ပြည်မြို့ အကြမ်းဖက်မှုနှင့် ပတ်သက်သော သတင်းပေးပို့ချက်များ
by Ye Min Tun
ဖြစ်စဉ်အစ
စိတ်မပူဖို့ စာရေးမယ် တွေးရာက အသေးစိတ်ရေးပြတာက နိုင်ငံရေးအရ ပိုအကျိုးရှိမယ် ထင်လို့ ရေးပေး လိုက်ပါတယ်။ ပြည်မှာ လျှပ်စစ်မီး အချိန်ပြည့်ရရေး ကြွေးကြော် ဆန္ဒပြကြတာ မေ ၂၂ ရက်နေ့ညက ဖယောင်းတိုင် ထွန်းပြီး တကြိမ်၊ မေလ ၂၃ရက်နေ့ မနက် မြို့ထဲက တိုင်းလျှပ်စစ်ဓါတ်အားခွဲရုံးထိ သုံးမိုင်လောက် လမ်းလျှောက်ပြီး တကြိမ်၊ မေလ ၂၄ ရက်နေ့ မနက် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး ရှေ့ကနေစထွက်ပြီး ၂ ဖာလုံလောက် လျှောက်ပြီး အကြမ်းဖက် ရိုက်နှက် လူစုခွဲခံရခြင်း သည့် ၃ ကြိမ်မြောက်မှာ ပြဿနာ စ ဖြစ်ပါတယ်။ မနက် ၉း ၂၀ နာရီ မြို့နယ်လျှပ်စစ်ရုံး ရှေ့က လမ်းလျှောက်ဆန္ဒပြ ထွက်လာသူတွေကို ခရိုင်ရဲတပ်ဖွဲ့မှူး အမိန့်အရဆိုပြီး၊ လမ်းရှည် နဲ့ လက်သမားလမ်းထောင့်မှာ တားပါတယ်။ အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးအရ ဆန္ဒပြကြတာဖြစ်လို့၊ အာဏာပိုင်တဲ့ တရားသူကြီးတဦး ဦးမပါ-အုပ်ချုပ်ရေး ဝန်ထမ်းတဦး မျှသာဖြစ်တဲ့ ရဲအရာရှိ တဦးက အခုလို တားပိုင်တယ်လို့ ကျနော်တို့ပြည်သူများက နားလည် ထားချက်မရှိပါ။ ပြစ်မှုတစုံတရာ ကျူးလွန်နေတာလည်း မဟုတ်လို့ “မနှစ်မျို့ရုံ မျက်စိစပါး မွှေးစူးရုံ မျှဖြင့် ကာကွယ် စောင့်ရှောက်ပေးဖို့ မိမိဝတ္တရားရှိနေတဲ့ ပြည်သူများ အပေါ် နိုင့်ထက် စီးနင်း အကြမ်းဖက်လာမယ်”လို့လည်း မမျှော်လင့်ခဲ့ပါ သမ္မတဦးသိန်းစိန် အစိုးရက ယုံလောက်အောင် အထပ်ထပ် ရွှန်းရွှန်းတွေဝေ ပြောခဲ့သလို၊ လူထုခေါင်းဆောင်များက ယုံကြည်ဖို့ တိုက်တွန်းခဲ့သလို ပြည်မြို့ ပြည်သူများ ယုံစားခဲ့ကြပါတယ်။ ခေတ္တရပ်တန့် (ဥပဒေနဲ့အညီ ဆန္ဒပြကြခြင်း သာဖြစ်ကြောင်း ရှင်းလင်း အသိပေးပြီး) ဆက်လျှောက်ခဲ့ ကြပါတယ်။
အာဏာပိုင်များမှ အကြမ်းဖက်မှု ကျုးလွန်ပုံ
ကျနော်တို့(အားလုံး)ယူဆချက်များ လွဲခဲ့ပါတယ်။ နောက် တဖါလုံခွဲလောက် လျှောက်မိတော့ မြို့လယ် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ လူမြင်ကွင်းကြီးမှာဘဲ ကြိုတင် ပြင်ဆင်ထားတဲ့ အချုပ်ကား တစီးနဲ့အတူ၊ ဒိုင်းလွှား၊ နံပတ်တုတ်ကိုင် ပုလိပ်သားများ (သမ္မတကြီးခင်ဗျား ခင်ဗျာ့ လူတွေကို “ပုလိပ်” လို့ခေါ်ခွင့်ပြုပါ။) ကြိုတင်အသင့် နေရာယူစောင့်ဆိုင်း နေတာနဲ့တိုးပါတယ်။
(ခရိုင်ရဲတပ်ဖွဲ့မှူး အမိန့်လို့ ဆိုပါတယ်။ ရဲဝန်ထမ်းတယောက်က အဲ့ဒီအမိန့်မျိုးပေးရ-မရတော့ ဒီမိုကရေစီ ဂုရုကြီးများ တွေးတောဖို့ ကောင်းပါတယ်။) လူစုခွဲရမယ် အမိန့်ပေးပါတယ်။ တဆက်တည်း လူစုမခွဲလို့ ဆိုပြီး ဆန္ဒပြအဖွဲ့တာဝန်ခံ ကိုကျော်ဆွေကို လူအုပ်ကြားက အဓမ္မဝင်ဆွဲပါတယ်။ မျက်မြင်သက်သေ ရာနဲ့ချီ ရှိနေတာပါ။ ဒါဟာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပေါ်ဖို့တင်ကူး ကြံရွယ်လုပ်ဆောင်တာပါ။ ရာဇဝတ်မှုမြောက်-မမြောက် ဥပဒေပညာရှင်တို့ သုံးသပ်ပါ။ ကိုယ့်လူကိုယ် ပြန်ဆွဲခေါ်တဲ့ ရုန်းရင်းဆန်ခတ်မှု သဘာဝကျကျ ဖြစ်လာပါတယ်။ မူလက ရဲမှူးကြီးအမိန့် လို့ ဆိုပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသူရဲ့ “ရိုက် ရိုက် အဲ့ဒီအကောင်ကိုရိုက်” လို့အမိန့်ပေးသံ ထွက်လာပါတယ်။အုပ်ချုပ် နဲ့ စီမံ တာဝန်သာရှိသူတွေက တရားစီရင်ခွင့် အာဏာကီု လွှဲအပ်မှု အတိအလင်းမရှိဘဲ လူပုံအလယ် ပြောင်ပြောင်ကြီး တလွဲကျင့်သုံးပါတယ်။ အများပြည်သူက အများပြည်သူဆိုင်ရာ နေရာမှာ ၊ အများပြည်သူဆိုင်ရာ အခွင့်အရေးကို အသုံးချတဲ့ ကိစ္စ လွဲနေတယ် ယူဆရင်တောင်မှ ဆိုင်ရာတရားစီရင်ခွင့်ရှိသူထံသာ တင်ပြရမှာပါ။ ခုတော့ အမိန့်မနာခံတဲ့ပြစ်မှု လို့ ကိုယ့်ဖာသာ ကင်ပွန်းတပ်၊ ကိုယ့်သဘောနဲ့ကိုယ် တထိုင်တည်း စီရင်ချက်ချပြီး လုပုံအလယ် ပြောင်ကြီး ရာဇဝတ်မှု ကျူးလွန်ကြပါတယ်။ အမည်မသိ ၁၅-၁၆ နှစ်အရွယ် ကလေးတယောက်ကို ဝိုင်းဝန်း ထိုးကြိတ်တာခံရပါတယ်။ (နောက်တော့ အဲ့ဒါ NLD က ကိုသိန်းဇော်ရဲ့ သားအငယ်ဖြစ်ကြောင်း သိသူများပြောပြပါတယ်။) ဆန္ဒပြအဖွဲ့ တာဝန်ခံတဦးဖြစ်တဲ့ ကိုဝင်းလှိုင် နံပတ်တုတ်နဲ့ ၄ချက်ထက် မနည်းရိုက်ခံရပါတယ်။ လဲကျနေချိန်မှာ စစ်ဘိနပ်များနဲ့ ဝိုင်းဝန်း ကန်ကျောက်ကြတာကို ၁၀ ချက်လောက်ခံရပါတယ်။ကိုအောင်ထူး က သူ့အကို ကိုဝင်းလှိုင်ကို ဝင်ကာကွယ်မိလို့ ညို့သူကျည်းကို ပုံလျက်သား ကျသွားအောင် ရိုက်ခံရပါတယ်။ ကိုကျော်ဆွေကို ပြန်ဆွဲဖို့ကြိုးစားခဲ့တဲ့ သူ့ဇနီး မကေး ပလက်ဖေါင်းပေါ် ပစ်ကျအောင် တွန်းလှဲခံလိုက်ရပြီး။ ဆဲဆို ကြိမ်းမောင်း သွားတာခံရပါတယ်။ ဆန္ဒပြအဖွဲ့ တာဝန်ခံ ကိုကျော်ဆွေ၊ ကိုဝင်းလှိုင်၊ HRDP က ကိုဇော်ထွန်း၊ ကိုဖိုးဖြူ၊အမည်မသိ အမျိုးသားတဦး၊NLD က မဂျူးဂျူး တို့ကို အသင့် စောင့်နေတဲ့ အချုပ်ကားပေါ် တွန်းထိုးတင်ပြီး ဖမ်းသွားပါတယ်။ ကိုဝင်းလှိုင် ကို ၄-၅ ယောက်ချုပ် ပြီး ကားပေါ် ပစ်တင်လိုက်တာမှာ ကားဘေးနံရံ နဲ့ ခေါင်းနဲ့ အသံမြည်အောင် ပစ်ဆောင့်မိကြောင်း အနီးကပ်တွေ့ လိုက်ကြရပါတယ်။
ပြည်သူလူထုနှင့် သံယာတော်များပါ စုရုံးလာခြင်း
မနက် ၁၀း၂၀ နာရီပါ။ ၁ နာရီလောက် ခြားသွားတော့(၁၁း၃၀ခန့်) ဖမ်းဆီးခံရသူတွေ ပြည်ထောင်ထဲ ပို့လိုက်ကြောင်း ဟိုက-ဒီကတဆင့်စကား တွေကြားရတယ်။ ဆန္ဒပြခဲ့သူတွေ သာမကတော့ဘဲ မြို့လူထုကပါ မတရားမှုကို နှလုံးနာစိတ်နဲ့ပြည်ထောင်ရှေ့ စုရုံးရောက်လာကြ ပါတယ်။ ဘုန်းတော်ကြီးကျောင်းများမှ(ဆွမ်းဒကာ/ဒကာမတွေ တရားမဲ့အနိုင်ကျင့်ခံရတာကို တုန့်ပြန်ဖို့) နေ့ဆွမ်းဘုဉ်းပေးပြီးချိန်(မွန်းလွဲ၁း၀၀နာရီမှာ) သာသနာ့ဗိမာန် ရှေ့စုရုံးလာကြဖို့နှိုးဆော်နေပြီဖြစ်ကြောင်း သတင်းတွေပျံ့လာပါတယ်။ ကြာလေ ပြည်ထောင်ကြီးရှေ့ လူအုပ်ကများလေ၊ ၂၀၀၀ လောက်ဖြစ်လာပါတယ်။
ပြည်သူလူထုထံ ပြန်လည်ဆွေးနွေးခြင်း
အမှတ် ၂ ရဲစခန်းမှူးဆိုသူက ဆန္ဒပြသူများနဲ့ နီးစပ်မှုရှိတဲ့ ရှေ့နေတဦးထံ ဖုန်းနဲ့ဆက်သွယ်ပါတယ်။ “ အဆိုပါရှေ့နေ နဲ့ သိကျွမ်းသူ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်ကို ခေါ်လာပြီးဖြေရှင်းကြရင်၊ ဖမ်းထားသူတွေလွှတ်မယ်” ဆိုပါတယ်။
ဦးဝင်းမြင့်ကိုဆက် သွယ်တဲ့အခါ ၉ မိုင်လောက်အကွာ(ရွှေတောင်မြို့) ကပြန်လာနေပြီဖြစ်ကြောင်း၊ စခန်းက စောင့်စေချင်ကြောင်း ပြန်ပြောတယ်ဆိုပါတယ်။ နေ့လည် ၁ နာရီလောက်ထိ ၃၀၀၀ လောက်ရှိတဲ့မြို့လူထုကြီးပြည်ထောင်ရှေ့ နေပူကြီးထဲစုရုံးနေကြတာကို ဘယ် တာဝန်ရှိသူ မျိုးကမှ တချက်လာမကြည့်ပါ။ ဘယ်သူမှ သြဇာလာ မပေးပေမယ့် လူအုပ်ကြီးက ဘာဥပဒေချိုးဖေါက်မှုမှ မလုပ်ပဲ စုရုံးစောင့်ဆိုင်းခဲ့ပါတယ် (ကိစ္စတွေပြီးလို့အပြန်တောင်မှ လမ်းပေါ်ကျနေတဲ့ ရေသန့်ဗူးခွံတွေ ပြန်ကောက်သိမ်း သွားပါသေးတယ်။)
လူအုပ်ထဲက အစောကဖေါ်ပြခဲ့တဲ့ရှေ့နေ နဲ့ ရင်းနှီးသူတဦးရဲ့လက်ကိုင်ဖုန်းကို၊အဲ့ဒီရှေ့နေက ဖုန်းခေါ်ပြီး ပြောလာပါတယ်။
ထောင်ရှေ့ကလူအုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကိုယ်စားလှယ်များအမှတ် ၂ ရဲစခန်းမှာလာဆွေးနွေးဖို့ပါ။လူထုကြီးက ကိုယ်စားလှယ် ၈ ဦး
ရွေးပေးပါတယ်။
(က) ဖမ်းထားသူများချက်ချင်းလွှတ်ဖို့
(ခ) မီးမရလို့ဖြစ်တဲ့ပြဿနာမို့ ဖြစ်နိုင်သမျှ မီးရရှိရေး လိပ်ပတ် လည်အောင်လုပ် ပေးဖို့ -သဘောထား ၂ ခုပေးလိုက်ပါတယ်။
အာဏာပိုင်တို့၏ သဘောထားပြောဆိုချက်များ
ကိုယ်စားလှယ်များ စခန်း ၂ ရောက်ကျတော့၊ ၄ ယောက်သာ ဝင်ခွင့်ရမှာမို့ ၄ ယောက်ထပ် စီစစ်ပြီးဝင်တွေ့ကြရပါတယ်။ (ဒါက
အရင် စစ်ထောက်လှမ်းရေးများ လုပ်နေကျ လူရှာတဲ့ပုံစံအတိုင်းပါ။) စခန်းထဲ ရောက်နှင့်နေတာကတော့ ပြည်-ပြည်သူ့လွှတ်တော် ကိုယ်
စားလှယ် ဦးဝင်းမြင့်၊ပြည်-အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်လေး၊ပြည်-တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဦး
မောင်မောင်လေး နဲ့ ဦးမျိုး ဆိုသူ ၄ ဦး။ အစောကရှေ့နေ၊ ဆန္ဒပြပွဲမှာပါခဲ့တယ်လို့ သိထားရတဲ့ဘော်လံတီယာ ၁ ဦး။ NLD ပါတီက ဦး
သိန်းဇော်၊ဦးအုန်းမောင်၊အမည်မသိလူငယ် တဦး။ရှေ့နေမ တဦး။ခရိုင်ရဲမှူး တဦး ။စခန်းမှူး နှစ်ဦး။မြို့နယ်မှူး တဦး ။မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသူ (ထူးခြား ကာကီယူနီဖေါင်းဝတ်) တဦး စောင့်နေကြပါတယ်။
ခရိုင်ရဲမှူးက ဆန္ဒပြသူများကို သက်ညှာခွင့်ပေး ဆွေးနွေးခဲ့သေးကြောင်း၊ ဥပဒေနဲ့အညီ တားတာ/ရိုက်တာ/ဖမ်းတာ ဖြစ်ကြောင်း အထက်က နှိမ်နင်းဖို့အမိန့်ရခဲ့ကြောင်း ၊ပြည်ထောင်စုဝန်ကြီးချုပ် အထိတာဝန်ခံနိုင်ကြောင်း ပြောပါတယ်။သူ့အပြောက
ဆန္ဒပြသူများရဲ့ အခြေခံပိုင်ခွင့် အရဆန္ဒပြတဲ့ခါ အုပ်ချုပ်ရေးဝန်ထမ်းတဦးက တလေးတစားဆွေးနွေးဖို့ဟာ တာဝန်သာဖြစ်ကြောင်းခံယူ
ထားပုံမရပါ။ကိုယ့်ကိုယ်ကိုယ် အာဏာကိုပိုင်တဲ့ ပိုင်ရှင်အဖြစ်မြင်ထင်ပုံရပြီး၊ဆွေးနွေးတယ် ဆိုတာ သူ့ရဲ့ကိုယ်ပိုင်သက်ညှာခွင့်ပေးမှုအ
ဖြစ်ပြောနေတာပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ ဆန္ဒမပြအောင် ခေါင်းဆောင်တွေက ထိန်းဖို့၊ထိန်းရင်ရ ရမယ်။ခေါင်းဆောင်ကောင်းဟာ လက်အောက်ငယ်သားကိုနိုင်နင်းရမယ် ဆိုတဲ့ နိုင့်ထက် စီနင်းဝါဒ အကြောင်းမာန် နဲ့ဌာန် နဲ့ပြောပါတယ်။ အများကိုနာခံရတဲ့၊ တာဝန်ခံသာရှိပြီး ခေါင်းဆောင်မခေါ်နိုင်တဲ့၊ တာဝန်ခံက ကိုယ်စားပြုသူလူထုရဲ့ အကျိုးကိုဆောင်နိုင်တာ သာအရည်အချင်းလို့သတ်မှတ်ကြတဲ့ ဒီမိုကရေစီအလေ့အထများကိုကြားဖူးမယ့်ပုံမပေါ်ပါဘူး။ ရှေ့နေကြီးက “ အခြေခံဥပဒေမှာ
လွတ်လပ်ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုထားတယ်၊ အခုအရေးယူခံရသူတွေက စံနစ်တကျ ဆန္ဒပြခွင့်တင်တယ်။ နည်းဥပဒေမရှိလို့ခွင့်မပြုဘူး။
နည်းဥပဒေတွေ၊ကျင့်ထုံးတွေက ခွင့်ပေးဖို့ရာတော့ မပေါ်ပေါက်သေးဘူး၊ ရိုက်နှက်ဖို့အရေးယူဖို့တော့ပေါ်ပေါက်နှင့်ပြီလား?” ဆိုတာမေးခွန်းထုတ်ပါတယ်။ ခရိုင်ရဲမှူးက ဘဝင်ကျအောင်မဖြေဖဲ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတာပြောပါတယ်။ တိုင်းအမတ်က ကြားဝင်ပါတယ်။ “ဥပဒေရေးရာ အငြင်းပွါးမှုကို သူတို့နဲ့သာလုပ်ဖို့၊သူတို့က တဆင့်လွှတ်တော်ဆီသယ် ဆောင် ဆွေးနွေးမယ်။ အခုဒီလိုကြားဝင်တာ ပြဿနာမဖြစ်စေ့ချင်လို့ဖြစ်ပြီး ပါတီကြော်ငြာတာမဟုတ်။(၄ ဦးလုံး ကြံ့ဖွံ့ ကပါ။)
ဒီဟာက ၂ ဖက် ဘာလိုချင်တယ်ညှိဖို့ဘဲပြောပြီး ဥပဒေရေးရာ အငြင်းပွါးမှုကြောင့် အချိန်ကုန်/အကျိုးမဲ့နိုင်ကြောင်း
ပြောပါတယ်။ လူထု တိုက်ရိုက်ရွေးတဲ့ ၄ ဦးမှာ တဦးဘဲတာဝန်ခံ စကားပြောပါတယ်။ “ဖမ်းတဲ့ ၆ ယောက်လွှတ်ပါ။မီးကို အပြေလည်ဆုံးရဖို့
လုပ်ပေးပါ။” ဒါပါဘဲ။ ခရိုင် ရဲမှူး လိုချင်တာ ခုမှရှင်းပါတယ်။“ဆန္ဒမပြဖို့။(ဆန္ဒပြတဲ့ခါ အခြားဥပဒေချိုးဖေါက်မှုတွေ မဖြစ်အောင်တာဝန်ခံဖို့ မဟုတ်ဘူးနော်။) ဆန္ဒပြကြမယ့်အစား လွှတ်တော် ကိုယ်စားလှယ်တွေ ရှိနေတာမို့၊ လိုချင်/ဖြစ်ချင်တာတွေ သူတို့က တဆင့်စံနစ်တကျတင်ပြ၊ တောင်းဆိုကြဖို့။ နောက်ထပ် ဆန္ဒပြမှုမဖြစ်အောင် အခုကိုယ်စားလှယ်တွေကတာဝန်ယူကြဖို့။” ပြောပါတယ်။ နဂိုရ်ပြောလက်စ ကိုယ်စားလှယ်ကဘဲဆွေးနွေးပါတယ်။ “လူထုက လိုအပ်ချက်ကိုဆန္ဒပြတာမို့၊လိုအပ်ချက်မရဘဲ ဆန္ဒမပြ ကြဖို့အမိန့်မပေးနိုင်ကြောင်း၊ လူထုကြီးကို အမိန့်စံနစ်နဲ့ခေါင်းဆောင်လို့မရကြောင်း၊ အခု ၆ ယောက်ကိုလွှတ်မယ်ဆိုရင် ဒီ ၆ ယောက်နဲ့ သူတို့နဲ့သက်ဆိုင်ရာ တစုကတော့ အာမခံသက်တမ်းအတွင်း ထိန်းသိမ်းနေကြမယ်လို့ယုံကြည်နိုင်ကြောင်း၊ကျန်အများစုကလည်းမီးကိစ္စ တစုံတရာပြေလည်တဲ့ထိလုပ်ပေးရင် တဖြည်းဖြည်းဆန္ဒပြတာနည်းသွားမယ်ယူဆကြောင်း”ဆွေးနွေးပါတယ်။ “ အခု ထောင်ရှေ့လူအုပ်ကြီးက ဖမ်းဆီးကိစ္စဆွေးနွေးဖို့ လွှတ်လိုက်တာသာဖြစ်ပြီး ၊အခြားမြို့လူထုကဆန္ဒပြကြရင် တာဝန်ခံဖို့ထား၊ ကျနော်တို့သိပင် မသိနိုင်ကြောင်း” ဖြည့်စွက်ပါတယ်။ ခရိုင်ရဲမှူးကလည်း ဆန္ဒမပြကြဖို့ သာတွင်တွင်တောင်းဆိုပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကြားဝင်ပါတယ်။ “သူတို့ ကိုယ်စားလှယ် ၄ ဦး အာမခံ လက်မှတ်ထိုးပေးရင် ဒီလူတွေ ကိုလွှတ်မယ်လို့ အစောပိုင်းက နားလည်မိထားတာရှိပါတယ်။ အခုအဲ့ဒီလိုအာမခံမယ်ဆို လွှတ်မှာမဟုတ်လား?”မေးတော့၊ ခရိုင်ရဲမှူးကလွှတ်မယ် ဖြေပါတယ်။ ခရိုင်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များက ဆက်ပြီး မီးရရှိရေးအခက်အခဲများ နဲ့မြို့နယ်တွင်းတိုးချဲ့ ရရှိရေးဆောင်ရွက်ထားပုံများပြောပြရှင်းလင်းပါတယ်။ လိုရင်းက KIA ဗုံးခွဲလို့မီးမပေးနိုင်တာဖြစ်ပြီး၊ 500 KV မီးစက်တလုံးဝယ်ထားပြီး၊ စည်ပင်ရေစက် နဲ့ဆေးရုံလိုအရေးကြီးနေရာတွေမီးပြန်ပေးတော့မှာလို့ပြောပါတယ်။ လူထုကိုယ်စားလှယ်များက ဆက်ဆွေးနွေးဖို့ မလိုအပ်တော့ယူဆပြီးပြန်ခဲ့ပါတယ်။
အထိန်းသိမ်းခံ ၆ဦး ပြန်လွတ်လာ
လူထုကိုယ်စားလှယ်များထောင်ရှေ့ပြန်ပြီး ၃၀၀၀-၄၀၀၀ လောက်လူအုပ်ကြီးနဲ့အတူထောင်ရှေ့ နေပူကြီးထဲထိုင်စောင့်
ကြပါတယ်။ လူထုကြီးက လူစုခွဲနိုင်ပြီဖြစ်ကြောင်း ပြောပေမယ့်၊ ဘယ်သူမှမပြန်ပါ။ သံဃာတော်အချို့ လည်းထပ်ရောက်လာပါတယ်။အလှူ့ ရှင်များရောက်လာပြီး ရေသန့် ၁ ယောက်-၁ ဘူး ဝေပါတယ်။ ၂း၀၀ နာရီပါ။ ၂း၃၀ နာရိလောက်မှာ ခရိုင်ရဲမှူး၊စခန်းမှူး တဦး အမတ် ၄ဦး (အမတ်များရဲ့ကားပေါ်မှာ ကိုယ်ပိုင်လုံခြုံရေးပုဂ္ဂိုလ် ၈ ဦးလိုက်ပါ) ထောင်ရှေ့ရောက်လာပါတယ်။ သူတို့ ကြားဝင်ပေးလို့ ပြေလည်သွားပြီ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အမတ်က လူထုကြီးကို နှုတ်ဆက်ပြော ပြောပါတယ်။ နောက်တော့ ထာင်ထဲကိုဝင်ပါတယ်။ အခြားလူထုထဲက လိုက်ပါသူ မပါဝင်ပါ။ ၂း၄၅ မှာထိန်းသိမ်းခံ ၆ ဦးထွက်လာကြ၊ လူထုကြီး အော်ဟစ်ကောင်းချီးပေး၊ ပုခုံးထမ်းတင်ကြိုကြတယ်။ ထောင်အနီးလူထုမိတ်ဆွေ ဆရာကြီးဦးအာကာအိမ်ရှေ့မှာလွတ်လာသူ ၆ ဦးက “လူထုကြီးကိုကျေးဇူးတင်ကြောင်း” နှုတ်ဆက်စကားဆို၊ ၃း၁၅ နာရိလူစုခွဲကြတယ်။
ဥပဒေအတိုင်း အရေးယူပေးရန်ကြိုးပမ်းခြင်း
ညနေ ၄း၄၅ နာရီမှာ ထိန်းသိမ်းခံ ၆ ဦးက ပြည်-အမှတ်၂ ရဲစခန်းကိုသွားပြီး “ မတရားဖမ်းဆီး ချုပ်နှောင်မှု၊လက်ရောက်ကျူးလွန် မှုများ”ကျူးလွန်ခံခဲ့ရမှု” အတွက် ခရိုင်ရဲမှူး နဲ့တာဝန်ရှိသူများအပေါ် တိုင်ချက်ဖွင့်ပါတယ်။ စခန်းက ချက်ချင်းလက်မခံပါ။ “အမှုမဖွင့်ဖို့ နဲ့၊ NLD ပါတီက ထိန်းသိမ်းခံ အမျိုးသမီးတဦး ထပ်မံလွှတ်ပေးဦးမယ်“ လို့ကမ်းလှမ်းခံရကြောင်း အဲ့ဒီ ၆ ဦးထဲကသတင်း ထွက်လာတယ်။ အဲ့ဒါ ဘယ်အထိမှန်လဲမသိပါ။ အခုပြောတဲ့အမျိုးသမီးက လင်ရောမယားပါ လောင်းကစားပုဒ်မ နဲ့ စွပ်ဆွဲ ဖမ်းထားပြီး ပြစ်ဒဏ်မချ ရသေးပါ။ သူတို့ရဲ့အပြင်မှာ တဦးတည်း ကျန်ရစ်သူသမီးငယ်က ဒီကမ်းလှမ်းချက်ကိုငြင်းဖို့သဘောထားပေးကြောင်းလည်း ကြားရပါတယ်။ အခု မေလ ၂၅ ရက်နေ့ မနက်မှာတော့ ရဲစခန်းက တိုင်ချက် ကိုယ့်ဖာသာရေးလာရင် အမှုလက်ခံမယ်ပြောလို့၊ လွတ်မြောက်လာသူ ၆ ဦး အမှုသွားဖွင့်ကြပါတယ်။ အမှုမဖွင့်ပေးပါ။ရှေ့နေ ဦးမြင့်အေးကို ပထမအကြိမ် ခေါ်ပြီးတော့လည်းကောင်း ။ မေလ ၂၉ ရက်နေ့ မှာ ဦးမြင့်အေး၊ ကိုဇော်ထွန်း၊ မဂျူးဂျူး ရဲ့ဖခင်အပါအဝင် ၅ ဦးကို လည်းခေါ်တွေပြီး ပြည်သူ့လွှတ်တော်(ကြံ့ဖွံ့) အမတ်ဦးဝင်းမြင့် နှင့် နယ်စပ်ဖွံ့ဖြိုးရေးဝန်ကြီး(ဗ.မ.က) သက်ထွန်းနဲ့အဖွဲ့က ခေါ်တွေ့ပြီး ပြောကြားသည်မှာ မတိုင်ကြဖို့
မီဒီယာတွေမှာ မပြောကြဖို့ ချော့တာလိုလို၊ ဖိအားပေးတာလိုလို၊ အပေး အယူလုပ်တာ လိုလို လုပ်နေပါတယ်။
နောက်ဆုံးအခြေနေ
ဂျွန်လ ၁ရက်နေ့ မနက် ၁၀း၃၀ မှာ ၊ပြည်မြို့နယ် တရားရုံးမှာဦး တိုက်လျှောက်လွှာ တင်တယ်။ တရားသူကြီးနဲ့ ပေးမတွေ့။ စာရေးက “ကျင့်ထုံး ၁၉၇ အရမ ပြည့်စုံ၍ ပြန်ပေး” လို့လက်ရေးနဲ့ ရေးပေးတယ်။ ဘာမပြည့်စုံတာ၊ ဘာဖြည့်စွက်ရမှာ မေးလို့ မဖြေပါ။ဒုတိယတကြိမ်“ ဒီအတိုင်း လက်မခံနိုင် ပြောလာတဲ့အခါ ဦးတိုက်လျှောက်ထားသူများမှ “ခင်ဗျားရာထူးနဲ့ တာဝန်ဖေါ်ပြပါ။ တံဆိပ်တုံးထုပေးပါ။တာဝန်ရှိသူတယောက် တရားဝင်ဖြေရှင်းပါ။” ထပ်ပြောမှ။ ၁၂း၂၀ နာရီမှာ “သမ္မတအမိန့်စာနဲ့မှ တင်လို့ရမယ်၊ အဆင့်မြင့်အရာရှိ (ခရိုင်ရဲမှူး) ပါနေတာကြောင့်” ဆိုတဲ့ အဖြေရပါတယ်။ သမ္မတနဲ့ တရားလွှတ်တော်ချုပ်ကို စာဆက်တင်မယ်။ နောက်ဆုံး အခြေအနေပါ။
ထိုအချက်အလက်များသည် ပြည်မြို့မှ မျက်မြင်သက်သေ ညီအကိုတော်များ၏ ကျနော်ထံ ရေးသားပေးပို့ချက်များဖြစ်ပြီး။
သူတို့၏ ဆန္ဒအတိုင်း ဂျွန်လ ၁ ရက်နေ့မှ စတင်ပြီး အများသိအောင် တင်ပြပေးပါသည်။
ခင်မင်လေးစားလျက်
ရဲမင်းထွန်း
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment