မြန်မာသတင်းများ ဇွန် လ ၁ ရက် ၂၀၁၂
မြန်မာနိုင်ငံသားများ အရေး ထိုင်းအာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ညနေခင်းက ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong နဲ့ ထိုင်းအစိုးရ အိမ်တော်မှာ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။အဲဒီလို တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေ အရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်း ဒုတိယ ၀န်ကြီးချုပ်က မြန်မာ အလုပ်သမားတွေ အနေနဲ့ တရားဝင် စာရွက်စာတမ်း ရှိမယ်ဆိုရင် ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ တနေ့ကို ဘတ်ငွေ ၃၀၀ ရရှိမှာ ဖြစ်ပြီး ထိုင်းအလုပ်သမားတွေ အတွက် ဆောင်ရွက်ပေးနေတဲ့ ဘတ် ၃၀ ကျန်းမာရေး အစီအစဉ်ကိုပါ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောရာမှာ-ထိုင်းနိုင်ငံ အနေနဲ့ ဒုက္ခသည်တွေကို နေရပ် အတင်းအကြပ် ပြန်ပို့တဲ့ မူဝါဒ မရှိတဲ့ အကြောင်း၊ မြန်မာနိုင်ငံအတွင်း အန္တရာယ် မရှိတော့ဘူးဆိုရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံက တည်ခင်းမယ့် ညစာစားပွဲမှာ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် နဲ့ တွေ့ဆုံဖို့ ရှိပြီး ဒီကနေ့ မှာ ထိုင်း-မြန်မာ နယ်စပ်က မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မယ်လို့ သိရပါတယ်
အလုပ်အကိုင်ပေါ်မယ့် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ဒေါ်စု တိုက်တွန်း
မြန်မာနိုင်ငံတွင်း အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးမယ့် ရင်းနှီးမြုပ်နှံမှုတွေကိုပဲ လိုလားတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံထဲ မညီမျှမှုတွေ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ပိုဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံတွင်း အထူးသဖြင့် လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ ဒါဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေတရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းမှာ အဆင့်မြင့်ပညာရေးထက်ကို အခြေခံပညာရေးနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ အခြေခံ ကျွမ်းကျင်မှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒီအတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကို မကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတာပါ။ မြန်မာလူငယ်တွေ အလုပ်အကိုင်တွေရရှိစေဖို့နဲ့ အခြေခံကျွမ်းကျင်မှုတွေ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုကို လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
အခု စီးပွားရေးဖော်ရမ်မှ ပြောတဲ့ မိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၄ နှစ်အတွင်း နိုင်ငံပြည်ပမှာ ပထမဆုံးအကြိမ် နိုင်ငံတကာပရိသတ်ကို ပြောဆိုခြင်းဖြစ်ပါတယ်။ နှစ်ရက်ကြာပြုလုပ်တဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာစီးပွားရေးဖော်ရမ်ကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိစဉ်အတွင်း ဘန်ကောက်အနီး မြန်မာအလုပ်သမားတွေ အများစုရှိတဲ့ မဟာချိုင်အရပ်ကို နှစ်ကြိမ်သွားရောက်ခဲ့ပါတယ်။ ထိုင်း ဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။
မနက်ဖြန်မှတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းမြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေ ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။
ရွှေ့ပြောင်းအလုပ်သမား ယာယီပတ်စ်ပို့နှင့် မှတ်ပုံတင်အရေး ဒေါ်စုဆွေးနွေးခဲ့
ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စ်ပို့ ဈေးနှုန်းမှန်ရေးနှင့် အလုပ်သမားမှတ်ပုံတင် မရသေးသူများကို လုပ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ ယာယီပတ်စ်ပို့ရုံး၌
ပြောဆိုလိုက်သည်။
ပြောဆိုလိုက်သည်။
ထို့ပြင် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း ခံရသည့် အမျိုးသမီးများ၊ လုပ်အားခ ခေါင်းပုံဖြတ်မှုခံရသည့် အလုပ်သမားများ၊ရောင်းစားခံရသည့် အလုပ်သမားများ၊ လုပ်ငန်းခွင် အတွင်း၌ ကိုယ်လက်အင်္ဂါ ဆုံးရှူံးသွားသည့် အလုပ်သမားများ ဖြစ်ပြီး စုစုပေါင်း အယောက် ၃ဝ ခန့်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကာ အားပေးစကား ပြောခဲ့သေးသည်။ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့ သောကြာနေ့ နံနက်ပိုင်း ၈ နာရီခွဲမှ ၉ နာရီထိ ၂ဝ၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် အာရှအမျိုးသမီးများနှင့်ပတ်သက်၍ မိန့်ခွန်း ပြောကြားရန်ရှိကြောင်း သိရသည်။
မွန်အမျိုးသားကျောင်းများ ဘဏ္ဍာရေးခက်ခဲနေ
မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) သို့ လွှဲပြောင်းပေးလိုက်သည့် မွန်အမျိုးသား
ကျောင်းများအတွက် ဘဏ္ဍာရေး အခက်အခဲနှင့် ကြုံနေရကြောင်း မွန်အမျိုးသား ပညာရေး အကျိုးဆောင် အဖွဲ့က ပြောသည်။
ကျောင်းအသုံးစရိတ်နှင့် ဆရာ/ဆရာမ ထောက်ပံ့ကြေးအတွက် အချို့အဝက်ကို မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသား ပညာရေးဌာနက ထောက်ပံ့ပေးသော်လည်း မလုံလောက်သဖြင့် ပြည်သူကြား စည်းရုံးရေး ဆင်းကာ ရန်ပုံငွေ ရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း အားရဖွယ် မရှိကြောင်း မွန်အမျိုးသား ပညာရေး အကျိုးဆောင်အဖွဲ့ ဒုခေါင်းဆောင် နိုင်ခိုစိုက် က ပြောသည်။
ဧပြီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး၌ မွန်အမျိုးသား ပညာရေးဌာနက မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်၊ ဘားအံမြို့နယ်ရှိ မွန်အမျိုးသားကျောင်းများ အပြင် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားသည့်ကျောင်း စုစုပေါင်း ၁၄၅ ကျောင်းကို မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို) သို့ လွှဲပြောင်းပေးခဲ့သည်။ အဆိုပါကျောင်းများတွင် ဆရာ ဆရာမ သုံးရာကျော် ရှိကြောင်း သိရသည်။
ယခင်နှစ်များတွင် ဆရာ ဆရာမ တဦးလျှင် တလ နှစ်သောင်းကျပ်သာ ထောက်ပံ့ပေးနိုင်ပြီး ဆရာ ဆရာမများ တည်မြဲနိုင်ရန်အတွက် အချို့ရွာများတွင် ကျောင်းသားမိဘများနှင့် ရဟန်းသံဃာတော်များက ပံ့ပိုးပေးနေရသည်။မေလ ၃ဝ ရက်နေ့က ပါတီတည်ထောင်ခွင့် ရခဲ့သည့် မွန်ဒီမိုကရေစီပါတီ တွဲဖက် အတွင်းရေးမှူးလည်း ဖြစ်၊ မွန်စာပေနှင့် ယဉ်ကျေးမှူ ကော်မတီ (ဗဟို) ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါက်တာ မင်းကြည်ဝင်းက မွန်အမျိုးသား ပညာရေးရေရှည် တည်တံ့နိုင်ရန်အတွက် အစိုးရကျောင်းတွင် မွန်စာပေ သင်ကြားခွင့် ရရန် အရေးကြီးကြောင်း ပြောသည်။မွန်ပြည်သစ်ပါတီက မွန်အမျိုးသား ပညာရေးဌာနကို ၁၉၇၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး အတန်းပညာရေးစနစ်ဖြင့် မွန်စာပေကို သင်ကြားခဲ့ကာ ၁၉၈၄-၈၅ ခုနှစ်ခန့်တွင် ဗဟိုပညာရေး အဖွဲ့ငယ်ကို ဖွဲ့စည်းခဲ့သည်။၂၀၁၀ ခုနှစ် မွန်အမျိုးသား ပညာရေးဌာနမှ ထုတ်ပြန်သော စာရင်းအရ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းနှင့် တွဲဖက် သင်ကြားသည့် မွန်စာပေသင်ကျောင်း ၁၁၆ ကျောင်းတွင် ကျောင်းသားဦးရေ သုံးသောင်းခွဲ ခန့် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

၂၀၁၀ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အစီရင်ခံစာ ထုတ်ပြန်
၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံအတွင်း လက်ရှိအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား စုစည်းတင်ပြထားသည့် အစီရင်ခံစာတစောင်ကို လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) ND-Burma မှ ကြာသပတေးနေ့က ထုတ်ပြန်လိုက်သည်။
ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်ကလပ်တွင် နံနက် ၁ဝ နာရီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မြန်မာအစိုးရက အခြေခံ လူ့အခွင့်အရေးများကို ဆက်လက်ချိုးဖောက်နေဆဲ ဖြစ်ကြောင်း ND-Burma မှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုထွန်းဇော်က ထောက်ပြသည်။
ယနေ့ထက်တိုင် နိုင်ငံရေးအကျဉ်းသား ၄၇၁ ဦး အကျဉ်းထောင်များထဲတွင် ရှိနေသေးသည်ကို အခိုင်အမာ သိရှိထား ရပြီး နောက်ထပ် ၄၆၅ ဦး ရှိကိုလည်း သေချာရန် စီစစ်နေကြောင်း ND-Burma အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ကိုမင်းမင်းက ပြောဆိုသွားသည်။
ထို့အပြင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ချိုးဖောက်မှုတွေကို အရေးယူခြင်းမရှိဘဲ ဗြောင်ကျကျ ကျူးလွန်နေကြကြောင်း အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ဘက်တွင် ဖြစ်ကြောင်း ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)မှ ခွမ်းဆန်ပန်က ဆိုသည်။
ယင်းအစီရင်ခံစာတွင် မြန်မာအစိုးရနှင့် မြန်မာပြည်နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများသို့ အကြံပြုချက်များကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ ထို့ပြင် ယင်းမှတ်တမ်းများနှင့် သက်ဆိုင်သော ဗွီဒီယိုကို အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့်လည်း ထုတ်ဝေထားကြောင်း သိရသည်။
ND-Burma တွင် အဖွဲ့ဝင် အဖွဲ့အစည်း ၁၃ ခု ပါဝင်ပြီး အဆိုပါ အဖွဲ့အစည်းများကိုယ်စား ကိုထွန်းဇော်၊ ကိုမင်းမင်းနှင့် ခွမ်းဆန်ပန်တို့က ဤအစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ
ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များမှ လယ်သမား ၁ဝဝ ကျော်က လယ်သိမ်းခံခဲ့ရမှုနှင့် ပတ်သက်၍ ကြာသပတေးနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ဆန္ဒပြကြသည်။
စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းများအတွက် လွန်ခဲ့သော ၁၅ နှစ်ခန့်က ၎င်းတို့၏ လယ်ယာမြေများအား အသိမ်းခံခဲ့ရသော်လည်း ယခုချိန်ထိ ထိုမြေများပေါ်တွင် မည်သည့် စီမံကိန်းမျှ စတင်ခြင်း မရှိသေးသည့်အတွက် ယခုကဲ့သို့ ပြန်လည် တောင်းယူရခြင်း ဖြစ်ကြောင်း သိမ်းယူသွားသော လယ်ယာမြေများအား စီမံကိန်း မစတင်သည့်အတွက် ကုမ္ပဏီများထံမှ ပြန်လည်သိမ်းယူကာ လယ်သမားများထံ ပြန်လည်ပေးအပ်ဖို့ အိုးအိမ်ဦးစီးဌာနအား မေလ ၁၅ ရက်နေ့က တောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားမှုမရှိ၍ ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း လယ်သမားများ ကိုယ်စား လိုက်ပါဆောင်ရွက်သူ ဦးဝင်းချို က ပြောသည်။
အဆိုပါလယ်များမှာ မြို့ရွာအိုးအိမ်၏ သတ်မှတ်စည်းကမ်းချက်အညီ လယ်သမားများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် မတ အမှတ်ရ မြေကွက်များ ဖြစ်သော်လည်း လက်ရှိချိန်တွင် ဝါဝါဝင်းကုမ္ပဏီမှ ပိုင်ထားကြောင်း သိရသည်။

Alcatel-Lucent ဆက်သွယ်ရေး ကုမ္ပဏီ မြန်မာပြည်ကို စိတ်ဝင်စား
ဆက်သွယ်ရေး ကော်ပိုရေးရှင်းတခုဖြစ်သည့် Alcatel-Lucent က မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် အခွင့်အရေးများ ရှာဖွေနေကြောင်း သိရသည်။
ပြန်သစ်-အမေရိကန် ကုမ္ပဏီတခုဖြစ်သည့် Alcatel-Lucent ၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဥက္ကဋ္ဌ Rajeev Singh-Molares က ဘန်ကောက်မြို့တွင်ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်လာစဉ် ရိုက်တာသတင်းဌာနကို ပြောဆို လိုက်ခြင်း ဖြစ်သည်။
“မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှုတွေကို စိတ်ဝင်စားမှုများစွာနဲ့ ကျနော်တို့ စောင့်ကြည့် လေ့လာနေပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှု ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့နိုင်ငံမျိုးမှာ ဆက်လုပ်ဖို့ အခွင့်အလမ်းတွေ ဧရာမ တပုံကြီးရှိပါတယ်။ ဒါဟာ စက်မှုလုပ်ငန်းအတွက်သာ မဟုတ်ပါဘူး၊ ဒီတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖြစ်ပါတယ်” ဟု ပြောသည်။အနောက်တိုင်း ပိတ်ဆို့မှုများ လျှော့ချခြင်း အပါအဝင် မြန်မာပြည် လတ်တလော ဖြစ်ပေါ်တိုးတက်မှုများအနေဖြင့် “လုံးဝ အားတက်စေ”ခဲ့ပြီး ဆက်သွယ်မှုဆိုင်ရာ အခြေခံ အဆောက်အအုံကိုလည်း အထူးကျယ်ပြန့်လာစေနိုင်မည်ဟု ၎င်းက ဆိုသည်။
တရုတ်ပြည်တွင် လူသိများသည့် Alcatel-Lucent Shanghai Bell အနေနှင့် လွန်ခဲ့သောနှစ်များစွာက မြန်မာပြည်တွင် GSM ကွန်ယက် တည်ထောင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ရပ်ဆိုင်းသွားခဲ့ရကြောင်း Alcatel-Lucent ၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဥက္ကဋ္ဌ Rajeev Singh-Molares က ပြောသည်။

သတင်းထောက်တွေ နိုင်ငံသမိုင်း သိဖို့လိုကြောင်း အယ်ဒီတာက ပြောဆို
ဝါရင့်သတင်းသမားတွေ ဦးဆောင်တဲ့ ဂျာနယ်အသစ်တခုနဲ့ လူထုမိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ အယ်ဒီတာတဦး က မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်ဝတဲ့ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ လိုအပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။Myanmar Independent သတင်းဂျာနယ် အလုပ်သင် သတင်းထောက်များ သင်တန်းဆင်းပွဲနဲ့ ဂျာနယ်မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၃၀ ရက် မနေ့က ရန်ကုန် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ရာမှာ တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ငြိမ်းက ဒီကနေ့ လူငယ်သတင်းထောက် အများအပြားဟာ မြန်မာ့နိုင်ငံရေး သမိုင်းနောက်ခံကို သေသေချာချာ မသိကြဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
တဆက်တည်းမှာပဲ အယ်ဒီတာ စာရေးဆရာ မျိုးမြင့်ငြိမ်းက ဒီကနေ့ မြန်မာစာနယ်ဇင်း လောကကို အစိုးရ အသိုင်းအဝန်းနဲ့ နီးစပ်သူ စီးပွားရေးသမားတွေက ဝင်ရောက်ခြယ်လှယ်ဖို့ ကြိုးစားနေကြကြောင်း၊ ငွေမဲခဝါချမှုတွေ ရှိနေကြောင်း၊ ထုတ်ဝေသူနဲ့ အယ်ဒီတာအဖြစ် လုပ်ကိုင်နေသူ တချို့ဟာလည်း နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ အသိအမြင်တွေ နည်းပါးလွန်းကြောင်းနဲ့ မြန်မာနိုင်ငံ သတင်းလောကရဲ့ အနာဂတ်အတွက် တွေးတောစရာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဒီအခမ်းအနားကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အပြင် စာရေးဆရာ ဖျာပုံတင့်ဆွေ ( အငြိမ်းစားဗိုလ်မှုးချုပ် တင့်ဆွေ ) နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ တို့လည်း လာရောက်ပြီး အမှတ်တရ စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Myanmar Independent သတင်းဂျာနယ်ကို အယ်ဒီတာချုပ် ဦးဝင်းငြိမ်း ၊ တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ညိမ်းနဲ့ အမှုဆောင်အယ်ဒီတာ မသီတာ (စမ်းချောင်း ) တို့ ဦးဆောင်ပြီး မေလဆန်းမှာ စတင်ထုတ်ဝေခဲ့ပါတယ်။
အလုပ်သမား အခြေခံလစာကိစ္စ ဆန္ဒပြမှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြေလည်
ရန်ကုန်တိုင်း စက်မှုဇုန်များတွင် အလုပ်သမားများ အခြေခံ လစာနည်းသဖြင့် တောင်းဆို ဆန္ဒပြမှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြေလည်သေးကြောင်း သိရသည်။ပြေလည်သွားသည့် စက်ရုံများမှာ မှော်ဘီ မြောင်းတကာရှိ Yangon Crown သံရည်ကြိုစက်ရုံ၊ တိုက်ကြီးမှ MGE အထည်ချုပ် စက်ရုံ၊ ပုလဲ အထည်ချုပ်စက်ရုံ၊ စပယ်ပွင့် အထည်ချုပ် စက်ရုံ၊ နေမင်း အထည်ချုပ်စက်ရုံများ ဖြစ်ပြီး ဆန္ဒပြ စက်ရုံ ၂၀ ကျော် ရှိသည့် အနက် ၅ ရုံသာ ပြေလည်မှုရရှိသေးသည်ဟု အလုပ်သမားများကို အားပေးစကား လိုက်လံပြောကြားသူ တဦးဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မမာမာဦးက ပြောသည်။
အခြေခံလစာ ကိစ္စ ပြေလည်သွားသည့် မှော်ဘီ မြောင်းတကာ သံမဏိစက်ရုံတွင် အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကျန်းမာရေးချို့တဲ့လာသူ ၉ ဦးအနက် ၅ ဦးကို ဆေးရုံတင်လိုက်ရကြောင်း၊ ၃ ဦး၏ အခြေအနေမှာဆိုးရွားနေကြောင်း သူက ဆိုသည်။
မပြေလည်သည့် စက်ရုံများအနက် မေလ ၉ ရက်နေ့က စတင် ဆန္ဒပြနေသည့် လှိုင်သာယာစက်မှုဇုန်ရှိ ဟိုင်မို ဆံပင်တု စက်ရုံ အလုပ်ရှင်က အလုပ်သမားများ၏ လိုင်းခန်းများအတွက်ပေးနေသည့် ရေနှင့် ရိက္ခာကို ယနေ့ စတင်ဖြတ်တောက် လိုက်သည်ဟုလည်း သိရသည်။
စက်ရုံအလုပ်သမားများ၏ အခြေခံ လစာ ၈ ထောင်ကျပ်သာ ရရှိသဖြင့် မေ ၁၀ ရက်နေ့က အလုပ်သမားရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ကြားဝင် စေ့စပ်ညှိနှိုင်းပေးပြီး အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားရေး သဘာတူ စာချုပ်သစ်ကို အခြေခံ လစာ ၃ သောင်းကျပ်ဖြင့် ချုပ်ဆိုခဲ့ကြောင်း၊ သို့ရာတွင် စက်ရုံဘက်က ကတိ ချိုးဖောက်ပြီး ယနေ့အထိ စာချုပ်သစ်ကို ခံစားခွင့် မရသေးကြောင်း သူက ရှင်းပြသည်။
ယခုကဲ့သို့ လာရောက်ဖြေရှင်း ပေးသော်လည်း မပြေမလည် ဖြစ်နေရခြင်းသည် အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသား အလုပ်သမားများဘက်က ရပ်တည်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု အလုပ်သမားများက ပြောဆိုနေကြသည်။
လွန်ခဲ့သည့် ၁ လကျော်က စတင်ပြီး လုပ်အားခ အခြေခံလစာအပေါ် အကြောင်းပြု၍ စက်မှုဇုန်များ၌ အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်လာရာ ဆန္ဒပြ အလုပ်သမား စုစုပေါင်း ၁ သိန်းနီးပါးအထိ ရှိနိုင်ကြောင်း၊ မပြေလည်မှုများ နောက်ကွယ်တွင် ဆန္ဒပြ အလုပ်သမားများ၏ စားသောက်ရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း မမာမာဦးက ဆိုသည်။
ယမန့်နေ့ကလည်း ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င်၊ မြန်မာလူငယ်များ အစည်းအရုံးတို့က ဟိုင်မို စက်ရုံ၊ တော်ဝင်မြန်မာ၊ ဆန်နီ၊ မြန်မာဆန်နီ စက်ရုံတို့ရှိ အလုပ်သမားများကို အားပေးစကား သွားရောက် ပြောကြားခဲ့ပြီး အစားအစာ၊ ရေ စသည်များအား အလှူခံရသမျှ ဝေမျှ ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
စစ်မှန်သည့် ပြည်ထောင်စု ပေါ်ပေါက်ရေး ရခိုင် ပါတီ ဆွေးနွေး
မြန်မာနိုင်ငံ၌ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က ကြိုးပမ်း ဆောင်ရွက်သွားရန် ပါတီညီလာခံ၌ ဆွေးနွေး အတည်ပြုခဲ့ကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့ ပညာလင်္ကာရ ဘုန်းတော်ကြီး ကျောင်း၌ မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပနေသည့် RNDP ၏ ပထမအကြိမ် ပါတီညီလာခံ၌ ကချင်ဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲများရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက် ရန်၊ အကျဉ်းထောင်များတွင် ကျန်ရှိနေ သေးသည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တို့ကိုလည်း အလေးထား ဆွေးနွေးခဲ့ကြသည်။တိုင်းရင်းသား အားလုံး တန်းတူအခွင့်အရေး ရရှိရေး၊ ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းရေးသည် အရေးကြီးပြီး နိုင်ငံရေး အကျဉ်း သားများကိုလည်း နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များ၌ တတပ်တအားပါဝင်နိုင်ရန်အတွက် လွှတ်ပေးရန် အစိုးရထံ တင်ပြ သွားမည်ဟု RNDP ပါတီ ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိထားသည်မှာ ကြာပြီ ဖြစ်သော်လည်း ပြည်တွင်း ငြိမ်းချမ်း မရရှိခြင်းမှာ စစ်မှန်သည့်ပြည်ထောင်စု စနစ် မရှိသေး၍ ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ အ တွက် စစ်မှန်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးကို RNDP ညီလာခံ က တောင်းဆိုခဲ့သည်။ပြည်ထောင်စုကြီးအား မြန်မာနိုင်ငံ၏ လက်ရှိတိုင်းရင်းသား ပြည်နယ် ၇ ခု အပြင်၊ ဗမာတိုင်းရင်းသား အများစုနေထိုင်သည့် တိုင်းဒေသကြီးများကို ပြည်နယ်ကြီး တခု ခုပုံစံဖြင့်တည်ဆောက်၍ ထိုပြည်နယ်အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ထားရှိရန်စသည့် အချက် ၆ ချက် ပါသည့် အစီရင်ခံစာအား တင်သွင်းခဲ့ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။တိုင်းရင်းသား ဒေသအသီးသီး၌ မိမိတို့ လူမျိုးများ၏ သမိုင်းကြောင်းနှင့်မိမိတို့စာပေများကို လွတ်လပ်စွာ သင်ကြားနိုင်ရေးအ တွက် RNDP ပါတီက ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
ချင်းပြည်နယ် ဖွံ့ဖြိုးရေးဆွေးနွေးပွဲ မီဇိုရဲများ ဝင်ရောက်ဖမ်းဆီး
ချင်းပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် လူမှုအဖွဲ့အစည်းများ ပါဝင်သင့် သည့် အခန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတခုကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် ကြာသပတေးနေ့က ကျင်းပနေစဉ် ဒေသခံ မီဇိုရဲများက ဝင်ရောက်ဖမ်းဆီးကြောင်း
Peace Process and Mega Development ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ချင်းပြည်နယ် ၉ မြို့နယ်မှ လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင် ၁၆ ဦးအား ဖမ်းဆီးကာ ပြည်နယ်ရဲဌာနချုပ်တွင် ချုပ်နှောင်ထားသည်။ ၎င်းတို့အား မြန်မာပြည်သို့ ပြန်ပို့ဖွယ်ရှိကြောင်း မြန်မာအစိုးရနှင့် ချင်းအမျိုးသားတပ်ဦး CNF တို့အကြား ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်နေစဉ်အတွင်း ယခုလို ဖမ်းဆီးခြင်းသည် မဖြစ်သင့်ကြောင်း အဖမ်းခံရသည့်ခေါင်းဆောင်များတွင်၁၅ရက်တာနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်ကိုင်ဆောင်ထားသူများ ရှိသလို လက်မှတ်မရှိသူများလည်း ပါဝင်ကြောင်း လူဦးရေ ၅ဝ ခန့် တက်ရောက်သည့် သုံးရက်တာ ဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း
ဆွေးနွေးပွဲတွင် ချင်းပြည်နယ်အတွင်းရှိ မဏိပူ ရေကာတာ၊ လေးမြို့မြစ် ရေကာတာ၊ မြေအောက် သံယံဇာတ ကိစ္စရပ်များ အပါအဝင် လက်ရှိ အိန္ဒိယနှင့် မြန်မာ လုပ်ဆောင်နေသည့် ကုလားတန် ဘက်စုံစီမံကိန်း ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။
ပုံမှန်မဟုတ်သော်လည်း တခါတခါတွင် မြန်မာအတိုက်အခံများနှင့် CNF တို့ ကျင်းပပြုလုပ်လေ့ရှိသည့် သင်တန်းများဆွေးနွေးပွဲများအား မီဇိုရမ်ပြည်နယ် အာဏာပိုင်များမှ ဖမ်းဆီးမှုများ ရှိခဲ့ဖူးသည်။
ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်မှာ ကီလိုမီတာ ၄ဝဝ ကျော် နယ်နိမိတ် ဆက်စပ်နေသည့်။

KIO နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ အလွတ်သဘော တွေ့ဆုံ
အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ဇွန်လ (၁) ရက်နေ့ ကချင်ပြည်နယ် လွယ်ဂျယ်ဒေသမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။လူတစ်ထောင်မှာ (၃) ယောက် အဓမ္မ ခိုင်းစေခံနေရ
ကမ္ဘာတ၀ှမ်း အဓမ္မ ခိုင်းစေခံနေရသူ ဦးရေ (၂၁) သန်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။လစာတိုးတောင်းမိလို့ မောင်းထုတ်ခံရ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘန့်နိမ်ရာ (ဘန့်နှစ်ရာလို့ မြန်မာအများအသံထွက်ပါသည်) အရပ်မှာရှိတဲ့ Royal Tax (ရိုင်ရယ် တပ်စ်) အထည်ချုပ်စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၀၀) ကျော် လုပ်ခတိုးတောင်းတဲ့အတွက် စက်ရုံတာဝန်ရှိသူတွေက အလုပ်ကနေ မောင်းထုတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။ဦးဝင်းချို တစ်ကိုယ်တော်ဆန္ဒပြ
လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် စီမံကိန်းအတွက် ကန်ထရိုက်တွေ ရယူထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေကိုယ်စား လယ်သမား အရေးဆောင်ရွက်နေတဲ့ ဦးဝင်းချိုဟာ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ မြိုရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရှေ့မှာ မနေ့က မနက်ပိုင်းကနေ မွန်းလွဲပိုင်း အထိ တောင်းဆို ဆန္ဒပြပါတယ်။ဆန္ဒပြလို့ အရိုက်ခံရသူများ အာဏာပိုင်တွေကို တရားစွဲ
ပြည်မြို့က လျှပ်စစ်မီးရရှိရေး ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ တချို့ကို အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ရဲနဲ့ မြို့နယ်တာဝန်ရှိသူတွေကို အရိုက်ခံရသူတွေက မနေ့က တရားစွဲဆို လိုက်ပါတယ်။အစိုးရတပ်များ ကရင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းမှုရှိနေ
မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားကြပေမယ့် KNU ထိန်းချုပ် ဒေသအတွင်းမှာ မြန်မာ့ တပ်မတော်ဘက်က စစ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းနေတာတွေ ဆက်ရှိနေပြီး ဒါတွေဟာ နှစ်ဘက် အပြန်အလှန် ယုံကြည်မှု ရရှိရေးအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ KNU တာဝန်ရှိသူတွေက မနေ့က ထုတ်ဖော်ပြောဆိုပါတယ်။စာရေးဆရာ သခင်မြသန်း ကွယ်လွန်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနားကျင်းပ
လွန်ခဲ့တဲ့ မေလ ၃၁၊ ၂၀၁၂ (ကြာသာပတေးနေ့) ရက်နေ့က စာရေးဆရာကြီး သခင်မြသန်းရဲ့ ကွယ်လွန်းခြင်း (၃၆) နှစ်ပြည့် အမှတ်တရ အခမ်းအနားကို သင်္ကန်ကျွန်းမြို့နယ်၊ စ/ သုမင်္ဂလာရပ်ကွက်ရှိ မဟာဝိသုတာ ရာမစာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို နံနက် (၈း ၀၀) နာရီမှ (၁၁း ၀၀) ထိကျင်းပခဲ့ပြီး အဆိုပါအခမ်အနားသို့ စာရေးဆရာများ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ မိတ် ဆွေများနှင့် အခြားမိတ်သင်္ဂဟများ တက်ရောက်ခဲ့ကြပါတယ်။ ထို့ပြင် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂမှလည်း သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။
ဦးသူရ(ဇာဂနာ)၏ ငါးကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံသို့ထွက်ခွာ
ဦးသူရ (ဇာဂနာ)သည် ထောင်မှ လွတ်မြောက် လာပြီးနောက် ငါးကြိမ်မြောက် ပြည်ပ ခရီးစဉ် အဖြစ် မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။ ယခု ခရီးစဉ်သည် ထိုင်းနိုင်ငံ မှတစ်ဆင့် ယူကေနှင့် ဥရောပ နိုင်ငံ အချို့သို့ သွားရောက်မည် ဟုသိရပြီး ခရီးစဉ် ကာလမှာ တစ်လခန့် ကြာမြင့် နိုင်ကြောင်းလည်း သိရသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment