ကျနော် ဗုဒ္ဓဘာသာ
ဖိုးထက်
 
ကျနော့်ကို မင်းကိုးကွယ်ယုံကြည်ရာ ဘာသာက ဘာလဲလို့ မေးလာရင် မဆိုင်းမတွဘဲ ဗုဒ္ဓဘာသာလို့ ဖြေတတ်ပါတယ်။ အဖြေရဲ့ အ နောက်မှာ စိတ်မလုံခြုံတဲ့ ခံစားမှုတစ်ခုကတော့ ကပ်လျက်ပါလာစမြဲပေါ့။ မိဘတွေက ဗုဒ္ဓဘာသာမို့လို့ မိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်ခဲ့တော့ ဗုဒ္ဓ ဘာသာနဲ့ပတ်သက်ပြီး မေးခွန်းတွေ ထပ်ပြီးမေးမှာကြောက်ကို ကြောက်နေခဲ့တာပါ။ အိပ်ရာဝင်ချိန် ဦးသုံးချိန် ပေါက်ဆိန်ပေါက်ရှိခိုး။ ပါးစပ် က ဗုဓ္ဓံသရဏံ ဂစ်စ္ဆာမိ၊ ဓမ္မံသရဏံ ဂစ်စ္ဆာမိ၊ သံဃံ သရဏံ ဂစ်စ္ဆာမိရွတ်ဆို။ ပြီးရင် လောလော လောလော ထိုးအိပ်တဲ့အကောင်ဆိုတော့ ဗုဒ္ဓဘာသာလို့ပြောလိုက်ရရင်ကို စိတ်မှာမလုံခြုံချင်ဘူး။ ရှင်တော်ဘုရားက သာမန်လောကီသားတွေ လိုက်နာဖို့ အနိမ့်ဆုံး ငါးပါးသီလ သတ်မှတ်ပေးခဲ့ပေမယ့် မလိုက်နာနိုင်တာ များပါတယ်။
ဘာသာတရားနဲ့ပတ်သက်ရင် အတော်လေးနုံနဲ့တဲ့သူဆိုတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား” ဆိုတဲ့ ဘုရားရှင်တိုင်းရဲ့ အဆုံးအမဆိုတာကလွဲလို့ ဘာသာရေးဗဟုသုတက အတော်ဝေးပါတယ်။ တစ်ခါတစ်ရံ စိတ်တွေလှုပ် ရှား၊ မဏှာမငြိမ်၊ တုန်လှုပ်လွန်းအားကြီးမှ ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်ပြီး ငါဒေါသထွက်နေတယ်၊ ငါ လောဘတက်နေတယ်၊ ငါ မဟုတ်တာ လုပ်နေတယ်ဆိုတဲ့စိတ်ကို ပြန်ကြည့်တဲ့အလေ့အကျင့် အနည်းအပါးတော့ရှိတတ်ပါတယ်။ အဲဒီလိုမျိုး စိတ်မျိုးနဲ့ ရံဖန်ရံခါ ခေါင်းအုံးကြီးကို ဘုရားရှင်ရဲ့ခြေဖ၀ါးတော်လို့ သဘောထားပြီး စိတ်ကြည်ကြည်လင်လင်နဲ့ဦးချမိရင် ပြောမပြတတ်၊ ရှင်းမပြတတ်တဲ့ ကြည်လင်ချမ်း မြေ့မှုရ ရှိခြင်းကို ကြည်နူးမိတယ်။ တစ်ချိန်ကြရင် ငါခင်တွယ်သမျှ၊ ငါ မက်မောသမျှ၊ ငါဒေါသထွက်သမျှတွေ ထားခဲ့ရအုံးမှာပါလားဆိုတဲ့ အသိနဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကိုပြန်ကြည့်မိရင် အိပ်လို့မပျော်နိုင်အောင် မရင့်ကျက်တဲ့သူပါ။
ဟိုတစ်နေ့က ပျင်းပျင်းလဲရှိ။ ဖတ်စရာစာအုပ် အသစ်လဲ မရှိတော့ အိမ်က စာအုပ်ပုံကိုဖွရင်း ဓမ္မာစရိယ ဦးမောင်မောင်လေးရေးတဲ့ “ ပိဋက အနှစ်ချုပ်” စာအုပ်ကိုတွေ့တယ်။ ဆရာတော်တွေရေးတဲ့ စာအုပ်လေးတွေ တစ်အုပ်၊ နှစ်အုပ်လောက်တော့ ၀ယ်လဲဝယ်၊ လက်ဆောင်တွေ လဲရဖူးတော့ ဖတ်ဘူးပါတယ်။ ပါရမီအလွန်နည်းတဲ့ကောင်ဆိုတော့ ဖတ်တုံးခဏသာ စိတ်ကောင်း စိတ်မြတ်တွေမွေးလို့ရပြီး ကြာရင် ဒုံရင်း က ဒုံရင်း။ စိတ်အရောင်သွေးစုံလင်ဆဲ။ ဦးမောင်မောင်လေးစာအုပ်က ကျနော့်စာအုပ်မဟုတ်ပါဘဲ စာအုပ်ပုံထဲရောက်နေတာပါ။ ဘယ်သူ့ စာအုပ်မှန်းတောင်မသိတော့ ဖတ်ကြည့်ဘူးလားဆိုရင် ဝေးရောပေါ့။
ပိဋကသုံးပုံဆိုတာ ဘုရားရှင်တော်မြတ်ရဲ့ Biography နဲ့ နှုတ်ကပါတ်တော်တွေ အကုန်ပါတယ်ဆိုတာလောက်တော့ နုံနုံနဲ့နဲ့အသိနဲ့ သိမှတ် ထားဘူးတယ်။ ဒါပေမယ့် ပါဋိစာတွေဖတ်ရမှာ ပျင်းတာရယ်၊ မတတ်တာရယ်၊ ဘုရားစာဆိုရင် အလိုလိုမဖတ်ချင်တဲ့စိတ်နဲ့ အသေးစိတ် မဖတ်ဘူးပါဘူး။ ဦးမောင်မောင်လေးရဲ့ ပိဋိကအနှစ်ချုပ်ဆိုတဲ့ စာအုပ်ခေါင်းစဉ်ကိုတွေ့တော့ စာအုပ်ကလဲ မထူမပါး၊ အမှာစာရေးထား တာကလဲ လူသာမန်တွေ နားလည်လွယ်အောင်ရေးထားတယ်လို့ ညွှန်းထားတယ်။ ဒါနဲ့ဘဲ စိတ်ဝင်တစား ဖတ်ကြည့်ဖြစ်တယ်။
ဆရာကြီးကသာ လူသာမန်နားလည်အောင်ရေးထားတယ်လို့ ဆိုထားတာ။ ဖတ်ကြည့်မှ သြော် ငါ့နှယ် လူသာမန်အဆင့်တောင်မရှိတဲ့ သတ္တ၀ါတစ်ကောင်ပါလားလို့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းမိတော့တယ်။ စာအုပ်ထဲကပါတဲ့ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တွေ၊ ဆိုဆုံးမမှုတွေကို နားလည်တာလဲရှိတယ်။ နားမလည်တာလဲရှိတယ်။ မြန်မာလူမျိုးက မြန်မာစာနဲ့ရေးတာကို မြန်မာလူမျိုးကနားမလည်တာ ပညာနည်းလို့ လို့ သဘောတူပါတယ်။
Andriod၊ IOS၊ Microsoft စတဲ့ ခေတ်မှီနည်းပညာတွေ နည်းနည်းသိ၊ ဒါဝင်ရဲ့ “လူသည် မျောက်ကဆင်းသက်သည်” ဆိုတဲ့အဆိုလေး မတောက်တခေါက်ဖတ်ဘူးတဲ့သူဆိုတော့ နတ်တွေ၊ စကြာမင်းတွေ၊ ဗြဟ္မာတွေ ကို ဥာဏ်လေး တစ်ထွာတစ်မိုက်နဲ့ စိတ်ထဲ သိပ်မစွဲလှဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားရှင်ရဲ့ သတိပဠာန်တရားလေးပါး ရှင်းလင်း ဖြေဆိုပုံ၊ အသက်နဲ့ ကိုယ် ပြဿနာစတဲ့ တုနှိုင်းမဲ့ဥာဏ်တော်နဲ့ လူပြိန်းတွေ နားလည်အောင်ရှင်းပြဖြေဆိုတော်မူသွားတာတွေကိုဖတ်ရတော့ ဗုဒ္ဓဘာသာဖြစ်ရတာ ကံကောင်းလိုက်တာလို့ တွေးမိတယ်။
အမေး၊ အဖြေတွေနဲ့ သံသယတွေကို ဘုရားရှင်တော်မြတ်က နိုင်နိုင်နင်းနင်း ကိုင်တွယ်ရှင်းလင်းဖြေဆိုသွားတာတွေဖတ်ရတော့ ဘုရားရှင် လက်ထက်တော်တုံးက ငရဲမှာရောက်နေခဲ့တဲ့ကောင်ဖြစ်နိုင်တယ်လို့ ကိုယ့်ကို ကိုယ်မှတ်ချက်ချမိတယ်။ စာအုပ်ဘယ်လောက်ကောင်း သလဲဆိုတာ ဆက်ညွှန်းနေရရင် အ အ အိပ်မက် မက်နေသလို ဖြစ်နေမှာစိုးလို့ ထားခဲ့ပါရစေတော့။
အဲဒီစာအုပ်ထဲက ဘုရားရှင်ရဲ့ “အဂ္ဂညသုတ်” ကို ဘုရားခေတ်မှာတောင် လူမဖြစ်ခဲ့နိုင်တဲ့ သတ္တ၀ါကျနော်က သဘောအကျဆုံးပါဘဲ။ အဂ္ဂညသုတ်ထဲမှာ ဗုဒ္ဓရှင်တော်မြတ်က လောကရဲ့ အစအဦးဆုံးကို ဟောကြားထားပါ။ ရဟန်းဝတ်ဖို့ စောင့်စားနေတဲ့ ၀ါသေဠဆိုတဲ့ ပုဂ္ဂိုလ် ကြီးရဲ့အမေးကိုဖြေရင်း ဒီကမ္ဘာလောကကြီးရဲ့ အစအဦးဘယ်က စတင်ခဲ့တယ်ဆိုတာကို ဟောကြားခဲ့တာပါ။ ဘုရားရှင်ခေတ်က ရှိတဲ့ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဆိုတဲ့ အမျိုးလေးမျိုးထဲမှာ ဘယ်သူက အမြတ်ဆုံးလဲဆိုတဲ့အမေးကို လူတွေထဲမှာ ကိုယ်ကျင့် သီလ ကောင်းသူသာအမြတ်ဆုံးဆိုတဲ့အဖြေကို ဥပမာတွေနဲ့ဖြေဆိုတော်မူသွားပုံက ဘာသာရေးနဲ့အတော်ဝေးတဲ့ ကျနော့်ကို ကြက်သီးထစေ တယ်။ ဘုရားရှင်က ဆက်လက်ပြီး ဒီကမ္ဘာကြီးဖြစ်ပေါ်လာပုံတွေကို တုနှိုင်းမဲ့ ဥာဏ်တော်နဲ့ ရှင်းလင်းဖြေဆိုတော် မူသွားပါတယ်။အစအဦးဆုံး ဒီလောက ကမ္ဘာကြီးပေါ်မှာ နှစ်သိမ့်ခြင်း ပီတိကိုသာ စားသုံးတဲ့ ဗြဟ္မာကြီးတွေ ဖြစ်တည်ပုံ။ ယောင်္ကျား ၊ မိန်းမ ကွဲပြားခြင်းမရှိပုံ။ နောက်မှ ဆီဦး၊ ထောပတ်လိုအရသာရှိတဲ့ မြေဆီကိုစားသုံးပြီး အထီး၊ အမတွေ ဖြစ်တည်လာပုံ။ အဲဒီလိုစားသုံးတဲ့အတွက် တပ်မက်ခြင်း တဏှာဆိုတာ ပေါ်ပေါက်လာပုံကို ရှင်းလင်းဟောပြတော်မူပါတယ်။ မြေဆီကို စားသုံးလာတာနဲ့အမျှ အဆင်းလှသူ၊ အဆင်းမလှသူတွေ ကွဲပြားလာပြီး အဆင်းလှသူက အဆင်းမလှသူကို မာန်မူခြင်းအတွက် မြေဆီကွယ်ပျောက်ပြီး အဆင့်ဆင့်နိမ့်ကျ၊ နောက်ဆုံးမှာ မချက်မပြုတ်ဘဲ စားသုံးနိုင် တဲ့ သလေးစပါးတွေ ပေါ်လာပုံကို တစ်ဆင့်ခြင်း ရှင်းလင်းဖြေဆိုတော်မူပါတယ်။
အဲဒီ သလေးစပါးတွေက မနက်မှာ ခူးဆွတ်စားသုံးရင် ညနေမှာ အလိုလိုပြန်ပြီးပြည့်လာပေမယ့် လူတွေရဲ့အလိုလောဘတွေကြောင့်၊ မိမိစားဖို့အတွက်တောင် အများတကာလိုအားမထုတ်ဘဲ အလွယ်လိုက်ပြီး ခိုးကြ၊ ၀ှက်ကြ၊ သတ်ကြရာမှ တစ်ဆင့် သလေးဆန်ကြမ်းတွေ စားရင်း လူ့သက်တမ်းတွေတိုလာတယ်လို့လည်း ရှင်းလင်းတော်မူပါတယ်။ ကျနော့်မှာ ဖတ်ရင်း ဖတ်ရင်း လူ့သက်တမ်း အနှစ်သောင်းချီပြီး မပူမပင်နေရတဲ့ဘ၀တွေကနေ လောဘ၊ဒေါသ၊ တဏှာတွေကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ကမ္ဘာကြီးအဖြစ်ပြောင်းလဲလာတာကို ခံစားမိလာ တယ်။
ဗုဒ္ဓရှင်တော်မြတ်ကြီးရဲ့ သဗ္ဗုညုတရွှေဉာဏ်တော်နဲ့ အဆစ် အဆစ်ပိုင်းခြားပြီး ရှင်းလင်းဟောပြောတာကို ဖတ်၊ မှတ်သားရင်း ဗြဟ္မာတွေ၊ နတ်တွေ၊ မြေဆီတွေ ကို မယုံမကြည်နဲ့ ငရဲသွားမယ့် ကျနော်က ခံစားမိတယ်ဘဲထားအုံးတော့။ လူ့လောဘ၊ ဒေါသ၊ မောဟတွေကြောင့်သာလျှင် လူတွေက မိမိ အမျိုးအနွယ်ကို မိမိပြန်ပြီး ဖျက်ဆီးနေကြတဲ့ သတ္တ၀ါတွေဆိုတဲ့ ဘုရားရှင်ရဲ့ဟောကြားချက်ကို နှစ်သက်လက်ခံမိတယ်။
ဗုဒ္ဓဘာသာနိုင်ငံလို့သတ်မှတ်ကြတဲ့ ကျနော်တို့ ရွှေပြည်ကြီးမှာရော ဘယ်လိုပါလိမ့်။ ဘုရားရှင်တော်မြတ်လောက် စိတ်ကို သတိကပ်ပြီး လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေကို ထိန်းသိမ်းဖို့ အာပေါက်တော်မူလောက်အောင် ဟောကြားတော်မူခဲ့သည်။ အဆင့်ဆင့် လက် ဆင့်ကမ်းရင်း ရှင်အရဟံတို့ကတဆင့် ကျနော်တို့ဆီကို သယ်ဆောင်ပေးတော် မူခဲ့ကြပါတယ်။ ဒါပေမယ့်ပေါ့လေ အခုအချိန်မှာတော့ ရွှေပြည်ကြီး ဘယ်လို ၊ ဘယ်ပုံဖြစ်ပျက်နေတာကို ပြန်ကြည့်မိရင် လောကသံသရာကနေ လွတ်မြောက်တော်မူသွားတဲ့ ဘုရားရှင်ကို ဗုဒ္ဓဘာ သာနိုင်ငံပါဘုရားလို့ လျှောက်တင် ရမှာတောင် ကြောက်မိပါရဲ့။ ဘုရားရှင်ကတော့ အနန္တ မေတ္တာစိတ်ထားတော်နဲ့ ခွင့်လွှတ်တော်မူမှာဖြစ် ပေမယ့် ဘုရားရှင်တော်မြတ်မရှိတော့တာ ခပ်ကောင်းကောင်းပါလေလို့ တွေးမိပါရဲ့။ နောက်နောင်ဆိုရင် ကျနော် ဗုဒ္ဓဘာသာပါလို့ ဒင်ပြည့် ကြပ်ပြည့်ပြောနိုင်ဖို့ ကြိုးစားရပါအုံးမယ်။

LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment