လပ်နေ

မကွေးတိုင်း၊ မြိုင်မြို့ အရှေ့ဘက် ၁၈ မိုင်လောက်ဝေးတဲ့ ကျောက်ဖူးရွာမှာ သောက်သုံးရေရှားပါး ပြတ်လပ်နေကြတယ်လို့ သတင်းရရှိပါတယ်။ကျောက်ဖူးကျေးရွာမှာ အိမ်ခြေ ၁၉၀ ကျော်ရှိပြီး လူဦးရေ တစ်ထောင်ကျော် နေထိုင်ကြပါတယ်။ ရွာသားတွေက နွား၊ သိုး၊ ဆိတ် မွေးမြူရေးနဲ့ ရပ်တည်နေထိုင်ကြတာ ဖြစ်ပါတယ်။အလားတူ ကျောက်ဖူးရွာ အနီးတစ်ဝိုက်က ပျဉ်သိမ်ကြီး၊ ငါးမြောင်း၊ နတ်သွယ်ကန်၊ နှမ်းဆီကန်၊ သာစည် စတဲ့ ရွာတွေမှာလည်း စုဆောင်းထားတဲ့ သောက်သုံးရေကန်တွေ ခမ်းခြောက်လာနေလို့ မကြာခင်ရက်ပိုင်းမှာ ရေပြတ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ သတင်းရရှိပါတယ်။မြိုင်မြို့နယ်မှာ အရင်နှစ်တွေက အခုလို ရေပြတ်လပ်တာမျိုး ကြုံခဲ့ရဖူးပေမယ့် အခုလို ဆိုးဆိုးဝါးဝါး အဖြစ်မျိုး မကြုံခဲ့ရဘူးလို့ သိရပါတယ်။

မြန်မာ- အမေရိကန် သံအမတ်များ အဆိုပြုကြေညာ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အဖြစ် မြန်မာဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး နဲ့ အထူး ကိုယ်စားလှယ်မစ္စတာ Derek Mitchell ကိုသမ္မတအိုဘားမားကတရားဝင်အဆိုပြုလိုက်တယ်လို့ သတင်းရရှိပါတယ်။

 

LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  


0 comments:

Post a Comment