ကမ္ဘာ့သတင်းများ 24/05/2012

နိုင်ငံတကာသတင်း
 

မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာ ပြတ်လတ်မှုများသည် နိုင်ငံအနောက်တောင်ပိုင်းရှိ ဆန်ထွက်ရှိရာ ဒေသတွင်ပင် ဆိုးရွားလာခဲ့ကြောင်းနှင့် အဆိုပါဒေသတွင် နေထိုင်သူအချို့သည် ငတ်မွတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ဆိုးလ်အခြေစိုက် အွန်လိုင်း သတင်းစာတစ်ခုတွင် မေလ ၂၁ ရက်နေ့က ဖော်ပြခဲ့သည်။

''ဒီနှစ်အတွင်းမှာ စားနပ် ရိက္ခာ ဆိုးရွားစွာ ပြတ်လတ်မှုကြောင့် Hwanghae ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက လူအချို့တောင်မှ ငတ် ပြီး သေကြပါတယ်''ဟု Daily NK သတင်းထောက်တစ်ဦးက မြောက်ကိုရီးယား၏ စိုက်ပျိုးရေး ဗဟိုချက်ဖြစ်သည့် ဒေသများကို ရည်ညွှန်းပြီး  အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အိမ်ထောင်စုတစ်စုစီအတွက် ပြောင်းတစ်ကီလိုဂရမ် (သို့မဟုတ်) နှစ်ကီလိုဂရမ် အရေးပေါ် ထောက်ပံ့ပေးရန် အာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီးနောက်တွင် Shingye  စီရင်စုရှိ ကျေးရွာတစ်ခုမှ လူခြောက်ဦး သေဆုံးခဲ့ကြောင်း ဆောင်းရာသီအတွင်း စားနပ်ရိက္ခာ ပြတ်လတ်ခဲ့ပြီးနောက် ဧပြီလတွင် Haeju  ကမ်းရိုးတန်းမြို့အနီး ရှိ နိုင်ငံပိုင်လယ်ယာတစ်ခုစီ၌ အစာငတ်ပြီး သေဆုံးသူ (၁၀)ဦးနီးပါးရှိကြောင်း
Hwanghae ပြည်နယ် တောင်ပိုင်းတစ်ခုလုံးတွင် အစာငတ်မွတ်သည့် ဒုက္ခသည်များစွာ ရှိနေဆဲဖြစ်ကြောင်း ဆိုးလ်အခြေစိုက် Good Friends အကူအညီပေးရေးအဖွဲ့၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်အတွက် ရက် ၁၀၀ ၀မ်းနည်းခြင်း အထိမ်းအမှတ်ကာလအတွင်း ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ခြင်းနှင့် ခရီးသွားမှုများကို ကန့်သတ်ခဲ့မှုများကြောင့် Hwanghae ပြည်နယ် တောင်ပိုင်းဒေသတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ပိုမိုဆိုးရွာလာခြင်းဖြစ်ကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြခဲ့သည်။


ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီက အုပ်ချုပ်ရေးမှ အနားယူချင်နေပြီဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်းတစ်ဦးကို ပြောကြားခဲ့သည်ဟု ဇင်ဘာဘွေအပတ်စဉ် သတင်းစာတစ်စောင်က မေလ ၂၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

''ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ အထဲမှာ မူဂါဘီက သူပင်ပန်းနေပြီ၊ သူအနားယူချင်နေပြီဟု ပြောခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ Zanu-PF ပါတီ ကျရှုံးသွားနိုင်တာကြောင့် သူအနား မယူနိုင်သေးပါဘူးလို့ ပြောခဲ့ပါတယ်'' ဟု ကာကွယ်ရေးဝန်ကြီးဟောင်း အီနော့အန်ကာလာက The Standard သတင်းစာသို့ ပြောကြားခဲ့သည်။

အသက် ၈၈ နှစ်အရွယ် မူဂါဘီက လက်ရှိအခြေအနေမျိုးတွင် ပါတီကို မထားခဲ့နိုင်ဘဲ ပါတီပြိုလဲသွားနိုင်မှုကို ကာကွယ်ရန်အတွက် အုပ်ချုပ်နေခြင်းဖြစ်ကြောင်း အန်ကာလာက ပြောကြားခဲ့သည်။ အန်ကာလာသည် ၁၉၈၀ ပြည့်လွန်နှစ်များက မူဂါဘီအစိုးရတွင် ကာကွယ်ရေး ၀န်ကြီးဖြစ်ခဲ့ပြီး မကြာသေးမီနှစ်များအတွင်း မူဂါဘီကို ဝေဖန်နေသူဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်က လွတ်လပ်ရေးရခဲ့ပြီးနောက် ဇင်ဘာဘွေကို အုပ်ချုပ်နေခဲ့သော မူဂါဘီသည် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ဦးမည် ဖြစ်သည်။ ၂၀၀၉ ခုနှစ်က ဖွဲ့စည်းခဲ့ သော ညွန့်ပေါင်းအစိုးရသည် ရွေးကောက်ပွဲများကျင်းပရန် စီစဉ်နေသည်။ 


ဆီးရီးယားနိုင်ငံရေး အကျပ်အတည်းကို စစ်ရေးဖြင့် ဖြေရှင်းရန် နေတိုးတွင် အစီအစဉ်မရှိကြောင်း နေတိုးဆိုင်ရာ အမေရိကန် သံအမတ်ကြီးက မေလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂမဟာမိတ်များ၊ အာရပ်မိတ်ဖက်များ နှင့်ပူးပေါင်း၍ နေတိုးသည်ဆီးရီးယားအတိုက်အခံများကိုနိုင်ငံရေးနှင့်သံတမန်ရေးရာထောက်ပံ့ပေးမှု အပါအ၀င် အကူအညီများပေးနေကြောင်း အမေရိကန်သံအမတ်ကြီး Ivo Daalder က ပြောကြားခဲ့သည်။ 
လစ်ဗျားတွင် လုပ်ဆောင်ခဲ့သော စစ်ရေးအရေးယူမှုနှင့် မတူသည်မှာ ဆီးရီးယားတွင် အရပ်သား ကာကွယ်ရေးဇုန်များဖြင့် ကာကွယ်ပေးထားသော နိုင်ငံများ မရှိကြောင်း၊ ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း ပြည်သူများနှင့် ရောနှောနေကြောင်း၊ ပြင်ပမှစစ်တပ်များ ၀င်ရောက်ခြင်း သို့မဟုတ် ဆီးရီးယားနိုင်ငံတွင်းရှိ အဖွဲ့များကို လက်နက်များ တပ်ပေးခြင်းတို့မှာ နိုင်ငံတွင်းစစ်ရေး ပဋိပက္ခ ပိုမိုကြီးထွားသွားစေနိုင်ကြောင်း Daalder က ပြောကြားခဲ့သည်။


ဥရောပကိုကာကွယ်မည့် ကြားဖြတ်ပဲ့ထိန်းဒုံးခွင်းစနစ်ကို တပ်ဆင်လိုက်ပြီဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ်က မေလ ၂၀ ရက်တွင် ပြောကြားခဲ့ရာ ရုရှားနှင့် တင်းမာမှု မြင့်တက်လာဖွယ်ရှိကြောင်း ဥရောပသမဂ္ဂရှိ ပြည်သူ၊ ပိုင်နက်နှင့် စစ်တပ်အားလုံးကို လွှမ်းခြုံကာကွယ်နိုင်မည့် ကာလရှည်ရည်မှန်းချက်ကို ပထမအဆင့် ခြေလှမ်းလှမ်း လိုက်ခြင်းဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် အန်ဒါစ်ဖို့ဟ်ရာမူဆင်န်က နေတိုးဆွေးနွေးပွဲ ပထမနေ့တွင် ပြောကြားခဲ့သည်။

မြေထဲပင်လယ်ရှိ အမေရိကန် စစ်သင်္ဘောတစ်စီးပေါ်တွင် ယင်းဒုံးခွင်းစနစ်များ တပ်ဆင်လိုက်ခြင်းဖြစ်ပြီး  စစ်သင်္ဘောလေးစီးတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း ယခုတပ်ဆင်လိုက်သည့် ကြားဖြတ်ဒုံးခွင်းစနစ်မှာ မဟာမိတ်နိုင်ငံတို့၏ ဂြိုဟ်တု၊ သင်္ဘော၊ ရေဒါနှင့် ကြားဖြတ် ထောက်လှမ်းရေးစနစ်များ စသည့် ဒုံးခွင်းစနစ်များကို ချိတ်ဆက်လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းကြားဖြတ်စနစ်ကို ဂျာမနီရှိ အမေရိကန် အခြေစိုက်စခန်းတစ်ခုမှနေ၍ နေတိုးက ထိန်းချုပ်ကွပ်ကဲမည်ဖြစ်သည်။ ယင်းကြား ဖြတ်ဒုံးခွင်းစနစ်က အီရန် သို့မဟုတ် အရှေ့အလယ်ပိုင်း နိုင်ငံအချို့မှ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှု ကြုံရနိုင်သည့် ဥရောပတောင်ပိုင်းကို ဦးတည်ကာ ကွယ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။ယင်းဒုံးခွင်းစနစ်များတွင် ပူးပေါင်းပါဝင်ရန် နေတိုးက ရုရှားကို ဖိတ်ခေါ်ခဲ့ရာ ယင်းစနစ်များသည် မော်စကို၏ ဒုံးခွင်းစနစ်များကို အဟန့်အတားမဖြစ်စေကြောင်း အာမခံသည့် တရားဝင် သဘောတူညီချက် ရယူရန် ရုရှားက တောင်းဆိုခဲ့သဖြင့် မပြေလည်ဖြစ်ခဲ့သည်။ ယင်းစနစ်များမှာ အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဒုံးကျည်များကို တန်ပြန်ရန်အတွက်သာ တိုက်ရိုက်ရည်ရွယ်ကြောင်း အိုဘားမားအစိုးရနှင့် ဥရောပသမဂ္ဂ မဟာမိတ်များက ထုတ်ဖော်ပြောကြားခဲ့သည်။ 


၂၀၁၃ ခုနှစ်တွင် အာဖဂန်၌ တိုက်ခိုက်ရေးတပ်များ၏ စစ်ဆင်ရေးကို ရပ်ဆိုင်းရန်နှင့် ၂၀၁၄ ခုနှစ်အကုန်တွင် အမေရိကန်ဦးဆောင်သော ပြည်ပတပ်အားလုံးကိုရုပ်သိမ်းမည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ အာဖဂန်မှ ထွက်ခွာရေး မဟာဗျူဟာကို နေတိုးခေါင်းဆောင်များက မေလ ၂၁ ရက်တွင် သဘောတူခဲ့သည်။ နေတိုး၏ နှစ်ရက်ကြာ ဆွေးနွေးပွဲအပြီးတွင် ၂၀၁၃ ခုနှစ်၌ အာဖဂန်တပ်များထံ လုံခြုံရေးတာဝန် အားလုံးလွှဲပေးရန်နှင့် ၂၀၁၄ ခုနှစ်တွင် တပ်အားလုံးရုပ်သိမ်းရန် အစီအစဉ်ကို သဘောတူညီမှု ရခဲ့ကြောင်း နေတိုးအတွင်းရေးမှူးချုပ် အန်ဒါစ်ဖို့ဟ်ရာ မူဆင်န်က တပ် အားလုံး ရုပ်သိမ်းပြီးချိန်တွင် ရှိလာဖွယ်ရှိသော အာဖဂန်တပ်ဖွဲ့ဝင် ၃၅၀၀၀၀ ခန့်ကို အကြံပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ကူညီပေးခြင်းတို့ကို နေတိုးက ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအစီအစဉ်ကို အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းကလည်း သဘောတူခဲ့သည်။
၂၀၁၄ ခုနှစ်အစီအစဉ်ကြောင့် အမေရိကန်သည် အာဖဂန်နှင့်ပတ်သက်၍ ယခုအချိန်တွင် သုံးစွဲနေရသကဲ့သို့ ငွေသုံးစွဲစရာ မလိုတော့ဘဲ မိမိတို့က လုံခြုံရေးတာဝန် ကိုယ်တိုင်ယူတော့မည်ဖြစ်ကြောင်း အာဖဂန်မှ ထွက်ခွာမည့် အစီအစဉ်မှာ မိမိတို့ ပြောကြားနေသလို တာဝန်ပြီးမြောက်သည်၊ ပြည့်စုံလုံလောက်သည်၊ လိုချင်သည့် အတိုင်းရသည်ဟု ထင်မှတ်မထားဘဲ အီရတ်မှာ ကြုံတွေ့ရသကဲ့သို့ အဆင်မပြေမှုလည်း ကြုံရနိုင်ကြောင်း အာဖဂန်တပ်များကို နေတိုးက ကာလရှည်ကြာ ထောက်ပံ့ပေးရန် အိုဘားမားက လိုလားသည်။ ရာမူဆင်န်က နေတိုးသည် တိုက်ခိုက်ရေးလုပ်ငန်းစဉ်ပြီးပါက အာဖဂန်တပ်များကို ထောက်ပံ့ပေးမည်ဟု ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း အာဖဂန်တပ်များကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးဘီလျံ ကူညီပေးရန် အဖွဲ့ဝင်အချို့က သဘောတူထားကြောင်း ရာမူဆင်န်က ပြောကြားခဲ့သော်လည်း ယခုဆွေးနွေးပွဲတွင် ယင်းကိစ္စကို မထုတ်ပြန်ခဲ့ပေ။၂၀၁၄ ခုနှစ်တွင် လုံခြုံရေးတာဝန် အပြည့်အ၀ ယူနိုင်ခြင်းရှိ၊ မရှိ မေးမြန်းခဲ့ရာ ကာဇိုင်းက အပြည့်အ၀ တာဝန်ယူနိုင်သည်ဟု ဖြေကြားခဲ့သည်။

အီဂျစ်သမ္မတရွေးကောက်ပွဲ ပြည်သူသန်းချီမဲပေး

အီဂျစ်နိုင်ငံမှာ မနှစ်တုန်းက ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး သမ္မတ ဟို့စ်နီ မူဘာရက် နုတ်ထွက် သွားပြီးနောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်နဲ့ မနေ့တုန်းက သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပတော့ သန်းနဲ့ချီတဲ့ အီဂျစ်နိုင်ငံသားတွေ တန်းအရှည်ကြီးစီ စောင့်ဆိုင်းပြီး မဲထည့်ခဲ့ကြပါတယ်။
သမ္မတဟောင်း မူဘာရက်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ဘာသာရေးနဲ့ နိုင်ငံရေးမရောယှက်သူ ကိုယ်စားလှယ်တွေနဲ့ ညွန့်ပေါင်းအဖွဲ့သစ် ဖွဲ့ဖို့ လုပ် နေတဲ့ အစ္စလာမ်ဝါဒီ တွေ အကြိတ်အနယ် ယှဉ်ပြိုင်နေကြ ပါတယ်။ စစ်တပ်က ကျောထောက်နောက်ခံပေးတဲ့ အာဏာရှင် စနစ် နှစ် ၆၀ နောက်ပိုင်း ပထမဆုံး အရပ်သားအစိုးရတရပ် ဖွဲ့နိုင်ဖို့ ကြိုးပမ်းတဲ့ သမိုင်းဝင်ရွေးကောက်ပွဲဖြစ်ပါတယ်။စုစုပေါင်း ယှဉ်ပြိုင်သူ ၁၃ ဦးရှိပြီးတော့ တဦးကတော့ နှုတ်ထွက် သွားပါတယ်။ ရွေးကောက်ပွဲကို နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
ကိုင်ရိုမြို့တော် မဲရုံတွေမှာ လူတွေအမြောက်အများ မဲလာ ထည့်ကြတယ်လို့ ဗွီအိုအေ သတင်းထောက် က ပြောပါတယ်။ အီဂျစ်နိုင်ငံမှာ မဲပေးခွင့်ရှိသူ လူဦးရည် သန်း ၅၀ ရှိပါတယ်။ ရွေးကောက်ပွဲ မကျင်းပမီ သတင်းပတ်တွေအတွင်း ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့တာမို့ အကြမ်းဖက်မှုတွေ ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဟိုဘက် ဒီဘက် ထောက်ခံသူတွေ အကြား သေနက်နဲ့ပစ်ခတ်မှုတွေဖြစ်လို့ ကိုင်ရိုမြို့ မဲရုံတခု အပြင်ဘက်မှာ ရဲအရာရှိတဦး သေဆုံးသွားတယ်လို့ သတင်းဌာနတွေက ပြောကြပါတယ်။

အီဂျစ်လူထု သမ္မတသစ်ရွေးချယ်

အီဂျစ်နိုင်ငံမှာ သမ္မတမူဘာရက် နှုတ်ထွက်သွားခဲ့ပြီးတဲ့နောက် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်နေရာမှာ နောက်ဆုံးအဆင့်ကို စတင်လိုက်တဲ့အနေနဲ့ ကျင်းပတဲ့ သမိုင်းဝင် သမ္မတ ရွေးကောက် တင်မြှောက်ပွဲမှာ အီဂျစ်ပြည်သူတွေ မဲပေးနေကြပါတယ်။
ပြင်းထန်တဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့အပြီး ၂၀၁၁ ခုနှစ်မှာ မစ္စတာမူဘာရက် နှုတ်ထွက် သွားခဲ့ပြီးတဲ့နောက် ပထမဆုံး သမ္မတတာဝန် ရယူနိုင်ဖို့အတွက် ၀င်ရောက်ယှဉ်ပြိုင်သူ သမ္မတလောင်း ၁၃ ဦး ရှိတယ်လို့သိရပါတယ်။မဲဆန္ဒပေးဖို့အတွက် တန်းစီစောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေ အများအပြားရှိနေတာကို မြင်တွေ့နေရတဲ့ အကြောင်း အဲဒီမှာရောက်ရှိနေတဲ့ VOA သတင်းထောက်က ပြောပါတယ်။ ၂ ရက်ကြာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အီဂျစ်နိုင်ငံသား သန်း ၅၀ လောက် မဲပေးကြဖို့ ရှိနေတာပါ။
ကြိုတင်ခန့်မှန်းချက်တွေအရ ရှေ့တန်းက တစ်ပေးခံထားရသူ အများအပြားရှိနေပါတယ်။ အဲဒီအထဲက ၂ ဦးကတော့ အရင်သမ္မတ မူဘာရက်အစိုးရအတွင်းမှာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ကြပြီး သူတို့ဟာ ဘာသာရေး ကင်းရှင်းမှုနဲ့ တိုင်းပြည် တည်ငြိမ်ရေးကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပါမယ် ဆိုပြီးတော့ ကတိပြုထားကြပါတယ်။သူတို့ ၂ ဦး ကတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အာရပ်အဖွဲ့ချုပ် အကြီးအကဲဟောင်း အမ်မာ မူဆာ နဲ့ အရင်သမ္မတ မူဘာရက်ရဲ့ ၀န်ကြီးချုပ်ဟောင်းနဲ့ လေတပ်ဦးစီးချုပ်တာဝန်ယူခဲ့သူ အာမက် ရှာဖစ် တို့ဖြစ်ကြပါတယ်။ အာမက် ရှဖစ်ဟာ အီဂျစ်မှာ အာဏာကြီးမားတဲ့ စစ်တပ်ရဲ့ထောက်ခံမှု ရထားသူ ဖြစ်ပါတယ်။သူတို့ ၂ ဦး စလုံးဟာ ထောက်ခံမှု အားတောင့်တင်းတဲ့ အစ္စလာမ်ဘာသာရေး ကျောထောက်နောက်ခံ ရှိသူ သမ္မတလောင်း ၂ ဦးနဲ့ အဓိက ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment