ကမ္ဘာ့သတင်းများ 01/06/2012
နိုင်ငံတကာသတင်း
ရွှေ့ပြောင်းဒုက္ခသည်အရေအတွက်တိုးလာနိုင်ဟု ကုလသတိပေး
လာမယ့်ဆယ်နှစ်အတွင်း ကမ္ဘာတ၀န်းမှာ ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ဥတုရာသီ အပြောင်းအလဲတွေကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးကြရမယ့်လူဦးရေ အကြီးအကျယ် တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
UNHCR ဒုက္ခသည်များဆိုင်ရာ ကုသမဂ္ဂမဟာမင်းကြီး Antonio Guterres က ကမ္ဘာကြီးဟာ ပြဿနာကို အဖြေရှာဖို့ထက် အခြေအနေမဲ့ ကစဥ့်ကလျား ထွက်ပြေးနေကြရသူတွေ တိုးလာအောင် ဖန်တီးနေတယ် လို့ ပြောဆိုလိုက်တာပါ။ အကျပ်အတည်း အခက်အခဲတွေ ကာကွယ်ဖို့နဲ့ နိုင်ငံရေးအရ အဖြေရှာဖို့အတွက် ကမ္ဘာကြီးမှာ စွမ်းဆောင်ရည်တွေ ကျဆင်း လာတာ တွေ့ရတယ်လို့ Mr. Guterres ကပြောဆိုလိုက်တာပါ။
ကမ္ဘာတ၀န်း လူဦးရေတိုးလာတာ၊ စားရေရိက္ခာရှားပါးလာတာနဲ့ အရင်းအမြစ်တွေကို အပြိုင်အဆိုင် ရယူနေကြ တာစတဲ့ အကြောင်း အမျိုးမျိုးကြောင့် လူ ၄၃ သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ UNHCR ရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ လိုက်ပါတယ်။ အဲဒီ ၄၃ သန်းအနက် ၈၀% ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကဖြစ်ပြီး ပဋိပက္ခတွေထက် သဘာဝ ဘေးအန္တရာယ်ကြောင့် အခြေအနေမဲ့လူဦးရေ တိုးလာရတယ်လို့ဆိုပါတယ်။ ဥတုရာသီ အပြောင်းအလဲ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံ ကနေ ထွက်ပြေးလာသူတွေကို နိုင်ငံတကာဥပဒေအရ ဒုက္ခသည် အဖြစ် မသတ်မှတ်သလို အကာအကွယ် မပေးတဲ့အပေါ်မှာလည်း UNHCR အစီရင်ခံစာက ဝေဖန်ထောက်ပြထားပါတယ်။
ရုရှားကြောင့် ဆီးရီးယားပြည်တွင်းစစ်ဖြစ်နိုင်ဟု ကလင်တန်သတိပေး
ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ဒ်ကို အရေးယူရေး ရုရှားနိုင်ငံက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချဘူးဆိုရင် ပြည်တွင်းစစ်ကို တွန်းပို့သလို အားပေးရာရောက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ပြောလိုက်ပါတယ်။ ရုရှားတာဝန်ရှိသူတွေ ကတော့ ဆီးရီးယား ပြည်တွင်းစစ်ကို ရှောင်ရှားနိုင်ဖို့အတွက် ကူညီနေတယ်လို့ ပြောဆိုပါတယ်။
ရုရှားနိုင်ငံက ဆီးရီးယားနိုင်ငံတည်ငြိမ်ရေးကို အားသွန်ခွန်စိုက် ကူညီနေတယ်လို့ ပြောတာကို ဒိန်းမတ်နိုင်ငံကို ရောက်နေတဲ့ ဝန်ကြီး ကလင်တန်က လက်မခံဘဲ ပယ်ချလိုက်တာပါ။
ကုလသမဂ္ဂမှတ်တမ်းအရ လူ တသောင်းကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့ ဆီးရီးယား အတိုက်အခံနှိမ်နင်းမှုမှာ သမ္မတအာဆတ်ဒ်အစိုးရကို ရုရှားနိုင်ငံက ဖေးမနေတယ်လို့လည်း ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားကိုအရေးယူရေး ရုရှားနဲ့တရုတ်တို့က အပြင်းအထန်ကန့်ကွက်နေတယ်ဆိုပေမယ့် တကယ်တန်း အဓိကကျတာကတော့ ရုရှားနိုင်ငံဖြစ်တဲ့အကြောင်း၊ ဒီလို ရုရှားနိုင်ငံက က,ဖျက် ယ,ဖျက်လုပ်နေတဲ့ အတွက် နိုင်ငံတကာကနေ အတူတကွပူးပေါင်းပြီးတော့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ပိုပြီး ခက်ခဲစေတယ်လို့ ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျေ၊ ကာနေကလည်း ဝန်ကြီးကလင်တန်ရဲ့မှတ်ချက်အတိုင်းပါပဲ- သမ္မတ အာဆတ်ဒ်အစိုးရ သက်ဆိုးရှည် နေတာနဲ့အမျှ ဆီးရီးယားအရပ်သား ပြည်သူတွေ ရက်ရက်စက်စက် အသတ်ခံနေရတဲ့အကြောင်း အီရန်နဲ့ တခြားနိုင်ငံတွေက အာဆတ်ဒ်သစ္စာခံတွေကို ပံ့ပိုးပေးနေတယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံတရားဥပဒေစိုးမိုးရေး တရုတ်ရှေ့နေတိုက်တွန်း
အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ မျက်မမြင်ရှေ့နေ Chen Guangcheng က တရုတ်ပြည်မှာ ဒီမိုကရေစီရေး အပြောင်းအလဲဟာ နှေးကွေးပေမဲ့ နောက်ကြောင်းပြန် လှည့်လို့တော့ မရဘူးလို့ ပြောဆို လိုက်ပါတယ်။ နယူးယောက်မြို့အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ မနေ့ကကျင်းပတဲ့ ဆွေးနွေးပွဲမှာ ရှေ့နေ Chen Guangcheng ကပြောဆိုလိုက်တာပါ။
သမ္မတဟူကျင်တောင်းအပါအ၀င် တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားကြပါရန်လည်း Chen Guangcheng ကဆော်သြ လိုက်ပါတယ်။ တရုတ်ပြည် ရဲ့ပြဿနာက ဥပဒေမဲ့တာမဟုတ်ဘဲ ရှိနှင့်ပြီးသား တည်ဆဲဥပဒေတွေကို မလေးစားကြတာကြောင့်လို့ သူကထောက်ပြ လိုက်ပါတယ်။
ဒီမိုကရေစီ “စံ” ဆိုတာ ပုံစံတမျိုးထက်မက ရှိတယ်ဆိုတာကို သူသဘောတူကြောင်း တရုတ်နိုင်ငံအနေနဲ့ အနောက်နိုင်ငံ တွေရဲ့ ပုံစံ ဒီမိုကရေစီကို ပုံတူကူးချပြီး ဖော်ဆောင်ဖို့မသင့်ကြောင်း ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်တို့အနေနဲ့ အရှေ့တိုင်း ဒီမိုကရေစီကို လေ့လာသင်ယူဖို့လိုကြောင်း၊ ထိုင်ဝမ်မှာလည်း ဒီမိုကရေစီကို ကျင့်သုံးနေပြီး ကောင်းမွန်တဲ့ စံနစ်ကို သင်ယူ၊ အကျင့်ဆိုးတွေကိုရှောင်ရှားကြဖို့ဆိုတဲ့ ရှေးဟောင်း တရုတ် စကားပုံကို Chen Guangcheng ကကိုးကား ပြောဆိုသွားပါတယ်။
တရုတ်နိုင်ငံမှာ ခေါင်းဆောင်ပိုင်းက လူထုအပေါ် မတော်တရော် ပြုမူဆက်ဆံရင် နိုင်ငံတကာ ဥပဒေတွေအရ အရေးယူသင့်တယ်လို့လည်း ဝေဖန်လိုက်ပါတယ်။
အာရှကိုယ်ကျိုးကြည့်ဝါဒ WTO အကြီးအကဲ သတိပေး
အာရှဒေသ စီးပွားရေး တိုးတက်မှုတွေ ရေရှည်ခံဖို့အတွက် အကြီးမားဆုံး စိမ်ခေါ်မှုဟာ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေ ကြီးထွားလာနေတဲ့ ပြဿနာ ဖြစ်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အကြီးအကဲက သတိပေးလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေး နှေးကွေးနေရာက သက်သာရာ ရဖို့အတွက်ဆိုရင် အာရှနိုင်ငံတွေကြား ကုန်သွယ်ရေးတွေမှာ ပိုမို နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ ကြာသပတေးနေ့က စတင်ရာမှာ WTO ညွှန်ကြားရေးမှူးချုပ် Pascal Lamy က ပြောလိုက်တာပါ။
အာရှနိုင်ငံတွေရဲ့ စီးပွားရေးဟာ ကမ္ဘာပေါ်က တခြားနေရာတွေထက် စာရင် အခြေအနေ ကောင်းနေပေမဲ့ အမေရိကန်နဲ့ ဥရောပက မရေမရာ အခြေအနေတွေနဲ့ တရုတ်နိုင်ငံက စီးပွားရေး နှေးကွေးမှုတွေရဲ့ ဒဏ်ကိုတော့ ခံကြရမှာသာ ဖြစ်တယ်လို့လည်း သတိပေးသွားပါတယ်။
ကမ္ဘာပေါ်က တခြားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ အာရှဒေသမှာ လာမယ့် ၂ နှစ် ၃ နှစ်အတွင်း သက်ရောက်မှုတွေ ပိုတွေ့ရမယ်လို့ မျှော်လင့်ရတဲ့အကြောင်း WTO ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်လာကြသူ တခြား ခေါင်းဆောင်တွေကတော့ ဒေသတွင်း ပူးပေါင်းမှုတွေ တိုးမြှင့်ရေး အစီအစဉ်အပေါ် သံသယ အမြင်တွေကို ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဟူလာကို ဆီးရီးယားတပ်တွေ ထပ်တိုက်
ဆီးရီးယား နိုင်ငံမှာ အစိုးရတပ်တွေဘက်က တိုက်ခိုက်မှုတွေ ဆက်ပြီး လုပ်နေမယ်ဆိုရင် မနက်ဖန်ကစပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်း လိုက်နာတော့မှာ မဟုတ်ဖူးလို့ ဆီးရီးယား သူပုန်အဖွဲ့တပ်မှုးကြီးက ပြောကြားနေချိန်မှာပဲ ဒီကနေ့ ကြာသပတေးနေ့မှာအစိုးရတပ်တွေက
ဟူလာ (Houla) ဒေသမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က လူ ၁၀၈ ဦးသေဆုံးခဲ့ရတဲ့ ဟူလာရွာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အတွက် နိုင်ငံတကာက ဒေါသထွက်နေ ချိန်မှာပဲ အခုလို နောက်ထပ်ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့သလို ထွက်ပြေးနေတဲ့ ဒေသခံတွေကို ဆီးရီးယား အစိုးရတပ်တွေက ညတွင်းချင်း ၀င်ရောက် တိုက်ခိုက်မှုကြောင့်
ပထမပိုင်းမှာ လူ ၃ ဦး သေဆုံးခဲ့ရသလို နောက်ပိုင်းမှာ လက်ဖြောင့်တပ်သားရဲ့ ပစ်ခတ်မှုကြောင့် ၁၄ နှစ်သား လူငယ်တဦး သေဆုံးခဲ့ရတယ်လို့ ဆီးရီးယား လူ့အခွင့်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။
အခုလို ဟူလာရွာမှာ တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွါးနေတယ်ဆိုတဲ့ သတင်းကို အတည်ပြုနိုင်ဖို့ Homs မြို့နားမှာ စခန်းချထားတဲ့ ကုလသမဂ္ဂစောင့်ကြည့် စုံစမ်းရေး အဖွဲ့က ဟွာလာရွာကို သွားနေပြီလို့ ဒမတ်စကပ် အခြေစိုက် ကုလသမဂ္ဂ အဖွဲ့ပြောခွင့်ရက VOA ကိုပြောပါတယ်။
ဆီးရီးယားလွတ်မြောက်ရေးတပ် FSA က ဗိုလ်မှုးကြီး ကဆင်းမ် ဆာဒက်ဒိုင်း (Qassim Saadeddine) က ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန်ရဲ့ ဆီးရီးယား ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်ကို လိုက်နာဖို့ သမ္မတ ဘက်ရှီးယား အယ်လ် အာဆတ် (Bashar al- Assad) ကို သောကြာနေ့ နေ့လည်မှာနောက်ဆုံးအဖြစ် အချိန်သတ်မှတ်ပေးလိုက်ကြောင်း ကြာသပတေးနေ့က ကွန်ပြူတာ အင်တာနက်ကနေ ကြေငြာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
တကယ်လို့ ဆီးရီးယား သမ္မတဘက်က ဒီချမှတ်ထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် သူတို့အဖွဲ့အနေနဲ့ ဆက်ပြီး သည်းမခံနိုင်တော့ဘူးလို့ ဆိုပါတယ်။ FSA အဖွဲ့ဟာ ဆီးရီးယား စစ်တပ်ကနေ ထွက်ပြေးလာသူ အများအပြားပါဝင်တဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ထဲမှာ မစ္စတာကိုဖီအာနန်ရဲ့ ကြားဝင် ဆောင်ရွက်မှုကို လက်ခံပြီး အပစ်အခတ်တွေ ရပ်စဲဖို့ သူပုန်အဖွဲ့တွေနဲ့ ဆီးရီးယား အစိုးရ တို့က သဘောတူညီခဲ့ကြပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေပြီး ချမှတ်ထားတဲ့ သဘောတူညီချက်ကို ချိုးဖေါက်တယ်လို့ တဘက်နဲ့ တဘက် စွပ်စွဲနေကြတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက ဆီးရီးယား အစိုးရကို မစ္စတာ ကိုဖီအာနန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း လိုက်နာဖို့ ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment